စစ်ကိုင်းငလျင်တနှစ်ပြည့်ချိန် မသန်စွမ်းအမျိုးသမီးတွေ ဘယ်လိုရပ်တည်နေကြရသလဲ
ခင်ဘုန်းမို့ စုစည်းတင်ဆက်သည်။
၂၀၂၆ ခုနှစ် မတ် ၂၈ ရက်နေ့ဟာ မြန်မာ့သမိုင်းမှာ လူအသေအပျောက်နဲ့ အပျက်အစီးအများဆုံး စာရင်း ဝင်ခဲ့တဲ့ စစ်ကိုင်းငလျင် လှုပ်ခတ်ခဲ့တာ ၁နှစ်တင်းတင်းပြည့်တဲ့နေ့ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က ပြင်အား ၇.၇ အဆင့်ရှိတဲ့ စစ်ကိုင်းငလျင်ကြောင့်လူဦးရေ ၁၇ သန်းကျော် ထိခိုက်ခဲ့ပြီး၊ ဒီအထဲမှာ အမျိုးသမီးနဲ့ မိန်းကလေးငယ် (၈.၈)သန်း ပါဝင်တယ်လို့ UN Women က ထုတ်ပြန်ထားပါတယ်။
အဲဒီ ၉သန်းနီးပါးရှိတဲ့ အမျိုးသမီးတွေထဲမှာ ကိုယ်အင်္ဂါမသန်စွမ်းသူတွေလည်းပါဝင်ခဲ့ကြပါတယ်။
အထက်မြန်မာပြည်တဝှမ်း ပျက်စီးထိခိုက်မှုတွေ ကြီးမားခဲ့ပြီး ငလျင်ဒဏ်ခံစားခဲ့ရတဲ့ ပြည်သူတွေ ထဲကမှ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ နေပြည်တော်တို့က ကိုယ်အင်္ဂါမသန်စွမ်းသူအမျိုးသမီးတွေ သဘာဝဘေးဒဏ်ကို ဘယ်လိုရင်ဆိုင်ခဲ့ကြရသလဲ၊ ငလျင်ဖြစ်ပြီး ၁နှစ်တာ ကာလအတွင်း ဘယ်လို ရှင်သန်ရပ်တည်နေကြလဲ၊ ဘဝရှေ့ဆက်နိုင်ဖို့ ဘာတွေလိုအပ်နေသလဲ စတဲ့ မတူညီတဲ့ အတွေ့အကြုံနဲ့ သူတို့ရဲ့ အသံတွေကို HI Honest Information က မေးမြန်းစုစည်း ဖော်ပြအပ်ပါတယ်။
မယဉ်နွယ်၊ စစ်ကိုင်းမြို့။
ငလျင်လှုပ်တုန်းက အဖေနဲ့ ကျွန်မနဲ့ ကလေးနဲ့ ၃ယောက်ပဲရှိတယ်။ အဖေကလည်း လေဖြတ်နေတဲ့သူ။ အိမ်က အောက်ကို တဖြေးဖြေးနဲ့ပိကျလာတော့ ဘယ်လိုမှရုန်းလို့ မရဘူး။ သံချွန်တွေနဲ့ နဖူးကို ထိခိုက် မိတယ်။
ငလျင်ထပ်လှုပ်မှာလည်းစိုးရိမ်တယ်၊ နေစရာမရှိလို့သာ နေနေရတာ၊ အပေါက်ဝမှာ ကုတင်ထုတ်ပြီး အိပ်တာ၊ တအားလှုပ်ရင် ကုတင်အောက်ထဲဝင်ပုန်းမယ်ပေါ့။ အိမ်ကမပြင်ဖြစ်သေးတာ။ မပြင်နိုင် တာနဲ့လေ၊ နေစရာမရှိတော့ဖြစ်သလိုနေလိုက်တာ။ အိမ်ပြင်ဖို့ကိုစုံစမ်းသေးတယ်။ လက်သမားခနဲ့ဆို ၄၊ ၅သိန်းလောက်ကျမှာဆိုတော့ မပြင်နိုင်သေးဘူး။ တချို့တွေ အလုံးလိုက်ပြိုနေတဲ့သူတွေတောင် ပြင်နိုင်တယ်။ ကျွန်မတော့ မပြင်နိုင်သေးဘူး။
ဒီတခါထပ်လှုပ်ရင် သေချာပေါက်ပြိုသွားတော့မှာ။ မိုးရွာရင်လည်း ရေတွေက ခါးလောက် ရောက်တယ်။ အိမ်သာဆိုလည်း မြုပ်နီးနီးရှိတယ်။ တနှစ်အတွင်းတော့ စိတ်ဓာတ်တွေကျတယ်။ အရမ်းစိတ်ဓာတ်ကျတော့ တော်တော့်ကိုခက်ခဲတယ်။ တော်တော်လည်းစိတ်ဓာတ်ကျပြီး ကိုယ့်ကိုကိုယ်တောင် အဆိပ်သောက်ဖို့တောင် လုပ်ဖြစ်သေးတယ်။
အမျိုးသားက ကုန်ထမ်းတယ်။ ငလျင်မဖြစ်ခင်က အမျိုးသားနဲ့ပေါင်းနေသေးတယ်။ အခုနောက်ပိုင်းကျ ကွဲသွားတော့ ကလေးနဲ့ ၂ ယောက်ထဲနေတယ်။ အခု ရပ်ကွက်ထဲ အဝတ်လိုက်လျှော်တာ၊ သူများပေးတဲ့ ထောက်ပံ့ကြေးနဲ့ စားရတယ်။
ကိုယ်ကလည်းမသန်စွမ်းဖြစ်နေတော့ ကလေးအတွက်ရော၊ အဖေကလည်းလေဖြတ်နေတော့ အရေးအကြောင်းဆို မကူနိုင်ဘူး။ အလုပ်အကိုင်ကမဖြစ်၊ ကိုယ့်ခြေထောက်ပေါ်ကိုယ်မရပ်တည်နိုင်၊ စိတ်ဓာတ်ကျလို့ ကိုယ့်ကိုကိုယ်တောင် တခုခုလုပ်ဖြစ်တယ်။
ငလျင်အတွက် ထောက်ပံ့မှုတွေက စစဖြစ်တုန်းက ဆပ်ပြာတို့၊ ဆီတို့၊ ကြက်သွန်တို့ ကုန်ကြမ်းလေး တွေ၊ ၁ သိန်း ၂ သိန်းတို့ တော့ရခဲ့တယ်။ အခုစက်ချုပ်သင်နေတယ်။ နောက်ကျ အဲ့ဒါလေးနဲ့ လုပ်စားမယ်။
မစနိုး
ပျဉ်းမနား၊ နေပြည်တော်။
ငလျင်ဖြစ်တုန်းက အိမ်မှာက အမေရယ် ကျွန်မရယ် ၂ယောက်ပဲရှိတာ။ ငလျင်လှုပ်တဲ့အချိန်က နေ့လည်အချိန်ကြီးဆိုတော့ မထင်ထားဘူး။ ဒီလိုငလျင်ကြီးတာ တခါမှလည်းမကြုံဖူးဘူးလေ။
အမေကလည်းအသက်ကြီးတဲ့သူ ကျွန်မကလည်း ခြေထောက်ကမသန်တဲ့သူ။ မသန်တဲ့အပြင် ခြေထောက်က ချော်လဲထားလို့ကောင်းတဲ့ ၁ဖက်က ကျိုးထားလို့ ဘယ်မှမသွားနိုင်တာ။ ကျွန်မက အောက်က အဖီဆွဲထားတဲ့အခန်းလေးမှာ နေတဲ့အတွက် နည်းနည်းသက်သာသွားတာပေါ့။ သားအမိ ၂ယောက်လုံး အိမ်ပေါ်မှာမဟုတ်ပဲအောက်မှာ အိမ်ရဲ့ဘေးမှာထိုင်နေတာ။ အသက်အန္တရာယ်တို့ ကိုယ်ခန္ဓာ ထိခိုက်တာတို့ မဖြစ်ပါဘူး။ မျက်နှာကျက် ပြိုတာတွေက ကျွန်မခေါင်းပေါ် ပြုတ်ကျတာ။ ကွဲပြဲတဲ့အထိတော့မဖြစ်ဘူး။ နာတာပဲရှိတာ။
အမေကလည်း အသက်ကြီးတဲ့သူ။ ကိုယ်တိုင်ကလည်း ခြေထောက်က မထောက်နိုင်တဲ့သူဆိုတော့ တော်တော်ထိတ်လန့်စရာကြီးပါ။ အိမ်က ဝရံတာကလည်း ပြို၊ အရှေ့ကလည်း တော်တော်ကျွံဝင် သွားတာဆိုတော့ လက်တလော မတက်ရဲဘူး။ အရှေ့မှာ လျှောစောက်ကြီးဖြစ်သွားတာ။ ခုံးပြီးအရှေ့ကို စိုက်နေတာ။ ကျွန်မတို့ခြေထောက်က ကုတ်အားမရှိတော့ဘယ်လိုမှ မတက်နိုင်ဘူး။ အိမ်ပေါ် မတက်ဖြစ်တော့ဘူး။ ဝရံတာကျိုးတာလည်း ကျိုးတဲ့ဟာ ဒီတိုင်း ထောက်ထားပြီး ပေကပ်ပြီး နေနေတာ။
အိမ်အရှေ့ကို ကျွံ့ဝင်သွားတာလည်း တော်တော်ကြီးကျွံဝင်သွားတာ။ ပြန်မြှောက်တာဘာညာ စုံစမ်းကြည့်တော့လည်း ၁၅ သိန်းကုန်မယ်ပြောလိုပြော သိန်း ၂၀ ကုန်မယ် ပြောလိုပြောဆိုတော့ ကျွန်မတို့မှာ ပိုက်ဆံအဲ့လောက်မရှိဘူး။ ကျွန်မတို့က အလုပ်လည်းမရှိဘူး။ ဝင်ငွေလည်းမရှိဘူး။ အမေကလည်း အသက်၇၀၊ ကျောင်းဆရာမ ပင်စင်စားဆိုတော့ မလုပ်နိုင်တော့ အဲ့ဒီအိမ်ကျွံနေတဲ့ အတိုင်းပဲ အောက်မှာပဲ နေနေတာ။
ကျွန်မတို့ဆို မသွားနိုင်မလာနိုင်တော့ သူများအကူအညီနဲ့ သူများက ချီပိုးပြီးပို့မှ သွားလို့ရတာ၊ အိမ်သာတွေကအစ အမြင့်ကြီးတွေဆို တက်လို့မရတာရယ်၊ အဲ့အခက်အခဲတွေကတော့ အများကြီး ပေါ့။
မအိပ်ခဲ့ရတဲ့ညပေါင်းမနည်းဘူး။ ငလျင်က ဆက်တိုက်လှုပ်နေတာဆိုတော့ ဘယ်လိုမှကို ခေါင်းချပြီး မအိပ်ရဲတာ။ နေ့ခင်းဆိုလည်း တငုတ်တုတ်တုတ်။ ညဆိုလည်း ငလျင်က ဘယ်အချိန်လှုပ်မယ်ဆိုတာ နားစွင့်နေရတာဆိုတော့ အိမ်အပြင်မှာပဲထွက်ပြီးတော့ ထိုင်နေရတာများတယ်။
အရင်တုန်းက မသန်စွမ်းသင်တန်းကျောင်းကနေ ဆံပင်ညှပ်သင်လာတယ်။ သင်လာပြီးတော့ အဲ့ဒါလုပ် လာတာ။ သွားလို့လာလို့ရတယ်။ အခုဟာ ချော်လဲပြီးတော့ ကျိုးသွားတော့ ညာဘက် ကလည်း နဂိုထဲက အကြောသေတာဆိုတော့ မလှုပ်နိုင်ဘူး။ ဘယ်ဘက်ကလည်း ကိုယ်ခန္ဓာကိုယ်ကို မနိုင်တော့ မတ်တပ်လည်းမရပ်နိုင်တော့ လုပ်မစားရတာကြာပြီ။ ငလျင်မတိုင်ခင်ကတည်းက လုံးဝကို မပြေးနိုင် မလွှားနိုင်တာလေ။
အမေ့ရဲ့ပင်စင်လစာလေးကလည်း လူကြီးဆိုတော့ ဆေးဖိုးနဲ့ဘာနဲ့ဆိုတော့ ကျွန်မကလည်း မပေးနိုင် ဘူး။ သူကလည်းမပေးနိုင်ဘူး။ ကျွန်မက သမီးလေးတယောက်ရှိတယ်။ သမီးလေးက ရန်ကုန်မှာ စက်ရုံမှာ လုပ်နေတာ သမီးလေးထောက်ပံ့တဲ့ဟာနဲ့ နေနေတာ။ အခု ၁နှစ်အတွင်းဆို ပိုခက်ခဲသွားတဲ့ အပြင် အခုပျက်စီးနေတာလည်းမပြင်နိုင်တော့ စိတ်မချမ်းသာဘူးပေါ့။ ဒီတခါသာ ငလျင်အကြမ်းသာ လှုပ်လိုက်ရင် တို့အိမ်ကတော့ ပုံပြီးသားဖြစ်ပြီ။ အဲ့လိုမျိုးပဲနေနေရတာ။
ငလျင်ဖြစ်တုန်းက ကျွန်မတို့ အိမ်ပျက်စီးတဲ့ဟာကို ကူညီတဲ့အဖွဲ့တွေဆီ စာရင်းတင်တဲ့အခါမှာလည်း သွပ် ၂၂ချပ်ပဲ ချပေးတာ။ အဲ့ဒါက တအိမ်လုံးလည်း မရဘူးလေ။
ကျွန်မတို့ဆီမှာကျ ငလျင်လှုပ်တာ အောက်အထိ ပုံကျသွားတဲ့အိမ်တွေပဲ အထောက်အပံ့ရကြတာ အိမ်က ဟိုမရောက်ဒီမရောက် ကျွံကျနေတဲ့ဟာကိုတော့ ဘာမှမလုပ်ပေးဘူးလေ။ ကိုယ့်ဟာကိုယ် ကလည်း ပြင်စရာမရှိဘူး။ နေလို့ အဆင်မပြေလည်း ပြေပြေမပြေပြေ ကြောက်ကြောက်နဲ့ပဲ နေနေရ တာပေါ့။
နဂိုထဲကမသန်စွမ်းတွေက အားငယ်မှုတွေ။ စိတ်ဓာတ်ကြံ့ခိုင်မှုက မနည်းအားမွေးထား မှကြံ့ခိုင်တာ၊ အဲ့လိုလန့်ဖြန့်ရင်ပိုတောင်စိတ်အားငယ်ဦးမယ်။ လက်ရှိကုန်ဈေးနှုန်းတွေတက်တော့ ဟင်းကိုတခွက်ပဲ ချက်နိုင်တော့တာပေါ့။ ဟင်းကိုမစားလို့လည်း မဖြစ်ဘူး။
အစပိုင်းတုန်းကလည်း မသန်စွမ်းအဖွဲ့အစည်းတချို့က လာထောက်ပံ့ပါတယ်။ တချို့ကျတော့လည်း အိမ်ပြင်လောက်တဲ့အထိ မရဘူးပေါ့။ အများရဲ့ထောက်ပံ့မှုဆိုတော့ ၅သောင်းမျိုး ရတာမျိုး၊ လိုတဲ့ ဟာလေးတွေ ခြင်ထောင်တို့ စောင်တို့ အိမ်သုံးပစ္စည်းလေးတို့ အဲ့လိုမျိုးလေးတွေ လှူတဲ့အဖွဲ့ကလည်း လှူတယ်။ အဲ့လိုမျိုးလေးတွေရခဲ့ပါတယ်။
တကယ်အရေး ကြုံလာရင် အများကယ်ဆယ်ရေးစခန်းမှာ ကျွန်မတို့လိုမသန်စွမ်းတွေက သွားနေလို့ အဆင်မပြေဘူး။ သပ်သပ်အဆင်ပြေတဲ့ နေရာမျိုးလေးရမှ အဆင်ပြေမှာ။ ဒါပေမယ့်လည်း အရေးအကြောင်းဆို မသန်စွမ်းတွေကို ထည့်မစဉ်းစားမိကြပါဘူး။ ရေကြီးတယ် ရေဘေးဆိုလည်း မသန်စွမ်းဆိုလည်း ဒါပဲလေ။
တခုခုဖြစ်ခဲ့ရင် သဘာဝဘေးအန္တရာယ်ပဲကြုံကြုံ ကယ်ဆယ်ရေး စခန်းဆိုတာမျိုးက ကျွန်မတို့ မသန်စွမ်းတွေ အတွက်က ဘယ်လိုမှ အဆင်မပြေဘူးလေ။ မသန်စွမ်းတွေအတွက် သပ်သပ်သီးသန့် ရှိမှသာ အဆင်ပြေမှာ။ ကိုယ်တွေကကျသူများ အကူအညီကိုယူရတာ၊ အရေးအကြောင်းဆိုလည်း မေ့ကြတာများပါတယ်။ ကျွန်မတို့ကအမေ့ခံဖြစ်နေတာ။
မကံ့ကော်
ပတ္တမြားရပ်ကွက်၊ စစ်ကိုင်းမြို့ ။
ကျွန်မတို့ကအစထဲက အိမ်တွေဘာတွေမရှိဘူး။ စက်ရုံမှာနေစရာနေရာ ပေးထားတာ။ အဲ့တဲမှာပဲ နေတာ။ ကျန်တဲ့ စစ်ကိုင်းနေရာတွေတော့ ပြိုတာတွေပျက်စီးတာ တွေဖြစ်တာပေါ့။
ငလျင်ဖြစ်ပြီးတော့ မီးတွေရော၊ ရေတွေရောမရတဲ့အခါကျတော့ ကျွန်မတို့ စက်ရုံက ၂လခွဲ ပိတ်လိုက်တာ။ ကျွန်မကလည်း မသန်စွမ်းဆိုတော့ စားတာ၊ သောက်တာ၊ သွားတာ၊ လာတာ အခက်အခဲဖြစ်တာပေါ့။ ကျန်တာတော့ ဒဏ်ရာဒဏ်ချက်ကတော့ မရှိဘူးလေ။ လစာတွေ ဘာတွေ လည်း မရဘူး။ အများဖြစ်တာဆိုတော့လေ။
စက်ရုံပြန်ဖွင့်တော့ ကိုယ်လုပ်နိုင်တဲ့အလုပ်ကို လုပ်နေတာ၊ စဖြစ်ပြီးထဲက သတ္တိမွေးထားတဲ့အတွက် ကိုယ်ဖြစ်လာတဲ့ အခက်အခဲ ကိုကျော်ဖြတ်ပြီးသွားမယ်လို့ တွေးပြီးလုပ်သွားတာ။ ငလျင်ဖြစ်တဲ့ အချိန်က စက်ရုံပိတ်တဲ့အချိန်လေ။ စက်ရုံပိတ်တဲ့အချိန်မှာ အလုပ်သမားတွေအဆောင်မှာ သွားနေတဲ့ အချိန်မှာ ရုတ်တရက်ထဖြစ်တာ၊ စလှုပ်နေတဲ့ပထမဦးဆုံးတချက်ကို အကုန်လုံး အဆောင်ထဲမှာ ခါရမ်းနေတဲ့အချိန်နေလိုက်တာ၊ နည်းနည်းငြိမ်သွားတဲ့အချိန်အကုန်အပြင်ကိုထွက်ပြေးတာ၊ ထွက်ပြေး တော့လည်း အပင်အောက်တွေပဲ ရှိတာ။
သစ်ပင်နားမှာမနေနဲ့ဆိုတော့ ထပ်ပြီးထွက်ပြေး။ လှုပ်နေတဲ့အချိန်တော့ ကြောက်တာလန့်တာတော့ ရှိတာပေါ့။ ကျွန်မတို့ကိုပေးထားတဲ့ အခန်းက မပြိုသွားဘူး။ စက်ရုံကမပြိုသွားဘူး။ အတွင်းပိုင်း ကတော့ ပျက်စီးသွားတာ။ ခဏတိုင်းလှုပ်နေတော့ ရင်တွေတုန်တယ်။ မှောင်သွားတဲ့အချိန်မှာ အိမ်သာသွားတဲ့အချိန် ခက်ခဲပေမယ့် သူများတွေကအပြင်မှာပဲအိပ်ကြတာ။ ကျွန်မက အခန်းထဲမှာပဲ နေတယ်။
လနဲ့ချီပြီး မီးရော ရေရောမရလို့ ငွေရေးကြေးရေးရော အစားအသောက်ရော ခက်ခဲတယ်။ ထမင်း ၃နပ်စာတောင် မစားတော့ဘူး။ ပိုက်ဆံရှိပေမယ့် ဘယ်လောက်အထိ အလုပ်ကပိတ်မလဲ မသိတော့ ၁ နပ်ပဲစားတော့တာ။ ဘာမှလည်းဝယ်စားလို့မရတော့ဘူး။ အစားအသောက်ဆိုလည်း အရမ်းဆာမှ စားတယ်။
အဲ့ကာလကဆို အမျိုးသမီးတွေအတွက်ဆို အစစအရာရာ ခက်ခဲမှုတွေကတော့ရှိတယ်။ ခက်ခဲတယ် ဆိုပေမယ့်လည်း ဒါကိုတတ်နိုင်သလောက်တော့ ကျော်ဖြတ်ရမယ်။ ကျွန်မမှာ အားငယ်စိတ်တွေတော့ မရှိဘူး။ အခုချိန်ထိလည်း တနေ့စာ အလုပ်လုပ်တယ်။ ကိုယ့်ကသမီးလေးကို ကျောင်းထားပေးတယ်။ ဘယ်လိုပညာတတ်အောင် လုပ်ပေးရမလဲ ကျွန်မရဲ့ခွန်အားနဲ့ အဲ့ဒါတွေးပြီးကျော်ဖြတ်နေပါတယ်။
မသီသီ
ချမ်းမြသာစည်၊ မန္တလေးမြို့။
ငလျင်က ကလေးအငယ်လေးနဲ့နေနေတုန်း ဖြစ်တာ၊ ကလေးကိုချီပြီးပြေးလို့လည်းမရဘူး။ ကုတင်ပေါ်မှာ သေတော့လည်း ငါတို့သားအမိနှစ်ယောက်သေပစေဆိုပြီး ထိုင်နေရုံပဲရှိတာ၊ ပြေးလို့လည်းမရဘူး။
ကျွန်မတို့ကအိမ်ငှားလေ၊ အိမ်က မပြိုဘူး၊ စောင်းသွားတယ်။ အိမ်သာကလည်း အက်သွားတယ်။ ဝန်းတွေက လဲတယ်။ တံခါးတွေကပိတ်လို့မရတော့ဘူး။ အဲ့လိုဖြစ်တာ၊ လူတွေကတော့ ဘာမှ မဖြစ်ဘူး။ အိမ်ကလည်း သစ်သားအိမ်ဆိုတော့ အခုထိတော့မပြင်နိုင်ဘူး။ ကျွန်မတို့က အိမ်ငှား ဆိုတော့ အိမ်ရှင်ကလည်းမပြင်နိုင်ဘူး။ ကျွန်မတို့ကလည်းမပြင်နိုင်ဘူး။ ဒီအတိုင်းအဆင်ပြေသလိုပဲ နေလိုက်ရတာ၊ အရမ်းကြီးတော့မဆိုးဘူး။ နေလို့တော့ဖြစ်ပါတယ်။
ကျွန်မတို့အိမ်ဘေးမှာတိုက်က ၃ထပ်တိုက်ရှိတယ်လေ။ အဲ့တိုက်ကတော်တော်ကြီး အက်သွားတာ၊ ကျွန်မတို့အိမ်က အပုလေး၊ အသေးလေးဆိုတော့ သူတို့ဘက်က ပြိုလာမှာ အဲ့ဒါကိုစိုးရိမ်တာ၊ ကြောက်တာ။ ငလျင်ရဲ့နောက်ဆက်တွဲမှာ နည်းနည်းလှုပ်တာကျ အိမ်ဘက်မှာပြိုလာမလားဆိုပြီး အိမ်ရှေ့ဘက်ထွက်အိပ်ရတာ။ အိမ်ကလည်းသေးတော့ အဲ့ဘက်ကပြိုလာရင် ပိမှာလေ။
ငလျင်ပြီးတော့ စီးပွားရေးကလည်း တော်တော်ဆိုးသွားတယ်၊ ကျွန်မတို့အလုပ်က မီးစက်တို့၊ ဘောက်တို့၊ အသံချဲ့စက်တို့ငှားတဲ့အလုပ်လေ။ အလှူတို့၊ ရပ်ကွက်ထဲလုပ်တဲ့ မင်္ဂလာဆောင် အသေးလေးတွေကို ငှားတာ။ အရင်တုန်းကတော့ ပွဲလမ်းတွေဘာတွေ အလှူတွေရှိရင်ငှားတယ်။ နောက်ပိုင်းကျ မငှားဖြစ်တော့ဘူး။ အခုပိုဆိုးတာက ဆီတွေဘာတွေလည်းတန်းရတော့ ဆီဈေးတွေလည်း တက်တော့ မီးစက်နဲ့ကျအလုပ်မဖြစ်တော့ မငှားကြတော့ဘူး။ အဲ့ဒါနဲ့ကျွန်မလည်း အဲ့ပစ္စည်းတွေနည်းနည်းခြင်းဖဲ့ရောင်းစားနေတာ တော်တော်လည်းပါးနေပြီ။ ၁နှစ်ပြည့်တဲ့အချိန်အထိ စိုးရိမ်မှုတွေရှိတယ်။ အိပ်မပျော်တာတို့၊ စိတ်ညစ်တာတို့ရှိတယ်။
အကြီးက မူကြိုတက်တယ်။ အငယ်လေးကလည်းနေသိပ်မကောင်းတော့ ခဏခဏဆေးခန်းပြရတော့ အလုပ်တွေ အဆင်မပြေတော့စိတ်ညစ်တာပေါ့။ အိမ်ငှားတွေက အခုကရှာရခက်တယ်။ ပြီးရင် ဈေးလည်းကြီးတော့ အိမ်ကတနေရာနဲ့တနေရာပြောင်းဖို့ကျ ကျွန်မတို့ဒီအိမ်က တလချင်းပေးဆိုတော့ လကုန်မှရှာပေးလို့ရတယ်။ တခြားနေရာတွေကျ ၆လတို့၊ ၁ နှစ်တို့ အိမ်လခလည်း ဈေးကြီးတော့ မတက်နိုင်ဘူးလေ။ ဒါလေးက ၈ သောင်းဆိုတော့ အဆင်ပြေသေးတယ်။ တခြားနေရာက ၁သိန်းခွဲတို့ ၊ ၂ သိန်းတို့ဖြစ်သွားပြီ အဲ့ဒါတောင် လိုင်းခန်းသေးသေးလေးပဲလေ။
ကျွန်မတို့က လိုင်းခန်း ၆ခန်းတွဲဆောက်ထားတာ စိတ်ပူတာက အိမ်သာပဲ။ အိမ်သာက အိမ်ရှင်က အိမ်ငှားတွေပဲထားမှာဆိုတော့ အုတ်မြစ်ချတာကအစ မြေကြီးမှာပဲ။ ပြိုမယ်ဆို ကျွင်းထဲကိုနစ်ပြီး ပြိုကျမယ့်သဘောရှိတယ်။ အိမ်သာအက်နေတာဆိုတော့ အခု ငလျင်သေးသေးလေးတွေ လှုပ်နေတာ တောင် နောက်ဖေးသွားမယ့်အချိန် မသန်စွမ်းဆိုတော့ ထပြေးဖို့လည်း မလွယ်ဘူးလေ။ အိမ်သာတော့ တော်တော်စိုးရိမ်တယ်။ အိမ်ကတော့ ဘေးအိမ် ပြိုလာမှာပဲ ကြောက်တာ။
မသန်စွမ်းအမျိုးသမီးတွေအတွက်က အစထဲကမှ အလုပ်အကိုင်မရှိတာတို့ ပညာအရည်အချင်း နည်းပါးတာတို့က ရှိပြီးသားဆိုတော့ ငလျင်နဲ့ကျတော့ပိုဆိုးတာပေါ့။ လုပ်ကိုင်စားသောက်ဖို့တွေ ကလည်း မလွယ်တော့ဘူး။ ကျွန်မတို့ကျ အရင်းအနှီးတွေဘာတွေလည်းကိုယ်တိုင်ထုတ်ဖို့က အဆင်မပြေတော့ ဈေးရောင်းစားဖို့လည်းမလွယ်ဘူး။
ငလျင်စစဖြစ်တုန်းကတော့ အကူအညီထောက်ပံ့တော့ရတယ်။ ၂ သိန်း ၃ သိန်းတော့ရဖူးတယ်။ ကျွန်မတို့က တအိမ်ထဲမှာ မသန်စွမ်းက ၂ ယောက်ဆိုတော့ အမျိုးသားကလည်းမသန်စွမ်းပဲလေ။ တအိမ်ထဲ ၂ယောက် ပေးလို့မရဘူးဆိုပြီး ကျွန်မအနေနဲ့ရတာရှိတယ်။ အမျိုးသားအနေနဲ့ တခါမှမရဘူး။ တကိုယ်ရည်သုံးပစ္စည်းလေးတွေ ရသေးတယ်။ သန်တဲ့သူတွေ လက်လုပ်လက်စားတွေတောင် မလွယ်ဘူး။ အဲ့တုန်းကဆို ဆေးသုတ်တို့ လက်သမားတို့ တောင်တော်တော်နားလိုက်ရတယ်။ မသန်တဲ့သူတွေ အတွက်က ပိုဆိုးတယ်။
ကျွန်မတို့ကအစထဲက အလုပ်အကိုင်အခွင့်အလမ်းကလည်းနည်းတယ်လေ။ ကိုယ်ပိုင်လုပ်ငန်း လုပ်ရင်လုပ် မလုပ်ရင်ဈေးရောင်းဒါပဲရှိတာကိုး။ သူများလုပ်ငန်းသွားလုပ်ဖို့ကလည်း မသန်တာနဲ့ပဲ ခန့်တာနည်းတယ်လေ။ အခုတော့ ကလေးငယ်ငယ်လေးနဲ့ဆို ဈေးပဲရောင်းစားရမှာပဲ။ အရင်တုန်းက ခရီးဆောင်အိတ်တွေလည်းချုပ်တယ်။ အဲ့အလုပ်က ကလေးပါရင် မလာနဲ့ပြောလို့ ကလေးနဲ့ထားခဲ့ဖို့ အိမ်မှာ က ဘယ်သူမှမရှိဘူး။ နောက်ပိုင်းအဆင်မပြေတော့ရင်တော့ အမျိုးသားလည်းဈေးရောင်း၊ ကိုယ်လည်း ဈေးရောင်းမယ်လို့ ပြောထားတာတော့ရှိတယ်။ အကူအညီအထောက်အပံ့ကတော့ စိတ်ပိုင်း ဆိုင်ရာနှစ်သိမ့်ဆွေးနွေးပွဲလေးတွေလုပ်ပေးတာမျိုးတို့လိုတယ်။
အခုဆိုရင် စီးပွားရေးတွေအဆင်မပြေတာတမျိုး၊ ငလျင်ကဖြစ်တာတမျိုး၊ ကုန်ဈေးနှုန်းကြီးတာတမျိုးနဲ့ တော်တော်လေးစိတ်ဓာတ်ကျနေတဲ့ မသန်စွမ်းတွေရှိတော့ စိတ်ပိုင်းဆိုင်ရာ ကူညီပေးတာတွေ လုပ်တာတို့၊ လုပ်ငန်းလေးတွေထဲမှာ ချိတ်ဆက်ပေးတာမျိုးတို့ အလုပ်အကိုင်လေးတွေ ရှာဖွေပေးတာ တို့ အဲ့လိုလုပ်ပေးတာ၊ သက်မွေးပညာလေးတွေသင်ပေးတာ၊ လက်မှုတို့ ဈေးရောင်းဆိုလည်း ဈေးရောင်းအဲ့ဒါမျိုးလေးတွေလုပ်ပေးရင် အဆင်ပြေပါတယ်။
ဈေးတွေကလည်းကြီးတော့ ဟင်းစားတော့ ဖြစ်သလိုပဲစားလိုက်တယ်။ ကလေးတွေကျန်းမာရေး၊ ၂ယောက်လုံးက နေမကောင်း၊ ချူချာတဲ့အထဲမှာပါတော့ သူတို့ဆေးဖိုးနဲ့အိမ်လခ ပူရတယ်။ မသန်စွမ်း တွေ အကုန်လုံးကတော့ ဆင်းရဲဒုက္ခတွေရောက်နေတာဆိုတော့ စိတ်ပိုင်းဆိုင်ရာ၊ လုပ်ငန်း ချိတ်ဆက် ပေးတာ လုပ်ပေးရင် အဆင်ပြေပါတယ်။
မမီးမီး
မန္တလေးမြို့။
ပထမငလျင်တုန်းကမဖြစ်ဘူး၊ ဒုတိယ ငလျင်လှုပ်တဲ့အချိန်မှာသမီးတို့က အခန်းထဲမှာဆိုတော့ သမီးတို့ရဲ့ အနောက်ဘက်က ၃ထပ်တိုက်ရှိတယ်။ အဲ့သုံးထပ်တိုက်က အလုံးလိုက်ကျွတ်ပြီးတော့ ပြိုသွားတာ။ ဟိုဘက်အိမ်ဘက်ကိုပြိုတာ။ ဒါပေမဲ့ သူ့ရဲ့အပိုင်းအစတွေက ကိုယ့်ပေါ်လည်းလာပြီး ပြိုတဲ့အခါကျတော့ အုတ်တံတိုင်းပိသွားပြီး ခြေထောက်ဖြတ်လိုက်ရတာ။
မေမေတို့အိမ်ကတော့ဘာမှမဖြစ်ဘူး။ အိမ်ဝိုင်းကြီးထဲမှာကိုမှ လူကြီးတွေ၊ မိသားစုတွေနေတဲ့အိမ် သပ်သပ်နဲ့ သမီးတို့က အိမ်လေးသပ်သပ်နေကြတာ။ အဲ့ဒါကပြိုသွားတော့ ပြန်မဆောက်တော့ပဲနဲ့ အဲ့အတိုင်းပဲထားထားပြီး မေမေတို့အိမ်ထဲမှာပဲနေတာ။ အရင်တုန်းကကျတော့အလုပ်ရှိတယ်လေ။ ဆိုင်ကယ်နဲ့ Delivery(ပို့ဆောင်ရေး)လုပ်တာ၊ အဲ့နေ့ကနားရက်ဆိုပြီးနားရင်းနဲ့ဖြစ်သွားတာ။ အခုလည်းအလုပ်မလုပ်နိုင်တော့ဘူး။
ဆေးကုသမှုက ဆေးရုံထဲမှာ ၂လကျော်ကျော်တော့ ကုခဲ့ရတယ်။ ငလျင်တွေဘာတွေလည်း ကြောက်ရသေးတယ်။ ကိုယ့်အိမ်ကကျ တိုက်နဲ့တာနဲ့မဟုတ်ဘူး၊ သစ်သားနဲ့ ဆိုတော့ အိမ်ပြန်လိုက် ရင်တော့ ငလျင်ထပ်လှုပ်လည်း ကိုယ့်အိမ်နဲ့ဆိုတော့ ပြိုစရာမိစရာ သိပ်မရှိဘူးပေါ့။ အဲ့လိုတွေးလိုက် တာ။ ဆေးရုံမှာက အုတ်တံတိုင်းတွေကလည်း အက်တာနဲ့ဘာနဲ့ ဆိုတော့ စောစောစီးစီးဆင်းခဲ့ လိုက်တာ။ ဒူးအောက်၊ ခြေသလုံးကဖြတ်လိုက်ရတာ။
အဲ့တုန်းက ငလျင်အတွက်ဆိုပြီး အလှူရှင်တွေနဲ့ချိတ်ဆက်ပြီး ဆရာမတွေက နာမည်စာရင်းတောင်း တော့ ပေးလိုက်ပြီး လှူပေးတဲ့အလှူရှင်တွေရှိတော့ ခြေတုက လှူပေးတယ်။ အခုကျ ဘာမှမလုပ်တော့ ဘူး။ ဆေးရုံတက်ပြီးကတည်းက လူက ချူခြာသလိုဖြစ်သွားတာ အရင်ကတော့သန်သန်မာမာပဲ၊ လူကတော့ထွားထွားကြီးပဲ။ ဒါပေမဲ့ အမြဲတမ်း ရှင်းရှင်းလင်းလင်းကြီး နေကောင်းနေတဲ့နေ့လို့ မရှိတော့ဘူး။ တခုမဟုတ်တခုကဖြစ်နေတာ၊ ခေါင်းတွေမူးတယ်။ ရင်ထဲနေလို့မကောင်းဘူး။ အဲ့လိုပဲ ဖြစ်တယ်။ ကောင်းကောင်းမွန်မွန်လည်းမဟုတ်တော့ဘူး။
တခုခုဆို အိမ်ကိုကူချင်လို့ ထမင်းလေး၊ ဟင်းလေး ကူချက်ပေးမယ်ဆိုလည်း ကိုယ့်ဟာနဲ့ကိုယ် မောနေတာ။ ကိုယ်ကစိတ်ပဲရှိတော့တယ်။ လုပ်မပေးနိုင် တော့ဘူး။ အဲ့တော့ အပြင်အလုပ်လုပ်ဖို့ ဆိုတာလည်းမဖြစ်တော့ဘူးလေ။
စားဝတ်နေရေးအတွက်ကြတော့ သမီးအမျိုးသားက လစာ ၃သိန်းခွဲရတာ၊ သူ့ဟာနဲ့ပဲ စားတာပေါ့။ မိဘမွေးတုန်းကအကောင်းအတိုင်းပဲလေ။ အခုကျဒီလိုဖြစ်သွားတော့ အိမ်ခါနီးဆို တွေးမိရင်တော့ စိတ်မကောင်းတော့ဖြစ်တာပေါ့။ ဒါပေမဲ့ ကိုယ့်မိဘရှိတော့ သူတို့လည်းစိတ်ဆင်းရဲ မှာစိုးတော့ ဝမ်းနည်းကြောင်းလည်း မပြဘူး။ ကိုယ့်ဟာနဲ့ကိုယ် ပျော်ပျော်ရွှင်ရွှင်ပဲနေတယ်။ သူတို့လည်း စိတ်ဆင်းရဲနေမှာစိုးလို့လေ။
သူတို့ရှေ့မှာတော့ သန်မာသလိုပဲ နေပြတော့ ကိုယ့်သမီးလေးအဆင်ပြေတယ်ပေါ့။ ကိုယ့်ကွယ်ရာမှာ ဆို သူတို့လည်း စိတ်မကောင်း တော့ ဖြစ်ကြတာပေါ့။ သူတို့လည်းရှေ့မှာဆို စိတ်မကောင်းဖြစ်မှာစိုးလို့ ထုတ်မပြကြတာ၊ ကိုယ်လည်း သူတို့ရှေ့မှာ ငိုလည်းမငိုဘူး။ ထုတ်မပြဘူး။ အမျိုးသားကလစာလည်း မတိုးဘူး။ ချွေတာရတယ်။ ငလျင်နဲ့ပတ်သက်ရင် တကယ်ချို့တဲ့တဲ့သူတွေကို ကူညီပေးလို့ရရင် ကူညီပေးစေချင်ပါတယ်။
ဒေါ်လွင်
ပျဉ်းမနား၊ နေပြည်တော်။
ကျွန်မတို့အိမ်က ၂ထပ်တိုက်လေ။ အုတ်တွေကကျွံသွားတာ အုတ်တခဲချင်းစီ ကြေကုန်တာလည်း ရှိတယ်။ အုတ်အချပ်လိုက် ကျွံပြီး အပြင်ကိုထွက်လာတာရှိတယ်။ အိမ်ထဲ ဝင်လာတာရှိတယ်။ ကျွန်မက ကိုယ်အင်္ဂါမသန်စွမ်း၊ သားအကြီးကောင်က ဉာဏ်ရည်မသန်စွမ်းပေါ့နော်။ အခုလက်ရှိလည်း ပြန်လည်ထူထောင်ရေးဆိုပေမယ့် လွယ်လွယ်ကူကူ ပြန်မလုပ်နိုင်သေးပါဘူး။
ဖြိုချလို့ရတဲ့ဟာဖြိုချပြီး ပြန်ပြီးတော့ မလုပ်နိုင်သေးတဲ့ဟာလေးကို လာမယ့်နှစ်မှ အစီအစဉ်က ရှိမှာပေါ့။ အိမ်ရဲ့အနေအထားကျတော့ ချက်ချင်းဖြိုချပစ်ဖို့ကလည်းငွေလိုတယ်လေနော်။ ပြန်ဆောက်ဖို့ ကျလည်း ငွေလိုတဲ့အနေအထားမှာ ၂ ခုလုံးက ငွေလိုအပ်တယ်ဆိုတော့ ဘယ်လိုလုပ်လဲ ဆိုတော့ အိမ်က အပေါ်ထပ်ကနေ ကျွံလာတဲ့အုတ်ချပ်တွေကို တွန်းချပစ်တာ။ ကျွန်မတို့သားအမိတွေက ခြံရဲ့အနောက်မှာ ၁၅ ပေလောက် ကျယ်တဲ့မြေအပိုလေးမှာပဲ မိုးကာတွေကာပြီး တဲပုံစံမျိုး ယာယီခဏ နေရတာ။ မျောတိုင် လိုမျိုးနဲ့ အဖီဆွဲပြီးသွပ်နဲ့ အိမ်မကြီးကို ပိုနေတဲ့မြေလေးမှာ အဖီလေးဆွဲပြီး တိုက်ကိုမှီပြီး နေနေတာ၊ မဆောက်နိုင်မချင်းကတော့ နေရမှာပေါ့။
အိမ်ကသွပ်တွေဆို အိမ်ကကန့်လန့်ဖြတ်ကိုတစောင်း အနောက်ဘက်တခြမ်းလုံးက အကုန်လုံး ကြေပြီးတော့ သွပ်တွေက ရွဲ့သလိုဆိုတော့၊ မိုးရွာရင်အိမ်တအိမ်လုံးက နေလို့မရဘူး။
ငလျင်ဖြစ်ပြီး နောက်မှာ အသေးလေးတွေကလည်း အရမ်းလှုပ်တယ်။ မသန်စွမ်းဆိုတာ ဇိုးခနဲ ဇက်ခနဲထပြေးနိုင်တဲ့အနေအထားမရှိဘူးလေ။ ငလျင်လှုပ်တယ်ဟေ့ဆို ကိုယ်ထိလက်ရောက် ထပြေးနိုင်တဲ့ မသန်စွမ်းဆိုတာရှားတယ်။
နေပြည်တော်မှာ၊ ပျဉ်းမနားမြို့ပေါ်မှာဖြစ်သွားတဲ့ငလျင်နဲ့ပတ်သက်လို့ လူဦးရေအများကြီးဆုံးရှုံးတယ်။ ပျဉ်းမနားမြို့က သချိုင်းမြို့လိုဖြစ်သွားတာ၊ ကြီးကြီးကျယ်ကျယ် စိတ်ထိခိုက်ရတဲ့အနေအထားမှာ ရှိပါတယ်။
ကျွန်မအလုပ်က အိမ်ခြံမြေဆိုတော့ တချို့က ကန်ထရိုက်ယူပြီး ဆောက်မယ်ဆို ဆောက်ခွင့်မရတဲ့ သူတွေလည်း အခုထိရှိသေးတော့ စီးပွားရေးက အရှိန်အဟုန်နဲ့ သွားနေတာမဟုတ်ဘူးဆိုရင်တောင် ခြေလှမ်း ၁၀ လှမ်းသွားနေရာကနေ ၃ လှမ်းနဲ့သွားနေရတဲ့ပုံစံ ဖြစ်သွားတယ်။ ကျွန်မက တကိုယ်ရည်မိခင်လည်းဖြစ်တယ်။
ငလျင်စဖြစ်တုန်းကတော့ မသန်စွမ်းအသင်းကနေ ဆန် ၂၄ ပြည်၊ ကြက်သွန်နီ ကြက်သွန်ဖြူ မြေပဲ၊ အခြေခံစားသောက်ကုန်ရဖူးတယ်။ မသန်စွမ်းတွေကို အသင်းတွေကထောက်ပံ့ကြတယ်။
အိမ်အနေအထားဆို စီးပွားရေးကောင်းတဲ့အနေနဲ့ ဆောက်ထားတော့ လုံးဝ အသစ်ပြန်ဆောက်ရမယ့် အနေအထားကိုသွားရမှာ သိန်း၂၀၀ ပတ်ချာလည်တောင် ရမယ့် အနေအထား မရှိဘူး။
နောက်နှစ်လယ်လောက်မှ အဆင်ပြေမှပြန်လုပ်ရမှာ။ မသန်စွမ်းအမျိုးသားပဲဖြစ်ဖြစ်၊ အမျိုးသမီးပဲ ဖြစ်ဖြစ် သူတို့အတွက် လိုအပ်ချက်အများကြီးရှိတယ်။ စီးပွားမရှာနိုင်တဲ့ မသန်စွမ်းတွေလည်း ရှိတယ်။ ကိုယ်ပိုင်ဝင်ငွေမရှိဘူး။ ကိုယ်ပိုင်ပညာတတ်ထားတာမရှိဘူးဆို ဘာတွေဖြစ်မလဲဆို မိသားစုမှာ လက်ဖြန့်တောင်းရမယ်၊ မိသားစုကလည်းအဆင်ပြေချင်မှပြေမယ် ဒီလိုအခြေအနေတွေရှိတာပေါ့။
ဒေါ်အေးရီ
နေပြည်တော်၊ ဇေယျာသီရိမြို့နယ်
ငလျင်ဘေးဖြစ်ခဲ့တဲ့အချိန်ကမသန်စွမ်းတွေဖြစ်တဲ့အတွက် ရုတ်တရက်ရှောင်တိမ်းဖို့ဆိုတာ မလွယ်ကူပါဘူး။ ထပြီးရှောင်ဖို့အချိန်မှာပဲ ချော်လဲခဲ့ပါတယ်။ ဘယ်ဘက်ဒူးဆစ် အမှေးပါးရောင် သွားလို့ လမ်းမလျှောက်နိုင်ပဲ ၁လကြာဆေးခန်းပြရပါတယ်။
နေအိမ်အဆောက်ဦးကတော့အက်ကွဲကြောင်းတွေဖြစ်ပြီး အနည်းငယ်ပြိုကျပျက်စီးခဲ့ပါတယ်။ နေထိုင်ဖို့အခက်ခဲဖြစ်တာကြောင့် တတ်နိုင်တာလေးနဲ့ပြုပြင်ခဲ့ပြီးပါပြီ။ မသန်စွမ်းဖြစ်တာကြောင့် သွားလာရမလွယ်ကူတဲ့အတွက် ဒီလိုကြီးကြီးမားမားထပ်ဖြစ်မှာစိုးရိမ်ပါတယ်။
ထောက်ပံ့ကြေးက ငွေ ၁သိန်း၂သောင်းနဲ့ ဆေးဝါးစောင် ၁ထည်၊ ခြင်ထောင်တလုံး၊ ဆန် ၁အိပ်တို့ ရရှိခဲ့ပါတယ်။ သက်သာမှုကတော့ မရှိဘူး။ အခုအချိန်မှာ သွားလာရေးကမလွယ်ကူတဲ့အတွက် စားဝတ်နေရေးကတော့ မသန်စွမ်းသူတွေအတွက် ကုန်ဈေးနှုန်းကြီးမြင့်မှုတွေရှိနေတော့ ပိုမိုခက်ခဲနေပါတယ်။
မသန်စွမ်းတွေဖြစ်တဲ့အတွက် သဘာဝဘေးနဲ့ကြုံလာရင် အများနဲ့မတူဘဲ ထိခိုက်မှု အများဆုံးနဲ့ ကြုံရ ပါတယ်။ အရေးပေါ်ကြုံလာမယ်ဆိုရင် အနီးစပ်ဆုံး ကိုယ်ခွန်အားနဲ့ကြိုးစားမယ်။ မဖြစ်နိုင်တော့ ရင် နီးစပ်ရာ ကူညီနိုင်မယ့်လူတွေကို အကူအညီတောင်းပါမယ်။ အခုအချိန်ကြာလာတော့သတင်းတွေ၊ ပညာပေးတွေနားထောင်တယ်၊ လိုက်နာတယ်။ နောက်တခါ ကြိုတင်ကာကွယ်နိုင်အောင်ပေါ့။
အရင်ကတော့ ဈေးရောင်းတယ်။ အခုတော့ဘာမှမလုပ်နိုင်တော့ပါဘူး။ စီးပွားရေးကတော့ ခက်ခဲတာ ပေါ့။ လက်ရှိကတော့အမျိုးသားက ဆိုင်ကယ်ကယ်ရီဆွဲပါတယ်။ မြေးလေး ၁ယောက်ရှိပါတယ်။ သူကလည်းမသန်စွမ်းလေးပါ။ သူ့ကိုပြုစုရတယ်။ ငလျင်ကြောင့်ချော်လဲတုန်းက မသန်တဲ့ဘက်က ခြေထောက်က ထိသွားတော့ ပိုခက်ခဲသွားလို့ပါ။ အဲဒီအချိန်လမ်းပန်းဆက်သွယ်ရေးတွေက ခက်ခဲတယ်။ အခုလည်းဆီထုတ်ရတာ မရက်၊ စုံရက်နဲ့သတ်မှတ်ထားတော့ ကယ်ရီဆိုတာ ခရီးသည် ခေါ်တဲ့အချိန် လိုက်ရတာဆိုတော့ အဆင်မပြေဘူး။ ငလျင်ကတော့ သဘာဘေးထဲမှာ အဆိုးဆုံးလို့ ထင်တယ်။
စိတ်ဖိစီးမှုတွေသိပ်မဖြစ်အောင်ဘာသာရေးအလုပ်ပိုလုပ်တယ်၊ တနေ့နာရီဝက် မနက်တကြိမ်၊ ညတကြိမ်တရားထိုင်တာက စိတ်တည်ငြိမ်စေပါတယ်။ နောက်ပိုင်းငလျင်သေးသေးတွေ လှုပ်တယ်ဆိုပေမယ့် အိမ်တော့ ရမ်းရမ်းသွားတယ်၊ ညအိပ်တဲ့အချိန်တွေမှာတော့ စိုးရိမ်ခဲ့ရပါတယ်။ တခါတလေ လန့်လန့်နိုးသွားတာတွေရှိခဲ့ပါတယ်။ အခုတော့နေသားကျသွားပါပြီ။











