၅နှစ်တာအမှောင်ကာလထဲ ရုန်းကန်နေရဆဲ အမျိုးသမီးတွေ
က
ဒေဝီ
စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက် ကစလို့ မြန်မာပြည်သူတွေ အမှောင်ဖုံးခဲ့တာ အခုဆိုရင် ၅နှစ်ရှိလာခဲ့ပါပြီ။
ဒီ ၅နှစ်တာ ကာလမှာ အနာဂတ် ကိုယ်စီနဲ့ လျှောက်လှမ်းနေကြတဲ့ ပြည်သူတွေက စစ်အာဏာသိမ်းပြီးနောက် ရည်မှန်းချက်တွေ ပျောက်ဆုံးခဲ့ရသလို မိသားစုအသိုက်အမြုံတွေလည်း ပျက်စီးခဲ့ရတယ်။
လူငယ်လူရွယ်အများစုက စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး စီဒီအမ်အဖြစ်ရွေးချယ်တာ၊ စစ်ကောင်စီ တော်လှန်ရေးအတွက် လက်နက်ကိုင်လမ်းစဉ်ရွေးချယ်သွားတာ၊ မိသားစု စားဝတ်နေရေး၊ စစ်မှုထမ်း ဥပဒေ ကြောင့် ပြည်ပထွက်ပြီး ရရာအလုပ် လုပ်ကိုင်နေရတာနဲ့ တကွဲတပြားစီ ဖြစ်ခဲ့ရတယ်။
နိုင်ငံ့လူဦးရေရဲ့ ထက်ဝက်ကျော်ရှိတဲ့ အမျိုးသမီးတွေမှာ စစ်အာဏာသိမ်းပြီးချိန်ကစလို့ ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ၊ ဘေးကင်းလုံခြုံမှု စတဲ့ ကဏ္ဍပေါင်းစုံမှာ အခွင့်အလမ်းတွေဆုံးရှုံးခဲ့ရသလို ၅နှစ်တာကာလအတွင်းမှာ အမျိုးသမီးတွေဟာ အခက်ခဲပေါင်းစုံနဲ့ ရုန်းကန်နေရဆဲဖြစ်တယ်။
စစ်အာဏာသိမ်းပြီးကတည်းက အလုပ်လက်မဲ့ဖြစ်ရတာ၊ အလုပ်အကိုင်အခွင့်အလမ်းပျောက်တာ၊ မိသားစုနဲ့ ခွဲခွာပြီး နိုင်ငံရပ်ခြားမှာ ရုန်းကန်လှုပ်ရှားရတာ၊ ကိုယ်နိုင်ငံကို လွတ်လွတ်လပ်လပ် ပြန်ခွင့်မရတာတွေနဲ့ ဒီ ၅နှစ်မှာ အခွင့်အရေးတွေ အများကြီးဆုံးရှုံးခဲ့ရတယ်လို့ ပြည်ပနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ အသက် ၃၀ အရွယ် မွန်မွန်ကပြောတယ်။
“ဒီ ၅ နှစ်အတွင်းမှာ မိသားစုကို တွေ့ချင်တိုင်းတောင် ပြန်တွေ့ခွင့် မရခဲ့ဘူး၊ ပြန်မယ်ဆိုတိုင်း တခုမဟုတ် တခု ဖြစ်မလား၊ လေဆိပ်ကနေ ပြန်ထွက်ခွင့်ရနိုင်ပါ့မလားဆိုတဲ့စိတ်နဲ့ မိဘအိမ်လည်း မပြန်နိုင်ခဲ့ဘူး”လို့ မွန်မွန်ကပြောတယ်။
နောက်တခုကတော့ စစ်တိုက်ရာမှာ လူငယ်လူရွယ်တွေကို အသုံးချဖို့အတွက် အဓမ္မစစ်သားစုဆောင်းတာတွေ ကြောင့်လည်း မိသားစုဘဝတွေ ဖရိုဖရဲဖြစ်စေခဲ့ပါတယ်။
ရန်ကုန်မြို့မှာနေထိုင်တဲ့ အသက် ၅၅ နှစ်အရွယ် ဒေါ်ဌေးက “ဒီကာလပြောင်းလဲတာက ငါ့သား စစ်ပြေးဖြစ်ရတာနဲ့ အကြွေးတွေတင်လို့ မောင်နှမတွေစုနေတဲ့ အိမ်လေး ရောင်းလိုက်ရတာပဲ”လို့ ဆိုတယ်။
စစ်ကောင်စီရဲ့ စစ်မှုထမ်း ပထမ အပတ်စဉ်မှာပဲ ဒေါ်ဌေးရဲ့ အသက် ၂၇နှစ်အရွယ် သားဖြစ်သူ ပါသွားခဲ့သလို၊ သင်တန်းဆင်းပြီး နောက်မှာတင် စစ်တပ်က ထွက်ပြေးပြီး တိမ်းရှောင်နေရတာ ယနေ့အချိန်ထိလို့ဆိုပါတယ်။
ကိုယ်တိုင် နိုင်ငံရေးနဲ့ ပတ်သက်ပြီး နားမလည်ခဲ့၊ မပါဝင်ခဲ့ပေမယ့် စစ်အာဏာသိမ်းမှုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကတော့ သူတို့မိသားစုအပေါ် တပြေးညီ ရိုက်ခက်ခဲ့ပါတယ်။
တနေ့လုပ် တနေ့စား အခြေခံ လူတန်းစားသူတို့အတွက် အာဏာသိမ်းပြီးကာလတွေမှာ အရင်ထက် ပိုကြပ်တည်း လာသလို အဆိုးဆုံးက မိသားစုတကွဲတပြားနဲ့ နေထိုင်ရတာ၊ စီးပွားရေးအဆင်မပြေတာတွေ ဖြစ်ခဲ့ရတယ်လို့ သူကပြောတယ်။
ကုန်စျေးနှုန်းအကြပ်အတည်းကြားက အမျိုးသမီးတွေ
“ဆင်းရဲမွဲတေမှုနဲ့ အိမ်ထောင်စုတွေရဲ့ စီးပွားရေး၊ မြန်မာနိုင်ငံမှာ ကွယ်ပျောက်လာနေတဲ့ လူလတ်တန်းစားတခု” ဆိုတဲ့ UNDP က ၂၀၂၄ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ်က အာဏာ သိမ်းပြီးနောက်ပိုင်း လူဦးရေရဲ့ ၇၆ ရာခိုင်နှုန်းက အနိမ့်ဆုံးအဆင့် စားဝတ်နေရေးအခြေအနေ မသေရုံတမယ် အခြေအနေ မျိုးအောက်မှာ ဒါမှမဟုတ် အဲဒီလိုမျိုးဆိုးရွားတဲ့ အခြေအနေမျိုးမှာ နေထိုင်နေရတယ် လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင်ဆင်းရဲမွဲတေမှုနှုန်းကလည်း ၂၀၁၇ ခုနှစ်မှာ ၂၄.၈ ရာခိုင်နှုန်း ရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်မှာ ၄၉.၇ ရာခိုင်နှုန်း အထိ နှစ်ဆနီးပါး တိုးလာခဲ့ပြီး ဒါဟာလူဦးရေရဲ့ ထက်ဝက်နီးပါးရှိတယ်လို့ ဆိုတယ်။
နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ စီးပွားရေးအကြပ်အတည်း၊ အလုပ်အကိုင်ရှားပါးမှုတွေကြောင့် မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာစေသလို စစ်ကောင်စီရဲ့စစ်မှုထမ်းဥပဒေကြောင့်လည်း လူငယ် တွေ ရရာနည်းနဲ့ပြည်ပထွက်ကြတဲ့အခါ မိသားစုစားဝတ်နေရေးကို ခြိုးခြံချွေတာပြီး စီမံခန့်ခွဲရတဲ့ ဝန်ထုပ်ဝန်ပိုးဟာ အိမ်ထောင်ရှင် အမျိုးသမီးတွေအပေါ် ပိုမိုသက်ရောက်လာပါတယ်။
“လက်ထဲ တသောင်းရှိလည်း တနေ့စာ မလောက်ငှပါဘူး၊ ပိုက်ဆံတွေက အငွေ့ပျံသလိုပဲ”လို့ အသက် ၅၀အရွယ် ဒေါ်စန်းစန်းက ငြီးတွားပါတယ်။
အာဏာသိမ်းပြီးနောက် လူတိုင်းငြီးတွားကြတဲ့ အကြပ်အတည်းတခုက ကုန်စျေးနှုန်းတက်တာပါ။ အာဏာမသိမ်း ခင် ကာလထက် ၄ဆ၊ ၅ဆမက တက်လာတဲ့ ကုန်စျေးနှုန်းကြောင့်လည်း ပိုရုန်းကန်နေကြရတယ်။ အာဏာ မသိမ်းခင် ကာလအချိန်က ငွေ ၁ သောင်းနဲ့ဆို ၂ရက်၊ ၃ရက်စာလောက် မိသားစုဟင်းစားအတွက် လုံလုံ လောက်လောက် ဝယ်ချမ်းနိုင်တာကနေ အခုချိန်မှာတော့ ကုန်စျေးနှုန်းနောက်ကို အမှီမလိုက်နိုင်တော့ပါဘူး။
အာဏာမသိမ်းခင်ကာလက ရွှေဘိုပေါ်ဆန်းတအိတ်မှ ၅သောင်းကျော်ရှိတာကနေ ၅နှစ်အကြာ မှာတော့ တအိတ်ကို ၂သိန်းကျော်လာတယ်။ အာဏာမသိမ်းခင်က ကျပ် ၁၀၀ ဝန်းကျင်ရှိတဲ့ ကြက်ဥ၊ ဘဲဥဆိုလည်း ၅၀၀ -၆၀၀ကျပ်အထိ ဖြစ်လာတော့ အခြေခံလူတန်းစားတွေမှာ အဟာရပြည့်ဖို့ထက် ဗိုက်ပြည့်ဖို့သာ စဉ်းစားပြီး ချွေတာရပါတော့တယ်။
နေ့စဉ်စားသောက်စရိတ်၊ အိမ်ငှားနေထိုင်ရတဲ့စရိတ် ရေဖိုး၊ မီးဖိုးနဲ့ အခြားအထွေထွေစရိတ်တွေ တိုးလာပေမယ့် ဝင်ငွေလစာတွေက မတိုးတဲ့အခါ သာမန်လုပ်ခလစာရှိတဲ့ဝင်ငွေနည်းမိသားစုတွေမှာ ထမင်းနပ်မှန်စေဖို့ဖြစ်သလို ကြံဆနေရတယ်လို့ သူကဆက် ပြောပါတယ်။
“ကလေးတွေပေးတဲ့ ပိုက်ဆံကလည်း စားလောက်ရုံပဲ၊ အပိုလည်းမသုံးနိုင်ပါဘူး၊ ရောဂါတွေနာတာရှည် ဖြစ်လာရင်တောင် ရေရှည်ဆိုကုနိုင်မှာမဟုတ်ဘူး”လို့ဒေါ်စန်းစန်းက သက်ပြင်းချရင်းပြောတယ်။
ကျန်းမာရေးဆိုးကျော့ သံသရာထဲက အမျိုးသမီးတွေ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပျက်ယွင်းသွားတဲ့ကဏ္ဍတွေထဲ ကျန်းမာရေးစောင့်ရှောက်မှုလည်း အပါအဝင်ပါ။ စစ်ကောင်စီအုပ်ချုပ်တဲ့မြို့နယ်တွေမှာ ဆရာဝန်၊ သူနာပြုနည်းပါးတာ၊ ဆေးဝါးလိုအပ်ချက် မပြည့်စုံတာ တွေကြောင့် ပြည်သူတွေမှာ ကျန်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိဖို့ အလှမ်းဝေးခဲ့တယ်။
အထူးသဖြင့် ကျန်းမာရေးစောင့်ရှောက်မှု့အတွက် အဓိကကျတဲ့ဆေးဝါးတွေ စျေးနှုန်းမြင့်တက်တာ၊ ပစ္စည်းပြတ်လပ်တာတွေပါကြုံရပြီး၊ ပါရာစီတမောလ်လို အခြေခံကျတဲ့ ဆေးဝါးတွေတောင် အကန့်အသတ်နဲ့ ဝယ်ရတာ၊ အမျိုးသမီးတွေသားဆက်ခြားဖို့အသုံးပြုရတဲ့သန္ဓေတားဆေးတွေ စျေးတက်လို့ သုံးစွဲဖို့ ချင့်ချိန်နေရ တာ၊ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေလည်း စျေးတက်တာတွေပါကြုံခဲ့ရတယ်။
UNDP ရဲ့ အစီရင်ခံစာထဲမှာလည်း ရန်ကုန်မြို့က အိမ်ထောင်စုတွေမှာ ဆေးကုသစရိတ်နဲ့ ကလေးငယ်တွေ ပညာသင်ကြားနိုင်ရေး ကိစ္စရပ်တွေမှာ ဝန်ထုတ်ဝန်ပိုးရှိလာသလို၊ ကျန်းမာရေး၊ ဆေးကုသမှုတွေအတွက် လိုအပ်တဲ့ငွေကြေး ချေးငှားတာ၊ ပိုင်ဆိုင်မှုတွေကိုရောင်းချတာနဲ့ ဖြေရှင်းနေရတယ်လို့ဖော်ပြထားတယ်။
သိသာထင်ရှားတဲ့ဖြစ်ရပ်တွေအနေနဲ့ ရန်ကုန်လိုမြို့ပြတွေမှာအိမ်ခြေယာမဲ့နေထိုင်သူတွေများလာပြီး လမ်းဘေး မှာတင် ဖျားနာ သေဆုံးတာ၊ ပဲခူးမြို့က ပုလင်းခွံ၊ ရေသန့်ဗူးခွံ ကောက်တဲ့အလုပ်နဲ့ အသက်မွေးတဲ့ အမျိုးသမီးတဦးဟာ နေမကောင်းဖြစ်နေတဲ့ သူ့ရဲ့တနှစ်ကျော်အရွယ် ကလေးကိုဆေးဝယ်တိုက်ဖို့ ပလုံကောက်ရင်းရေနုတ် မြောင်းကျယ်ထဲ ရေနစ်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့တယ်။
“အိမ်ထောင်စုတော်တော်များများမှာတွေ့ရတာ ဖျားနာနေမကောင်းတာဆိုရင်တောင် ဆေးခန်းမသွားကြတော့ ဘူး၊ ဆေးခန်းပြရင်ကုန်မယ့် ပိုက်ဆံ ၈ထောင်၊ ၁သောင်းကို အိမ်မှာစျေးသုံးအတွက် သုံးလိုက်တာမျိုးတွေ ရှိလာတယ်”လို့ ရန်ကုန်မြို့မှာနေထိုင်တဲ့ ကိုတိုးက အဖွဲ့အစည်းတခုအတွက် လူမှုစီးပွားစစ်တမ်းတခုကို မြို့နယ်အချို့မှာ စစ်တမ်းကောက်ယူစဉ်က အတွေ့အကြုံကိုပြောတယ်။
သူကောက်ယူခဲ့တဲ့ စစ်တမ်းက မြို့နယ်အားလုံးကိုမလွှမ်းခြုံပေမယ့်လည်း အများစုကတော့ စားဝတ်နေရေး အတွက် ရုန်းကန်နေရတာ၊ နေ့ပြန်တိုးလို့ခေါ်တဲ့ အတိုးမြင့်မားတဲ့ ငွေချေးယူမှုတွေကြောင့် အကြွေးနစ်သထက် နစ်တာ၊ ပိုင်ဆိုင်မှုတွေရောင်းချပြီး အကြွေးရှင်တွေရန်ကရှောင်ရှားဖို့ အခြားအရပ်ဒေသကိုရွှေ့ပြောင်းရတာ၊ လောင်းကစားနဲ့ အရက်သေစာတွေကြောင့် အိမ်တွင်းအကြမ်းဖက်တာတွေ အတွေ့များလာတယ်လို့ ကိုတိုးက ဆိုတယ်။
ကျန်းမာရေးစနစ် ယိုယွင်းသွားမှုက စစ်ကောင်စီအုပ်စိုးရာ မြို့ပြကသူတွေတင်မကပါဘူး ပဋိပက္ခဒေသတွေမှာ လည်း စစ်ရေးပဋိပက္ခပြင်းထန်တာ၊ စစ်ကောင်စီကိုဆန့်ကျင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေကိုပစ်မှတ်ထား ဖမ်းဆီးတာ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာတွေကြောင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေက နောက်ကောက်ကျနေတယ်။
ဒီအကျိုးဆက်တွေအနေနဲ့ ပဋိပက္ခဒေသတွေက ကိုယ်ဝန်ဆောင်မိခင်တွေမှာ စစ်ဘေးရှောင်ပြေးလွှားရင်း ကိုယ်ဝန်ပျက်ကျရတာ၊ အဟာရပြည့်ပြည့်ဝဝနဲ့ မစားသောက်ရတာ၊ တောထဲတောင်ထဲ မီးမဖွားနိုင်တာ၊ ကလေးတွေမှာလည်း အကြောင်းအမျိုးမျိုးနဲ့ အဖက်မတင်တာ၊ မွေးပြီးနောက်ပိုင်း ရာသီဉတုဒဏ်ကြောင့် ဖျားနာပေမယ့်လည်း ဆေးမကုနိုင်တာကြောင့်သေဆုံးရတာ၊ မွေးဖွားပြီး ကလေးတွေမှာလည်း ကာကွယ်ဆေးတွေ ထိုးနှံခွင့်မရတာ၊ အစာအဟာရနဲ့ ပုံမှန် ကျန်းမာရေး စောင့်ရှောက်မှုမရတာတွေထိ ကြုံနေရတယ်။
ဒီလိုအကြပ်အတည်းတွေထဲ ပြည်တွင်းနဲ့ နိုင်ငံတကာအဖွဲ့အစည်းအသီးသီးကစိုးရိမ်ပူပန်နေရတဲ့ ကိစ္စရပ်က သန်းချီတဲ့ကလေးတွေ အသက်အရွယ်အလိုက်ထိုးရမယ့်ကာကွယ်ဆေး မထိုးနှံနိုင်မှုပါ။ မြန်မာနိုင်ငံမှာ ၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာမသိမ်းခင်က ကာကွယ်ဆေးထိုးနှံမှုနှုန်း ၉၄ရာခိုင်နှုန်း အထိရှိခဲ့ရာကနေ ၃၇ ရာခိုင်နှုန်းဆီ လျော့ကျသွားတယ်လို့ ကုလသမဂ္ဂကလည်း ထုတ်ပြန်ထားတယ်။
စစ်အာဏာသိမ်းပြီးနောက် ကလေးတွေအတွက် အရေးတကြီးလိုအပ်တဲ့ ကာကွယ်ဆေးမထိုးနှံနိုင်တာကလည်း စိုးရိမ်စရာအခြေအနေတခုဖြစ်ပြီး ကလေးနဲ့မိခင် အဟာရချို့တဲ့မှုက ဒီကာလမှာပိုဆိုးလာတယ်လို့ နယ်လှည့် ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ -BPHWT ရဲ့ ဒါရိုက်တာ စောဝင်းကျော်က ပြောပါတယ်။
စစ်ရှောင်သူအရေအတွက်က တဖြည်းဖြည်းတိုးလာတာကြောင့် စားနပ်ရိက္ခမလုံလောက်တာ ပြေးလွှားတိမ်း ရှောင်ရတဲ့အခါ အစာအဟာရတွေကို စနစ်တကျမစားသောက်နိုင်တာ၊ ကာကွယ်ဆေးမရတာ တောထဲတောင်ထဲ နေထိုင်ရတဲ့အခါ ဖျားနာတဲ့အခြေအနေတွေလည်းရှိတဲ့အတွက် မိခင်နဲ့ကလေးကျန်းမာရေးက ပိုပြီးတော့ အန္တရာယ်ရှိမယ့်အခြေအနေတွေ ပိုများလာမယ်လို့ စောဝင်းကျော်က ပြောပါတယ်။
လိုအပ်ချက်များစွာနဲ့စစ်ဘေးရှောင်အမျိုးသမီးတွေ
အာဏာသိမ်းပြီးနောက်ပိုင်း ပဋိပက္ခတိုက်ပွဲတွေပြင်းထန်လာတဲ့နည်းတူ စစ်ဘေးရှောင်ဦးရေ များလာတာပါ၊ စစ်အာဏာသိမ်းစ ၂၀၂၁ ဖေဖော်ဝါရီ ၁ရက်ကနေ ၂၀၂၅ အောက်တိုဘာ ၇ ရက်အထိ မြန်မာတဝှမ်း စစ်ဘေးရှောင် သူအရေအတွက်က ၄သန်းကျော် အထိရှိလာပြီလို့ Myanmar Peace Monitor ကဖော်ပြထားပါတယ်။
စစ်ဘေးရှောင်သူတွေထဲ သက်ကြီးရွယ်အို၊ အမျိုးသမီးနဲ့ ကလေးသူငယ်ရာခိုင်နှုန်းက ထက်ဝက်ကျော်ရှိသလို စစ်ဘေးရှောင်သူတွေမှာ အစာရေစာ လောက်ငှမှုမရှိတာ၊ မျိုးဆက်ပွားကျန်းမာရေးနဲ့ တကိုယ်ရေသန့်ရှင်းရေး လုပ်ဆောင်ဖို့ လိုအပ်ချက်ရှိတာ၊ ကျန်းမာရေးစောင့်ရှောက်မှုမရတာတွေ ကြုံနေရတယ်။
အထူးသဖြင့် အမျိုးသမီးတွေမှာ ကိုယ်ဝန်ဆောင်နဲ့ မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှုမရှိတာ၊ အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ သုံးစွဲဖို့လက်လှမ်းမမှီတာတွေ ကြုံရတဲ့အတွက် အဝတ်အပိုင်းအစ၊ လုံခြည်စတွေနဲ့ ဖြစ်သလို သုံးစွဲနေရတယ်လို့ စစ်ဘေးရှောင်ကူညီသူတွေကဆိုကြတယ်။
“စစ်ရှောင်တွေ အနေအထားက ထူးမခြားနားပါပဲ၊ အရင်ကထက် ပိုကြပ်တည်းလာကြတယ်၊ တချို့တွေဆို ၂ကြိမ် ၃ကြိမ်မက စစ်ရှောင်နေကြရတာ၊ စစ်ရှောင်ရတာနဲ့ အသားကျနေကြပြီလို့ ကနီမြို့နယ်က စစ်ဘေးရှောင်ကူညီသူ တဦးက ပြောတယ်။
လက်ရှိမှာလည်း စစ်ဖြစ်ပွားရာဒေသတွေမှာ စစ်ဘေးရှောင်အရေအတွက်က တိုးနေသလို၊ စားနပ်ရိက္ခာရဖို့ ရုန်းကန်နေရတာ၊ ကျန်းမာရေးအတွက် ဆေးဝါးအကူအညီတွေရဖို့လိုအပ်တာ စသဖြင့် အခြေခံလိုအပ်ချက် တွေက အစရုန်းကန်နေရတယ်လို့ သူကပြောတယ်။
အလုပ်သမားအခွင့်အရေးချိုးဖောက်ခံ စက်ရုံအလုပ်သမတွေ
အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကြုံရတဲ့စီးပွားရေးကြပ်တည်းမှုတွေနဲ့အတူ တပါတည်းကြုံရတာက အလုပ် လက်မဲ့ များလာတာပါ။ အထူးသဖြင် စက်ရုံအလုပ်ရုံတွေ ပိတ်သိမ်းသွားတဲ့နောက် အလုပ်လက်မဲ့ အရေအတွက် လည်း များလာသလို အလုပ်သမားအခွင့် အရေးချိုးဖောက်မှုတွေက ပိုဆိုးရွားလာတယ်။
စက်ရုံအလုပ်ရုံလုပ်သားတွေထဲ ၉၀ရာခိုင်နှုန်းလောက်က အမျိုးသမီးအလုပ်သမားတွေဖြစ်ကြသလို အထွေအထွေ ကြပ်တည်းမှုတွေကြား လုပ်ခလစာတိုးမလာတာ၊ ကုန်စျေးနှုန်းမြင့်တက်တာတွေကြောင့် ရုန်းကန် နေရပြီး ဒီနောက်ဆက်တွဲအနေနဲ့ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေ ရရာအလုပ်လုပ်ရတာ၊ အကြွေးစနစ်နဲ့ ပြည်ပနိုင်ငံတွေမှာ အိမ်ဖော်ထွက်လုပ်ရတာတွေကြုံလာရတော့တယ်လို့ အလုပ်သမားအရေးလုပ်ဆောင် သူတွေက ပြောတယ်။
အလုပ်သမားအရေးလုပ်ဆောင်နေတဲ့ Solidarity of Trade Unions Myanmar -STUM ဒါရိုက်တာ ဒေါ်မျိုးမျိုးအေးက “ညမထွက်ရအမိန့်တွေရယ် အိုတီညလုံးပေါက်ခေါ်တဲ့ကိစ္စတွေမှာ မဆင်းနိုင်တဲ့သူတွေ အလုပ်ပြုတ်တာတွေ နေရာပြောင်းခံရတာတွေ၊ ကိုယ်ဝန်ဆောင်မိခင်တွေ အိုတီတွေမဆင်းတဲ့အတွက် ဆုံးရှုံးတာတွေ၊ ကလေးရှိတဲ့ မိခင်တွေအတွက် အလုပ်တွေဆုံးရှုံးတာတွေ ကြုံရတယ်လို့ ပြောတယ်။
ဒါ့အပြင် အမျိုးသမီးအလုပ်သမားတွေမှာ လုပ်ငန်းခွင်အတွင်းလိင်ပိုင်းဆိုင်ရာ ထိပါးပြောဆိုခံရတာ၊ လိင်အမြတ်ထုတ်ခံရတာ၊ ဓမ္မတာလာတာကို လုံချည်လှန်စစ်ဆေးတာလို လူ့အခွင့်အရေးချိုးဖောက်တဲ့ အခြေအနေတွေလည်းကြုံနေရတယ်။
မလုံခြုမှုတွေကြားက အမျိုးသမီးတွေ
အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီအုပ်ချုပ်တဲ့ဒေသတွေမှာ မလုံခြုံမှုတွေပိုဆိုးလာသလို နေ့စဉ်နဲ့အမျှ ဒုစရိုက်မှုတွေ၊ အကြမ်းဖက်လုယက်သတ်ဖြတ်မှု၊ ပြန်ပေးဆွဲသတ်ဖြတ်မှု၊ အဓမ္မပြုကျင့်ခံရမှု၊ လူပျောက်မှု၊ အိမ်တွင်းအကြမ်းဖက်မှု စသဖြင့်နဲ့ နေ့စဉ်လူနေမှုဘဝတွေမှာ စိတ်မလုံမခြုံစွာနဲ့ နေထိုင်နေရတယ်။
ဒါတွေကစီးပွားရေးကြပ်တည်းမှုတွေကြောင့်အပြင်၊ လောင်းကစားနဲ့ မူးယစ်ဆေးတွေအလွယ်တကူ ရရှိလာတဲ့ အကျိုးဆက်အနေနဲ့ ကြုံရတာဖြစ်ပြီး ဘတ်စ်ကားစီးရင်တောင် မလုံခြုံတဲ့အခြေနေလို့ Content writerတဦးဖြစ် သူ မီကိုကဆိုတယ်။
“အခုဆို ဖြစ်လိုက်တဲ့အမှုအခင်းတွေကတော်တော်ရက်စက်ပြီး ကြောက်ဖို့ကောင်းတယ်၊ လမ်းသွားရင်းလုသွား တာကတမျိုး၊ တို့ဆေးအန္တရာယ်ကတမျိုးနဲ့ ညဘက်တွေလည်း နောက်ကျမပြန်ရဲဘူး”လို့ မီကိုကပြောပါတယ်။
ပြီးခဲ့တဲ့နှစ်က ရွှေပြည်သာမြို့နယ်မှာ မိန်းကလေးတဦးကို အဓမ္မပြုကျင့်သတ်ဖြတ ပြီးအလောင်းစွန့်ပစ်ထားတာ၊ မှော်ဘီမြို့နယ်မှာ ခင်ပွန်းဖြစ်သူက ဆေးကြောင်ပြီး ဇနီးဖြစ်သူကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့တာတွေကလည်း အမျိုးသမီးတွေရဲ့ မလုံခြုံတဲ့အခြေအနေကို ဖော်ညွှန်းနေပါတယ်။
ဒီလို အကြမ်းဖက်မှုတွေ ကြုံရပေမယ့်လည်း တရားဉပဒေအရ ကာကွယ်ပေးမှုတွေ ပျက်ပြားသွားတဲ့အတွက် အိမ်တွင်းအကြမ်းဖက်မှု ဒါမှမဟုတ် ပြင်ပအကြမ်းဖက်မှုတွေ ကြုံရတဲ့အခါ တိုင်တန်းဖို့ ခက်ခဲသွားတဲ့အတွက် လည်း ကျူးလွန်မှုတွေက အတင့်ရဲလာကြတယ်လို့ သူကဆက်ပြောတယ်။
လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကြားက အမျိုးသမီးတွေ
စစ်တပ်အာဏာသိမ်းပြီး ၅နှစ်တာကာလအတွင်း အမျိုးသမီးတွေကြုံရတဲ့ ပြဿနာတွေထဲ ချန်လှပ်ထားလို့ မရတာက လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုလည်းအပါအဝင်လို့ အမျိုးသမီးရေးလုပ်ဆောင်သူတွေက မှတ်ချက်ပြုပါ တယ်။ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေထိပါးနှောင့်ယှက်တာတွေက နေရာပေါင်းစုံမှာ ဖြစ်ပွားနေပြီး အထူးသဖြင့် စစ်တပ်က ကျူးလွန်မှုတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေက ကျူးလွန်မှုတွေလည်း အပါအဝင်ဖြစ်တယ် လို့ဆိုတယ်။
ပြီးခဲ့တဲ့လပိုင်းက မြန်မာ့အမျိုးသမီးသမဂ္ဂ(BWU)က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ၂၀၂၄ ဇန်နဝါရီ မှ ၂၀၂၅ ဇူလိုင်လအထိ ၁နှစ်ခွဲကာလအတွင်းစစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနဲ့ ကရင်နီပြည်နယ်တို့မှာ အုပ်စုဖွဲ့မုဒိမ်းမှုအပါအဝင် ပဋိပက္ခနဲ့ဆက်နွယ်တဲ့လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၈၈ခု ရှိခဲ့တယ်လို့ ဖော်ပြထားတယ်။
အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) – WLB က ၂၀၂၁၊ ဖေဖော်ဝါရီကနေ ၂၀၂၅ မေလအထိ ကောက်ယူရရှိခဲ့တဲ့ စာရင်းအရလည်း နိုင်ငံတဝှမ်း ပဋိပက္ခနဲ့ဆက်နွှယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု စုစုပေါင်း ၉၆၃ မှုရှိကာ၊ ကရင်နီပြည်နယ်က အကြမ်းဖက်မှု ၃၆၅ မှုစစ်ကိုင်းတိုင်းမှာ ၃၄၉ ခု၊ ရှမ်းပြည်နယ်မှာ ၁၀၂ ခု၊တနင်္သာရီတိုင်းမှာ ၂၇ခု၊ ချင်းပြည်နယ်မှာ ၁၉ခုရှိခဲ့တယ်လို့ဖော်ပြထားတယ်။
ကျူးလွန်ခံရသူတွေက သက်ကြီးရွယ်အို၊ အမျိုးသမီး၊ မိန်းကလေးငယ်တွေနဲ့ ကလေးသူငယ်တွေပါ ပါဝင်နေပြီး ကျူးလွန်သူတွေကို အပြစ်ပေးအရေးယူဖို့ ပျက်ကွက်နေတာတွေကြောင့်လည်း ကျူးလွန်ခံရသူတွေမှာ တရားမျှတမှုရဖို့ အလှမ်းဝေးနေရဆဲလို့ အမျိုးသမီးအရေးလုပ်ဆောင်နေသူတွေက တညီတညွတ်တည်း ဆိုပါတယ်။
အမျိုးသမီးတွေရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေက ဒါတွေတင်မကပါဘူး။ စစ်ကြောရေးတွေမှာ နှိပ်စက် ခံရတာ၊ အကျဉ်းထောင်တွေထဲ ညှင်းပန်းနှိပ်စက်ခံရတာ၊ ဆေးကုသခွင့်မရတာ၊ အမျိုးသမီးနဲ့ကလေးသူငယ် များစွာ သတ်ဖြတ်ခံရတာ၊ ပညာသင်ကြားခွင့် ဆုံးရှုံးနေရတာ စသဖြင့် ဒီ ၅နှစ်အတွင်း မြင်ရတဲ့ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေ၊ မမြင်ရတဲ့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေ ကြုံတွေ့ခံစားနေရတယ်။
အမျိုးသမီးတွေဟာ ဒီ ၅နှစ်တာကာလအတွင်း ပျော်ရွှင်မှု၊ လွတ်လပ်မှု၊ လုံခြုံမှုနဲ့ အခွင့်အလမ်းတွေ အားလုံးကို ဆုံးရှုံးလိုက်ရပြီး၊ စစ်အာဏာရှင်ရဲ့ ဖိနှိပ်မှုကြား ကြံ့ကြံ့ခံ ရုန်းကန်ရှင်သန်နေကြရဆဲ ဖြစ်ပါတယ်။










