Home မေးမြန်းခန်း ကလေးသူငယ်တွေကိုစစ်တပ်က အကြမ်းဖက်ပစ်သတ်တဲ့အပေါ် ဆယ်ကျော်သက်ကလေးတွေနဲ့ မိဘတွေရဲ့အမြင်များ

ကလေးသူငယ်တွေကိုစစ်တပ်က အကြမ်းဖက်ပစ်သတ်တဲ့အပေါ် ဆယ်ကျော်သက်ကလေးတွေနဲ့ မိဘတွေရဲ့အမြင်များ

Honest Information (HI)

စစ်အာဏာသိမ်းမှုစတင်ခဲ့တဲ့ ဖေဖော်ဝါရီလ(၁)ရက်နေ့မှ ဧပြီလ (၁၉)ရက်နေ့အထိ စစ်တပ်ရဲ့ အကြမ်းဖက်ပစ်ခတ်မှုကြောင့် အသက်(၁၈)နှစ်နဲ့ (၁၈)နှစ်အောက်ကလေး (၅၅)ဦးအထိသေဆုံးခဲ့ပြီဖြစ်ပါတယ်။ စစ်တပ်ရဲ့ပစ်ခတ်မှုကြောင့်သေဆုံးသူတွေ အထဲမှာ ယောကျာ်းလေး (၄၉)ဦး၊ မိန်းကလေး (၆)ဦးပါဝင်ပြီး အသက်အငယ်ဆုံး (၇)နှစ်အရွယ်ကလေးလည်းပါဝင်ပါတယ်။

အသက်ဆုံးရှုံးသွားတဲ့ကလေးငယ်တွေဟာ သပိတ်စစ်ကြောင်းတွေမှာပါဝင်ပြီး ကျဆုံးခဲ့ရသူတွေရှိသလို နေအိမ်အတွင်းနေစဉ်မှာပဲ စစ်တပ်ရဲ့ ရမ်းကား ပစ်ခတ်မှုကြောင့် အသက်ဆုံးရှုံးခဲ့ရတဲ့ကလေးငယ်တွေလည်းပါဝင်နေပါတယ်။ စစ်တပ်ရဲ့အကြမ်းဖက်ပစ်ခတ်မှုကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တဲ့ကလေးတွေရှိသလို စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေကြရတဲ့ကလေးတွေလည်း ရှိနေပါတယ်။

ကလေးငယ်တွေအနေနဲ့ စစ်အာဏာသိမ်းမှုကိုဘယ်လိုမြင်သလဲ၊ ရွယ်တူကလေးတွေသေဆုံးတဲ့အပေါ် ဘယ်လိုခံစားနေရသလဲ၊ ဘာတွေထိခိုက်ခံစားနေရလဲ ဆိုတာနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးလှုပ်ရှားသူ၊မိဘတွေနဲ့ ဆယ်ကျော်သက်ကလေးတွေရဲ့ အမြင်တွေကို စုစည်းတင်ပြထားပါတယ်။

ဦးအောင်မျိုးမင်း ( လူ့အခွင့်အရေးလှုပ်ရှားသူ)
စစ်ကောင်စီတတ်လာပြီးတဲ့နောက်ပိုင်းမှာ ဆန္ဒပြတဲ့လူငယ်တွေကို အကြမ်းဖက်နှိမ်နင်းမှုတွေက တစ်နေ့တစ်ခြားတိုးလာပါတယ်။အဲ့ထဲမှာမှ အသက်(၁၈)နှစ်အောက်ကလေးတွေ သေဆုံးမှုကမြင့်မားလာတယ်။ ငြိမ်းချမ်းစွာဆန္ဒပြတာဟာ လွှတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ဖြစ်တယ်။ ဒီဟာကိုလူသေလောက်တဲ့ လက်နက်တွေနဲ့ပစ်ခတ်မှု ဒါကမလုပ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။ အကြမ်းဖက်တဲ့လက်နက်တွေ လူသေလောက်တဲ့ လက်နက်တွေကို မဆင်မခြင်နဲ့ရည်ရွယ်ချက်ရှိရှိအသုံးပြုပြီး သက်ဖြတ်တာက ဘယ်လိုမှ လက်ခံလို့မရတဲ့ အရာဖြစ်ပါတယ်။ ဒီအထဲမှာအသက်မပြည့်သေးတဲ့ကလေးတွေ သေဆုံးမှုကပိုဆိုးဝါးပါတယ်။

ယဉ်ကျေးမှုမှာပဲကြည့်ကြည့် နိုင်ငံတကာမှာပဲကြည့်ကြည့် ကလေးသူငယ်ဆိုတာ အသက်မပြည့်သေးဘူး နုနယ်သေးတယ်။ အဲ့အတွက်သူတို့ကို ကာကွယ်ပေးရမယ်။ ကာကွယ်ပေးမှုကိုရရှိဖို့ကလည်း သူတို့ရဲ့အခွင့်အရေးဖြစ်ပါတယ်။ အခုလိုမျိုးအင်အားကို မဆင်မခြင်သုံးပြီးသတ်ဖြတ်တဲ့အပေါ်မှာ လမ်းပေါ်မှာ ဆန္ဒပြရင်းသေဆုံးသွားတဲ့ကလေးတွေ ပါဝင်တာမဖြစ်သင့်တဲ့ကိစ္စဖြစ်ပါတယ်။

ဒါကနိုင်ငံတကာကလေးသူငယ်အခွင့်အရေးဆိုင်ရာ စာချုပ်အပြင် ရာဇဝတ်မှုကျူးလွန်တဲ့ ပုံစံလည်းဖြစ်ပါတယ်။လမ်းပေါ်မှာဆန္ဒပြတဲ့အခါမှာ လူအုပ်ကြားထဲဖြစ်လို့ မတော်တဆ အသက်မပြည့်သေးတဲ့ကလေးတွေသေဆုံးတာလို့ ပြောလို့ရကောင်းရပင်မယ့် တချို့ကိစ္စတွေမှာ အိမ်ထဲမှာရှိတဲ့ကလေးသေဆုံးမှုတွေ မိဘရင်ခွင်ထဲကြောက်လို့ တိုးဝင်နေတဲ့အသက်(၇)နှစ်အရွယ်ကလေးကို ပစ်သတ်မှုတွေ ဒါတွေကတော့ မတော်တဆလို့ ဘယ်လိုမှပြောလို့မရဘူး။ကလေးမှန်းသိရဲ့သားနဲ့ ဂရုမစိုက်ဘဲနဲ့ အကြမ်းဖက်သတ်ဖြတ်မှုတွေဖြစ်တယ်။ ဒါကတော့ပိုမိုပြီးတော့ ရာဇဝတ်မှုတွေဖြစ်နေတာဖြစ်ပါတယ်။

ဒီလိုမျိုးကိစ္စတွေက သာမာန်လူ့အခွင့်အရေးချိုးဖောက်မှု ကလေးသူငယ်အခွင့်အရေးချိုးဖောက်မှုတွေ မကတော့ဘဲနဲ့ နိုင်ငံတကာအဆင့်အတန်းအရဆိုရင် နိုင်ငံတကာရာဇဝတ်မှုကို ပြောင်ပြောင်တင်းတင်းနဲ့ ကျူးလွန်နေတဲ့ပုံစံမျိုးအထိ ရောက်ရှိနေတာတွေ့ရပါတယ်။ကလေးသူငယ်တွေအပေါ်မှာသတ်ဖြတ်မှုတွေ ရည်ရွယ်ချက်ရှိရှိနဲ့သတ်ဖြတ်မှုတွေက ပိုပြီးဆိုးလာတယ်။ဒါကတကယ့်ကို လူစိတ်မရှိတဲ့စစ်အုပ်စုအနေနဲ့ တဖြေးဖြေးပိုပြီးထင်ရှားလာပါတယ်။ဒါတွေကို နိုင်ငံတကာကပိုပြီးသိရှိလာပါပြီ။ဒီကိစ္စတွေက ဆိုးရွာတဲ့ ရာဇတ်မှုအဖြစ်ကျူးလွန်နေတာမကပဲနဲ့ ဒီရာဇဝတ်ဒဏ်ကိုခံစားဖို့အတွက် နိုင်ငံတကာကလည်း ကြိုးပမ်းဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါကအနာဂတ်ရဲ့မျိုးဆက်သစ်တွေကိုသတ်ဖြတ်ရုံတင်မကဘဲနဲ့ လူသားမျိုးနွယ်တစ်ခုလုံးကို ထိခိုက်တဲ့ရာဇဝတ်မှုကျူးလွန်နေတဲ့ စစ်အုပ်စုအနေနဲ့ ကိုယ့်ကြိုးကွင်းကိုယ်စွပ်နေသလို ဖြစ်နေတာတွေ့ရပါလိမ့်မယ်။

ဦးထွန်း (ဖခင်တစ်ဦး)
စစ်တပ်ကအာဏာသိမ်းပြီးတော့ လူမဆန်ယုတ်မာတဲ့ အကြမ်းဖက်စစ်တပ်အနေနဲ့ မဲမဲမြင်ရာပစ်ခတ်နေတဲ့အထဲမှာ အပြစ်မဲ့တဲ့လူကြီးလူငယ်အားလုံးပါနေတယ်။ကိုယ်ကိုယ်တိုင်အတွက်လည်း ပူပန်နေရသလို ဖခင်တစ်ယောက်ဖြစ်တဲ့အတွက် သားသမီးတွေအတွက်လည်းစိုးရိမ်နေရတယ်။

စစ်တပ်ကပစ်သတ်တဲ့အထဲမှာဆိုရင် ကလေးငယ်တွေပါပါဝင်နေတာကိုတွေ့ရတယ်။ဒီလိုလုပ်ရပ်တွေဟာ အပြစ်မဲ့တဲ့ပြည်သူတွေအပေါ် လူမဆန်တဲ့လုပ်ရပ်တွေဖြစ်တယ်လို့ ပြောချင်ပါတယ်။ နေ့နေ့ညည ပစ်ခတ်နေတဲ့အတွက် သေနတ်သံတွေကြားတဲ့အခါ သေစေနိုင်တဲ့အရာဖြစ်တဲ့အတွက် လူကြီးကော ကလေးကော ကြောက်ကြတာပဲ။အိမ်ကကလေးတွေကိုတော့ စစ်သားတွေက ကိုယ်ပိုင်စဉ်းစားဉာဏ်မရှိဘဲ အထက်ဗိုလ်တွေရဲ့အမိန့်ကိုသာလိုက်လုပ်နေရတဲ့ လူတွေပဲလို့ပြောပြ ရှင်းပြထားပြီး တတ်နိုင်သမျှတော့ အန္တရာယ်မကြုံအောင် စောင့်ရှောက်ထားတယ်။

ကိုယ့်သားသမီးတွေအပြင် လမ်းမှာသွားလာရင်းတွေ့ရတဲ့ ကလေးတွေတွေ့ရင်လည်း လုံခြုံတဲ့နေရာကသွားဖို့သတိပေးရင်း အန္တရာယ်ကင်းအောင် ကိုယ်တိုင်လည်းရှောင်ရှားသွားလာနေရတယ်။

သူတို့တွေကလမ်းမှာလည်း မထင်ရင်မထင်သလို အကြမ်းဖက်ကြတာ တွေ့နေရတယ်။ဖခင်တစ်ယောက်အနေနဲ့ကော ပြည်သူတစ်ယောက်အနေနဲ့ပါ စစ်တပ်အာဏာသိမ်းတာဟာ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်မှုနဲ့ ဒီမိုကရေစီအညွှန့်အဖူးတွေကို ချိုးဖဲ့ဖျက်ဆီးခံလိုက်ရသလို သားသမီးတွေရဲ့ အနာဂတ်၊မျှော်လင့်ချက်၊ရည်ရွယ်ချက် ပန်းတိုင်ပျောက်ဆုံးသလို ဆုံးရှုံးမှုတွေရှိနေပါတယ်။

ဒေါ်အလိမ္မာ (မိခင်တစ်ဦး)
စစ်တပ်ကအကြမ်းဖက်ပစ်သတ်တဲ့ အထဲမှာကလေးငယ်တွေလည်း အသက်ဆုံးရှုံးခဲ့ရတဲ့အတွက် မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးတွေသာဆိုရင်ဆိုတဲ့ စိတ်ဝင်လာတာနဲ့မျက်ရည်ကျတယ်။ လမ်းသွားရင်းတောင် အနောက်ကနေများပစ်လိုက်လို့ ငါ့ကလေးထိသွားရင် ငါတော့ရူးပြီဆိုတဲ့ အတွေးကအမြဲဝင်တယ်၊တွေးလိုက်တာနဲ့မျက်ရည်ကျတယ်။

ဒီလိုအကြမ်းဖက်မှုတွေက ကလေးငယ်လေးတွေနဲ့ မဆိုင်ဘူးလို့ထင်တယ်။သူတို့ကိုယ်တိုင်လည်း ဖခင်ဖြစ်ကောင်းဖြစ်နိုင်တယ်၊ အဲ့လိုပစ်သတ်တဲ့နေရာမှာ ငါ့သားသမီးသာဆိုရင်ဆိုတဲ့ စိတ်လေးပဲဝင်ပေးပြီး ကိုယ်ချင်းစာပေးစေချင်တယ်။မိဘတိုင်းသိပါတယ် ကိုယ့်သားသမီးကို တစ်ရက်မတွေ့ရရင်တောင် မနေနိုင်ကြတာ ဒီလိုရက်ရက်စက်စက်အသတ်ခံရတာက ကိုယ့်ကိုယ်ကိုယူကျုံးမရဖြစ်စေတယ်။ ကိုယ်ကမကာကွယ်ပေးနိုင်ခဲ့လိုဖြစ်တာဆိုတဲ့ စိတ်ဝင်မိစေတယ်။

အရင်တုန်းကတော့ အမသားကစစ်သားဖြစ်ချင်တယ်ပြောတယ်၊ အခုဒီလိုတွေဖြစ်လာတော့သူကပြောတယ် စစ်သားတွေက ဘာလို့ရန်သူကိုမသတ်ဘဲ ပြည်သူကိုသတ်တာလဲတဲ့၊ စစ်ဆိုတဲ့စကားတောင်မကြားချင်ဘူးတဲ့ (၈)နှစ်အရွယ်ကလေးကပြောတယ်။အမကတော့ သူ့ကိုပြောပြထားတယ် အေးအေးချမ်းချမ်းဆန္ဒပြသူတွေကို လက်နတ်အားကိုးပြီးအနိုင်ကျင့်သတ်ဖြတ်တဲ့အကြောင်းတွေ။

အခုဆိုသားက လူတွေလန့်ပြီးပြေးလာတာကို သူ့စိတ်ထဲသေနတ်ပစ်တယ်ဆိုပြီး ကြောက်ပြီးတုန်နေတာ အခုဆိုသူက စစ်ကားရဲကားမြင်တာတောင် ကြောက်တယ်။လမ်းထဲကို စစ်ကားတွေဝင်လာရင်သူ့ကို အခန်းထဲထည့်ထားတယ် ဘာလို့လဲဆိုတော့သူက စစ်ကားမြင်ရင်နှလုံးတွေအရမ်းတုန်လို့။

အာဏာသိမ်းတဲ့အပေါ်မိခင်တစ်ယောက်အနေနဲ့ ပြောရရင် အပြစ်မဲတဲ့ကလေးသူငယ်တွေကိုတော့ ချမ်းသာပေးပါလို့ဘဲပြောချင်တယ်။ဒီလိုကလေးငယ်တွေတွေ့ရတော့ သေသွားတဲ့ကလေးသာငါ့သားသမီးဆိုရင်ဆိုတဲ့ အတွေးကရူးသွားလောက်တယ်။

မောင်ဇွဲပိုင် (၁၂ နှစ်)
စစ်တပ်ကအာဏာသိမ်းတာနဲ့ပတ်သက်ပြီး သူတို့ကောင်းကျိုးအတွက်ပဲ အာဏာသိမ်းတယ်လို့ထင်ပါတယ်။သူတို့အာဏာသိမ်းပြီးတော့ ဆန္ဒပြတဲ့အိမ်နားကသူတွေနဲ့အတူ သားကိုယ်တိုင်လည်း ရပ်ကွက်တွေက ညသပိတ်တွေမှာတော့ပါဖြစ်တယ်။မေမေတို့ ဖေဖေတို့ကတော့ အာဏာသိမ်းတဲ့အတွက် ပြည်သူတွေအဆင်မပြေဖြစ်ရတဲ့အကြောင်းတွေ ပြောပြပါတယ်။

အာဏာစသိမ်းထဲက ညဘက်ဆို သေနတ်သံတွေကြားရတော့ ကောင်းကောင်းမအိပ်ရဘူး။သူတို့က ကျည်အစစ်တွေနဲ့ပစ်လို့ သေရတဲ့လူတွေအကြောင်းလဲသိတော့ ကြေကွဲဝမ်းနည်းဒေါသထွက်ရတယ်။အဲ့ထဲမှာ သားနဲ့အသက်တူတဲ့ ကလေးတွေလည်းပါတော့ စိတ်မကောင်းဘူး။

ပြီးတော့သေနတ်သံတွေကြားရတဲ့အခါမှာလည်း ဘယ်နားမှာပစ်နေပြီလဲ ဘယ်သူတွေထိကုန်ပြီးလည်းဆိုပြီး အမြဲစိတ်ပူနေရပါတယ်။လမ်းထိပ်မှာကာဖို့ ပိုက်ဆံအကုန်ခံပြီးဝယ်ထားရတဲ့အကာတွေ သဲအိတ်တွေယူသွားတုန်းကဆို အရမ်းဒေါသထွက်မိတယ်။ဒါပင်မယ့် သားတို့နိုင်မှာလို့ ယုံကြည်ပါတယ်။ အသက်ပေးပြီး ကာကွယ်သွားတဲ့ အကိုတွေ အမတွေကိုလည်း တကယ်လေးစားပါတယ်။

မဆုနှင်း(၁၄ နှစ်)
စစ်တပ်ကအာဏာသိမ်းတာက သူတို့ကမြန်မာနိုင်ငံကောင်းစားမှာ မလိုလားဘူးလေ၊ သူတို့အိတ်ထဲထည့်ဖို့ကလွဲရင် ဘာမှမသိဘူးလို့ထင်တယ်။ မြန်မာပြည် သူများနိုင်ငံလိုထွန်းကားလာပြီး သူတို့အိတ်ထဲထည့်လို့မရတော့မို့လို့သိမ်းတာ။ အမေတို့အကိုတို့နဲ့ ဆန္ဒပြတာ လေးငါးခါလောက်လိုက်ပြဖြစ်ခဲ့တယ်။ တခါစာကျက်နေတုန်းကလည်း အိမ်ကိုတံခါးလာခေါက်သေးတယ် ယောကျာ်းလေးတွေထွက်ခဲ့ဆိုပြီး သဲအိတ်ထမ်းခိုင်းမလို့ သူတို့မှာလည်း လူတွေအများကြီးရှိတာကို လာခေါ်တယ်။

တစ်နေ့တစ်နေ့ သတင်းတွေဖတ်ပြီးမျက်ရည်ကျလိုက် သေနတ်သံတွေညဘက်ကြားရင်လည်း ဘယ်သူတွေထိမလဲဆိုပြီးစိတ်ပူနေရတယ်။ပြည်သူတွေသေတာကို ကြည့်ပြီးငိုနေရတယ်။သမီးနဲ့ ရွယ်တူတွေသေတာလည်းတွေ့တယ် သတင်းထဲမှာ သူတို့ကိုလည်းနှမြောတယ်။နောင်အနာဂတ်မှာ ထူးချွန်တဲ့သူတွေဖြစ်မလာဘူးလို့ ဘယ်သူ့မှ မပြောနိုင်ဘူးလေ။

သမီးကတော့ မသေချင်သေးဘူးလေ သေမှာတော့ကြောက်တယ်။ သေသွားတဲ့သူတွေကိုလည်းကိုယ်ချင်းစာပါတယ်။ စစ်သားတွေကိုလည်းအရမ်းစိတ်တိုတယ်။ သူတို့ကိုမြင်တာနဲ့လည်း ရွံသွားပြီ။သမီးတို့နိုင်မှာတော့ သေချာတယ်လို့ယုံကြည်ပါတယ်။

မသင်းရတီ(၁၃နှစ်)
စစ်အာဏာရှင်တွေက သူတို့မဲရှုံးတဲ့အပေါ်မကျေမနပ်ဖြစ်ပြီး ဘာမဟုတ်တဲ့အကြောင်းတွေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တရားစွဲပြီး အာဏာကိုမတရားရယူပါတယ်။ အဲ့ကိစ္စကိုမကျေနပ်တဲ့သူတွေက ဆန္ဒထွက်ပြတာကိုလည်း စစ်အာဏာရှင်အုပ်စုက လက်နက်အားသုံးပစ်သတ်ကြလို့ လူတွေသေရတယ်။ တချို့ကိစ္စတွေဆို လိမ်ထားတာတွေပါပါတယ်။သူတို့သတ်တာကို သူများတွေသတ်တယ်ဆိုပြီးလွှဲချကြတယ်။

မေမေကတော့ ၈၈တုန်းကဖြစ်ပျက်တဲ့အကြောင်းတွေပြောပြပြီးသတိနဲ့နေဖို့ အသွားအလာဆင်ခြင်ဖို့ပြောပါတယ်။သမီးကိုယ်တိုင်ကတော့ အာဏာစသိမ်းထဲက မိဘတွေက အပြင်ပေးမထွက်တော့ Facebook ပေါ်ကနေ သတင်းတွေတင်တာ ရှယ်တာလုပ်ပါတယ်။

သူတို့သတ်လို့လူတွေသေနေတော့ စိတ်မကောင်းဖြစ်ရတယ်။ သမီးတို့အရွယ်ရွယ်တူတွေ သမီးတို့ထက်ငယ်ပြီး အိမ်ထဲမှာနေတဲ့ကလေးတွေလည်း သေရတယ်သူတို့ကြောင့်၊ မဆိုင်တဲ့သူတွေကိုပါ သူတို့သဘောနဲ့သူတို့ပစ်သတ်လို့ စိတ်တိုရတယ်။

အိမ်နားမှာလည်း သေနတ်သံတွေ အသံဗုံးတွေကြားရတော့ ကြောက်လန့်နေတရတယ်။ လုံခြုံမှုလည်းလုံးဝမရှိဘူး။သူတို့အာဏာသိမ်းလိုက်တဲ့အတွက် တချို့ကုမ္မဏီတွေကရပ်လိုက်တော့ တချို့မုန့်တွေ ပစ္စည်းတွေဈေးတက်လာပါတယ်။ဘာမှမကောင်းဘူးပေါ့။

ဆုမြတ်(၁၂ နှစ်)
စစ်အာဏာသိမ်းတာက မင်းအောင်လှိုင်က သူ့ကောင်းကျိုးအတွက် ဒီနိုင်ငံကြီးကိုအသုံးချမယ်လို့မြင်ပါတယ်။သူတို့အာဏာသိမ်းတော့ အောက်ခြေလူတန်းစားတွေ အနေအထိုင်အစားအသောက်ကြပ်တည်းတယ်။ ကုန်ဈေးနှုန်းတွေတတ်တယ် ပြီးတော့ ပွဲလမ်းသဘင်တွေလည်းမလုပ်ရဘူး။သူတို့ ပစ်ခတ်တာတွေကြောင့်လူတွေသေရတယ်။ သူတွေသေတဲ့အတွက် စိတ်ဆင်းရဲရတယ်။သမီးကိုယ်တိုင်တော့ အပစ်အခတ်တွေမရှိခင်အထိ ဆန္ဒထွက်ပြပါတယ်။အခုတော့ အိမ်မှာပဲ ညတိုင်းသံပုံးတီးတယ်။မေမေတို့ကတော့ စစ်အာဏာသိမ်းတာကို လက်မခံကြောင်း နောက်ထပ်ကြောက်ခေတ်ကိုပြန်မသွားချင်ဘူးလို့ အိမ်မှာပြောပါတယ်။

သမီးအကိုရာဘာကျည်ထိတယ်။အဲ့တုန်းကတော့ဝမ်းနည်းတယ် ပြီးတော့ကြောက်လည်းကြောက်တယ်၊ ဒေါသလည်းထွက်မိပါတယ်။သမီးအကိုရဲ့ သူငယ်ချင်းတစ်ယောက်ဆိုလည်း ကျည်အစစ်ထိပြီးသေသွားတာလေ၊ သမီးနဲ့တော့သိပ်မသိပင်မယ့် အကိုနဲ့သိတယ်၊ အဲ့တုန်းကလည်း ဒေါသထွက်ပြီးဝမ်းလည်းဝမ်းနည်းရတယ်။

သမီးတို့နဲ့ ရွယ်တူတွေသေတော့လည်း ဒေါသထွက်ရတယ်။သတင်းစာဖတ်တဲ့အခါမှာလည်း သူတို့လိမ်ထားတဲ့ သတင်းတွေမြင်တော့ ပိုဒေါသထွက်ရတယ်။သေနတ်သံတွေကြားတိုင်းလည်း နောက်ထပ်ဘယ်သူတွေသေဦးမလဲ ဘယ်သူတွေ ဒဏ်ရာရဦးမလဲဆိုပြီးတော့ စိုးရိမ်နေရတယ်။

Related Articles