Home Hi အကြောင်း

Hi အကြောင်း

by Administrator

အမျိုးသမီးများရဲ့ အခြေအနေကို တိကျ၊ မှန်ကန်၊ ဖြောင့်မတ်သော သတင်းများ တင်ဆက်မှု အွန်လိုင်းစာမျက်နှာ (HI)

Honest Information (HI) ကို ၂၀၁၄ ကစပြီး KDNG, KWAT, BWU တို့ မှ စုပေါင်းပြီး အမျိုးသမီးရှုထောင့်မှ သတင်းဆောင်းပါးများနှင့် သတင်းတိုများကို အဓိက ရေးသားထုတ်ဝေခဲ့ပါတယ်။ နောက်ပိုင်းတွင် မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ Women and media program အနေနဲ့ HI ကို ၂၀၁၅ မှစပြီး ယခုအချိန်အထိ ၇ နှစ်တာနီးပါး Feminist Approach နဲ့ Intersectional approach တို့ဖြင့် ဆက်လက်၍ သတင်း၊ သတင်းဆောင်းပါးများကို ရေးသားခဲ့ပါတယ်။

HI ရဲ့ အဓိက ရည်ရွယ်ချက်မှာ အမျိုးသမီးများရဲ့ အခြေအနေ၊ အမျိုးသမီးရေးနှင့် အမျိုးသမီးနိုင်ငံရေး လှုပ်ရှားမှုများကို စာဖတ်သူ ပရိတ်သတ်များ မှန်ကန်တိကျစွာ သိရှိနိုင်စေရန်နဲ့ သတင်းမီဒီယာ အဖွဲ့အစည်းများ အနေဖြင့်လည်း အမျိုးသမီးရှုထောင့်မှ သတင်းရေးသားတင်ပြမှု၊ အရေးကြီးမှုတို့ကို သိရှိ လုပ်ဆောင်လာစေရန် ရည်ရွယ်ပါတယ်။ ဒါ့အပြင် အမျိုးသမီးများအား စွမ်းဆောင်ရည်ရှိသော အပြောင်းအလဲကို လုပ်ဆောင်နိုင်စွမ်းသော အမျိုးသမီးခေါင်းဆောင်များအဖြစ် အသိအမှတ်ပြုလာစေရန်နဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံမှုများ ပပျောက်လာစေရန် ရည်ရွယ်ပါတယ်။

နောက်တခုအနေနဲ့ အမျိုးသမီးခေါင်းဆောင်များ၊ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပါဝင်ဦးဆောင်နေသူ အမျိုးသမီးများအတွက် လိုအပ်တဲ့ အမျိုးသမီးနဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက် အကြောင်းအရာ အချက်အလက်များကို ပံ့ပိုးပေးနိုင်ဖို့နဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြခြင်းမခံရတဲ့ ရှေ့ဆောင်လမ်းပြ အမျိုးသမီးတွေရဲ့ ကိုယ်ရေးအကျဉ်းတို့ကို ဖော်ပြနိုင်ရန်လည်း ရည်ရွယ်ပါတယ်။

HI စာမျက်နှာမှာ အဓိကအားဖြင့် အမျိုးသမီးများရဲ့ နိုင်ငံရေးနဲ့ ငြိမ်းချမ်းရေးတွင် ပါဝင်မှုများ၊ အမျိုးသမီးလုံခြုံရေးဆိုင်ရာအခြေအနေများ၊ အမျိုးသမီးများကို ကန့်သတ်ပိတ်ပင်ထားသော ရိုးရာဓလေ့ထုံးတမ်းများ၊ အကြမ်းဖက်ခံရသူ အမျိုးသမီးများရဲ့ တရားမျှတမှု ရှာဖွေကြိုးပမ်းပုံနဲ့ တွေ့ကြုံရသော စိန်ခေါ်မှုများကို အဓိက ရေးသားဖော်ပြတယ်။

အခုလက်ရှိကာလတွင် HI အနေနဲ့ သတင်း၊ သတင်းဆောင်းပါး၊ အတွေးအမြင်၊ ဘာသာပြန်၊ Women profile များ၊ အမျိုးသမီးများအပါဝင် ဖယ်ကျဉ်ခံထားရသူများရဲ့ (လူမျိုး၊ ဘာသာ၊ လိင်စိတ်တိမ်းညွှတ်မှု ကွဲပြားသူများ) အသံများ မြှင့်တင်ထုတ်ဖော်ခြင်း၊ Photo Essay များ၊ ဗီဒီယို ကလစ်အတိုများဖြင့် HI ရဲ့ ရည်ရွယ်ချက်ကို အကောင်အထည်ဖော်လျက်ရှိပါတယ်။