အာဏာသိမ်းမှုကြောင့် လမ်းကြောင်းပြောင်းသွားတဲ့ အနာဂတ်တွေ
HI – Honest Information
//သူတို့အသံ//
ဒီနေ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ဟာ စစ်အာဏာသိမ်းမှု ၅နှစ် ပြည့်ပြီဖြစ်ပါတယ်။ မြန်မာလူထုဟာလည်း အာဏာရှင်စနစ်ကို တွန်းလှန်နေတာ ရက်ပေါင်း ၁,၈၀၀ကျော်ခဲ့ပါပြီ။
စစ်တပ်အာဏာသိမ်းချိန်မှာ အာဏာရှင်ယန္တရားတွေ ယိုင်နဲ့ပြိုကျဖို့ရည်ရွယ်တဲ့ အာဏာရှင် လက်အောက်မှာ မနေလိုကြောင်း အကြမ်းမဖက်လှုပ်ရှားမှုတခုဖြစ်တဲ့ စီဒီအမ် လှုပ်ရှားမှုဟာ ကမ္ဘာသိထင်ရှားခဲ့သလို အထိုက်အလျှောက်ထိရောက်မှုလည်း ရှိခဲ့ကြတယ်။
အာဏာသိမ်းပြီးနောက် ပညာရေးနဲ့ ကျန်းမာရေးကဏ္ဍရဲ့ စီဒီအမ်မှာပါဝင်မှုဟာ အများဆုံးဖြစ်ခဲ့ပါတယ်။ လက်ရှိအချိန်ထိလည်း ကဏ္ဍအသီးသီးကနေ အာဏာဖီဆန်စီဒီအမ်လှုပ်ရှားမှုမှာပါဝင်ခဲ့ကြသူတွေဟာ တော်လှန်ရေးရဲ့ဝန်ကို ထမ်းပိုးထားဆဲပါပဲ။
ဒါကြောင့် အာဏာသိမ်းမှုဖြစ်စဉ်က သူတို့အိပ်မက်တွေကို ဘယ်လိုရိုက်ချိုးဖျက်ဆီးခဲ့သလဲ၊ မူလကမျှော်လင့်ခဲ့တဲ့ ရည်ရွယ်ချက်နဲ့ အိပ်မက်တွေဟာ စစ်အာဏာသိမ်းမှုကြောင့် ဘယ်လိုပြောင်းလဲ သွားပြီလဲ၊ အာဏာသိမ်းပြီး ၅နှစ်တာ ကာလအတွင်း စစ်အာဏာရှင်ကို အလိုမရှိကြောင်း ဘယ်လိုကြံကြံခံ ရင်ဆိုင်ပြသနေကြသလဲ၊ တော်လှန်ရေးကာလကြာလာတာနဲ့အမျှ သူတို့အိမ်မက်တွေ ကနေ တဆစ်ချိုးပြောင်းလဲသွားတဲ့ ဘဝလမ်းကြောင်းအသစ်မှာ ဘယ်လိုတွေ ကျော်ဖြတ်နေကြသလဲ၊ ဆိုတာ စီဒီအမ်ကျောင်းသူတွေနဲ့ ဆရာမ၊ မိဘတချို့ရဲ့စကားသံကို ဒီအစီအစဉ်မှာ ဖတ်ရှုရမှာ ဖြစ်ပါတယ်။
ကံ့ကော်ဦး
အသက် ၂၂ နှစ်
အာဏာသိမ်းချိန်တုန်းက ၁၀တန်း ဖြေပြီးပါပြီ။ အိပ်မက်ကတော့ တရားသူကြီး ဖြစ်ချင်ခဲ့တာပါ။ ဖေဖေနဲ့ မီတာဘေလ် ဆောင်ဖို့သွားတိုင်း မြို့နယ်တရားရုံးကြီးကို အမြဲဖြတ်သွားရတယ်။ ဖေဖေက ရုံးတွေဘာတွေ သိပ်မသွားချင်တဲ့သူပါ။ ကျွန်တော်ကတော့ ဒီရုံးမှာ တရားသူကြီးလုပ်မှာ။ လာတဲ့ လူတွေကိုလည်း သဘောကောင်းပြီး၊ တရားမျှတတဲ့ တရားသူကြီးလုပ်ပေးမှာလို့တောင် ပြောခဲ့ ပါသေးတယ်။
အဲ့အချိန်တုန်းက ကျွန်တော့ အစ်ကိုက ဂုဏ်ထူးတန်းနောက်ဆုံးနှစ်ကျောင်းသား။ ကျွန်တော်က ပထမနှစ် စတက်ရမဲ့ ကျောင်းသူပါ။ ကျွန်တော့်အစ်ကိုက စိတ်ဓာတ် ပြတ်သားတဲ့သူပါ။ သူ့အတွေးက လွမ်းမိုးမှုရှိခဲ့တော့ မတရားမှုကို ဆန့်ကျင်ရမယ်ဆိုတဲ့ အသိနဲ့ မောင်နှမ ၂ယောက်လုံး CDM ဝင်ခဲ့ကြ ပါတယ်။
ရင်ဆိုင်ရတာတော့ အများကြီးပါပဲ။ CDM ဆိုတော့ ဘယ်အလုပ်မှ မခန့်ကြပါဘူး။ ကိုယ်တွေကလည်း သွားမလျှောက်ရဲဘူး။ ဖမ်းခံရမှာလေ။ ဒါကြောင့် သားအကြီးဆုံးဖြစ်တဲ့ အစ်ကိုက ရရာအလုပ်လေးတွေ လုပ်တယ်။ ကျွန်တော်ဆိုလည်း အသက်မပြည့်သေးပေမဲ့ စက်ရုံတောင် ဝင်လုပ်လိုက်ရသေးတယ်။
ကျွန်တော်တို့လည်း ကျောင်းပြန်တက်ချင်တဲ့ စိတ်တွေ ခဏခဏဝင်ခဲ့ရပါတယ်။ ဒါပေမယ့် သတင်းတွေ၊ မြင်ရ၊ ကြားရတိုင်း ကျွန်တော်တို့ထက် အသက်ဘေးတွေ၊ အိုးအိမ်တွေ ဆုံးရှုံးသူတွေက အများကြီးပါပဲ။ သူတို့တွေ တောင့်ခံနေတယ်။ ကျွန်တော်တို့ လွယ်လွယ်ကူကူ စိတ်လျော့လိုက်မယ်ဆိုရင် ကျွန်တော်တို့ လိပ်ပြာလုံမှာမဟုတ်ဘူး။ ကျွန်တော်တို့လည်း သူတို့နဲ့ အတူ တောင်ခံကြရမယ်လို့ တွေးတယ်။ လက်ရှိမှာတော့ ကြားကာလ တက္ကသိုလ်မှာ ဒုတိယနှစ် ဆက်တက်နေပါတယ်။
အာဏာသိမ်းမှုသာမရှိခဲ့ရင် တရားရေးလမ်းပေါ်ရောက်နေမှာ ကျိန်းသေပါတယ်။ ကျွန်တော် ဆယ်တန်းအောင်တော့ အမှတ်က ကောင်းပါတယ်။ ဥပဒေမေဂျာကို အသာလေး တက်နိုင်ပါတယ်။ အခုအချိန်ဆို ဘွဲ့ရပြီးလို့ တရားရုံးတွေမှာ ချိန်ဘာလိုက်ဆင်းနေရလောက်ပါပြီ။
အခုတော့တရားသူကြီး လုပ်လို့မရတာ သေချာနေခဲ့ပါပြီ။ ဒါပေမယ့် ကျွန်တော်လက်မလျော့ပဲ ကြားကာလ တက္ကသိုလ်မှာ ဥပဒေ လျှောက်ပါသေးတယ်။ ကံဆိုးစွာပဲ အဲ့နှစ်ဝင်ခွင့်မှာ ဥပဒေဘာသာ မပါပါဘူး။ ဆရာအင်အား မလုံလောက်လို့ကြားရပါတယ်။ ကျွန်တော်ဆက်ပြီး မစောင့်နိုင်တဲ့အတွက် တခြားမေဂျာ ပြောင်းယူခဲ့ပါတယ်။ တကယ့်ဘဝမှာတော့ ကျွန်တော့်သူငယ်ချင်း Non CDM တွေက နောက်ဆုံးနှစ်တွေတောင် ဖြစ်နေပြီလေ။
ဒီတော်လှန်ရေးထဲက ရလိုက်တဲ့အရာတွေလည်းရှိပါတယ်။ အကောင်းကိုရှာရမယ်ဆိုရင်တော့ လောကဓံကို စောစောသိခွင့်ပြီး၊ လူတွေနဲ့ ပေါင်းသင်းဆက်ဆံရေးကိုပါ သိလာခဲ့ပါတယ်။ ပြီးတော့ တခုခုဆိုရင် ခံနိုင်ရည်အား ကောင်းတာမျိုးပေါ့။ ဒါက ကိုယ့်အနေနဲ့ Survival Skill ပိုကောင်းလာစေတယ်လို့ ထင်ပါတယ်။
ရှေ့ဆက်ပြီး ကျွန်တော့်အနေနဲ့တော့ ဘွဲ့တခု ယူချင်ပါတယ်။ အဲ့ဘွဲ့နဲ့ပဲ အသက်မွေးဝမ်းကျောင်း ပြုချင်ခဲ့ပြီး Master ကို တခြားနိုင်ငံတွေမှာတက်ပြီး အောင်မြင်တဲ့ စိတ်ပညာရှင်တယောက် ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကတော့ရှိနေသေးပါတယ်။
ကျွန်တော်တို့ တိုင်းပြည် အများကြီးနေကောင်းလာဖို့မျှော်လင့်ပါတယ်။ ပြီးတော့ အခုအခြေအရ ဘာမှ အတတ်မပြောနိုင်တဲ့အနေအထားဆိုတော့ ဝမ်းနည်းတဲ့စိတ်ပဲ ရှိနေပါတယ်။ ဖြစ်ချင်တာတော့ ဖက်ဒရယ်ဒီမိုကရေစီ ပါပဲ။
ဆု
အသက် (၁၈)နှစ်
စစ်အာဏာမသိမ်းခင်တုန်းက Grade-7 (ဆဋ္ဌမတန်း စနစ်ဟောင်း) ပြီးဆုံးချိန်ပါ။
အာဏာမသိမ်းခင်တုန်းက ကျောင်းပြီးတဲ့အထိတက်ပြီး ကိုယ်နဲ့ကိုက်ညီမှုရှိတဲ့ အလုပ်နဲ့ နေရာတခုကို ရောက်အောင်ကြိုးစားမယ်ဆိုတဲ့ အိပ်မက်ရှိခဲ့ပါတယ်။
နိုင်ငံရေးဆိုတာ ဘာမှန်းမသိသေးတဲ့အရွယ်မှာ အာဏာသိမ်းတယ်ဆိုတာကိုလည်း သိပ်နားမလည် ခဲ့ဘူး။ ဒါပေမယ့်အချိန်အနည်းငယ်ကြာလာတာနဲ့အမျှ နိုင်ငံမှာဖြစ်ပျက်နေတဲ့ အခြေအနေတွေ ပိုပြီး ဆိုးရွားလာတာတွေ တွေ့ရတယ်။
ပြည်သူ့အသက်တွေ ၊ နိုင်ငံ့တာဝန်ထမ်းဆောင်နေတဲ့သူတွေရဲ့ အသက်တွေ လွယ်လွယ်နဲ့ ဆုံးရှုံးတာကို မြင်လာရတော့ စိတ်မကောင်းဖြစ်မိတယ်။ နာကျည်းမိတယ်။ အမှန်နှင့် အမှားကို ခွဲခြားသိမြင်လာခဲ့တဲ့ အချိန်ရောက်တော့ အန္တရာယ်မကင်းမှန်းသိပေမယ့် မှန်တဲ့လမ်းရွေးချယ်ပြီး CDM လှုပ်ရှားမှုမှာ ပါဝင်ဖြစ်ခဲ့ပါတယ်။
အာဏာသိမ်းပြီး ကျောင်းပြန်ဖွင့်ချိန်ရောက်လာတော့ ပထမဆုံး မိဘနဲ့ အတိုက်အခံရှိခဲ့ပါတယ်။ မိဘတိုင်းက သားသမီးတွေကို ပညာတတ်ကြီး ဖြစ်စေချင်ကြတာပါပဲ။ ကျောင်းဆက် မတက်ဘဲရှေ့ဆက်ဖို့ကို မိဘတွေ မလိုလားပေမဲ့လည်း တဖြည်းဖြည်းနဲ့ ကိုယ်ရွေးချယ်တဲ့လမ်းကို လက်ခံပေးလာခဲ့တယ်။ အခြားသူတွေကျောင်းတက်နေတဲ့အချိန် ကိုယ့်မှာလမ်းပျောက်နေခဲ့ရတယ်။ အလုပ်လုပ်ဖို့ဆိုတာလည်း ကိုယ့်အသက်အရွယ်နဲ့ ဘာဆက်လုပ်ရမှန်း မသိတော့တဲ့အခြေအနေထိ ရောက်ခဲ့တယ်။
ဒါပေမယ့် CDM အစ်မတယောက်ရဲ့ လမ်းညွှန်မှုနဲ့ CDMတွေ ပေါင်းစုထားတဲ့ Online Federal School တခုမှာ ကျောင်းဆက်တက်ခဲ့ပါတယ်။ လုံခြုံရေးနဲ့ပတ်သက်ပြီး အများကြီး ဂရုစိုက်ခဲ့ရပါတယ်။ ပတ်ဝန်းကျင်ရဲ့ ပြောဆိုမှုတွေကိုလည်း သည်းခံခဲ့ရတယ်။
အဲလိုနဲ့ Grade-8 , Grade-9 , Grade-10 အထိ တက်ရောက်ပြီးနှင့်ခဲ့ပါပြီ။ Grade-9 တက်ချိန်မှာ လုံခြုံရေးကြောင့် ရှောင်ရတာတွေလည်း ရှိခဲ့ပါတယ်။ Grade-10ရောက်တော့ ရေဘေးကြောင့် အင်တာနက်လိုင်း ပြတ်တောက်ခဲ့ပေမယ့်လည်း လိုင်းပြန်ရတဲ့အချိန်မှာ ဆက်လက်တက်ရောက်ခဲ့ရ ပါတယ်။
Grade-11 တက်ပြီး ၁လလောက်မှာတော့ လိုင်းက ပုံမှန်လိုမဟုတ်တော့တဲ့အတွက်ကြောင့်ရယ်၊ လုံခြုံရေးပိုပြီး စိုးရိမ်လာရတာရယ်ကြောင့် အွန်လိုင်းမှာ ပညာသင်တာလည်း နားခဲ့ရပါတယ်။ ဒီလို အခက်အခဲတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။
စစ်အာဏာသိမ်းတာ ၅နှစ်ပြည့်တော့မှာ။ လက်ရှိအချိန်ထိ ဘယ်လိုတောင့်ခံနေလဲဆိုတော့ ကိုယ့်ကိုယ်ကိုယ် အမြဲစိတ်ဓာတ်ခွန်အား ရှိဖို့တွေးပြီးနေတယ်။ လျှောက်တဲ့လမ်းချင်းတူတဲ့သူတွေရဲ့ အားပေးစကားတွေကြောင့်လည်း အင်အားအပြည့်နဲ့ ရှေ့ဆက်နေပါတယ်။ တချို့ကျောင်းပြန် တက်နေကြသူတွေလည်း ရှိတယ်။ အဲဒီထဲမှာ ကိုယ့်ရဲ့သူငယ်ချင်းတွေရောပါတယ်။
အခုလို CDMတယောက်အဖြစ် ရပ်တည်တော့မယ့် အခြေအနေမှာ ကိုယ်နဲ့တူတူ ပါဝင်ကြမှာလို ဟန်ဆောင်ခဲ့တဲ့ သူငယ်ချင်းတွေလည်း ရှိခဲ့ပါတယ်။ အချိန်တခုရောက်လာပြန်တော့လည်း သူငယ်ချင်းတွေ အားလုံးနီးပါးက ကျောင်းပြန်တက်ခဲ့ကြတယ်။ ဒါတွေကြောင့်လည်း ကျောင်းပြန်တက် ဖို့ တိုက်တွန်းခံရပြန်ပါတယ်။
ဒါပေမယ့် ကျောင်းပြန်မတက်ခဲ့ပါဘူး။ ပတ်ဝန်းကျင်ရဲ့ ပြောဆိုမှုကိုလည်း အများကြီးကြားခဲ့ရပါတယ်။ ဟန်ဆောင်ခဲ့တဲ့ သူငယ်ချင်းတွေကိုလည်း စိတ်နာမိတယ်။ အဲဒါကြောင့်လည်း လက်မလျှော့ဘဲ ကိုယ်ရွေးချယ်ခဲ့တဲ့လမ်းကို ဆက်ပြီးရပ်တည်နေဖြစ်တာပါ။
လက်ရှိမှာတော့ ပညာရေးနဲ့ပတ်သက်ပြီးဘာမှ မလုပ်ဖြစ်ပါဘူး။ အိမ်ကစျေးရောင်းတော့ ကိုယ်လည်း အိမ်အလုပ်တွေကူပြီး စျေးရောင်းထွက်နေပါတယ်ရှင့်။ အာဏာသိမ်းမှုသာမရှိခဲ့ရင် လက်ရှိ အချိန်လောက်ဆို ခေတ်စနစ်အလျောက် ကိုယ်နဲ့ပိုကိုက်ညီမှုရှိတဲ့ လမ်းကိုလျှောက်နေလိမ့်မယ်လို့ ထင်မိပါတယ်ရှင့်။
အာဏာသိမ်းမှုကြောင့်ကိုယ့်ရဲ့ ပညာရေး ရပ်တန့်နေရတယ်။ ကျောင်းပြီးတဲ့အထိတက်မယ်ဆိုတဲ့ အိပ်မက်ကို စွန့်လွှတ်ခဲ့ရပါတယ်။ လက်ရှိအချိန်မှာဆိုရင် နေရာတိုင်းမှာလည်း တက္ကသိုလ်ဝင်တန်း ၊ Grade-12 ၊ GED စသဖြင့် အောင်မြင်ထားမှ သင်တန်းတက်ခွင့်ရှိတာတွေ၊ အလုပ်လျှောက်ခွင့်ရှိတာတွေ ကန့်သတ်ထားတော့ ကိုယ့်အတွက် ဘယ်လိုဆက်လုပ်ရမှန်းမသိတဲ့ အခြေအနေပါ။ နိုင်ငံခြားထွက်ဖို့ဆိုတာဟာလည်း ကိုယ့်အတွက်အများကြီး ခက်ခဲတဲ့ထဲပါတယ်။ ဘယ်လိုအိပ်မက်မျိုးက ကိုယ့်အတွက် ပိုအဆင်ပြေနိုင်လဲဆိုတာ လေ့လာနေဆဲပါ။
ဒီ ၅နှစ်အတွင်းမှာ အဆိုးထဲက အကောင်းလို့ပြောလို့ရမယ့် ကိုယ့်ကိုယ်ကိုယ် အားရကျေနပ်မိတဲ့ လုပ်ဆောင်ချက်ရှိပါတယ်။ အဲဒါကတော့ ကိုယ်လျှောက်တဲ့လမ်းကို အခုချိန်ထိ လိပ်ပြာလုံလုံနဲ့ ဆက်လျှောက်နေနိုင်သေးတယ် ဆိုတာပါပဲရှင့်။ ကိုယ့်ရဲ့ ပညာရေးထက် အပြင်လောကမှာ အလုပ်လုပ်ပြီး ရှေ့ဆက်ဖြစ်မယ် ထင်ပါတယ်။ လက်ရှိအခြေအနေနဲ့ ပညာရေးကို ဦးစားပေးဖို့ဆိုတာက သိပ်မသေချာတော့လို့ပါရှင့်။
ဘဝလမ်းကြောင်းနှင့်ပတ်သက်ပြီး လုပ်ချင်တဲ့အရာဆိုပြီး ထွေထွေထူးထူး မရှိသေးပါဘူး။ လက်ရှိအချိန်ထိတော့ ရှာဖွေလေ့လာနေဆဲပါရှင့်။ ရှေ့ဆက်ပြီး တိုင်းပြည်အနာဂတ်နဲ့ ပတ်သက်တာ ဆိုရင် အခုလိုဖြစ်နေတဲ့ အခြေအနေကို အမြန်ပြီးဆုံးစေချင်ပြီ။ နောက်လာမယ့် လူငယ်တွေကိုလည်း ဒီလိုအခြေအနေမျိုး မကြုံစေချင်တော့ဘူး။
လာမယ့်အနာဂတ်ဟာလည်း လူသားတိုင်း ပိုင်ဆိုင်ခွင့်ရှိနိုင်တဲ့ အခွင့်အရေးမျိုးတွေနဲ့ ကိုယ်စီရွေးချယ် ထားတဲ့အိပ်မက်ကို ဆက်ပြီးလျှောက်လှမ်းခွင့် ရှိလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နေရာတိုင်းမှာ ပညာအရည်အချင်း ကန့်သတ်ထားတာမျိုးမဟုတ်ဘဲ လက်တွေ့နဲ့ သက်ဆိုင်တဲ့ အရည်အချင်းမျိုး ရှိတယ်ဆိုရင် ပါဝင်ခွင့်ရှိတဲ့စနစ်မျိုး ဖြစ်လာစေချင်မိပါတယ်ရှင့်။
တော်လှန်ရေးနဲ့ပတ်သက်ပြီး စိတ်အားထက်သန်တုန်းပါ။ တခါတရံ စိတ်ဓာတ်ကျသွားတဲ့ အချိန်တွေ ရှိပေမဲ့ ကိုယ့်ရွေးချယ်ခဲ့တဲ့လမ်းကို ယုံယုံကြည်ကြည်နဲ့ ရှေ့ဆက်သွားနိုင်ရမယ်ဆိုတဲ့ စကားနဲ့ စိတ်ကိုခိုင်ခံ့အောင် ထားပါတယ်။ ကိုယ်နဲ့လမ်းချင်းတူတဲ့သူတွေလည်း အများကြီးရှိသေးတဲ့ အတွက်ကြောင့် တော်လှန်ရေးမပြီးသေးသရွေ့ ဘယ်တော့မှ သွေးအေးမှာမဟုတ်ပါဘူး။ ဘာတွေပဲ ဖြစ်လာပါစေ ကိုယ်ရွေးချယ်တဲ့လမ်းကို အဆုံးထိလျှောက်လှမ်းဖို့ အသင့်ပါရှင်။
Christian Tyler
အသက် – ၁၉ နှစ်
အာဏာမသိမ်းခင်တုန်းက ၇တန်း ဖြေထားတာပါ။ ၈တန်းတက်ရမှာပါ။
အိပ်မက်ကတော့ ထွေထွေထူးထူး မရှိခဲ့ဖူးပါဘူး တက္ကသိုလ်တက်မယ် ဘွဲ့ယူမယ် အဲ့လောက်ပါပဲ။ အဲ့တုန်းကလည်း ပညာရေးအတွက် ပူပန်ရတဲ့ခေတ်မဟုတ်တော့ ဘာညာဖြစ်ချင်တယ်လည်း မရှိခဲ့ပါဘူး။
ပထမဆုံး CDM လုပ်ရတဲ့အကြောင်းအရင်းက အမချစ်သုဝေတို့ ဆေးဝန်ထမ်းတွေ၊ အင်ဂျီနီယာတို့ တွေက CDM ဝင်ဖို့ တိုက်တွန်းဆန္ဒပြကြတော့ ဝင်လိုက်တာပဲ။ အဲ့ဒီနောက်မှာ အဒေါ်က CDM ရဲ့ အဓိပ္ပာယ်ကို သေချာရှင်းပြတော့မှ ငါဒီလှုပ်ရှားမှုကို ဘယ်တော့မှ မရပ်တန့်တော့ဘူးဆိုတာကို သေချာဆုံးဖြတ်ခဲ့တာပါ။
အခက်အခဲကတော့ သူများတွေထက်စာရင်ဖြေသာတယ်လို့ ပြောလို့ရပါတယ်။ အဲ့အရွယ်တုန်းက ကျောင်းမတက်ရရင်ပြီးရောဆိုပြီး ပျော်နေရော စာလည်းမကျက်ရ၊ ဘာမှမလုပ်ရ ၂နှစ်လောက်လည်း ကျရော ကျောင်းတွေပြန်ဖွင့်ကြတော့ သူများတွေအဖြူအစိမ်းဝတ်ရင် ဝတ်ချင်တယ် ကျောင်းသွားတက်ရင် တက်ချင်တယ်။ ဒါပေမယ့် အရွံဆုံးအချိန်တချိန်ရှိတယ်။ ကိုယ့်နိုင်ငံကို ကိုယ့်လူမျိုးက ကိုယ်တိုင်သတ်ဖြတ်နေတဲ့အချိန်မှာ နိုင်ငံတော်သီချင်းကို ကြားရတဲ့အချိန်ပဲ။
အရမ်းဆိုးရွားတာမျိုးလည်း မရှိခဲ့ဘူးဗျ။ ဒါပေမယ့် သူငယ်ချင်းတွေကိုတော့လွမ်းတာပေါ့။ တောင့်ခံနိုင်ရတဲ့အချက်က လူသားဆန်မှုပါပဲဗျ။ ကျွန်တော်အကြိုက်ဆုံး စကားစုတခုရှိတယ် Martin Luther King ပြောခဲ့တာ မြန်မာလိုဆို ” မတရားမှုတခုက နေရာတိုင်းမှာရှိတဲ့တရားမျှတမှုကို ခြိမ်းခြောက်နေတာပဲတဲ့ ” ကျွန်တော်တို့ဘက်ခြမ်းမှာ အခြေအနေက သာယာနေပေမယ့် ကရင် ၊ စစ်ကိုင်း ၊ ကချင် ၊ ချင်း တို့မှာ စာသင်ဖို့မပြောနဲ့ ဗုံးခိုကျင်းထဲကနေကို မထွက်ရဘူး။ Humanity လို့ခေါ်တဲ့ လူသားချင်းစာနာတတ်ရင်တော့ အခုကျောင်းတက်နေတဲ့သူ တက္ကသိုလ်တက်နေတဲ့သူတွေ ရှက်သင့်ပါတယ်။
အခုလက်ရှိကတော့ GED ဖြေထားပါတယ်ဗျ။ အလုပ်ကတော့ နိုင်ငံတကာကျောင်းတခုမှာ လက်ထောက်ဆရာ အနေနဲ့ လုပ်ကိုင်နေပါတယ်။ အာဏာသိမ်းမှုသာမဖြစ်ခဲ့ရင် ကျွန်တော် တက္ကသိုလ် တက်နေပြီး ရှေ့နေ တယောက်ဖြစ်ဖို့ ကြိုးစားနေမိမယ် ထင်ပါတယ်။
အမြဲတမ်း ရန်ကုန်တက္ကသိုလ်ကြီးမှာတက်ဖို့ စိတ်ကူးယဉ်ခဲ့ဖူးပါတယ်။ သူငယ်ချင်းတွေနဲ့ အတူတူတက်၊ အတူတူသွားပြီး အလုပ်အတူတူလုပ်ဖို့ အခုသူတို့တွေက တက္ကသိုလ်ရောက်ကုန်ကြပြီး ကျွန်တော်ကတော့ ကျွန်တော့်လမ်း ကျွန်တော်လျှောက်မှာပါ။ ရှေ့နေကနေ မော်ဒယ် တယောက်အနေနဲ့ ကိုယ်ကိုကိုယ် မြင်ယောင်ထားပါတယ်။
၅နှစ်အတွင်းရင့်ကျက်လာတယ်ထင်တာပဲ။ ပြီးတော့ ကိုယ့်ဖြစ်ချင်တာကို အချိန်တိုအတွင်း သိလာစေတာပါပဲ။ အာဏာစသိမ်းခါစကဆို အိပ်လိုက်စားလိုက်နဲ့ ကိုယ်ဘာဖြစ်လည်းထိုင်တွေးလိုက်နဲ့ အခုတော်တော်လေး အလုပ်ဖြစ်ပါတယ်။ နိုင်ငံခြားသွားပြီး တက္ကသိုလ်တက်နိုင်ရင်တက်မယ်၊ မတက်နိုင်ရင်လည်း ကြိုးစားရမှာပေါ့။ ဘာတွေဆက်လုပ်ချင်လည်းဆိုတော့ အများကြီးပဲ။ အဲ့ထဲကမှ Modeling ကို သေချာဆက်လုပ်ဖြစ်မယ်။
မျှော်လင့်ချက်နဲ့အသက်ရှင်ရပေမယ့် ဘာမှလည်းမမျှော်လင့်ရဲဘူး။ အဓိကက သူပြန်မလာရင်ရပြီ။ ဖြစ်စေချင်တာက ဒီနိုင်ငံကြီးနဲ့ပတ်သက်တာ အကုန်ပြောင်းလဲပစ်ချင်လိုက်တာပဲ။ ပညာရေး ၊ လူမှုရေး ၊ ကျန်းမာရေး အကုန်ပါပဲ။
အမှန်တိုင်းနဲ့ မရှက်တမ်းပြောရရင် တခါတလေ တော်လှန်ရေးကြီး ရှိမှန်းတောင်မသိတဲ့ အချိန်တွေ ရှိတယ်။ အဲ့လိုအချိန်တွေဆို အသက်ပေးခဲ့ရတဲ့ ကြယ်လေးတွေကို သိပ်အားနာတာပဲ။ ဒါပေမယ့် ငါဒါကြီးကို ဆက်မလုပ်နိုင်တော့ဘူးလို့တော့ တကြိမ်တခါတောင်မတွေးဖူးတာမလို့ ကိုယ့်ကိုကိုယ် ဂုဏ်ယူမိပါတယ်။
နော်ဖော
အသက် ၁၈ နှစ်
အာဏာမသိမ်းခင်ကစနစ်ဟောင်း ၇ တန်းပါ။ အိပ်မက်ကတော့ Myanmar Idol မှာပြိုင်ပြီး အဆိုတော်ဖြစ်ချင်တာပါ။ စီဒီအမ်မှာ ပါဝင်ဖြစ်တာကတော့ မတရားဘူးဆိုတဲ့အရာအပေါ်မှာ ယုံကြည်လို့ပါ။
အခက်အခဲတွေကတော့ ဘယ်နေ့ငါ့ကိုလာဖမ်းမလဲဆိုတဲ့စိတ်နဲ့ ပတ်ဝန်းကျင်ကို အမြဲစောင့်ကြည့် နေရတယ်။ စိတ်ညစ်ရတဲ့နေ့တွေ ပိုများလာတယ်။ အဲ့အခါ မိသားစုပိုင်းမှာလဲ ဆက်ဆံရေးတွေ ခက်ခဲလာတယ်။ လက်ရှိမှာတော့ Self Study ပိုင်းနဲ့သွားပြီး GED ဘက်ကို ကူးမယ်စိတ်ကူးထားတယ်။ ပညာတတ်မှဖြစ်မယ် ဆိုပေမယ့် ဘယ်အရာကမှ လွယ်ကူရိုးနဲ့ရတာမျိုး မရှိတဲ့အတွက် ကွယ်လွန်သွားတဲ့ လူတွေကို ကျွန်တော်မသေခင်အချိန်အထိတော့ လိပ်ပြာလုံချင်တယ်။ လက်ရှိမှာတော့ မိသားစုစီးပွားရေးဖြစ်တဲ့ ဈေးရောင်းပဲလုပ်ဖြစ်တယ်။ ပညာရေးကတော့ English ကို Self Study လုပ်ဖြစ်တယ်။
စစ်အာဏာသိမ်းမှုသာမရှိခဲ့ရင် ကျွန်တော်စိတ်ကူးခဲ့ဖူးတဲ့ ၁၂တန်းကျောင်းသားဘဝကိုကျော်လွန်ပြီး ကျွန်တော်တက်ချင်တဲ့ ရန်ကုန်တက္ကသိုလ်က အဓိပတိလမ်းမှာလမ်းလျှောက်နေလောက်ပါပြီ။ အာဏာသိမ်းလိုက်တုန်းက ချထားတဲ့Planတွေ အကုန်ပြောင်းခဲ့ရတယ်။ အဲ့တာကြောင့် အခုက လက်ရှိဘဝကို အကောင်းဆုံးပဲ ရှေ့ဆက်နေပါတယ်။
ရှေ့ဆက်ပြီး တဆင့်ချင်းစီလျှောက်သွားပြီး နောက်ဆုံး နိုင်ငံခြားမှာကျောင်းတက်ချင်ပါတယ်။ အရာရာမှာ နောက်ကျနေတဲ့အတွက် ဒီကာလကြီးကျော်လွန်သွားရင် ဖွံ့ဖြိုးပြီးနိုင်ငံတခုပဲ ဖြစ်စေချင် ပါတယ်။ တရားမျှတတဲ့မင်းနဲ့ တရားမျှတတဲ့ဝန်ထမ်းကောင်းတွေ ရှိလာဖို့ပဲ ဖြစ်စေချင်ပါတယ်။
ရွှေဝိုင်း
အသက် ၁၆ နှစ်
အာဏာမသိမ်းခင်တုန်းက အလယ်တန်းပါ။ အလယ်တန်းတက်စအတန်းပဲ ရှိသေးတာဆိုတော့ အိမ်မက် ကြီးကြီးမားမားတော့ မရှိခဲ့ဘူး။ ရန်ကုန်တက္ကသိုလ်မှာ မြန်မာစာ ကျူတာ ဖြစ်ချင်ရုံလေးပါပဲ။ အာဏာသိမ်းစက ညီမက ငယ်သေးတာမို့ ဖုန်းမကိုင်ရသေးဘူး။ အဲ့အချိန် တီဗီကပဲ သတင်းတွေ ကြည့်ဖြစ်ခဲ့တာ။ အဲ့တုန်းက အသက်ဆုံးရှုံးတဲ့သူတွေကိုလည်း မြင်ရတော့ ကျောင်းဆက်တတ်ဖို့ အသိတွေပြောရင် သူတို့ကို အားနာခဲ့ရတာ။ တကယ်တော့ သူတို့ကို သိလည်း မသိ၊ ခင်လည်း မခင်ပေမဲ့ သူတို့နေရာ ကိုယ်ခံစားရင်း CDM လုပ်ဖြစ်ခဲ့တာပါ။
အခြားသူတွေနဲ့ ယှဉ်ရင်တော့ ညီမက အဆင်ပြေတယ်ပြောရမယ်။ ရွာသေးသေးဆီ ပြောင်းရုံကလွဲ ခက်ခဲတာတွေ မရှိခဲ့ဘူး။ တချို့လည်း ကျောင်းပြန်တက်နေသလို ညီမတို့လည်း ကျောင်းပြန်နေတာပဲ။ NUG ဘက်က ကျောင်းကိုတက်ပြီး ရပ်တည်ပေးနေပါတယ်။ အွန်လိုင်း ကျောင်းတက်တဲ့အခါ ကိုယ်နဲ့ စိတ်သဘောထားသူတဲ့ သူတွေနဲ့ တွေ့ခဲ့ပါတယ်။ သူတို့အတွက် ဆက်ပြီး ရပ်တည်ဖြစ်နေတာပါ။
လက်ရှိမှာ ပညာရေးအတွက် BECA စာမေးပွဲအတွက် ပြင်ဆင်နေပါတယ်။ အသက်မွေးဝမ်းကျောင်း အတွက် တဖက်ကနေ လက်မှုပညာ၊ ဘာသာစကားလေ့လာဖြစ်ပါတယ်။ အခုချိန် တက္ကသိုလ်ဝင်တန်း စာမေးပွဲမှာ ဂုဏ်ထူးတွေနဲ့အောင်ဖို့ ကြိုးစားနေတာမျိုးပဲ ရှိပါလိမ့်မယ်။ အဓိကတော့ ပညာရေး အိမ်မက်ပေါ့နော်။ အဲ့တုန်းက ကလေးဆိုတော့ သူငယ်ချင်းတွေနဲ့ အတူတူပညာသင်ချင်တဲ့ အိပ်မက်ပဲရှိခဲ့တာ။ အခုချိန်ထိလည်း ထွေထွေထူးထူး ပြောင်းလဲမသွားပါဘူး။ ကိုယ်ရဲ့ ပညာရေးအတွက် ကတော့ ဒီဘက်မှာပဲ ရပ်မထားဘဲ အခြားနိုင်ငံတွေမှာလည်း ပညာဆက်သင်ချင်ပါသေးတယ်။
မျှော်လင့်တာကတော့ အကောင်းဘက်ကပါပဲ။ နိုင်ငံတကာအနေနဲ့ လစ်လျှူမရှုထားဖို့ မျှော်သလင့်သလို ပြည်သူတွေအနေနဲ့လည်း အရင်ကလို နိုင်ငံရေးအတွက် စိတ်အားထက်သန်ဖို့ မျှော်လင့်ပါသေးတယ်။ အမြန်ဆုံးတော့ တိုက်ပွဲလေးတွေ ပြီးစေချင်ပြီ။ အချိန်ဆွဲတာတွေမရှိဘဲ တော်လှန်ရေးကို ပြီးစေချင် ပါပြီ။ ဒါကြီးပြီးရင်လည်း ညီမတို့အနေနဲ့ ပြန်လည်ရပ်တည်ဖို့ အချိန်တွေ ယူရဦးမှာ ဆိုတော့လေ။
ဒေါ်သန္တာ
ကလေး ၂ဦးမိခင်
ရန်ကုန်တိုင်းဒေသကြီး
ကလေးတွေက ၁၁နှစ်နဲ့ ၁၄နှစ်ရှိပြီ။ ကျောင်းအတန်းဆို အလယ်တန်းနဲ့ အထက်တန်းတက်ရမှာပေါ့။ လက်ရှိအချိန်ထိတော့ အစိုးရကျောင်းလည်းမထားသလို၊ ပုဂ္ဂလိကကျောင်းလည်း မထားဖြစ်ပါဘူး။ အစောပိုင်းကာလတုန်းက NUG ရဲ့ ပညာရေး ကျောင်းတွေမှာထားတယ်။ နောက် ကျောင်းတွေ ငွေရေးကြေးရေးပြသနာတွေ ကျောင်းသားတွေရဲ့ အချက်အလက် ပေါက်ကြားတာတွေ ဖြစ်တော့ တခြား CDM ဆရာ၊ဆရာမတွေ စီစဉ်တဲ့ ကျောင်းတွေမှာပဲ ထားဖြစ်တယ်။ ဒါတွေလည်း သိပ်မကြာဘူး ရပ်သွားတော့ ကိုယ့်အစီအစဉ်နဲ့ကိုယ်ပဲ အင်္ဂလိပ်စာကို အွန်လိုင်းကသင်ပြီး ဘာသာရပ်ပိုင်းစာတွေကို အပြင်ဆရာမ ခေါ်သင်တာတော့ ၂နှစ်ရှိပြီ။ အာဏာသိမ်းကတည်းကနေ အခုထိ အစိုးရကော ပုဂ္ဂလိက ကျောင်းရောက မထားဖြစ်ပါဘူး။ အိမ်နီးချင်းတွေကတော့ အပြင်ကျောင်းထားဖို့ တိုက်တွန်းပေမယ့် ကိုယ့်ဝင်ငွေနဲ့ရော သင့်တော်တာ၊ အဆင်ပြေတဲ့ကျောင်းမရှိတာနဲ့ ခုထိမထားဖြစ်တာ၊ ကလေးတွေ ကလည်း ၅နှစ်၊ ၆နှစ်တောင် ကျောင်းနဲ့ ကင်းကွာနေတော့ တက်တော့တက်ချင်တယ်။ သူများတွေလည်း ကျောင်းတက်၊ သူငယ်ချင်းတွေနဲ့အိမ်လည်၊ ဟိုသွားဒီသွားနဲ့ဆိုတော့ သူတို့လည်း ဆယ်ကျော်သက် အရွယ်ဆိုတော့ လိုက်လုပ်ချင်တယ်။ လူကြီးတွေက ပြောထားတာတွေကြောင့်သာ သိပ်မပြောကြတာ။ ကိုယ်တွေလည်း အစက ၁နှစ်၊ ၂နှစ်လောက်ပဲ ကြာမယ်။ ဒီကြားထဲ NUGက စီစဉ်တဲ့ ပညာရေးလမ်းကြောင်း လိုက်ပြီးသွားထားရင် အရပ်သားအစိုးရ ပြန်တက်တဲ့အခါ သူ့အတန်းအလိုက် ပြန်ရမယ် ဆိုတဲ့ မျှော်လင့်ချက်နဲ့ နေတာ။ ဒီလောက်ကြာမယ်မှန်းလည်း မမျှော်လင့်ဘူးလေ။
NUG ကျောင်းတွေ ပြဿနာဖြစ်တုန်းက အပြင်ကျောင်းထားဖို့တော့ စဉ်းစားလိုက်သေးတယ်။ အသက်အလိုက် အတန်းမရဘဲ စာမေးပွဲ ပြန်ဖြေရမယ် ရလဒ်ပေါ်မူတည်ပြီး ကိုက်ညီတဲ့အတန်းပဲရမယ် ဆိုတာကြောင့်လည်း မထားဖြစ်တာ၊ ၂ယောက်ဆိုတော့ ကျောင်းစရိတ်နဲ့ အခြားအထွေထွေစရိတ် တွေလည်း တွက်ချက်ရသေးတယ်။
အစိုးရကျောင်းကတော့ လုံးဝကို ထားဖို့ စိတ်ကူးမရှိဘူး။ စစ်ကောင်စီလက်အောက်ခံပညာရေးကို ဆန့်ကျင်ရမှာနဲ့ စီဒီအမ် လုပ်တဲ့ဆရာမတွေကို လေးစားသမူနဲ့ရော၊ နောက် ကျောင်းတွေမှာ ဆရာ၊ ဆရာမတွေကလည်း သိပ်ရှိတာမဟုတ်ဘူး။ ရှိတဲ့ဆရာမတွေကလည်း အရည်အချင်းမပြည့် ကျောင်းသားတွေကို ဂရုမစိုက်တာတွေနဲ့ ဖြစ်ချင်တိုင်းဖြစ်နေတော့ မယုံကြည်တာ။ တော်လှန်ရေးနဲ့ ပတ်သက်လို့က စိတ်အားထက်သန်ပါတယ်။ အများကြီး မလုပ်နိုင် မပံ့ပိုးနိုင်ပေမယ့် နီးစပ်ရာ ထောက်ပံ့တာနဲ့ တက်နိုင်သလောက်တော့ ကမ်ပိန်းတွေမှာ ပါပေးတာတွေတော့ ရှိပါတယ်။ အားလျော့တာကတော့ မရှိပါဘူး။ ကိုယ်နေတဲ့နေရာက မြို့ဆိုတော့လည်း တတ်နိုင်သလောက် လေးတော့ လုပ်ရတာပေါ့။
မျှော်လင့်တာကတော့ စစ်တပ်ကျဆုံးပြီး တော်လှန်ရေးအောင်မြင်ဖို့ပဲ။ အခုတောင် လူငယ်တွေ ရှေ့တန်းကနေ တိုက်နေတာ အထိအခိုက်အကျအဆုံးတွေ များနေတော့ စိတ်မကောင်းဘူး။ ကိုယ်လည်း မိဘဆိုတော့ ငယ်ငယ်ရွယ်ရွယ်လေးတွေ တိုက်ပွဲမှာကျတယ်ဆိုတာတွေ့ရင် စိတ်ထိခိုက်တာပေါ့။ သူတို့မှာလည်း အကုန်လုံးစွန့်ပြီး ရင်းနှီးထားရတာ။ မိဘတွေနေရာက ကိုယ်ချင်းစာရတယ်။ လာမယ့်နှစ် အတွက်တော့ ကလေးတွေပညာရေးအတွက် စဉ်းစားတာတွေတော့ရှိပါတယ်။ အဆင်ပြေတဲ့ အပြင်ကျောင်း တခုခုထားဖို့တော့ တွေးထားတယ်။
သားကြီးကတော့ အထက်တန်းအရွယ်ဆိုတော့ အပြင်ကျောင်းတခုခု ထားရမယ်။ ပြီးမှပဲ သူ့ပညာရေး လမ်းကြောင်းအတွက် တိုင်ပင်ရမှာတွေရှိတယ်။ သူ့အတွက်တော့ စိတ်ပူတယ်။ အသက်လည်း ဆယ်ကျော်သက်အရွယ်ရောက်လာပြီဆိုတော့ ပညာရေးအတွက် လမ်းကြောင်းတခုခု ရှိမှ အဆင်ပြေမှာ။ အခုအနေအထားနဲ့ကတော့ ဘယ်လိုစခန်းသွားရမလဲ သိပ်တောင် မစဉ်းစားနိုင်သေးဘူး။ သူဒီထက် အရွယ်မရောက်ခင် တော်လှန်ရေး အောင်မြင်သွားပါစေလို့ပဲ မျှော်လင့်ရတယ်။
ဒေါ်ဂျူးဂျူး
၃၃နှစ်
CDM အလယ်တန်းပြ
ကျွန်မက အလယ်တန်းပြရာထူးနဲ့ စီဒီအမ်ယူခဲ့တာပါ။ ကျောင်းဆရာမ အလုပ်က ဝါသနာပါလို့ရော မိသားစုကလည်း အားပေးတဲ့အတွက် B.Ed တက်ခဲ့တယ်၊ အာဏာသိမ်းတော့ အာဏာသိမ်းတာကို ဆန့်ကျင်တဲ့အနေနဲ့ စီဒီအမ် လုပ်ခဲ့တယ်။ နောက်ပိုင်းပြန်မဝင်တဲ့အတွက် ရာထူးကနေ ရပ်ဆိုင်းခံရတယ် ပေ့ါ။
အခက်အခဲတွေကတော့ အခြားစီဒီအမ်တွေလိုပါပဲ။ လုံခြုံရေးအတွက် စိုးရိမ်ရတာ၊ စီဒီအမ်တွေကို ဖမ်းတာတွေ ဧည့်စာရင်းစစ်တာတွေတုန်းကဆို ကိုယ်လည်း အဖမ်းခံရတော့မလားဆိုပြီး ကြောက်ရတယ်။ ခရီးတွေသွားတဲ့အခါ စစ်ဆေးရေးဂိတ်တွေမှာဖြတ်ရင်လည်း စိတ်ပူရတယ်။ အခုထက်ထိ စီဒီအမ်တွေကို ဖမ်းတာတွေပြန်လုပ်နေတယ်ဆိုရင်လည်း စိတ်ပူရတယ်။
နောက်အဓိကကတော့ ဝင်ငွေအခက်အခဲပေါ့။ ဒီကာလမှာပဲ ကလေးလည်းရသွားတော့ တခြားအလုပ်လည်း ဝင်လုပ်ဖို့ မလွယ်တော့ပြန်ဘူး။ အဲ့အခါကျတော့ စာသင်တဲ့အလုပ်နဲ့ ဝေးသွားတယ်။ အပြင်မှာ စာသင်လို့ရပေမယ့် စီဒီအမ်ဆိုရင် တခုခုငြိမှာစိုးတော့ မလုပ်ဖြစ်တော့ဘူး။ အဓိက ယောကျာ်းဝင်ငွေ တခုတည်းနဲ့ဆိုတော့ လောက်ငှတယ်ဆိုရုံပဲ။ သူများတွေလို ဝင်ငွေပုံမှန် မရှိတော့လည်းတခါ စိတ်ဓာတ်ကျမိတယ်။ မိဘကစ တခြားသူတွေနဲ့နှိုင်းပြီး အပြစ်ပြောချင်တာမျိုး ရှိတယ်။ ဘယ်သူကတော့ ဘယ်မှာလုပ်နေတာ ဘယ်လောက်ရတယ်၊ ငါတို့ပညာတွေ သင်ပေးပြီးတော့ ဘာမှဖြစ်မလာတော့ဘူး ဆိုတာမျိုးပေါ့။
တချို့တွေ စီဒီအမ်ကနေ ပြန်ဝင်သွားကြတုန်းကလည်း သူများတွေလည်း ပြန်ဝင်နေတယ်၊ ပြန်ဝင်ပါလား ဆိုတာမျိုး တွန်းအားပေးခံရတာ။ စီဒီအမ် မလုပ်တဲ့ အပေါင်းအသင်းတချို့က အလုပ်နဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ အဆင်ပြေနေကြောင်း ပျော်နေတာတွေ တင်တာတွေ့ရင်လည်း စိတ်မကောင်းဘူး၊ တမင်လုပ်နေသလိုခံစားရတာ။ ဒီကာလမှာ ကိုယ့်ကိုယ်ကို အားရတာတော့မရှိဘူး။ အချိန် ၅နှစ်က ဘယ်လို ကုန်ဆုံးသွားမှန်းမသိဘူး။
အခုတော့ ကိုယ်ပိုင်စီးပွားရေးလမ်းကြောင်း လုပ်နေတယ်။ ရှေ့ဆက် လုပ်ဖို့ကလည်း စီးပွားရေးပဲ လုပ်ဖြစ်မယ်။ ကျောင်းဆရာမအလုပ် ပြန်လုပ်ဖို့ကတော့ မရှိတော့ဘူး။ ပြန်လည်းမဝင်ချင်တော့ဘူး၊ မျှော်လင့်တာကတော့ အရပ်သားအစိုးရပြန်တက်ဖို့ပဲပေါ့။ အဲဒီအခါကျရင် အရင်လို ပြန်ဖြစ် လာတာတွေလည်း ရှိရင်ရှိမယ်။ အကောင်းအတိုင်းပြန်ဖြစ်ဖို့ အချိန်ယူရမယ်ဆိုပေမယ့်လည်း အနည်းဆုံးတော့ တိုင်းပြည်အေးချမ်းသွားမယ်လို့ထင်တယ်။
တော်လှန်ရေးနဲ့ ပတ်သက်ပြီးတော့ အချိန်ကြာဦးမယ် ၁၀နှစ်လောက် အချိန်ယူရမယ်ဆိုတာတွေ ကြားရင်တော့ စိတ်ညစ်တယ်။ အဲ့ဒီလောက်ကြာဦးမှာလားပေါ့။ ဒီထက် အချိန်ကြာမှာကို စိတ်ညစ်တာပေါ့။ အခုတောင် တော်တော်ကြာနေပြီဆိုတော့ စတုန်းကလည်း ရက်ပိုင်းအတွင်း လပိုင်းအတွင်း ပြီးသွားမယ် ထင်ခဲ့ကြတာဆိုတော့ အချိန်ကြာသွားတာ တခုပဲစိတ်ကုန်မိတာ။ စီဒီအမ် လုပ်ခဲ့တာကတော့ နောင်တတော့မရပါဘူး။ ကိုယ့်မှာ ဂုဏ်ယူပြောစရာဆိုလို့ ဒီတခုပဲရှိတာဆိုတော့ ဖြစ်စေချင်တာကတော့ စစ်ဖြစ်တာတွေ ရပ်ပြီး အရင်အတိုင်း ပြန်ဖြစ်စေချင်တာပဲ။
ကိုဆန်
CDM ဝန်ထမ်းတဦး
ကလေး ၃ဦးဖခင်
ကချင်ပြည်နယ်
ကျွန်တော်ကတော့ ကိုယ်တိုင် စီဒီအမ်လုပ်ခဲ့ပေမယ့် ကလေးတွေကတော့ ကျောင်းပြန် တက်ဖြစ်ပါ တယ်။ အာဏာသိမ်းစ နှစ်ကပဲ ကျောင်းမထားဖြစ်တာ၊ နောက်နှစ်တွေမှာတော့ ကလေးတွေ ၃ယောက်လုံး ကျောင်းတက်ဖြစ်တယ်။ ဒီမှာက မထားလို့လည်းမရဘူးလေ။ နယ်မြို့ လမ်းပန်း ဆက်သွယ်ရေး အလှမ်းဝေးတဲ့ဒေသဆိုတော့ အစိုးရကျောင်းပဲရှိတယ်။ တခြားမြို့ပို့ပြီး ကျောင်းထား ရအောင်လည်း မချမ်းသာတော့ ဒီမှာပဲထားရတာ။ ဒါတောင်မှ ကျောင်းက အမျိုးမျိုး ဟိုဟာကြေး၊ ဒီဟာကြေး တောင်းတာတွေနဲ့ဆိုတော့ ကုန်တာပါပဲ။
ကျွန်တော်က စီဒီအမ် လုပ်ပြီးကတည်းက ဝင်ငွေမရှိတော့တာ။ ဆရာသမားတွေနဲ့ မိတ်ဆွေတွေ ကျေးဇူးကြောင့်သာ အစောပိုင်းကာလတွေမှာ အဆင်ပြေပြေနေနိုင်ခဲ့တာ။ ရေရှည်ကျတော့ သူတို့လည်း အမြဲမကူညီနိုင်ဘူးလေ။ ကိုယ့်ဘာသာရုန်းရတာပေါ့။ လုပ်စရာကလည်း တောထဲသွားတာနဲ့ တောင်ယာလုပ်တာ ဒါပဲရှိတာ။ ဒါနဲ့ပဲ အသက်မွေးရတာ။ အိမ်မက်ရယ်လို့ကတော့ မရှိပါဘူး။ ဒီမှာက ကိုယ့်အလုပ်ကိုယ် တာဝန်ကျေကျေလုပ်ရင် ရပြီဆိုတော့ အထူးအထွေတော့ မရှိပါဘူး။
ကလေးတွေအတွက်တော့ အရင်အခြေအနေအတိုင်း ခေတ်ကောင်းနေတာဆိုရင် သူတို့ပညာရေး အခွင့်အလမ်းတွေ ကောင်းမှာပေါ့။ ကူညီပေးသူတွေလည်း ပေါတော့ ပုံမှန်အခြေအနေတိုင်းသာဆို အကုန်အဆင်ပြေမှာပါ။ ပညာရေးအခွင့်အလမ်းရော၊ နိုင်ငံခြားသင်တန်းတွေ ဘာတွေရောပေါ့။ အခုကတော့ ဘာရှိတော့မလဲ မိတ်ဆွေတွေလည်း အဆင်မပြေတာတွေများတာရော ပြည်ပထွက်သွား တာတွေရောနဲ့ အကုန်လုံး တကွဲတပြားစီ အဆင်မပြေကြတော့ဘူး။
အခုလည်း ကလေးတွေက ကျောင်းထားတယ်ဆိုရုံပါပဲ။ ပညာရေးက အရမ်းအားရတာတော့မရှိပါဘူး။ ဒါတောင် ကိုယ့်ဆရာတွေ၊ မိတ်ဆွေတွေက အဝေးကနေပဲ အွန်လိုင်းကနေ ကလေးတွေပညာရေး လိုအပ်တာတွေ လုပ်ပေးတာ၊ ကျောင်းစရိတ်ပေးတာတွေလုပ်ပေးလို့ အခြေအနေ အရမ်းမဆိုးတာ။ အရင်တုန်းက အခြေအနေအတိုင်းသာဆို ကိုယ့်အတွက်ရော ကလေးတွေအတွက်ရော ဘာမှပူစရာ မရှိဘူးလေ။ သူတို့ တက္ကသိုလ်ရောက်ရင်တောင် ကူညီမယ့်သူတွေအများကြီး။ အခုတော့ စားဖို့တောင် အနိုင်နိုင်ဖြစ်နေတာ ကလေးတွေလည်း ဘာမှမပံ့ပိုးပေးးနိုင်ဘူး။
ဒီကာလ ကိုယ့်ကိုယ်ကို အားရလားဆိုတော့ ဘယ်အားရမလဲ၊ ကိုယ့်ဘာသာကိုယ်တောင် အနိုင်နိုင် နေနေရတာ မိသားစုကိုလည်း ဘာမှမပံ့ပိုးပေးနိုင်ဘူးလေ၊ တခြားလည်း ဘာမှမလုပ်ပေးနိုင်ဘူး၊ တော်လှန်ရေးလည်း ဒီလိုပါပဲ။ ဘာမှ မလုပ်ပေးနိုင်ဘူးလေ။ ကိုယ့်ထက် လုပ်နေတဲ့သူတွေ အများကြီးပဲ။ ကိုယ်ကတော့ နေရာအနေအထားအရလည်း လုပ်လို့မလွယ်ပါဘူး။ ဒီဘက်ကလည်း ဘောင်တအား ကျဉ်းတာ။
ခေတ်ကောင်းရင်တော့ အရင်အလုပ် ပြန်လုပ်ဖို့တော့ တွေးထားတယ်။ လုပ်ရမှာတွေလည်း အများကြီး ရှိတယ်။ တိုင်းပြည်အနာဂတ်ကတော့ ကောင်းဖို့မျှော်လင့်တာပါပဲ။ စစ်ပွဲတွေမြန်မြန်ပြီးပြီး အေးချမ်းမှပဲ အကုန်လုံး စိတ်ချမ်းသာမယ်။ အခုဆိုအကုန်လုံး ဒုက္ခရောက်နေတာ။ ဘာမှလည်း လုပ်ကိုင် စားသောက်လို့ မရဘူး။ လူငယ်တွေလည်း အဖက်ဖက်က ရင်းထားရတာ ပညာရေးမှာရော စစ်ပွဲတွေမှာရော အရမ်းနှမြောစရာကောင်းတယ်။











