အနာဂတ်ကလေးငယ်တွေအတွက် မိခင်တို့ထမ်းပိုးနေရတဲ့ အာဟာရနဲ့ကျန်းမာရေး
ဒေဝီ၊ ခင်ဘုန်းမို့
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်ထဲက ရွာလေးတရွာမှာရှိတဲ့ ယိုင်နဲ့နဲ့ တဲအိမ်ထဲကနေ အမျိုးသမီးတယောက်ရဲ့ အော်သံတခု ထွက်လာတယ်။
“ယားလည်း ခဏခဏ မကုတ်နေနဲ့၊ အနာက သွေးထွက်တော့မယ်”
တဲအိမ်အပြင်ဘက်က မြေပြင်မှာ တူးဆွဆော့ကစားနေရင်း ခန္ဓာကိုယ်ယားယံလို့ကုတ်ဖဲ့နေတဲ့ သူ့ကလေးတယောက်ကို လှမ်းအော်လိုက်တာပါ။
အသက် ၄၀ ကျော်အရွယ်၊ ကလေး ၃ ယောက်မိခင်ဖြစ်တဲ့ မစိန်ဟာ အသက်နဲ့မမျှအောင် ပိန်လှီပြီး အာဟာရချို့တဲ့နေတဲ့ သူ့ကလေးတွေရဲ့ ခန္ဓာကိုယ်ပေါ်က ယားနာအဖုအပိန့်တွေကို ကြည့်ရင်း စိတ်မသက်မသာ ဖြစ်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြားမှာ နေရပ်စွန့်ခွာရှောင်ရှားနေရတဲ့ မစိန်တို့ မိသားစုအတွက် ကျန်းမာရေးစောင့်ရှောက်မှုကို လွယ်လင့်တကူ ရယူနိုင်ခြင်း မရှိသလို အာဟာရပြည့်ဝစွာ စားသောက်နိုင်ဖို့တောင် ခက်ခဲနေပါတယ်။
မစိန်တို့မိသားစုဟာ စစ်ကြောင့် နေရပ်စွန့်ခွာနေရတဲ့ လူပေါင်း ၄ သန်းကျော်ထဲက တစိတ်တပိုင်းပါ။
ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ ထုတ်ပြန်ချက်အရ စစ်ဘေးရှောင်ကလေး သန်းချီဟာ အာဟာရချို့တဲ့မှုနဲ့ ကျန်းမာရေးပြဿနာတွေကို ရင်ဆိုင်နေရပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်းကလည်း သိသိသာသာ ကျဆင်းနေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် ပဋိပက္ခတွေကြောင့် မြန်မာနိုင်ငံထဲက ကလေးသူငယ်တွေရဲ့ ကျန်းမာရေးနဲ့ အာဟာရ အခြေအနေတွေဟာ တနှစ်ပြီးတနှစ် ပိုမိုဆိုးရွားလာနေပါတယ်။ နေရပ်စွန့်ခွာမှုတွေ၊ ကာကွယ်ဆေးထိုးနှံမှု ကျဆင်း လာတာနဲ့ အာဟာရချို့တဲ့မှုတွေကြောင့် ကလေးသူငယ်မျိုးဆက်တခုလုံးရဲ့ ဖွံ့ဖြိုးမှုနဲ့ အနာဂတ်အပေါ် စိုးရိမ်ဖွယ် သက်ရောက်မှုတွေ ဖြစ်လာနိုင်တယ်လို့ နိုင်ငံတကာအဖွဲ့အစည်းတွေက သတိပေးထားပါတယ်။
မစိန်ဟာ မိသားစုမှာ မကျန်းမာတဲ့ ခင်ပွန်းဖြစ်သူနဲ့ ငယ်ရွယ်သေးတဲ့ ကလေးတွေကိုစောင့်ရှောက်ရသလို စစ်ဘေးကပါ ထပ်ဆင့်နေတော့ အခက်အခဲပေါင်းစုံနဲ့ ရုန်းကန်နေရကြရတဲ့ မိခင်တဦးဖြစ်ပါတယ်။
အာဟာရချို့တဲ့ပြီး ပိန်လှီနေတဲ့ မစိန်ရဲ့ ကလေးတွေဟာ ယားနာနဲ့ အဖုအပိန့်တွေ မကြာခဏ ဖြစ်လိုက် ပျောက်လိုက်နဲ့ ဆေးလိမ်းလည်း မသက်သာသလို စစ်ပွဲတွေကင်းလွတ်ရာ ရှောင်ရှားနေထိုင်ရတဲ့နောက် နယ်မြေမငြိမ်းချမ်းတဲ့အတွက် ကျန်းမာရေး စောင့်ရှောက်မှုတွေလည်း လွယ်လင့်တကူမရပါဘူး။
ကလေးရော၊ လူကြီးပါ ဖျားနာနေမကောင်းရင်တောင် အစားကောင်းကောင်းစားဖို့၊ ဆေးကုသဖို့ ဆိုတာ မလွယ်ကူဘူးလို့ မစိန်ကပြောပါတယ်။ ခင်ပွန်းဖြစ်သူဟာ လွန်ခဲ့တဲ့ ၂နှစ် ကတည်းက နှာခေါင်းသွေးကျပြီး ခေါင်းတခြမ်းကိုက်ဝေဒနာ ခံစားရပေမယ့် ဆေးကုဖို့ ငွေကြေးအဆင်မပြေတာကြောင့် မကုဘဲ နေရာတာကနေ နားမကြားတဲ့ထိဖြစ်ခဲ့တယ်။ ကျန်းမာရေးအတွက် ဆေးကုဖို့တောင် အနိုင်နိုင်ဖြစ်နေတဲ့အချိန်မှာ ကလေးတွေ အဟာရပြည့်ပြည့်ဝဝ စားဖို့သောက်ဖို့ ဆိုတာကလည်း မစိန်တို့အဖို့ လက်လှမ်းမမှီနိုင်ကြပါဘူး။
“သူတို့က( ကာကွယ်ရေးတပ်ဖွဲ့) ကလေးတွေကို မု့န်လေးတွေပေးတော့ ကျွန်မက မပေးပါနဲ့လို့၊ ဒီနေ့ကျွေးပြီး နောက်နေ့ ကျွေးနိုင်မှာမဟုတ်ဘူးပြောတော့ သူတို့ရှိတာလေး ကျွေးချင်လို့ပါ၊ လက်ခံပေးပါဆိုပြီးပြောတယ်၊ မစားစေချင် လို့တော့ မဟုတ်ပါဘူး”လို့ မစိန်က ပြောပြတယ်။
နိုင်ငံတကာထုတ်ပြန်ချက်တွေအကြောင်း လက်လှမ်းမမီတဲ့ မိခင်တယောက်အနေနဲ့ “ဒီလိုကောင်းကောင်းမွန်မွန် မစားရ၊ မနေရတာကြောင့်ပဲ ကလေးတွေမှာ ပိန်လှီပြီး ရောဂါထူတာလား မပြောတတ်ဘူး” လို့ သူလက်တွေ့ ရင်ဆိုင်နေရတဲ့ အတွေ့အကြုံကို အခြေခံပြီး စကားဆိုပါတယ်။
မစိန်တို့ ခိုလှုံနေထိုင်တဲ့အရပ်ဟာ စစ်ဖြစ်ပွားရာ ဒေသဖြစ်တာကြောင့် ဝင်ငွေရမယ့် အလုပ်ကိုင်နည်းပါးတာ၊ ရှိတဲ့ စိုက်ပျိုးရေး အလုပ်ကလည်း ရာသီဥတုဒဏ်နဲ့ စစ်ဘေးစစ်ဒဏ်ကြောင့် အချိန်မှီမရိတ်သိမ်းနိုင်တာတွေလည်း ကြုံရတဲ့အခါ ဒေသခံတွေမှာ ဝင်ငွေမရှိသလောက် ဖြစ်ရတဲ့အတွက် မစိန်ရဲ့ ကလေးတွေအပါအဝင် ကျန်တဲ့ကလေးတွေကိုလည်း အပိုမကျွေးနိုင်ကြပါဘူး။
ဒီလိုအခြေအနေတွေက ပဋိပက္ခဒေသအများစုမှာ တွေ့ရတဲ့ ပုံမှန်ဖြစ်ရပ်တွေလို ဖြစ်လာနေပါတယ်။
ရခိုင်ပြည်နယ်မှာလည်း မြို့သိမ်းတိုက်ပွဲတွေကြောင့် ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာကတည်းက စစ်ရေးပြင်းထန်လာသလို စစ်ကောင်စီက ကန့်သတ်မှုတွေ ပြုလုပ်ခဲ့ကြောင့်လည်း စားနပ်ရိက္ခာပြတ်တောက်တာ ကျန်းမာရေးစောင့်ရှောက်မှု မရတာတွေကြုံရပါတယ်။
စစ်ရေးပြင်းထန်တဲ့အချိန်ဖြစ်တာကြောင့် ဆရာဝန်သူနာပြုတွေမရှိတဲ့အခါ ကိုယ်ဝန်သည်တွေလည်း အရပ်လက်သည်နဲ့ မွေးရတာ၊ စစ်ရှောင်ရင်း လမ်းမှာမွေးဖွားတာ၊ဆေးဝါးပြုစုစောင့်ရှောက်မှုမရှိတာကြောင့် ပိုးဝင်ပြီး သေဆုံးတာတွေလည်း တွေ့ခဲ့ရတယ်လို့ ရခိုင်စစ်ဘေးရှောင်တဦးဖြစ်တဲ့ မစိုးစိုးကပြောပါတယ်။
“လမ်းတွေအကုန်ပိတ်တော့ ဆပ်ပြာမရှိဘူး၊ ယားနာတွေပေါက်ကြတယ်၊ ဆေးဝါးတွေမရှိဘူး၊ ကိုယ်ဝန်သည်တွေဆိုလည်း ဝယ်စားနိုင်ပေမယ့် ဝယ်စားဖို့မရှိသလို၊ တချို့ကျ တော့လည်း ဝယ်စားဖို့ပိုက်ဆံမရှိဘူး၊ ပိုက်ဆံမရှိတဲ့အတွက် ဝယ်မစား နိုင်ဘူး” လို့ သူကဆိုတယ်။
တချို့ဒေသတွေမှာ အဖွဲ့အစည်းတချို့ရဲ့ ကူညီထောက်ပံ့မှုတချို့ ရှိပေမယ့်လည်း ငွေကြေးနဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတာတွေကြောင့် အကန့်အသတ်ရှိနေပြီး စားနပ်ရိက္ခာတွေနဲ့ ဆေးဝါးတွေမှာလည်း မလုံလောက်ဘူးလို့ ကနီဒေသ စစ်ဘေးရှောင်ကူညီသူတဦးက ပြောပြပါတယ်။
“ဆေဝါးကုသမှုကြတော့ ရှိသလောက်ပေးပေမယ့် မလောက်ကြဘူး၊ ဆေး ၁၀သိန်းဖိုးဆိုလည်း ဘယ်လောက်မှမရဘူး” လို့ သူကဆိုတယ်။
သူတို့ဒေသမှာ တော်လှန်ရေး တပ်ရင်းတပ်ဖွဲ့တွေကပေးတဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေရှိပေမယ့် ထိခိုက်ဒဏ်ရာရတဲ့ အခြေအနေကို ဦးစားပေးနေရ သလိုဖြစ်တဲ့အခါ အခြားကျန်းမာရေးကိစ္စတွေမှာ အားနည်းသွားတာတွေလည်းရှိတယ်လို့ ဆက်ပြောပြပါတယ်။
လက်ရှိမှာလည်း စစ်ရှောင်အများကလေးတွေဟာ ရာသီအကူးအပြောင်းဖျားနာတာ၊ အသက်ရှုလမ်းကြောင်းရောဂါ အရေပြားနဲ့ ဝမ်းလျှောဝမ်းပျက်ရောဂါတွေက အဖြစ်များသလို အဓိကအနေနဲ့ သန့်ရှင်းတဲ့ရေ မရှိတာကြောင့်လည်း ဖြစ်တယ်လို့ သိရပါတယ်။
နဂိုကမှ ရေရှားတဲ့ဒေသတွေဖြစ်တဲ့အပြင် စစ်ရှောင်ရတာ၊ တောထဲတောင်ထဲ အဆင်ပြေသလို နေထိုင်ရတာတွေကြောင့် ရေအလုံအလောက် မရှိတဲ့အတွက် တကိုယ်ရေသန့်ရှင်းဖို့ အခက်အခဲရှိကြပြီး ဒီနောက်ဆက်တွဲအနေနဲ့ ရောဂါတခုဖြစ်တာနဲ့ ကူးစက်မှုတွေများလာတာလို့သူကဆိုတယ်။
“အဟာရမပြည့်ကြတာလည်း တခုပေါ့နော်၊ စစ်ဖြစ်တဲ့နေရာဆိုတော့ တခြားဒေသကကလေးတွေလိုလည်း မနေရ မစားရဘူးပေါ့၊ ကူညီနေသူတွေကလည်း အရေးကြီးတာပဲလုပ်နေရတာ” လို့သူကဆိုတယ်။
မြန်မာက အသက် ၅ နှစ်အောက်ကလေး၊ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် ၄၁၀,၀၀၀ (လေးသိန်း တသောင်းကျော်)ဟာ ပြင်းထန်အာဟာရချို့တဲ့မှုကြုံရနိုင်တယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)က နိုဝင်ဘာ ၁၇ ရက်က သတိပေးထုတ် ပြန်ခဲ့ပါတယ်။ တနိုင်ငံလုံးအနေနဲ့လည်း မြန်မာဟာ ဆာလောင်မွတ်သိပ်မှုအခြေအနေမှာ အလွန်စိုးရိမ်စရာကောင်းတဲ့ အဆင့် သတ်မှတ် ချက်ဝင် ၆ နိုင်ငံထဲက တနိုင်ငံဖြစ်လာပါတယ်။
ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာပဲ ချင်းပြည်နယ် ထန်တလန်မြို့နယ်မှ ကိုယ်ဝန်ဆောင်မိခင်က ၃မွှာပူး မွေးဖွားခဲ့ပေမယ့် နောက်ဆက်တွဲ ကျန်းမာရေးစောင့်ရှောက်မှုမရတဲ့ မီးနေသည် မိခင်နဲ့ ကလေးငယ် ၃ဦးလုံး ရှေ့ဆင့်နောက်ဆင့် ဆုံးပါးသွားခဲ့ဖူးပါတယ်။
စစ်ရှောင်စခန်းတွေမှာ ကလေးသူငယ်တွေ ကာကွယ်ဆေးထိုးနှံခွင့်ဆုံးရှုံးနေကြတဲ့အတွက် အုပ်စုလိုက်ဖျားနာတာ၊ ဝမ်းပျက် ဝမ်းလျှောဖြစ်တာ၊ အရေပြားရောဂါ ဖြစ်ပွားတာ၊ အာဟာရမပြည့်ဝဘဲ ပိန်လှီသေးကွေးတာ ကိုယ်ခံအားနည်းပြီး သေဆုံးတာ စတဲ့ လက်တွေ့ကြုံနေရတာတွေက အနာဂတ်မှာကြုံလာရနိုင်တဲ့အခြေအနေကို မီးမောင်းထိုးပြနေပါတယ်။
လက်ရှိဖြစ်ပွားနေတဲ့ ပဋိပက္ခအကျပ်အတည်းတွေကြောင့် မြန်မာနိုင်ငံမှာရှိတဲ့ ကလေးငယ်မျိုးဆက်တခုလုံးရဲ့ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးက ခြိမ်းခြောက်ခံနေရသလို ကလေးငယ် ၁သန်းကျော်က အရေးကြီးတဲ့ ကာကွယ်ဆေးထိုးခြင်း ကို လက်လွှတ်ဆုံးရှုံးနေရပြီး မြန်မာနိုင်ငံက တကမ္ဘာလုံးမှာ ကာကွယ်ဆေးလုံးဝမရရှိတဲ့ ကလေးများရဲ့ ဗဟိုချက်မ တခုဖြစ်လာတယ်လိုကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ – UNICEF က ဆိုပါတယ်။
ပဋိပက္ခတွေကြောင့် ထိခိုက်ခံစားနေရတဲ့ ကလေးသူငယ်နဲ့ အမျိုးသမီး ၂သန်းကျော်လောက်ဟာ မရှိမဖြစ်လိုအပ်တဲ့ အာဟာရဆိုင်ရာဝန်ဆောင်မှုတွေကို အရေးတကြီး လိုအပ်နေပြီး အသက် ၅နှစ်အောက် ကလေးငယ်တွေအကြား သေဆုံးနှုန်းဟာလည်း မြင့်မားနေဆဲဖြစ်ကာ မွေးဖွားသူ ၁,၀၀၀ မှာ ၃၇ ယောက်ကျော် သေဆုံးနေတယ်လို့ ယူနီဆက်က သတိပေးထားပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာ မသိမ်းခင်က ကာကွယ်ဆေး ထိုးနှံမှုနှုန်း ၉၄ရာခိုင်နှုန်း အထိရှိခဲ့ရာကနေ ၃၇ ရာခိုင်နှုန်းဆီ လျော့ကျသွားတယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ထားတယ်။
ကူးစက်နိုင်မှု မြင့်မားတဲ့ရောဂါတွေအတွက် ကာကွယ်ဆေးမထိုးနှံရဘဲရှိနေတဲ့ ကလေးအရေအတွက် မြန်မာနိုင်ငံမှာ ပိုများလာနေပြီး ကာကွယ်ဆေးထိုးနှံမှုနှုန်း နည်းပါးတာကြောင့် ကလေးငယ် မျိုးဆက်တဆက်ပျောက်ဆုံးသွားနိုင်တယ်လို့ ကုလသမဂ္ဂကလည်း သတိပေးထားပါတယ်။
စစ်မက်ဖြစ်ပွားနေတဲ့နေရာတွေတင်မက အာဏာသိမ်းမှုနဲ့ အာဏာရှင်အုပ်ချုပ်ရေးကို အလိုမရှိတဲ့ လူတိုင်းကို စစ်တပ်က ဖမ်းဆီးထောင်ချတာ၊ သတ်ဖြတ်တာတွေ ဆက်တိုက်ပြုလုပ်ခဲ့တဲ့အတွက် မြို့ပြကနေ ဘေးလွတ်ရာ အရပ်ဒေသတွေကို တိမ်းရှောင်ရတဲ့ မိသားစုတွေမှာလည်း ဒီလိုပြဿနာတွေကို ရင်ဆိုင်ကြရပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ ကလေး၂ဦးမိခင် မမေတို့ မိသားစုဟာ စစ်တပ်ကပေးမယ့် အန္တရာယ်တွေက လွတ်ကင်းရာ အရပ်ဒေသတွေကို တနေရာပြီး တနေရာ ပြောင်းရွှေ့နေထိုင်ခဲ့ကြရတယ်။ ဆေးရုံ၊ ဆေးခန်းနဲ့ အလှမ်းဝေးတဲ့အတွက် အသက် တနှစ်မပြည့်သေးတဲ့ သားအငယ်လေးမှာ ကာကွယ်ဆေးတွေလည်း မထိုးခဲ့ရဘဲ ၄ နှစ်ကျော်အရွယ်ကျမှ ဘေးလွတ်ရာ ထိုင်းနယ်စပ်မှာ ကာကွယ်ဆေးထိုးခွင့်ရခဲ့ပါတယ်။
ငယ်ရွယ်စဉ်မှာ အသက်အရွယ်အလိုက်ထိုးနှံရမယ့် ကာကွယ်ဆေးတွေကို ထိုးနှံခွင့်မရခဲ့တာကြောင့် သားအငယ်နဲ့ သားအကြီး ကျန်းမာသန်စွမ်းပုံခြင်းတောင်မတူဘဲ သားအငယ်လေးမှာ မကြာခဏဖျားနာလေ့ရှိသလို ကိုယ်ခံအားလည်း နည်းပြီး အရွယ်အားဖြင့်လည်း ညှက်တယ်လို့ မမေက ပြောပြပါတယ်။
ကလေးတွေအရွယ်အလိုက်ရသင့်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေကိုမရတာက မမေရဲ့ ကလေးတဦးတည်းမဟုတ်ဘဲ သူတို့မိသားစု တိမ်းရှောင်ခဲ့ရာဒေသတော်တော်များများက ကလေးအများစုဟာလည်း ကာကွယ်ဆေး မထိုးနိုင်ကြသလို ဒေသန္တရကျန်းမာရေး စောင့်ရှောက်မှုကလည်း မရှိသလောက်ဖြစ်နေတဲ့အတွက် ကလေးငယ်လေးတွေမှာ အရေပြားရောဂါ တွေ ခံစားရတာ အဟာရမပြည့်ဝဘဲ ပိန်လှီတာတွေ တွေ့ရတယ်လို့ ဆက်ပြောပါတယ်။
“အဲ့ဒီဒေသက ကလေးတွေအတွက်တော့အရမ်းကို ရင်လေးစရာကောင်းတာပေါ့၊ သူတို့ရဲ့လတ်တလောကြုံတွေ့နေရတာ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ဆိုးဝါးနေတာ “လို့ မမေက ပြောပါတယ်။
သူတို့သားအမိတွေ တိမ်းရှောင်ခဲ့ရာ နေရာတခုဖြစ်တဲ့ ရှမ်းပြည်မြောက်ပိုင်းက ဒေသမှာဆိုလည်း စစ်ဘေးရှောင် ကလေး တွေမှာ အာဟာရချို့တဲ့တာ၊ ကာကွယ်ဆေးဆိုတာလက်လှမ်းမမှီတာတွေ ရင်ဆိုင်နေကြရတယ်။ စစ်ဘေးကြောင့် မိဘတွေ သေဆုံးသွားတဲ့အတွက်ကျန်ရစ်တဲ့ ကလေးတွေကလည်း အများအပြားရှိနေပြီး သူတို့ကိုစောင့်ရှောက်ထား သူတွေမှာလည်း ရေရှည်အခက်အခဲဖြစ်လာကြတာတွေလည်း ကြုံနေရတယ်လို့ဆက်ပြောတယ်။
ကျန်းမာရေးမူဝါဒဆိုင်ရာကျွမ်းကျင်သူ ဒေါက်တာဖြူဖြူသင်းဇော်က ကလေးတွေ အသက်အရွယ်လိုက် ထိုးရမယ့် ကာကွယ်ဆေးတွေမှာ ပိုလီယို၊ ဝက်သက် စတဲ့ ပြင်းထန်ကူးစက်တက်တဲ့ရောဂါတွေကို ကာကွယ်ဖို့အတွက် မဖြစ်မနေ ထိုးနှံဖို့လိုသလို၊ ဒီလိုမှ မထိုးနှံရတဲ့အခါ ကူးစက်ရောဂါတွေပြန်လည် ပျံ့နှံ့ လာပြီး၅နှစ်အောက် ကလေးတွေမှာ အသက် သေဆုံးနိုင်တာ၊ အသက်မသေတဲ့တိုင်အောင် ရောဂါနောက်ဆက်တွဲဆိုးကျိုးတွေနဲ့ ဆက်လက်ရှင်သန်သွားရတာ စတဲ့ ဆိုးကျိုးတွေ ကြုံရနိုင်တယ်လို့ ပြောပါတယ်။
အလားတူ အဟာရပညာရှင်တဦးကလည်း မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့အခြေအတွေဟာ နိုင်ငံရေး ပြဿနာသက်သက်မဟုတ်ဘဲ အနာဂတ်မျိုးဆက်သစ်တွေ လူစဉ်မမီဖြစ်သွားနိုင်တဲ့ အမျိုးသားရေးဆိုင်ရာ အရေးပေါ်အခြေအနေတခုဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။
လက်ရှိ မြန်မာနိုင်ငံဟာ စစ်ရေးပဋိပက္ခဒဏ်တင် မကဘဲ၊ ကုန်ဈေးနှုန်းကြီးမြင့်တာနဲ့ ဝင်ငွေရှားပါးတာတွေကြောင့် စားနပ်ရိက္ခာ မလုံခြုံမှု အခြေအနေက ဆိုးရွားနေပြီး အထူးသဖြင့် စစ်ဘေးသင့်ဒေသတွေက ကလေးတွေမှာ ‘ဘဝအစ ရက်ပေါင်း ၁၀၀၀” ဆိုတဲ့ အရေးအကြီးဆုံးအခွင့်အလမ်းကို ဆုံးရှုံးနေရပါတယ်။
မိခင်ဝမ်းဗိုက်ထဲ သန္ဓေတည်ချိန်ကနေ အသက် ၂ နှစ်အထိ “ဘဝအစ ရက် ၁၀၀၀” ကာလက လူသားတယောက်ရဲ့ ဦးနှောက်နဲ့ ခန္ဓာကိုယ် ဖွံ့ဖြိုးဖို့အတွက် အခြေခံအုတ်မြစ်ချရတဲ့ အချိန်ဖြစ်ပြီး ဒီအချိန်မှာ လုံလောက်တဲ့ အာဟာရ မရရှိတာ ကာကွယ်ဆေးတွေ မထိုးရဘူးဆိုရင် ကလေးတွေမှာ ရုပ်ပိုင်းဆိုင်ရာ ပုညှက်ခြင်း ဖြစ်လာသလိုအဓိကအနေနဲ့ ပြန်ပြီးအစားထိုးလို့မရနိုင်တဲ့ ဦးနှောက်ဉာဏ်ရည် ဖွံ့ဖြိုးမှုကိုပါ ထိခိုက်သွားစေနိုင်တယ်လို့ အထက်ပါ အဟာရပညာရှင်က ရှင်းပြပါတယ်။
သူက “ကျွန်တော်တို့ နိုင်ငံဟာ မျိုးဆက်တဆက်ကတဆက် လက်ဆင့်ကမ်းအာဟာရချို့တဲ့မှု သံသရာထဲကို ရောက်ရှိနေ တယ်”လို့ မှတ်ချက်ပြုပါတယ်။
အဓိကအနေနဲ့ အာဟာရချို့တဲ့မှုကြောင့် ဦးနှောက်ဖွံ့ဖြိုးမှု နှေးကွေးတဲ့အခါ ကလေးတွေရဲ့ သိမြင်နားလည်နိုင်စွမ်း ကျဆင်း တာ၊ ကျောင်းစာလိုက်နိုင်စွမ်း အားနည်းတဲ့အတွက် ပညာတတ် လူ့စွမ်းအားအရင်းအမြစ် ရှားပါးသွားနိုင်တာ၊ ကျန်းမာရေး မကောင်းတဲ့၊ ဉာဏ်ရည်မမီတဲ့ လူငယ်တွေ များလာတဲ့အခါ နိုင်ငံရဲ့ ကုန်ထုတ်လုပ်မှုစွမ်းအားကျဆင်းတာ မိခင်က အဟာရ မပြည့်ဝတဲ့အခါ ပေါင်မပြည့် မွေးဖွားပြီး အရွယ်ရောက်လာရင်လည်း ကျန်းမာရေးချို့တဲ့သူ ဖြစ်လာကာ ဒီကျန်းမာရေး ဝန်ထုတ်ဝန်ပိုးကြီးက မျိုးဆက်တခုပြီးတခု လက်ဆင့်ကမ်း ပါသွားနိုင်တယ်လို့ သူကသုံးသပ်တယ်။
တချို့ပဋိပက္ခဒေသတွေကမိဘတွေဟာ ကလေးငယ်တွေကို စစ်ဖြစ်ပွားနေခြင်းမရှိတဲ့အရပ်တွေကို ရွေ့ပြောင်းပို့ဆောင်ပြီး ကာကွယ်ဆေးထိုးတာ၊ ကျောင်းထားတာမျိုးတွေ လုပ်ကြပေမယ့် လူနည်းစုလောက်သာ ဒီလိုလုပ်နိုင်ကြတယ်လို့ မြိုင်မြို့နယ်က ဒေသခံ ကိုတိုးက ပြောပါတယ်။
“အများစု ကတော့ မသွားကြပါဘူး၊ သူတို့အတွက် အရေးကြီးတာက တနေ့စာ တနေ့စားနိုင်ဖို့ပဲ”လို့ ကိုတိုး ကဆိုတယ်။
စစ်ဖြစ်ပွားနေတဲ့အရပ်ဒေသက မိခင်နဲ့ကလေးတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စံချိန်စံညွှန်းတွေကို ပြန်ကြည့်မယ်ဆိုရင် အောက်ဆုံးအထိကို ကျနေပြီးသားဆိုတာလှမ်းကြည့်တာနဲ့မြင်နိုင်တယ်လို့ ကလေး ၂ဦးမိခင် မငြိမ်းကလည်း သူ့အမြင်ကို ပြောပါတယ်။
“ကျွန်မတို့ရှေ့မျိုးဆက်တခုကို ပြန်ကြည့်ကြမယ်ဆိုရင်တောင် စစ်ဖြစ်ပွားနေတဲ့ ဒေသက ကလေးနဲ့သာမန်အေးချမ်း တဲ့အရပ်က ကလေးရဲ့ကြီးပြင်းမှု နောက်တခါ စိတ်နဲ့ခန္ဓာကိုယ်ကျန်းမာရေးကိုယ့်ကိုကိုယ် ယုံကြည်မှုတွေက ကွာနေပြီးသား ဆိုတာ သိနိုင်ပါတယ်” လို့ ဆိုတယ်။
ကလေးတွေအာဟာရချို့တဲ့တာ၊ ကျန်းမာရေးလျစ်လျူရှုခံရမှုတွေက မိဘ ၊ ပတ်ဝန်းကျင် နဲ့တင်မသက်ဆိုင်ဘဲ အစိုးရတရပ် ရဲ့ အားနည်းချို့ယွင်းနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှစနစ်ကြောင့်ဖြစ်ပြီး အုပ်ချုပ်သူအစိုးရ ကတာဝန်အပြည့်အဝ ယူရမှာ ဖြစ်ပါတယ်လို့ သူကဆက်ပြောတယ်။
ကလေးတွေအတွက် အရေးကြီးလိုအပ်နေတဲ့ ကာကွယ်ဆေးနဲ့ပတ်သတ်လို့ နိုင်ငံတကာ အဖွဲ့အစည်းအချို့က ကူညီပေး တာတွေရှိပေမယ့် နေရာအနှံ့တော့ မလွှမ်းခြုံနိုင်သေးတာနဲ့ပတ်သက်ပြီး နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ -BPHWT အဖွဲ့ ဒါရိုက်တာ စောဝင်းကျော်က စစ်ရှောင်သူ အရေအတွက် က တဖြည်းဖြည်းတိုးလာပြီး ပဋိပက္ခ နယ်မြေ ကျယ်ပြန့်လာတဲ့နဲ့အမျှ ထောက်ပံ့မှုတွေကလည်း အကန့်အသတ် ဖြစ်နေသေးတယ်လို့ စောဝင်းကျော် ကပြောပါ တယ်။
သူက “တိုက်ပွဲတွေက ဆက်တိုက် ဖြစ်နေတော့ အနောက်ကနေ ဆင်ပါးစပ်နှမ်းပက်သလိုဖြစ်နေတာ၊ လာတော့လာတယ်၊ အများကြီးအကူညီပေးနိုင်တဲ့ အခြေအနေမျိုးမဟုတ်ဘူးဖြစ်နေတယ်”လို့ ပြောပြပါတယ်။
ကျန်းမာရေးစောင့်ရှောက်မှုတွေ အားနည်းတာကြောင့်လည်း ဒေသတွင်းက ကလေးတွေမှာ အဖြစ်များနေတဲ့ နမိုးနီးယာလို အသက်ရှု လမ်းကြောင်းရောဂါ၊ အရေပြားရောဂါ၊ ဝမ်းပျက်ဝမ်းလျှော ရောဂါတွေဟာ ပုံမှန်ဆိုရင် မဖြစ်အောင် ကာကွယ်လို့ ရပေမယ့် အခုချိန်မှာတော့ ထိထိရောက်ရောက် မကာကွယ်နိုင်တာကြောင့် ဖြစ်ပွားမှုများနေတာ လို့ သူကပြောပါတယ်။
“ဒီပြသနာတွေကို ဖြေရှင်းဖို့က စစ်ဖြစ်နေတယ်ဆိုတော့ စစ်ကိုတားဖို့အတွက်က လုပ်နိုင်စွမ်း သိပ်မရှိဘူးဆိုတော့ ဒီအခြေအနေပေါ်မှာ ကိုယ်နဲ့ လိုက်လျောညီထွေအောင်ဘယ်လိုနေရမလဲဆိုတာပဲ စဉ်းစားရတော့မယ်” လို့ သူကဆိုတယ်။
စစ်ဘေးလွတ်ရာရှောင်ပြီး တောထဲတောင်ထဲ မှာ စစ်ဘေးရှောင်စခန်းတွေထဲ ဖြစ်သလိုနေထိုင်ရတာကြောင့် ကလေးတွေ ကျန်းမာရေးအတွက် အများအပြားမလုပ်နိုင်သည့်တိုင်အောင် အိမ်သာစနစ်တကျသုံးနိုင်ဖို့ စီစဉ်တာ၊ သံချဆေး လိုမျိုး ဆေးဝါးတွေကို တိုက်ကျွေးတာ မျိုးတွေလုပ်ဆောင်နိုင်ရင်တော့ အထိုက်အလျောက် လျော့ပါးသွားနိုင်မယ်လို့ သူက ဆိုပါတယ်။
“အကူညီပေးသူတွေအနေနဲ့လည်း ဆေးဝါးတမျိုးတည်းမဟုတ်ဘဲ အဟာရဖြစ်နိုင်တဲ့အစားစာတွေ အဟာရပြည့်ဘီစကစ်လို ကူညီတဲ့အဖွဲ့တွေရှိတယ်၊ အဲ့ဒါမျိုး ရောထည့်ပြီး ကူညီပေးနိုင်ရင်လည်း ကောင်းတယ်”လို့ သူက အကြံပြုပါတယ်။
လတ်တလောမှာ စစ်ရေးကျယ်ပြန့်လာတာနဲ့အမျှ စစ်ဘေးသင့်ဒေသတွေမှာလည်း လိုအပ်ချက်တွေများလာသလို တဖက် မှာလည်း ပြည်သူတွေကြပ်တည်းလာတာကြောင့် ကူညီပံ့ပိုးမှုတွေအကန့်အသတ်ဖြစ်လာတာက ရေရှည်မှာ စဉ်းစားရမယ့် ပြဿနာတခုလို့ စစ်ဘေးရှောင်ကူညီသူတွေက တညီတညွတ်တည်း ဆိုကြပါတယ်။
မြန်မာလူအဖွဲ့အစည်းလို ခေတ်နောက်ကျတဲ့ ဒေသတွေမှာ ကလေးတွေတခုခုဖြစ်ရင် အရင်ဆုံးကိုယ်တိုင်ကိုယ်ကျ အခက် ကြုံရတာ မိခင်တွေ အမျိုးသမီး တွေဖြစ်ပါတယ်။ အထူးသဖြင့် ပဋိပက္ခဒေသတွေက မိခင်တွေမှာ မငြိမ်ချမ်းမှုတွေ တဖက်၊ သားသမီး အသက်ဘေး နဲ့ ကျန်းမာရေး စိုးရိမ်ပူပန်မှု တဖက်နဲ့မို့ သူတို့မျှော်လင့်တာ အေးအေးချမ်းချမ်းနဲ့ နေထိုင် စားသောက်ဖို့ပါ။
စစ်ဘေးရှောင်ဘဝမှာ နာမကျန်းတဲ့ ခင်ပွန်းနဲ့ အာဟာရချို့တဲ့နေတဲ့ ကလေး ၃ ယောက်ကို စောင့်ရှောက်ပြီး အိမ်ထောင်ကို ဦးစီးနေရတဲ့ မစိန်ရဲ့ မျှော်လင့်ချက်ကလည်း အရမ်းကြီးမားတာတော့ မဟုတ်ပါဘူး။
“အေးအေးချမ်းချမ်းနဲ့ ကိုယ့်ရွာမှာပဲ ပြန်နေချင်တယ်၊ ကလေးတွေလည်း သူတို့စားချင်တဲ့ မုန့်ပဲသရေစာတွေ ဝဝလင်လင် စားစေချင်တဲ့” ဆန္ဒပါပဲ။
ဒါပေမယ့် အဲဒီလို ပုံမှန်ဘဝတစ်ခုကို ပြန်ရဖို့ဆိုတာကတော့ မစိန်တို့လို မိသားစုတွေအတွက် အခုထိ ဝေးကွာနေဆဲ ဖြစ်ပါ တယ်။





