Home ဆောင်းပါး ဆင်းရဲတွင်းထဲက..

ဆင်းရဲတွင်းထဲက..

Photo: နော်ဟဲလေဖော (BWU)

သွေး (စစ်ကိုင်း)။          ။

ရင်ကြပ်ရင် ထက်လင်း လူး၊ ထိခိုက်ရှနာဆို ဆရာခိုလူး၊ ဖျားရင် ငန်းနီကျော်သောက်၊ ခေါင်းကိုက်ရင် ကွမ်းယာဆိုင်က ပါရာစီတမောနဲ့ ပြီးရတာပါ။ ဆေးခန်း တစ်ခါပြရင် ၃၀၀၀ ဆိုတော့ မတတ်နိုင်ဘူးလေ

မအေးမြမြဟာ ကလေး ၃ ယောက်ရဲ့အမေဖြစ်ပြီး ခင်ပွန်းဖြစ်သူရဲ့ ဝင်ငွေအပေါ် မှီခိုစားသောက် နေရပါ တယ်။ ခင်ပွန်းဖြစ်သူက ဆောက်လုပ်ရေးလုပ်ငန်းတခုမှာ နေ့စားဝင်လုပ်တဲ့သူဖြစ်ပြီး ရသမျှပေးပေမယ့် လောက်ငှဖို့တောင် မလွယ်ဘူးလို့ ဆိုပါတယ်။

“တစ်နေ့ကို ၇ ထောင်၊ ၈ ထောင်လောက် ရတယ်လေ။ ကလေး ၃ ယောက်စလုံးက စားနိုင်သောက်နိုင်တဲ့ အရွယ်တွေဆိုတော့ စားစရိတ်က ကြီးတယ်။ ဆန်ကိုတောင် အချောမစားနိုင်ဘူး။ အကြမ်းပဲ ဝယ်စားရ တယ်။ ကြက်သား ဝက်သားဆိုတာ ၁ လမှာ ၃ ခါ ၄ ခါလောက်ပဲ ချက်နိုင်တယ်။ တယောက်က ၈ တန်း၊ တယောက်က ၆ တန်း၊ အငယ်ဆုံးလေးက ၃ တန်း။ ကျောင်းအပ်တာ မပေးရပေမယ့် သူတို့လေးတွေ ချို့ချို့ငဲ့ငဲ့ ကျောင်းသွားရတော့ စိတ်မကောင်းဘူး”

လှိုင်သာယာမြို့နယ်ထဲက ခပ်ကျဉ်းကျဉ်းအခန်းလေးဟာ သူမတို့ မိသားစုရဲ့ နားခိုရာလေးပါ။ အဲဒီ အခန်း လေးကိုပဲ တစ်လကို ၅ သောင်းပေးပြီး ငှားနေရတာလို့ အသက်ထက်ပိုပြီး ရင့်ရော်နေတဲ့ မျက်နှာက သောကရိပ်တွေကို ဖုံးကွယ်ရင်း ပြောပြပါတယ်။

သူတို့အခန်းလေးကို ရောက်သွားတဲ့နေ့က စနေနေ့ဖြစ်လို့ ကလေးတွေ ကျောင်းပိတ်ရက်ပါ။ မီးဖိုချောင် မည်ကာမတ္တထဲမှာ ကြွပ်ကြွပ်အိတ်နဲ့ထည့်ထားတဲ့ ဆန်တချို့၊ ကြက်သွန်နီအနည်းငယ်၊ ကန်စွန်းရွက် ၃ စည်းကို တွေ့ရတယ်။ ညကတည်းကကျန်တဲ့ ထမင်းကြမ်းခဲနဲ့ မုန်းဟင်းခါးရည် ရောနယ်လိုက်တဲ့အခါ သူတို့ အတွက် မနက်စာဖြစ်သွားတယ် လို့ မအေးမြမြက ရှင်းပြလေရဲ့။

“လမ်းထိပ်ကဆိုင်မှာ မုန့်ဟင်းရည်က… အရင်က ၂၀၀ ဖိုး ဝယ်လို့ ရတယ်။ အခု ၃၀၀ ဖိုးဝယ်မှ ရမယ်တဲ့ အစ်မရေ…။ ထမင်းနဲ့နယ်ကျွေးရတာပဲ။ ကန်စွန်းရွက်လည်း တစ်စည်းကို ၂၀၀ တောင်ပေးရတယ်။ ဒါ တောင် လှိုင်သာယာမှာမို့ ရတာ။ ကျွန်မယောက်ျားက အလုပ်သွားရင် ဘတ်စကားခ ပိုကုန်လွန်းလို့ ညည်း ရှာတယ်။ ကား ၃ ဆင့်စီးပြီးမှ အလုပ်ခွင်ရှိရာ မြို့ထဲကို ရောက်တာကိုး”

မအေးမြမြတို့က လှိုင်သာယာ ၆ ရပ်ကွက်မှာ နေထိုင်တာမို့၊ ဈေးလေးမှတ်တိုင်ကနေ မြို့ထဲကို ဘတ်စ်ကား ၃ ဆင့်စီးရတဲ့အတွက် သူ့မရဲ့ယောက်ျား တနေ့ကို အလုပ်သွားအလုပ်ပြန် လမ်းစရိတ် ၁၂၀၀ ကျပ် ကုန် တယ်လို့ ညည်းတွားပါတယ်။ အဲဒီ ၁၂၀၀ ကျပ်ဆိုတဲ့ ပမာဏက ငွေကြေးပြေလည်သူတွေအတွက် မထောင်းတာလှပေမယ့် သူတို့ အတွက်တော့ ဟင်းဖိုးထမင်းဖိုးထဲကနေ ပေးနေရသလိုပဲလို့ ဆိုပါတယ်။

“စားဖို့တောင် အနိုင်နိုင်ဆိုတော့… အစ်မရယ်… တစ်နှစ်လုံးနေလို့ အဝတ်အစား ၂ ထည်လောက်တောင် စဉ်းစားနေရတာပါ။ ဝယ်ချင်ရင် အဟောင်းတန်း ဘေထုပ်တွေထဲက ရှာဝယ်ရတယ်။ ဈေးပေါပေါနဲ့ ရအောင် လို့။ ဟုတ်ကဲ့… ဘတ်စ်ကားလမ်းကြောင်း မပြောင်းခင်က ရွှေဧည့်သည်ဘတ်စ်ကားလိုင်းကိုစီးရင် မြို့ထဲ အရောက် ၃၀၀ ကုန်တယ်။ အသွားအပြန်မှ ၆၀၀ ပဲ။ အခုကျတော့ ၂ ဆပိုကုန်နေပြီ” လို့ ဆိုပါတယ်။

Photo: နော်ဟဲလေဖော (BWU)

နေထိုင်မကောင်းဖြစ်ရင် ဆေးခန်းပြသလားလို့ မေးကြည့်တော့ မအေးမြမြက မဲ့ပြုံးလေးပြုံးရင်း – “အမ လေး… အစ်မရယ်…၊ ရင်ကြပ်ရင် ထက်လင်းလူး၊ ထိခိုက်ရှနာဆို ဆရာခိုလူး၊ ဖျားရင် ငန်းနီကျော်သောက်၊ ခေါင်းကိုက်ရင် ကွမ်းယာဆိုင်က ပါရာစီတမောနဲ့ ပြီးရတာပါ။ ဆေးခန်းတစ်ခါပြရင် ၃၀၀၀ ဆိုတော့ မတတ် နိုင်ဘူး လေ” လို့ ပွင့်ပွင့်လင်းလင်း ပြောပါတယ်။

အမျိုးသမီးတွေနဲ့ ကလေးတွေဟာ နိုင်ငံမှာ အရေးကြီးတဲ့ ဦးစားပေး စောင့်ရှောက်ရမယ့် လူသားရင်းမြစ် တွေ ဖြစ်ကြပါတယ်။ မြန်မာနိုင်ငံရဲ့ မငြိမ်းသေးတဲ့ ပြည်တွင်းစစ်မီးရဲ့ တောက်လောင်မှု၊ စားဝတ်နေရေး အ ဆင်မပြေမှု၊ ပညာရေး ကျန်းမာရေး နိမ့်ကျမှုတွေကို အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုခံစားနေရ ပါတယ်။

မစိုးမိုးသူက ရန်ကုန်မြို့ ၃၉ လမ်းနဲ့ အနော်ရထာလမ်းထောင့်အနီးမှာ ဟင်းသီးဟင်းရွက်ရောင်းသူ ဖြစ်ပါ တယ်။ မနက်ပိုင်းမှာ တပ်မြို့ဈေးမှာ ဈေးရောင်းရတာ အဆင်ပြေပေမယ့် ညနေပိုင်းမှာတော့ ရင်တထိတ် ထိတ်နဲ့ ရောင်းနေရတာလို့ သူမက ပြောပြပါတယ်။

ရန်ကုန်မြို့အတွင်း လမ်းဘေးဈေးသည်စာရင်း ကောက်ယူသွားတဲ့အထဲမှာ သူ့အမည်ပါပေမယ့် ကမ်းနား လမ်းမှာ လမ်းဘေးဈေးသည်တွေ နေရာချထားပေးတဲ့ အခါမှာတော့ အမည်ပါမလာခဲ့ဘူး လို့လည်း ပြောပါတယ်။

“စည်ပင်က လာဖမ်းနေတော့ ၃၉ လမ်းထဲပဲ ဝင်ရောင်းနေရတယ်။ တစ်ခါတလေ ဟင်းသီးဟင်းရွက် ဈေး ဗန်း အသိမ်းခံလိုက်ရရင် ရင်းထားတဲ့အထဲက ပါသွားရော။ ဖြစ်နိုင်ရင် ဈေးရောင်းဖို့နေရာတစ်ခု အတည် တကျ ရချင်ပါတယ်” လို့ မစိုးမိုးသူက ပြောပြတယ်။

ဟင်းသီးဟင်းရွက် ရောင်းကောင်းတဲ့ နေ့မှာမှ ၅ ထောင်ကျပ်၊ ၆ ထောင်ကျပ်ထက် ပိုမမြတ်ပါဘူး။ နယ် ကနေ ရန်ကုန်ကို လာရသူမို့ သူမဟာ ဘဝတူလမ်းဘေးဈေးသည် အချင်းချင်းစုပေါင်းပြီး အခန်းလေး တစ် ခန်းငှားပြီး နေထိုင်ရတာ ဖြစ်ပြီး လစဉ်ထည့်ဝင်ရတဲ့ ငွေက ၄ သောင်းကျပ် ဖြစ်ပါတယ်။

တကယ်တော့ ရန်ကုန်ကို ပြောင်းရွှေ့လုပ်ကိုင်နေကြသူတွေ အတော်များများဟာ နယ်တွေမှာ အလုပ်အ ကိုင် အခွင့်အလမ်းနည်းပါးလို့ ဖြစ်ပါတယ်။ ရန်ကုန်ရဲ့လူနေမှုစရိတ်က မြင့်မားလွန်းတာကြောင့် နေထိုင်ရေး နဲ့ စားသောက်ရေး အခက်အခဲတွေကြားမှာ မနည်းရုန်းကန်နေကြရတဲ့ အနေအထားပါ။

နိုင်ငံရဲ့ လမ်းပန်းဆက်သွယ်ရေး မကောင်းသေးတဲ့ ဒေသတွေမှာ ကျန်းမာရေးဝန်ထမ်း မလုံလောက်မှု၊ သားဖွားဆရာမ မလုံလောက်မှုနဲ့ပါ ရင်ဆိုင်နေရပါတယ်။ အသက်မသေသင့်ဘဲ သေဆုံးနေရတဲ့ ကိုယ်ဝန် ဆောင် မိခင်တွေရှိနေသလို ဆင်းရဲချို့တဲ့မှုကြောင့် ကလေးငယ်တွေဟာ အာဟာရချို့တဲ့မှုကိုလည်း ခံစား နေရပါတယ်။

Photo: နော်ဟဲလေဖော (BWU)

အဲဒီတော့ အမျိုးသမီးတွေရဲ့ လူနေမှုဘ၀ မြင့်မားလာဖို့ အစိုးရဘက်က ဘာတွေ လုပ်ဆောင်ပေးနေသလဲ ဆိုတာ မေးစရာ ဖြစ်လာပါတယ်။ အလုပ်သမားရေးရာကိစ္စတွေ ဆောင်ရွက်ပေးနေတဲ့ ဒေါ်မာမာဦးက အခုလို ပြောပါတယ်။

“ရန်ကုန်တိုင်း ဒေသကြီး လှိုင်မြို့နယ်မှာဆိုရင် အစိုးရကနေ ချေးငွေထုတ်ပေးနေတာ ရှိတယ်။ စာအုပ်လေး လုပ်ပေးထားတယ်ပေါ့။ အတိုးက ၁ ကျပ်တိုးပဲ ယူတယ်။ အမျိုးသမီး ၃ ယောက်ပေါင်းမှ ၁ အုပ်ပေါ့နော်။ ယူ ထားတဲ့ ၃ ယောက်ထဲက တစ်ယောက်က ချေးငွေအကျေပြန်မဆပ်နိုင်ရင် ထပ်ချေးလို့ မရဘူး။ တချို့ ချေးငွေကို အကျိုးရှိရှိ အသုံးချကြပေမယ့် တချို့က အဲဒီစာအုပ်ကို ပေါင်နှံတာမျိုးတွေ ရှိတယ်”

နေ့ပြန်တိုးယူပြီး လည်ပတ်နေရတဲ့ ဈေးသည်တချို့မှာလည်း အကြွေးပြဿနာတွေ ရှိနေပါတယ်။ အကြွေးနွံ ထဲမှာ နစ်နေရင်း ဆင်းရဲတွင်း ဝဲသြဃကနေ လွတ်မြောက်ဖို့ မလွယ်တော့ပါဘူး။

အမျိုးသမီးတွေအတွက် လိုအပ်တဲ့ အစီအမံတွေကို နိုင်ငံတော်ဘက်က စဉ်းစားပေးမှ အဆိုးကျော့ သံသရာ မလည်မှာပါ။ မှန်မှန်ကန်ကန် တွေးခေါ်နိုင်ဖို့ ပညာပေးမှုတွေ ပြုလုပ်ပေးသင့်သလို မိခင်နဲ့ ကလေး ကျန်း မာရေး၊ အာဟာရ ပြည့်ဝရေး အသိပညာပေးတာတွေလည်း လုပ်ဆောင်ပေးသင့်ပါတယ်။

လတ်တလောမှာ ချင်းပြည်နယ်ကစပြီး မိခင်နဲ့ ကလေးကို ထောက်ပံ့ပေးမှုတွေ ပြုလုပ်ပေးသွားမယ်လို့ သိ ရပါတယ်။

ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်၊ အလုပ်အကိုင် အခွင့်အလမ်းရှားပါးမှုဒဏ်ခံနေရတဲ့ အမျိုးသမီးတွေကို နိုင်ငံ တော်က ဘာတွေကူညီပေးသင့်သလဲဆိုတာနဲ့ ပတ်သက်ပြီး ဒေါ်မာမာဦးက သူမရဲ့ အမြင်ကို ပြောပြပါ တယ်။

“အခက်အခဲတွေ့တိုင်း အတိုးများများပေးရတဲ့ဆီက ငွေချေးတာမျိုး မဖြစ်အောင် စိတ်ဓာတ်တွေ ပြင်ဆင်နိုင် ဖို့ ပညာပေးသင့်ပါတယ်။ အစ်မအမြင်ပေါ့နော်။ ရေတိုမကြည့်ဘဲ ရေရှည်အတွက် စဉ်းစားသိမြင်လာအောင် ဗဟုသုတပေးဖို့ လိုပါတယ်။ နောက်ပြီး SME လို့ခေါ်တဲ့ အသေးစားနဲ့ အလတ်စားစက်မှုလုပ်ငန်းတွေ တိုးတက်အောင် လုပ်ရမယ်။ အဲဒီလုပ်ငန်းတွေ ဖွံ့ဖြိုးလာရင် အမျိုးသမီးတွေအတွက် အလုပ်အကိုင် အခွင့် အလမ်း ပိုများလာပြီး ထိုက်သင့်တဲ့ လစာတွေရလာမယ်၊ ပြီးတော့ စားဝတ်နေရေးပါ အဆင်ပြေလာမယ်လို့ အစ်မမြင်တယ်”

“ရသင့်ရထိုက်တဲ့ အနိမ့်ဆုံးလုပ်ခလစာရဖို့ ဥပဒေနဲ့ ထိန်းညှိရမယ်၊ ဥပဒေကလည်း အမျိုးသမီး အလုပ် သမားတွေကို ကာကွယ်ပေးနိုင်ရမယ်။ ဒါမှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို သွားနိုင်မှာ…၊ လုပ်ခလစာ လုံလုံလောက်လောက် ရလာရင် အမျိုးသမီးတွေက ဝတ်ချင်တာကို ဝယ်နိုင်မယ်၊ နေထိုင်ဖို့ အိမ်လေး ဆောက်နိုင်မယ်ဆိုရင်… ငွေကြေးစီးဆင်းမှုကိုပါ အထောက်အကူ ပြုနိုင်လိမ့်မယ်။ ငွေစက္ကူတွေ ရိုက်နှိပ် ထုတ်ဝေတာက ငွေကြေးဖောင်းပွမှု ဖြစ်စေလို့ မလုပ်သင့်ဘူး။ ငွေကြေးဖောင်းပွရင် ကုန်ဈေးနှုန်း တက် လာမယ်၊ ကုန်ဈေးနှုန်းတက်ရင် ပထမဆုံးခံစားရတဲ့သူတွေက အခြေခံလူတန်းစားပဲလေ။ သူတို့ပိုပြီး ခံစား ရ၊ ဒုက္ခရောက်ရတယ်”

မအေးမြမြ၊ မစိုးမိုးသူအပါအဝင် နွမ်းပါးမပြည့်စုံတဲ့ အမျိုးသမီးတွေ အားလုံးရဲ့ အိပ်မက်ကတော့ လူတန်းစေ့ နေထိုင်နိုင်ရေးပါပဲ။ ရိုးရှင်းလှတဲ့ အိပ်မက်ကို တကယ်အကောင်အထည် ဖော်နိုင်ဖို့… “ပုခက်လွှဲတဲ့ မိခင် တွေရဲ့လက်” တွေက အာဟာရ မပြည့်ဝမှုကြောင့် အင်အားချည့်နဲ့ မနေဖို့နဲ့ ဉာဏ်ပညာ မနုံနဲ့စေဖို့ အစိုးရ ဘက်က အထောက်အပံ့ကောင်းတွေ ပေးအပ်နိုင်ဖို့ စနစ်တကျ အစီအမံတွေ လုပ်ဆောင်ပေးဖို့ လိုအပ် နေပါတယ်။

Related Articles