နမ့်စန်မြို့က သရဲကြောက်တတ်တဲ့ လူနာတင်ယာဉ်မောင်း အမျိုးသမီး

မေ

တဖက်တချက်စီမှာ တောင်နံရံအမြင့်ကြီးတွေနဲ့ အသူရာနက်တဲ့ချောက်ကမ်းပါးကြီးတွေရှိတဲ့ တောင်ပေါ်ကားလမ်း ခပ်ကျဉ်းကျဉ်းမှာ အရေးပေါ်အချက်ပေးသံ ကျယ်‌ကျယ်‌လောင်လောင် အော်မြည်နေတဲ့ လူနာတင်ယာဉ် တစီးဟာ လိုရာခရီးကို ဦးတည်မောင်းနှင်နေပါတယ်။

မျက်နှာချင်းဆိုင်က လာနေတဲ့ ၁၀ဘီး၊ ၁၂ ဘီး ကုန်တင်ကားကြီးတွေဟာ လမ်းဘေးကိုချရပ်ပြီး အပြေးအလွှား မောင်းနှင်လာတဲ့ လူနာတင်ယာဉ်ကို အလိုက်တသိလမ်းဖယ်ပေး‌နေကြတယ်။

လူမှုကူညီရေးစေတနာ့ဝန်ထမ်းယူနီဖောင်း နက်ပြာရောင်ဝတ်စုံကိုဝတ်ဆင်ထားတဲ့ အမျိုးသမီးယာဉ်မောင်းတဦးဟာ အဲဒီလို အကွေ့အကောက် အတက်အဆင်းများတဲ့ တောင်ပေါ် လမ်းပေါ်မှာ ကားကို ကျွမ်းကျွမ်းကျင်ကျင်မောင်းနှင်ပြီး ပါးစပ်ကလည်း တဖက်ကုန်ကား တွေကို ကျေးဇူးတင်ကြောင်း ခပ်တွင်တွင်ပြောနေတယ်။ တဖက်ကမကြားနိုင်ပေမယ့် အရေးကြီးလို့ အချက်ပေးသံဖွင့်ရတဲ့ အကြောင်းကိုလည်း ရှင်းပြနေတယ်။

သူမောင်းနှင်လာတဲ့ လူနာတင်ကားနောက်ခန်းမှာတော့ အသက်ဆက်ရှင်သန်ခွင့်အတွက် အပြင်းအထန်ကြိုးစားနေရတဲ့ အရေးပေါ်လူနာတဦးလှဲလျောင်းလို့နေပါတယ်။

ယာဉ်မောင်းဟာ ဒီလူနာကို ရှမ်းပြည်နယ်၊ နမ့်စန်မြို့ကနေ နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံဆီကို ထမင်းစားချိန်တောင်မရပ်နားဘဲ မောင်းနှင်ပို့ဆောင်ခဲ့ပေမယ့် ဆေးရုံရှေ့အရောက်မှာ လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ လူနာနဲ့ သူ့မိသားစုကို နောက်ဆုံးစကားလေးတွေ ပြောခွင့်ရခဲ့စေချင်ခဲ့ ပေမယ့် ယာဉ်မောင်းဖြစ်သူရဲ့ မျှော်လင့်ချက်က လက်တွေ့ဖြစ်မလာခဲ့ပါဘူး။

ဒီအရေးပေါ်လူနာတင်ယာဉ်ကို မောင်းနှင်ခဲ့တဲ့  စေတနာ့ဝန်ထမ်းယာဉ်မောင်းကတော့  အသက် ၄၈နှစ် အရွယ် မနီနီ ဖြစ်ပါတယ်။

အသက်နဲ့မလိုက်အောင် လန်းဆန်းတက်ကြွနေတဲ့ မနီနီဟာ ရှမ်းပြည်နယ်၊ နမ့်စန်မြို့က ကရုဏာရှင် လူမှုကူညီရေးအသင်းရဲ့ အားကိုးရတဲ့ စေတနာ့ဝန်ထမ်းတဦး ဖြစ်ပါတယ်။ မနီနီဟာ လူမှုကူညီရေး အသင်းရဲ့ ယာဉ်မောင်းတာဝန်ကို အဓိကယူထားပါတယ်။

အသက်လုနေရတဲ့ အရေးပေါ်လူနာတွေ၊ အသက်ဆုံးရှုံးလိုက်ရတဲ့ ခန္ဓာကိုယ်တွေကို ကားနောက်ခန်းမှာ တင်ပြီး လမ်းမတွေပေါ်မှာ အရေးပေါ်မောင်းနှင်ရတဲ့တာဝန်ဟာ သူ့အတွက်ဖြစ်လာမယ်လို့ မနီနီတယောက် ဘယ်တုန်းကမှ မတွေးမိခဲ့ဖူးပါဘူး။

မနီနီဟာ အရင်က သရဲအင်မတန်ကြောက်တတ်သူ၊ သွေးမြင်ရင် ထိတ်လန့်တတ်သူတဦး ဖြစ်ပါတယ်။                အိမ်မှာ ကားရေဆေးဆိုင် ဖွင့်ထားပေမယ့် နိဗ္ဗာန်ယာဉ်၊ လူမှုကူညီရေးအသင်းကားတွေ ရေလာဆေးရင် အခမဲ့ ဆောင်ရွက်ပေးလေ့ရှိပေမယ့်  ဒီကားတွေကို ဆိုင်မှာကြာကြာမထားခိုင်းချင်လောက်အောင် ကြောက်တတ်သူဖြစ်တယ်လို့ သူကဆိုပါတယ်။ ဒီလိုကြောက်လန့်တတ်သူဟာ လူနာတင်ယာဉ်မောင်းတဲ့ အလုပ်ကို လုပ်ကိုင်ဖြစ်ခဲ့တာနဲ့ပတ်သက်ပြီး သူ့ကိုသိကြသူအားလုံးက အံ့သြခဲ့ရပါတယ်။

သရဲကြောက်တတ်သူ၊ Dead body တွေကိုကြောက်တတ်၊ ရွံတတ်သူတယောက်ကို ဆန့်ကျင်ဘက်ဘဝနေနည်းအသစ်ဆီ အရောက်ပို့ဆောင်လိုက်တဲ့ တွန်းအားတခုနဲ့ပတ်သက်ပြီး မနီနီက “ကိုယ့်အရိပ်ကိုတောင် ပြန်ကြောက်တဲ့သူ၊ ဒီအလုပ်ကို ဘာလို့လုပ်ရလဲဆို ဘဝနဲ့ချီတဲ့ ခံစားချက်ကြောင့်လို့ ပြောရမယ်”လို့  ထုတ်ဖော်ပြောပြပါတယ်။

သမီး ၂ယောက်မိခင်ဖြစ်တဲ့ မနီနီဟာ လွန်ခဲ့တဲ့ ၆နှစ်၊ ၂၀၁၉ ခုနှစ်မှာ သမီးအကြီးနဲ့ သေကွဲခွဲခွာခဲ့ရပြီး သူ့အတွက် စိတ်ပိုင်းဆိုင်ရာ ခံစားချက် အဆိုးရွားဆုံးဖြစ်စေခဲ့တဲ့ နှစ်တနှစ်ဖြစ်ပါတယ်။

Gym Fitness Trainer တဦးဖြစ်တဲ့ သမီးကြီးဖြစ်သူဟာ နေပြည်တော်ကို အလုပ်ကိစ္စနဲ့ခရီးသွားရာက ယာဉ်မတော်တဆမှုတခုကြောင့်  သူ့ရဲ့ရင်ခွင်ထဲကနေ အပြီးတိုင်ထွက်သွားခဲ့ပါတယ်။ အတိတ်အကြောင်းကို ပြန်ပြောင်းပြောပြနေချိန်မှာ သူဟာ ဝမ်းပန်းတနည်းငိုကြွေးနေခဲ့တယ်။

“သမီးမရှိတော့ဘူးတဲ့၊ အရူးတယောက်လိုပဲ၊ ပါးစပ်ကနေ မဟုတ်ဘူး၊ မဟုတ်ဘူးပဲ ပြောနေတာ”လို့ မနီနီက အဲဒီကာလက စိတ်ခံစားချက်ကို ငိုကြွေးရင်းက ပြန်ပြောပြတယ်။

သမီးကြီးဖြစ်သူကိုဆုံးရှုံးရပြီးနောက်ပိုင်းမှာလည်း ကားအကြီးကြီးတွေ ဖြတ်သွားတာတွေရင် ထိတ်လန့်တာမျိုးတွေ၊ ဆိုင်ကယ်တွေတွေ့ရင် မေ့လဲတာမျိုးတွေနဲ့ ကြုံရသလို၊ အိပ်ဆေးတွေ သုံးစွဲရတာမျိုးနဲ့ ကုစားခဲ့ရတယ်လို့ မနီနီကပြောပါတယ်။

မနီနီဟာ သမီးဖြစ်သူဆုံးပြီး ၃နှစ်လောက်အထိ ပြိုလဲနေတုန်းပါပဲ။

“အမျိုးသားကပြောတယ်၊ မိန်းမ မင်းအဲ့လိုမနေနဲ့၊ မင်းသမီးကြီးက အကုန်သိတယ်လေတဲ့၊  သမီးက အိပ်မက်တွေလဲပေးတယ်၊ အမျိုးသားကလည်း ဘေးကနေအားပေးတယ်”လို့ မနီနီကပြောပါတယ်။

သွေးသားရင်းချာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတာ၊ ဟိုက်ပါရေတံခွန်ရဲ့ ၅ဆင့်ကနေပြုတ်ကျရေနစ်ပြီး အသက်ဆုံးရှုံးမလိုဖြစ်ဖူးတာ စတဲ့ သေခြင်းတရားနဲ့ သက်ဆိုင်တဲ့ အတွေ့အကြုံတွေကြောင့်   မနီနီဟာ လူအသစ်တယောက်လို မူလက ကြောက်တတ်၊ ရွံရှာတတ်တဲ့စိတ်တွေဟာ လုံးလုံးလျားလျား ပြောင်းလဲသွားစေခဲ့တယ်လို့ ဆိုပါတယ်။

မနီနီတို့ မိသားစုဟာ ကားရေဆေးဆီထိုးလုပ်ငန်းကို လုပ်ကိုင်ကြတာဖြစ်ပါတယ်။ ခင်ပွန်းဖြစ်သူဟာ သူတို့မြို့က ကရုဏာရှင်လူမှုကူညီရေးအသင်းရဲ့ စေတနာ့ဝန်ထမ်းတဦးဖြစ်ပါတယ်။ သက်တမ်းအားဖြင့် ၁၄နှစ်နီးပါးရှိပြီဖြစ်တဲ့ ဒီအသင်းမှာ အလှူရှင်အနေနဲ့ အားဖြည့်ပါဝင်ခဲ့တဲ့ မနီနီဟာ လူနာတင်ယာဉ်မောင်းချင်တယ်လို့ ခင်ပွန်းဖြစ်သူကိုခွင့်တောင်းတဲ့အခါ အသင်းဝင်မှရမယ်လို့ ပြောတဲ့အတွက်  အသင်းဝင်ယာဉ်မောင်းအဖြစ် ပါဝင်ခဲ့ပါတော့တယ်။

သာမာန်ဖြည်းဖြည်းနဲ့ မှန်မှန်မောင်းရတဲ့ လမ်းခရီးမဟုတ်ဘဲ လူတယောက်ရဲ့ သေရေးရှင်ရေးနဲ့သက်ဆိုင်တဲ့ အရေးပေါ်အခြေအနေတွေမှာ ဆေးကုသမှုအချိန်မှီပေးဖို့အတွက် ပို့ဆောင်မောင်းနှင်ပေးရတဲ့ လူနာတင်ယာဉ်မောင်းအလုပ်က ပိုပြီး တာဝန်ကြီးသလို၊ ပိုပြီး စိတ်ဖိစီးမှု ကြီးမားပါတယ်။

လူမှုကူညီကယ်ဆယ်ရေးအလုပ်တွေမှာ ယာဉ်မောင်းအလုပ်၊ စိတ်ရောကိုယ်ပါ ခက်ခဲပင်ပန်း ကြမ်းတမ်းတဲ့အလုပ်မျိုးတွေမှာ  များသောအားဖြင့် အမျိုးသားတွေကိုသာ တွေ့ရလေ့ရှိပါတယ်။ ဒါပေမယ့် မနီနီကတော့ ဒီအလုပ်ကို ရွေးချယ်တာဝန်ယူခဲ့တာ ၂နှစ်ဝန်းကျင် ရှိလာခဲ့ပြီဖြစ်ပါတယ်၊

မနီနီတယောက်ဟာ မနက်ပိုင်းအသင်းဝင်ပြီး အဲ့ဒီနေ့ ညသန်းခေါင်းယံမှာပဲ သူ့ရဲ့ပထမဦးဆုံး လူနာကယ်ဆယ်ရတဲ့ အဖြစ်အပျက်နဲ့စတင်ကြုံရပါတော့တယ်။

အလှအပကြိုက်ပြီး သွေးသံရဲရဲကိုကြောက်တတ်တဲ့သူ့အတွက် ပထမဆုံးကြုံရတဲ့ ဖြစ်ရပ်က  ကားမတော်တဆမှုကြောင့် ခြေထောက်တွေထက်ပိုင်းကျိုး၊ ဦးနှောက်တွေပျက်စီးပြီး သွေးအလိမ်းလိမ်းဖြစ်နေတဲ့ ရုပ်အလောင်းကို သယ်ဆောင်ရတဲ့ အတွေ့အကြုံကြီးတခုပါပဲ။

“အဲ့ကနေစပြီးလုပ်ဖြစ်သွားတာ၊ အဲ့ထဲက လူနာတင်ကားပေါ်က မဆင်းတော့ဘူး၊ ဘယ်လိုအက်ဆီးဒင့်ပဲ ဖြစ်ဖြစ်၊ ဦးနှောက်ပဲထွက်ထွက်၊ မိသားစုလိုသဘောထားပြီး သမီးကြီးကို လုပ်ပေးရတယ်လို့ သဘောထားပြီး လုပ်ပေးတယ်၊ ည ၁၂ နာရီ၊ ၁ နာရီ ဖြစ်ပါစေ၊ ရင်ခွဲရုံနဲ့ ‌ရေခဲတိုက်တွေကို လုံးဝမကြောက်တော့ဘူး”လို့ မနီနီက ပြောပြပါတယ်။

သက်ရှိလူနာပဲဖြစ်ဖြစ်၊ သက်မဲ့ခန္ဓာပဲဖြစ်ဖြစ် သူတို့ရဲ့ အသက်ရှင်သန်ရေးခရီ၊ သူတို့ရဲ့နောက်ဆုံးခရီးကို အကောင်းဆုံး ပို့ဆောင်ပေးဖို့က ဦးစားပေးအချက်ဖြစ်တယ်လို့ သူကဆိုပါတယ်။

လူမှုကူညီရေးအသင်းကားမောင်းတဲ့ ၂နှစ်အတွင်း အဖြစ်အပျက်မျိုးစုံကြုံခဲ့ရတဲ့ မနီနီအတွက် စိတ်အကျေနပ်အားအရဆုံးနဲ့ မှတ်မှတ်ရရ အဖြစ်ဆုံးက အရေးပေါ်လူနာတဦးရဲ့ နောက်ဆုံးအချိန်မှာ အချိန်မီဆုံဆည်းစေခဲ့တဲ့ ဖြစ်ရပ်တခုပဲလို့ ဆိုပါတယ်။

အစာပိုက်တန်းလန်းနဲ့ နောက်ဆုံးအဆင့်လူနာတဦး မြန်မာပြည်အရှေ့ဘက်ခြမ်း၊ ရှမ်းပြည်နယ်၊ ကျိုင်းတုံမြို့ကနေ၊ မြန်မာပြည်အလယ်ပိုင်း မြေလတ်ဒေသက နက်မောက်မြို့အထိ အသက်ရှင်လျှက်ပို့ဆောင်ပေးဖို့ မနီနီကတာဝန်ယူခဲ့တာပါ။

အဲ့အချိန်တုန်းက ရှမ်းတောင်ဘက်မှာ ကားတွေအရမ်းပိတ်ပြီး လမ်းပြင်နေတာတွေရှိတော့ ခရီးသည်တင်ကားနဲ့ သွားဖို့က လူနာအတွက်အဆင်မပြေနိုင်တဲ့ အခြေအနေပါ။ ရွာမှာကျန်ရစ်ခဲ့တဲ့ လူမမယ်သားသမီးငယ်တွေနဲ့ တွေ့ချင်တဲ့ လူနာအမျိုးသမီးရဲ့ နောက်ဆုံးဆန္ဒကို ဖြည့်ဆည်းပေးချင်တဲ့ မနီနီဟာ အသင်းဥက္ကဌဖြစ်သူနဲ့ ခင်ပွန်းဖြစ်သူကိုခွင့်တောင်းပြီးလူနာကိုပို့ဆောင်ပေးခဲ့တယ်။

“သူ့ယောကျာ်းက ဆေးရုံမှာပစ်သွားတာတဲ့၊ သူ့အမေနဲ့ညီမလေးက ကျိုင်းတုံဆေးရုံကိုလာခေါ်ပေးတာ၊ အသက်ပါချင်တယ်၊ ပိုက်ဆံတော့ဟိုရောက်မှသူတို့ပေးမယ်ပေါ့နော်၊ အဲ့မှာသူ့ကိုကြည့်လိုက်တဲ့အခါမှာ ကျွန်မကို အကူအညီတောင်းနေတဲ့မျက်လုံးကို ဘယ်တော့မှမမေ့ဘူး”လို့ မနီနီက ပြောပြပါတယ်။

ကျိုင်းတုံမြို့ကနေ နေ့လည် ၁နာရီမှာ စတင်ထွက်ခွာကြပြီး၊ နတ်မောက် ပြည်သူ့ဆေးရုံကို ည ၉ နာရီတိတိ ရောက်တဲ့အချိန်မှာ လူနာကအသက်ရှိနေပါသေးတယ်။

ကားလမ်းတွေပိတ်နေတဲ့ကြားကနေ မိုင်ရာချီခရီးနှင်ပြီး အသက်ရှင်လျက် အရောက်ပို့နိုင်ဖို့အတွက် အသက်လုနေရတဲ့ အရေးပေါ်လူနာကို သူအားပေးခဲ့ရတဲ့စကားတခွန်းကိုလည်း ဒီလို ပြန်ပြောပြ ပါသေးတယ်။

“ညီမလေးရဲ့ သားနဲ့သမီးဆီ ရအောင်ပို့ပေးမယ်လို့၊ မျက်လုံးမမှိတ်လိုက်နဲ့ဆိုပြီးပြောရတယ်”

သူ့ကတိအတိုင်း လူနာကို မိသားစုဆီ အသက်ရှင်လျက်အရောက်ပို့ပြီးတဲ့နောက် လူနာဟာ ဆေးရုံမှာ ၂ရက်လောက် အသက်ဆက်ပြီး သားနဲ့သမီးတွေနဲ့ တွေ့ခဲ့ရတဲ့အကြောင်းကို လူနာရှင်တွေက ဖုန်းဆက်အသိပေးခဲ့ပါတယ်။

“သူကလေးလေးတွေနဲ့တွေ့ခွင့်ရအောင် ဆောင်ရွက်ပေးခဲ့ရလို့ ဝမ်းသာရတယ်၊ ကျွန်မတုန်းကဆို  အရမ်းချစ်ရတဲ့၊ အရမ်းမျှော်လင့်ထားရတဲ့ သမီးကြီးကို စကားလေးတောင် ပြောခွင့်မရလိုက်ဘူး”လို့ မနီနီက ဝမ်းနည်းတဲ့ လေယူလေသိမ်းနဲ့ ပြောပြပါတယ်။

မနက်မိုးလင်းလို့ တကိုယ်ရည်လုပ်စရာရှိတာလုပ်ပြီးရင် အသင်းရဲ့အစည်းအဝေးသွားတာ၊ အစည်းအဝေးမရှိရင် အိမ်ကစီးပွားရေးအတွက်လုပ်ကိုင်တာ၊ လူနာ‌ခေါ်တဲ့ ဖုန်းလာရင်သွားတာ စတဲ့ အလုပ်တွေက မနီနီရဲ့ နေ့စဉ်ဖြတ်သန်းနေတဲ့  ဘဝနေနည်းပုံစံပါပဲ။

သူဟာ အသင်းရဲ့ယာဉ်မောင်းဆိုတဲ့တာဝန်ကို အဓိကယူထားပေမယ့် လူနာသယ်တာ၊ အသက်မဲ့ခန္ဓာကိုယ်တွေသယ်ဆောင်ရတာ၊ သူတို့ရဲ့ အညစ်အကြေး၊ သွေးအလိမ်းလိမ်းတွေ ကိုင်တွယ်ရတာ စတဲ့ ဖြစ်စဉ်အစအဆုံးမှာလည်း တက်တက်ကြွကြွနဲ့ ပါဝင်လုပ်ကိုင်နေတဲ့ အမျိုးသမီးတယောက်ဖြစ်တာကို တွေ့ရပါတယ်။

မနက်ကားထွက်ခါနီးရင် ကားကြံ့ခိုင်ရေး စစ်ဆေးတာတွေကို ခင်ပွန်းဖြစ်သူကလုပ်သလို၊ ကိုယ်တိုင်လည်းလုပ်တယ်လို့ သူက ဆိုပါတယ်။

တခါတရံခရီးအဝေးကြီးတွေ လူနာပို့ပြီးပြန်ရောက်တဲ့အခါ ကားတာယာကွဲလုနီးပါး ပါးနေတာမျိုးတွေ ရှိပေမယ့် ကားမတော်တဆဖြစ်တာမျိုး မကြုံရဖူးလို့ သူကပြောပါတယ်။

အရေးပေါ်အခြေအနေအလိုက် ညအချိန်မတော်လိုအပ်လို့ ဖုန်းဆက်လာရင် အသင့်ဖြစ်နေအောင် ဖုန်းကို အမြဲဖွင့်ထားလေ့ရှိသလို၊ တချို့အကြိမ်တွေမှာ လမ်းမှာ အိပ်ရတဲ့ အတွေ့အကြုံမျိုးလည်း မနီနီတယောက် ကြုံဖူးပါတယ်။

အမျိုးသမီးတယောက်အတွက် မလုံခြုံမှုမပေးနိုင်တဲ့ လူ့အဖွဲ့အစည်းမှာ မနီနီလို အချိန်အခါမရွေး သွားလာနေရတဲ့ စေတနာ့ဝန်ထမ်းအမျိုးသမီးတယောက်အတွက် ပတ်ဝန်းကျင်ရဲ့ ဝေဖန်မှုတွေ၊ လူမှုအသိုင်းအဝိုင်းရဲ့ အထင်အမြင်သေးမှုတွေကို ပါးပါးနပ်နပ် ရှောင်ရှားဖို့ကြိုးစားရတာကိုလည်း သူ့ပြောစကားတွေအရ သိရပါတယ်။

အသင်းကားကို မောင်းနှင်ပြီး လူနာပို့တဲ့ခရီးတွေမှာ အမြဲတမ်းအသင်းဝင် စေတနာ့ဝန်ထမ်း လုပ်ဖော်ကိုင်ဖက် အမျိုးသမီးတဦးဦးကို ခေါ်သွားလေ့ရှိတယ်လို့ သူကဆိုပါတယ်။

“ယောကျာ်းလေးမခေါ်ဘူးဆိုတာက ခုခေတ်မှာ ပြောချင်ဆိုချင်ကြမှာစိုးလို့၊ ဘယ်လောက်ပဲ မောင်နှမတွေလို ပေါင်းပေါင်း၊ အမြင်ကျဉ်းတဲ့လူတွေလည်းရှိတော့ သတိထားရတယ်”လို့ မနီနီက ဆိုပါတယ်။  

သမီးဆုံးရှုံးထားပြီးအိပ်ရာထဲ လဲနေတဲ့အမျိုးသမီးဟာ ပြန်ရုန်းထပြီး ဘယ်သူမှမထင်မှတ်တဲ့ ဒီအလုပ်ကို လုပ်ခဲ့တဲ့အတွက် အမျိုးသမီးတွေက ဝိုင်းဝန်းချီးကျူးခဲ့ကြတာတွေ ရှိတယ်လို့ မနီနီက ဆိုပါတယ်။

အစပိုင်းမှာ‌တော့ ဒီအလုပ်ကို အမျိုးသမီးလုပ်နိုင်ဘူးဆိုတဲ့ ယောကျ်ားသားတွေရဲ့အမြင်တခု ရှိခဲ့ကြပေမယ့် နောက်ပိုင်း မနီနီတယောက်တကယ်လုပ်ကိုင်နိုင်တာကိုတွေ့ရတဲ့အခါ အထင်သေးတာမျိုးတွေကို မကြုံရတော့ဘူးလို့ သူက ပြောပြပါတယ်။

မြင်အပ်၊ မမြင်အပ်တဲ့   အပိုင်းတွေကို လက်သင့်မခံတဲ့သူတွေ ရှိနိုင်ပေမယ့် ကိုယ်တိုင်ကတော့ ထူးဆန်းတဲ့ဖြစ်ရပ်တွေကို         ခဏခဏကြုံဖူးပြီးတဲ့နောက်မှာ လက်ခံလာခဲ့တယ်လို့ မနီနီက ဆိုပါတယ်။

“မမြင်အပ်တဲ့သူတွေက အသိပေးနေပြီ သူတို့ပြန်မခေါ်သေးဘူး၊ အခုလုပ်နေတဲ့အလုပ်က သူတို့အတွက် လုပ်ပေးတာလို့ ခံယူထားတယ်၊ ဝါသနာပါလို့မဟုတ်ဘူး၊ ခံစားချက်နဲ့လုပ်ဖြစ်သွားတာ”လို့ မနီနီကပြောပါတယ်။

သူဟာ ငယ်ငယ်ကတည်းက အလှအပကြိုက်တက်ပြီး သူများကို ကူညီလိုစိတ်ကတော့ ငယ်ငယ်ကတည်းက ကိန်းအောင်းနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ လူနာတင်ကားမ‌မောင်းရရင် မနေနိုင်တော့တဲ့အထိ ဒီအလုပ်ကိုစွဲလမ်းနေပြီလို့ဆိုပါတယ်။

တခါတရံကားပျက်နေတဲ့အချိန် လူနာရှင်တွေဆက်သွယ်လာတဲ့အခါ သက်ရှိပဲဖြစ်ဖြစ်၊ သက်မဲ့ပဲဖြစ်ဖြစ် လိုက်မပို့လိုက်ရမှာစိုးတယ်လို့ မနီနီကဆိုပါတယ်။

စိတ်ရောကိုယ်ပါ အင်တိုက်အားတိုက်နဲ့ သူလုပ်ချင်တဲ့ လူမှုအကျိုးပြုလုပ်ငန်းတွေကို လုပ်ဖို့ဆုံးဖြတ်ထားတဲ့ မနီနီဟာ သူ့ရဲ့ ခိုင်မာတဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီ အခုလို ပြောပါတယ်။

“ဒီအလုပ်ကို အိပ်ယာထဲမလဲခင်အထိ ကျန်းမာရေးကောင်းနေတဲ့အထိ လုပ်သွားမှာ”

Author: