တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ
ဧပြီ ၄ ရက် နေ့ကနေ ၁၀ ရက်အထိ တပတ်တာအတွင်း အမျိုးသမီး ဖြစ်ရပ်များထဲမှ ထူးခြားတဲ့ အကြောင်းအရာတွေကို HI – Honest Information က စုစည်းဖော်ပြလိုက်ပါတယ်။
ဒီတပတ်အမျိုးသမီးသတင်းတွေထဲမှာ လူပြောများတဲ့သတင်းတခုကတော့ အသက်မပြည့်သေးသူကို မုဒိမ်းကျင့်၊ လူသတ်၊ အလောင်းဖျောက်မှု ကျူးလွန်သူတရားခံကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ် ဆိုတဲ့သတင်းပဲဖြစ်ပါတယ်။
တော်လှန်ရေးဒေသတွေမှာ မုဒိမ်းမှု၊ သက်ငယ်မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုဖြစ်စဉ်တွေက မကြာခဏဖြစ်ပွားနေသလို ကျူးလွန်တဲ့ဖြစ်စဉ်အများစုမှာလည်း အချင်းချင်းဝိုင်းဝန်းဖုံးဖိပေးတာတွေကြောင့် အမှုဖြစ်စဉ် မှေးမှိန်ပျောက်ကွယ်သွား တာ၊ အရေးမယူနိုင်တာ၊ တရားစီရင်ရေးစနစ် အားနည်းတာကြောင့် အရေးယူဖို့ ကြန့်ကြာတာတွေ ကြုံတွေ့နေရပါတယ်။
ကျူးလွန်ခံရသူတွေအတွက် တရားမျှတမှု ကင်းမဲ့တဲ့နောက် ပြည်သူလူထုကြားမှာတင် ဒီလိုဖြစ်စဉ်တွေအပေါ် လက်သင့် မခံနိုင်ဘဲ ကျူးလွန်သူတွေကို သေဒဏ်ချမှတ်ပေးဖို့၊ ထိရောက်တဲ့ အရေးယူမှုပြုလုပ်ပေးဖို့ ဒေသခံတွေက ဆန္ဒထုတ်ဖော် ခဲ့ကြတာတွေရှိလာပြီးနောက် ဆောမြို့နယ်က သက်ငယ်မုဒိမ်းဖြစ်စဉ်မှာလည်း လူထုဖိအားပေးမှုနဲ့အတူ ဒေသတွင်း တရားရုံးက သေဒဏ်စီရင်တဲ့အထိ အပြစ်ပေးမှုပြုလုပ်တာက ထူးခြားတဲ့ အရွေ့တခုဖြစ်တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။
အခု သေဒဏ်ချမှတ်ခဲ့ခံခဲ့ရတဲ့ တရားခံဟာ အရပ်သားဖြစ်နေတာကြောင့် လက်နက်ကိုင်တပ်ဖွဲ့တွေထဲက တပ်ဖွဲ့ဝင်တချို့ရဲ့ ကျူးလွန်မှုတွေကိုရော ဘယ်လိုနည်းနဲ့ ဆုံးဖြတ်ဖြေရှင်းမလဲဆိုတဲ့မေးခွန်းတွေရှိလာပြီး၊ စောင့်ကြည့်နေသူတွေရဲ့ ဝေဖန်ထောက်ပြမှုတွေအများအပြားထွက်ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်တခုပါပဲ။
ဒါ့အပြင် “တရုတ်နိုင်ငံကို အလုပ်အကိုင် ရရှိမယ်လို့ဆိုပြီး ပွဲစားတွေက မူဆယ်မြို့သို့ လိမ်လည်ခေါ်ဆောင်ခဲ့တဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးငယ်တဦးကို လူမှုကူညီရေး ပရဟိတအဖွဲ့က ကယ်တင်နိုင်ခဲ့တယ်”ဆိုတဲ့ သတင်းတပုဒ်ပါ။
စစ်အာဏာသိမ်းပြီးနောက် နယ်စပ်ဒေသတွေမှာ ပိုမိုဆိုးရွားလာတဲ့ လူကုန်ကူးမှူတွေကြောင့် အမျိုးသမီးငယ်တွေ အန္တရာယ်ကျရောက်နေတဲ့အခြေအနေကို သတင်းမီဒီယာတွေက မှတ်တမ်းတင်နိုင်ခဲ့တဲ့အတွက် အရှင်းသား မြင်တွေ့လာရပြီး၊ လူကုန်ကူးမှုတွေကို ထိရောက်တဲ့ အရေးယူမှုတွေလုပ်ဖို့လိုနေပြီဖြစ်ကြောင်း မီးမောင်းထိုးပြနေတဲ့ ဒီသတင်းတွေအပြင်သတင်းမီဒီယာတွေမှာ ဖော်ပြထားတဲ့ အမျိုးသမီးနဲ့သက်ဆိုင်တဲ့ သတင်း ၈ ပုဒ်ကို စုစည်းဖော်ပြလိုက်ပါတယ်။
သက်ငယ်မုဒိမ်း၊ လူသတ်၊ အလောင်းဖျောက်မှု ကျူးလွန်သူတရားခံကို NUG မြို့နယ်တရားရုံးက သေဒဏ်ချမှတ်
Source – PVTV
မကွေးဒေသ၊ ဆောမြို့နယ်မှာ သက်ငယ်မုဒိမ်း၊ လူသတ်၊ အလောင်းဖျောက်ခဲ့တဲ့ တရားခံကို အမျိုးသားညီညွတ်ရေးအစိုးရ၊ မြို့နယ်တရားရုံးက သေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၅ အောက်တိုဘာ ၂၁ရက်နေ့မှာ ဆောမြို့သီရိ(ရတနာ)ရပ်ကွက်နေ ဖခင်နဲ့မိခင်တို့က အသက် ၁၃ နှစ်အရွယ် သမီးဖြစ်သူကို မိသားစုနဲ့ရင်းနီးကျွမ်းဝင်သူ အသက် ၂၁နှစ်အရွယ် မင်းမင်းစိုးက လာရောက်ခေါ်ဆောင်ပြီးနောက် ပျောက်ဆုံးနေခဲ့ကြောင်း ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)ထံကို တိုင်တန်းခဲ့ပြီး၊ အောက်တိုဘာ၂၅ ရက် မှာ ဆောမြို့ ပြည်သူ့ဆေးရုံဝင်းအတွင်း ဝန်ထမ်းအိမ်ယာတစ်ခုရဲ့ အခန်းတွင်းတစ်နေရာမှာ ပုတ်ပွနေတဲ့ အမျိုးသမီးတစ်ဦး အလောင်းကို တွေ့ရှိခဲ့ပါတယ်။
အဲဒီအလောင်းက တရားခံဖြစ်သူ မင်းမင်းစိုး ခေါ်ဆောင်သွားသူ အသက် ၁၃ နှစ်အရွယ်မိန်းကလေးအလောင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် ကျူးလွန်သူကိုဖမ်းဆီးခဲ့ပြီး၊ဆောမြို့နယ် ပြည်သူ့လုံခြုံရေးအဖွဲ့ (ပလဖ)က တရားခံကို တရားဥပဒေအတိုင်း အရေးယူဆောင်ရွက်နိုင်ရေးအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ဆောမြို့နယ်တရားရုံးမှာ တရားစွဲဆိုခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ဆောမြို့နယ် တရားရုံးမှ သက်ငယ်မုဒိမ်းမှုကျူးလွန်ကာ လူသတ်အလောင်း ဖျောက်ခဲ့တဲ့ တရားခံကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂၊၂၀၁ တို့နဲ့ ၅ လကျော်ကြာ ကြားနာစစ်ဆေးခဲ့ပြီး၊ တရားခံကလည်း ကျူးလွန်ခဲ့တာ မှန်ကန်ကြောင်း ဝန်ခံထွက်ဆိုတာကြောင့် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆၊ ၃၀၂၊ ၂၀၁ တို့နဲ့ စွဲချက်တင်ကာ ၂၀၂၆ ခုနှစ် ဧပြီလ ၂ ရက်နေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ မြို့နယ်တရားရုံးမှ သက်ငယ်မုဒိမ်း၊ လူသတ်၊ အလောင်းဖျောက်မှုကျူးလွန်ခဲ့သူ မင်းမင်းစိုး ကို ၃၀၂(၁)(ဂ)အရ သေဒဏ်ကျခံစေဖို့ အမိန့်ချမှတ်ခဲ့တာလို့ သိရပါတယ်။
၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့ကလဲ ဆောမြို့ရှိ ပြည်သူလူထုစုဝေးကာ သက်ငယ်မုဒိန်း၊ လူသတ်၊ အလောင်းဖျောက်မှု ကျူးလွန်တဲ့ တရားခံ မင်းမင်းစိုးကို သေဒဏ်ချမှတ်ပေးဖို့ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြပါ တယ်။
ဖမ်းဆီးခံရသည့် မိသားစုဝင်ထံ လိုက်တွေ့သည့် မိခင်နှင့် အစ်မဖြစ်သူပါ ထပ်မံဖမ်းဆီးခံရ
Source – Dawei Watch
မြိတ်မြို့ ရွှေပြည်တန်ရပ်ကွက်မှာနေထိုင်နေတဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသမီးတစ်ဦးကို စစ်အာဏာရှင်တပ်သားများက လာရောက် ဖမ်းဆီးသွားတဲ့အတွက် မိခင်နှင့် အစ်မဖြစ်သူ သွားရောက်တွေ့ဆုံရန် ကြိုးပမ်းစဉ် ထပ်မံဖမ်းဆီးခံရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။
ဖမ်းဆီးခံရတဲ့ အသက် ၂၀ အရွယ် အမျိုးသမီးက မြိတ်မြို့တွင် နေထိုင်တာ သုံးလခန့်သာရှိသေးပြီး ၎င်းရဲ့ မိခင်နဲ့ အစ်မ တို့မှာ ရမ်းဖိုကျေးရွာမှာ နေထိုင်တာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ မိခင်ဖြစ်သူမှာ အသက် ၅၀ ကျော်အရွယ်နဲ့ အစ်မဖြစ်သူမှာ အသက် ၂၀ ကျော်အရွယ်ဖြစ်ပြီး ယင်းတို့ကို ဖမ်းဆီးရခြင်းအကြောင်းအရင်းနဲ့ ဘယ်နေရာမှာဖမ်းဆီးထားတယ်ဆိုတာကို မသိရသေးဘူးလို့ဆိုပါတယ်။
မူဆယ်သို့ လိမ်လည်ခေါ်ဆောင်ခံရသည့် မိန်းကလေးတစ်ဦး နောက်ကျောဒဏ်ရာများဖြင့် ထွက်ပြေးလွတ်မြောက်
Source – Shan News
တရုတ်နိုင်ငံသို့ အလုပ်အကိုင် ရရှိမယ်လို့ဆိုကာ ပွဲစားတွေက မူဆယ်မြို့သို့ လိမ်လည်ခေါ်ဆောင်ခဲ့တဲ့ အသက် ၂၀ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို လူမှုကူညီရေး ပရဟိတအဖွဲ့က ကယ်တင်နိုင်ခဲ့တယ်လို့သိရပါတယ်။
ဧပြီ ၆ ရက် ည ပိုင်းက မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်မြို့ပတ်လမ်း ဟိုနားကျေးရွာအနီး လမ်းပေါ်မှာ အဝတ်အစားများ ပေကျံလျက် ပြေးလွှားနေတဲ့ အမျိုးသမီးငယ်ကို မေတ္တာပန်းခင်း ပရဟိတအသင်းက တွေ့ရှိခဲ့တာဖြစ်ပြီးအသက် (၂၀) နှစ်အရွယ်သာ ရှိသေးတဲ့ ယင်းမိန်းကလေးငယ်မှာ ဧရာဝတီတိုင်း ဝါးခယ်မမြို့နယ်မှ သျှမ်းပြည် လားရှိုးမြို့သို့ အလုပ်လုပ်ရန် ရောက်ရှိနေစဉ် ပွဲစားများရဲ့ စည်းရုံးမှုကြောင့် မူဆယ်မြို့ဘက်သို့ ရောက်ရှိလာခြင်းဖြစ်ပါတယ်။
ထိုအမျိုးသမီးငယ်၏ ပြောကြားချက်အရ ၎င်းနဲ့အတူ အခြားလူ ၂၀ ဦးက တရုတ်နိုင်ငံသို့ သွားရောက် အလုပ်လုပ်ကိုင်ရန် ပွဲစားများရဲ့ စီစဉ်မှုဖြင့် မူဆယ်မြို့ရှိ ခြံဝင်းတစ်ခုအတွင်း အကျယ်ချုပ်သဘော ထိန်းသိမ်းခံထားရတာပဲဖြစ်ပါတယ်။ ထွက်ပြေးလွတ်မြောက်လာတဲ့ မိန်းကလေးက တရုတ်နိုင်ငံသို့ သွားရောက်ရန် ကျန်းမာရေး ဆေးစစ်မှု မအောင်မြင် တာကြောင့် ပွဲစားများရဲ့ ပစ်ပယ်ခြင်းကို ခံခဲ့ရပြီး မူဆယ်မြို့တစ်နေရာရှိ ထိန်းသိမ်းခံထားရတဲ့ ခြံဝင်းမှ ထွက်ပြေးခဲ့တာ ဖြစ်ပါတယ်။
လက်ရှိတွင် ထွက်ပြေးလွတ်မြောက်လာတဲ့ မိန်းကလေးကို ဆွေမျိုးများနဲ့ ချိတ်ဆက်ပေးနိုင်ခဲ့ပြီး ဧပြီလ ၇ ရက် နံနက်ပိုင်းမှာ မူဆယ်မြို့မှ လားရှိုးသို့ ခရီးသည်တင်ယာဉ်ဖြင့် ဘေးကင်းစွာ ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။
အလားတူ မတ်လ ၂၃ ရက် ညပိုင်းတုန်းကလညး မူဆယ်မြို့တွင် အလုပ်အကိုင် ရရှိမည်ဟုဆိုကာ လိမ်လည်ခေါ်ဆောင်ခံရပြီး ပြည့်တန်ဆာအလုပ် အတင်းအဓမ္မ စေခိုင်းခံနေရတဲ့ အသက် ၂၀ ဝန်းကျင် အမျိုးသမီး (၃) ဦးကို လူမှုကူညီရေး ပရဟိတအသင်းတစ်ခုက ကယ်တင်နိုင်ခဲ့ပါသေးတယ်။
စစ်ခေါင်းဆောင်၏ ချွေးမ မျိုးရတနာထိုက်ကို အရေးယူဒဏ်ခတ်ရန် တိုက်တွန်း
Source – DVB
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ချွေးမ မျိုးရတနာထိုက်ကို အရေးယူပိတ်ဆို့ဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာကွက်တွေကိုပါ ပိတ်ပင်ဖို့ Justice For Myanmar က ဧပြီ ၇ ရက်မှာ ထုတ်ပြန်တိုက်တွန်းလိုက် ပါတယ်။
၂၀၂၂ ခုနှစ်မှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့သား အောင်ပြည့်စုံနဲ့ ဇနီး မျိုးရတနာထိုက်တို့က ထိုင်းနိုင်ငံ ဘန်ကောက်မြို့က အဆင့်မြင့် အိမ်ရာတလုံးကို ထိုင်း ဘတ် ၉၈ သန်း (ခန့်မှန်း ဒေါ်လာ ၃ သန်း) နဲ့ ဝယ်ယူခဲ့ပြီး နိုင်ငံခြားသားတွေ မြေမပိုင်နိုင်တဲ့ ဥပဒေကို လွတ်မြောက်အောင် Bypass လုပ်ထားနိုင်ခြေနဲ့ သူ့နာမည်နဲ့ ဝယ်ယူပြီး ပိတ်ဆို့မှုတွေကို ရှောင်ရှားနိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ရာဇဝတ်ကောင်မင်းအောင်လှိုင်ရဲ့ မိသားစုဟာ မတရားသဖြင့် ရရှိထားတဲ့ စည်းစိမ်ဥစ္စာတွေကို ထိုင်းနိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံထားပြီး၊ ဒီလို ရင်းနှီးမြှုပ်နှံမှုအတွင်း ဒေါ်လာသန်းချီတန် တန်ဖိုးကြီး ဇိမ်ခံအိမ်ရာတခုကို ဝယ်ယူရာမှာ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်ခြင်းမခံရသေးတဲ့ မိသားစုဝင်တွေနဲ့ နာမည်နဲ့ ဝယ်ယူခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။
ဒီအိမ်ရာကို မင်းအောင်လှိုင်ချွေးမဖြစ်သူ မျိုးရတနာထိုက်ရဲ့ အမည်နဲ့ ဝယ်ယူခဲ့တာဖြစ်ပြီး သူဟာ ဘယ်နိုင်ငံမှာမှ ဒဏ်ခတ်ပိတ်ဆို့ခံရခြင်းမရှိသေးလို့ သူ့ရဲ့နာမည်ကို အသုံးပြု ဝယ်ယူမှုဟာ ဒဏ်ခတ်ပိတ်ဆို့မှုကို ကျော်လွှားရှောင်ရှားဖို့ ရည်ရွယ်တာလို့ ဆိုပါတယ်။
အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတွေ အနေနဲ့လည်း မျိုးရတနာထိုက်ကို အရေးယူပိတ်ဆို့ဖို့နဲ့ ဒဏ်ခတ်ပိတ်ဆို့မှုဟာကွက်တွေကို ပိတ်ပင်ဖို့ Justice For Myanmar က တိုက်တွန်းထားပါတယ်။
ရှေ့တန်းစစ်မျက်နှာမှ အမျိုးသမီးသတင်းထောက်များ ပြင်းထန်စိတ်ဒဏ်ရာ ရရှိပြီး မိသားစုဝင်များ ခြိမ်းခြောက်ခံရမှု ရင်ဆိုင်နေရ
Source – Mizzima
စစ်အာဏာသိမ်းပြီး ငါးနှစ်တာကာလအတွင်း လက်နက်ကိုင်ပဋိပက္ခဒေသတွေမှာ သတင်းရယူနေကြတဲ့ အမျိုးသမီးမီဒီယာသမားတွေမှာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာများ ခံစားနေရသလို ယင်းတို့ရဲ့ မိသားစုဝင်တွေကို လည်း ပစ်မှတ်ထားခြိမ်းခြောက်တာ ရင်ဆိုင်နေရတယ်လို့ မြန်မာ့မီဒီယာ အမျိုးသမီးများအဖွဲ့ (MWiM) က ဧပြီလ ၃ ရက်မှာ ထုတ်ဝေတဲ့ “ရှေ့တန်းမျက်နှာစာမှ အမျိုးသမီးတို့၏ အသံများ” သုတေသနအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
ပဋိပက္ခဖြစ်ပွားနေတဲ့ ရခိုင်၊ စစ်ကိုင်း၊ ကချင်၊ ကရင်နီ၊ ကရင်၊ ရှမ်းနဲ့ ချင်းအပြင် ထိုင်း-မြန်မာနယ်စပ်ရှိ အမျိုးသမီးသတင်းထောက် ၃၀ ဦးနဲ့ သတင်းဌာနတွေမှာ စီမံခန့်ခွဲနေတဲ့အမျိုးသမီးအယ်ဒီတာ ခုနစ်ဦးကို မေးမြန်းကာ အစီရင်ခံစာ ထုတ်ပြန်ထားခြင်းဖြစ်ပြီး အမျိုးသမီးသတင်းထောက်တွေက လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီး အန္တရာယ်ကြားမှာ အကြောက်တရားနဲ့အတူ ရှင်သန်နေရပြီး ပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေကို ခံစားနေရတယ်လို့သိရပါတယ်။
ဒါ့အပြင်နယ်မြေခံလက်နက်ကိုင်အဖွဲ့အစည်းအချို့ရဲ့ “ဒလန်” ဆိုတဲ့ သံသယရှိစွပ်စွဲမှုများ၊ စစ်ဆေးရေးဂိတ်တွေမှာ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုတွေနဲ့ အွန်လိုင်းက တဆင့် မိသားစုကို ပစ်မှတ်ထား ခြိမ်းခြောက်မှု တွေကလည်း အမျိုးသမီးသတင်းထောက်တွေကို လုပ်ငန်းခွင်မှ နုတ်ထွက်လိုသည်အထိ ဖိအားပေးလျက်ရှိတယ်လို့သိရပါတယ်။
လေကြောင်းရန်နဲ့ ဂျန်ဒါအခြေပြု ခြိမ်းခြောက်မှုတွေအပြင်၊ လုံခြုံရေးစိုးရိမ်ချက်ကြောင့် မိမိဖန်တီးတဲ့ သတင်းအပေါ် ပြန်လည်စိစစ်ဖြတ်တောက်ရတဲ့ Self-Censorship အခြေအနေများနဲ့ပါ ရင်ဆိုင်နေရတယ်လို့ အစီရင်ခံစာမှာဖော်ပြထားပြီး ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေက သတင်းလွတ်လပ်ခွင့်အပေါ် တိုက်ရိုက်သက်ရောက်မှုရှိနေတယ်လို့ MWiM တည်ထောင်သူ ဒေါ်တင်ဇာအောင်ကပြောပါတယ်။
မတည်ငြိမ်တဲ့ နယ်မြေအခြေအနေတွေကြောင့်လည်း သတင်းထောက် တဦးရဲ့ လွတ်လပ်စွာ ရပ်တည်နိုင်မှုအပိုင်းမှာ အဟန့်အတားများ ဖြစ်ပေါ်နေသလို ဇီဝကမ္မဆိုင်ရာ လိုအပ်ချက်များဖြစ်တဲ့ ရေအရင်းအမြစ် ရှားပါးမှုနဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်း ဈေးနှုန်းမြင့်တက်မှုတို့ကလည်း မြေပြင်တွင် ရေရှည်ရပ်တည်ရန် ခက်ခဲစေတယ်လို့ဆိုပါတယ်။
ပဲခူး ရွှေမော်ဓောဘုရားပွဲတွင် အမျိုးသမီး ၉ ယောက်ပါ ခါးပိုက်နှိုက်ဂိုဏ်းဝင် ၁၇ ဦး ဖမ်းမိ
Source – DVB
လက်ရှိ ကျင်းပနေတဲ့ ပဲခူးမြို့ ရွှေမော်ဓောဘုရား ဗုဒ္ဓပူဇနိယပွဲမှာ အမျိုးသား ၈ ယောက်ပါ “ရှပ်” ခါးပိုက်နှိုက်ဂိုဏ်းနဲ့ အမျိုးသမီး ၉ ယောက်ပါ “ဘ” ခါးပိုက်နှိုက်ဂိုဏ်းကို စစ်ကောင်စီရဲတပ်ဖွဲ့က ဖမ်းမိခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
ရွှေမော်ဓောဘုရားပွဲမှာ နေ့စဥ် ပွဲစျေးတန်းလျှောက်သူတွေရဲ့ ဖုန်းတွေ ခါးပိုက်နှိုက်ခံရပြီးနောက် ဧပြီ ၁ ရက်မှာ ခါးပိုက်နှိုက် အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို ဖမ်းမိရာက ကွင်းဆက်အနေနဲ့ ဆက်တိုက်ဖမ်းမိခဲ့တာဖြစ်ပြီး မတ် ၂၉ ရက်ကနေ ဧပြီ ၅ ရက်အတွင်း ဖမ်းမိခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်တဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
“‘ရှပ်’ ဂိုဏ်းဆိုတာ ရှပ်အင်္ကျီအိတ်ကပ်ထဲက ဖုန်းတွေကို သီးသန့်နှိုက်တဲ့အဖွဲ့၊ ‘ဘ’ ဂိုဏ်းက ဘောင်းဘီအိတ်ထဲက ဖုန်းတွေကို ရွေးပြီးနှိုက်တဲ့အဖွဲ့ဖြစ်ပြီး ဂိုဏ်းအဖွဲ့လိုက် ဖမ်းမိခဲ့တာဟာ မတ် ၃၀ ရက်က ပွဲစျေးအနီး ဝေစုခွဲရင်း ခါးပိုက်နှိုက် အချင်းချင်း ရန်ဖြစ်ရာက ၃ ယောက်ကို ဖမ်းမိခဲ့ပြီး ကွင်းဆက်အနေနဲ့ ၁၇ ယောက်ကို ထပ်မံဖမ်းဆီး ရမိခဲ့တာ ဖြစ်ပါတယ်။
လတ်တလောမှာ ပြစ်မှုကျူးလွန်သူ သိန်းမင်း၊ ရန်ပိုင်စိုး၊ ဇော်မိုးလတ်၊ သူရိန်ထွန်း၊ ရဲရင့်နောင်၊ သန့်ဇော်၊ ရဲလင်းထက်၊ ကိုနိုင်နဲ့ မညိုမာဦး၊ မနှင်းနှင်းဦး၊ မနှင်းဝေလွင်၊ မသန်းသန်းအေး၊ မထက်ထက်လှိုင်၊ မသန်းဆင့်၊ မမြိုင်မြင်သန်း၊ မသန်းချို၊ မအိဖြိုးနိုင်တို့ကို ပဲခူးမြို့မစခန်းမှာ စစ်ဆေးနေပါတယ်။
နမ့်ဆန်တွင် သက်ငယ်မိန်းကလေးအား လိင်ပိုင်းဆိုင်ရာကျူးလွန်သူကို ထောင် ၁၀ နှစ်နှင့် ငွေဒဏ်ချမှတ်
Source – နိရဉ္စရာ
တအာင်းပြည်၊ နမ့်ဆန်ခရိုင်၊ နမ့်ဆန်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် သက်ငယ်မိန်းကလေးငယ်တစ်ဦးအား လိင်ပိုင်းဆိုင်ရာကျူးလွန်ခဲ့တဲ့ အသက် (၂၄) နှစ်အရွယ် အမျိုးသားကို ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး/တအာင်း အမျိုးသားလွတ်မြောက်ရေး တပ်မတော် (PSLF/TNLA)ရဲ့ တရားစီရင်ရေးဌာနက ထောင်ဒဏ် ၁ဝ နှစ်နဲ့ ငွေဒဏ်ချမှတ်လိုက်တယ်လို့ သိရပါတယ်။
ကျူးလွန်သူက ပြီးခဲ့တဲ့နှစ် ၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၁၅ရက်နေ့ ညပိုင်းက သူငယ်ချင်းဖြစ်သူရဲ့ နေအိမ်မှာ အရက်သေစာ သောက်စားပြီး တည်းခိုခဲ့ကာ နံနက် ၂ နာရီခွဲမှာ ဘေးအိမ်ရှိ အသက် ၁၄ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အတင်းအဓမ္မ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။
ယင်းဖြစ်စဉ်ကို မိသားစုဝင်တွေ က တာဝန်ရှိသူထံ တိုင်ကြားခဲ့တာကြောင့် တအာင်းပြည် မြို့နယ်ရဲတပ်ဖွဲ့က နိုဝင်ဘာလ (၁၆) ရက်နေ့မှာ ပြစ်မှုကျူးလွန်သူအား ချက်ချင်း ဖမ်းဆီးထိန်းသိမ်းကာ တရားရုံးသို့တင်သွင်း စစ်ဆေးခဲ့ပြီးနောက် ယခုလိုအရေးယူအပြစ်ပေးခဲ့ခြင်းဖြစ်ပါတယ်။
စစ်တပ်ကြောင့် မတ်လအတွင်း အမျိုးသမီး ၈၈ ဦး သေဆုံးပြီး ၅၄ ဦး ဒဏ်ရာရ
Source – DVB
၂၀၂၆ ခုနှစ် မတ်လ တလတည်းမှာပဲ စစ်ကောင်စီတပ်ရဲ့ လေကြောင်းနဲ့ မြေပြင် တိုက်ခိုက်မှုတွေကြောင့် မြန်မာနိုင်ငံတဝန်းလုံးက အမျိုးသမီး ၈၈ ယောက် သေဆုံးခဲ့ရပြီး ၅၄ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဧပြီ ၇ ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လေကြောင်းကနေ တိုက်ခိုက်မှုကြောင့် အမျိုးသမီး ၅၇ ယောက်၊ မတရားသတ်ဖြတ်မှုကြောင့် ၂၁ ယောက်၊ မီးရှို့သတ်ဖြတ်မှုကြောင့် ၄ ယောက်နဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတာ၊ မြေမြှပ်မိုင်းနဲ့ ဆေးကုသခွင့် မရရှိတာတွေကြောင့် တယောက်စီ သေဆုံးခဲ့ရတာ ဖြစ်ပါတယ်၊
သေဆုံးခဲ့ရသူ အမျိုးသမီးတွေထဲ အသက် ၁၈ နှစ်အောက် ကလေး အယောက် ၂၀ နဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီး ၃ ယောက်တို့လည်း ပါဝင်ပြီး စစ်ကိုင်းတိုင်းထဲက အများဆုံးလည်း ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ မတ် ၅ ရက်တုန်းက ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း၊ ခရုကုန်းနဲ့ ကျောင်းကုန်း စတဲ့ကျေးရွာတွေက ပြည်သူတွေကို စစ်တပ်က အကြမ်းဖက်ကာ အစုလိုက်အပြုံလိုက် ဖမ်းဆီးသတ်ဖြတ်ခဲ့တာကြောင့် အမျိုးသမီး ၁၇ ယောက် သေဆုံးခဲ့ရပါတယ်။
ကချင်တိုင်းရင်းသူ ဂျာဆိုင်းအိန် နော်ဝေကပေးသည့် Stefanus လူ့အခွင့်အရေးဆုရ
DVB
ဘာသာရေးလွတ်လပ်ခွင့်အတွက် လှုပ်ရှားနေတဲ့ ကချင်တိုင်းရင်းသူ ဆရာဝန်နဲ့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူ ဂျာဆိုင်းအိန်ဟာ နော်ဝေနိုင်ငံက ပေးအပ်တဲ့ Stefanus (စတီဖန်နပ်စ်) လူ့အခွင့်ရေးဆုကို ရရှိခဲ့ပါတယ်။
အသက် ၃၆ နှစ်အရွယ် ဂျာဆိုင်းအိန်ဟာ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဘာသာရေးနဲ့ တိုင်းရင်းသားလူမျိုးတွေအပေါ် ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ သူ့ရဲ့လုပ်ဆောင်ချက်တွေအတွက် အခုလို အသိအမှတ်ပြုခံခဲ့ရတာဖြစ်ပြီး ဆုကြေးငွေ ယူရို ၁၀,၀၀၀ လည်း ရရှိတယ်လို့ နော်ဝေအခြေစိုက် Panorama nyheter သတင်းမှာ ဖော်ပြပါတယ်။
အနာဂတ်မြန်မာနိုင်ငံအတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်လာမဲ့ အရပ်ဘက်အဖွဲ့အစည်းတွေအတွက် အရေးပါတဲ့ ကွန်ရက်တခုကို တည်ဆောက်ခဲ့ပြီး သူ့ရဲ့လုပ်ဆောင်ချက်တွေဟာ ဒေသတွင်းက တခြား လူ့အခွင့်အရေးနဲ့ ဘာသာရေးလွတ်လပ်ခွင့် လှုပ်ရှားသူတွေ အပေါ်မှာပါ သက်ရောက်မှုရှိတယ်လို့ ဆိုပါတယ်။
Stefanus ဆုဟာ လူသားအားလုံးနဲ့ဆိုင်တဲ့ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ် ၁၈ မှာ ဖော်ပြထားတဲ့အတိုင်း လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်ကို ကာကွယ်စောင့်ရှောက်ရာမှာ ထူးခြားပြောင်မြောက်စွာ ပါဝင်ဆောင်ရွက်ခဲ့ကြသူတွေကို ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုတဆု ဖြစ်ပါတယ်။
ဒီဆုကို ၂၀၀၅ ခုနှစ်က နော်ဝေနိုင်ငံအခြေစိုက် အစိုးရမဟုတ်တဲ့အဖွဲ့ Stefanus Alliance International က စတင်တည်ထောင်ခဲ့ပြီး ၂၀၀၈ ခုနှစ်မှစတင်ကာ ၂ နှစ် တကြိမ် ချီးမြှင့်ခဲ့တာပါ။










