မသန်စွမ်းသူတို့ရဲ့ အာဂမိခင်တွေ
ရှင်ငြိမ်း
စီးပွားရေး၊ လူမူရေးနဲ့ နိုင်ငံရေးအရ အစစအရာရာ ခက်ခဲကြပ်တည်းနေတဲ့အခုလိုကာလမှာ မသန်စွမ်း ကလေးတယောက်ကို ပြုစုစောင့်ရှောက်ရတဲ့ မိခင်တွေဟာ သာမန်မိခင်တွေထက် အဆပေါင်းများစွာ ပင်ပန်းခက်ခဲပါတယ်။
ဒီမိခင်တွေဟာ သားသမီးတွေရဲ့မသန်စွမ်းမှုကိုရိုးမယ်ဖွဲ့ပြီး ကံမကောင်းသူ၊ အပြစ်ရှိသူလို့ လူမှုပတ်ဝန်းကျင် ဆီမှာ အထင်သေးခံရသလို၊ ဒီကာလတွေမှာ ငွေကြေးနဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကြားမှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြရပါတယ်။
ဒါတွေသာမက ရှေးရိုးစွဲအတွေးအမြင်တွေရှိနေသေးတဲ့လူမူအသိုင်းအဝိုင်းမှာဆိုရင် မသန်စွမ်းတာဟာ ဝဋ်ကြွေးပါလို့၊ မကောင်းဆိုးဝါးပူးကပ်လို့၊ အတိတ်ကံမကောင်းဘူး စတဲ့အယူအဆတွေ ရှိကြတယ်။ ဒီလိုအယူအဆတွေကြောင့် မသန်စွမ်းတွေဟာ လူအများထဲမှာ ရှက်စရာ၊ ကြောက်စရာ၊ ဂုဏ်ငယ်စရာ အဖြစ် ခွဲခြားခံနေရဆဲဖြစ်ပါတယ်။
ရုပ်ပိုင်း၊ ဉာဏ်ရည်ပိုင်း မသန်စွမ်းတဲ့ ကလေးတွေရဲ့ မိခင်တွေဟာ သားသမီးတွေရဲ့မသန်စွမ်းမှုကြောင့် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ၊ လူမှုရေး ကဲ့ရဲ့ခံရတာတွေ၊ ပြစ်တင်ဝေဖန်တဲ့ဖိအားတွေကိုပါ ထမ်းပိုးထားရတာ ဖြစ်ပါတယ်။
ဒီလိုမသန်စွမ်းကြသူတွေရဲ့ အနာဂတ်နဲ့ ဘဝနေထိုင်မှုတွေအတွက် ကြိုးစားရုန်းကန်နေကြရတဲ့ အုပ်ထိန်းသူတွေ၊ ပြုစုစောင့်ရှောက်သူတွေထဲ ဒေါ်ခင်စော၊ ဒေါ်ခင်မေနွယ်၊ ဒေါ်အေးမြတို့လို အာဂမိခင်တွေလည်း ပါဝင်ပါတယ်။
ဧရာဝတီတိုင်း၊ ပုသိမ်မြို့နယ်မှာနေထိုင်တဲ့ ဒေါ်ခင်စောဟာ ငယ်စဉ်ကတည်းက မွေးရာပါ အကြားအာရုံ ချို့ယွင်း နေတဲ့သားကို ပြုစုစောင့်ရှောက်ရတဲ့ တကိုယ်တော်မိခင်ဖြစ်ပါတယ်။
ခင်ပွန်းဖြစ်သူဟာ သူကိုယ်ဝန်လွယ်ထားတဲ့အချိန်မှာ သူ့ကိုစွန့်ခွာသွားခဲ့သလို၊ မိဘဖြစ်သူတွေကလည်း ရှေ့ဆင့် နောက်ဆင့်ဆိုသလို ဆုံးပါးခဲ့ကြပါတယ်။
ဒါကြောင့် အိမ်နီးချင်းတွေနဲ့ ရပ်ကွက်နေသူတချို့က “မွေးလာကတည်းက ကံမကောင်းတာ၊ ဒီကလေးက နင့်ဘဝ တခုလုံး ဒုက္ခပေးမယ့်ကောင်”လို့ ဒေါ်ခင်စောရှေ့မှာ ရင့်ရင့်သီးသီး ပြောဆိုတာကို မကြာခဏရင်ဆိုင်ခဲ့ရပါတယ်။
ဒေါ်ခင်စောကတော့ သူ့ကို ဝေဖန်ပြစ်တင်တာတွေကို ဂရုမစိုက်ဘဲ သားလေးရဲ့ရှေ့ရေးသာ ဦးစားပေးပြီး လုပ်ကိုင်ခဲ့တယ်လို့ ဆိုပါတယ်။
သူက “သူတို့ပြောတာတွေကို ဂရုစိုက်မနေဘူး၊ ကိုယ်ရှာမှကိုယ်စားရမှာလေ၊ သားအတွက် ကျမ ရှင်သန်နေဖို့ လိုတယ်”လို့ ပြောပါတယ်။
ကလေးမွေးပြီး မီးတွင်းမှာမနားနိုင်၊ အားသစ်မယူနိုင်ဘဲ မနက်ဆို ကောက်ညှင်းပေါင်းရောင်း၊ နေ့လည်ကျတော့ အိမ်တွေမှာ အဝတ်လိုက်လျှော်၊ ညဘက်တွေမှာလည်း အိမ်အလုပ်၊ ဝင်ငွေရအလုပ်တွေ လုပ်ကိုင်ရင်း တကိုယ်တည်း ရုန်းကန်ခဲ့ပါတယ်။
ဒေါ်ခင်စောဟာ ငယ်စဉ်က ကျောင်းမနေခဲ့ရတာ၊ နွမ်းပါးလွန်းတာကြောင့် လခစားအလုပ်တွေမှာ အလုပ်အကိုင်ရဖို့ ခက်ခဲခဲ့ပါတယ်။ ကုမ္ပဏီတခုမှာ သန့်ရှင်းရေးဝင်လုပ်ဖို့ လျှောက်ထားခဲ့ပေမယ့် သူရဲ့ သွင်ပြင်အဝတ်အစားကြောင့် ညစ်ပတ်တယ်လို့ဆိုကာ ပယ်ချခံခဲ့ရတယ်။
မွေးကင်းစအရွယ်သားငယ်ငယ်လေးကို အလုပ်သွားလုပ်တဲ့နေရာခေါ်သွားရတော့ ကြုံတွေ့ရတဲ့ လူတွေက ကလေးက မငိုဘူးဆိုပြီး ထိတာ၊ တို့တာ၊ စနောက်ကြတာတွေကြောင့် နို့မထွက်တဲ့ မိခင်တယောက်ကို သူ့နို့ရည်ကိုပေး၊ ဒေါ်ခင်စောရဲ့ မွေးကင်းစသားလေးကို နို့ယူသူက ပြန်ထိန်းပေးဆိုတဲ့ သဘောတူညီချက်နဲ့ ကလေးအပ်ပြီး အလုပ်ထွက်လုပ်ခဲ့ရတာဖြစ်ပါတယ်။
“ကျမ မလုပ်ဖူးတဲ့အလုပ်က မရှိသလောက်ပဲ၊ အုတ်သယ်တာ၊ ပန်းရံ၊ ဆန်အိတ်ထမ်းတာ အစုံလုပ်ခဲ့တယ်၊ အဖေမရှိလို့ မစားမသောက်နိုင်ဘူး၊ လူတန်းစေ့မနေရဘူးဆိုတာမျိုး မဖြစ်ရအောင် ကျမလုပ်ပြတယ်”လို့ ဒေါ်ခင်စောက ဆိုပါတယ်။
ဒါ့အပြင် မြန်မာ့လူမူဝန်းကျင်မှာ အမျိုးသမီးတယောက်တည်းက အိမ်ထောင်ဦးစီးအဖြစ် ရပ်တည်ဖို့ ခက်ခဲတယ်လို့အမြင်ရှိတာကြောင့် “ယောက်ျားမရှိဘဲ ကလေးကို ဘယ်လိုလုပ် ပညာသင်ပေးမလဲ”ဆိုတဲ့ ဝေဖန်စကားတွေကလည်း သူ့ရဲ့ စိတ်နှလုံးကိုဝန်ထုတ်ဝန်ပိုး ဖြစ်စေခဲ့ပါတယ်။
အမေတခု၊ သားတခု ကြီးပြင်းလာတဲ့ သားဖြစ်သူဟာ နားမကြားပေမယ့် သူ့မိခင်ပြောတာကို နားလည်ပါတယ်။ သူ့ကလေးနဲ့ပတ်သက်ပြီး တခြားသူတွေရဲ့ အထင်အမြင်တွေကို ဂရုမစိုက်တတ်တဲ့ ဒေါ်ခင်စောဟာ အကြားအာရုံ ချို့ယွင်းတာကို ရှက်နေမယ့်အစား သားအမိ ၂ယောက်ချင်း နားလည်နိုင်မယ့် ကိုယ်ပိုင်အမူအယာနဲ့ ဆက်သွယ်တဲ့ ဘာသာစကားအသစ်တခု ဖန်တီးခဲ့ကြပါတော့တယ်။
နယ်က ရွာလေးတစ်ရွာမှာ ရှင်သန်ရတာကြောင့် အစိုးရက ထောက်ပံ့တဲ့ မသန်စွမ်းစရိတ်လိုခံစားခွင့်မျိုး တကြိမ်မှမရဖူးဘူးလို့ ဒေါ်ခင်စောက ပြောပါတယ်။
ပုံမှန်အားဖြင့်ဆိုရင်တော့ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေး ဦးစီးဌာနကနေလစဉ် ဒါမှမဟုတ် ၆ လတကြိမ်စီ မသန်စွမ်းတွေကို လစဉ်ငွေသား ၃ သောင်းထောက်ပံ့ပေးနေတဲ့အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်ဟာ အရပ်သားအစိုးရက မသန်စွမ်းတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ ၂နှစ်အောက်ကလေးတွေ၊ သက်ကြီးရွယ်အိုတွေအတွက် ဖော်ဆောင်ခဲ့တဲ့ လူမှုထောက်ပံ့ရေးအစီအစဉ်တွေထဲက တခုဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်မှာတော့ မသန်စွမ်းအများစုဟာ အရင်က အနည်းအကျဉ်းရရှိနေတဲ့ ဒီထောက်ပံ့ကြေးတွေကို ပုံမှန်မရတာ၊ လုံးဝမရတာတွေကြုံတွေ့လာရပါတယ်။
ဘယ်သူ့အထောက်အပံ့ကိုမှ မရရှိခဲ့တဲ့ ဒေါ်ခင်စောရဲ့ မူလရည်မှန်းချက်ဟာ သားဖြစ်သူကို ပညာတတ် ဖြစ်စေချင်တာပါ။ ဒါ့ကြောင့် သူဟာ သူ့ကိုယ်စွမ်းကိုယ်စရှိသမျှ၊ ရသမျှအလုပ်အကုန်လုပ်ပြီး ငွေကြေးကိုလည်း စုဆောင်းခဲ့တယ်။ စုဆောင်းငွေ အတန်သင့်ရှိလာတဲ့အခါ သူရဲ့ စိတ်ဆန္ဒအပြင်းပြဆုံး ရည်ရွယ်ချက်ကို အကောင်အထည် ဖော်နိုင်ဖို့အတွက် နားမကြားသူများကျောင်းရှိရာ ရန်ကုန်မြို့ကြီးကို ပြောင်းရွှေ့ခဲ့ပါတော့တယ်။ အဲဒီနောက်ကျူးကျော်ရပ်ကွက်တခုမှာ အိမ်ဌားနေပြီး၊ သားဖြစ်သူကိုတော့ နားမကြားသူများကျောင်းကို ကျောင်းအိပ်ကျောင်းစားကျောင်းသားအဖြစ် ပို့ပေးခဲ့ပါတယ်။
“ကျောင်းမှာပဲထားလိုက်တာ ကျမမှန်သွားတယ်၊ သားက လိမ္မာသိတတ်ပြီး တော်တော့ ဒီအမေဝမ်းသာရတာပေါ့၊ အားလည်း ဖြစ်ရတယ်”လို့ ဒေါ်ခင်စောက သူ့ခံစားချက်ကိုပြောပြပါတယ်။
သားနဲ့ဆုံရမယ့် တနင်္ဂနွေနေ့မှာ စားစရာတွေ၊ သားလိုချင်တာတွေပေးနိုင်ဖို့ဆိုပြီး ရသမျှအလုပ်ကို ပင်ပန်းတာ၊ ခက်ခဲတာတွေ မရွေးဘဲ လုပ်ကိုင်ခဲ့ပါတယ်။ ရလာတဲ့ငွေကို အိမ်လခအတွက် ဦးစားပေးဖယ်ပြီး ခြိုးခြံချွေတာ စားသောက်ခဲ့တယ်လို့ သူက ဆိုပါတယ်။
ဒေါ်ခင်စောရဲ့သားဟာ ကျောင်းပညာရေးသာမက စာသင်ခန်း ပြင်ပလှုပ်ရှားမှုတွေမှာပါ ထူးချွန်တဲ့ကလေး ဖြစ်ပါတယ်။ တချိန်မှာ မိခင်ကို ကိုယ်ပိုင်အိမ်လေးနဲ့ထားချင်တာက သူ့ဆန္ဒဖြစ်ပါတယ်။ ဒေါ်ခင်စောကတော့ သားဖြစ်သူကိုတော့ ဘွဲ့တခုရပြီး အလုပ်နဲ့ အတည်တကျရှိဖို့ မျှော်လင့်ထားပါတယ်။
ဒါအပြင့် မန္တလေးတိုင်း၊ မိထ္ထီလာမြို့နယ်ဇာတိဖြစ်တဲ့ ဒေါ်ခင်မေနွယ်ဟာလည်း မွေးရာပါ ခြေလက်မသန်စွမ်းတဲ့ သမီးငယ်ကို ပြုစုပျိုးထောင်နေရတဲ့ မိခင်တဦးပဲဖြစ်ပါတယ်။ သူဟာလည်း ဒေါ်ခင်စောလိုပဲ သမီးဖြစ်သူရဲ့ မသန်စွမ်းမှုကြောင့် ပတ်ဝန်းကျင်ရဲ့ရှုတ်ချမှုကို ခံခဲ့ရတယ်။
အထူးသဖြင့် ဒေသခံအမျိုးသားတချို့နဲ့ သက်ကြီးရွယ်အိုတချို့က “မိန်းမဖြစ်ပြီးတော့ ဒီလိုရောဂါသည်သမီးကိုပဲ စွဲပြီး အိမ်မှာ နေနေတော့တာပဲ၊ တခြားအလုပ်လုပ်ဖို့ မကြိုးစားဘူး”လို့ ဝိုင်းဝန်းပြစ်တင်ခံခဲ့ရတာဖြစ်ပါတယ်။
အသက် ၃၆ နှစ်အရွယ် ဒေါ်ခင်မေနွယ်ဟာ မသန်စွမ်းသမီးကို ပြုစုနေရတာကြောင့် ဝင်ငွေရလုပ်ငန်းတွေ မလုပ်နိုင်ဘဲ၊ သမီးလေး မွေးစကတည်းက မလေးရှားနိုင်ငံမှာ အလုပ်လုပ်ဖို့ ထွက်ခွာသွားတဲ့ ခင်ပွန်းဖြစ်သူဆီကပေးပို့တဲ့ငွေနဲ့ ရပ်တည်နေရတာပါ။
သမီးဖြစ်သူအတွက် လိုအပ်တဲ့ဘီးတပ်ကုလားထိုင်လို ထောက်ကူပစ္စည်းတွေနဲ့ ပြုစုစောင့်ရှောက်ရတဲ့ ကုန်ကျစရိတ်ကလည်း ယခင်ထက်အဆမတန်ကြီးမားလာနေပါတယ်။
အစောပိုင်းမှာ ကလေးဖခင်ပေးပို့တဲ့ ငွေနဲ့ လုံလောက်ခဲ့ပေမယ့် အခုလို အစစအရာရာ ခက်ခဲသထက် ခက်ခဲလာနေတဲ့ ခေတ်ကြပ်ထဲမှာ မြင့်တက်သထက်မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေ၊ ကလေးအတွက် ဆေးဖိုးနဲ့ ပြန်လည်သန်စွမ်းရေးအတွက် လေ့ကျင့်ခန်းယူတာ၊ ဆေးခန်းသွားလာစရိတ်စက စတဲ့အရာတွေ ကြောင့် မလောက်ငှတော့ဘူးလို့ ဒေါ်ခင်မေနွယ်က ရှင်းပြပါတယ်။
မိခင်တိုင်းဟာ သားသမီးကို စောင့်ရှောက်ဖို့တာဝန်ရှိပြီး ယောကျာ်းကိုပဲ မမှီခိုသင့်ဘူးဆိုတဲ့ သက်ကြီးရွယ်အို အမျိုးသမီးကြီးတွေရဲ့အကြံပေးမှုကြောင့် ဒေါ်ခင်မေနွယ်ဟာ ကလေးပြုစုရင်း တဖက်မှာလည်း အလုပ်လုပ်ကိုင် နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေခဲ့ပါတော့တယ်။
သမီးလေးကိုလည်း အချိန်ပြည့်ပြုစုနိုင်အောင် သူဝါသနာပါတဲ့ ပေါင်မုန့်၊ ကိတ်မုန့်ဖုတ်ရင်း အိမ်ရှေ့မှာ မှန်ခုံလေးထားပြီး စမ်းသပ်ရောင်းချခဲ့ပါတယ်။ ပထမဆုံးနေ့မှာပဲ ၂ နာရီထဲနဲ့ မုန့်အားလုံးရောင်းထွက်ခဲ့တယ်။
ဒေါ်ခင်မေနွယ်ရဲ့မုန့်ကို တစိုက်မတ်မတ်အားပေးနေတဲ့ ဒေါ်သူဇာက“သူ့မုန့်သားက နုနုဖတ်ဖတ်လေးနဲ့ အရမ်း စားကောင်းတယ်၊ သူ့မုန့်က ကလေးလူကြီးအကုန်ကြိုက်ပဲ၊ ကျမတော့ နေ့တိုင်းဝယ်ထားရတယ်၊ ပေးရတဲ့ဈေးနဲ့ တန်တယ်”လို့ ပြောပါတယ်။
ဒါပေမယ့် ပတ်ဝန်းကျင်က လူတချို့ကတော့ လူအများနဲ့ ဈေးရောင်းနေရတဲ့ဒေါ်ခင်မေနွယ်ကို သမီးဖြစ်သူရဲ့ချို့ယွင်းချက်တွေ အပြင်လူမမြင်အောင် ဖုံးကွယ်ထားဖို့ တိုက်တွန်းတဲ့ ဖိအားတွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါသေးတယ်။
သူက “ပတ်ဝန်းကျင်နဲ့ ဝေးကွာရင် သမီး ပိုအထီးကျန်နေမှာပေါ့၊ ကျမကတော့ ဈေးလာဝယ်တဲ့သူတွေနဲ့ ရင်းနှီး စေဖို့ မိတ်ဆက်ပေးတယ်၊ ဒါမှလည်း သမီးလေးကို ကြောက်တာတွေ မဖြစ်မှာပေါ့”လို့ ရှင်းပြပါတယ်။
ဒါ့အပြင် လက်နဲ့ခြေထောက်မသန်ပေမယ့် ဦးနှောက်နဲ့အလုပ်လုပ်ရတဲ့ IT ပညာရှင်တ ယောက်ဖြစ်စေချင်တဲ့ ဒေါ်ခင်မေနွယ်ဟာ သမီးဖြစ်သူကို အွန်လိုင်းကနေ စာသင်ပေးဖို့ စီစဉ်ဆောင်ရွက်နေတာက ထူးခြားတဲ့ စိတ်ကူးစိတ်သန်းတခုပဲဖြစ်ပါတယ်။
“ကျမသမီးက ခြေထောက်နဲ့လမ်းမလျှောက်နိုင်ပေမယ့် လက်နဲ့ ဦးနှောက်နဲ့ ကမ္ဘာကြီးကို လျှောက်လှမ်းနိုင်တယ်၊ ကျမရဲ့ အလုပ်က သူ့ခြေထောက်ဖြစ်ဖို့ မဟုတ်ဘူး၊ သူ့ဦးနှောက်ကို ဖွံ့ဖြိုးအောင်ပျိုးထောင်ဖို့ပဲ”လို့ သူ့ ယုံကြည်ချက်ကို ခိုင်ခိုင်မာမာ ပြောပြပါတယ်။
အမှန်တော့ ဒေါ်ခင်မေနွယ်ဟာ အရင်တုန်းကလည်း သူငယ်ချင်းတွေနဲ့စပ်တူ ကိတ်မုန့်ဆိုင်လေးဖွင့်ခဲ့ဖူးပါတယ်။ ဒါပေမဲ့ အိမ်ထောင်ကျပြီးနောက် ကိုယ်ဝန်လွယ်လိုက်ရတာ၊ သမီးလေးမွေးတော့လည်း မသန်စွမ်းကလေး ဖြစ်တာ၊ ခင်ပွန်းဖြစ်သူ မလေးရှားနိုင်ငံမှာ အလုပ်သွားလုပ်တာ စတဲ့အကြောင်းအရင်းတွေကြောင့် ကလေးကို ပြုစုပျိုးထောင်နိုင်ဖို့အတွက် ကိတ်မုန့်အရောင်းဆိုင် လုပ်ငန်းကို ပြန်ပြီးဦးမလှည့်နိုင်တော့တာပါ။
ဒေါ်ခင်စောနဲ့ ဒေါ်အေးမြတို့ဟာ ကိုယ်ခန္ဒာအစိတ်အပိုင်းမသန်စွမ်းတဲ့ကလေးတွေရဲ့ မိခင်ဖြစ်ပေမယ့် မကွေးတိုင်းဇာတိဖြစ်တဲ့ ဒေါ်အေးမြကတော့ သူတို့နဲ့မတူ တမူကွဲပြားပါတယ်။
ဉာဏ်ရည်ဖွံ့ဖြိုးမှု နှေးကွေးတဲ့သမီးတယောက်ကို ပိုင်ဆိုင်ထားတဲ့ ဒေါ်အေးမြဟာ သမီးဖြစ်သူကို ပြုစုရတဲ့အခါ စိတ်ရှည်သည်းခံဖို့ ကြိုးစားရတာ အဓိကစိန်ခေါ်မှုဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိကာလရဲ့စီးပွားရေး အခက်အခဲတွေကြောင့် သမီးအတွက် လိုအပ်တဲ့အထူးကု ဆရာဝန်တွေ၊ ဆေးဝါးတွေနဲ့ အထူးပညာသင်ကြားရေးစနစ်တွေရယူဖို့ ငွေကြေးက ကြီးမားတဲ့အတားအဆီးဖြစ်နေပါတယ်။
ဒေါ်အေးမြရဲ့ခင်ပွန်းဟာ ဆေးကုမ္ပဏီတစ်ခုမှာ အရောင်းပိုင်းမန်နေဂျာတဦးဖြစ်ပါတယ်။ သူတို့မှာ သားသမီး ၂ဦးရှိပြီး သာမာန်ကလေးအဖြစ်မွေးဖွားလာတဲ့ သားကြီးတယောက်နဲ့ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှေးကွေးတဲ့ မသန်စွမ်း သမီးငယ်တို့ပဲဖြစ်ပါတယ်။
သမီးဖြစ်သူမသန်စွမ်းအဖြစ် မွေးဖွားကြီးပြင်းလာတဲ့အပေါ် ဖခင်ရဲ့မိဘတွေနဲ့ ဆွေမျိုးတွေက ကိုယ်ဝန်ဆောင် စောင့်ရှောက်ရေးကို သေချာမလုပ်နိုင်ခဲ့တာကြောင့်လို့ ပြစ်တင်တာတွေကိုလည်း မိခင်ဖြစ်တဲ့ ဒေါ်အေးမြက ခံစားခဲ့ရပါတယ်။
မြန်မာ့လူမှုဝန်းကျင်မှာတော့ စိတ်ပိုင်းဆိုင်ရာ မသန်စွမ်းမှုအပေါ်နားလည်ပေးမှု အားနည်းတာကြောင့် “ဉာဏ်ရည် မမီဘူး” လို့ တံဆိပ်ကပ်ခံနေရတာကလည်း ဒေါ်အေးမြရဲ့စိတ်ကို ပိုလို့နာကျင်စရာဖြစ်စေခဲ့ပါတယ်။
အထူးသဖြင့် အသိပညာနည်းပါးတဲ့သူတွေက “မသန်စွမ်းတဲ့ကလေးကို အိမ်မှာပဲ ကောင်းကောင်းထားပါ၊ အပြင်ထုတ်ပြီး လူကဲ့ရဲ့ခံရအောင်မလုပ်ပါနဲ့”ဆိုတဲ့ ဝေဖန်ရှုတ်ချတာတွေလည်း သူရင်ဆိုင်ခဲ့ရပါတယ်။
“သူတို့ အဲ့လိုပြောလာရင်တော့ အမြဲပြုံးနေခဲ့တာပေါ့၊ ဒါမဲ့လည်း အဲ့လိုသည်းခံတာကြီးက ကြာလာတော့ စိတ်ဖိစီးမှုဖြစ်ရတယ်၊ ဒီလူလာရင် ပြောတော့မှာပဲဆိုပြီး ကြောက်လာခဲ့တာပေါ့၊ နောက်မှ သမီးဖြစ်သူအတွက် ငါရပ်တည်မယ်၊ ဘာဖြစ်ဖြစ် ငါ့သမီး ကို ငါကာကွယ်မယ်လို့ ဆုံးဖြတ်ခဲ့တာ”လို့ ဒေါ်အေးမြက ပြောပါတယ်။
အဲ့ဒီလိုလုပ်ဖို့အတွက် စိန်ခေါ်မှု အခက်အခဲတွေကတော့ အများအပြားရှိခဲ့ပါတယ်။ အကြောင်းက သမီးကို လူအများကြား ခေါ်သွင်းတဲ့အခါ ခင်ပွန်းနဲ့ ဆွေမျိုးတွေက ရှက်စရာလို့ဆိုခဲ့တာဖြစ်ပါတယ်။
ဒါပေမဲ့ ဒေါ်အေးမြဟာ ဇွဲမလျော့ခဲ့ပါဘူး။ သမီးနဲ့ ကိုယ့်ကိုကိုယ်အားပေးရင် လူအများကြား ရပ်တည်နိုင်အောင် ကြိုးစားခဲ့တယ်။ အထူးသဖြင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုကို အားပေးတဲ့လူမူရေးလှုပ်ရှားမှုတွေမှာ သမီးကို ပါဝင်ခိုင်းခဲ့ပါတယ်။
သမီးဖြစ်သူအတွက် လိုအပ်တဲ့လေ့ကျင့်မှုတွေပြုလုပ်နိုင်ဖို့ စီစဉ်ခဲ့ပြီး တခြားမသန်စွမ်းကလေးမိခင်တွေနဲ့လည်း ချိတ်ဆက် ကာ အကြံဉာဏ်တွေရယူတယ်။ မသန်စွမ်းသားသမီးတွေကို ဘယ်လိုပြုစုပျိုးထောင်ရမယ်ဆိုတဲ့ အသိပညာပေးသင်တန်းတွေလည်း တက်ရောက်ခဲ့ပါတယ်။
“ကျမသမီးကို ကျပ်မပြည့်သူလို့ ပြောတဲ့စကားက ကျမရဲ့နှလုံးသားကို ပစ်ပေါက်ခွဲလိုက်တာနဲ့အတူတူပါပဲ၊ ဒါမဲ့ အဲဒီစကားက ကျမကို ပိုသန်မာစေခဲ့တယ်”လို့ ဒေါ်အေးမြက ဆိုပါတယ်။
မသန်စွမ်းသူတွေအတွက် သီးသန့်ပြုစုစောင့်ရှောက်မှု ကုန်ကျစရိတ် မြင့်မားတာနဲ့ နိုင်ငံရဲ့စီးပွားရေး အကြပ် အတည်းတွေက မိခင်တွေရဲ့ရုန်းကန်ရမှုကို ပိုလို့ပြင်းထန်လာစေခဲ့ပါတယ်။ မသန်စွမ်းသူတွေအနေနဲ့ သူတို့ရဲ့အခြေခံလူ့အခွင့်အရေးတွေ ဆုံးရှုံးနေပြီး အခြေခံဆေးဝါးကုသခွင့်၊ ပညာသင်ကြားခွင့်နဲ့ အလုပ်အကိုင်ရရှိမှုကလည်း အခုလိုအခက်အခဲကာလမှာ ပိုမိုရင်ဆိုင်ကြုံတွေ့နေကြရတယ်ဆိုတာ ကိုယ်တိုင်ရင်ဆိုင်ကြုံတွေ့နေကြရတဲ့မိခင်တွေဆီကနေ ကြားသိရပါတယ်။
မသန်စွမ်းကလေးမိခင်တွေဟာ သူတို့သားသမီးတွေ ဂုဏ်သိက္ခာရှိစွာနဲ့ အမှီအခိုကင်းမဲ့စွာ ဘဝရပ်တည် နေထိုင်နိုင်ဖို့ အတွက် အသက်မွေးဝမ်းကျောင်းသင်တန်းတွေနဲ့ အလုပ်အကိုင်တွေရရှိဖို့လည်း မျှော်လင့်နေကြ ပါတယ်။
နှစ်စဉ် ဒီဇင်ဘာ ၃ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (International Day of Persons with Disabilities) ဖြစ်ပါတယ်။ ဒီနှစ်အတွက် ဆောင်ပုဒ်က ” လူမှုအသိုက်အဝန်းတိုးတက်မြှင့်တင်ဖို့ မသန်စွမ်း အကျူံးဝင် လူ့အဖွဲ့အစည်းကိုပျိုးထောင်စို့” ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အစီရင်ခံစာအရ ကမ္ဘာ့လူဦးရေသန်းပေါင်း ၆၀၀ ဝန်းကျင်ဟာ မသန်စွမ်းသူတွေဖြစ်ပြီး ဒီလူတွေထဲက ၈၀% ဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ရှိနေတာကို တွေ့ရပါတယ်။
မြန်မာနိုင်ငံမှာ ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအရ လူဦးရေ၏ ၁၂.၈ % (၅.၉ သန်း) က အမြင်၊ အကြား၊ အပြောအာရုံမသန်စွမ်းမှု၊ ဉာဏ်ရည်နဲ့ ကိုယ်အင်္ဂါစတဲ့ မသန်စွမ်းသူများအဖြစ် နေထိုင်နေကြရပါတယ်။
အလားတူပဲ ၂၀၂၅ ခုနှစ်အတွင်း မြန်မာပြည်ရဲ့ စစ်ဘေးနဲ့ငလျင်ဘေးကြားမှာ အကူအညီလိုအပ်နေတဲ့ မသန်စွမ်းသူဦးရေ ၂.၆ သန်း အထိရှိတယ်လို့လည်း ကမ္ဘာ့ကုလသမဂ္ဂက ထုတ်ပြန်ထားပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် လက်နက်ကိုင် ပဋိပက္ခတွေကြောင့် မသန်စွမ်းဦးရေဟာ အရင်ကထက် ၂ ဆနီးပါး တိုးလာပြီး လက်ရှိမှာ လူဦးရေ ၆ သန်းကျော်လာပြီဖြစ်ပါတယ်။ ဒီထဲမှာ မသန်စွမ်းဦးရေ ထက်ဝက်လောက်ဟာ အမျိုးသမီးတွေ ဖြစ်တယ်လို့ ကုလသမဂ္ဂအဖွဲ့အစည်းတွေရဲ့ ၂၀၂၄ ဒီဇင်ဘာလတုန်းက ထုတ်ပြန်အရ သိရ ပါတယ်။
ဒီလို သိန်းပေါင်းများစွာသော မသန်စွမ်းသူတွေရဲ့နောက်ကွယ်မှာ စိတ်ရောကိုယ်ပါ ကြိုးစားရုန်းကန်နေကြရတဲ့ အုပ်ထိန်းသူတွေ၊ မိခင်တွေဟာ သူတို့နေ့စဉ်ဘဝကို ဘယ်လို ရင်ဆိုင်ဖြတ်သန်းနေရတယ်ဆိုတာကို ဒေါ်ခင်စော၊ ဒေါ်ခင်မေနွယ်၊ ဒေါ်အေးမြတို့လို ကြံ့ကြံ့ခံရင်ဆိုင်နေတဲ့မိခင်တွေရဲ့ မလျှော့တဲ့ ဇွဲနဘဲနဲ့ အတွေ့အကြုံတွေက တစိတ်တပိုင်း ဖော်ပြနေပါတယ်။
ဒီနေ့ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ မသန်စွမ်သူများနေ့မှာ နားမကြားတဲ့သားကို ဘွဲ့ရပညာတတ်ဖြစ်စေဖို့ ကြိုးစားနေတဲ့မိခင်၊ ကိုယ်အင်္ဂါမသန်စွမ်းတဲ့ သမီးဖြစ်သူကို နည်းပညာကျွမ်းကျင်ပညာရှင်ဖြစ်စေချင်တဲ့မိခင်၊ ဉာဏ်ရည်ဖွံ့ဖြိုးမှုနှေးတဲ့ သမီးငယ်ကို နည်းစနစ်ကျတဲ့ ပြုစုစောင့်ရှောက်နည်းတွေ လေ့လာသင်ယူနေတဲ့ မြန်မာပြည်က အဲဒီမိခင်တွေအပါအဝင် ကမ္ဘာပေါ်က မသန်စွမ်းသူတို့ရဲ့ အာဂမိခင်အားလုံးကို ဒီဆောင်းပါးနဲ့ ဂုဏ်ပြုအပ်ပါတယ်။











