တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ၊ ၂၀၂၆ နိုဝင်ဘာ၂၁ရက် ကနေ ၂၇ရက်အထိ
နိုဝင်ဘာ၂၁ရက် ကနေ ၂၇ရက်အထိ ၁ပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ်သတင်းဖြစ်ရပ်တွေထဲမှာ အာဏာသိမ်းပြီးနောက်ပိုင်း သတင်းမီဒီယာတွေမှာ ခပ်စိတ်စိတ်တွေ့လာရတဲ့ သတင်းတွေက ထိုင်းနိုင်ငံရောက် မြန်မာလူမျိုးတွေ ကြုံနေရတဲ့ မလုံခြုံမှု၊ လုယက်မှု၊ သတ်ဖြတ်မှု၊ လိင်ပိုင်းဆိုင်ရာ ပြုကျင့်မှုလိုမျိုး ရာဇဝတ်မှုဆိုင်ရာ အမှုအခင်းသတင်းတွေပဲဖြစ်ပါတယ်။
မြန်မာပြည်မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း အလုပ်အကိုင်အခွင့်အလမ်း၊ မိသားစုလုံခြုံရေးနဲ့ စစ်မှုထမ်းဥပဒေ စတဲ့ အန္တရာယ်ရှိတဲ့ အကြောင်းကြောင်းကြောင့် မြန်မာနိုင်ငံသားအများအပြား အိမ်နီးချင်းနိုင်ငံကိုရွှေ့ပြောင်းလာကြသလို၊ နောက်ထပ်ကြုံလာရတဲ့ စိန်ခေါ်မှုတွေက တရားမဝင်နေထိုင်မှုအခက်အခဲ၊ မလုံခြုံမှုနဲ့ အကြမ်းဖက်မှုအခြေအနေတွေပဲ ဖြစ်ပါတယ်။
အထူးသဖြင့် နေရပ်စွန့်ခွာ ရွှေ့ပြောင်းလာကြရတဲ့ အမျိုးသမီးတွေမှာ မှီခိုရာမိသားစုဝင်၊ ချစ်သူ၊ ခင်ပွန်းတို့ရဲ့ အကြမ်းဖက်မှုတွေကြုံနေကြရသလို၊ အမျိုးသမီးအလုပ်သမတွေကလည်း အလုပ်အကိုင်အခွင့်အလမ်းရရှိမှု၊ မလုံခြုံမှုနဲ့ အလုပ်ခွင်အမြတ်ထုတ်မှု အခြေအနေတွေလည်း ကြုံနေကြရတာကို ဒီနှစ်ပိုင်းသတင်းစာမျက်နှာတွေမှာ ပိုမိုခပ်စိပ်စိပ်တွေ့လာရပါတယ်။
ဒီတပတ်တာထဲမှာဖြစ်ပျက်ခဲ့တဲ့ ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ် စွန့်ပစ်ခံရ ဆိုတဲ့သတင်းနဲ့ အသက် ၁၈ အရွယ် သျှမ်းအမျိုးသမီးငယ်ကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့သည့် ထိုင်းအမျိုးသား ဖမ်းမိ ဆိုတဲ့သတင်းတွေ အပြင်အခြားသော သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီး နဲ့သက်ဆိုင်တဲ့ သတင်း (၇) ပုဒ်ကို ပြန်လည်စုစည်းဖော်ပြအပ်ပါတယ်။
- ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ် စွန့်ပစ်ခံရ
- သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာ ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်
- အသက် ၁၈ အရွယ် သျှမ်းအမျိုးသမီးငယ်ကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့သည့် ထိုင်းအမျိုးသား ဖမ်းမိ
- အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လုံးဝလက်မခံဟု IEC ထုတ်ပြန်
- မိုင်းရှူးတွင် ၂ နှစ်အရွယ် သမီးကို ဖခင်က သတ်ဖြတ်ပြီး နေအိမ်မီးရှို့ကာ ထွက်ပြေး
- အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု လိုင်ဇာတွင် ပြုလုပ်
- ရွာငံတွင် အမျိုးသမီးတစ်ဦးနေအိမ်ကို စစ်တပ်က မီးရှို့ပြီး ဖမ်းဆီးသွား
ဘန်ကောက်တွင် မြန်မာအမျိုးသမီးတစ်ဦး အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ် စွန့်ပစ်ခံရ
Source – Dawei Watch
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ မြန်မာအမျိုးသမီးတစ်ဦး အပိုင်းပိုင်းခုတ်ထစ် သတ်ဖြတ်ခံရပြီး အလောင်းရဲ့ အစိတ်အပိုင်းအချို့ကို အမှိုက်ပုံမှာ စွန့်ပစ်ခံခဲ့ရတယ်လို့ သိရပါတယ်။
နိုဝင်ဘာလ ၂၂ ရက် ည ၈ နာရီခန့်က ဘန်ကောက်မြို့ ဘန်ကပီနယ်မြေ ခလောင်းကျန်ဒေသ လတ်ဖလောင်းလမ်းရှိ အမှိုက်ပုံအနီးမှာ အပိုင်းပိုင်းခုတ်ထစ်သတ်ဖြတ်ခံထားတဲ့ အမျိုးသမီးတစ်ဦးရဲ့ အလောင်းကို အနီးနေထိုင်သူတွေက တွေ့ရှိခဲ့တာဖြစ်ကာ၊အလောင်းကို တွေ့ရှိစဉ် အပုပ်နံ့ထွက်နေပြီဖြစ်ပြီး လွန်ခဲ့သော သုံးရက်ခန့်က သေဆုံးခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။
သေဆုံးသူမှာပေါင်မုန့်စက်ရုံက မြန်မာအမျိုးသမီးဖြစ်ကြောင်း ရဲတပ်ဖွဲ့က ဖော်ထုတ်နိုင်ခဲ့ပြီးနောက် သူမနေထိုင်ရာ တိုက်ခန်းကို ဝင်ရောက်စစ်ဆေးခဲ့ရာအခန်းရဲ့ ရေချိုးခန်းထဲမှာ သွေးကွက်များစွာကို တွေ့ရှိခဲ့ပြီးနောက် အဆိုပါအမျိုးသမီးနဲ့ တွဲနေတဲ့အမျိုးသားကို သံသယရှိသူအဖြစ် ရဲတပ်ဖွဲ့က ကောက်ချက်ချထားပါတယ်။
လူသတ်မှုနှင့် ပတ်သက်၍ သံသယရှိတဲ့ အသက် ၂၁ နှစ်အရွယ် ကိုဗညားစိုးလှိုင်ကို နိုဝင်ဘာလ ၂၃ ရက် ည ၁၀ နာရီခွဲခန့်မှာ စမွတ်စခွန်ခရိုင် အုန်းနွဲ့ဒေသမှာ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး၊အမှုနဲ့ ဆက်စပ်နေတဲ့သက်သေပစ္စည်းတွေကိုလည်း သိမ်းဆည်းခဲ့ပါတယ်။
နိုဝင်ဘာလ ၁၇ ရက် နံနက်က ကိုဗညားလှိုင် အလုပ်က ပြန်လာစဉ် သဝန်တိုမှုနဲ့ ပက်သက်ပြီး ချစ်သူနဲ့ စကားများ ရန်ဖြစ်ခဲ့ပြီးနောက်လည်ပင်းကို ညှစ်သတ်ခဲ့ကာ ခန္ဓာကိုယ်ကို အပိုင်းပိုင်းခုတ်ထစ်ခဲ့ခြင်းဖြစ်တယ်လို့ ရဲတပ်ဖွဲ့ထံ ထွက်ဆိုထားပါတယ်။ ကိုယ်အင်္ဂါ အစိတ်အပိုင်းအချို့ကို ပြန်မတွေ့သေးဘူးလို့ ရဲတပ်ဖွဲ့ဘက်က ပြောပါတယ်။
သာယာဝတီထောင်က နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာ ဆေးကုသခွင့်မရသဖြင့် ကွယ်လွန်
Source -DVB
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသူ ဒေါ်သီတာဟာ လုံလောက်တဲ့ ဆေးကုသခွင့် ပိတ်ပင်ခံထားရတာကြောင့် နိုဝင်ဘာ ၁၆ ရက် ညပိုင်းက သာယာဝတီဆေးရုံမှာ ကွယ်လွန်သွားတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) က နိုဝင်ဘာ ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။
ဆီးချို၊ သွေးချိုရောဂါ အခံရှိသူ ဒေါ်သီတာဟာ အင်းစိန်ထောင်ကနေ သာယာဝတီထောင်ကို ပြောင်းရွှေ့ခံရပြီးနောက် ဆေးဝါးစောင့်ရှောက်မှု လုံလုံလောက်လောက် မရခဲ့တဲ့အတွက် ၂၀၂၄ ခုနှစ်အတွင်း လေဖြတ်ဝေဒနာ ခံစားခဲ့ရတာပါ၊အဲဒီနောက် ၂ နှစ်နီးပါးအကြာ နိုဝင်ဘာ ၁၄ ရက်မနက်ပိုင်းမှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေကို မိသားစုဆီ အကြောင်းကြားခဲ့ပြီး နိုဝင်ဘာ ၁၆ ရက် ည ၁၀ နာရီလောက်မှာ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
ထောင်အာဏာပိုင်တွေဟာ ဒေါ်သီတာ ကွယ်လွန်ရတဲ့အကြောင်းရင်းနဲ့ ဆေးဘက်ဆိုင်ရာ အချက်အလက်တွေကို မိသားစုဝင်တွေဆီ အသိပေးဖို့ ပိတ်ပင်တားဆီးခဲ့သလို နိုဝင်ဘာ ၁၇ ရက်နေ့ သင်္ဂြိုဟ်ရာမှာလည်း မိသားစုဝင်တွေကို လာရောက်ခွင့်ပြုခဲ့ပေမဲ့ ဓာတ်ပုံရိုက်ကူးခွင့်ကို လုံးဝပိတ်ပင်ခဲ့ပြီး အရိုးပြာအိုးကိုပဲ ပြန်လည်ပေးအပ်ခဲ့တယ်လို့ လို့ WOPP က ဆိုပါတယ်။
ဒေါ်သီတာဟာ စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေကြောင့် ၂၀၂၂ ခုနှစ်၊ ဇူလိုင် ၂၂ ရက်မှာ နေအိမ်မှာတင် ဖမ်းဆီးခံခဲ့ရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(ည) နဲ့ ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံထားရသူ ဖြစ်ပါတယ်။
အသက် ၁၈ အရွယ် သျှမ်းအမျိုးသမီးငယ်ကို သတ်ဖြတ်ပြီး အလောင်းစွန့်ပစ်ခဲ့သည့် ထိုင်းအမျိုးသား ဖမ်းမိ
Source -သျှမ်းသံတော်ဆင့်
အသက် ၁၈ နှစ်အရွယ် မြန်မာနိုင်ငံသား သျှမ်းအမျိုးသမီးငယ်တဦးကို သတ်ဖြတ်ပြီး ဘူရီရမ်ခရိုင် အဝေးပြေးလမ်းဘေးတွင် အလောင်းစွန့်ပစ်ခဲ့တဲ့ အသက် ၄၇ နှစ်အရွယ် ထိုင်းအမျိုးသားတဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း Khaosod သတင်းမှာဖော်ပြပါတယ်။
ယင်းအမျိုးသားက သေဆုံးသူအား လိင်ပိုင်းဆိုင်ရာ တောင်းဆိုမှုပြုလုပ်ခဲ့ပြီး ငြင်းဆန်ခဲ့တဲ့အတွက် လည်ပင်းညှစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ထံ ဝန်ခံထားပါတယ်။ရဲတပ်ဖွဲ့ပြောကြားချက်အရ သေဆုံးသူရဲ့ မျက်နှာမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာ လက္ခဏာတွေနဲ့ လည်ပင်းညှစ်ခံထားရတဲ့ လက္ခဏာ တွေ့ရှိခဲ့ရပြီး ဦးခေါင်းနဲ့ ခြေထောက်တွေကိုလည်း ပလတ်စတစ်အိတ်နဲ့ဖုံးအုပ်ထားခဲ့ပါတယ်။
အလောင်းတွေ့ရှိတဲ့နေရာက လူသူအနည်းငယ်သာရှိပြီး မီးအလင်းရောင်လည်း မကောင်းသည့်နေရာဖြစ်တာကြောင့် ပူးပေါင်းရဲတပ်ဖွဲ့မှ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်။ အခင်းဖြစ်နေရာတွင် CCTV ကင်မရာများမရှိသည့်အပြင် နယ်မြေအတွင်း လူပျောက်တိုင်ကြားမှုများလည်း မရှိခဲ့ကြောင်း သိရသည်။
သေဆုံးသူ၏ အစ်မဖြစ်သူနှင့် အခြားသူများအား မေးမြန်းရာ ချင်းရိုင်မှတစ်ဆင့် ထိုင်းနိုင်ငံသို့ အလည်အပတ်ဗီဇာနဲ့ ဝင်ရောက်လာခဲ့ပြီး၊သူမကို အိမ်အကူအလုပ်ရမည်ဟု ကတိပေးကာ ဘူရီရမ်သို့ ဖြားယောင်း ခေါ်ဆောင်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က သံသယရှိနေပါတယ်။
သေဆုံးသူ မိန်းကလေးမှ ချစ်သူအမျိုးသားအား ၎င်း၏တည်နေရာမှာ Nang Rong ခရိုင်အတွင်းရှိ ခေါက်ဆွဲဆိုင်တခုတွင်ရောက်ရှိနေတယ်လို့ နောက်ဆုံးပေးပို့ခဲ့ပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှု လုံးဝလက်မခံဟု IEC ထုတ်ပြန်
Source –DVB
စစ်ပွဲရဲ့ လက်နက်တခုအဖြစ် အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာတွေကို လုံးဝလက်ခံမှာ မဟုတ်ဘူးလို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အထွေထွေအတွင်းရေးမှူး ခူးပလူးရယ်က နိုဝင်ဘာ ၂၅ ရက်မှာ စတင်တဲ့ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ ၁၆ ရက်တာ လှုပ်ရှားမှု အဖွင့်နေ့ သတင်းစကားမှာ ထည့်သွင်းပြောကြားခဲ့တာပါ။
ကရင်နီပြည် အပါအဝင် ပဋိပက္ခဒဏ်ခံနေရတဲ့ စစ်မက်ဒေသအသီးသီးမှာ နေထိုင်ကြတဲ့ တိုင်းရင်းသူ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေဟာ စစ်ဘေးစစ်ဒဏ်ရဲ့ ဆိုးကျိုးတွေကို ရှေ့တန်းကနေ ပြင်းပြင်းထန်ထန် ရင်ဆိုင်ကြုံတွေ့နေကြရ တယ်လို့ ဆိုပါတယ်။
နေရာစွန့်ခွာ တိမ်းရှောင်ရတာ၊ မလုံခြုံတဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ဆင်းရဲဒုက္ခများစွာနဲ့ ရှင်သန်ရတာ၊ မိသားစု စားဝတ်နေရေးကို ဦးဆောင်ထမ်းပိုးနေရတာတွေအပြင် ဂျန်ဒါအခြေပြု အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို နည်းလမ်းပေါင်းစုံနဲ့ ပိုပြီး ပြင်းပြင်းထန်ထန် ရင်ဆိုင်နေကြရတယ်လို့ ခူးပလူးရယ်က ထောက်ပြပါတယ်။
အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေအနေနဲ့ တိတ်ဆိတ်မနေဘဲ အကူအညီတောင်းခံနိုင်ဖို့၊ ကူညီစောင့်ရှောက်ရေး လမ်းကြောင်းတွေ ထိရောက်မြန်ဆန်လာစေဖို့နဲ့ ကျူးလွန်သူတွေကို ပြစ်ဒဏ်ကင်းလွတ်ခွင့် မရစေဘဲ တရားဥပဒေစိုးမိုးရေး ဖော်ဆောင်နိုင်ဖို့ ခိုင်ခိုင်မာမာ ဆောင်ရွက်သွားမယ်လို့လည်း ကတိပြုထားပါတယ်။
၂၀၂၅ နှစ်ကုန်ပိုင်းစာရင်းတွေအရ ကရင်နီပြည်နယ်မှာ စစ်ရှောင်ဦးရေ ၂၇၀,၀၀၀ လောက်ရှိနေပြီး အဲဒီထက်ဝက်ကျော်ဟာ အမျိုးသမီးတွေဖြစ်တယ်လို့ ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ အချက်အလက်တွေအရ သိရပါတယ်။
မိုင်းရှူးတွင် ၂ နှစ်အရွယ် သမီးကို ဖခင်က သတ်ဖြတ်ပြီး နေအိမ်မီးရှို့ကာ ထွက်ပြေး
Source –သျှမ်းသံတော်ဆင့်
သျှမ်းပြည် တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်မှာ အသက် ၂ နှစ်အရွယ် သမီးဖြစ်သူကို ဖခင်က ဓားဖြင့်လည်ပင်းလှီး သတ်ဖြတ်ပြီးနောက် နေအိမ်ကို မီးရှို့ကာ ထွက်ပြေးသွားခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၄ ရက်က မိုင်းရှူးမြို့နယ်၊ ဟိုက်ပါကျေးရွာအုပ်စု၊ ဝမ်လုံကျေးရွာမှာ ဇနီးမောင်နှံနှစ်ဦးတို့ စကားများရန်ဖြစ်ခဲ့ကြပြီး၊ နိုဝင်ဘာလ ၂၅ ရက်တွင် အသက် ၂ နှစ်အရွယ် သမီးဖြစ်သူ အိပ်ပျော်နေစဉ် ဖခင်ဖြစ်သူက ဓားဖြင့်လည်ပင်းလှီး သတ်ဖြတ်ခဲ့ပြီး နေအိမ်ကို မီးရှို့ကာ ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။
ထွက်ပြေးသွားတဲ့ ပြစ်မှုကျူးလွန်သူကို နိုဝင်ဘာလ ၂၆ ရက် မနက်ပိုင်းမှာ SSPP/SSA တပ်ဖွဲ့က ဖမ်းဆီးရန် ကြိုးပမ်းစဉ် ပြန်လည်ခုခံခဲ့တာကြောင့် ပစ်ခတ်ရှင်းလင်းခဲ့ပါတယ်။
စစ်အာဏာသိမ်းပြီးနောက် သျှမ်းပြည်တဝှမ်းမှာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှု များလာပြီး သုံးစွဲသူတွေလည်း ပိုပြီးတိုးလာသလိုလက်ရှိ မိုင်းရှူးမြို့နယ်မှာလည်း မူးယစ်ဆေးဝါး သုံးစွဲသူတွေ ပေါများလာတယ်လို့ စုံစမ်းသိရပါတယ်။
အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး ၁၆ ရက်တာလှုပ်ရှား မှု လိုင်ဇာတွင် ပြုလုပ်
Source- DVB
ကမ္ဘာတဝန်းမှာ နိုဝင်ဘာ ၂၅ ရက်ကနေ ဒီဇင်ဘာ ၁၀ ရက်အထိ ကျင်းပနေတဲ့ “အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ပပျောက်ရေး ၁၆ ရက်တာလှုပ်ရှားမှု” ကမ်ပိန်းကို ကချင်ပြည်နယ်၊ လိုင်ဇာမြို့မှာ နိုဝင်ဘာ ၂၅ ရက်က စတင်ပြုလုပ် နေပါတယ်။
ဒီလှုပ်ရှားမှုကို HTOI Gender and Development Foundation နဲ့ လိုင်ဇာမြို့ အမျိုးသမီးရေးရာကော်မတီက အမျိုးသမီးခေါင်းဆောင်တွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး လိုင်ဇာမြို့ထဲက လူစည်ကားရာ လမ်းဆုံတွေ၊ ဈေးနဲ့ တရုတ်ပြည်ဂိတ်ပေါက်ဝတွေမှာ ကချင်၊ မြန်မာ၊ တရုတ် ဘာသာစကား ၃ မျိုးနဲ့ အသိပညာပေး ဟောပြောတာတွေ လုပ်ခဲ့ကြပါတယ်။
လှုပ်ရှားမှုအတွင်း အသိပညာပေး လက်ကမ်းစာစောင်တွေ ဝေငှတာ၊ ဖဲကြိုးဖြူ တပ်ဆင်ပေးတာတွေ လုပ်ခဲ့သလို ဒေသခံပြည်သူတွေ၊ စစ်ဘေးရှောင် (IDP) တွေ၊ CDM ဝန်ထမ်းတွေ၊ KIO/KIA နဲ့ မဟာမိတ်အဖွဲ့အစည်းက ဝန်ထမ်းတွေ၊ ကျောင်းသား/သူတွေအပြင် တရုတ်ရွှေ့ပြောင်းလုပ်သားနဲ့ ရင်းနှီးမြှုပ်နှံသူတွေ အပါအဝင် လူဦးရေ ၃,၀၀၀ ဝန်းကျင်လောက်ဆီ အသိပညာပေး သတင်းစကားတွေ ဖြန့်ဝေခဲ့ပါတယ်။
အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုတွေအတွက် တရားမျှတမှုရဖို့၊ အကြမ်းဖက်ခံရသူတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ ကျူးလွန်သူတွေ ပြစ်ဒဏ်ကနေ ကင်းလွတ်နေတာကို အဆုံးသတ်နိုင်ဖို့ ရည်ရွယ်ပြီး အခုလို လှုပ်ရှားမှုတွေ လုပ်ဆောင်ရတာ ဖြစ်ပါတယ်။
ရွာငံတွင် အမျိုးသမီးတစ်ဦးနေအိမ်ကို စစ်တပ်က မီးရှို့ပြီး ဖမ်းဆီးသွား
Source – သျှမ်းသံတော်ဆင့်
သျှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ် အင်းကြီးကျေးရွာတွင် နေထိုင်တဲ့ အသက် (၄၀)ကျော် အမျိုးသမီးနေအိမ်ကို စစ်တပ်က နိုဝင်ဘာလ ၂၅ ရက် ညမှာမီးရှို့ဖျက်ဆီးခဲ့တဲ့အပြင် ယင်းအမျိုးသမီးကိုပါ ဖမ်းဆီးသွားခဲ့ပါတယ်။
အဆိုပါ အမျိုးသမီး ကို ဖမ်းဆီးသွားပြီးနောက် စစ်တပ်က အင်းကြီးကျေးရွာနှင့် အနီးနားတောထဲသို့ စစ်ကြောင်းထိုးမှုများ ပြုလုပ်တဲ့အပြင် လမ်းသွားလမ်းလာများကိုလည်း စစ်ဆေးမှုများ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်ဖမ်းဆီးသွားတဲ့အမျိုးသမီးမှာ သား၊သမီး ၃ဦးရှိကြောင်းသိရပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၀ရက်နေ့က လည်း အလယ်ချောင်ကျေးရွာရှိ လသားအရွယ် ကလေးအပါဝင် ဒေသခံ ၉ဦးကို စစ်တပ်မှ ဖမ်းဆီးခဲ့ပြီးနောက် နိုဝင်ဘာလ ၂၄ရက်နေ့ ညတွင် ဖမ်းဆီးခံရတဲ့ရွာသားတစ်ဦးနေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။










