“ယောက်ျားဆို မျိုးဆက်၊ မိန်းမဆို သစ္စာဖောက်လား”
“လူမျိုးဆက်ထိန်းသိမ်းရေးဆိုတဲ့ အယူအဆအောက်မှာ အမျိုးသားနဲ့ အမျိုးသမီးအပေါ် မတူညီတဲ့ စံနှုန်းတွေ ဘယ်လိုအလုပ်လုပ်နေသလဲ”
ရှင်ငြိမ်း
“နင် ဘယ်တော့မှ ပြန်မလာနဲ့၊ ငါ့သမီး သန်းနွယ်က သေပြီ”
မသန်းနွယ်လို့ခေါ်တဲ့ အသက် ၂၅ နှစ်အရွယ် မိန်းကလေးတဦးဟာ ရခိုင်ပြည်၊ မြောက်ဦးမြို့က မိဘတွေပိုင်ဆိုင်တဲ့ အိမ်ကြီးရဲ့ လှေကား ခြေရင်းမှာ ဖခင်ဖြစ်သူရဲ့ ဒီလို ဒေါသတကြီး မောင်းထုတ်သံနဲ့ ရိုက်နှက်ကျိန်ဆဲသံတွေကို ဒူးထောက်ရင်း ခါးစည်းခံနေရပါတယ်။
ဖခင်ဖြစ်သူဟာ သမီးဖြစ်သူရဲ့ အမျိုးသားနဲ့ဆွေမျိုးတွေရှေ့မှာ“သွေးမစစ်တဲ့သမီး ငါ့မှာမရှိဘူး၊ ခွေးလောက်တောင် သစ္စာမရှိ၊ မျိုးရိုးဂုဏ် မထိန်းသိမ်းသူ” လို့ စွပ်စွဲပြီး အိမ်ပေါ်က မောင်းချခဲ့ပါတယ်။
သူကျူးလွန်ခဲ့တဲ့ အပြစ်ကတော့ တခုတည်းပါ။ အဲဒါကတော့ ရှေးရိုးစွဲ ဖခင်ဖြစ်သူ စိတ်ကြိုက်စီစဉ်ပေးတဲ့၊ မသန်းနွယ်ထက် အသက် ၅ နှစ်ကြီးတဲ့ ငါးဖမ်းစက်လှေခေါင်းဆောင် ရခိုင်အမျိုးသားကို ငြင်းပယ်ပြီး၊ ရန်ကုန်မှာ တက္ကသိုလ်ကျောင်း တက်ရင်း သံယောဇဉ်တွယ်ခဲ့တဲ့ ဗမာအမျိုးသားနဲ့ ဘဝကိုရှေ့ဆက်လျှောက်လှမ်းဖို့ ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့လို့ပဲ ဖြစ်ပါတယ်။
ချမ်းသာတဲ့ မိသားစုက မွေးဖွားလာပြီး၊ မောင်နှမ ၃ ယောက်မှာ အငယ်ဆုံးဖြစ်သလို၊ တဦးတည်းသော သမီးအဖြစ် အစ်ကို ၂ယောက်နဲ့ အတူ အလိုလိုက်ခံခဲ့ရသူပါ။ ဒါပေမဲ့ မိခင်ဖြစ်သူလို ဖခင်ရဲ့ အမိန့်အောက်မှာ ပြားပြားဝပ်နာခံရတဲ့ ဘဝမျိုးကို တော့ သန်းနွယ်အဖြစ် မခံနိုင်ခဲ့ပါဘူး။
“ကိုယ့်လူမျိုးချင်းပဲ လက်ထပ်ရမယ်၊ မဟုတ်ရင် လူမျိုးဖျက်သူဖြစ်မယ်” ဆိုတဲ့ ဖခင်ရဲ့ သွန်သင်မှုတွေကို ဘေးဖယ်ပြီး ကျောင်းစာမေးပွဲ နောက်ဆုံးနေ့ ဖြေဆိုပြီးတာနဲ့ ချစ်သူနောက်ကိုလိုက်ပြီး နှစ်ကိုယ်တူဘဝသစ်ကို ထူထောင်ခဲ့ကြတယ်။
၁၀ ရက်အကြာမှာ အိမ်ထောင်ရက်သားကျကြောင်း မိဘကို တောင်းပန်ကန်တော့ဖို့ ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့က အိမ်ကို ပြန်အပ်နှံတဲ့အခါမှာတော့ ရက်စက်တဲ့ ရိုးရာဓလေ့ရဲ့ ဒဏ်ခတ်ခြင်းကို ခံခဲ့ရပါတော့တယ်။
အဲဒီတုန်းက ဖခင်ဖြစ်သူရဲ့ ဒေါသတကြီးတုန့်ပြန်သံတွေဟာ အသက် ၆၃ နှစ် အရွယ် ရခိုင်အမျိုးသမီးကြီး ဒေါ်သန်းနွယ်ရဲ့ နားထဲမှာ ယနေ့တိုင် ပဲ့တင်ထပ်နေဆဲ ဖြစ်ပါတယ်။
အမွေပြတ် စွန့်လွှတ်ရုံတင်မက ဖခင်ဖြစ်သူဟာ ကွယ်လွန်သွားတဲ့အထိ သန်းနွယ်ကို သမီးအဖြစ် အသိအမှတ် မပြုသွားခဲ့ ပါဘူး။ ဖခင်ကွယ်လွန်သွားတာကိုတောင် သန်းနွယ်ဟာ သူ့သူငယ်ချင်းတယောက် ပြောပြမှ သိခဲ့ရတာပါ။
အဖေမရှိတော့တဲ့ နောက်ပိုင်း အမေနဲ့ အစ်ကိုတွေက လက်ခံမလားဆိုတဲ့မျှော်လင့်ချက်နဲ့ ဖုန်းဆက်ခဲ့ပေမဲ့ အားလုံးက ခါးခါးသီးသီး စွန့်လွှတ်ခဲ့ကြတာဖြစ်တယ်။
“နင့်အဖေ သေသွားတာတောင် နင့်ကို ခွင့်မလွှတ်သွားဘူး သန်းနွယ်၊ နင် အဲ့ဒီဗမာကောင်နဲ့ယူသွားတာ၊ ငါတို့ မိသားစု တခုလုံး ဘယ်လောက်အရှက်ရခဲ့လဲ၊ ဘယ်မှာမှ မျက်နှာမပြရဲခဲ့ဘူး၊ နင့်အဖေဆို အဲ့ဒီစိတ်နဲ့သေတာ၊ လာမနေပါနဲ့တော့” ဆိုတဲ့ စကားလုံးတွေက ဖုန်းတဖက်ကနေ သန်းနွယ်ရဲ့ရင်ထဲ ဓားတစ်စင်းလို ထိုးစိုက်ဝင်သွားခဲ့တယ်။
အတန်းပညာလည်းရှိ၊ ငွေကြေးလည်း အတန်အသင့်ရှိတဲ့ သက်တူရွယ်တူ ချစ်သူနဲ့ လက်ထပ်ခဲ့ပေမဲ့ အဲဒီအမျိုးသားဟာ ရခိုင်တိုင်းရင်းသားတယောက် မဟုတ်ဘူးဆိုတဲ့အချက်က ဒေါ်သန်းနွယ်ကို မိသားစုနဲ့ အသိုင်းအဝိုင်းက ၃၈ နှစ်တိုင်အောင် စွန့်ပစ်ထားစေခဲ့တဲ့ အဓိက အကြောင်းရင်း ဖြစ်တယ်။
ဖခင်ဖြစ်သူ ကွယ်လွန်သွားခြင်းက ဒေါ်သန်းနွယ်အတွက် နာကျင်ရသလို၊ ကွယ်လွန်ပြီးနောက်ပိုင်း ကျန်ရစ်တဲ့ မိခင်နဲ့ အစ်ကိုတွေကပါ သူ့ကို မိသားစုဝင်အဖြစ်ကနေ ထာဝရအဆုံးစီရင်လိုက်တာက ဒေါ်သန်းနွယ်ရဲ့ နှလုံးသားကို အပိုင်းပိုင်းအစစ ဓားနဲ့မွှန်းလိုက်သလိုပါပဲ။ အချိန်တွေ ရွေ့လျားသွားပေမဲ့ အမုန်းတရားတွေ အရည်မပျော်နိုင်တဲ့ အသိုင်းအဝိုင်းကို ငေးကြည့်ရင်း ဒေါ်သန်းနွယ်တယောက် ငိုကြွေးခဲ့ရပေါင်းများခဲ့ပြီဖြစ်ပါတယ်။
“မိဘတွေမရှိရင် အကိုတွေက ငါ့ကို သနားမယ်လို့ မျှော်လင့်ခဲ့မိတာ ကျမ အမှားပေါ့၊ လူမျိုးခြားနဲ့ ယူတာနဲ့ မိသားစုက တသက်လုံးကို ထုတ်ပစ်ခဲ့တာ၊ ဖုန်းကနေ ‘အရှက်မရှိ၊ လာမနေနဲ့‘ လို့ ပြောတဲ့ အစ်ကိုတွေရဲ့ စကားက အဖေ့ရဲ့ ကြိမ်ဒဏ် ထက် ပိုနာတယ်၊ ဒီလူမျိုးရေး စံနှုန်းတခုအတွက်နဲ့ ကိုယ့်အသွေးအသားကို ဒီလောက်အထိ ရက်ရက်စက်စက် စိမ်းကားနိုင် ကြတာ ကျမ ဘယ်လိုမှ နားမလည်နိုင်တော့ဘူး”လို့ ဒေါ်သန်းနွယ်က ဖွင့်ဟပြောပြပါတယ်။
ဒေါ်သန်းနွယ် ကြုံတွေ့ခဲ့ရတဲ့ ဒီနာကျင်စရာ ဖြစ်ရပ်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ နီးပါးက အတိတ်တခုသာ မဟုတ်ဘဲ၊ ယနေ့ထက်တိုင် အချို့သောရခိုင်လူမှုပတ်ဝန်းကျင်အတွင်း အမှတ်အသားတခုလိုအမြစ်တွယ်နေဆဲ “အမျိုးသားရေးဝါဒနဲ့ ဖိုဝါဒီ” ဖြစ်နေပါတယ်။
ဒါနဲ့ပတ်သက်ပြီး ရခိုင်အမျိုးသမီးတွေရဲ့ လက်ထပ်ထိန်းမြားခွင့်ဆိုင်ရာ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်နဲ့ ဓလေ့ထုံးစံတွေအကြောင်း သုတေသနပြုနေသူတဦးဖြစ်တဲ့ မခိုင်သီရိလင်းက “ရခိုင်လူ့အသိုင်းအဝိုင်းမှာက အမျိုးသမီးတွေကို ယဉ်ကျေးမှုရဲ့ အစောင့်အရှောက်လိုမျိုး သတ်မှတ်ထားကြတာ” လို့ ပြောပါတယ်။
ခင်သီရိလင်းဟာ ဒေါ်သန်းနွယ်တို့လို အမျိုးသမီးတွေ ရင်ဆိုင်နေရတဲ့ “ဓလေ့ထုံးတမ်းတွေထဲက အမျိုးသမီးတွေရဲ့ အခန်း ကဏ္ဍ နဲ့ ဖြစ်တည်မှု” ဆိုတာကို ပြန်လည်ဆန်းစစ်ဖို့ သုတေသနပြုလုပ်နေသူတဦး ဖြစ်ပါတယ်။
သူရဲ့ သုတေသနပြုချက်တွေအရ ရခိုင်လူမျိုးတွေမှာလည်း အမျိုးသားတဦး လူမျိုးခြားနဲ့ အိမ်ထောင်ပြုရင် “မျိုးဆက် သယ် ဆောင်သူ” လို့ လွယ်လွယ်ကူကူ လက်ခံတတ်ကြပေမဲ့၊ အမျိုးသမီးတဦးက လူမျိုးခြား (အထူးသဖြင့် ဗမာ ဒါမှ မဟုတ် ဘာသာခြား) နဲ့ ချစ်ကြိုက်မိရင်တော့ ဒေါ်သန်းနွယ် ကြုံခဲ့ရသလို “လူမျိုးဖျက်သူ” လို့ တံဆိပ်ကပ် ရှုံ့ချခံရတတ်တဲ့ လူမှုရေး ပြစ်ဒဏ်တွေ ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။
“ကျမတို့အိမ်နီးချင်း ဦးလေးတယောက်ရဲ့သမီးက ဗမာနဲ့ယူသွားတယ်၊ သူက လက်ဖက်ရည်ဆိုင်မှာ လူကြားထဲ မတိုးရဲဘူး၊ သူတို့က ဝိုင်းပြီးပြောခံရမှာ ရှက်တာ၊ သူဆို ရန်ကုန်ကို ပြောင်းသွားရတာ” လို့ ခင်သီရိလင်းက ဒေါ်သန်းနွယ်ရဲ့ ဖြစ်ရပ်လိုပဲ ပတ်ဝန်းကျင်ရဲ့ အတင်းအဖျင်းနဲ့ လူမှုရေးအရ ဖယ်ကြဉ်ခံရမှုကြောင့် မိသားစုလိုက် နေရပ်စွန့်ခွာ ပြောင်းရွှေ့သွားရတဲ့အထိ ဖြစ်လာတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေကို ဥပမာပေး ရှင်းပြပါတယ်။
ဒါတွေဟာ ပြည်တွင်းမှာသာမက မလေးရှားနဲ့ စင်ကာပူလို ပြည်ပနိုင်ငံတွေမှာ အလုပ်လုပ်နေတဲ့ ရခိုင်အမျိုးသမီးတချို့ဟာ လူမျိုးခြားနဲ့ ချစ်ကြိုက်မိတဲ့အတွက် အဆောင်တွေအထိ ဝင်ရောက်နှောင့်ယှက်ခံရတာ၊ လူမြင်ကွင်းမှာ အရှက်ခွဲခံရတာနဲ့ ဆံပင်ဆွဲခံရတဲ့ လူမှုရေးပြစ်ဒဏ်ပေးတာမျိုး ကြုံတွေ့ခဲ့ရဖူးတယ်လို့ သူက ပြန်ပြောပြပါတယ်။
လူမျိုးစစ်တာနဲ့ ဖိုဝါဒီအောက်က အမျိုးသမီးဖြစ်ခြင်း အမှတ်အသား
ဒီလို “လူမျိုးခြားနဲ့ အိမ်ထောင်ပြုခြင်း” အပေါ် ပြင်းထန်တဲ့ လူမှုရေးပြစ်ဒဏ်ပေးမှုတွေဟာ ရခိုင်လူ့အသိုင်းအဝိုင်းတခု တည်းမှာပဲ ရှိနေတာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ အခြားတိုင်းရင်းသား မျိုးနွယ်စုတွေဆီမှာလည်း ပုံစံတူ ဖိအားမျိုးကို အမျိုးသမီးတွေ ခါးစည်းခံနေရတာ တွေ့ရပါတယ်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ မမေစံပယ်ဖြူက “ကျမတို့က ကချင်သွေးအပြည့်ပါပြီး ကချင်ပြည်နယ်အတွက် အလုပ်လုပ်နေပေမဲ့ အဖေက ဗမာဖြစ်နေလို့ ကျမတို့ကို ဗမာလို့ပဲ သတ်မှတ်ကြတယ်”လို့ သူ့ရဲ့ဘဝအကြောင်းနဲ့ စတင် လိုက်ပါတယ်။
သူဟာ ကချင်ပြည်နယ်ရဲ့ အရေးကိစ္စတွေမှာ ရှေ့တန်းက ပါဝင်ဆောင်ရွက်ပေးနေသူတဦး ဖြစ်ပေမဲ့ သူပြောလိုက်တဲ့ ဒီစကားတခွန်းက ကချင်လူမှုအသိုင်းအဝိုင်းအတွင်း အမြစ်တွယ်နေတဲ့ “လူမျိုးစစ်စစ်” အယူအဆတွေကို မီးမောင်းထိုးပြ နေတာ ဖြစ်တယ်။
မြန်မာနိုင်ငံရှိ တိုင်းရင်းသားလူမျိုးစုအသီးသီးမှာ မိမိတို့ရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ သွေးမနှောတဲ့၊ မျိုးနွယ်စုကို ထိန်းသိမ်းလိုတဲ့ စိတ်ဆန္ဒတွေ ပြင်းထန်ကြသလို၊ ကိုယ့်လူမျိုး ပျောက်ကွယ်သွားမှာကိုလည်း အမြဲစိုးရိမ်တတ်ကြပါတယ်။
လက်ထပ်ထိမ်းမြှားတဲ့ကိစ္စရပ်မှာ “ကိုယ်လူမျိုးပဲ လက်ထပ်ရမယ်” ဆိုတဲ့ အစဉ်အလာ၊ ဓလေ့ထုံးတမ်းတွေက အမျိုးသား တွေထက် အမျိုးသမီးတွေအပေါ် ပိုပြီး ဝန်ထုပ်ဝန်ပိုး သက်ရောက်နေတာကို တွေ့ရတယ်။
ကချင်မိသားစုတွေမှာတော့ ကလေးဘဝကတည်းက သင်ကြားပေးလေ့ရှိတာက “ကိုယ့်လူမျိုးချင်းမှ မယူရင် ကချင်လူမျိုး ဖြစ်ခွင့်မရှိတော့ဘူး” ဆိုတဲ့ အချက်ပါပဲ။ ဒီလိုသင်ကြားမှုတွေဟာ ကချင်လူမျိုးတွေရဲ့ ကိုယ်ပိုင်လက္ခဏာကို ထိန်းသိမ်းဖို့ အတွက်လို့ ဆိုကြပေမဲ့ တကယ်တမ်းမှာတော့ အမျိုးသမီးတွေအပေါ်မှာ ပိုပြီးပြင်းထန်တဲ့ ဖိအားတွေ ဖြစ်လာစေပါတယ်။
အထူးသဖြင့် ကချင်ရိုးရာဟာ ဖခင်ဘက်က ဆင်းသက်တဲ့ Family Name (မိသားစုအမည်) စနစ်ကို ကျင့်သုံးတာကြောင့် အမျိုးသားတွေက တခြားလူမျိုးကို ယူရင် ပြဿနာမရှိပေမဲ့ အမျိုးသမီးတွေ တခြားလူမျိုးကို ယူလိုက်ရင်တော့ “တခြား အိမ်ကို ပါသွားပြီ” လို့ သတ်မှတ်ခံရပြီး လူမှုပတ်ဝန်းကျင်ရဲ့ ဖိအားကို သိသိသာသာ ခံစားကြရတာဖြစ်တယ်။
မမေစံပယ်ဖြူက သူ့ညီမဖြစ်သူ အတွေ့အကြုံကို ဥပမာပေးပါတယ်။ သူမရဲ့ ညီမဟာ ချောမောလှပပြီး အရည်အချင်းရှိပေမဲ့ ဘုရားကျောင်းက “မယ်” ရွေးပွဲတွေမှာ ပါဝင်ခွင့်မရခဲ့ပါဘူး။ အကြောင်းရင်းကတော့ “ကချင်လူမျိုးစစ်စစ်” မဟုတ်လို့ ဆိုတဲ့ အချက်ကြောင့်ပါပဲ။
“သွေးတဝက်ပဲ ပါတဲ့ ကလေးတွေထဲမှာတောင် ကချင်အမျိုးသားက မွေးရင် ခွဲခြားချင်မှ ခွဲခြားမယ်၊ ကချင်အမျိုးသမီးက မွေးတဲ့ သားသမီးကျရင်တော့ သိသိသာသာကြီးကို ခွဲခြားခံရတာ”လို့ သူက ဆိုပါတယ်။
ဒါဟာ လူမှုအသိုင်းအဝိုင်းတွေမှာ ကိုယ်လူမျိုးရဲ့ Identity ကို ကာကွယ်ချင်တဲ့ စိတ်ပြင်းထန်လွန်းတာကြောင့် ဖြစ်လာတဲ့ နောက်ဆက်တွဲတွေ ဖြစ်တယ်။
အံ့ဩဖို့ကောင်းတာတခုကတော့ တိုးတက်တဲ့ နိုင်ငံတွေကို ရောက်သွားတဲ့ ကချင်လူမျိုးတွေဟာ ပြည်တွင်းက လူတွေ ထက်တောင် ပိုပြီး ရှေးရိုးစွဲဖြစ်နေတာကိုလည်း တွေ့ရတယ်လို့ မမေစံပယ်ဖြူက ပြောပါတယ်။
သူတို့ဟာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးထွန်းကားတဲ့ နိုင်ငံတွေမှာ နေထိုင်နေကြပေမဲ့၊ ကိုယ့်လူမျိုး ပျောက်သွားမှာကို စိုးရိမ် ပူပန်ဖြစ်တဲ့အတွက် စုစည်းမှုကို ပိုပြီး တင်းကျပ်လာကြတာဖြစ်တယ်။
ဘုရားကျောင်းတွေမှာ ဆုံကြတဲ့အခါ သားသမီးတွေကို ကချင်စကား တတ်အောင် သင်ပေးတဲ့နည်းတူ ကချင်အချင်းချင်း ယူဖို့ကိုလည်း ပိုပြီး တိုက်တွန်းကြတာကို တွေ့ရတယ်လို့ သူက ဆိုပါတယ်။
ဒါ့အပြင် သူထောက်ပြတာက အမျိုးသမီးတဦးဟာ အိမ်ထောင်ပြုလိုက်တာနဲ့ ယောက်ျားရဲ့ ပိုင်ဆိုင်မှုတခုလို ဖြစ်သွားပြီး၊ အိမ်တွင်းအကြမ်းဖက်မှုတွေ ကြုံရရင်တောင် ရုန်းထွက်ဖို့ ခက်ခဲတတ်တဲ့အချက် ဖြစ်ပါတယ်။
အရင်တုန်းကဆိုရင် ယောက်ျားဆုံးသွားရင် ယောက်ျားရဲ့ ညီ ဒါမှမဟုတ် အစ်ကိုနဲ့ ပြန်ယူရတဲ့ ဓလေ့တွေတောင် ရှိခဲ့တယ်လို့ မမေစံပယ်ဖြူက ရှင်းပြပါတယ်။
“ဒါတွေဟာ ဖိုဝါဒီကြောင့် ဖြစ်လာတာပါ၊ အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်လေလေ၊ အမျိုးသမီးတွေရဲ့ ဆုံးဖြတ်ခွင့်ကို ကန့်သတ်တာတွေက ပိုပြီး ပြင်းထန်လေလေပဲ” လို့ သူက မှတ်ချက်ပြုပါတယ်။
အခုခေတ်မှာတော့ ကချင်အမျိုးသမီးတယောက်က လူမျိုးခြားနဲ့ ယူရင်တောင် ကချင်အမည်တခုပေးပြီး မွေးစားတဲ့ ပုံစံမျိုးနဲ့ လက်ခံလာတာတွေ ရှိနေတာက အပြောင်းအလဲတခုလို့ ဆိုရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ အမျိုးသားတွေကြီးစိုးတဲ့ ဖိုဝါဒီ အားကောင်းပြီး အမျိုးသမီးတွေရဲ့ အိမ်ထောင်ရေးအပေါ် လူမျိုးရေး၊ ဘာသာရေး ရှုထောင့်ကနေ ပြင်းပြင်းထန်ထန် ကန့်သတ်ထားတဲ့ တခြားတိုင်းရင်းသား မျိုးနွယ်စုတွေလည်း ရှိပါသေးတယ်။
အဓိကအားဖြင့် မိသားစုအမည် (Family Name) ကို အခြေခံပြီး မြေယာနှင့် ရိုးရာပိုင်ဆိုင်ခွင့်ကို အလေးထားတဲ့ မျိုးနွယ်စု တွေမှာ ဒီလိုဖိအားမျိုး ပိုတွေ့ရလေ့ရှိပါတယ်။
ခရစ်ယာန်ဘာသာကို ကိုးကွယ်သူများပြားတဲ့ ချင်းတိုင်းရင်းသားတွေမှာလည်း “လူမျိုးခြားနဲ့ယူရင် ဒီမြေတွေ တခြားလူမျိုး လက်ထဲ ပါသွားလိမ့်မယ်” ဆိုတဲ့ အယူအဆက ချင်းအမျိုးသမီးတွေအပေါ် အမွေဆက်ခံခွင့် ပိတ်ပင်ထားတဲ့ အဓိက အကြောင်းပြချက်တခုဖြစ်တယ်။
တခြားအမွေတော့ ပေးကောင်းပေးနိုင်ပေမဲ့ မြေယာပိုင်ဆိုင်ခွင့်ကို ချင်းဓလေ့ထုံးတမ်းတွေမှာ အမျိုးသားတွေကိုသာ ပေးလေ့ရှိပြီး အမျိုးသမီးတွေကတော့ “တပါးသူနောက် လိုက်သွားမယ့်သူ” လို့ သတ်မှတ်ကာ မပေးကြပါဘူး။
“ပညာတတ်လူတန်းစားမှာတော့ အများအားဖြင့် အမျိုးသမီးတွေကို အမွေပေးရမယ်ဆိုတာကိုတော့ လက်ခံကြပြီး ပေးဖို့ ကြိုးစားကြတယ်၊ ဒါပေမဲ့ ကျန်တာတွေထက် ချင်းဓလေ့ထုံးကို ကျင့်သုံးတဲ့ နေရာတွေမှာ အမျိုးသမီးတွေက အမွေခွဲဝေမှု မရရှိကြသေးဘူး”လို့ ချင်းအမျိုးသမီးတဦးဖြစ်တဲ့ မိုင်မိုင်က ဆိုပါတယ်။
ချင်းအမျိုးသမီးတွေရဲ့ လက်ထပ်ထိမ်းမြှားခြင်းမှာလည်း အမျိုးသမီးတွေအပေါ် ကန့်သတ်တာက ကချင်လူမျိုးတွေရဲ့ ဓလေ့တွေနဲ့ တူညီတာကို တွေ့ရပါတယ်။
ချင်းအမျိုးသားတယောက်က ဘာလူမျိုးယူယူ သူက မျိုးဆက်ထိန်းသိမ်းသူ၊ မျိုးရိုးထိန်းသိမ်းသူဆိုတဲ့အယူအဆနဲ့ မွေးလာ တဲ့ သားသမီးတွေပါ ခွဲခြားခံရတာမရှိပါဘူး။ ချင်းအမျိုးသမီးတွေအပေါ်မှာတော့ အဲ့လိုမဟုတ်ဘဲ မိန်းမဖြစ်ခြင်းကြောင့်၊ အမျိုးသမီးဖြစ်ခြင်းကြောင့်ကိုပဲ လူမျိုးခြားယူတဲ့အခါမှာ ခွဲခြားဆက်ဆံခံကြရတာဖြစ်တယ်။
“လူမျိုးခြားယူရင် အမွေပြတ်စွန့်လွှတ်တာတို့ လူမှုရေးအသိုင်းအဝိုင်းကနေ ဖယ်ကျဉ်တာတို့ ဘာသာမတူလို့ရှိရင် ကိုယ့် အသိုင်းအဝိုင်းထဲ မထည့်တာတို့ ဖြစ်တဲ့အခါမှာ အမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုဖြစ်တယ်”လို့ မိုင်မိုင်က ထောက်ပြပါတယ်။
ဒါ့အပြင် ချင်းဓလေ့မှာ တင်တောင်းရတာဖြစ်တာကြောင့် အမျိုးသားတွေက အမျိုးသမီးတွေကို ဝယ်ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ အိမ်တွင်းအကြမ်းဖက်တာတွေလည်း ရှိနေကြပါတယ်။
လူမျိုးခြားနှင့် အိမ်ထောင်ပြုမိရင် ရုပ်ပိုင်းဆိုင်ရာ အမွေပြတ်စွန့်လွှတ်ခံရရုံသာမက စိတ်ပိုင်းဆိုင်ရာမှာလည်း “သစ္စာဖောက်” ၊ “မျိုးချစ်စိတ်မရှိသူ” လို့ တံဆိပ်ကပ်တာကိုပါ ခံကြရပြီး၊အသိုင်းအဝိုင်းရဲ့ ဖယ်ကျဉ်ခြင်းကို ခံရတဲ့အခါ လိုအပ်တဲ့ လူမူအကူအညီ အထောက်အပံ့တွေမရတော့တဲ့အတွက် အိမ်ထောင်ဘက် အမျိုးသားရဲ့ အကြမ်းဖက်တာကို ပိုမိုခံစားကြရတာဖြစ်ပါတယ်။
မိုင်မိုင်က “ကိုယ်ဝန်ဆောင်တော့လည်း မင်းတို့အမျိုးက ငါတို့ကို ဘာမှ မကူဘူးဆိုတာမျိုးပြောခံရတယ်၊ နောက် ငါက နင့်ကို ယူဖို့အတွက် ဘယ်လောက်ပေးခဲ့ရတာတို့ အဲ့လိုတွေပြောပြီး အိမ်ထောင်တွေ၊ လင်မယားကြားမှာ ရန်ဖြစ်တာတင်မကဘဲ အိမ်တွင်းအကြမ်းဖက်မှု ကြုံရတာရှိတယ်” လို့ ပြောပါတယ်။
ဒါပေမဲ့ သူ့အနေနဲ့ ဘဝင်မကျစရာ တခုကတော့ အမျိုးသားတွေကျတော့ သူတို့ကြိုက်တဲ့သူကို ယူခွင့်ရှိပြီးတော့ သူတို့မွေး လာတဲ့ သားသမီးတွေက ချင်းလူမျိုးလို့ ဆက်လက်ခံယူခွင့်ရှိကြတယ်ဆိုတဲ့အချက်ပါပဲ။
ချင်းလူမျိုးတွေလောက်တော့ မပြင်းထန်ပေမဲ့ မွန်လူမျိုးတွေမှာလည်း သူတို့ရဲ့ ယဉ်ကျေးမှုနဲ့ စာပေကို ထိန်းသိမ်းချင်တဲ့စိတ် အရမ်းပြင်းထန်တဲ့အတွက် အိမ်ထောင်ရေးမှာ ကန့်သတ်ချက်တွေ ရှိတယ်ဆိုတာ မွန်အမျိုးသမီးတွေဆီကနေ သိရပါတယ်။
မွန်အမျိုးသမီး မိတလဉာဏ်က “ကျမတို့ မွန်အမျိုးသမီးတွေအနေနဲ့ လူမှုအသိုင်းအဝိုင်းမှာဆိုရင် မွန်၊ မွန်ချင်းပဲ ယူရမယ် ဆိုတဲ့ဟာကတော့ ဖိအားတခုလိုရှိနေတဲ့သဘောရှိပါတယ်၊ ပြီးတော့ ဒီထဲမှာက လူမျိုးမတူ၊ ဘာသာခြားဆိုရင် ပိုပြီးတော့ ကန့်သတ်ခံရတယ်၊ ကျမတို့မှာ ရိုးရာနတ်ဆိုတဲ့အယူလည်းရှိတယ်၊ ပြီးတော့ နတ်ကို ဆက်ပြီး ကိုးကွယ်ခွင့်မရှိဘူး” လို့ ပြောပါတယ်။
မွန်ရိုးရာမှာ “အိမ်နတ်” ကို အလေးထားကိုးကွယ်ကြတာဖြစ်တယ်။ အမျိုးသမီးတဦးက လူမျိုးခြားနဲ့ အိမ်ထောင်ပြုရင် အဲ့ဒီ အိမ်နတ်ကို ဆက်လက်ကိုးကွယ်ခွင့် မရှိတော့ဘူးလို့ သတ်မှတ်ကြပြီး မိသားစုကနေ ခွဲထွက်သွားရတာမျိုးတွေ ရှိပါတယ်။ ထူးခြားတာက မွန်လူမျိုးအများစုက ဗုဒ္ဓဘာသာဝင်တွေဖြစ်လို့ ဘာသာခြားနဲ့ယူရင် ပိုပြီးတော့ ဖိအားပေးခံရလေ့ရှိတယ်လို့ သိရပါတယ်။
စစ်ပွဲ၊ မြေယာနှင့် မျိုးဆက်ပျောက်မယ့်သောက နောက်ကွယ်
အမျိုးသမီးတွေအပေါ် အခုလိုအစွန်းထွက်တဲ့ ကန့်သတ်မှုတွေ ပြုလုပ်လာရတာဟာ ဒေသတွင်း ကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စစ်ရေး မလုံခြုံမှုတွေနဲ့လည်း တိုက်ရိုက်ပတ်သက်နေပါတယ်။
၂၀၁၉ နောက်ပိုင်း ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေ ပြင်းထန် လာတာနဲ့အတူ လူဦးရေ ဆုံးရှုံးသွားမှာကို စိုးရိမ်တဲ့စိတ်က ပိုမိုကြီးထွားခဲ့တာဖြစ်တယ်။
လူမှုကွန်ရက်စာမျက်နှာတွေမှာလည်း “ငါတို့လူမျိုးကို ကာကွယ်ရမယ်၊ အမျိုးသမီးတွေက လူမျိုးတူနဲ့ပဲ လက်ထပ်ရမယ်” ဆိုတဲ့အယူအဆတွေ ပိုမိုအားကောင်းလာတာကို ရခိုင်တိုင်းရင်းသူ မခိုင်သီရိလင်းတယောက် တွေ့မြင်လာရတယ်။
“ဘယ်ရခိုင်အမျိုးသမီးကမှ ငါ့ရဲ့ အခွင့်အရေး ထိခိုက်နေတယ်ဆိုတာမျိုး သိမှာမဟုတ်ဘူး၊ မိဘ မကြိုက်တဲ့အတွက် ငါ ဒါမလုပ်ဘူး ဆိုတာမျိုးပဲ ရှိတတ်တယ်” လို့ မခိုင်သီရိလင်းက ထောက်ပြပါတယ်။
သူက ဆက်ပြီး“အခုချိန်ထိတော့ အဲဒီလိုမျိုး အတွေးအခေါ်တွေကလည်း ရှိနေတုန်းပဲ၊ ဒီလိုအတွေးအခေါ်တွေ ဘာကြောင့် ရှိနေရတာလဲ ဆိုရင် အမျိုးသမီးတွေကို ရိုက်သွင်းတဲ့သူတွေက ယောက်ျားတွေဖြစ်တယ်၊ မိသားစုထဲဆိုရင် အဖိုး၊ အဖေ၊ အစ်ကိုတွေ၊ ပတ်ဝန်းကျင်က လူကြီး၊ ဘုန်းကြီးတွေနဲ့ ဘာသာရေး ခေါင်းဆောင်တွေလည်း ပါတယ်”လို့ သူက ရှင်းပြပါ တယ်။
ရှေးရိုးစွဲပြီး၊ ဖိုဝါဒကြီးစိုးမှုလွန်ကဲတဲ့ ရခိုင်လူမျိုးအသိုင်းအဝိုင်းတချို့မှာ မွေးဖွားကြီးပြင်းလာရတဲ့ ရခိုင်အမျိုးသမီးတဦးဟာ လူမျိုးခြားနဲ့ အိမ်ထောင်ပြုလိုက်တာနဲ့ သူရဲ့ လူမှုရေးအဆင့်အတန်းနဲ့ အမွေဆက်ခံခွင့်တွေ ဆုံးရှုံး သွားရတာက သိသာလွန်း တဲ့ ခွဲခြားဆက်ဆံမှုလို့ ဆိုရမှာဖြစ်ပါတယ်။
တဖက်ခြမ်းက အမျိုးသားရေး သောကအသံများ
တဖက်မှာလည်း အမျိုးသားရေးစိတ်ဓာတ် ပြင်းထန်သူတွေ၊ အသက်ကြီးဝါကြီးသူတွေနဲ့ မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ရင်ထဲ မှာ လူမျိုးပျောက်မှာ စိုးရိမ်တဲ့စိတ်က အစွဲအလန်းတခုလို ကြီးစိုးနေရတာဟာလည်း အကြောင်းမဲ့တော့ မဟုတ်ပါဘူး။
သူတို့ရဲ့ စိုးရိမ်စိတ်နောက်ကွယ်မှာ နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတဲ့ စစ်ပွဲတွေရဲ့ ဒဏ်ရာဒဏ်ချက်နဲ့ နာကျင်စရာ သမိုင်း ကြောင်းတွေ ရှိနေပြန်ပါတယ်။
အသက် ၈၁ နှစ်အရွယ် ကချင် တိုင်းရင်းသား သက်ကြီးဝါကြီးအဘိုး ဖြစ်သူ ဦးလဂေါင်ခွန်ဆိုင်းက “ဒါက သမီး မိန်းကလေးတွေကို မုန်းလို့၊ နှိပ်စက်ချင်လို့ ကန့်သတ်နေတာမဟုတ်ဘူး” လို့ စိတ်မကောင်းကြီးစွာနဲ့ ရင်ဖွင့်ပါတယ်။
“ငါတို့ တိုင်းရင်းသားတွေမှာက ကိုယ့်မြေ၊ ကိုယ့်ရေ၊ ကိုယ့်လူမျိုးဆိုတာပဲ အသက်သွေးကြောပဲ၊ စစ်ပွဲတွေကြားထဲမှာ ဖရိုဖရဲဖြစ်ပြီး ဒုက္ခသည်စခန်းတွေဆီ ရောက်ကုန်ကြ၊ ပြည်ပနိုင်ငံတွေအထိ ကွဲလွင့်ကုန်ကြတဲ့အခါ ငါတို့လူမျိုးလေးတွေ တဖြည်းဖြည်း ပျောက်ကွယ်သွားမှာကို ကြောက်တာ”လို့ သူ့ခံစားချက်ကို ဖွင့်ဟပါတယ်။
“သမီးမိန်းကလေးက လူမျိုးခြားနောက် ပါသွားရင် သူကမွေးတဲ့ ကလေးတွေက ငါတို့ စကားကို ပြောမှာမဟုတ်ဘူး၊ ငါတို့ ရိုးရာကို တန်ဖိုးထားမှာ မဟုတ်ဘူး၊ စစ်ပွဲတွေကြားထဲမှာ ငါတို့လူမျိုး ဒီနေ့အထိ မပျောက်ပျက်ဘဲ ကျန်နေခဲ့တာ အဲ့လို တင်းကျပ်တဲ့ ဓလေ့တွေ ရှိခဲ့လို့ပဲ၊ ခေတ်မီတာ ခဏထား၊ လူမျိုးတင်မကဘဲ မြေပါပျောက်သွားရင် ဘာနဲ့မှ ပြန်လဲလို့ မရတော့ဘူး”လို့ သူက ဆက်ပြောပါတယ်။
ဒါ့အပြင် ချင်းမျိုးနွယ်စုနဲ့ ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဆရာရောဘတ်ကလည်း တဦးချင်းစီရဲ့ အခွင့်အရေးထက် လူမျိုးစုတခုလုံး ရေရှည်ရှင်သန်ရေးက ပိုအရေးကြီးတယ်လို့ သတ်မှတ်ထားသူဖြစ်တယ်။
ဆရာ ရောဘတ်က“ကျနော်တို့ဆီမှာ ဘာသာရေးနဲ့ လူမျိုးရေးက ခွဲခြားလို့မရအောင် စုစည်းနေတာ၊ လူမျိုးခြား၊ ဘာသာ ခြားနဲ့ အိမ်ထောင်ပြုရင် မိသားစုထဲ ယုံကြည်မှုမရှိ စိတ်ဝမ်းကွဲတာမျိုးဖြစ်တယ်၊ ဒါက ရေရှည်မှာ လူမျိုးစုရဲ့ စုစည်းအားကို ပျက်ပြားစေတယ်၊ အမျိုးသမီးတွေကို ယဉ်ကျေးမှုရဲ့ အစောင့်အရှောက်လို့ သတ်မှတ်တာက သူတို့ရဲ့ ကဏ္ဍက မိသားစု တခုလုံးရဲ့ သားသမီးတွေကို ပြုစုပျိုးထောင်တဲ့နေရာမှာ အဓိကကျလို့ပေါ့”လို့ ရှင်းပြပါတယ်။
ကိုယ့်ထက် လူဦးရေပိုများတဲ့ လူမျိုးကြီးတွေကြားထဲမှာ အရည်ပျော်ပြီး ဝါးမြိုမခံရဖို့အတွက် တခါတလေမှာ တဦးချင်းစီ ရဲ့ လွတ်လပ်ခွင့်ထက် အများစု စုစည်းမှုကို ရွေးချယ်ရတာမျိုး ရှိတယ်လို့လည်း သူက သူ့အမြင်ကို ထုတ်ဖော်ပြောဆို ပါတယ်။
စစ်ပွဲတွေကြောင့် နယ်မြေဒေသတွေ ဆုံးရှုံးရခြင်း၊ လူဦးရေ တဖြည်းဖြည်း ကွဲလွင့်ကျဆင်းလာခြင်းနဲ့ တခြားလူမျိုးကြီးတွေ ကြားထဲ ကိုယ်ပိုင်ယဉ်ကျေးမှု ပျောက်ကွယ်သွားမလားဆိုတဲ့ ရုပ်ပိုင်းဆိုင်ရာအရ ဝါးမြိုခံရမယ့် ဘေးဒုက္ခက ကာယကံရှင် တိုင်းရင်းသားတွေအတွက် သေရေးရှင်ရေးတမျှ သောကဖြစ်နေတာကိုလည်း တွေ့ရပါတယ်။
ကာကွယ်ခြင်းလား၊ ဖိနှိပ်ချုပ်ချယ်ခြင်းလား
ရိုးရာဓလေ့ကို ထိန်းသိမ်းချင်တဲ့ အသိုင်းအဝိုင်းရဲ့ စိုးရိမ်စိတ်တွေ ရှိနေပေမဲ့၊ တဖက်မှာလည်း ဒီလိုကန့်သတ်ချက်တွေဟာ အမျိုးသမီးတွေရဲ့ အခြေခံလူ့အခွင့်အရေးကို ဘယ်လောက်ထိ ထိခိုက်စေသလဲဆိုတာ ဥပဒေနဲ့ ဂျန်ဒါရှုထောင့်ကနေ ပြန်လည် ဆန်းစစ်ဖို့ လိုအပ်နေတာကို တွေ့ရပါတယ်။
အမျိုးသမီးအခွင့်အရေးနဲ့ ဥပဒေရေးရာ ကျွမ်းကျင်သူတဦးဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးမောင်စိန်က ဒီအခြေအနေကို ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးအခွင့်အရေး စံနှုန်းတွေနဲ့ ယှဉ်ပြီး အခုလို ထောက်ပြပါတယ်။
“လူမျိုးစုခေါင်းဆောင်တွေက ဓလေ့ထုံးတမ်းတွေကို ဆွဲကိုင်ပြီး လူမျိုးကို ကာကွယ်တာလို့ ပြောကြပေမဲ့၊ တကယ်တမ်း တော့ ဒါဟာ ကာကွယ်တာ မဟုတ်ဘဲ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံပြီး ဖိနှိပ်ထားတာပေါ့၊ နောက်ပြီး မြန်မာက လက်မှတ်ထိုးထားတဲ့ စီဒေါရဲ့ အနှစ်သာရနဲ့ ကြည့်ရင် ဒါဟာ လုံးဝကို ဆန့်ကျင်ဘက်ဘဲ”လို့ အထက်ပါ တရားလွှတ်တော် ရှေ့နေက သုံးသပ်ပါတယ်။
မြန်မာနိုင်ငံက လက်မှတ်ရေးထိုးထားတဲ့ ကုလသမဂ္ဂရဲ့ CEDAW (အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားဆက်ဆံမှု ပပျောက်ရေး သဘောတူစာချုပ်)ရဲ့ အပိုဒ် ၅ မှာ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ဆိုတဲ့ ခေါင်းစဉ်အောက်ကနေ အမျိုးသမီးတွေကို နိမ့်ကျတယ်လို့ သတ်မှတ်တာ၊ ဒါမှမဟုတ် ဖိုဝါဒီလွှမ်းမိုးတဲ့ အခန်းကဏ္ဍတွေအတိုင်း ပုံသေသွတ်သွင်းတာမျိုးတွေကို ပြောင်းလဲပစ်ရမယ်လို့ အတိအလင်း ပြဋ္ဌာန်းထားပါတယ်။
ဒါ့အပြင် CEDAW အပိုဒ် (၁၆)မှာလည်း အမျိုးသမီးတဦးဟာ မိမိအလိုဆန္ဒအလျောက် လွတ်လပ်စွာ အိမ်ထောင်ဖက်ကို ရွေးချယ်ပိုင်ခွင့် အပြည့်အဝ ရှိရမယ်လို့ ဆိုထားတဲ့အတွက် အခုလိုလူမျိုးခြားနဲ့ ယူလို့ဆိုပြီး လူမှုရေးအရ အပြစ်ပေး တာတွေဟာ အကြမ်းဖက်မှုပဲလို့ ဦးမောင်စိန်က ရှင်းပြပါတယ်။
“လူမျိုးခြားနဲ့ ယူလို့ဆိုပြီး လူမှုရေးအရ အပြစ်ပေးတာ၊ အမွေဆက်ခံခွင့် ပိတ်ပင်တာ၊ သစ္စာဖောက်လို့ တံဆိပ်ကပ်တာ တွေ ဟာ အကြမ်းဖက်မှုရဲ့ ပုံစံတမျိုးပဲ၊ လူမျိုးစုရဲ့ Identity ကို ကာကွယ်ဖို့ဆိုတဲ့ တာဝန်ကြီးကို အမျိုးသမီးတွေရဲ့ ပုခုံးပေါ်မှာပဲ သီးသန့်တင်ထားပြီး၊ အမျိုးသားတွေကျတော့ လွတ်လပ်ခွင့် ပေးထားတာဟာ ဥပဒေအရော၊ ဂျန်ဒါအရော ညီမျှမှု မရှိတဲ့ ခွဲခြား ဆက်ဆံခြင်းပေါ့၊ ရိုးရာဆိုတာ လူသားတွေရဲ့ ဂုဏ်သိက္ခာကို မြှင့်တင်ဖို့ ဖြစ်သင့်တာဆိုတော့ အမျိုးသမီးတွေရဲ့ ရွေးချယ်ခွင့်ကို ချုပ်ကိုင်တဲ့ လက်နက်တခု မဖြစ်သင့်ဘူး”လို့ သူက ဝေဖန်ထောက်ပြပါတယ်။
ခေတ်နှင့်အညီ ပြောင်းလဲရမည့် လူ့အဖွဲ့အစည်း
လူမျိုးစုအသီးသီးမှာ ကိုယ့်လူမျိုး ပျောက်ကွယ်သွားမှာကို စိုးရိမ်လို့ ဓလေ့ထုံးတမ်းတွေကို ကာကွယ်တာက အပြစ်မဟုတ် ပေမဲ့၊ ဒီကာကွယ်မှုက အမျိုးသမီးတွေရဲ့ လူ့အခွင့်အရေးနဲ့ ရွေးချယ်ပိုင်ခွင့်ကို ချုပ်ကိုင်တဲ့ လက်နက်တခုဖြစ်သင့်ပါသလား။
အဖိနှိပ်ခံ အမျိုးသမီးတွေကတော့ “ဓလေ့ထုံးတမ်း ဥပဒေတွေဆိုတာ လူတွေကပဲ လုပ်ထားတာပါ၊ ခေတ်မမီတော့တဲ့ အရာ တွေကို ပြင်ဆင်ရမှာပဲ” လို့ ရင်ဖွင့်ထားကြပါတယ်။
ခွဲခြားဆက်ဆံတယ်ဆိုတာဟာ ရုပ်ပိုင်းဆိုင်ရာအရ ရိုက်နှက်တာ မဟုတ်ပေမဲ့၊ လူတယောက်ကို စိတ်ပိုင်းဆိုင်ရာအရ ခြိမ်းခြောက်တာနဲ့ စိတ်ပိုင်းဆိုင်ရာ အကြမ်းဖက်တာပဲ ဖြစ်တယ်။
ဒါကြောင့် အမျိုးသမီးတွေအပေါ်မှာပဲ သီးခြားကျင့်သုံးနေတဲ့ ဒီလို ဓလေ့ထုံးတမ်းတွေကို ပြောင်းလဲပြီး၊ ခေတ်နဲ့အညီ တိုးတက်ဖွံ့ဖြိုးတဲ့ လူ့အဖွဲ့အစည်းတခုကို တည်ဆောက်သွားကြဖို့ သူတို့က အားပေးတိုက်တွန်းထားပါတယ်။
လူမျိုးမတူတဲ့ အိမ်ထောင်ဖက်ကိုရွေးချယ်မိလို့ ဆွေခန်းမျိုးခန်းဖြတ်တောက်ခံရတဲ့ ရခိုင်တိုင်းရင်းသူ ဒေါ်သန်းနွယ်က “ယောက်ျားတွေ ယူရင် မျိုးဆက်သယ်ဆောင်သူဖြစ်ပြီး၊ မိန်းမတွေ ယူရင် လူမျိုးဖျက်သူလို့ သတ်မှတ်တာဟာ ယဉ်ကျေးမှု မဟုတ်ဘူး၊ ဒါဟာ မတရားတဲ့ ခွဲခြားဆက်ဆံမှုသက်သက်ပဲ၊ ချစ်ခြင်းမေတ္တာမှာ လူမျိုးရေး ခြံစည်းရိုးတွေခတ်ပြီး နှလုံးသား တွေကို သတ်ပစ်နေတဲ့ ဒီအယူအဆဆိုးတွေကို ကျမ တကယ့်ကို မုန်းတီးတယ်”လို့ သူ့ခံစားချက်ကို ဖွင့်ဟပါတယ်။
အမျိုးသားဝါဒလွှမ်းမိုးနေတဲ့ အယူအဆတွေနဲ့ စိတ်ပိုင်းဆိုင်ရာ ခြိမ်းခြောက်အကြမ်းဖက်ခံတာတွေကို ကိုယ်တိုင် ခံစားနေရ သူ အမျိုးသမီးတွေသာမ တိုးတက်ပွင့်လင်းတဲ့ခေတ်အမြင်ရှိသူ အမျိုးသားလူငယ်တွေကပါ လက်မခံတော့တာကို တွေ့လာရပါတယ်။
ချင်းရိုးရာအရ မြေယာ ပိုင်ဆိုင်ခွင့်နဲ့ အမွေဆက်ခံခွင့်တွေမှာ အမျိုးသားတွေသာ လွှမ်းမိုးထားတဲ့ စနစ်ဆိုးကို မျိုးဆက်သစ် ချင်းအမျိုးသား လူငယ်တဦးဖြစ်တဲ့ ဆလိုင်းဗန်ဒိန်းက “ကျနော်တို့ ချင်းလူမျိုး ပျောက်ကွယ်သွားမှာကို စိုးရိမ်တဲ့ အဘိုးတို့၊ လူကြီးတို့ရဲ့ သောကကိုတော့ ကျနော် နားလည်ပါတယ်၊ ဒါပေမဲ့ လူမျိုးတမျိုး တည်တံ့ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကိုယ့်အမေ၊ ကိုယ့်အမ၊ ကိုယ့်ညီမတွေရဲ့ နှလုံးသား လွတ်လပ်ခွင့် ကို ဓားစာခံလုပ်ပြီး ပိတ်လှောင်ထားတာဟာ မျိုးချစ်စိတ် မဟုတ်ပါဘူး၊ ဒါဟာ ယောက်ျားဝါဒနဲ့ အနိုင်ကျင့်တဲ့ ဖိနှိပ်မှု သက်သက်ပဲ”လို့ သူက ပြတ်ပြတ်သားသား ဝေဖန်ထောက်ပြ ပါတယ်။
ချင်းအမျိုးသားတွေ လူမျိုးခြားယူရင် ‘ချင်းမျိုးနွယ်စုကို တိုးပွားစေသူ’ လို့ သတ်မှတ်ပြီး၊ ချင်းအမျိုးသမီး တယောက်က ယူရင်ကျမှ ‘သစ္စာဖောက်’ လို့ တံဆိပ်ကပ်တာဟာ ဒီခေတ်ကာလမှာ လုံးဝ တရားမျှတမှု မရှိတော့သလို၊ အမွေဖြတ်တာ၊ နှင်ထုတ်တာတွေဟာ အမျိုးသမီးတွေကို ကာကွယ်ပေးရာမရောက်ကြောင်း သူက ပြောပါတယ်။
“ကျနော်တို့ရဲ့ စာပေ၊ ယဉ်ကျေးမှုနဲ့ အပြန်အလှန် လေးစားမှုတွေနဲ့ပဲ တည်ဆောက်ရမှာပါ၊ ကျနော်တို့ မျိုးဆက်သစ် ချင်းလူငယ်တွေအနေနဲ့တော့ ကိုယ့်အမျိုးသမီးတွေအပေါ် ဓလေ့ထုံးတမ်းနဲ့ ပိတ်ပင်ထားတဲ့ အမွေဆက်ခံခွင့်၊ လွတ်လပ်စွာ အိမ်ထောင်ပြုခွင့်တွေကို အပြည့်အဝ အသိအမှတ်ပြုပြီး ဒီစနစ်ဆိုးကို ပြောင်းလဲပစ်ဖို့ အသင့်ရှိနေပါတယ်”လို့ ဆလိုင်းဗန်ဒိန်းက ပြောပါတယ်။
လူမျိုးမတူသူနဲ့ လက်ထပ်မိလို့ နှစ်ပေါင်း ၄၀ နီးပါးတိုင်အောင် မိသားစုရဲ့ ပစ်ပယ်ခြင်းခံခဲ့ရတဲ့ ရခိုင်တိုင်းရင်းသူ ဒေါ်သန်းနွယ်ကတော့ ဘဝ ပျက်စီးမသွားခဲ့ပါဘူး။ အမျိုးသားရေးဝါဒီတွေ စွပ်စွဲသလို “ဗမာ” မို့လို့ ရက်စက်တာမျိုး မဟုတ်ဘဲ၊ ဒေါ်သန်းနွယ် ရဲရဲဝံ့ဝံ့ ရွေးချယ်ခဲ့တဲ့ ဗမာအမျိုးသားဟာ ၃၈ နှစ်တာ ကာလပတ်လုံး သူ့အပေါ် အရိပ် တကြည့်ကြည့်နဲ့ သစ္စာရှိရှိ ပေါင်းသင်းလာခဲ့တာဖြစ်ပါတယ်။
မိသားစုရဲ့ အပယ်ခံဘဝမှာ အထီးကျန်မနေရအောင် ခင်ပွန်းဖြစ်သူက မေတ္တာတရား၊ နားလည်မှုတွေနဲ့ အမြဲ ဖြည့်ဆည်း ပေးခဲ့ပြီး၊ လောကဓံကို အတူတူ လက်တွဲကျော်ဖြတ်ရင်း သာယာအေးချမ်းတဲ့ မိသားစုဘဝလေးတခုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ခဲ့ကြပါတယ်။
ကိုယ့်အမျိုးသားချင်း ယူပြီး အိမ်တွင်းအကြမ်းဖက်မှုတွေ၊ ဖိုဝါဒီအောက် ပြားပြားဝပ်နေရတဲ့ တချို့အမျိုးသမီးတွေရဲ့ ဘဝနဲ့ နှိုင်းယှဉ်ရင် ဒေါ်သန်းနွယ်ရဲ့ ရွေးချယ်မှုက မှန်ကန်ခဲ့ကြောင်း သူတို့ရဲ့ သာယာတဲ့ အိမ်ထောင်ရေးက သက်သေပြနေပါတယ်။
သူကိုယ်တိုင် ဓလေ့ထုံးတမ်းရဲ့ ဒဏ်ကို ခါးစည်းခံခဲ့ရသလို သူ့ရဲ့ သမီးတွေကိုတော့ အဲဒီအမှောင် စနစ်ဆိုးရဲ့ သားကောင် အဖြစ်မခံတော့ဘူးလို့ သန္နိဋ္ဌာန်ချထားပါတယ်။
“ကျမ သမီးကို အမြဲပြောတယ်၊ နှလုံးသားရဲ့ ဆုံးဖြတ်ချက်ကိုပဲ ယုံကြည်ပါ၊ ဘဝကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိတယ်လို့၊ သူတို့ ရွေးချယ်တဲ့ အိမ်ထောင်ဖက်ဟာ လူမျိုးခြားပဲဖြစ်ဖြစ်၊ ဘာသာခြားပဲဖြစ်ဖြစ် အဓိကက ကိုယ့်သမီးကို တန်ဖိုးထားပြီး ချစ်တဲ့သူ၊ လူသားပီသတဲ့သူ ဖြစ်ဖို့ပဲ လိုတယ်၊ အမေတယောက်အနေနဲ့ သမီးတို့ရဲ့ နှလုံးသား ရွေးချယ်မှုကို အပြည့်အဝ ဝန်းရံပေးသွားမှာ၊ ကျမတို့ခေတ်ကလို ကျဉ်းမြောင်းတဲ့ အယူအဆတွေနဲ့ သမီးတို့ရဲ့ အနာဂတ် လွတ်လပ်ခွင့် တွေကို အမိုက်မှောင် အကျဉ်းထောင်ထဲ ဘယ်တော့မှ အထည့်မခံဘူး” လို့ တိကျပြတ်သားတဲ့ ဆုံးဖြတ်ချက်နဲ့ စကားဆိုပါတယ်။
ယောက်ျားတယောက်က လူမျိုးခြားနဲ့ယူရင် ‘မျိုးဆက်သယ်ဆောင်သူ’ လို့ ဂုဏ်ပြုပြီး၊ မိန်းမတယောက်က ယူရင်တော့ ‘လူမျိုးဖျက်သူ’ လို့ တံဆိပ်ကပ်တာဟာ လူမျိုးရေးအမြင်ထက် အမျိုးသမီးတွေကို လူသားတယောက်လို တန်ဖိုးမထားဘဲ ပိုင်ဆိုင်ပစ္စည်းတခုလို ချုပ်ကိုင်ချင်တဲ့ ဖိုဝါဒီစိတ်ဓာတ်ဆိုးပဲလို့ သူက သတ်မှတ်ထားပါတယ်။
“ကျမက လူမျိုးခြားနဲ့ ယူကြပါဦးလို့ လိုက်ဆော်ဩနေတာ မဟုတ်သလို၊ ကိုယ့်လူမျိုးကို မချစ်လို့လည်း မဟုတ်ဘူး၊ အဓိကက လူမျိုးခြားကို ယူခြင်း၊ မယူခြင်း မဟုတ်ပါဘူး၊ အမျိုးသမီးတယောက်မှာ ကိုယ့်ဘဝ၊ အနာဂတ်နဲ့ နှလုံးသားကို လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့်၊ ရွေးချယ်ပိုင်ခွင့်ဆိုတဲ့ အခြေခံလူသားအခွင့်အရေး ရှိရမယ်ဆိုတာကို ပြောချင်တာပါ၊ စနစ်ဆိုးရဲ့ ကန့်သတ်ချက်တွေကြောင့် ကျမလို ၃၈ နှစ်လုံးလုံး အသွေးအသားတွေကြားထဲက အပယ်ခံရတဲ့ နာကျင်မှုကို နောက်ထပ် ဘယ်အမျိုးသမီးမှ မခံစားရစေချင်တော့တာ၊ ဒါပဲ ရှိပါတယ်” လို့ သူရဲ့ ရပ်တည်ချက်နဲ့ ခံစားချက်တွေကို ဖွင့်ထုတ်ပြောဆိုပါတယ်။
၃၈ နှစ်တာ သက်ပြင်းတွေ၊ ကြားယောင်နေဆဲ မောင်းထုတ်သံတွေကြားမှာ ဒေါ်သန်းနွယ်ဟာ ခိုင်မာစွာ မတ်တတ် ရပ်နေဆဲဖြစ်တယ်။
သူက ရခိုင်သွေး၊ ရခိုင်စိတ်ကို စွန့်လွှတ်ခဲ့တာ မဟုတ်ဘဲ၊ အမျိုးသမီးတွေအပေါ် တံဆိပ်ကပ်ချုပ်ကိုင်ထားတဲ့ ဖိုဝါဒီနဲ့ အမျိုးသားရေးဝါဒကိုသာ တော်လှန်ခဲ့ခြင်း ဖြစ်တယ်ဆိုတာကို သူ့စကားတခွန်းက သက်သေပြနေပါတယ်။
“လူမျိုးတမျိုးရဲ့ ယဉ်ကျေးမှုနဲ့ မျိုးနွယ်စု ဂုဏ်သိက္ခာဆိုတာ အမျိုးသမီးတယောက်ရဲ့ ပေါင်ကြားထဲမှာ၊ သူ ရွေးချယ်တဲ့ အိမ်ထောင်ဖက်ပေါ်မှာ တည်နေတာ မဟုတ်ဘူး”




