အမျိုးသမီးတစ်ဦး မြန်မာမီးဖိုချောင်တွင်ချက်ပြုတ်နေသည်

မန္တလေးက ဂုဏ်ယူစရာမီးဖိုချောင်ကလေး (သို့မဟုတ်) ရှစ်လေးလုံး တော်လှန်ရေးရဲ့

ရှင်ငြိမ်း

ရှစ်လေးလုံး သမိုင်းစာမျက်နှာတွေမှာ လမ်းပေါ်ထွက် ကြွေးကြော်ခဲ့ကြတဲ့၊ စစ်တပ်ရဲ့ ပစ်ခတ်မှုကို ရင်ဆိုင်ခဲ့ရတဲ့ ခေါင်းဆောင်တွေနဲ့ အမျိုးသား အများစုရဲ့ ပုံရိပ်တွေကိုပဲ အဓိက မှတ်တမ်းတင် ဂုဏ်ပြုလေ့ရှိကြပါတယ်။

သို့ပေမဲ့ ဒီအရေးတော်ပုံကြီးရဲ့ ကျောရိုးအဖြစ် မီးဖိုချောင်ထဲကနေ၊ မိသားစု အိမ်ထောင်စုတစ်ခုရဲ့ ထိန်းကျောင်းမှု တွေထဲကနေ သက်စွန့်ဆံဖျား ပံ့ပိုးပေးခဲ့ကြတဲ့ ဒေါ်မေကြည်လို အမျိုးသမီးတွေရဲ့ အိမ်တွင်းစစ်မျက်နှာကတော့ မှတ်တမ်းအများစုမှာ ချန်လှပ်ခံခဲ့ရစမြဲ ဖြစ်ပါတယ်။

ဒေါ်မေကြည်ဟာ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလတလျှောက်လုံးမှာ အိမ်တွင်း မီးဖိုချောင်ကို တော်လှန်ရေးရဲ့ “စစ်ထောက်လှမ်းရေးနဲ့ ရိက္ခာဌာန” အဖြစ် ပြောင်းလဲကာ နောက်ကွယ်ကနေ ခုခံတော်လှန်ခဲ့သူပါ။

“နာမည်က မေကြည်၊ မန္တလေးသူပေါ့၊ အဖေက အထက်တန်းကျောင်းဆရာ၊ အမေကတော့ အိမ်မှာ ကုန်စုံဆိုင် လေး ရောင်းတဲ့ အိမ်ရှင်မ၊ မိသားစုမှာ မောင်နှမ ၅ယောက်ရှိတဲ့အထဲ ငါက သမီးကြီးပေါ့”လို့ သူ့အကြောင်းကို မိတ်ဆက်ပြောပြပါတယ်။

၁၉၈၈ ခုနှစ် အရေးအခင်း စတင်ချိန်မှာ မမေကြည်က မန္တလေးတက္ကသိုလ်မှာ အင်္ဂလိပ်စာ မေဂျာနဲ့ ဒုတိယနှစ် တက်ရောက်နေတဲ့ အသက် ၂၀ အရွယ် ကျောင်းသူလေးတယောက်ပါ။ 

“အဲဒီခေတ်က မန္တလေးတက္ကသိုလ်ဆိုတာ စာသင်ရုံတင်မကဘူး၊ နိုင်ငံရေး အတွေးအခေါ်တွေ၊ မတရားမှုကို ရန်လိုတဲ့ သတ္တိတွေ ပွက်ပွက်ဆူနေတဲ့နေရာပေါ့”လို့ မမေကြည်က ဂုဏ်ယူစွာနဲ့ မှတ်ချက်ပြုပါတယ်။

မွေးချင်းထဲမှာ အကြီးဆုံးဖြစ်ပြီး၊ သမီးကြီးဖြစ်ရတာကလည်း သူ့အတွက်တော့ မလွယ်ကူခဲ့ပါဘူး။ အဖေက ဌာနဆိုင်ရာ ဝန်ထမ်းဖြစ်တော့ စည်းကမ်းအလွန်ကြီးပြီး သမီးမိန်းကလေးတွေအပေါ် တင်းကြပ်စွာ အုပ်ချုပ်ပါ တယ်။

“အဲ့ဒီခေတ်က မိန်းကလေးမပြောနဲ့ ယောက်ျားလေးတွေတောင် နိုင်ငံရေးပြောလို့မရတဲ့ခေတ်၊ ဘယ်မိဘမှ သူတို့ သားသမီးကိုထောင်ထဲမဝင်စေချင်တဲ့ စေတနာအမှားပေါ့၊ နိုင်ငံရေးလုပ်တာ မသိရင် မကောင်းတာ လုပ်စားနေတဲ့ မိန်းမလို ရွံ့စရာအကြည့်နဲ့ ကြည့်ခံရတာ”လို့ သူ့တို့ခေတ်အခြေအနေကို မမေကြည်က အတိတ် ကို ပြန်ပြောင်းပြောပြပါတယ်။

ဖခင်ဖြစ်သူကလည်း မမေကြည်တို့မောင်နှမတွေကို ‘စာပဲကြိုးစားစမ်းပါ၊ နိုင်ငံရေးဆိုတာ စကားပြောမှားရင် ထောင်ကျမယ့်ကိစ္စ’ လို့ အမြဲ သတိပေးနေခဲ့ပါတယ်။ မိခင်ဖြစ်သူကတော့ ဖခင်စကားကို မလွန်ဆန်နိုင်သူပါ။

၁၉၈၇ ခုနှစ်မှာ ငွေစက္ကူတွေ တရားမဝင် ကြေညာလိုက်တုန်းက မိခင်ဖြစ်သူရဲ့အိမ်ဆိုင်လေး တော်တော်လေး ထိခိုက်သွားခဲ့တော့ အစိုးရကို စိတ်နာနေပေမဲ့ သမီးကြီးဖြစ်သူ မမေကြည်ကိုတော့ နိုင်ငံရေးမှာ မပါဝင်ဖို့ အမြဲ ဆုံးမနားသွင်းခဲ့တာပါ။  

‘သမီးကြီး… နင်တခုခုဖြစ်ရင် အောက်က မောင်နှမတွေ ဘယ်လိုလုပ်မလဲ’ ဆိုတဲ့ မိခင်ဖြစ်သူရဲ့ စကားက သူ့ ရင်ထဲမှာ အမြဲတမ်း လေးလံနေစေခဲ့ပါတယ်။

“ဒါပေမဲ့ ၁၉၈၈ ခုနှစ် မတ်လနဲ့ ဇူလိုင်လတွေမှာ ရန်ကုန်က ကျောင်းသားတွေ အသတ်ခံရတယ်ဆိုတဲ့ သတင်း တွေ ကြားရတော့ ငါ့သွေးတွေ ဆူပွက်လာခဲ့တယ်”လို့ မမေကြည်က ဆိုပါတယ်။

မန္တလေးမှာ သပိတ်တွေ စတင်တော့ မမေကြည်အနေနဲ့ ငြိမ်ထိုင်မနေနိုင်တော့ဘူး။ အဲဒီတုန်းက နိုင်ငံရေးဆိုတာ ကို ရေရေရာရာ မနားလည်သေးပေမဲ့ တော်လှန်ရေးလုပ်နေသူတွေ ထိခိုက်ဒဏ်ရာရရှိမှာနဲ့ စားသောက်ရေး ခက်ခဲမှာကို သူက လွန်စွာပူပန်နေခဲ့ပါတယ်။

၁၉၈၈ ခုနှစ်၊ ဩဂုတ်လ ၈ ရက် (၈-၈-၈၈) အရေးတော်ပုံကြီး စတင်တာနဲ့ မန္တလေးတမြို့လုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားခဲ့သလို မမေကြည်လည်း မိဘတွေ မသိအောင် သူငယ်ချင်းတွေနဲ့အတူ မန္တလေးမြို့လယ်က သပိတ် စခန်းတွေကို သွားရောက်အားပေးခဲ့တယ်။ 

အစပိုင်းမှာတော့ အများနည်းတူ လမ်းပေါ်မှာ ကြွေးကြော်သံတွေ ဟစ်အော်ရင်း လက်ဖက်ရည်ဆိုင်တွေ၊ ဈေးတွေ၊ ကျောင်းတွေနဲ့ လူသွားလူလာများတဲ့ နေရာတွေမှာ လက်ကမ်းစာစောင်တွေ လိုက်လံဝေငှခဲ့ကြတယ်။

“အဲဒါတွေကို အဖေသိတော့ ငါ ရိုက်ခံရရော၊ ‘နိုင်ငံရေးဆိုတာ မိန်းကလေးတွေနဲ့ မအပ်စပ်ဘူး၊ ထောင်ကျဖို့ပဲ ရှိတာကို ဘာလို့ လုပ်ချင်တာလဲ’ ဆိုပြီး တားတာပေါ့၊ အမျိုးတွေကလည်း ‘နင့်တို့သမီးကြီးက သေမယ့်အလုပ်တွေ လုပ်နေတယ်’လို့ ပြောကြတာပေါ့”လို့ မမေကြည်က ဖွင့်ဟပါတယ်။

မိဘက အကြိမ်ကြိမ်ဆုံးမစကားပေမဲ့ မမေကြည်ကတော့ အခန်းထဲသော့ပိတ်ထားလည်း ခုန်ချထွက်ပြေးပြီး သပိတ်တွေမှာ သွားကူညီနေခဲ့တာဖြစ်တယ်။ အလားတူပဲ ရပ်ကွက်ထဲက ကျောင်းနေဖက် မိန်းကလေးတွေကို လည်း နိုင်ရာကဏ္ဍကနေ ပါဝင်ကြဖို့ လိုက်စည်းရုံးခဲ့တယ်။ 

ဒါပေမဲ့ အခုလို အကန့်အသတ်တွေကြားက ခိုးထွက်နေရတာက ရေရှည် မဖြစ်နိုင်ဘူးဆိုတာ တွေးမိတော့ အိမ်ကနေ တော်လှန်ရေးအတွက် ဘာလုပ်ပေးနိုင်မလဲဆိုတာ သူ စတင်စဉ်းစားခဲ့တော့တာပဲ။

‘တော်လှန်ရေးဆိုတာ လမ်းပေါ်မှာ ကြွေးကြော်သံအော်မှ တော်လှန်ရေးလား၊ လမ်းပေါ်မှာ ပစ်ခတ်နေကြတဲ့၊ ဟောပြောနေကြတဲ့ ငါ့ကျောင်းသား သူငယ်ချင်းတွေ၊ ရဟန်းသံဃာတွေ ရေဆာရင် ဘာသောက်မလဲ၊ ဗိုက်ဆာရင် ဘာ စားမလဲ၊ ဒဏ်ရာရရင် ဘယ်သူက ဆေးထည့်ပေးမလဲ’ဆိုတဲ့ အတွေးနဲ့ အိမ်ကနေ ပါဝင်နိုင်မယ့် တော်လှန်ရေး ကဏ္ဍကို စတင်ခဲ့တာဖြစ်တယ်။

ဒီလိုဖြစ်လာဖို့ မိခင်ဖြစ်သူကို အရင်စည်းရုံးပါတယ်။ ‘လမ်းပေါ်က ကျောင်းသားတွေဆိုတာ အမေ့သား၊ သမီးတွေ ပါပဲ၊ သူတို့ ဗိုက်ဆာလို့ မေ့လဲကုန်ရင် သေနတ်နဲ့ မတရားပစ်သတ်ခံရရင် တော်လှန်ရေးက ဘယ်လိုလုပ်အနိုင်ရမလဲ’ လို့ ပြောတော့ သနားစာနာတတ်တဲ့မိခင်ဖြစ်သူက မျက်ရည်ကျကာ လက်ခံခဲ့တာဖြစ်တယ်။

“အမေကို ဘာလို့အရင်စည်းရုံးလဲဆိုတော့ အဖေက အိမ်အောက်ထပ်မှာ အိပ်တာ၊ သူ့စောင့်ကြည်ဖို့နဲ့ နောက်ဖေး တံခါးသော့က အမေ့ဆီမှာဆိုတော့ သူ့အရင်စည်းရုံးရတာပေါ့၊ ချက်ပြုတ်ဖို့လည်း အမေကူမှရမှာလေ”လို့ မမေကြည်က ရှင်းပြပါတယ်။

အဲ့ဒီအချိန်က စတင်ပြီးတော့ မမေကြည်တို့အိမ်ရဲ့မီးဖိုချောင်ဟာ တော်လှန်ရေးရဲ့ ‘စစ်ထောက်လှမ်းရေးနဲ့ ရိက္ခာဌာန’ ဖြစ်သွားခဲ့တာပါ။ မမေကြည်တို့အဖွဲ့မှာ မိခင်ဖြစ်သူအပါအဝင် အမျိုးသမီး ၇ ဦးနဲ့ အမျိုးသား ကျောင်းသား ၂ ဦး ပါဝင်တယ်။

အလှူငွေတွေကို အားလုံးရှေ့မှာ ပွင့်လင်းမြင်သာစွာ လက်ခံပြီး သုံးစွဲမှုတွေကို စနစ်တကျ ကိုင်တွယ်ခဲ့ကြတယ်။

မမေကြည်ဟာ မိသားစုရဲ့ သမီးကြီးဖြစ်တော့ မီးဖိုချောင်ကိစ္စ၊ မောင်လေး ညီမလေးတွေရဲ့ လုံခြုံရေး၊ စားသောက်ရေး၊ ဈေးဝယ်တာနဲ့ ချက်ပြုတ်တာ စတဲ့ အိမ်တွင်းတာဝန်တွေကိုလည်း ပျက်ကွက်လို့မရဘူး။

စီးပွားရေး ရပ်ဆိုင်းနေချိန်မှာ အိမ်မှာရှိတဲ့ ရိက္ခာတွေကို မျှသုံးစွဲရတဲ့ စီမံခန့်ခွဲမှု ဝန်ထုပ်ဝန်ပိုးက အမျိုးသမီးတွေ ရဲ့ ပခုံးပေါ်မှာပဲ လုံးဝကျရောက်နေခဲ့တာဖြစ်တယ်။ အိမ်တွင်းတာဝန်တွေ ပြီးရင် ဒုတိယအလုပ်အဖြစ် သပိတ်စခန်းတွေကို ထမင်းထုတ်တွေ သွားပို့ရတယ်။

မနက် ၄ နာရီဆို သားအမိ ၂ဦးစလုံး အိပ်ရာကထပြီး သပိတ်စခန်းတွေကို ပို့ဖို့ ထမင်းအိုးတွေဆယ်ချီ ချက်ပြုတ် ကြရတယ်။ ရှစ်လေးလုံး သပိတ်ကာလအတွင်း အဖွဲ့သားတွေရဲ့ အိပ်ချိန်က တနေ့မှ ၃ နာရီခန့်ပဲ ရှိခဲ့တာပါ။

ဟင်းအတွက် ပဲပြုတ်ကြော်၊ ငရုတ်သီးကြော်နဲ့ သရက်ချဉ်သုပ်လေးတွေ ပြင်ဆင်ကြတယ်။ အဲဒီအချိန်က ဆန်ဈေး တွေ မြင့်တက်နေတဲ့အပြင် ငွေကြေးအချို့လည်း ပြည်သူပိုင် သိမ်းဆည်းခံထားရတော့ ထမင်းထုတ်နဲ့ ရေဗူးတွေ စုံလင်စွာ ပို့နိုင်ဖို့က မလွယ်ကူတဲ့အခြေအနေပါ။

“ထမင်းထုတ်ဖို့ ငွေကိုတော့ အဖွဲ့ဝင်တွေ စေတနာနဲ့ လှူထားတဲ့ စုငွေနဲ့ စတာပေါ့၊ ပထမတစ်ကြိမ်ပဲ သုံးလိုက်ရ တယ်၊ နောက်ပိုင်းတော့ ချမ်းသာတဲ့ မိသားစုသုံးစုက ပင်တိုင်ထောက်ပံ့တော့ သိပ်မပူပင်ရဘူးပေါ့”လို့ မမေကြည် က ဆိုပါတယ်။

ထမင်းချက်ပြီးတာနဲ့ မောင်ငယ်နဲ့ ညီမဖြစ်သူကို နှိုးပြီး ထမင်းထုတ်တွေနဲ့ ရေဗူးတွေကို စက်ဘီးခြင်းထဲထည့်၊ မန္တလေးသပိတ်စခန်း အသီးသီးကို လိုက်ပို့ကြတယ်။ ပထမအကြိမ်မှာ အဖေ မသိလိုက်ပေမဲ့ ဒုတိယအကြိမ်မှာ သိသွားခဲ့တယ်။

ဒါပေမဲ့ မမေကြည်ရဲ့ တောင်းပန်မှုနဲ့ ဖခင်ကိုယ်တိုင်လည်း တော်လှန်ရေးအပေါ် စိတ်ယိုင်နေချိန်ဖြစ်တာမို့ ထမင်း ထုတ်ဝေငှတာကို မမြင်ချင်ယောင် ဆောင်ပေးခဲ့တာဖြစ်တယ်။

 ‘လူတွေက ကြွေးကြော်သံအော်တဲ့သူကိုပဲ မြင်ကြတာ၊ အဲဒီ ကြွေးကြော်သံအော်နိုင်အောင် နောက်ကနေ ပံ့ပိုးပေးရတဲ့ အမျိုးသမီးတွေရဲ့ ဝန်ထုပ်ဝန်ပိုးကို ဘယ်သူမှ မမြင်ကြဘူး’လို့ မမေကြည်က ပြောပါတယ်။

ဒါပေမယ့် ၁၉၈၈ ခုနှစ်၊ ရှစ်လေးလုံး အရေးတော်ပုံကြီးရဲ့ အရှိန်မြင့်နေတဲ့ သပိတ်ကာလတခုမှာ တော်လှန်ရေး ကျောင်းသားခေါင်းဆောင်တဦး ပြောခဲ့တဲ့ စကားတခွန်းရှိခဲ့ပါတယ်။

“ငါတို့က လမ်းပေါ်မှာ သေနတ်ပြောင်းဝကို ရင်ဆိုင်နေရတာ ဆိုပေမဲ့ တော်လှန်ရေးသမားတွေ ဗိုက်ဝဖို့၊ ကျည်လွတ်ဖို့ အိမ်ထဲကနေ သက်စွန့်ဆံဖျား ထမင်းထုတ်ပေးနေတဲ့ အမျိုးသမီးတွေ မရှိရင် ဒီတော်လှန်ရေးက တရက်မှ ခရီးမဆက်နိုင်ဘူး” 

ဒီစကားတခွန်းဟာ မမေကြည်အတွက်တော့ ရှေ့ဆက်ဖို့လည်း အားအင်ဖြစ်စေသလို “ငါလုပ်တာမှန်တယ်လို့ ခံစားရစေခဲ့တယ်” လို့ ဒေါ်မေကြည်က  ပြန်ပြောင်းပြောပြပါတယ်။

မမေကြည်တို့အိမ်ရဲ့ မီးဖိုခန်းလေးဟာ ညဘက်ရောက်ရင်တော့ လျှို့ဝှက် သတင်းစခန်း ဖြစ်သွားပြန်တယ်။ မြို့နယ် အသီး သီးက အမျိုးသမီးတွေ စုပေါင်းပြီး ဘယ်လမ်းမှာ စစ်တပ်က ပိတ်ထားပြီလဲ၊ ဘယ်သူ့သားသမီး ဖမ်းဆီး ခံလိုက်ရပြီ လဲ၊ ဘယ်သပိတ်စခန်းမှာ ရိက္ခာလိုနေလဲဆိုတဲ့ သတင်းတွေကို ဖလှယ်ကြရင်း တော်လှန်ရေး အတွက် သတင်းကွန်ရက်တခုကို အလိုလို တည်ဆောက်ခဲ့ကြတယ်။

မမေကြည်တို့ဟာ အချို့အချိန်တွေမှာ အိမ်ရှေ့မှာ ဖမ်းဆီးဖို့ စောင့်ဆိုင်းခံနေရတဲ့ ကျောင်းသားခေါင်းဆောင်တွေ ကို ဘေးကင်းအောင် လှည့်ထုတ်ပေးတာ၊ ဖမ်းဆီးခံရတဲ့ ကျောင်းသားတွေရဲ့ သတင်းကို မိသားစုဆီ သွားရောက် အကြောင်းကြားပေးတာတွေကိုလည်း ဆောင်ရွက်ခဲ့ကြရတယ်။

ဒဏ်ရာရလာသူတွေအတွက် ဂွမ်း၊ အရက်ပျံ၊ ပတ်တီး စတဲ့ ဆေးဝါးတွေနဲ့ စားနပ်ရိက္ခာတွေကို မြို့ထဲက ဆေးဆိုင်တွေဆီက စုဆောင်းတယ်။ စစ်တပ်က ပိတ်ပင်ထားတဲ့ ဆန်နဲ့ ဆေးဝါးတွေကို လျှို့ဝှက် စုဆောင်း ရတာက သေနတ်ကိုင်တာထက် မလျော့တဲ့ အန္တရာယ်ရှိခဲ့တာပါ။

အိပ်စရာရှိရင်လည်း အပြည့်အဝ မအိပ်ရဘူး။ ညဘက် စစ်တပ်က ဧည့်စာရင်းစစ်မှာ၊ ဝင်စီးမှာကို ပူရသေး တယ်။ မိသားစုထက် အဖွဲ့သားတွေရဲ့ လုံခြုံရေးကလည်း အရေးကြီးသလို တော်လှန်ရေးအတွက် ရိက္ခာမပြတ် ရေး ဆိုတဲ့ တာဝန်တွေအာလုံးကို သူတို့ပခုံးပေါ်မှာ ထမ်းထားခဲ့ရတာဖြစ်တယ်။

လူ့အဖွဲ့အစည်းက အမျိုးသမီးတွေရဲ့ နေရာကို ‘မီးဖိုချောင်’ လို့ပဲ အမြဲ သတ်မှတ်လေ့ရှိပေမဲ့ ရှစ်လေးလုံးအရေး တော်ပုံကြီးမှာ အမျိုးသမီးတွေက ဒီမီးဖိုချောင်ကိုပဲ တော်လှန်ရေးရဲ့ ခံတပ်အဖြစ် ပြောင်းလဲပစ်ခဲ့ကြတယ်။ ထမင်းချက်တာကိုလည်း လုပ်ရိုးလုပ်စဉ် အလုပ်လို့ မသတ်မှတ်တော့ဘဲ ‘တော်လှန်ရေး ရိက္ခာဖြည့်တင်းခြင်း’ လို့ သတ်မှတ်ခဲ့ကြတယ်။

အလားတူပဲ တော်လှန်ရေးသမားတွေရဲ့ အဝတ်အစားတွေကို လျှော်ဖွပ်ပေးတာ၊ ဒဏ်ရာရသူတွေကို ပြုစုပေးတာ တွေကို ‘မိန်းမတို့အလုပ်’ လို့ မမြင်ကြတော့ဘဲ တော်လှန်ရေးတပ်သားတွေကို ပြန်လည်သက်ဝင်လာအောင် ကုသ ပေးတာလို့ အမျိုးသားတွေပါ လက်ခံလာကြတယ်။

‘အမျိုးသားတွေကလည်း ချက်ပြုတ်ရေးကူ၊ လူနာပြုစုတာလည်းကူနဲ့ အဝတ်တွေလည်း လျှော်ကြရင်း သူ့အလုပ် ကိုယ့်အလုပ် မခွဲခြားတော့ဘူးပေါ့’လို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါးက ခံယူချက်တွေအကြောင်း ဒေါ်မေကြည်က ရှင်းပြပါတယ်။

စစ်တပ်က ၁၉၈၈ ခုနှစ် စက်တင်ဘာလ ၁၈ ရက်မှာ အာဏာသိမ်းလိုက်ပြီး သေနတ်နဲ့ ပစ်ခတ်ဖြိုခွင်းတဲ့အခါ လမ်း ပေါ်က သပိတ်တွေ ပျက်စီးခဲ့ရပေမဲ့ တော်လှန်ရေးကတော့ ရပ်တန့်မသွားခဲ့ပါဘူး။ အမျိုးသမီးတွေက သူတို့ရဲ့ အိမ်တွေကို ပုန်းအောင်းရာ စခန်းတွေအဖြစ် ပြောင်းလဲပေးခဲ့ကြပါတယ်။

“စစ်တပ် လိုက်ဖမ်းနေတဲ့ ကျောင်းသားခေါင်းဆောင်တွေကို အိမ်မှာ ပုန်းခိုင်း၊ အိမ်ထပ်ခိုးမှာ မိဘတွေ မသိအောင် ထားရတာပေါ့၊ နယ်က အမျိုးတွေအိမ်၊ သူငယ်ချင်းတွေဆီမှာလည်း ဝှက်ပေါ့”လို့ မမေကြည်က သူလုပ်ဆောင်မှုတွေကို ပြောပြပါတယ်။

ဒါ့အပြင် ကျောင်းသား ကျောင်းသူတွေ တောခိုနိုင်ဖို့အတွက် လိုအပ်တဲ့ စရိတ်နဲ့ အဝတ်အစားတွေကိုလည်း သူတို့ အဖွဲ့က လျှို့ဝှက်စုဆောင်းပေးခဲ့ကြပါတယ်။

မမေကြည်အတွက်တော့ အိမ်ဆိုတာ ဖိနှိပ်ချုပ်ချယ်တဲ့ နေရာမဟုတ်တော့ဘဲ စစ်အာဏာရှင်ကို ပြန်လည်ခုခံတဲ့ အဓိက မဟာဗျူဟာ မြောက် နေရာဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ စစ်တပ်ရဲ့ လိုက်လံဖမ်းဆီးမှုတွေကြောင့် အဖွဲ့ဝင် ၃ ဦး ဖမ်းဆီးခံခဲ့ရပြီး အမျိုးသမီးတဦးနဲ့ အမျိုးသား တဦးကတော့ ထောင်အတွင်း ကွယ်လွန်သွားခဲ့ကြရတယ်။

“သူတို့ ဖမ်းခံရတာ သိပေမဲ့ သေသွားတာကိုတော့ အနှစ် ၂၀ ကြာမှ သူတို့အမတွေ ပြောပြလို့ သိရတာ၊ အဲဒီလို ကြားရတိုင်း စိတ်ထိခိုက် ဝမ်းနည်းရတယ်၊ ကိုယ်တိုင် အဖမ်းမခံရပေမဲ့ စိတ်ထိခိုက်ရလွန်းလို့ နှလုံးရောဂါပါ ရနေပြီ”လို့ မမေကြည်က ဆိုပါတယ်။

နောက်ပိုင်းမှာ ပစ်ခတ်ဖြိုခွင်းမှုတွေ ပြင်းထန်လာပြီး ကျောင်းသားလူငယ်တွေ တောခိုကုန်ကြတာချိန်မှာတော့  သူတို့ရဲ့ ပံ့ပိုးရေး လုပ်ငန်းစဉ်တွေ ရပ်တန့်သွားခဲ့ရပါတော့တယ်။

“အဖေက စိုးရိမ်တာနဲ့ ကျောက်ပန်းတောင်းက သူ့ညီမရွာကို အပြီးပြောင်းရွှေ့ နေထိုင်ခဲ့တာပေါ့”လို့ ဒေါ်မေကြည် က နောက်ပိုင်းအခြေအနေကို ပြောပြပါတယ်။

နောက်တော့ ဖခင်ဖြစ်သူ အဆုတ်ကင်ဆာ ဖြစ်လာတဲ့အခါ ရန်ကုန်ကို ပြောင်းရွှေ့ ဆေးကုသခဲ့ကြရပါတယ်။ ရန်ကုန်မှာ နေထိုင်စဉ် မောင်ငယ်က သင်္ဘောသား ဖြစ်လာပြီး ညီမဖြစ်သူက ကျောင်းဆရာမ ဖြစ်လာခဲ့တယ်။

မောင်နဲ့ ညီမဖြစ်သူ အိမ်ထောင်ခွဲသွားပြီးနောက် မမေကြည်တယောက်ထဲ မိဘကိုပြုစုစောင့်ရှောက်ရင်း နေထိုင် ခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်တပ်က တကျော့ပြန် အာဏာသိမ်းလိုက်ချိန်မှာတော့ အဖေက အဆုတ်ကင်ဆာနဲ့ အရေးပေါ်ကုသဆောင် ရောက်နေလို့ မမေကြည် တော်လှန်ရေးမှာ  မပါဝင်နိုင်ခဲ့ဘူး။

ဒါပေမဲ့ ဖခင်ဖြစ်သူက မတ်လကိုဗစ်ကာလမှာဆုံးသွားပြီး နာရေးပြီးတာနဲ့ သပိတ်တွေမှာ စားစရာ၊ ရေဗူးနဲ့ အချိုရည်တွေ ဝေငှာတာတွေလုပ်ခဲ့သေးတာဖြစ်တယ်။

 မိခင်ဖြစ်သူက စိုးရိမ်တဲ့အတွက် ‘နင်လည်း အသက်ကြီးပြီ ရွာမှာ အေးဆေးပြန်နေရအောင်’ ပြောတာကို ပြန်မယ် ဆိုပြီး အချိန်ဆွဲပြီး တော်လှန်ရေးမှာ ကူညီနေခဲ့တာပါ။

ဒါပေမဲ့ ရပ်ကွက်က ဧည့်စာရင်း လာစစ်ရင်း ၈၈ ဟောင်းဆိုပြီး ဖမ်းသွားတာကြောင့် စခန်းမှာ တည အိပ်ခဲ့ရ တယ်။ ရပ်ကွက်လူကြီးက ထောက်လှမ်းရေးမှူးဟောင်း ဖြစ်တော့ မမေကြည်ကို ၈၈ လှုပ်ရှားမှုမှာ အလိုရှိသူ စာရင်းဝင်ခဲ့ သူအဖြစ် မှတ်မိနေခဲ့ပါတယ်။

စစ်ကြောရေးမှာ ဖခင်ဖြစ်သူ ဆေးရုံတက်နေလို့ ဘာမှမလုပ်ဖြစ်ကြောင်း၊ အိမ်ရှေ့မှာပဲ သွားရပ်ကြည့်ပြီး မကြာခင် ကျောက်ပန်းတောင်းကို ပြန်တော့မှာလို့ ပြောတော့ မနက်ပိုင်းမှာ ပြန်လွတ်ပေးခဲ့တယ်။

လက်ရှိမှာတော့ မမေကြည်ဟာ လေးဘက်နာနဲ့ နှလုံးရောဂါဝေဒနာကို အပြင်းအထန်ခံစားနေရပြီး ကျောက်ပန်း တောင်း မြို့နယ်အတွင်း စစ်ရေးတင်းမာနေလို့ စစ်ရှောင်နေရတာဖြစ်တယ်။

အဟောင်းနဲ့ အသစ်ကို ပြန်လည်နှိုင်းယှဉ် ကြည့်လိုက်တဲ့အခါ ရှစ်လေးလုံး အရေးတော်ပုံကြီးမှာ အမျိုးသမီး တွေရဲ့ ပါဝင်မှုက သမိုင်းစာအုပ်တွေထဲမှာ သီးသန့် အခန်းကဏ္ဍအဖြစ် ဖော်ပြမခံခဲ့ရတာ ဝမ်းနည်းစရာပါပဲလို့ အသက် ၇၀ အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်မေကြည်က ဆိုပါတယ်။

“သမိုင်းက မိုက်ခရိုဖုန်းကိုင်ပြီး ဟောပြောခဲ့တဲ့သူတွေကိုပဲ မှတ်တမ်းတင်ခဲ့တာများပေမဲ့၊ မိုက်ခရိုဖုန်းကိုင်ထားတဲ့ သူ အသံမဝင်အောင် မနက်တိုင်း သံပုရာရည် ဖျော်ပေးခဲ့တဲ့ အမျိုးသမီးရဲ့ နာမည်တော့ ဘယ်သူမှ မသိကြတော့ ဘူး”လို့ သူက ပြောပါတယ်။

ဒါပေမဲ့  ၂၀၂၁ နောက်ပိုင်း နွေဦးတော်လှန်ရေးကို ကြည့်လိုက်တဲ့အခါ ဒေါ်မေကြည်အနေနဲ့ အင်မတန်ဂုဏ်ယူစရာ ဖြစ်လာခဲ့ပါတယ်။  

ရှစ်လေးလုံး အရေးတော်ပုံကာလက အမျိုးသမီးတွေ စိုက်ထူခဲ့တဲ့ အိမ်တွင်းစစ်မျက်နှာဟာ ဒီနေ့ခေတ်မှာ ပိုမို ပွင့်လန်းလာခဲ့ပြီး “ထမိန်သပိတ်” အသွင်နဲ့ လမ်းပေါ်အထိ ရဲရင့်စွာ ထွက်ပေါ်လာကြတယ်။

အမျိုးသမီးတွေဟာ မီးဖိုချောင်မှာတင် မကတော့ဘဲ လက်နက်ကိုင် တော်လှန်ရေးနဲ့ နိုင်ငံရေး ခေါင်းဆောင်မှုတွေ မှာပါ ရှေ့တန်းက ရဲရင့်စွာ ပါဝင်လာကြပြီ ဖြစ်တယ်။

ဒေါ်မေကြည်ရဲ့ဇာတ်ကြောင်းဟာ ၁၉၈၈ ခုနှစ် အရေးတော်ပုံကြီးအတွင်း ပါဝင်ခဲ့ကြတဲ့ ထောင်ပေါင်းများစွာ သော မြန်မာအမျိုးသမီးတွေရဲ့ ကိုယ်စားပြု ပုံရိပ်ဖြစ်ပါတယ်။

သမိုင်းကို ပြန်လည်သုံးသပ်မယ်ဆိုရင် အမျိုးသမီးတွေရဲ့ တော်လှန်ရေးဟာ လမ်းမတွေပေါ်မှာ သာမက အိမ်တွင်း ရိက္ခာ စီမံခန့်ခွဲမှု၊ ဆေးဝါးပံ့ပိုးမှု၊ သတင်းအချက်အလက်နဲ့ ထောက်လှမ်းရေး စတဲ့ နေ့စဉ်ဘဝ ခုခံစစ် တွေမှာပါ အလွန် အားကောင်းခဲ့တာကို  တွေ့မြင်ရမှာဖြစ်ပါတယ်။

ရှစ်လေးလုံးကနေ ဒီနေ့ခေတ် တော်လှန်ရေးတွေအထိ အမျိုးသမီးတွေရဲ့ အခန်းကဏ္ဍကို အသိအမှတ်ပြု မှတ် တမ်းတင်တာဟာ စစ်အာဏာရှင်စနစ်နဲ့ အမျိုးသားကြီးစိုးရေးဝါဒတို့ကို တပြိုင်နက်တည်း တော်လှန်နေတာ ဖြစ်ပါတယ်။

ရှစ်လေးလုံး အရေးတော်ပုံက သူ့အတွက် ပေးခဲ့တဲ့ အကြီးမားဆုံး သင်ခန်းစာကတော့ “တော်လှန်ရေးသမိုင်း ဆိုတာ သေနတ်ကိုင်ထားတဲ့သူ တယောက်တည်း ရေးထိုးတာ မဟုတ်ဘူး၊ အဲဒီသေနတ်ကိုင်ထားတဲ့သူရဲ့ နောက်ကွယ် မှာ ပံ့ပိုးပေးနေတဲ့၊ နေ့စဉ်ဘဝကို ထိန်းကျောင်းပေးနေတဲ့ အမျိုးသမီးတိုင်းရဲ့ ရဲရင့်မှုတွေနဲ့ တည်ဆောက်ထားတာ” ဆိုတဲ့ အချက် ဖြစ်တယ်။

“၈၈ ခေတ်က မန္တလေးသူ ကျောင်းသူလေးတယောက်အဖြစ်၊ မိသားစုရဲ့ သမီးကြီးတယောက်အဖြစ်နဲ့ တော်လှန် ရေးမှာ မီးဖိုချောင်ကနေ ပါဝင်ခဲ့ရတာကို ဘဝမှာ ဂုဏ်တခုအနေနဲ့ သေတဲ့အထိ သိမ်းဆည်းထားသွားမှာပါ” လို့ ဒေါ်မေကြည်က စကားဆိုပါတယ်။