မတူခြင်းက အပြစ်တခုလား
ဒေဝီ
ပြီးခဲ့တဲ့လပိုင်းက အင်တာနက်လူမှုကွန်ရက် TitTok မှာ နာမည်ကြီးလူသိများတဲ့ လိင်စိတ်တိမ်းညွတ်မှုကွဲပြားသူ LGBT တဦးဟာ ထိုင်း-မြန်မာနယ်စပ်မြို့၊ မဲဆောက်ရဲ့ မြို့ပြင်တနေရာမှာ အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရပါတယ်။
ဧရာဝတီမ လို့ လူသိများတဲ့ သူရဲ့ စိတ်မကောင်းစရာသတင်းက လူမှုကွန်ယက်မှာ ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့ခဲ့တယ်။
အဲ့ဒီသတင်းအောက်က မှတ်ချက်အချို့မှာတော့ ကိုယ်ချင်းစာနာမှုထက် ခွဲခြားမှုတွေ ပိုမြင်တွေ့ခဲ့ရပါတယ်။
သေဆုံးသူကို သနားဂရုဏာသက်ကြတာ၊ လုံခြုံရေးကို ဦးစားပေးပြီး သွားလာနေထိုင်ဖို့ သတိပေးကြတာ စတဲ့ အပြုသဘောဆောင်မှတ်ချက်တွေလည်းရှိသလို လိင်စိတ်ခံယူမှုအပေါ်အခြေခံပြီး ဝေဖန်ပြောဆိုတာနဲ့ လှောင်ပြောင်တဲ့ အရေးအသားတွေ အများအပြားရှိခဲ့တာကို သတိပြုမိတယ်။
ကိုယ်ချင်းစာနာတရားခေါင်းပါးတဲ့မှတ်ချက်တချို့ထဲမှာ ကျူးလွန်သူတရားခံထက်၊ ခံရသူ(နစ်နာသူ)ရဲ့ ဖြစ်တည်မှုအပေါ် မူတည်ပြီး အကြမ်းဖက်ခံရတာထိုက်တန်သလိုပြောဆိုမှုတွေဟာ လူ့အဖွဲ့အစည်းကြား လိင်စိတ်ခံယူမှုကွဲပြား ခြားနားသူတွေအပေါ် ခွဲခြားမှုတွေ ရှိနေတယ်ဆိုတာ မီးမောင်းထိုးပြနေတယ်။
ဒီအခြေအနေမျိုးကို လိင်စိတ်ခံယူမှုကွဲပြားသူတွေ တော်တော်များများ ကြုံရလေ့ရှိပါတယ်။ ပြဿနာတစုံတရာ ပေါ်လာတိုင်းမှာ “LGBT တွေ အနေအထိုင်မတတ်လို့” ဆိုတဲ့ ပြစ်တင်ခွဲခြားမှုအခြေခံ လိင်အသားပေး ယုတ်ရင့်ကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောကြဆိုကြလေ့ရှိတယ်။
လိင်စိတ်ခံယူမှုကွဲပြားသူတွေ LGBTQ+ အပေါ် ခွဲခြားဆက်ဆံတာ နှိမ်ချပြောဆိုတာတွေဟာ လူအသိုင်းအဝိုင်းမှာ အမြစ်တွယ်နေခဲ့တာ မျိုးဆက်နဲ့ချီကာလကြာမြင့်ခဲ့ပြီးသားဖြစ်ပါတယ်။ လူမှုစံနှုန်းသတ်မှတ်ချက်တွေအရလည်း ယောကျ်ား စစ်ရမယ်၊ ယောကျာ်းနဲ့ မိန်းကလေး ချစ်ခင်ပေါင်းဖက်ခြင်းကသာ သဘာဝဖြစ်ပြီး ဒီစံနှုန်းနဲ့သွေဖယ်သွားတဲ့အခါ အပြစ်တင် ဝေဖန်မှု တွေ ကြုံရလေ့ရှိပါတယ်။
ဒါ့အပြင် လိင်စိတ်ခံယူမှု ကွဲပြားသူတွေ LGBTQ+ တွေဆိုရင် အမြဲ လိင်စိတ်ပြင်းပြသူ၊ မဟုတ်တာလုပ်တော့မယ်သူလို့ တဆင့်နိမ့်အနေနဲ့ မြင်ခံနေရပြီး ဒီအပေါ်မှာ အန္တရာယ်ကြုံလာရင်တောင် “ကောင်းတယ်” ၊ “ဖြစ်သင့်တယ်” ဆိုတဲ့ အယူအဆက လွှမ်းမိုးနေတယ်။
လူ့အသိုင်းအဝိုင်းထဲက လူအများစုဟာ ရှေးရိုးစွဲ အစဉ်အလာတွေနဲ့ အတွေးအခေါ် အယူအဆဟောင်းတွေအပြင် LGBTတွေနဲ့ ပတ်သက်တဲ့ လေ့လာသိရှိမှုနဲ့ အသိအမြင်ဗဟုသုတလည်း အားနည်းတဲ့အခါ ကျား၊ မ စံသတ်မှတ်ချက်တွေအရ ယောကျာ်းလေး၊ မိန်းကလေးမဟုတ်ဘဲ သာမန်ထက်နွဲ့နှောင်း နေတာတွေ့ရင်ကို လူတွေထဲက လူလို့မမြင်ဘဲ ကွဲထွက်နေတဲ့သူ၊ သာမာန်မဟုတ်တဲ့သူလို မြင်နေကြဆဲဖြစ်တယ်။ လူပုံကြည့်ပြီး မေးမြန်းစပ်စုတာ၊ မထိတထိ ပြောဆိုတာ၊ တခြားယောကျာ်းလေးတွေနဲ့ တပူးတတွဲတွဲရှိရင် မနှစ်မြို့တဲ့ အကြည့်တွေနဲ့ LGBTတွေကို နှိမ်စရာလို့မြင်ခဲ့ကြတာတွေက ခေတ်အဆက်ဆက်ရှိခဲ့ကြတယ်။ အထူးသဖြင့် ဆန့်ကျင်ဘက်လိင်လို ပြောင်းလဲဝတ်ဆင်တဲ့အခါ ပိုပြီးပျက်ရယ်ပြုစရာလှောင်ပြောင် ရယ်မောစရာအဖြစ် ရှုမြင်နေကြပါသေးတယ်။
လိင်စိတ်ခံယူမှုကွဲပြားသူတွေကို လှောင်ပြောင်တာက အမျိုးသားချင်းစုံမက်သူ(Gay)တွေအပေါ် ပိုပြီးလှောင်ပြောင် ခွဲခြားလေ့ ရှိကြသလို အမျိုးသမီးကနေ အမျိုးသားလိုနေထိုင်သူ တွေမှာလည်း ကြုံရတယ်။
“မိန်းကလေးက မိန်းကလေးလိုမနေဘူး ယောက်ျားတရုန်းရုန်းနဲ့ နေတယ်” ၊ “အနေအထိုင်မှမဆင်ခြင်ဘူး” ၊ ” မိန်းကလေး အချင်းချင်း ချစ်ကြိုက်တာ အဓိပ္ပါယ်မရှိဘူး” စသဖြင့်ပြောဆိုလေ့ရှိကြတယ်။
ဒီလိုဖြစ်စဉ်နဲ့ပတ်သက်လို့ အမျိုးသမီးဖြစ်ပေမယ့် ယောကျာ်းလေးလိုနေထိုင်ပြီး လက်ရှိမှာလည်း အမျိုးသမီးတဦးနဲ့ အတူတကွနေထိုင်နေတဲ့ မိတ်ဆွေတဦးရဲ့ အတွေ့အကြုံအရဆိုရင် ရပ်ကွက်နေသူတွေက သူတို့ကိုတွေ့တိုင်းမှာ “နင်တို့က ဘယ်သူ ကလေးမွေး မှာလဲ” ဆိုတဲ့ စကားနဲ့ မကြာခဏ လှောင်ပြောင် ပြောဆိုလေ့ရှိတယ်လို့ သူကရင်ဖွင့်တယ်။
သူတို့ ၂ဦးရဲ့ ဖြစ်တည်မှုအခြေအနေတွေကို သိရဲ့သားနဲ့ တမင်လှောင်ပြောင်ချင်တဲ့ ရည်ရွယ်ချက်နဲ့ မေးလာတိုင်း မသိချင်ယောင်ဆောင်လိုက်ပေမယ့် မကြာခဏ မေးခံရတဲ့အခါ စိတ်မကောင်းဖြစ်ရတယ်လို့ မိတ်ဆွေကပြန်ပြောင်းပြောပြ တယ်။
“ကိုယ်တွေအတွက် မရမှန်းသိရဲ့သားနဲ့ သက်သက်ကြီးမေးတာပေါ့၊ လူကြားထဲ အဲ့ဒီလိုကျတော့တော်တော်ခံရတယ်” သူက စိတ်မကောင်းဟန်နဲ့ ပြောပြတယ်။
လူထုရွေးကောက်တင်မြှောက်ခဲ့တဲ့ အရပ်သားအစိုးရ လက်ထက်မှာ အမျိုးသမီးရေး၊ မသန်စွမ်းအရေး၊ LGBT အရေး စတဲ့ လူနည်းစု အခွင့်အရေးလှုပ်ရှားမှုတွေ အားကောင်းလာသလို အသိအမြင်အချို့ လွတ်လပ်ပွင့်လင်းလာတာ၊ ရှေးရိုးစွဲ အမြင်တချို့ပါ ပြောင်းလဲပြီး အမျိုးသမီးအခွင့်အရေး လိင်စိတ်ခံယူမှုကွဲပြားသူအရေးတွေမှာလည်း အတိုင်းအတာတခုအထိ လက်ခံတာတွေလည်း ရှိလာခဲ့တယ်။
ဒီလိုလိင်စိတ်ခံယူမှုကွဲပြားသူတွေနဲ့ ပတ်သက်လို့ သူ့ရဲ့ဖြစ်တည်မူတွေအပေါ် ဖုံးကွယ်ထားခြင်းမရှိဘဲထုတ်ဖော်တာ၊ မိသားစုကလည်း လက်ခံလာတာတွေရှိလာသလို တဖက်မှာလည်း အယူအဆအမြင်အချို့ ပွင့်လင်းလာပြီး လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ် အမြင်တွေ ပြောင်းလဲလက်ခံနိုင်တဲ့ အတိုင်းအတာတော့ရှိလာပေမယ့် ဒါကအနည်းအကျဉ်းဖြစ်နေ ပါသေးတယ်။
လိင်စိတ်ခံယူမှု (Sexual Orientation) ဆိုတာ ရွေးချယ်မှုတခုမဟုတ်ဘဲ မွေးရာပါ စိတ်အခြေခံဖြစ်တယ်ဆိုတာကို ဩဇာရှိသူ၊ ခေါင်းဆောင်နေရာမှာရှိနေသူတွေအပါအဝင် အများစုကနားမလည်ကြတဲ့အခါ သားမွေးထားရင် ယောကျ်ားပီသရမယ်၊ အိမ်ထောင်ရေးနဲ့ နှလုံးသားရေးရာမှာလည်း ယောကျာ်းလေးက မိန်းကလေးကို၊ မိန်းကလေးက ယောကျာ်းလေးကို စသဖြင့် ဆန့်ကျင်ဘက်လိင်ကိုသာ ကြိုက်နှစ်သက်ရမယ်၊ ဒီလိုမဟုတ်ရင် ပုံမှန်မဟုတ်တာ၊ အတိတ်ကံ မကောင်းတာဆိုပြီး အလွယ်တကူ ခေါင်းစဉ်တပ်တတ်ကြပါတယ်။
တချို့ ဘာသာရေးအဆုံးအမတွေနဲ့ ယဉ်ကျေးမှုအယူအဆတွေက လိင်တူစိတ်ဝင်စားမှုကို အပြစ်တခု ဒါမှမဟုတ် သဘာဝတရားကို ဆန့်ကျင်တာမျိုးလို့ သွန်သင်ခဲ့ကြပါတယ်။ ဒီအယူအဆတွေက လူတွေရဲ့စိတ်ထဲမှာ စွဲမြဲနေပြီး ခွဲခြားဆက်ဆံဖို့ တွန်းအားဖြစ်စေလာတော့တယ်။
ကျူးလွန်သူက လွတ်မြောက်နေပြီး၊ ကျူးလွန်ခံရလို့ အသက်ပါဆုံးရှုံးလိုက်ရသူအပေါ် “မဆင်ခြင်နေလို့အကြမ်းဖက်ခံရတာ၊ ခံရသင့်တယ်” ဆိုတဲ့ အယူအဆတွေဟာ လူ့အဖွဲ့အစည်းရဲ့ ကိုယ်ချင်းစာနာတရားအပေါ် မေးခွန်းထုတ်စရာပါ။
ယောကျာ်းလေး၊ မိန်းကလေးဖြစ်ဖြစ် ဒါမှမဟုတ် လိင်စိတ်ခံယူမှုကွဲပြားသူတဦးဖြစ်ဖြစ် လူတဦးတယောက်ရဲ့ မတရား အကြမ်းဖက်ခံရမှုကို အမြင်မတူမှုတခုတည်းနဲ့ “ထိုက်တန်တယ်” ၊ “ဖြစ်သင့်တယ်လို့” ဝေဖန်ပြစ်တင်မှုမျိုးတွေဟာ လူမှုကျင့်ဝတ်နဲ့လည်းမညီသလို အကြမ်းဖက်ကျူးလွန်သူကို သွယ်ဝိုက်အားပေးရာလည်းရောက်စေတယ်လို့ ယူဆမိပါတယ်။
လိင်စိတ်ခံယူမှုဟာ လူတယောက်ရဲ့တန်ဖိုးကို တိုင်းတာတဲ့ စံနှုန်းမဟုတ်ပါဘူး။ သူတပါးရဲ့ လိင်စိတ်ခံယူမှုအပေါ် ခွဲခြားဆက်ဆံတာ၊ အကြမ်းဖက်ခံရတာကိုထောက်ခံတာက ယဉ်ကျေးတဲ့လူ့အဖွဲ့အစည်း မဟုတ်ပါဘူး။
မတူညီတာကို အကြောင်းပြုပြီး အကြမ်းဖက်တာကို လက်ခံတာဟာ လူ့အဖွဲ့အစည်းတခုအတွက် အန္တရာယ်ရှိတဲ့ အမြင်တခု ပါ။
ဒါကြောင့် မုန်းတီးမှုထက် နားလည်မှုကို ရွေးချယ်ရမယ့် အချိန်ရောက်နေပြီလို့ ဆိုရမှာဖြစ်ပါတယ်။






