လုပ်ငန်းခွင်ထဲ ဥပဒေပါခံစားခွင့်တွေဆုံးရှုံးနေရတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ

ရှင်ငြိမ်း

အထည်ချုပ်စက်ရုံဝန်ထမ်း မစိုးစိုးရဲ့ ခါးအောက်ပိုင်းတခုလုံးဟာ မနက်စောစော ထွက်လာကတည်းက နာကျင်ကိုက်ခဲ နေလို့ နားချင်ပေမယ့် အလုပ်ပြုတ်မှာစိုးတာကြောင့် အလုပ်ဆင်းခဲ့ရတယ်။

၅လအရွယ် ပဋိသန္ဓေလွယ်ထားရတဲ့ မစိုးစိုးဟာ ဝေဒနာကို ခံစားနေရတဲ့ကြားထဲ သူ့အလုပ်က အထည်ချုပ်စက်ရုံမှာ ချုပ်စက်နင်းရတဲ့အလုပ် ဖြစ်တဲ့အခါ နာကျင်မှုက ရပ်မသွားဘဲ ပိုဆိုးလာခဲ့ပါတယ်။  

ထမင်းစားပြီး နေ့လယ် ၁ နာရီလောက်မှာ ဆက်ပြီး မခံနိုင်တော့တာကြောင့် မန်နေဂျာဆီ အိမ်ပြန်ဖို့ ခွင့်တောင်းပေမယ့် “ခဏ၊ ခဏ”နဲ့ အချိန်အတော်ကြာသွားခဲ့တယ်။

စောင့်နေရင်း ညနေ ၃ နာရီခွဲလောက်မှာတော့ မိန်းမကိုယ်ကနေ သွေးတွေဆင်းလာတဲ့အတွက် ချက်ခြင်းကားဌားပြီး စက်ရုံ ကနေ ဆေးရုံကို တန်းသွားခဲ့တယ်။ ကိုယ်ဝန်က ဆေးရုံမရောက်မီကတည်းက ပျက်ကျသွားတာလို့ ဆရာဝန်က သူ့ကို ပြောပြခဲ့ပါတော့တယ်။

အိမ်ထောင်သက် ၂ နှစ်ထဲမှာ ပထမဦးဆုံးရခဲ့ပြီး သားမှန်း၊ သမီးမှန်း မသိလိုက်ရတဲ့ ကလေးလေးဟာ  မစိုးစိုးရဲ့ ဝမ်းဗိုက် တွင်းမှာ ၅ လသာ အသက်ရှင်ခဲ့ရပါတယ်။

“ကလေး သေလေးကို ယူသွားတာကို ခုထိမျက်လုံးထဲက မထွက်ဘူး”လို့ မစိုးစိုးက အင်္ကျီတထည်ကို လက်ချုပ် ချုပ်ရင်း လွန်ခဲ့တဲ့ ၁ နှစ်ကျော်က သူရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်တွေကို ပြောပြခဲ့ပါတယ်။

မစိုးစိုးဟာ ဧရာဝတီတိုင်းရဲ့မြို့တော်၊ ပုသိမ်က အထည်ချုပ်စက်ရုံတရုံက လုပ်သက် ၂နှစ်ကျော်အတွေ့အကြုံရှိပြီး ခင်ပွန်း ဖြစ်သူက အလုပ်ပြုတ်ထားတာကြောင့် ဒီအလုပ်က မထွက်ရအောင် ကြိုးစားလုပ်ကိုင်နေခဲ့တဲ့  အလုပ်သမတဦး ဖြစ်ပါတယ်။

အထည်ချုပ်စက်ရုံဝန်ထမ်းအမျိုးသမီးတွေ စက်ရုံကြိုပို့ကားပေါ် တက်နေကြစဥ်။

ကိုယ်ဝန်ပျက်ကျပြီး ၁၀ ရက်အကြာမှာ အလုပ်ပြန်ဆင်းတော့ မန်နေဂျာက ရုံးခန်းထဲကို ခေါ်ပြီး ခွင့်မဲ့ပျက်တဲ့အတွက် ကိုယ့် သဘောနဲ့ကိုယ် နှုတ်ထွက်ကြောင်း အတင်းအကြပ်ဖိအားပေးလက်မှတ်ထိုးခိုင်းခဲ့တယ်လို့ မစိုးစိုးက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့၂၀၁၂ လူမှုဖူလုံရေးဥပဒေအရ ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမားတွေကို မီးမဖွားမီ ၆ပတ်နဲ့ မီးဖွားပြီး ၈ပတ်၊ စုစုပေါင်း  ၁၄ပတ် ခံစားခွင့် ရှိပါတယ်။ ပြစ်ဒဏ်ထိုက်သင့်တဲ့ ကိုယ်ဝန်ဖျက်ချတာမျိုးမဟုတ်ဘဲ ကိုယ်ဝန်ပျက်တဲ့ ကိစ္စမှာလည်း အများဆုံးရက်သတ္တပတ် ၆ပတ် အထိ ခံစားခွင့်ရှိကြောင်း ဖော်ပြထားပါတယ်။

အလုပ်သမားဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ မီးဖွားခွင့် ၁၄ ပတ်နဲ့ ဆေးခွင့်တွေကို မပျက်မကွက် ခံစားခွင့်ပြုထားရုံတင်မကဘဲ၊ မီးဖွားပြီး အလုပ်ခွင်ပြန်ဝင်တဲ့အခါမှာလည်း မူလရာထူးနဲ့ လစာအတိုင်း ဆက်လက် လုပ်ကိုင်ခွင့် ရရှိဖို့ အာမခံချက် ပေးထားပါတယ်။ 

ခွင့်ရက်နဲ့ အလုပ်ပိတ်ရက်ဥပဒေမှာလည်း လူမှုဖူလုံရေးအာမခံကတ် မရှိသူတွေတောင်မှ နေ့စားဖြစ်နေရင်တောင်မှ ပြစ်မှု ထိုက်စေတဲ့ ကိုယ်ဝန်ပျက်ကျမှုမျိုး မဟုတ်ရင်၊ ပျက်ကျပြီးတဲ့နောက်မှာ ဆရာဝန်လက်မှတ်၊ ဆေးထောက်ခံချက်တို့ တင်ပြပြီး မီးဖွားခွင့်အများဆုံး ရက်သတ္တပတ် ၆ပတ်အထိ ခံစားခွင့်ရှိတာဖြစ်တယ်။

လူမူဖူလုံကြေးပေးသွင်းထားတဲ့ မစိုးစိုးဟာ ကိုယ်ဝန်ပျက်ကျပြီးတဲ့နောက် လူမှုဖူလုံရေးခွင့် ရက်သတ္တပတ်၆ ပတ်ရဖို့ ဆရာဝန် ဆေးစာပြသခဲ့ပေမယ့် ကိုယ်ဝန်က လနုသေးလို့ ခွင့် ၁ ပတ် ပေးနိုင်ကြောင်း၊ ကျန်တဲ့ ၃ ရက် ခွင့်မဲ့ယူခဲ့တာကြောင့် အလုပ် ဖြုတ်တာလို့ မန်နေဂျာက ပြောပြခဲ့တယ်။

နောက်ပြီး အလုပ်သမားတယောက် ကိုယ်ဝန်ရှိလာရင် ကိုယ်ဝန်ဆောင်ခွင့်တွေပေးရမယ်၊ သက်သာတဲ့အလုပ်တွေသာ စေခိုင်း ရမယ်လို့ ဆိုထားပေမယ့် တကယ့်မြေပြင်မှာတော့ အထည်စံချိန်ပြည့်မီအောင်ချုပ်ပေးခဲ့ရတာကြောင့် ကိုယ်ဝန်ဆုံးရှုံးရတာလို့ မစိုးစိုးက ပြောပြပါတယ်။

လူမူဖူလုံရေးကြေး မှန်မှန်ပေးသွင်းထားပေမယ့် အလုပ်သမားတွေဟာ ဥပဒေပါအခွင့်အရေးတွေကို ခံစားခွင့်မရနေတာဖြစ် တယ်။ အခုလိုအခွင့်အရေးဆုံးရှုံးရတာနဲ့ပတ်သက်ပြီး သက်ဆိုင်ရာကို တိုင်ကြားချင်ပေမယ့် စိုးရိမ်ချက်တွေရှိတာကြောင့် မတိုင်ခဲ့ဘူးလို့ သူက ဆိုပါတယ်။

တိုင်လိုက်ရင် အလုပ်ပြုတ်ရုံတင်မကဘူး၊ နောက်ထပ် ဘယ်စက်ရုံမှာမှ အလုပ်ဝင်လို့မရအောင် အမည်ပျက်စာရင်းအသွင်းခံရမှာကို ကျမတို့ အကြောက်ဆုံးပဲ၊ ပြီးရင် ပြဿနာရှာတတ်တဲ့သူလို့ သတ်မှတ်ခံရရင် မိသားစုထမင်းအိုးကွဲပြီလေ၊ ဒီတော့လည်း မတရားတာတွေ မြင်နေရပေမဲ့ မျက်စိမှိတ်၊ နားပိတ်ပြီး သည်းခံနေရတာပေါ့”လို့ မစိုးစိုးက ဆိုပါတယ်။

မစိုးစိုးဟာ အဲ့ဒီစက်ရုံကနေ အလုပ်ထွက်ပြီးနောက်မှစလို့ ယနေ့ထိတိုင် ကိုယ်ပိုင်အပ်ချုပ်ဆိုင်ဖွင့်ပြီး ရှင်သန်ရပ်နေ ခဲ့ပါတယ်။

၅လအရွယ်သန္ဓေသားလေးကို ဆုံးရှုံးလိုက်ရတဲ့ မစိုးစိုးက ဒီလိုရင်ဆိုင်ခဲ့တာဟာ သူ့အတွက် တရားမျှတမှုမရှိဘူးဆိုတာ သိပေမယ့်လည်း တိုင်ကြားဖို့ကလည်း အလှမ်းဝေးလွန်းနေတယ်လို့ ရင်ဖွင့်ပါတယ်။

သူက “ဥပဒေတွေ၊ အခွင့်အရေးတွေရှိပေမဲ့ တကယ့်မြေပြင်မှာတော့ ကျမတို့က သားကောင်တွေလေ၊ ကျမတို့လို အောက်ခြေ လူတန်းစားတွေ အတွက်တော့ ‘တိုင်တယ်’ ဆိုတာဟာ ကိုယ့်ထမင်းအိုးကိုယ် ပြန်ရိုက်ခွဲသလိုပဲ၊ တိုင်တဲ့အဆင့်က ကျမတို့နဲ့ အဝေးကြီးပါ” လို့ ဖွင့်ဟပါတယ်။

လူမှုဖူလုံရေးဥပဒေအရ အလုပ်ရှင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးကို သူရဲ့ကိုယ်ဝန်ကြောင့်ဖြစ်စေ၊ မီးဖွားနေတာ ကြောင့်ဖြစ်စေ အလုပ်မှ ထုတ်ပယ်ခွင့်မရှိပါဘူး။ မီးဖွားခွင့်ယူထားချိန်မှာဖြစ်စေ၊ မီးဖွားခွင့်ပြီးဆုံးလို့ အလုပ်ပြန်ဝင်ချိန် မှာလည်း အလုပ်ထုတ်ပယ်တာမျိုးမပြုရပါဘူး။ အလုပ်ရှင်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးကို ဥပဒေနဲ့မညီဘဲ အလုပ်ထုတ်မယ်ဆိုရင် တည်ဆဲအလုပ်သမား ဥပဒေတွေ အရရော၊ လူမှုဖူလုံရေးဥပဒေအရပါ အရေးယူခံရနိုင်ပါတယ်။

ဒါတွေဟာ အလုပ်သမားတွေကို ဥပဒေက ကာကွယ်ပေးထားတဲ့အချက်တွေဖြစ်ပါတယ်။

လူမှုဖူလုံရေး အကျုံးဝင်တဲ့အလုပ်သမားတွေကို မီးဖွားခွင့် ခံစားနေချိန်အတွင်းမှာ အလုပ်ထုတ်ရင် ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံ ရေးဥပဒေအရ အလုပ်ရှင်ကို အများဆုံးထောင်ဒဏ် ၁ နှစ်အထိဖြစ်စေ၊ သတ်မှတ်ထားတဲ့ ငွေဒဏ်ဖြစ်စေ၊ ဒဏ် ၂ရပ်လုံး ဖြစ်စေ ချမှတ်ခံရနိုင်တယ်လို့ ဖော်ပြထားပါတယ်။

မီးဖွားခွင့်ဟာ မိခင်တွေသာမက လူမူဖူလုံရေးကြေးသွင်းထားတဲ့ အလုပ်သမား ဖခင်တွေလည်း မွေးကင်းစကလေးနဲ့ မီးနေသည်အမျိုးသမီးဖြစ်သူကို စောင့်ရှောက်ဖို့အတွက် ခွင့် ၁၅ ရက် ခံစားခွင့်ရှိပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီး နောက်ပိုင်းမှာတော့ ဒီလိုခွင့်တွေခံစားခွင့်မရတော့ဘူးလို့ မုန့်ဖုတ်စက်ရုံ တရုံမှာ လုပ်ကိုင်နေတဲ့ ဖခင်ဖြစ်သူ ကိုကျော်မြင့်က HI Honest Information ကို ပြောပြပါတယ်။

သူက “အဲ့လိုမီးဖွားခွင့်လည်း မရတာကြာပြီ၊ ခွင့်ဆိုလည်း ၂ ရက်အပြင် အပိုမရဘူး၊ အလုပ်လုပ်ချင်သူများတော့ တခုခုမှား တာနဲ့ ထွက်ပဲ၊ ဖျားလို့ ခွင့် ၃ ရက်လောက်ဆို နေရာပျောက်မှာစိုးတော့ နေမကောင်းလည်း လာရတယ်”လို့ ရှင်းပြပါတယ်။

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ်က အထည်ချုပ်စက်ရုံတခုက ကိုယ်ဝန် ၇ လလွယ်ထားရတဲ့ ဝန်ထမ်းဖြစ်သူ မသီတာဆို လည်း ကိုယ်ဝန်ဆောင်ချိန်မှာ စက်ချုပ်ထက်သက်သာတဲ့နေရာပြောင်းပေးဖို့ ပြောထားတာ ၃ လကြာသည့်တိုင် ခွင့်ပြုချက် မရသေးသူဖြစ်ပါတယ်။

မသီတာဟာ ဒီစက်ရုံမှာ လုပ်သက် ၃ နှစ်ကျော်ရှိတဲ့ အလုပ်သမားတယောက်ဖြစ်တာကြောင့် ကိုယ်ဝန်ရင့်လာချိန်မှာ  ဥပဒေပါ ကိုယ်ဝန်ဆောင်ခွင့်ပေးဖို့လည်း တောင်းဆိုခဲ့ဖူးသူတယောက်ပါ။

“စက်ရုံက ကိုယ်ဝန်ဆောင်ဆိုရင် ခွင့်ပေးရမယ့်ဟာ တခါတလေ နေထိုင်မကောင်းလို့ ခွင့် ၂ ရက်၊ ၃ ရက်ဆက်ယူရင်တောင် ခွင့်မပြုဘူး၊ လစာထဲက ဖြတ်မယ်နဲ့ ခြိမ်းခြောက်နေတာ၊ ပြီးတော့ အထည်မပြည့်ရင် အချိန်ပိုဆင်းဆိုလို့ (ဆီး)တောင် ထမသွားရဲဘူး”လို့ မသီတာက ပြောပါတယ်။

ဒါပေမဲ့ ကိုယ်ဝန် ၈ လကျော်လာတဲ့အခါမှာတော့ မသီတာဟာ အထည်အရေအတွက်ပြည့်အောင် မချုပ်နိုင်တော့တဲ့အခါ စက်ရုံမန်နေဂျာက အလုပ်ထွက်ဖို့ ဖိအားပေးလာခဲ့ပါတယ်။

“မီးဖွားခွင့်ယူဖို့ ပြောတော့ စက်ရုံက ရက်ရှည်ခွင့်မပေးနိုင်ဘူး၊ အလုပ်ထွက်ချင်ထွက်တဲ့၊ မွေးခါနီး စရိတ်လည်း လိုနေတော့ အလုပ်ပြုတ်မှာကြောက်ပြီး ဗိုက်ကြီးသည်ဘဝနဲ့ နောက်ဆုံးအချိန်ထိ လုပ်ခဲ့ရတယ်”လို့ မသီတာက ဆိုပါတယ်။

မွေးမယ့်ရက်ထိ မီးဖွားခွင့်မပေးတာကြောင့် နောက်ဆုံးမှာ ဘာခံစားခွင့်မှမရဘဲ မသီတာတယောက် အလုပ်ထွက်စာတင်ပြီး အလုပ်ထွက်ခဲ့ရတယ်။ သူဟာ အလုပ်နဲ့အတူ လုပ်သက်တွေ၊ လူမူဖူလုံရေးခံစားခွင့်တွေပါ ဆုံးတခါတည်းရှုံးလိုက်ရတာ ဖြစ်တယ်။

စက်ရုံတွေက အလုပ်ကနေ တိုက်ရိုက်မထုတ်ပစ်သေးရင်တောင်မှ တိုင်ကြားသူအပေါ်ထားတဲ့ရန်ငြိုးက မသေးလှပါဘူး။ ပုံမှန်ထက် ပိုမိုခက်ခဲတဲ့အလုပ်တွေကို ခိုင်းစေတာ၊ အချိန်ပို(OT)ဆင်းခွင်ပိတ်ပင်တာနဲ့ လူအများရှေ့မှာ အော်ငေါက်ဆဲဆို တာစတဲ့ “စိတ်ပိုင်းဆိုင်ရာ ဖိအားပေးမှု”တွေကို လုပ်လေ့ရှိပါတယ်။ အကြောင်းကတော့ အလုပ်သမားတွေ စိတ်ဒဏ်ရာနဲ့ အလိုအလျောက် အလုပ်မှထွက်သွားစေဖို့ ဖြစ်တယ်လို့ ကာယကံရှင်တွေရဲ့ ပြောပြချက်တွေအရ သိရပါတယ်။

“ကျမတို့က တိုင်ရမှာ ကြောက်ရုံတင်မကဘူး၊ အလုပ်ဆင်း၊ အလုပ်ပြန် လမ်းခရီးမှာ တစုံတယောက်က ရန်ငြိုးထားပြီး ကိုယ်ထိလက်ရောက် စော်ကားလာမှာကိုလည်း ရင်တထိတ်ထိတ်နဲ့ စိုးရိမ်နေရတယ်၊ အမျိုးသမီးဖြစ်နေလို့ ပိုပြီး အနိုင်ကျင့် ခံရမှာကို ကြောက်နေရတာပါ”လို့ မသီတာက ရှင်းပြပါတယ်။

သူကဆက်ပြီး “အလုပ်သမားတယောက်ရဲ့အခြေခံအခွင့်အရေးဖြစ်တဲ့ မီးဖွားခွင့်ဆုံးရှုံးသွားတာဟာ ကျမတို့မိသားစုအတွက် စားဝတ်နေရေးမှာ အကြီးအကျယ် ထိခိုက်နစ်နာခဲ့တယ်”လို့ HI Honest Information ကို ပြောပါတယ်။

သူတို့မိသားစုဟာ အရင်က အဆောင်တိုက်ခန်းမှာ ဌားရမ်းနေထိုင်နိုင်ခဲ့ပေမယ့် မီးဖွားပြီးနောက် အလုပ်မရှိ၊ ဝင်ငွေနည်းသွား တာကြောင့် ကျူးကျော်ရပ်လေးထဲက တဲသာသာအိမ်လေးကို ပြောင်းရွှေ့နေခဲ့ရပါတယ်။

“ဒီအချိန်မှာ ကလေးအမေမှမဟုတ်ဘူး၊ အသက်ကြီးတဲ့အမျိုးသမီးတွေတောင် အလုပ်မခန့်ဘူးဆိုတော့ ကျမအတွက်တော့ အထည်ချုပ်မှာ ပြန်လုပ်ဖို့ မဖြစ်နိုင်တော့ပါဘူး”လို့လည်း သူက ခပ်ညည်းညည်း ပြောပြပါတယ်။

လက်ရှိမှာတော့ အထည်ချုပ်စက်ရုံလုပ်သက် ၃နှစ်ရှိတဲ့ ကျွမ်းကျင်လုပ်သား မသီတာဟာ အလုပ်မရှိသေးတဲ့အတွက် ရပ်ကွက်ထဲမှာ အဝတ်လိုက်လျှော်တဲ့အလုပ်ကို လုပ်ကိုင်ရင်း ဘဝကို ရပ်တည်နေရပါတယ်။

မစိုးစိုးနဲ့ မသီတာတို့လိုပဲ အသက် ၂၉ နှစ်အရွယ် မဝင့်ဝါဟာလည်း ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုံက ဆပ်ပြာစက်ရုံတရုံမှာ နေ့စားဝန်ထမ်းအနေနဲ့ ၂၀၂၅ခုနှစ် အောက်တိုဘာလက ဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။ အလုပ်မရမှာ စိုးရိမ်တာကြောင့် ကိုယ်ဝန်ရှိတာကို တကူးတကထုတ်ပြောမနေတော့ဘဲ ဆပ်ပြာပုံးသယ်ရတဲ့အလုပ်နေရာကို ဝင်လုပ်ခဲ့တာပါ။

ခင်ပွန်းဖြစ်သူက အရက်စွဲပြီး ဘာအလုပ်မှ မလုပ်ကိုင်တာကြောင့် ကိုယ်ဝန်ဆောင်မိခင်ဖြစ်တဲ့ မဝင့်ဝါက မီးဖွားဖို့စရိတ် အတွက် ယခုအလုပ်ကို ဝင်ရောက်လုပ်ကိုင်ခဲ့ရတာလို့ သူက ပြောပြပါတယ်။

အလုပ်ဝင်ချိန်မှာ ကိုယ်ဝန် ၃ လလွယ်ထားခဲ့ရတဲ့ မဝင့်ဝါက “အလုပ်ရောက်တာ ၁ လမပြည့်သေးဘူး၊ နေ့တိုင်း ဆပ်ပြာ ပုံးတွေ မ,ရတော့ ကိုယ်ဝန်ပျက်ကျခဲ့တာ၊ ဆေးခန်းသွားခွင့်လည်းမပေးဘူး၊ ဆက်မလုပ်နိုင်ရင် ထွက်ဆိုလို့ သေမတတ် နာနေတာတောင် ဆက်လုပ်ခဲ့ရတယ်”လို့ ဆိုပါတယ်။

ကိုယ်ဝန်ပျက်ကျပြီးနောက်နေ့မှာ မန်နေဂျာက အလုပ်ဆင်းဖို့ခေါ်တဲ့အတွက် ခါးအောက်ပိုင်း နာကျင်တာ၊ သွေးဆင်းတာတွေ ဖြစ်နေပေမယ့် အလုပ်ထွက်ရမှာစိုးတဲ့အတွက် အလုပ်သွားခဲ့ရတယ်။

“ကိုယ်ဝန်ပျက်ပြီး တရက်ပဲ အလုပ်ဆင်းရတယ်၊ နောက်ရက်ကျတော့ အလုပ်ပိတ်ရက်မို့ ဆေးခန်းပြ နားခွင့်ရတယ်၊ ကိုယ်ဝန် ပျက်လို့ မန်နေဂျာကို အလုပ်ပြောင်းပေးပါ့လား ပြောကြည့်သေးတယ်၊ အလုပ်တိုင်းမှာ သူ့လူနဲ့သူပြည့်နေပြီတဲ့”လို့ မဝင့်ဝါက ပြောပါတယ်။

အထွေထွေရောဂါကု ဆရာဝန်တဦးရဲ့ ရှင်းပြချက်အရ ကိုယ်ဝန်ပျက်ကျတဲ့အမျိုးသမီးဟာ မီးဖွားပြီးစ အမျိုးသမီးလိုမျိုး သွေး သားနုနယ်နေတဲ့အချိန်ဖြစ်တာကြောင့် အနည်းဆုံး ရက်သတ္တပတ် ၆ပတ်လောက် အနားယူသင့်ပြီး၊ တကယ်လို့ အနားမယူ ဘူးဆိုရင် သွေးဆိပ်တက်တာ၊ သားအိမ်ရောင်တာ၊ ပိုးဝင်တာအပြင် နောက်ထပ်သားသမီး မရနိုင်တော့တဲ့ အခြေအနေတွေနဲ့ လည်း ကြုံရနိုင်တယ်လို့ သိရပါတယ်။

ဒါပေမယ့် မစိုးစိုးနဲ့ မဝင့်ဝါတို့ကတော့ ဒီလို မျိုးဆက်ပွားကျန်းမာရေးအတွက် လုံလောက်တဲ့ အနားယူနိုင်ခွင့်တွေမရရှိခဲ့ဘဲ ဥပဒေပါအခွင့်အရေးတွေကို ဆုံးရှုံးခဲ့ကြတဲ့ အမျိုးသမီးအလုပ်သမားတွေပဲဖြစ်ပါတယ်။

လုပ်ငန်းခွင်ထဲမှာ ကိုယ်ဝန်ဆောင် အမျိုးသမီးတွေရဲ့ဥပဒေပါ ရပိုင်ခွင့်တွေ ချိုးဖောက်ခံနေရတဲ့အပေါ် ကိုကျော်မြင့်က “ကျနော့်အလုပ်က ကိုယ်ဝန်သည်တွေလည်း အနားယူခွင့်မရဘဲပင်ပန်းတကြီး လုပ်ကိုင်နေတာ၊ ခွဲခြားဆက်ဆံ ခံနေရတာ တွေကို မြင်ရတိုင်း ရင်ထဲမှာ မကောင်းဘူး၊ သူတို့ ခံစားနေရတဲ့ မတရားမှုဟာ ကျနော်တို့ အမျိုးသားတွေနဲ့ မဆိုင်ဘူးလို့ သတ်မှတ်လို့ မရပါဘူး၊ ကိုယ်ဝန်ဆောင်တွေကို ဖိနှိပ်နေတာမြင်ရတဲ့ ကျနော့်မှာ ကိုယ်ချင်းစာ စိတ်နဲ့အတူ မတားဆီး ပေးနိုင်တဲ့အတွက် အားနာစိတ်၊ စိုးရိမ်စိတ်တွေ ခံစားရတယ်”လို့ ဆိုပါတယ်။

သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(STUM)ရဲ့ ၂၀၂၅ ခုနှစ် နှစ်ချုပ်အစီရင်ခံစာအရ မြန်မာပြည်ရဲ့ အထည်ချုပ် ကဏ္ဍမှာ အမျိုးသမီးအလုပ်သမားဦးရေဟာ ၉၀ ရာခိုင်နှုန်းကျော်ရှိတယ်လို့ သိရပါတယ်။  

ဒီတနှစ်တာအတွင်း လုပ်ငန်းခွင်ဆိုင်ရာအခွင့်အရေး ချိုးဖောက်ခံရမှုအတွက် အဖွဲ့က လက်ခံရရှိတဲ့ အမှုပေါင်း  ၂၃၁ မှုကို ကိုင်တွယ်ခဲ့ရရာမှာ နစ်နာသူစုစုပေါင်း ၁၁,၉၀၇ ဦးရှိပြီး အဲဒီအထဲက  ၆၈ ရာခိုင်နှုန်း (၈,၀၇၆ ဦး)ဟာ အမျိုးသမီးတွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာပြည်အထည်ချုပ်ကဏ္ဍထဲက ၉၀ ရာခိုင်နှုန်းကျော်တဲ့ အမျိုးသမီး အင်အားထုထဲမှာ အလုပ်ကြောင့် ကိုယ်ဝန်ပျက်ကျ ခဲ့ရတဲ့ အမျိုးသမီးငယ်တွေဖြစ်တဲ့ မစိုးစိုးနဲ့ မဝင့်ဝါ၊ ကိုယ်ဝန်လရင့်တဲ့အထိ မနားမနေအလုပ်လုပ်ခဲ့ရပြီး မီးဖွားခါနီးအချိန် အထိ မီးဖွားခွင့်မရခဲ့တဲ့ မသီတာတို့ပါဝင်ကြပါတယ်။

ဒါပေမယ့် သူတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ဖြစ်စဉ်တွေအတွက် တရားမျှတမှုရဖို့နဲ့ ဥပဒေနဲ့အညီခံစားခွင့်တွေရှိနိုင်မယ်လို့ မခံစား ရတဲ့အတွက် ဘယ်အဖွဲ့အစည်းဆီကိုမှ တိုင်ကြားခဲ့ခြင်းမရှိခဲ့ကြတာကြောင့် ဘယ်အဖွဲ့အစည်းနဲ့ ဘယ်မှတ်တမ်းမှတ်ရာ စာရင်းထဲကိုမှ မရောက်ခဲ့တဲ့ သီးခြားအဖြစ်အပျက်တွေလို့ ဆိုရမှာဖြစ်ပါတယ်။ 

STUM က ဖြေရှင်းပေးခဲ့တဲ့ ၂၃၁ မှုမှာ နစ်နာခဲ့ကြသူတွေဟာ  မစိုးစိုး၊ မသီတာနဲ့ မဝင့်ဝါတို့လိုပဲ လုပ်ခလစာပြဿနာတွေ ထက် “ဥပဒေအရ ရရှိရမယ့်အခြေခံ ခံစားခွင့်တွေ” ဆုံးရှုံးနေရတာကို အများဆုံး ရင်ဆိုင်နေကြရတာဖြစ်ပါတယ်။

အမည်မဖော်လိုတဲ့ပုဂ္ဂလိက အထည်ချုပ်လုပ်ငန်းရှင်တဦးက ကိုယ်ဝန်ဆောင်အမျိုးသမီးအလုပ်သမားတယောက်ရဲ့ အခွင့်အရေးတွေကို ပိတ်ပင်တာဟာ လုပ်ငန်းအတွက်ရေရှည်မှာ ဘာအကျိုးမှမရှိသလို၊ လုပ်ငန်းရှင်ယောက်အနေနဲ့ ဥပဒေကိုလိုက်နာတာဟာ အပိုကုန်ကျစရိတ်မဟုတ်ဘဲ၊ ကိုယ့်အလုပ်သမားအပေါ် ရင်းနှီးမြှုတ်နှံတာဖြစ်တယ်လို့ မှတ်ချက်ပြုပါတယ်။

“သူတို့အဆင်ပြေမှ ကျနော့်လုပ်ငန်းလည်း တိုးတက်မှာလေ၊ အလုပ်သမားဆိုတာ စက်ရုပ်တွေမဟုတ်ဘူးလေ၊ သူတို့ မှာလည်း မိသားစု ရှိတယ်၊ ဘဝရှိတယ်၊ သူတို့ ကိုယ်ဝန်ဆောင်နေရတဲ့အချိန်မှာ လုပ်ငန်းခွင်ကသာ အကာအကွယ် မပေးနိုင်ရင် သူတို့ ဘယ်လောက် စိတ်ဆင်းရဲရမလဲ၊ အလုပ်သမား စိတ်ဆင်းရဲရင် အလုပ်က ဘယ်လိုလုပ် ကောင်းပါ့ မလဲဗျာ”လို့ သူက ဆက်ပြောပါတယ်။

မြန်မာ့အထည်ချုပ်ကဏ္ဍမှာ အမျိုးသမီးတွေဟာ ကိုယ်ဝန်ဆောင်ချိန်နဲ့ မီးဖွားချိန်တွေမှာ ဥပဒေအရ ရရှိရမယ့် ခွင့်ရက်နဲ့ ခံစားခွင့်တွေကို အပြည့်အဝမရတာအပြင်၊ အလုပ်ရှင်တွေက ရက်မှန်ကြေးကို မြှင့်တင်ထားတဲ့စနစ်က အလုပ်သမားတွေ ခွင့်မယူနိုင်အောင် ဖိအားပေးထားပြီး ကိုယ်ဝန်ဆောင်တွေအတွက် ဥပဒေအရ ရရှိနိုင်မယ့်ခံစားခွင့်တွေကိုလည်း လျစ်လျူရှုထားတာ၊ ကျန်းမာရေးမကောင်းလို့ ဆေးခွင့်တင်ရာမှာလည်း အလုပ်ထုတ်ခံရမှာကို စိုးရိမ်နေကြရတယ် သွေးစည်းညီညွတ်သော သမဂ္ဂများအဖွဲ့ချုပ်(STUM)ရဲ့ တာဝန်ရှိသူတဦးက ဝေဖန်ထောက်ပြပါတယ်။

STUM ရဲ့ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက“အလုပ်သမားတွေက တိုင်ကြားလာတယ်၊ ဒါတွေကို အရေးယူပေးပါလို့ ပြောတဲ့ အခါ မှာ သက်ဆိုင်ရာဌာနတွေကလည်း အရေးယူပေးတာမျိုး မရှိဘူး၊ အဲဒီအခါကျတော့ အလုပ်သမားတွေက ငါတို့ ကတော့ တိုင်လည်း ဘာမှထူးမှာမဟုတ်ဘူး၊ ပြောလည်း ဘာမှထူးမှာမဟုတ်ဘူးဆိုတဲ့ စိတ်ဓာတ်တွေ ဝင်လာတယ်”လို့ HI Honest Information ကို ပြောပါတယ်။

ဒီလို အလုပ်သမားအခွင့်အရေးချိုးဖောက်မှုတွေကို စက်ရုံစီမံခန့်ခွဲမှုပိုင်း(Management Level)၊ ပိုင်ရှင်၊ စက်ရုံမှူး၊ မန်နေဂျာနဲ့ ကြီးကြပ်ရေးမှူး(စူပါ)တွေက ကျူးလွန်ကြတာ များတယ်လို့လည်း ဒေါ်မျိုးမျိုးအေးက HI Honest Information ကို ပြောပါတယ်။

သူက ဆက်လက်ပြီး “ကိုယ်ဝန်ဆောင်တွေ ခွင့်ပေးရမယ်၊ လုပ်ခလစာ ပေးရမယ်ဆိုတာ ဥပဒေမှာ ပြဌာန်းထားပြီးသား၊ ဒါကို ခွင့်တွေမရဘူး၊ အကျိုးခံစားခွင့်တွေ မရဘူးဆိုရင် စည်းကြပ်တဲ့ဌာနတွေက အလုပ်မလုပ်ဘူးဆိုတာ ပေါ်လွင်တယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းပြီး ၁ လအကြာမှာကတည်းက စစ်ကောင်စီရဲ့အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အား ဝန်ကြီးဌာနကနေ အလုပ်သမားသမဂ္ဂနဲ့ အလုပ်သမားအရေး လှပ်ရှားတဲ့အဖွဲ့အစည်း ၁၆ ဖွဲ့ကို တရားမဝင်အဖွဲ့အစည်းတွေ အဖြစ် ကြေငြာခဲ့ပါတယ်။

တဆက်တည်းဆိုသလို အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၇ဦးကို မီးရှို့ သတ်ဖြတ်ခဲ့ပြီး အဖွဲ့ဝင်တဦးကို သေနတ်နဲ့ပစ်သတ်ခဲ့သလို အလုပ်သမားသမဂ္ဂအဖွဲ့ဝင် ၁၁၈ ဦးကိုလည်း မတရားဖမ်းဆီး ထောင်ချထားတယ်လို့ မြန်မာနိုင်ငံဆောက်လုပ်ရေးနဲ့ သစ်လုပ်ငန်း အလုပ်သမား သမဂ္ဂများအဖွဲ့ချုပ်(BWFM)ရဲ့ ၂၀၂၃ ခုနှစ်က ထုတ်ပြန်ခဲ့တဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါ တယ်။

လက်ရှိမှာ အလုပ်သမားတွေဘက် ရပ်တည်ပေးမယ့် အလုပ်သမားသမဂ္ဂတွေ အားနည်းသွားတာနဲ့အတူ အလုပ်ရှင်တွေက အလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်းအဖြစ် မခန့်တော့ဘဲ နေ့စားအနေနဲ့သာ အလုပ်ခန့်လာသလို၊ အလုပ်သမားဥပဒေ အတိုင်းခံစားခွင့်နဲ့ လူမှုဖူလုံရေးခံစားခွင့်တွေအားလုံး ဆုံးရှုံးလာပြီး ပိုမိုဖိနှိပ်ခံလာရမျိုးတွေလည်း ရှိနေတယ်လို့ လက်တွေ့ ရင်ဆိုင်နေရတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

မစိုးစိုး၊ မသီတာနဲ့ မဝင့်ဝါတို့ဟာ မိသားစုစားဝတ်နေရေး၊ မီးဖွားစရိတ်အတွက် ဗိုက်ကြီးသည်ဘဝနဲ့ အံကြိတ်ကာ ရုန်းကန်ခဲ့ ကြပေမယ့် နောက်ဆုံးမှာတော့”တရားမျှတမှု” မဟုတ်ဘဲ “ဆုံးရှုံးမှု”သာ ဖြစ်ခဲ့တယ်။

မစိုးစိုးအတွက် ကလေးတယောက်ကို ဝမ်းဗိုက်ထဲမှာတင် ဆုံးရှုံးခဲ့ရသလို၊ မသီတာအဖို့လည်း ကျူးကျော်ရပ်ကွက်ထဲက တဲအိမ်လေးထဲကို ပြောင်းရွှေ့နေခဲ့ရပါတယ်။  မစိုးစိုးလိုပဲ ဝမ်းနဲ့လွယ်ထားရတဲ့သန္ဓေသားလေးကို ဆုံးရှုံးလိုက်ရ ပြီးတဲ့နောက် အလုပ်ပါ ထပ်ဖြုတ်ခံရမှာစိုးရိမ်စိတ်နဲ့အတူ လုံလောက်အောင် အနားယူခွင့်မရတဲ့ သွေးနုသားနုဘဝနဲ့ အလုပ်ခွင်မှာ မြိုသိပ်ကြိတ်မှိတ်နေရတဲ့အခြေအနေနဲ့ ရင်ဆိုင်နေရပါတယ်။ 

ဒီအမျိုးသမီးအလုပ်သမား ၃ဦးရင်ဆိုင်ခဲ့ရတဲ့ အဖြစ်အပျက်တွေဟာ မြန်မာပြည်က စက်ရုံအလုပ်ရုံတွေထဲမှာ ဥပဒေ အကာအကွယ်မဲ့နေတဲ့အခြေအနေတချို့ကို ထင်ထင်ရှားရှား ဖော်ပြနေတာဖြစ်သလို၊ သူတို့ရဲ့  စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှု ကြောင့် ဘယ်တာဝန်ရှိ အဖွဲ့အစည်းကိုမှ မတိုင်ကြားရဲခဲ့တဲ့အတွက် ဘယ်မှတ်တမ်းမှတ်ရာထဲကိုမှ မရောက်ခဲ့တဲ့ ဖြစ်စဉ်တွေထဲက အချို့ပဲဖြစ်ပါတယ်။