Home ဆောင်းပါး သူတို့ရဲ့အနာဂတ်…

သူတို့ရဲ့အနာဂတ်…

သွေး (စစ်ကိုင်း)။         ။

“တနေ့ တနေ့… တစ်သောင်းကျော်လောက်မှ ရှာမပေးနိုင်ရင် အဆူအဆဲခံရတယ်။ ထမင်းလည်း ဝအောင် မစားရဘူး။ သမီးလည်း သူများတွေလို ကျောင်းတက်ချင်တာပေါ့”

“ပြောတော့သာ အိမ်အကူတဲ့၊ စိတ်တိုင်းမကျရင် မကျသလို အိမ်ရှင်က သမီးကို ရိုက်တယ်။ တံမြက်စည်းနဲ့ရော…၊ တုတ်နဲ့ရောပဲ။ ရွာကို ပြန်ချင်လှပြီ”

“မုန့်စားအောင်လို့ဆိုပြီး ခေါ်သွားတယ်။ လူပြတ်တဲ့ နေရာရောက်တော့ အတင်းမတရားကျင့်ဖို့ လုပ်တယ်။ သမီးက အော်တော့ နင့်ကို သတ်ပစ်မယ်လို့ ခြိမ်းခြောက်တယ်။ ဘေးပတ်ဝန်းကျင်က လူတွေ ရောက်လာမှ ထွက်ပြေးသွား တယ်။ သမီး ကြောက်လိုက်တာလေ…”

ဒီပြောစကားတွေကတော့ မြန်မာနိုင်ငံက ဆယ်ကျော်သက် မိန်းကလေးငယ်တွေအကြောင်း သတင်းဆောင်းပါးတွေမှာ ပါဝင်တဲ့ ပြောဆိုချက်တွေပါ။

ငွေကြေးမပြည့်စုံမှု၊ ဆင်းရဲမှု၊ ဗဟုသုတ အားနည်းမှုတွေက မိန်းကလေးငယ်တွေရဲ့ အနာဂတ်ကို ေ၀ဝါးအောင် ပြုလုပ်နေသလိုပါပဲ။ လမ်းမတွေပေါ်မှာ လမ်းသွားလမ်းလာတွေကို သနားအောင်ပြောပြီး တောင်းရမ်းနေတဲ့ မိန်း ကလေးငယ်တွေကို တွေ့နိုင်သလို အိမ်အကူအဖြစ် အလုပ်ဝင်လုပ်ရင်း နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ မိန်းကလေးတွေရဲ့ အဖြစ်အပျက်တွေကိုပါ စိတ်မကောင်းစရာ ကြားသိနေရပါတယ်။

“မသဇင်”(အမည်ရင်းမဟုတ်) ဟာ အသက်(၁၁)နှစ်ပဲရှိသေးတဲ့ မိန်းကလေးဖြစ်ပြီး သူမရဲ့မိဘတွေ ဘယ်သူဘယ်ဝါ ဆိုတာတောင် သေချာမသိပါဘူး။ သူသိတာက အသက်(၅၀)ကျော် အမျိုးသမီးကြီးတယောက်က သူ့ကိုအိပ်စရာ ပေးထားပြီး တနေ့တနေ့ တောင်းရမ်းခိုင်းတယ်ဆိုတာပါပဲ။

သူတို့နေထိုင်တာက လှိုင်သာယာမြို့နယ်ထဲက ကျူးကျော်တဲတခုမှာပါ။ မနက်(၅)နာရီလောက်ကတည်းက ဘတ်စ် ကားစီးပြီး ရန်ကုန်မြို့ထဲကို သွားရောက်တောင်းရမ်းရပါတယ်။

“သနားကြပါ ဦးဦး၊ ဒေါ်ဒေါ်၊ ကိုကို၊ မမတို့… သမီးကို ထမင်းဖိုး ဟင်းဖိုးလေး စွန့်ကြဲကြပါ” လို့ အသံတစာစာနဲ့ အော်ဟစ်တောင်းရမ်းရတာမို့ တခါတလေ အသံတွေတောင် တိမ်လာပါသတဲ့။

မသဇင်က တခြား မိန်းကလေးတွေထက် ရုပ်ရည်သန့်ပြန့်ပြီး သနပ်ခါးဖွေးနေအောင် လိမ်းထားလို့ သနားတဲ့သူတွေက ငွေအကြွေတွေရော၊ တစ်ထောင်… နှစ်ထောင်အထိပေးသွားတာ တွေ့ရပါတယ်။ ကျွန်မသူမကို စတင်သတိပြု မိခဲ့တာက ဗိုလ်ချုပ်အောင်ဆန်းဈေးက ခုံးကျော်တံတားပေါ်မှာပါ။

“တစ်သောင်း မရတဲ့ နေ့ဆို … နင် ထမင်းမစားနဲ့လို့ ပြောတယ်။ ပြန်ရောက်ပြီဆို ညမိုးချုပ်နေပြီ” လို့ ဆိုပါတယ်။

“သွယ်သွယ်ခိုင်”(အမည်လွှဲ)ရဲ့အဖြစ်ကတော့ တမျိုးပါ။ သူမရဲ့ဇာတိက ဧရာဝတီတိုင်းဒေသကြီး လပွတ္တာမြို့နယ် ထဲက ရွာတရွာဖြစ်ပြီး၊ နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရပြီးတဲ့နောက်… သူမတို့ မိသားစုစီးပွားရေး အဆင်မပြေတော့ပါဘူး။ တတိယတန်းအထိ ကျောင်းနေခဲ့ဖူးလို့ စားကောင်းကောင်း ရေးတတ်၊ ဖတ်တတ်ပါတယ်။ မိသားစုဝင်ကများတော့ အသက်(၁၄)နှစ်အရွယ်မှာပဲ ရန်ကုန်ပို့ပြီး အလုပ်လုပ်ခိုင်းဖို့ မိဘတွေက စီစဉ်ပါတယ်။

လပွတ္တာကို မကြာခဏရောက်ရောက်လာတဲ့ အိမ်ဖော်ပွဲစားအဒေါ်ကြီးက အပြောကောင်းကောင်းနဲ့ သူမရဲ့ မိဘ တွေကို ဆွယ်တဲ့နောက် ရန်ကုန်ကို အိမ်အကူလုပ်ဖို့ ရောက်ခဲ့ရတာပါ။ ခမ်းနားလှတဲ့ လုံးချင်းတိုက်ကြီးတလုံးမှာ စရိတ်ငြိမ်း တစ်လကျပ်(၅)သောင်းရမယ်ဆိုလို့ ပျော်ရွှင်နေတဲ့ သူ့အမေက (၁)နှစ်စာ ကျပ်(၆)သိန်း ထုတ်သွားပါ တယ်။ ပွဲစားအဒေါ်ကြီးက (၁)လစာ (၅) သောင်းကျပ်ကို ပွဲခအနေနဲ့ ယူသွားပါတယ်လို့ ပြောပါတယ်။

သူ့အတွက်ကတော့ ငရဲခန်းတွေပဲ ကျန်ခဲ့ပါတယ်။ ဒါတွေကို အလုပ်ဝင်ပြီး (၂)လကျော်မှာ စရင်ဆိုင်ရတယ်လို့ ပြောပါ တယ်။

“အစပိုင်းတုန်းကတော့ အိမ်ရှင်တွေက သမီးကိုကောင်းကောင်းမွန်မွန် ဆက်ဆံပါသေးတယ်။ အဝတ်အစားအသစ် တွေလည်း ဝယ်ပေးတယ်။ နောက်ပိုင်းကျ သမီးအလုပ်လုပ်တာ မသပ်ရပ်လို့…တဲ့၊ ဟင်းချက်ရင်တူးလို့၊ မီးပူတိုက်ရင် မပြန့်လို့…တဲ့၊ အလုပ်တခု မပြီးသေးဘူး နောက်တခုပြီးတခု ထပ်ခိုင်းတယ်လေ”

ဒီလို အဖြစ်အပျက်မျိုးတွေဟာ မြန်မာနိုင်ငံ အနှံ့အပြား… အထူးသဖြင့် မြို့ကြီးပြကြီးတွေမှာ ရှိနေတာပါ။ ထင်ရှားတဲ့ အဖြစ်အပျက်တချို့ကိုပြရရင် … အင်းဝအပ်ချုပ်ဆိုင်မှာ အိမ်အကူလုပ်နေရတဲ့ မိန်းကလေး(၂)ယောက်၊ အောင်မင်္ဂလာ အဝေးပြေးဝင်းထဲက စတိုးဆိုင်မှာ အလုပ်လုပ်နေရတဲ့ မိန်းကလေး(၁)ယောက်၊ အမရပူရမြို့နယ်ထဲက သွားဆရာဝန် ဇနီးမောင်နှံဆီမှာ အိမ်အကူအဖြစ် လုပ်ကိုင်နေရတဲ့ မိန်းကလေးတယောက်တို့ အကြောင်းပါ။ အနှိပ်စက် အညှဉ်းပန်းခံ မိန်းကလေးငယ် သတင်းတွေ ထွက်ပေါ်လာခဲ့ပြီး လက်ရှိအချိန်အထိ အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

အိမ်အကူ သို့မဟုတ် အိမ်ဖော်တွေနဲ့ ပတ်သက်တဲ့ အမှုတွေကို ကလေးသူငယ် အက်ဥပဒေနဲ့ အရေးယူ ထောင် ဒဏ်ချမှတ် နိုင်ပေမယ့် ဒီနေ့အထိတော့ ထိရောက်တဲ့ အရေးယူအပြစ်ပေးမှုတွေ နည်းပါးနေသေးပါတယ်။

တဖက်ကလည်း စားဝတ်နေရေးကြောင့် မိဘနှစ်ပါးစလုံး အပြင်ထွက်အလုပ်လုပ်နေရတဲ့ မိသားစုတွေမှာ သမီးမိန်း ကလေးတွေ သက်ငယ်မုဒိမ်းမှု ကျူးလွန်ခံရမှု ပိုများလာနေပါတယ်။ ကျူးလွန်သူတွေထဲမှာ ဖခင်အရင်း၊ အစ်ကိုအ ရင်း၊ အဖိုးအရင်းတွေနဲ့ စိတ်ချယုံကြည်ရတဲ့သူတွေ ပါဝင်နေတာကို စိတ်မကောင်းစရာ ကြားသိနေရပါတယ်။

အသက်(၁၂)နှစ်ပဲရှိသေးတဲ့ မိန်းကလေးဟာ အဖိုးအရင်းဖြစ်သူရဲ့ (၁)နှစ်ကျော်ကြာ အဓမ္မပြုကျင့်ခံခဲ့ရပြီး ၂၀၁၇ ခုနှစ် မေလ (၂)ရက်နေ့မှာ သားလေးတဦးမွေးဖွားခဲ့တဲ့သတင်းဟာ လူ့အဖွဲ့အစည်းအတွက် စိုးရိမ်ထိတ်လန့်စရာပါ။ အဲဒီ အဖိုးဖြစ်သူကို ဧပြီ(၂၀)ရက်နေ့က ထောင်ဒဏ်အနှစ်(၂၀)ချမှတ်ခဲ့ပြီးပါပြီ။ ဒါပေမယ့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့ မှာရှိတဲ့ “ကရုဏာရင်ခွင်အမေ့အိမ်ဂေဟာ”မှာ နေထိုင်နေရဆဲ မိန်းကလေးငယ်ရဲ့ဘဝရှေ့ရေးအတွက် အကူအညီတွေ အများကြီး လိုအပ်နေပါသေးတယ်။

သက်ငယ်မုဒိမ်းမှု ကျူးလွန်သူတွေကို အမြင့်ဆုံးပြစ်ဒဏ် အနှစ်(၂၀) ချမှတ်နိုင်ပြီဆိုပေမယ့် ပြစ်မှုကျူးလွန်ခံရသူတွေ အတွက် ထိထိရောက်ရောက် အကာအကွယ်ပေးနိုင်တဲ့သီးခြား ဥပဒေတရပ် ပြဋ္ဌာန်းပေးနိုင်ခြင်း မရှိသေးပါဘူး။

“ကေကေ”(အမည်လွှဲ)ဟာ မြောက်ဥက္ကလာပမြို့နယ်အစွန် ဆင်ခြေဖုံးရပ်ကွက်လေးတခုမှာနေထိုင်ပြီး အသက် (၁၀)နှစ်သာ ရှိသေးပါတယ်။ သူမရဲ့မိဘတွေက ဈေးရောင်းထွက်သွားတော့ သူမနဲ့အတူ သူမရဲ့မောင်လေးသာ ကျန်ရစ်ခဲ့ပါတယ်။ သူမတို့နဲ့ ခင်မင်ရင်းနှီးနေတဲ့ အိမ်နီးချင်းတိုးကြီးဆိုသူက မိဘတွေမရှိတုန်း ‘မုန့်စားရအောင်’ လို့ ပြောပြီး တနေရာခေါ်သွားကာ အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပါတယ်။ ကေကေ တစ်ယောက် ကံကောင်းသွားတာက ပတ် ဝန်းကျင်ကလူတွေ အချိန်မီရောက်လာခဲ့တာပါပဲ။

အနာဂတ်ရဲ့သမီးကောင်းရတနာတွေလည်း ဖြစ်လာနိုင်တဲ့ မိန်းကလေးငယ်တွေ နည်းမျိုးစုံနဲ့ အညွန့်ချိုးခံနေရတာဟာ ကျွန်မတို့ လူ့အဖွဲ့အစည်းအတွက် ကောင်းတဲ့လက္ခဏာတော့ မဟုတ်ပါဘူး။

ဒီလို အဖြစ်အပျက်တွေကို ဘယ်လိုဘယ်လို ဖြေရှင်းပေးသင့်ပါသလဲ၊ ဘာတွေ ကူညီဆောင်ရွက်ပေးသင့်ပါသလဲ၊ ဘယ်လို အသိပညာတွေ ပေးသင့်ပါသလဲ ဆိုတာတွေနဲ့ ပတ်သက်ပြီး အမျိုးသမီးအရေးလှုပ်ရှားသူ ဒေါ်ခင်လေးက အခုလို ပြောပါတယ်။

“အခုခေတ်ကြီးမှာ အဲယားကွန်းခန်းထိုင် အလုပ်လုပ်၊ ကိုယ်ပိုင်ကားစီးနေရတဲ့အမျိုးသမီးတွေဘဝတောင် လုံခြုံမှု တော်တော်အားနည်းနေပါပြီ။ ဒီလိုအမျိုးသမီးတွေ၊ မိန်းကလေးငယ်တွေရဲ့ဘဝကတော့ ပြောဖွယ်ရာမရှိပါ။ တောင်း စားတဲ့ ကလေးတွေက အိမ်ခြေမဲ့ ဒါမှမဟုတ် မိဘမဲ့လည်း ဖြစ်နေရင်တော့ ပိုပိုပြီး အကာအကွယ်မဲ့ပါတယ်”

ကလေးတွေကို ခိုင်းစားတဲ့ ဂိုဏ်းမျိုးဆိုရင်တော့ ဥပဒေအရ အရေးယူနိုင်တယ်လို့ ပြောပါတယ်။

“မတရားခိုင်းစားတဲ့ဂိုဏ်မျိုးဆို တရားဥပဒေအရ အရေးယူလို့ရပါတယ်။ သူတို့တွေက လမ်းပေါ်မှာ ရှိတာ၊ ထင်သာ မြင်သာ ရှိနေတာက အားသာချက်ပါ။ တာဝန်ရှိသူတွေက နောက်ယောင်ခံလိုက်ပြီး စုံစမ်းလို့ရတယ်။ အခြေအနေမဲ့ ဆိုရင် သက်ဆိုင်ရာက ဂေဟာပို့တာမျိုး လုပ်နိုင်ပါတယ်”

အိမ်အကူတွေ၊ အိမ်ဖော်တွေ နှိပ်စက်ညှဉ်းပန်းခံနေရတဲ့ အဖြစ်မျိုးတွေမှာ မတိုင်ကြားဘဲ ဒီအတိုင်းခံနေရတဲ့အဖြစ် တွေ ရှိနေနိုင်ပါတယ်။ တိုင်ကြားလို့ရတယ်ဆိုတဲ့အသိ၊ ဘယ်နေရာမှာ … ဘယ်သူ့ကိုတိုင်ကြားရမယ်ဆိုတာ မသိ တာတွေလည်း ရှိနေနိုင်ပါတယ်လို့  ဒေါ်ခင်လေး ဆက်ပြီး ရှင်းပြပါတယ်။

“အိမ်အကူကတော့ အိမ်တွင်းမှာ နေနေရတဲ့သူတွေ ဖြစ်နေတာရယ်၊ အေဂျင်စီကနေ အလုပ်ဝန်ထမ်းခေါ်တာမျိုး မဟုတ်တာရယ်ကြောင့် အသေအချာလုပ်ဖို့ခက်ပါတယ်။ အခုအချိန်မှာ အနိမ့်ဆုံးအနေနဲ့ ဥပဒေတွေက အားကောင်း ပြီး လုပ်ထုံးလုပ်နည်းတွေ မြန်ဆန်ရင် (နှိပ်စက်ညှဉ်းပန်းခံရမှုကို) အဟန့်အတားတော့ ဖြစ်နိုင်ပါတယ်”

သက်ငယ်မုဒိမ်းမှုတွေမှာ အိမ်နီးချင်းကောင်းတွေရဲ့ အကူအညီရခဲ့ရင် သက်ဆိုင်ရာကို တိုင်ကြားနိုင်တဲ့အကြောင်း၊ သို့ ပေမယ့် ဆင်းရဲမွဲတေမှုက သက်ဆိုင်ရာကို အမှုဖွင့်တိုင်ကြားဖို့ အခက်အခဲဖြစ်နေတဲ့အကြောင်းတခုဖြစ်နေသေး ကြောင်း ဒေါ်ခင်လေးက ရှင်းပြပါတယ်။

“အိမ်နီးချင်းပတ်ဝန်းကျင်က လူတွေက လူမှုရေးအသိ အပြည့်ရှိပြီး နိုင်ငံ့သားကောင်းစိတ်ဓာတ်ရှိသူတွေဆိုရင်တော့ ဆိုးဆိုးဝါးဝါးဆိုရင် သက်ဆိုင်ရာကို တိုင်ကြားနိုင်ပါတယ်။ စာသင်ခန်းထဲမှာ ရှိနေရမယ့် ကလေးငယ်တွေကို စာ သင်ခန်းထဲမှာပဲ ရှိနေနိုင်ဖို့ လုပ်ဆောင်ပေးရမယ် ထင်ပါတယ်၊”

အစိုးရအဖွဲ့အစည်းတွေ၊ လူမှုအဖွဲ့အစည်းတွေ၊ အများပြည်သူတွေအားလုံးတာဝန်ကိုယ်စီ ရှိကြတယ်လို့ ဒေါ်ခင်လေးက ထောက်ပြပါတယ်။

“ရေရှည်မှာ ဆင်းရဲမွဲတေမှု လျှော့ချပြီး လူတိုင်းတတ်နိုင်တဲ့ ပညာရေးစနစ်ဖြစ်ဖို့ ကြိုးစားကြရမှာပါ။ အခုအချိန်မှာ အဓိကကတော့ လူမှုဝန်ထမ်းက ပြန်လည်ကယ်ဆယ်ရေး၊ နေရာချထားရေး၊ လူမှုဘဝထူထောင်ရေးလုပ်ငန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် ထိထိရောက်ရောက်လုပ်နိုင်ဖို့ လိုပါတယ်၊ လူမှုရေးအဖွဲ့အစည်းတွေ၊ အလှူရှင်တွေက နိုင်သ လောက် ကွက်လပ်ဖြည့်ဆည်းပေးနေပေမယ့် ဒီလိုကိစ္စအတွက် အထူးအာရုံစိုက်လှူဒါန်းကူညီမှု အားနည်းနေဆဲပါ”

ကေကေ၊ မသဇင်၊ သွယ်သွယ်ခိုင်တို့ မိန်းကလေး (၃)ယောက်ရဲ့ ဖြစ်ရပ်တွေက မတူညီပေမယ့် တူညီတာက အဲဒီ မိန်းကလေးတွေရဲ့ အနာဂတ်ေ၀ဝါးနေခြင်းပါပဲ။ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်မှ၊ အားလုံးအတွက် ပညာရေးဖြစ်မှ၊ တရား ဥပဒေရဲ့ အကာအကွယ်ရမှ အနာဂတ်တွေဟာ သူတို့အတွက် ဖြစ်လာမှာပါ။ ။

Related Articles