လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာက လူမှုရေးအမည်းစက်လား

ခင်ဘုန်းမို့  

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု (မုဒိမ်းမှု)တခု ဖြစ်ပြီဆိုရင် ကျူးလွန်ခံရသူအမျိုးသမီးဟာ  ဘေးပတ်ဝန်းကျင်နဲ့ မိသားစုရဲ့           “ဘာလို့ အဲဒီကို တယောက်ထဲသွားတာလဲ” ၊ “ဘာလို့ ဒီလို ဝတ်စားထားတာလဲ”  စတဲ့ စကားလုံးတွေနဲ့ အရင်ဆုံး ရင်ဆိုင်ကြုံတွေ့ကြရပါတယ်။

ကျူးလွန်သူကို အရေးယူဖို့ ဘယ်လိုလုပ်ကြမလဲ၊ ကျူးလွန်ခံရသူအမျိုးသမီးကို                 ဘယ်လိုဖေးမရမလဲ ဆိုတာထက်၊ အရင်ဆုံး အပြစ်တင်ဝေဖန်လေ့ရှိတာဟာ မြန်မာ့လူမှုအသိုင်းအဝိုင်းထဲမှာ ဖြစ်ရိုးဖြစ်စဉ် အစဉ်အလာတခုလို မျိုးဆက်နဲ့ချီ ဖြစ်နေခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရတာ ကြုံတွေ့ပြီးတဲ့နောက် မိသားစုနဲ့ လူမှုပတ်ဝန်းကျင်ရဲ့ ဖိအားတွေကို ခံစားခဲ့ရ သူတွေထဲမှာ ဆယ်ကျော်သက်အရွယ် မဖွေးငယ်(အမည်လွှဲ)လည်း  ပါဝင်ပါတယ်။

ကရင်နီပြည်နယ်  ဒီးမော့ဆိုမြို့က စစ်ရှောင်စခန်းမှာနေထိုင်တဲ့  အသက် ၁၈ နှစ်အရွယ် မဖွေးငယ်ဟာ  မိသားစုရဲ့ စားဝတ်နေရေးအတွက် မြို့ပေါ်ကိုသွားပြီး အလုပ်လုပ်ခဲ့ရပါတယ်။ သူတို့ခိုလှုံနေတဲ့ စစ်ရှောင်စခန်းမှာ မောင်နှမတွေ ကလည်းများ၊ အလုပ်အကိုင်အခွင့်အလမ်းကလည်း မရှိတဲ့အတွက် မြို့ပေါ်က ဈေးဆိုင်တခုမှာ လုပ်အားခလစာ ကျပ် ၁ သိန်းခွဲနဲ့ သွားရောက်နေထိုင် အလုပ်လုပ်ကိုင်ခဲ့ပါတယ်။ 

ဈေးဆိုင်မှာအလုပ်လုပ်ကိုင်နေရင်း ဆိုင်ရှင်ဖြစ်သူက မဖွေးငယ်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ကျူးလွန် ခံခဲ့ရပြီး၊ နောက်ဆုံးမှာ ကိုယ်ဝန်ရှိလာတဲ့အတွက် စစ်ရှောင်စခန်းကို ပြန်လာခဲ့ရပါတော့တယ်။

သူစိမ်းတရံနေရာမှာ ဆိုးရွားတဲ့အဖြစ်အပျက်နဲ့ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီးတဲ့နောက် မိသားစုရှိရာအရပ်ကို အားကိုးတကြီးနဲ့ ပြန်လာခဲ့ပေမယ့် မဖွေးငယ်တယောက် မိသားစုရဲ့ နွေးထွေးဖေးမမှုတွေအစား ဝေဖန် ပြစ်တင်မှုတွေကိုသာ ရရှိခဲ့ပါတယ်။

မိသားစုစားဝတ်နေရေးအတွက် နိုင်တဲ့ဝန်ကို ဝင်ထမ်းခဲ့တဲ့ မဖွေးငယ်ဟာ မိသားစုထဲမှာ အာဏာအရှိဆုံးဖြစ်တဲ့ ဖခင်ဖြစ်သူရဲ့ အပြစ်တင်ပြောဆိုတာကို အများဆုံး ရင်ဆိုင်ခဲ့ရပါတယ်။

အမျိုးသားတယောက်ဆီမှာ မုဒိမ်းမှုကျူးလွန်ခံခဲ့ရတဲ့အပေါ် ဖေးမကူညီ ဖြေရှင်းပေးမယ့်အစား ဖခင်ဖြစ်သူက ဒါဟာ မိသားစုအတွက် အရှက်ရစရာ ဖြစ်တယ်၊ မိသားစုမျက်နှာ အိုးမည်းသုတ်သူ၊ မိသားစုမျက်နှာပျက်အောင် လုပ်သူအဖြစ် အပြစ်တင်ပြောဆို ခဲ့ပါတော့တယ်။

 “ဒီမှာမနေနဲ့၊ နေရင် နင်နဲ့နင့်ကလေးပါ  သတ်ပစ်မယ်” လို့ ခြိမ်းခြောက်တဲ့အထိ  သမီးဖြစ်သူအပေါ် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ ပေးခဲ့ပါတော့တယ်။

မိသားစု၊ အထူးသဖြင့် ဖခင်ဖြစ်သူရဲ့အပြစ်ခံရတာအပြင် ပတ်ဝန်းကျင်ကကလည်း “သူများဆီမှာ သွားအလုပ်လုပ်တာ အနေအထိုင်မတတ်လို့ နေမှာပေါ့၊ ဒါက မျိုးရိုးလိုက်သွားမယ့်ကိစ္စ” စသဖြင့် ကျူးလွန်ခံရသူ မဖွေးငယ်ကိုတင်မက  ညီမငယ်တွေကိုပါ ဆွဲထည့်ဝေဖန်တဲ့အထိ ပြုလုပ်ခဲ့ကြပါတယ်။  

ဖွေးငယ်ရဲ့အမေက “ပတ်ဝန်းကျင်က အရမ်းပြောလို့ မျက်နှာငယ်ရတယ်” လို့ ရင်ဆိုင်နေရတဲ့ ပြဿနာကို ကူညီဖြေရှင်းပေးတဲ့ တာဝန်ရှိသူတယောက်ကို ရင်ဖွင့်ကြောင့် အဲဒီတာဝန်ရှိသူက ပြန်ပြောပြတယ်။

ဒီလို အမျိုးမျိုးအဖုံဖုံ ဖိအားတွေကြောင့် မဖွေးငယ်တယောက် တခြားနေရာတခုမှာ သွားရောက် ပုန်းရှောင်တာမျိုးတွေ လုပ်ခဲ့ရတယ်။ အဲဒီလို ပုန်းရှောင်တဲ့အခါမှာလည်း ကျူးလွန်သူဟာ တခြားသူတွေကနေတဆင့်   ကိုယ်ဝန်ဖျက်ဆေးတွေ ပေးပို့တာ၊ ဆေးအတင်းသောက်ခိုင်းတာမျိုးတွေ လုပ်ခဲ့ပါသေးတယ်။

မိန်းကလေးငယ်ဟာ ကိုယ်ဝန်ဖျက်ချဖို့ဆန္ဒမရှိဘဲ ကျူးလွန်သူကို တရားဥပဒေအရ အရေးယူချင်တဲ့အတွက် ကရင်နီအမျိုးသမီး အစည်းအရုံးရဲ့အကူအညီနဲ့ တရားဥပဒေအရ အရေးယူမှု ဆောင်ရွက်နိုင်ဖို့  ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီကို တိုင်ကြားပြီး တရားစွဲဆိုမှုတွေ ဆောင်ရွက်ခဲ့ပါတယ်။

မိခင်ဖြစ်သူကတော့ သမီးဖြစ်သူရင်ဆိုင်နေရတဲ့ အခြေအနေတွေကို ကူညီဖြေရှင်းပေးနိုင်မယ့် ကရင်နီအမျိုးသမီးအဖွဲ့၊ ဆေးခန်းနဲ့ တရားရုံးကိစ္စတွေမှာပါ လိုက်ပါအကူအညီတောင်းတာမျိုးတွေ လုပ်ဆောင်ပေးပါတယ်။

အဲဒီနောက်မှာ မဖွေးငယ်ဟာ စစ်ရှောင်စခန်းမှာလည်း နေရတာလုံခြုံမှုမရှိ၊ ပတ်ဝန်းကျင်ကလူတွေရဲ့ ဝေဖန်ပြောဆိုမှု တွေကြောင့် ကရင်နီအမျိုးသမီးအစည်းအရုံးရဲ့ Safe House ကို ရွှေ့ပြောင်းခိုလှုံခဲ့ပါတယ်။

မဖွေးငယ်ဟာ အသက်အရွယ်အားဖြင့် ငယ်သေးတဲ့အပြင် စစ်ဘေးရှောင်နေရတဲ့ မိသားစုကလည်း ဖြစ်တယ်၊ စားဝတ်နေရေးလည်း အဆင်မပြေ၊ တရားရင်ဆိုင်ရမယ့်ကိစ္စတွေ၊ ကိုယ်ဝန်အတွက် ဆေးဖိုးတွေ၊ ကလေးမွေးပြီးရင် ကုန်ကျမယ့် အဖိုးအခတွေ၊ ကလေးကိုပြုစုစောင့်ရှောက်ဖို့ အခက်အခဲတွေ အများကြီးနဲ့ရင်ဆိုင်ရပါတယ်။  

ဒါ့အပြင် သူကြုံတွေ့ခဲ့တဲ့ဖြစ်ရပ်၊ မိသားစုရဲ့ အပြစ်တင်မှု၊  ပတ်ဝန်းကျင်ရဲ့ ဝေဖန်ဖိနှိပ်မှုဒဏ်တွေကြောင့် စိတ်ပိုင်းဆိုင်ရာအရ ထိခိုက်မှုတွေ အများကြီး ရှိနေတဲ့ကြားက မဖွေးငယ်ဟာ ကလေးကိုမွေးဖွားခဲ့ပါတယ်။

ကလေးမွေးဖွားပြီးနောက်ပိုင်းမှာတော့ မဖွေးငယ်ရဲ့ ဖခင်ဖြစ်သူက စိတ်ဆိုးပြေသွားတဲ့အတွက် သူတို့သားအမိကို ပြန်ခေါ်ခဲ့ပြီး စစ်ရှောင်စခန်းက မိသားစုအတူတူ ပြန်လည်ပေါင်းစည်း နေထိုင်နေကြပါတော့တယ်။

ဒါဟာ ၂၀၂၅ ထဲမှာ ကရင်နီပြည်နယ် စစ်ရှောင်စခန်းတခုထဲက ဆယ်ကျော်သက် မိန်းကလေးငယ် တယောက် ရင်ဆိုင်ခဲ့ရတဲ့ အကြောင်းကို ကရင်နီအမျိုးသမီးအစည်းအရုံးက Safe House Supervisor မော်ရှားမြာက အသေးစိတ်ပြန်လည် ပြောပြခဲ့တာဖြစ်ပါတယ်။

သူက “သူ့ကိုပြောရင် လူနဲ့စိတ်နဲ့မကပ်တာမျိုး၊ သူ့ဘာသူနေလိုက်တဲ့အပိုင်းတို့၊ ကြောက်စိတ်တွေရှိလာတာ၊  ပတ်ဝန်းကျင် ဝေဖန်တဲ့အပိုင်းမှာဆိုရင် သူမခံမရပ်နိုင်တာမျိုးလည်းရှိတယ်” လို့ ဖွေးငယ်ရဲ့ အခြေအနေကို ပြောပြပါတယ်။

ကရင်နီအမျိုးသမီး အစည်းအရုံးက Safe House Supervisor ဖြစ်တဲ့ မော်ရှားမြာရဲ့ အတွေ့အကြုံအရ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဖြစ်စဉ် ၁၀ ခုမှာ ၉ ခုလောက်က ပတ်ဝန်းကျင်နဲ့ မိသားစုတွေရဲ့ ဝေဖန်မှုကအများဆုံး ကြုံတွေ့ရတယ်လို့ သိရပါတယ်။

နိုင်ငံရဲ့ စစ်ရေးပဋိပက္ခအခြေအနေတွေကြောင့် ကျူးလွန်သူတွေဟာ မြန်မာပြည်ရဲ့ တရားစီရင်ရေးစနစ်ကို ကြောက်လန့်မှု မရှိတဲ့အတွက် သူတို့ကျူးလွန်လိုက်ရင် ဘယ်ဥပဒေနဲ့ အရေးယူမလဲဆိုတဲ့ အချက်ကိုအခြေခံပြီး  ဒီလိုဖြစ်စဉ်တွေ ပိုများလာတာဖြစ်နိုင်တယ်လို့ သုံးသပ်စရာဖြစ်ပါတယ်။  

မဖွေးငယ်ရဲ့ဖြစ်စဉ်မှာဆိုလည်း ကြားကာလတရားစီရင်ရေးရဲ့ အုပ်ချုပ်ရေးအစီအမံက ကရင်နီပြည်နယ်မှာပဲ အာဏာ သက်ရောက်တာဖြစ်တဲ့အတွက် ကျူးလွန်သူဟာ တခြားနေရာကို ထွက်ပြေးတိမ်းရှောင် နေပါတယ်။ လက်ရှိမှာတော့ အမှု ရင်ဆိုင်နေဆဲအခြေအနေဖြစ်တယ်လို့ သိရပါတယ်။

မဖွေးငယ်လိုပဲ ယုတ်မာသူက ကျူးလွန်တာကိုလည်း ခံရသလို၊ အဲဒီဖြစ်ရပ်အပေါ် ပတ်ဝန်းကျင်နဲ့ ကျူးလွန်သူရဲ့ မိသားစုဝင်တွေဆီမှာ ထပ်ဆင့်စော်ကားပြောဆိုမှုတွေကို ခံရပြီး၊ အားလုံးနဲ့ ဝေးရာကို ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ မိန်းကလေးတဦးရှိပါတယ်။

သူကတော့ ပဲခူးတိုင်းအပိုင်ဒေသတခုက အသက်မပြည့်သေးသူ ပိုလီယိုရောဂါသည် မိန်းကလေးငယ် တဦးပဲဖြစ်ပါတယ်။

ရပ်ရွာရဲ့ ပျူစောထီးခေါင်းဆောင်က အဲဒီမိန်းကလေးကို မုဒိမ်းမှုကျူးလွန်ခဲ့တဲ့ ဖြစ်စဉ်မှာ မိန်းကလေးရဲ့ မိဘတွေဟာ စာမတတ်တာ၊ မိန်းကလေးကလည်း စကားသေချာ မပြောတက်တာ၊ ကျူးလွန်သူဟာ ပျူစောထီးခေါင်းဆောင် ဖြစ်နေတာ တွေကြောင့် အမှုလိုက်ပေးမယ့်ရှေ့နေတောင် မရှိဘူးလို့ ပဋိပက္ခနဲ့ ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်ပြီး မှတ်တမ်းကောက်ယူနေသူ တဦးဖြစ်တဲ့ မမေသုတက ပြောပါတယ်။

သူက “ကလေးမဘက်ကနေ မလိုက်ပေးရဲဘူး၊ တဖက်က အရမ်းအင်အားကြီးနေတယ်၊ ဒေသရဲ့ ပျူစောထီး ခေါင်းဆောင် ဖြစ်နေတဲ့အတွက် တရားရုံးမှာလည်း လက်ရှိကျန်တဲ့ရှေ့နေတွေ တရားသူကြီးတွေဆိုတာ သူတို့ရဲ့ ဘက်တော်သားတွေ ပိုများတယ်”လို့ ပြောပါတယ်။

ကျူးလွန်တဲ့သူက အင်အားရှိတဲ့အသိုင်းအဝိုင်းဖြစ်ပြီး မိန်းကလေးမိသားစုက  ရပ်ကွက်ထဲမှာ အဝတ်လိုက်လျှော်တဲ့ အလုပ်လုပ်နေကြသူဖြစ်တဲ့အတွက် ငွေကြေးအရရော၊ အာဏာအရရော အင်အားမရှိတဲ့အခါ တရားဥပဒေရဲ့ စောင့်ရှောက်မှု ကို မရခဲ့ကြပါဘူး။

အထူးသဖြင့် ကျူးလွန်သူရဲ့ ပတ်ဝန်းကျင်က ကျူးလွန်ခံရသူ ပိုလီယိုရောဂါသည်မိန်းကလေးဘက်ကို ပြစ်တင်ဝေဖန် ပြောဆိုတာတွေ အများဆုံးပြုလုပ်ကြတယ်လို့ မမေသုတက ပြောပါတယ်။

“မိဘဖြစ်ပြီး ကလေးကိုအကာအကွယ်မပေးဘူး၊ ကိုယ်မွေးထားတာသမီးလေး၊ ကိုယ့်ဘာကိုယ် အုပ်ချုပ်ပါလား၊ နင့်သမီးက ဘယ်လိုရုပ်၊ ကျက်သရေမရှိတဲ့ရုပ် အဲ့လိုမျိုးတွေပြောတယ်” လို့ မမေသုတက ပြောပြပါတယ်။

ကျူးလွန်ခံရသူမိန်းကလေးရဲ့မိခင်ဟာ သမီးဖြစ်သူအတွက်လည်း ရင်နာရ၊ တရားဥပဒေအရလည်း ဘယ်လိုမှ လုပ်လို့မရ၊ ပတ်ဝန်းကျင်ရဲ့ ပြစ်တင်ဝေဖန်မှုတွေကို ဘယ်လိုမှ တောင့်မခံနိုင်တော့တဲ့အဆုံး  သမီးလေးလက်ကိုဆွဲပြီး တခြားဒေသတခုကို ထွက်သွားခဲ့ပါတော့တယ်။

နောက်ထပ်ဖြစ်စဉ်တခုကတော့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အရပ်သားက ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ဖြစ်ပါတယ်။

အသက် ၂၄နှစ်အရွယ် မမီးမီး(အမည်လွှဲ)ဟာ ချစ်သူရည်းစားရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ရည်းစားသဘာဝ တွေ့ချင်တယ်လို့ချိန်းဆိုပြီးနောက်  မမီးမီးရဲ့ချစ်သူဟာ တခြားအမျိုးသား သူငယ်ချင်း ၂ဦးနဲ့အတူ  မမီးမီးကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အုပ်စုဖွဲ့ကျူးလွန်ခဲ့တာဖြစ်တယ်လို့ ဒီလိုဖြစ်စဉ်တွေမှာ ပါဝင်ကူညီဆောင်ရွက် ပေးနေတဲ့ ဟွမ်ဟွမ်က HI – Honest Information ကို ပြောပြပါတယ်။

မမီးမီးဟာ မိသားစုထဲမှာ ဖခင်ဖြစ်သူရဲ့ အပြစ်တင်တာကို အရင်ဆုံးခံခဲ့ရပါတယ်။ ဖခင်ဖြစ်သူဟာ မိခင်ဖြစ်သူကို သားသမီးကို ကောင်းကောင်းမထိန်းသိမ်း၊ မစောင့်ရှောက်လို့ ဖြစ်သွားတယ်ဆိုတဲ့ အပြစ်တင်တာမျိုးတွေလည်း ပြုလုပ်ခဲ့ ပါတယ်။ အဲဒီလိုပဲ မိသားစုအပြင်  ပတ်ဝန်းကျင်ကလူတွေရဲ့ အပြစ်တင်မှုတွေကို ခံစားခဲ့ရတယ်။

“အနေအထိုင်မှမတက်တာ၊ မိန်းကလေးက ချိန်းတွေ့တိုင်းသွားစရာလား၊ အပေါစားဆန်တဲ့ မိန်းကလေး၊ မိဘတွေကမဆုံးမဘူးလား၊ မိဘကဆုံးမလည်း နာခံမယ့်ပုံမျိုးမဟုတ်ဘူး” စသဖြင့် ကျူးလွန်ခံရသူ မမီးမီးအပေါ် ပြောဆိုဝေဖန် ပြစ်တင်ကြပါတယ်။

“အဝတ်အစားက မပေါ်တပေါ်ဝတ်တာကိုး၊ ယောကျာ်းတွေကို မြူဆွယ်နေတာ၊ မပေါ်တပေါ်ဝတ်တဲ့ အဝတ်အစားတွေကြောင့် အမျိုးသားကိုလိင်စိတ်နှိုးကြွစေတာ” စတဲ့  ဝတ်စားဆင်ယင်မှုအပေါ် မူတည်ပြီးတော့ အပြစ်တင်တဲ့ကိစ္စရပ်တွေလည်း အများကြီးရှိခဲ့တယ်လို့ ဆိုပါတယ်။

ပတ်ဝန်းကျင်ကလူတွေဟာ သူ့တို့သားသမီးတွေကို ဆုံးမသွန်သင်တဲ့အခါမှာ မမီးမီးရဲ့ အကြောင်းကို သာဓကအနေနဲ့ ခိုင်းနှိုင်းပြီးပြောဆိုတာမျိုးတွေ ပြုလုပ်တယ်လို့ ဟွမ်ဟွမ်က ပြောပြပါတယ်။

“ဥပမာ ချစ်သူချိန်းတွေ့တဲ့နေရာသွားရင် ဒီလိုမျိုးဖြစ်တက်တယ်နော်၊ ကိုယ့်ကိုယ်ဆင်ခြင်နေထိုင်ဖို့လိုတယ်၊ သူများ ချိန်းတွေ့တိုင်းသွားရင် ဟိုဘက်ကမိသားစုလို ပုံစံဖြစ်သွားမယ်” လို့ ခိုင်းနှိုင်းပြောဆို တာမျိုးတွေပြုလုပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်ဖြစ်ပွားပြီးတဲ့နောက်မှာ မမီးမီးကို ရပ်ကွက်ရဲ့ သာရေး၊ နာရေးတွေမှာ ကူညီဆောင်ရွက်ရတဲ့ အပျို၊ လူပျို စာရင်းထဲနဲ့ ပွဲလမ်းသဘင်တွေမှာ ပါဝင်ခွင့်ကနေလည်း ဖယ်ထုတ်ထားတယ်လို့ဆိုပါတယ်။

“ဒီလိုပြောဆိုခံရမှုတွေကြောင့် သူ့ကိုယ်သူအပြစ်ရှိတယ်လို့ခံစားရတာ၊ သူ့ကိုယ်သူပြန်ပြီး အပြစ်တင်တာမျိုးတွေ၊ သူ့ကျမှ ဒီလိုဖြစ်ရတယ်ဆိုတာမျိုးတွေ၊ ငါ့ကြောင့်ငါ့မိသားစုလည်း မျက်နှာငယ်ရတယ် အပြောခံရတယ်။ ခွဲခြားခံရတယ်ဆိုတဲ့ အတွေးတွေ သိမ်ငယ်စိတ်တွေ၊ သူ့ကိုယ်သူအပြစ်ရှိတယ်လို့ ခံစားရတာမျိုးတွေ့ရတယ်”လို့ ဟွမ်ဟွမ်က ပြောပြပါတယ်။

ဥပမာအားဖြင့် ကျူးလွန်သူကို အပြစ်ပေးအရေးယူနိုင်မယ့် တရားလမ်းကြောင်းနဲ့သွားမယ်ဆိုရင်  “နင်တို့ပိုက်ဆံကုန်မယ် အချိန်ကုန်တယ်၊ ဘယ်သူမှလည်း မအားဘူး၊ နင်တို့ တခုခုလိုအပ်မယ်ဆိုရင် သက်သေတွေလိုအပ်တာ ပဲဖြစ်ဖြစ်၊ ဘယ်သူမှ မလိုက်ပေး နိုင်ဘူး” စတဲ့  တရားမျှတမှုရှာဖွေတဲ့အချိန်မှာ  စိတ်ပျက်သွားအောင် စကားလုံးတွေနဲ့ အပြောအဆိုတွေ၊ တားဆီးမှုတွေကလည်း ကျူးလွန်ခံရသူနဲ့ မိသားစုအပေါ်  ဖိအားသက်ရောက်စေတယ်လို့ သူကဆိုပါတယ်။

မတူကွဲပြားတဲ့ ဒီဖြစ်စဉ်တွေကို ကြည့်တဲ့အခါမှာ တူညီချက်တခုက ကျူးလွန်ခံရသူကိုအပြစ်တင်တာ၊ တရားမျှတမှု ရှာဖွေဖို့ကြိုးစားတာတွေကို ဝေဝါးစေတာတွေပါပဲ။ ဒါတွေဟာ ပတ်ဝန်းကျင်ကိုယ်တိုင်က ကျူးလွန်သူတွေကို လွတ်မြောက်ခွင့်ရအောင် တွန်းပို့နေတာကို ပြသနေတာပဲ ဖြစ်ပါတယ်။

ဒီလိုမျိုး ပတ်ဝန်းကျင်ရဲ့ဖိအားအသီးသီးကြောင့် ကျူးလွန်ခံရသူအဖို့  ဆက်လက်ရှင်သန်ရပ်တည်နိုင်ဖို့အတွက် စိတ်ပိုင်းဆိုင်ရာဖိအားတွေ ဖြစ်စေတယ်လို့ ကျူးလွန်ခံရသူ အမျိုးသမီးငယ်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ဟွမ်ဟွမ်နဲ့ မော်ရှားမြာတို့ က တညီတညွတ်တည်း ထောက်ပြကြပါတယ်။

ဒီအချက်နဲ့ပတ်သက်ပြီး Politics for Women Myanmar ကို တည်ထောင်သူ မလီလီယန်က လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေမှာ ကျူးလွန်တဲ့သူဟာ သူကိုယ်တိုင်က ကျူးလွန်ချင်တဲ့စိတ် အတိုင်းအတာတခုအထိ ရှိသလို၊ နောက်တချက်က အားပေးနေတဲ့၊ ဒါမှမဟုတ် မျက်ကွယ်ပြုထားတဲ့ လူ့အဖွဲ့အစည်းက အားကောင်းနေတဲ့အခါ ကျူးလွန်သူဟာ သတ္တိရှိရှိနဲ့ ကျူးလွန်ရဲနေတာဖြစ်တယ်လို့  သုံးသပ်ပါတယ်။

သူက “ကျူးလွန်သူက ကျူးလွန်ရဲတယ်ဆိုရင်တောင်မှ လူ့အဖွဲ့အစည်းက မျက်ကွယ်မပြုဘူး၊ အတိုင်းအတာ တခုအထိကို အမြဲတမ်းစောင့်ကြည့်နေမယ်၊ ပြောဆိုနေမယ်ဆိုရင် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုက လက်ရှိမြင်တွေ့ကြုံတွေ့နေရတဲ့ ပမာဏလောက်တော့ မြင့်တက်နေမှာမဟုတ်ဘူး” လို့ HI – Honest Information  ကို ပြောပါတယ်။  

စစ်အာဏာသိမ်းပြီးနောက်မှာ ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသတွေမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေဟာ ဆိုးဆိုးဝါးဝါး ဖြစ်ပေါ်နေတာကို စစ်တမ်းတွေ၊ သုတေသနတွေအရ သိရပါတယ်။

မြန်မာနိုင်ငံအတွင်းက ပဋိပက္ခဖြစ်ပွားနေတဲ့ဒေသ ၅ ခုမှာ ၁၉ လတာအတွင်း လိင်အကြမ်းဖက်မှု ၈၈ မှု ရှိခဲ့တာမှာ၊  ၃၁ မှုက စစ်အုပ်စုနဲ့ ဆက်နွယ်သူတွေက ကျူးလွန်ခဲ့ကြပြီး၊ ၂၈ မှုက တော်လှန်ရေး တပ်ဖွဲ့တွေက ကျူးလွန်ခဲ့တယ်လို့ ဇန်နဝါရီလ (၅)ရက်နေ့က ထုတ်ပြန်တဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေမှာ  အမျိုးသမီးတွေကို ရပ်ကွက်၊ ကျေးရွာထဲက လူတွေက  အမည်းစက် ရှိသူတွေအဖြစ် ဖယ်ကျဉ်ခံရမှုရဲ့  ဆိုးကျိုးသက်ရောက်မှုတွေကိုလည်းခံစားနေကြရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်တဲ့ “ခန္ဓာကိုယ်အား စစ်လက်နက်အဖြစ်အသုံးပြုခြင်း အစီရင်ခံစာ”မှာ ဖော်ပြထားပါတယ်။

လိင်အကြမ်းဖက်မှု ၃၁ မှုအနက် ၁၀ မှုမှာ အုပ်စုလိုက် မုဒိမ်းကျင့်မှုတွေဖြစ်ပါတယ်။ လိင်အကြမ်းဖက်မှု ဖြစ်စဉ် ၂၉ မှုကို အရပ်သားတွေက ကျူးလွန်ခဲ့တယ်လို့ အစီရင်ခံစာမှာဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာမှာ လူမှုရေးဖိအားနဲ့ အမည်းစက်ရှိသူတွေလို့ အထင်ခံရတာကြောင့် မိသားစုဝင်တွေဟာ ကျူးလွန်သူကို အပြစ်တင်ရမယ့်အစား ကိုယ့်ကိုယ်ကို အရှက်တကွဲဖြစ်ရလေခြင်းလို့ သိမ်ငယ်စွာ ခံစားနေကြရတယ်လို့ ဖော်ပြထား ပါတယ်။

“ကျွန်မနဲ့ ကျွန်မမိသားစုက ဒီဖြစ်ရပ်တွေကြောင့် ရပ်ရွာလူထုက အဆက်မပြတ်စောင့်ကြည့်တာ ခံရတယ်၊ ရွာထဲကလူတွေက ကျွန်မတို့အကြောင်း အတင်းအဖျင်းတွေပြောနေကြတော့ ကျွန်မရဲ့ မိသားစုက ရှက်ရွံ့သိမ်ငယ်ပြီး အပြင်တောင် မထွက်ရဲကြတော့ဘူး” လို့ စစ်ကိုင်းတိုင်းဒေသမှ  ကျူးလွန်ခံရသူတဦးရဲ့ ပြောကြားချက်ကို အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ပဋိပက္ခဒေသထဲက အမျိုးသမီးတွေဟာ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်ခံရမှုနဲ့ ကြုံတွေ့ရတာအပြင် မိသားစု၊ မိတ်ဆွေ၊ ချစ်သူ၊ ခင်ပွန်းတို့ရဲ့ စွန့်ပစ်မှုကြောင့် အသက်ပေးလိုက်ရတဲ့ ရင်နာဖွယ် ဖြစ်စဉ် တချို့လည်း ရှိခဲ့ပါတယ်။

၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာတုန်းက  စစ်ကောင်စီတပ်ဟာ  စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ် ရေမြက်ကျေးရွာကို စစ်ကြောင်းထိုးခဲ့ပြီး အမျိုးသမီး(၈)ဦးကို ဖမ်းဆီး အဓမ္မကျင့်ခဲ့ပါတယ်။

ဒီဖြစ်စဉ်မှာ ကျူးလွန်ခံခဲ့ရတဲ့ အမျိုးသမီးတဦးဟာ နောက် ၁ နှစ်ခွဲကျော်အကြာမှာ သူ့ချစ်သူနဲ့လက်တွဲပြီး ဘဝဆက်လက် ရှင်သန်ဖို့ ပြင်ဆင်ခဲ့ပေမယ့် ချစ်သူက ဒီဖြစ်စဉ်တွေကို ပတ်ဝန်းကျင်ကတဆင့် ပြန်သိပြီးတဲ့နောက် စွန့်ပစ်ခဲ့တဲ့အတွက် ကိုယ့်ကိုကိုယ် အဆုံးစီရင်ခဲ့တယ်လို့ ၂၀၂၃ ခုနှစ်၊ ဇွန်က Burma VJ သတင်းဌာနမှာ ဖော်ပြခဲ့ဖူးပါတယ်။

လိင်ပိုင်းဆိုင်ရာကျူးလွန်တဲ့ဖြစ်စဉ်တွေမှာ နားလည်ပေးပြီးကူညီပေးတဲ့သူက လက်ချိုးရေလို့ရပြီး၊ ဂျဲန်ဒါနဲ့ပတ်သက်တဲ့ အတွေးအခေါ်တွေ လက်လှမ်းမီမှု သိပ်မရှိတဲ့အတွက်ကြောင့် ရှင်သန်ကျန်ရစ်သူကို ကူညီပေးဖို့နေနေသာသာ ဝိုင်းပြီးတော့ အပြစ်တင်ကဲ့ရဲ့တာမျိုးက ဖိုဝါဒကြီးစိုးတဲ့ လူမှုအသိုင်းအဝိုင်း ဖြစ်နေတာကြောင့်လို့ ဟွမ်ဟွမ်က သုံးသပ်ပါတယ်။

ဒီလိုမျိုး ပတ်ဝန်းကျင်ရဲ့ဝေဖန်မှုတွေ၊ ပြစ်တင်မှုတွေ၊ လျစ်လျူရှုမှုတွေကြောင့်  မမီးမီးဟာ လူများတဲ့ နေရာတွေ မသွားရဲတာ၊ အားငယ်စိတ်၊ သိမ်ငယ်စိတ်တွေ ဝင်လာတာ၊ တယောက်တည်းပဲနေတော့တာ စတာတွေ ပြုလုပ်လာခဲ့သလို၊ ကရင်နီ ဒုက္ခသည်စခန်းက မဖွေးငယ်ဟာဆိုရင်လည်း ကျူးလွန်ခံရသူတွေမှာ လူတောမတိုးတော့တာ၊ ကိုယ့်ကိုကိုယ် အသုံးမကျဘူး ဆိုတဲ့ ခံစားချက်တွေ အသုံးမဝင်ဘူးဆိုတဲ့ခံစားချက်တွေ ခံစားနေရတာတွေရှိတယ်လို့ ကူညီပေးနေတဲ့ စေတနာ့ဝန်ထမ်း တွေက ပြောပြကြပါတယ်။

ကျူးလွန်ခံရသူတွေဟာ ဒုတိယအကြိမ် ထပ်မံဒဏ်ရာရခြင်း (Secondary Traumatization) လို့ခေါ်တဲ့ ပတ်ဝန်းကျင်ရဲ့ အပြစ်တင်မှုကို ခံစားနေရပြီး၊ နိုင်ငံတကာ အဖွဲ့အစည်းတွေအနေနဲ့  ဒါဟာ လူ့အဖွဲ့အစည်း တခုလုံးကို ပျက်စီးစေတဲ့ တိတ်ဆိတ်သော ကူးစက်ရောဂါလို့ သတိပေးထားပေမယ့် ပတ်ဝန်းကျင်က အမည်းစက်လို ရှုမြင်နေကြတာဟာ တရားမျှတမှုအတွက် အကြီးမားဆုံး အတားအဆီးဖြစ်နေတယ် လို့ CAN Myanmar တည်ထောင်သူ စောဇင်မောင်စိုးက ဆိုပါတယ်။

“ကျူးလွန်သူကို အပြစ်မမြင်ဘဲ ခံရသူကို အမည်းစက်အဖြစ် မြင်နေသရွေ့ ဒီရာဇဝတ်မှုတွေဟာ ဆက်ရှိနေဦးမှာပါ၊ ဒါကြောင့် တဦးချင်းစီကနေ စတင်ပြီး အမြင်မှန်ဖို့ လိုအပ်တယ်”လို့ သူက ထောက်ပြပါတယ်။

တချို့ဖြစ်ရပ်တွေမှာ ကျူးလွန်ခံရတဲ့အတွက် စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရတဲ့ အမျိုးသမီးတွေ၊ မိသားစုဝင်တွေ၊ အထူးသဖြင့် မိခင်တွေက အားပေးစကားပြောတာ၊ မိမိကိုယ်ကို အဆုံးစီရင်တဲ့လုပ်ရပ်မျိုး၊ အတွေးမျိုးတွေမတွေးအောင် ဖေးမတာ၊ ဆေးရုံဆေးခန်းကအစ တရားရုံးတွေအထိအတူတူအမြဲရှိနေပေးတာမျိုးတွေ ရှိကြပါတယ်။  

လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရတဲ့ ဖြစ်စဉ်တွေဟာ အဝတ်အစားကြောင့်လည်း မဟုတ်သလို၊ ဘယ်နေရာကိုသွားလို့ ဆိုတာထက် အခွင့်အရေး ရရင်ရသလို အမျိုးသမီးတွေအပေါ် အကြမ်းဖက်လို့ ရတယ်၊ သူ့အနေနဲ့ ပြစ်ဒဏ်ပေးခြင်းခံရမှာ မဟုတ်ဘူးဆိုတာ သိနေတဲ့အတွက် ဒီလိုအကြမ်းဖက်မှုတွေ ဖြစ်ပေါ်နေတာလို့ အမျိုးသမီးအခွင့်အရေး ဆောင်ရွက်နေသူ တဦးဖြစ်တဲ့ ဒေါ်မေစံပယ်ဖြူကပြောပါတယ်။

“ကျူးလွန်ခံရသူဟာ အပြစ်ရှိတဲ့သူ၊ ရှက်ရမယ့်သူ မဟုတ်ပါဘူး၊ ကျူးလွန်သူကသာ အပြစ်ရှိတဲ့သူ ရှက်ရမယ့်သူဖြစ်တယ်၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ၊ မုဒိမ်းမှုတွေဟာ ရာဇဝတ်မှုဖြစ်တယ်” လို့ ဒေါ်မေစံပယ်ဖြူကပြောပါတယ်။

လူမှုအသိုင်းအဝိုင်းအနေနဲ့ ဘယ်လိုအကြောင်းနဲ့မှ ကျူးလွန်ခံရတဲ့သူတွေအပေါ်မှာ အပြစ်မတင်ဖို့၊ တရားဥပဒေကို လက်လှမ်းမှီပြီး တရားမျှတမှုကို ရရှိနိုင်ဖို့၊ ကျူးလွန်သူတွေ  အပြစ်ဒဏ်စီရင်ခံရခြင်းကနေ မလွတ်မြောက်နိုင်အောင်  တက်နိုင်သလောက် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသင့်တယ်လို့ သူက ဆက်လက်အကြံပြုပါတယ်။

လိင်ပိုင်းဆိုင်ရာအကြမ်းဖက်တဲ့ အပြုအမူတွေ ပပျောက်ဖို့ဆိုရင် အမျိုးသမီးတွေကိုသာ မကဘဲ ဂျဲန်ဒါသဘောသဘာဝကို နားလည်တဲ့ အမျိုးသားတွေကဦးဆောင်ပြီး အမျိုးသားတွေကိုအသိပညာပေးတာတွေ၊ စကားဝိုင်းဆွေးနွေးပွဲတွေ၊ အမျိုးသားအချင်းချင်း ဆွေးနွေးတာမျိုးတွေ ပြုလုပ်သင့်သလို၊ ဒီလို အမျိုးသားထုရဲ့ပါဝင်မူက အထူးအရေးကြီးတယ်လို့ မြေပြင်မှာ ကူညီမှုတွေပေးနေတဲ့ မော်ရှားမြာနဲ့ ဟွမ်ဟွမ်တို့က အကြံပြုပါတယ်

အလားတူ ပဋိပက္ခနဲ့ဆက်နွယ်တဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေကို စစ်တမ်းကောက်နေသူ တဦးဖြစ်တဲ့ မမေသုတကလည်း “ခံရသူက အမည်းစက်ဖြစ်သွားပြီဆိုတဲ့ အမြင်မျိုးမဟုတ်ဘဲနဲ့ ကျူးလွန်သူကသာ မလုပ်သင့် မလုပ်ထိုက်တဲ့ ကျင့်ဝတ်ချိုးဖောက်တဲ့ ရွံ့ရှာစရာကောင်းတဲ့လုပ်ရပ်ကို လုပ်တာဖြစ်တဲ့အတွက် ကျူးလွန်သူမှာလည်း အမည်းစက်ဖြစ်တာ ဆိုတဲ့အကြောင်းကို ပြောင်းလဲပြီးတော့မှ မြင်တတ်လာအောင် လုပ်ရမှာဖြစ်တယ်” လို့ ပြောပါတယ်။

ကရင်နီစစ်ရှောင်စခန်းထဲက မဖွေးငယ်နဲ့ ချစ်သူရဲ့ သစ္စာဖောက်မှုကြောင့် အုပ်စုဖွဲ့ မုဒိမ်းမှုကျူးလွန်ခံခဲ့ရတဲ့ မမီးမီးတို့လိုပဲ တခြားသော လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကို ခံစားကြရတဲ့အမျိုးသမီးတွေဟာ ပတ်ဝန်းကျင်ရဲ့ ပြစ်တင် ဝေဖန်ပြောဆိုမှု တွေကြာင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုပါ ၂ ဆ ခံစားခဲ့ကြရပါတယ်။

မဖွေးငယ်ရဲ့ ဖြစ်စဉ်မှာဆိုရင် မိသားစုက အရှက်ရတယ်လို့ခံစားရတာ၊ ဖခင်ဖြစ်သူက သတ်ဖြတ်မယ်အထိ ခြိမ်းခြောက် တာတွေဟာ ပတ်ဝန်းကျင်ရဲ့ ဖိအား‌ကြောင့် ပိုဆိုးစေတယ်ဆိုတာကို ထင်ထင်ရှားရှားမြင်တွေ့ရပြီး၊ သူ့အပေါ်မှာ မိသားစုရဲ့ မေတ္တာမပျက်ခွင့်လွှတ်နိုင်ကြပြီး၊ နောက်ဆုံးမှာ မိသားစုအတူတူ ပေါင်းစည်းနေထိုင်ခွင့်ရခဲ့ကြတဲ့  ဇာတ်သိမ်းပိုင်းနဲ့ အဆုံးသပ်နိုင်တာကို တွေ့ရပါတယ်။

ဒီလိုသာဓကတွေကို ကြည့်ခြင်းအားဖြင့် ကျူးလွန်ခံရသူတွေကို လူမှုအသိုင်းအဝိုင်းက ပြစ်တင်ပြောဆိုတဲ့ အလေ့အထ တွေဟာ ကျူးလွန်သူတွေကို လွတ်မြောက်ခွင့်ပေးနေတာ၊ မတရားမှုရဲ့ ကြံရာပါတွေဖြစ်နေတာဆိုတဲ့အချက်ကို သတိမူပြီး ပြောင်းလဲမှုဆီ အတူတူခရီးဆက်နိုင်ဖို့လိုအပ်နေပြီပဲဖြစ်ပါတယ်။

Author: