စစ်ဖိနပ်အောက်က နှလုံးခုန်သံသေးသေးကလေးတွေ

ယုဇနကိုကို

“ကျမမှာ ကိုယ်ဝန်ရှိနေလို့ပါ၊ ဗိုက်နဲ့ခါးကို မလုပ်ပါနဲ့ရှင်”

အသက် ၃၀ ဝန်းကျင်အရွယ် အမျိုးသမီးငယ်ရဲ့ တိုးလျိုးတောင်းပန်သံတွေဟာ ရန်ကုန်မြို့၊ အာဏာသိမ်းစစ်တပ် လက်အောက်က စစ်ကြောရေးစခန်းတခုထဲမှာ အဆက်မပြတ် ထွက်ပေါ်နေပါတယ်။

ယူနီဖောင်းဝတ်၊ အရပ်ဝတ် စတဲ့  စစ်ကောင်စီတပ်သားတွေဟာ အမျိုးသမီးငယ်ကို  ဖမ်းဆီးထားတဲ့  အခန်းထဲကို အလှည့်ကျဝင်ထွက်သွားလာနေကြတယ်။ ဝင်လာတဲ့  စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးခံထားရတဲ့ ကိုယ်ဝန်နုနုနဲ့ အဲဒီအမျိုးသမီးငယ်ဆီကနေ ဖြောင့်ချက်ရယူဖို့၊ သတင်းအချက်အလက်ရဖို့အတွက် မေးခွန်းတွေ ဆက်တိုက်မေးမြန်းနေပါတယ်။

သူတို့ရဲ့ မေးမြန်း သံတွေဟာ တစထက်တစ ပိုကျယ်လောင်လာတယ်။  အသံပိုကျယ်လာတာနဲ့အတူ ခန္ဓာကိုယ် ကြံ့ခိုင်သန်မာဟန်ရှိပြီး စစ်ဖိနပ်ဝတ်ဆင်ထားတဲ့  စစ်ကောင်စီ တပ်သားတယောက်ရဲ့ ခြေထောက်တဖက်က လေပေါ်မြောက်တက်လာပြီး အမျိုးသမီးငယ်ရဲ့  ဗိုက်နှင့် ခါးနေရာတွေကို အဆက်မပြတ် ပြင်းပြင်းထန်ထန် ကန်ကျောက်လိုက်ပါတော့တယ်။ နောက်ထပ် စစ်ကောင်စီတပ်သား တယောက်က ခါးနဲ့ ပေါင်နေရာတွေကို လျှပ်စစ်ကျင်စက်နဲ့ အဆက်မပြတ်ထိုးပြီး သူတို့ သိလိုတဲ့ သတင်းအချက် အလက်တွေကို  နာရီနဲ့ချီကြာအောင် မရမက မေးမြန်းနေပါတယ်။

စစ်ကောင်စီတပ်သားတွေ စစ်ဖိနပ်နဲ့ကန်ကျောက်၊ လျှပ်စစ်ကျင်စက်နဲ့ ထိုးနေကြတဲ့ အဲဒီ အမျိုးသမီးငယ်ရဲ့  ဝမ်းဗိုက်ထဲမှာ အသက်ဝင်ရှင်သန်နေပြီဖြစ်တဲ့ နှလုံးခုန်သံသေးသေးကလေးနဲ့ ၈ပတ်သားအရွယ် သန္ဓေသားလေး ရှိနေပြီဖြစ်ပါတယ်။

ခန္ဓာကိုယ်နေရာတချို့မှာ ထိခိုက်ဒဏ်ရာတွေ ရရှိထားတဲ့ အဲဒီကိုယ်ဝန်ဆောင်အမျိုးသမီးငယ်ရဲ့ အဆက်မပြတ် တိုးလျှိုးတောင်းပန်ပြောဆိုသံတွေကို အလှည့်ကျ ခြိမ်းခြောက် ရိုက်နှက်မေးမြန်းနေတဲ့ အဲဒီစစ်ကောင်စီ တပ်သားတွေက နည်းနည်းမှ ဂရုမစိုက်ခဲ့ကြပါဘူး။

“နင့်ဗိုက်ထဲက ကလေးကို ငါတို့ ဂရုမစိုက်ဘူး၊  လင်ကောင်မပေါ်ဘဲ​ မွေးချင်လား၊ ကလေးအဖေ ပေါ်ချင် ဒီမှာရှိတဲ့ ကောင်တွေနဲ့ ပေးစားပေးရမလား” ဆိုတဲ့ ယုတ်ရင့်ကြမ်းတမ်းမှုအပြည့်နဲ့  စကားလုံးတွေဟာ အဲဒီစစ်သားတွေ ဆီက အဆက်မပြတ် ထွက်ပေါ်နေခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ ဒေသအသီးသီးက စစ်ကြောရေးစခန်းတွေနဲ့ စစ်အာဏာရှင် လက်အောက်ခံ အကျဉ်း‌ထောင်တွေတိုင်းမှာ အမျိုးသမီးအကျဉ်းသားတွေကိုသာမက ကလေးသူငယ်နဲ့ သန္ဓေသားကို ပါမချန် ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခေတ်အဆက်ဆက် မျိုးဆက်နဲ့ချီ ကျူးလွန် လာခဲ့တဲ့ လူသက်သေ၊ အချက်အလက် အထောက်အထားသက်သေတွေ မြောက်များစွာ ရှိကြပါတယ်။

အဲဒီလို သက်သေတွေအထဲက အခုလို နုနုနယ်နယ် သန္ဓေသားလေးကို လွယ်ထားရတဲ့ မမွန်မွန် (လုံခြုံရေး စိုးရိမ်ချက်အရ အမည်လွှဲထားပါတယ်)ဆိုတဲ့ အမျိုးသမီးငယ်က လူသက်သေအဖြစ် ပါဝင်ပါတယ်။

“တယောက်ဝင်လာတယ်၊ ပါးချပြီး ပြန်ထွက်သွားတယ်၊ နောက်တယောက်ဝင်လာတယ်၊ ခါးတွေ ပေါင်တွေကို ကျဉ်စက်နဲ့တို့ပြီး ပြန်ထွက်သွားတယ်၊ ခါးနေရာတွေ ကန်တယ်” လို့ စစ်တပ်အာဏာ သိမ်းပြီးစ ၂၀၂၁ခုနှစ် နှစ်လည်ပိုင်းလောက်မှာ စစ်တပ်အရာရှိတချို့ သူ့ကို နှိပ်စက်ညှင်းပန်း ခဲ့ပုံတွေကို မမွန်မွန်က ပြန်ပြောင်းပြောပြ ခဲ့တာဖြစ်ပါတယ်။

ငရဲခန်းနဲ့တူတဲ့  မြန်မာစစ်တပ်တဲ့ စစ်ကြောရေးစခန်းတွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီးကိုပါမချန် လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အရက်စက်ဆုံး ပြင်းပြင်းထန်ထန်ကျူးလွန်လေ့ရှိတဲ့ နေရာတွေ ဖြစ်တယ်ဆိုတာကို မမွန်မွန်ရဲ့ အတွေ့အကြုံက တစိတ်တပိုင်း သက်သေပြနေပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့  စစ်ကြောရေးငရဲခန်းထဲမှာ ရက်သတ္တပတ်တချို့ဖြတ်ကျော်ခဲ့ပြီးတဲ့နောက် စစ်တပ်က မမွန်မွန်ကို နာမည်ဆိုးနဲ့ကျော်ကြားတဲ့  ရန်ကုန်မြို့၊ အင်းစိန်ထောင်ကို ပို့ဆောင်ခဲ့ပါတယ်။  

အဲဒီနောက်ပိုင်းမှာတော့ မမွန်မွန်ဟာ နိုင်ငံတော်အကြည်ညိုပျက်မှုဥပဒေ  ၅၀၅ – က နဲ့ ထောင်ချ ခံလိုက်ရပြီး၊ သူ့ဘဝရဲ့ ပထမဆုံး ကိုယ်ဝန်ဆောင်ရက်တွေကို အင်းစိန်ထောင်ထဲမှာ စိုးရိမ်ပူပန်စိတ် အပြည့်နဲ့ နေ့စဉ်ဖြတ်ကျော် ခဲ့ရပါတယ်။

ကလေးအဖေဖြစ်သူ မမွန်မွန်ရဲ့ အမျိုးသားဟာလည်း တရက်တည်းတချိန်တည်းမှာ အတူတူ ဖမ်းဆီးခံခဲ့ရပြီး၊ မတူညီတဲ့ အခြားမြို့ တမြို့မှာ နှစ်ရှည်ထောင်ဒဏ်ကျခံနေပါတယ်။ အဲဒီတုန်းက အာဏာရှင်တော်လှန်ရေးကို အတူတူ လုပ်ခဲ့ကြတဲ့ လူငယ်မိတ်ဆွေတွေအားလုံးဟာလည်း စစ်တပ်လက်ချက်နဲ့ အဲဒီနေရာမှာပဲ သေဆုံးခဲ့ကြရ ပါတယ်။

မမွန်မွန်ဟာ ကိုယ်ဝန်ဆောင်သက်တမ်းတလျှောက်မှာ ထောင်ဝန်ထမ်းတွေတိုက်တဲ့ အားဆေးတမျိုးကို သောက်ခဲ့ရပြီး တခြားကိုယ်ဆောင်စောင့်ရှောက်မှု တခုတလေကိုမှ မရရှိခဲ့ဘူးပါဘူး။ ဗိုက်ထဲက သန္ဓေသားဟာ  ကိုယ်လက်အင်္ဂါစုံလင်သလား၊ ပေါင်ပြည့်၊ လစေ့ရဲ့လား၊ အနေအထား မှန်ရဲ့လား၊ သားလေးလား၊ သမီးလေးလား စတဲ့ ကိုယ်ဝန်ဆောင်ကာလမှာ မဖြစ်မနေသိရမယ့်အရာတွေကို တခုမှ မသိခဲ့ရပါပဲ ရက်သတ္တပတ် ၄၀ နီးပါး ကိုယ်ဝန်ဆောင်ကာလ ၉ လကျော်အကြာမှာတော့ မမွန်မွန် တယောက် ဗိုက်နာလာပါတော့တယ်။

မကြာခင်မီးဖွားတော့မယ့် သူ့ကို ထောင်အာဏာပိုင်တွေက ရဲတွေလက်ထဲကို အပ်လိုက်တယ်။  စစ်ကောင်စီရဲ့  ရဲတပ်သားတွေက မမွန်မွန်ကို မြောက်ဥက္ကလာပက ဆေးရုံတရုံကို  ပို့ဆောင်ပေးခဲ့ ပါတယ်။

မီးဖွားကာနီးအချိန်ဟာ ဘယ်လောက်သန်မာတဲ့ မိန်းမတယောက်အတွက်ဖြစ်ပါစေ အားအငယ်ရဆုံးနဲ့ အားကိုးဖော်အရှိစေချင်ဆုံးအချိန်ပါ။ ဒီလိုအချိန်မှာ မမွန်မွန်ဟာ အားပေးမယ့် မိသားစုဝင် တယောက် တလေမှ အနားမှာမရှိဘဲ ကလေးမွေးဖွားခဲ့ရပါတယ်။ ဗိုက်ထဲက ထွက်လာတဲ့ ကလေးဟာ မိန်းကလေး ဖြစ်မှန်း အဲဒီတော့မှ သိခွင့်ရခဲ့ပြီး၊ မဖြစ်မနေ လျှော်ဖွပ်ဖို့လိုတဲ့ သူတို့ သားအမိရဲ့ အဝတ်အထည်တွေ၊ အနှီးတွေအားလုံးကို မီးဖွားပြီးစ နာကျင်ကိုက်ခဲမှုတွေကို ကြိတ်မှိတ် ခံစားရင်း  ကိုယ်တိုင်လျှော်ဖွပ်တာတွေ ပြုလုပ်ခဲ့ရပါတယ်။

ကလေးမီးဖွားပြီး ၂၄ နာရီပြည့်တာနဲ့  စစ်ကောင်စီရဲ့ ရဲတပ်ဖွဲ့ဝင်တွေဟာ သူတို့သားအမိကို အင်းစိန် ထောင်တွင်း ဆေးရုံဆီ  ပြန်ပို့လိုက်ပါတော့တယ်။

ထောင်တွင်းဆေးရုံဆိုတာဟာ အချုပ်ဆောင်တွေလိုပဲ သံတိုင်တွေနဲ့ ခြားထားတဲ့  အချုပ်ခန်းတခုသာ ဖြစ်ပါ တယ်။  အဲဒီ ထောင်တွင်းဆေးရုံလို့ နာမည်ပေးထားတဲ့ သံတိုင်တွေနဲ့အခန်းထဲမှာ မွေးကင်းစ သမီးလေးနဲ့အတူ တလဝန်းကျင် ဖြတ်သန်းခဲ့ကြရပါတယ်။

ရက်သားသာရှိသေးတဲ့ သမီးလေးဟာ ကိုယ်အပူချိန်မြင့်တက်ပြီး ဖျားနားခဲ့ပါတယ်။ ကလေးငယ်ကို တိုက်ဖို့ ပါရာစီတမောဆေးရည်ကို တာဝန်ကျ ထောင်ဝန်ထမ်းအမျိုးသမီးဆီမှာ တောင်းယူခဲ့ပေမယ့် ဆေးဝါးလွန်ရက်ကို အတော်ပင်ကျော်လွန်နေတဲ့  ဆေးပုလင်းတလုံးသာ မမွန်မွန် လက်ခံရရှိခဲ့ပါတယ်။

အဲဒီရက်လွန်ဆေးနဲ့ ပတ်သက်ပြီး မမွန်မွန်က ပြန်ပြောပြတဲ့အခါမှာ “နင့်ကလေးကို တိုက်လို့ရတာ၊ မရတာ ငါတို့ စိတ်မဝင်စားဘူး၊ ငါတို့မှာ ဒါပဲရှိတယ်၊ ဒါရတာတောင် ကံကောင်းလို့၊ ဆေးတွေက ဒိတ်ကျော်လည်း ၆ လအထိ သုံးလို့ရတယ်” လို့ မီးဖွားပြီးစ သွေးနုသားနုနနဲ့ မမွန်မွန်ကို အင်းစိန် ထောင်ဆေးရုံက တာဝန်ကျဝန်ထမ်းက  ဒေါသသံနဲ့ အော်ပါတော့တယ်။  

ထောင်ဆေးရုံထဲမှာ ရက်ပေါင်း ၃၀ ဝန်းကျင် ဖြတ်သန်းပြီးတဲ့အခါမှာတော့  ငရဲခန်းနဲ့တူတဲ့ အဲဒီနေရာမျိုးမှာ မွေးကင်းစသမီးကလေးကို အတူမထားရက်တော့ဘဲ မိဘဆွေမျိုးတွေဆီ ပြန်ပေးဖို့ စီစဉ်ခဲ့ရပါတယ်။

“ကျမနဲ့အတူတူ ထောင်ထဲမှာနေရရင် ကျမကလေး အာဟာရ စုံမှာမဟုတ်ဘူး၊ ကျမသိတယ်”လို့ မမွန်မွန်က ပြောပြတယ်။

စစ်ကြောရေးစခန်းမှာ သန္ဓေသားဘဝကတည်းက မိခင်နဲ့အတူတူ စစ်အာဏာရှင်တွေရဲ့ ယုတ်ညံ့တဲ့ လူမဆန်မှု တွေကို ခါးစည်းခံခဲ့ရတဲ့  မွေးကင်းစအရွယ်သမီးကလေးကို မိသားစုဆီအပ်နှံ လိုက်တဲ့နောက်ပိုင်းမှာ မှောက်တတ်တဲ့အရွယ်၊ ထိုင်တတ်တဲ့အရွယ်၊ လမ်းလျှောက်တဲ့အရွယ်စတဲ့ ကလေးတယောက်ရဲ့ ပထမဆုံး ဖွံ့ဖြိုးတိုးတက်မှု မိုင်တိုင်လေးတွေကို မမွန်မွန်တယောက် မြင်တွေ့ခွင့်မရတော့တာကို စိတ်မကောင်း ဖြစ်ခဲ့ရပါတယ်။

သူ့လိုပဲ ထောင်ထဲမှာ ကလေးမွေးဖွားကြတဲ့ ဘဝတူ အကျဉ်းသူတွေရဲ့ ကလေးတွေကို ဝိုင်းဝန်းကူညီ ထိန်းပေး ချိန်မှာ ကလေးတွေရဲ့ တိုးတက်မှု၊ တဆင့်ချင်းကြီးပြင်းလာမှုတွေကို မြင်တွေ့ရတဲ့အခါ သမီးဖြစ်သူကို သတိရစိတ်နဲ့ ရုတ်တရက်အဲဒီကလေးတွေနားကနေ  ပြန်ထွက်လာ ရတယ်လို့ မမွန်မွန်က သူ့ခံစားချက်ကို ပြောပြပါတယ်။

အခုတော့ မမွန်မွန်ဟာ အကျဉ်းသူဘဝက ပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ပါတယ်။ မိခင်ရဲ့ ခိုင်မာပြတ်သားတဲ့ နိုင်ငံရေးခံယူချက်ကြောင့် အာဏာရှင်တွေရဲ့ အနိုင်ကျင့်ဖိနှိပ်မှုကို မိခင်နဲ့အတူတူ ခံစားခဲ့ရတဲ့ သန္ဓေသားလေးဟာ အခုတော့ လမ်းလျှောက်တတ်တဲ့အရွယ် သမီးကလေးအဖြစ် မိခင်နဲ့ ပြန်လည်ဆုံဆည်းခွင့် ရရှိနေကြပြီ ဖြစ်ပါ တယ်။

“ညီမ အပြင်ထွက်လာချင်းနေ့က မေမေလို့အရင်မခေါ်ဘူး၊ ကြီးကြီးလို့ခေါ်တာ” မမွန်မွန်က သမီးဖြစ်သူ တယောက် ရုတ်တရက် “မေမေ” ဆိုတဲ့ အခေါ်အဝေါ်နဲ့ စိမ်းနေတဲ့အပေါ် ရယ်ရယ်မောပြန်ပြောပြပါတယ်။

ထောင်နံရံ ပြင်ပမှာ ကလေးငယ်ကို စောင့်ရှောက်ပေးနိုင်တဲ့ မိသားစုနဲ့ ဆွေမျိုးသားချင်းတွေရှိတဲ့ မမွန်မွန်ရဲ့ သမီးလေးကတော့ ပြင်ပမှာ သာမာန်ကလေးတယောက်ဘဝလို ကြီးပြင်းနိုင်ခဲ့ပေမယ့် အဲဒီလို ဘဝပေး အခြေအနေမရှိဘဲ အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံ မိခင်တွေနဲ့အတူ ထောင်ထဲမှာပဲ မွေးဖွားကြီးပြင်း အသက်ရှင်နေကြရတဲ့ အခြားကလေးပေါင်းများစွာဟာ မြန်မာပြည်အနှံ့က မတူညီတဲ့ အကျဉ်းထောင်အသီးသီးရဲ့ ထောင်နံရံနောက်မှာ ရှိနေကြပါတယ်။

နိုင်ငံရဲ့  အကျဉ်းထောင်တွေထဲမှာ ကိုယ်ဝန်ဆောင် နိုင်ကျဉ်းသူတွေ၊ သားသည်မိခင်တွေ ရှိနေကြတဲ့ အပြင် ဓားစာခံအဖြစ် ထိန်းသိမ်းခံထားရတဲ့  ကလေး ၆၁ ဦး၊ ဖမ်းဆီးခံခဲ့ရတဲ့ ကလေး ၁,၄၀၀ ကျော်နဲ့  အသက်မပြည့် သေးတဲ့ နိုင်ကျဉ်း ၂၇၄ ဦးရှိတယ်လို့  ကုလသမဂ္ဂ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Thomas Andrews က စစ်အာဏာသိမ်းပြီးတနှစ်ခွဲလောက်က (၂၀၂၂ ခုနှစ် ဇွန်လ ၁၄ မှာ) အစီရင်ခံစာ တစောင် ထုတ်ပြန်ခဲ့ဖူးပါတယ်။

စစ်တပ်က အဓမ္မအာဏာသိမ်းပြီးနောက်မှာကလေးငယ်ပေါင်းများစွာဟာ အတူအကျဉ်းထောင်တွေထဲမှာ ရှင်သန်ကြီးပြင်းနေကြရပါတယ်။ အချို့ ကလေးငယ်တွေရဲ့ မိခင်တွေဟာ စစ်တပ်က မတရားဖမ်းဆီး ထားတဲ့ နိုင်ငံရေးအကျဉ်းသူတွေဖြစ်ကြပြီး၊ တချို့ ကလေးတွေရဲ့  မိခင်တွေက  အခြားပြစ်မှုတွေနဲ့ ဖမ်းဆီးခံထားရသူတွေ ဖြစ်ကြပါတယ်။ တချို့ကလေးတွေက မိဘ ၂ဦးလုံး ထောင်ကျခံနေကြရ တာဖြစ်ပြီး ကလေးတိုင်းဟာ မိခင်နဲ့ အတူ အမျိုးသမီးဆောင်တွေမှာ နေကြရပါတယ်။

၂၀၂၁ စစ်တပ်အာဏာသိမ်းပြီးနောက် အကျဉ်းထောင်အသီးသီးမှာရှိကြတဲ့ အကျဉ်းသားတွေအပြင် ရွေးချယ် နိုင်ခွင့်မရှိတဲ့အခြေအနေတွေကြောင့် ဘယ်လိုပြစ်မှုနဲ့ထောင်ကျတဲ့ မိခင်တွေနဲ့မဆို အတူတူ လိုက်ပါနေထိုင် နေရတဲ့ ကလေးငယ် တွေအားလုံးဟာ စစ်တပ်လက်အောက်ခံ ထောင်အာဏာပိုင်တွေရဲ့ လူ့အခွင့်အရေး၊ အကျဉ်းသားအခွင့်အရေးချိုးဖောက်မှုနဲ့ ကလေးသူငယ် အခွင့်အရေး ချိုးဖောက်မှုတွေ ကို ခံစားနေကြရပါတယ်။

အပြည်ပြည်ဆိုင်ရာကြက်ခြေနီကော်မတီ (ICRC) ရဲ့ အကျဉ်းထောင်တွင်း လာရောက်ပြုလုပ် ပေးလေ့ရှိ တဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ငန်းတွေကိုလည်း စစ်တပ်က ပိတ်ပင်ထားတာကြောင့် အကျဉ်းသား တွေနဲ့ ထောင်တွင်းက ကလေးငယ်အများအပြားဟာ လူ့အခွင့်အရေး၊ ကလေးသူငယ်အခွင့်အရေး ဆုံးရှုံးတဲ့ အခြေအနေတွေကို အာဏာမသိမ်းခင် ကာလကထက် ဆိုးဆိုးဝါးဝါးကြုံတွေ့နေကြရပါတယ်။

ICRC ဟာ  ၂၀၁၀ ခုနှစ်ကစတင်ပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေ ပေးနိုင်ဖို့  မြန်မာနိုင်ငံ အတွင်းက အကျဉ်းထောင်တွေထဲကို သွားရောက်လေ့လာကူညီခွင့်တချို့ ရခဲ့ပေမယ့် ကိုဗစ်ရောဂါ စတင်ဖြစ်ပွား ခဲ့တဲ့ ၂၀၂၀ မတ်လက စတင်ပြီး  လက်ရှိအချိန်ထိ အကျဉ်းထောင်တွေထဲ သွားရောက်လေ့လာခွင့်ကို စစ်ကောင်စီ က ပိတ်ပင်ခဲ့တာဖြစ်ပါတယ်။

လူ့အခွင့်အရေးရဲ့  အခြေခံစည်းမျဉ်းတွေကိုတောင် လိုက်နာမှုမရှိ၊ အလေးမထားတဲ့  စစ်အုပ်စုရဲ့ အကျဉ်းထောင် တွေထဲမှာ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေဟာ   ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးတွေကို နေ့စဉ် ဆုံးရှုံးနေကြရပါတယ်။

အဲဒီလို ထောင်နံရံနောက်မှာ မွေးဖွားကြီးပြင်းပြီး ကောင်းကင်ကြီးကိုတောင်သေချာ မမြင်ဖူးသေးတဲ့ ကလေးတွေ ထဲမှာ ၃နှစ်အရွယ် ဆုကလေးဆိုတဲ့ သမီးလေးတယောက်လည်းအပါအဝင်ဖြစ်ပါတယ်။ ဆုကလေးဟာ အကျဉ်းထောင်သံတိုင်တွေနောက်က အမျိုးသမီး ကြီးငယ်တို့ရဲ့  တီးတိုးစကားသံတွေနဲ့ အတူ မနက်တိုင်း အိပ်ယာကနိုးထရလေ့ရှိပါတယ်။

သူ့အမေဟာ နိုင်ငံရေးပြစ်မှုမဟုတ်တဲ့ အခြားပြစ်မှုတခုနဲ့  နှစ်အကန့်အသတ်မရှိ ထောင်ကျခံနေရတဲ့ အကျဉ်းသူ တဦး ဖြစ်ပါတယ်။  မမွန်မွန်တယောက် ငရဲခန်းလိုပဲလို့ သတ်မှတ်ထားတဲ့ ထောင်ဆေးရုံမှာပဲ ဆုကလေးကို မွေးဖွားခဲ့ပါတယ်။ ထောင်ဟာ သူ့ရဲ့ ဇာတိချက်မြှုတ်၊ လမ်းလျှောက်သင်ရမယ့်အရွယ်မှာ အချုပ်ခန်းသံတိုင်တွေနဲ့ အချုပ်ဆောင်ထဲက အမျိုးသမီးကြီးငယ်တွေရဲ့ လက်တွေက သူ့ရဲ့ လမ်းလျှောက်သင်ကိရိယာတွေပဲ ဖြစ်ပါတယ်။

အသက် ၆ လပြည့်လို့ ဖြည့်စွက်စာစပြီးစားရမယ့်အချိန်မှာ  ၆ လ သမီးဆုလေးတယောက်  စတင် ထိတွေ့ခဲ့ရ တာက အချုပ်ဆောင်က  လူကြီးတွေစားရတဲ့  အေးစက်မာကျောနေတဲ့ ထမင်းခဲနဲ့  ကန်စွန်းရွက်ချဉ်ရည်ကျဲ၊  ထောင်စာဖိုးမှူးရဲ့  စေတနာမေတ္တာတွေ လုံးဝမပါဝင်ထားတဲ့ ကြက်သားတုံး တတုံးပါပဲ။  

အချုပ်ဆောင်ထဲမှာ  အချိန်အများဆုံးထိန်းကျောင်းပေးခဲ့တဲ့ အန်တီနွေးနွေးရဲ့ ချစ်ခြင်းမေတ္တာနဲ့  ကြိုးစားပေးခဲ့လို့ လမ်းလျှောက်တတ်စအရွယ် ဆုကလေးဟာ ထောင်နံရံတွေနောက်ကို ခက်ခက်ခဲခဲ ရောက်လာတဲ့ ဖိနပ်လေးတရံ စီးနင်းခွင့်ရခဲ့ပါတယ်။

သူ့ကို ချစ်ခင်ဂရုစိုက်ပေးတဲ့ အန်တီနွေးနွေးကို  ဆုကလေးက မေမေလို့ ခေါ်ပါတယ်။ အသက် ၃၀ ကျော် အရွယ်မနွေးနွေး(အမည်လွှဲ)ဟာ  အာဏာသိမ်းပြီးနောက်ပိုင်း ပုဒ်မ ၅၀၅-က နဲ့ မတရားဖမ်းဆီးခံထားရတဲ့ နိုင်ငံရေးအကျဉ်းသူတဦးဖြစ်ပြီး သူ့မှာလည်း အသက် ၁၁ နှစ်အရွယ် သမီးလေးတယောက်ရှိပါတယ်။

ဆုလေး ချောင်းဆိုးနေမကောင်းဖြစ်တဲ့အခါမှာ မနွေးနွေးက ထောင်ပြင်ပက သူ့ မိသားစုဝင်တွေဆီကနေ ကလေးချောင်းဆိုပျောက်ဆေးရည်မှာယူဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။  

“ထောင်ထဲမှာက ကလေးတွေအတွက် ချောင်းဆိုးပျောက်ဆေး မရှိဘူး၊  ချောင်းဆိုးပျောက်ဆေးကို အလွဲသုံးစား ပြုတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ထောင်ထဲကိုပေးမသွင်းဘူး၊ အဲ့တုန်းက ကျမ မှာပေးတာ ပုလင်းဖြစ်နေလို့၊ အရည်ဖြစ်နေလို့ အကြောင်းပြချက်အမျိုးမျိုးနဲ့ အထဲကို သွင်းလို့မရခဲ့ဘူး” လို့  ဆုလေးကို အချိန်ပြည့်နီးပါး ကြည့်ရှုပေးခဲ့တဲ့ မနွေးနွေးက ဆုကလေးတယောက် ဆေးဝါးကုသခွင့် ဆုံးရှုံးခဲ့ဖူးတဲ့အခြေအနေကို  ပြောပြ ပါတယ်။

အရသာမရှိတဲ့ပဲဟင်းရည်ကျဲကျဲပေါ်မှာ ပေါလောပေါ်နေတဲ့ ပဲပိုးမဲမဲတွေကို ရည်ညွှန်းပြီး  “တခါတလေ တော့ ဆုလေးတယောက် အသားဟင်းစားရတယ်”လို့ အာဏာရှင်ဖန်တီးထားတဲ့ လောကဓံကြားက အတွေ့အကြုံကို မနွေးနွေးက အရွှန်းဖောက်ပါတယ်။

“မနက် ဆန်ပြုတ်၊ ဒါမှမဟုတ် ထမင်းကြော်ပေါ့၊ ဆားတောင် ပါချင်မှပါမယ်၊ ကန်စွန်းရွက်က ချဉ်ရည်တောင် မဟုတ်ဘူး၊ ကန်စွန်းရွက်ပြုတ်ပဲ၊ အနုအရင့် အကုန်လှီးပြီး အိုးထဲပစ်ထည့်တာ” လို့ သူမက ထောင်အာဏာပိုင် တွေက အကျဉ်းသားနဲ့ ကလေးငယ်တွေအပေါ်ထားရှိတဲ့ စိတ်နေစိတ်ထား များကို ပြန်ပြောပြပါတယ်။

“ကလေးတွေက နေမကောင်းရင် သူ့ကိုယ်ခံအားနဲ့ သူပြန်ကောင်းရင်ကောင်း၊ ဒါပေမယ့် ထောင်ထဲမှာ ဘယ်ကလေးက ဘယ်လိုလုပ်ပြီး ကိုယ်ခံအားက ကောင်းမှာလဲ၊ အာဟာရချို့တဲ့မှုက ကျမလို လူကြီးတောင် အပြင်ရောက်ပြီး သုံးလလောက်အထိ ပုံမှန်ပြန်မဖြစ်ဘူး”လို့  မနွေးနွေးက ပြောပါတယ်။

ထောင်မှာမွေးပြီး ထောင်ထဲမှာ ကြီးပြင်းလာခဲ့ရတဲ့ ၃နှစ်သမီး ဆုလေးဘဝမှာ ယောကျ်ားတွေနဲ့  ခွေးလေးတွေကို တောင်မှ မမြင်ဖူးသေးပါဘူး။

“ကြောင်လေးတွေတော့ ထောင်ထဲမှာရှိတော့ မြင်ဖူးတယ်၊ ငှက်ကလေးတွေတော့ မြင်ဖူးတယ်” လို့ မနွေးနွေးက ပြောပြတယ်။

ဆုလေးနေထိုင်ရတဲ့ အချုပ်ဆောင်ထဲမှာ ဆုလေးလိုပဲ တခြားကလေးငယ် ၅ယောက်လောက် ရှိနေပါတယ်။  ထောင်ထဲမှာမွေးဖွားလာကြတဲ့ ဆုလေးလို ကလေးငယ်များအားလုံးဟာ မွေးဖွားပြီး မဖြစ်မနေထိုးနှံရတဲ့ အရေးကြီးကာကွယ်ဆေးတွေကိုလည်း အပြည့်အဝမရရှိကြပါဘူး။  ကာကွယ်ဆေးကို ထိုးချင်တဲ့နေ့မှာ လာထိုးပြီး ဘာကာကွယ်ဆေးထိုးတယ်ဆိုတာလည်း မိခင်‌တွေ သိခွင့်မရဘူးလို့ မနွေးနွေးက ပြောပြပါတယ်။

ဆုလေးအပါအဝင် အချုပ်ဆောင်ထဲက အခြားကလေးအများစုဟာ အရောင်တွေကို  သင်ယူရမယ့်အရွယ် ဖြစ်ပေမယ့်  အမျိုးသမီးအကျဉ်းသားတွေဝတ်ဆင်ရတဲ့  အဖြူရောင်နဲ့ အညိုရောင် ၂မျိုးတည်းကိုပဲ သူတို့ သိကြပါတယ်။

“ရောင်စုံခဲတံတွေ ထောင်ထဲ သွင်းလို့မရဘူး”လို့  မနွေးနွေးက စိတ်ပျက်လက်ပျက် လေယူလေသိမ်းနဲ့ ပြောပြတယ်။

ဆုလေးတို့အရွယ်ကလေးတွေဟာ သူတို့ လက်ချောင်းလေးတွေသန်မာလာစေဖို့ ကစားစရာတွေ လိုအပ်ပေမယ့် ဘယ်လို ကစားစရာနဲ့မှ ဆော့ကစားခွင့်မရကြပါဘူး။

“ဘောလုံးတောင် ကစားဖို့ အခွင့်အရေးမရှိကြဘူး၊ ဘောလုံးကြီးရင် လူကြီးတွေပါ လိုက်ကစားမှာ စိုးလို့တဲ့ ထောင်အာဏာပိုင်တွေက” လို့  မနွေးနွေးက ရယ်မောရင်း ပြောပြတယ်။

အကျဉ်းထောင်ထဲက ဆုလေးနဲ့ တခြား ကလေးငယ်တွေဟာ အကျဉ်းထောင်ပြင်ပကမ္ဘာက အခြား ကလေးငယ်တွေလို  အိုဗာတင်း၊ မိုင်လို အစရှိတဲ့ အရသာတွေကိုသောက်သုံးခွင့်တောင်မှ ရရှိဖို့ အင်မတန်ခက်ခဲကြပါတယ်။

ဆုကလေးရဲ့အမေဟာ ပြင်ပမိသားစုဆီက ပေးပို့လာမယ့် ထောင်ဝင်စာမရှိသူတယောက်ဖြစ်တဲ့အခါ ဆုကလေးက မေမေလို့ခေါ်တဲ့ မနွေးနွေးက သူ့အိမ်ကနေ မှာပေးထားတဲ့ အိုဗာတင်းတွေကို ဆုကလေး ကို တိုက်ပါတယ်။

“အနည်းဆုံးတော့ ဆုလေးကို အိုဗာတင်းဆိုတာဘယ်လိုအရသာလည်းဆိုတာ ကျမ မိတ်ဆက်ပေးနိုင်ခဲ့ တယ်” လို့ မနွေးနွေးကဆိုတယ်။

အချုပ်ဆောင်ထဲမှာ ဆုကလေးထက် ကြီးတဲ့ ၄ နှစ်အရွယ်ကလေးတဦးဟာ အာဟာရချို့တဲ့မှုဒဏ်ကို ဆိုးဆိုးရွားရွား ရင်ဆိုင်ခံစားနေရတာကို မနွေးနွေးတယောက် သိမြင်ခဲ့ရပါတယ်။

“လက်နဲ့ ခြေထောက်လေးတွေဟာ ဟောဟို ရေပိုက်လောက်တောင်မရှိချင်ဘူး”လို့ မနွေးနွေးက အနားက မြက်ခင်းရေဖျန်းတဲ့ ရေပိုက်အပြာတခုကို လက်ညှိုးညွှန်ပြီး ပြောပြတယ်။

ရေပိုက်အပြာရဲ့ အရွယ်အစားဟာ စာသင်ကျောင်းမှာ ဆရာမတွေသုံးတဲ့ ခပ်သေးသေးကြိမ်လုံး ၂လုံးပူးထားတဲ့ အရွယ်သာရှိပါတယ်။

ရန်ကုန်မြို့က အင်းစိန်‌ထောင်မှာ ကလေးတွေကို ကြက်ဥ တနေ့တလုံးပေးပေမယ့် ဆုကလေးရှိနေတဲ့ နယ်ထောင်မှာတော့ ကလေးတွေဟာ ကြက်ဥစားခွင့်မရကြပါဘူး။

အာဏာသိမ်းစစ်တပ်ရဲ့ အကျဉ်းထောင်ထဲက  ကိုယ်ဝန်ဆောင်မိခင်တွေနဲ့  ကလေးငယ်တွေဟာ ဘယ်လို နေမကောင်းမှုမျိုးပဲဖြစ်ဖြစ် လူကြီးသောက်တဲ့  ပါရာစီတမောတမျိုးသာ ရလေ့ရှိကြပါတယ်။

ဖျားနာနေမကောင်းဖြစ်ကြတဲ့  ထောင်ထဲက ကလေးတွေဟာ စတော်ဘယ်ရီ၊ လိမ္မော်အစရှိတဲ့ ခပ်ချိုချို အရသာရှိကြတဲ့ ကလေးသောက်ပါရာစီတမောဆေးရည်ကိုတောင် မသောက်ဖူးကြပါဘူး။

“ကလေးအတွက် ဆေးဆိုတာ သီးသန့်မရှိဘူး၊  လူကြီးသောက်တဲ့ဆေးပဲရတယ်၊ လူကြီးပါရာလောက် ရတာကို ကံကောင်းသလိုဖြစ်နေပြီ”လို့  မနွေးနွေးက ဆိုတယ်။

အချုပ်ဆောင်မှာရှိတဲ့ သံတိုင်တွေ၊ ထောင်အုတ်တံတိုင်း၊ သော့ချိတ်တွဲ ကြီးတွေနဲ့  သော့ဖွင့်သံတွေက ထောင်ထဲမှာ မွေးဖွားကြီးပြင်းလာရတဲ့  ၃ နှစ်သမီး ဆုလေးအတွက် နေ့စဉ်ရင်းနှီးကျွမ်းဝင်နေတဲ့ အရာတွေပါပဲ။

“ကလေးတွေနဲ့ရင်းနှီးနေတာ ဒါတွေပဲရှိတယ်၊ အချုပ်ဆောင်ကနေ အပြင်ထွက်ရင်ကို ငိုတာ” လို့ မနွေးနွေးက ပြောပြတယ်။

သူတို့ဆီကို ထောင်ဝင်စာလာတွေ့တဲ့ ဖခင်ကို ရံဖန်ရံခါ မြင်ဖူးတဲ့  အခြားကလေးငယ်တွေက ထောင်ဝင်းထဲမှာ အပေါ်အောက် အပြာဝမ်းဆက် ဝတ်ဆင်ထားတဲ့  အခြားအမျိုးသား အချုပ်သား တွေကို တွေ့ရင်  “ဖေဖေ” “ဖေဖေ” လို့  လိုက်ခေါ်လေ့ရှိကြတယ်။

ထောင်ဝင်စာမရရှိကြတဲ့ ကလေးတွေနဲ့ မိခင်တွေအတွက် ထောင်ကထောက်ပံ့ပေးခြင်းတွေ မရှိတဲ့ အတွက် ပြင်ပနီးစပ်ရာကူညီသူတွေက ထောင်ဝင်စာတွေပေးပို့ပေးနေကြရပါတယ်။

၅၀၅-က ပုဒ်မနဲ့ ဖမ်းဆီးခံရပြီး နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရတဲ့ မိခင်နဲ့ ကလေးကို ထောင်ဝင်စာ ပုံမှန် ထောက်ပံ့ပေးနေတဲ့ မကေ (အမည်လွှဲ)က “ကလေးမွေးမယ့်နေ့ နေ့စေ့လစေ့ကြီးကို လက်ထိပ်ခတ်ပြီး ဆေးရုံခေါ်သွားတာ၊ ကလေးမွေးပြီးတော့လည်း ကလေးဖွံ့ဖြိုးမှုအတွက် ထောင်ကနေ သူတို့ ဘာမှမရဘူး၊ ကလေးကို တိုက်ချင်တဲ့ဆေးကို တိုက်လို့မရဘူး၊ အဲ့ဒါကြောင့် ကလေးအတွက် လိုအပ်တဲ့ဆေးတိုင်း ပို့ပေးလို့မရဘူး” လို့ သူ့ရဲ့ ထောင်ဝင်စာပို့အတွေ့အကြုံကို ပြောပြပါတယ်။

ထောင်နံရံတွေနောက်မှာရှိတဲ့ ကလေးငယ်တွေဟာ ကျန်းမာရေးအတွက် ဆေးကုသခံပိုင်ခွင့်၊ ရုပ်ပိုင်း ဆိုင်ရာ ဖွံ့ဖြိုးဖို့အတွက် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေမရသလို ဉာဏ်ရည်ပိုင်းဆိုင်ရာ တိုးတက်မှုတွေ အတွက် သင်ကြားရေး အထောက်အကူပြုပစ္စည်းနဲ့ ကစားစရာတွေကိုလည်း အသုံးပြုခွင့်မရကြပါဘူး။

နိုင်ငံဆူပူအောင် လှုံ့ဆော်မှု ဆိုင်ရာ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က နဲ့  စစ်ကောင်စီရဲ့ မတရားဖမ်းဆီး တရားစွဲထောင်ချခဲ့တာကို ခံခဲ့ရတဲ့ သတင်းထောက် အလှလေးသူဇာ (ခ) မသူဇာက “အပွင့်လင်းဆုံးပြောရရင် ထောင်ထဲမှာ ဘာမှရှိမနေဘူး၊ ဒါသည် အဆိုးဝါးဆုံးအချက်ပဲ၊ ပွင့်ပွင့် လင်းလင်း ပြောရရင် ကလေးဟာ ပန်းသီးဆိုတာတောင် ဘာမှန်း သူသိမနေဘူး၊ ကလေးကို ဘာတွေ ထောက်ပံ့ရမလဲ၊ မိခင်ကို ဘာတွေ ထောက်ပံ့ရမလဲဆိုတဲ့ဟာ ထောင်တွေထဲမှာ ရှိကို ရှိသင့်တာ၊ ကလေးအခွင့်အရေးလို့ပြောရင် ဘာအခွင့်အရေးမှကို ရှိမနေတာ”လို့  ထောင်ထဲက သူလက်တွေ့  မြင်ခဲ့ရတဲ့ အခြေအနေတွေကို  ပြန်ပြောပါတယ်။

“မလွှဲသာလို့ ကလေးပါလာရတဲ့မိခင်တွေ သူတို့ဘယ်လောက်စိတ်ဓာတ်ကျနေကြမလဲ၊ ကလေးတယောက် ကြီးပြင်းလာမှုမှာ ဘာအခွင့်အရေးတခုမှရမနေဘူး၊ ကိုယ့်သားသမီးသာဆိုရင်ဆိုပြီး ဘယ်လိုမှတောင် မတွေးရဲဘူး” လို့  မသူဇာက ဆက်ပြောပါတယ်။ 

ကလေးကို ထောင်ထဲမှာ ဆက်မထားဖို့ ဆုံးဖြတ်ခဲ့တဲ့ မမွန်မွန်ကလည်း  ကလေးဟာ မိခင်နို့ သောက်သုံးခွင့်၊ မိခင်နဲ့အတူ နေထိုင်ကြီးပြင်းခွင့်မရတဲ့အပြင် သမီးငယ်ရဲ့ တဆင့်ချင်း ဖွံ့ဖြိုးမှုတွေကို မြင်ခွင့်မရတဲ့ အတွက် စိတ်မကောင်းဖြစ်ခဲ့ရပေမယ့် ထောင်ထဲမှာ ကြီးပြင်းရတဲ့ တခြားကလေးတွေရဲ့ ဆင်းရဲဒုက္ခကို မြင်တွေ့ရတဲ့အခါ အဘိုးအဘွားတွေနဲ့ ပုံမှန်ကလေးဘဝကို ဖြတ်သန်းရတဲ့ သူ့သမီးကလေးအတွက် တော်ပါသေးရဲ့ ဆိုတဲ့ အတွေးကို တွေးခဲ့ရတယ်လို့ဆိုပါတယ်။

“အထဲက ကလေးတွေက ပွေးတွေ၊ ယားနာတွေ အများကြီးပေါက်တယ်၊ တချို့ကလေးတွေဆို တကိုယ်လုံးမှာ ပေါက်တာ၊ အာဟာရလည်းမပြည့်စုံ၊ ပစ္စည်းတွေကလည်းသွင်းရခက်၊ ဆေးဝါးလည်း မပြည့်စုံ၊ အဲ့လိုအချိန်ဆို ငါ့ကလေး အပြင်မှာထားရတာ ကောင်းတယ်ဆိုပြီးတွေးမိတယ်” လို့ သူက ပြောပြတယ်။

သူက ဆက်ပြီး “ တချို့ကလေးတွေဆို ယောကျ်ားမမြင်ဖူးတဲ့အခါ တခါတလေ ရေပိုက်ပြင်ဖို့လာတဲ့ ယောက်ျား တွေကို မြင်ရင် အရမ်းကြောက်တာမျိုးဖြစ်သွားတယ်၊ တချို့ကလေးတွေဆို အရုပ်တွေနဲ့မဆေ့ာရတော့ အရုပ် တွေ့ရင် ကစားစရာမှန်းမသိတော့ ကြောက်တာ၊ အထဲမှာက ကော်ဖီမစ်အိတ်ခွံနဲ့ထိုးတဲ့ ဆင်ရုပ်လေးတွေ၊ သစ်ကုလားအုပ်ရုပ်လေးတွေရှိတယ်၊ အဲဒါတွေတွေ့ရင် မကိုင်ရဲဘူးကြောက်တာ၊ ဆော့ရကောင်းမှန်း မသိဘူး၊ ကလေးတွေအတွက် အရမ်းနစ်နာတယ်” လို့ အကျဉ်းထောင်တွေထဲမှာ ကြီးပြင်းရတဲ့ ကလေးငယ်တွေရဲ့ စိတ်ပိုင်းရုပ်ပိုင်း အခွင့်အရေး ဆုံးရှုံးနေမှု တွေကို ပြောပြပါတယ်။

စစ်အာဏာရှင်လက်အောက်ခံ ထောင်အာဏာပိုင်တွေဟာ ကလေးသူငယ်အခွင့်အရေး၊ အမျိုးသမီး အခွင့်အရေးနဲ့ အကျဉ်းသားအခွင့်အရေးတွေကို ချိုးဖောက်နေကြတာဟာ မြို့ကြီးပြကြီးက နာမည်ကြီး ထောင်တွေတင်မက တခြားပြည်နယ်နဲ့တိုင်းတွေက အကျဉ်းထောင်တွေမှာပါ နေ့စဉ်ဖြစ်ပျက်နေတဲ့ အရာတွေဖြစ်ပါတယ်။

စစ်တပ်နဲ့ အာရက္ခတပ်တော်(အေအေ)တို့ကြား တကျော့ပြန်တိုက်ပွဲတွေ မဖြစ်ပွားခင် နှစ်ပိုင်းအလိုက ရခိုင်ပြည်နယ်၊ သံတွဲမြို့မှာ  နိုင်ငံရေးမှုနဲ့  ထောင်အချုပ်ကျနေတဲ့  အမျိုးသမီးတဦးရဲ့  တရားခံပြ သက်သေအဖြစ် တရားရုံးရက်ချိန်းများလိုက်ပါပေးခဲ့ဖူးတဲ့ ကိုဇေယျာက သူမြင်တွေ့ ကြားသိခဲ့ရဖူးတဲ့ ဖြစ်စဉ်တခုကို ပြန်လည် ပြောပြပါတယ်။

စစ်တပ်ကဖမ်းဆီးတရားစွဲဆိုထားတဲ့ သံတွဲဒေသခံ အမျိုးသမီးတဦးမှာ  အသက် ၂ နှစ်အရွယ် ကျန်းမာရေး မကောင်းတဲ့  ကလေးငယ်တဦး ရှိပြီး၊  အဲဒီကလေးငယ်ကို စောင့်ရှောက်နေရတဲ့ မိခင်ဖြစ်သူဟာ စစ်တပ်က မတရားဖမ်းဆီးချုပ်နှောင်တရားစွဲခံရချိန်မှာ ကလေးငယ်ကို အခြေအနေအရပ်ရပ်ကြောင့် သူနဲ့အတူအတူ ထောင်ထဲမှာ ခေါ်ထားဖို့ ဖြစ်လာခဲ့ပါတယ်။

မွေးရာပါ အူလမ်းကြောင်းစုံစုံလင်လင်မဖွံ့ဖြိုးတဲ့ အဲဒီကလေးငယ်ဟာ ဝမ်းဗိုက်ကို ဘေးကနေ ဖောက်ပြီး ပိုက်ထည့်ထားရတဲ့ ကလေးငယ်လည်းဖြစ်ပါတယ်။ မိခင်နဲ့အတူ ထောင်နံရံတွေနောက်မှာ နေထိုင်ရတဲ့ အဲဒီကလေးငယ်ဟာ ကျန်းမာရေးစောင့်ရှောက်မှု ခံယူရမယ့် ရောဂါသည်ကလေး ဖြစ်ပေမယ့် အဲဒီအခွင့်အရေး ကို ထောင်အာဏာပိုင်တွေက မပေးခဲ့ပါဘူး။ တရားရင်ဆိုင်နေရတဲ့ မိခင်ဖြစ်သူကို အာမခံသက်ညှာမှုနဲ့ ကလေးနဲ့ အတူ နေအိမ်မှာ စောင့်ရှောက်ခွင့်လို သက်ညှာမှုလည်း မပြုခဲ့ကြပါဘူး။

ဝေဒနာကြောင့်ဖြစ်စေ၊ ကလေးသဘာဝအလျောက်ဖြစ်စေ ငိုယိုဂျီကျတဲ့ ရောဂါသည် ကလေးငယ်ကို သီချင်းဆို ချော့မြှူတဲ့ မိခင်ကို  သံတွဲထောင်က တာဝန်ကျ အမျိုးသမီးဝန်ထမ်းတွေက “ဟဲ့ကောင်မ သီချင်းမဆိုနဲ့၊ ကလေးကိုလည်း အထဲကို ထည့်ထားသေးတယ်၊ ကလေးငိုလည်းမရဘူး၊ ဟဲ့ကောင်မ နင့်ပါးစပ်ပိတ်ထား” စတဲ့ ရင့်သီးရိုင်းစိုင်းတဲ့ စကားတွေ အော်ဟစ်ခဲ့တာတွေလုပ်ခဲ့ကြပါတယ်။

“ကလေးရဲ့ အရေပြားလေးတွေဆိုရင် တွန့်နေတာ၊ အာဟာရမှ မရတာ၊ ထောင်ထဲမှာ ဘယ်လိုအာဟာရ ရမလဲ၊ ရုံးချိန်းတွေမှာ တွေ့ရရင်းနဲ့ ကလေးက တဖြည်းဖြည်းပိန်ပိန်လာတာ”လို့ ကိုဇေယျာက  အပတ်စဉ် ရုံးထုတ်ချိန်မှာ သူမြင်တွေ့ ကြားသိခဲ့ရတာကို ပြောပြပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု ခံယူခွင့်မရတဲ့ အဲဒီကလေးငယ်ဟာ သိပ်မကြာခင်မှာပဲ ထောင်ထဲမှာ အသက်ဆုံးရှုံး လိုက်ရပါတယ်။ အမေလုပ်တဲ့သူကို သူ့ကလေးရဲ့ နာရေးကို အဲဒီအချိန်က တာဝန်ကျခဲ့တဲ့ သံတွဲထောင်အာဏာ ပိုင်တွေက သွားခွင့်မပြုခဲ့ကြပါဘူး။

သမီးငယ်ကို ဆေးကုသခွင့်အတွက်လည်း တတ်နိုင်စွမ်းမရှိခဲ့သလို၊ ကလေးဆုံးပါးသွားတဲ့ နောက်ဆုံး အချိန် မှာတောင် မြင်တွေ့ခွင့်မရတဲ့ အချုပ်သားအကျဉ်းသူတယောက်ရဲ့ လူ့အခွင့်အရေး ချိုးဖောက် ခံရမှုပဲ ဖြစ်ပါ တယ်။

ဒါတွေဟာ မြန်မာပြည်ထဲက အကျဉ်းထောင်တွေထဲမှာ ဘာတွေဆိုးဆိုးရွားရွား ဖြစ်ပျက်နေတယ် ဆိုတာကို တစိတ်တဒေသလှစ်ဟပြနေတဲ့ ဖြစ်စဉ်တချို့ပဲဖြစ်ပါတယ်။

အကျဉ်းထောင်ထဲမှာ မိခင်နဲ့အတူ မလွဲသာမရှောင်သာ လိုက်ပါနေထိုင်နေရတဲ့ ဆုကလေးတို့လို အရွယ် ငယ်ကလေးတွေဟာ ကလေးသဘာဝ စိတ်ကြိုက်အော်ဟစ်ငိုယိုနိုင်တဲ့  အခွင့်အရေး မရရှိသလို၊ ဖျားနာရင်လည်း ကုသပေးမယ့် ဆရာဝန် မရှိကြပါဘူး။

ထောင်ဝင်စာမရှိတဲ့ မိခင်နဲ့အတူ ထောင်နံရံတွေနောက်မှာ အသက်ရှင်တယ်ဆိုရုံ ရှင်သန်နေရတဲ့ ဆုကလေးဟာ မနွေးနွေးလို အချုပ်အနှောင်ခံဖော်ခံဘက် ဘဝတူ အကျဉ်းသူတွေကို ခင်တွယ်ရ ပါတယ်။ ဒါပေမယ့် ဒီလို သံယောဇဉ်တွေဟာ ခွဲခွာရချိန်မှာ နာကျဉ်စရာတွေဖြစ်ရပြန်ပါတယ်။

ဆုကလေးက မေမေလို့ခေါ်တဲ့ မနွေးနွေးဟာ လွန်ခဲ့တဲ့ လအနည်းငယ်က လွတ်ရက်စေ့လို့ ပြန်လည်လွတ်မြောက် ခဲ့ပါတယ်။ မနွေးနွေးလွတ်မြောက်တဲ့နေ့က ဆုကလေးရဲ့ မိခင်ဟာ သူတို့ကို ခွဲခွာနှုတ်ဆက်သွားတော့မယ် မနွေးနွေးကို မမြင်စေလိုတဲ့အတွက်  အခြားအချုပ်ဆောင်တွေ ဘက်ကို ခေါ်ထုတ်သွားခဲ့ရတယ်။

မနွေးနွေးတယောက် ၂၄နာရီလုံး ၃နှစ်ကျော်ကျော် သူနှင့်အတူ ကြီးပြင်းလာခဲ့တဲ့ ဆုကလေးကို သတိရ လျက်ရှိနေပါတယ်။

ဒီအချိန်ဆိုရင်  ဆုလေးတယောက် အနီရောင်အိုဗာတင်းစက္ကူဘူးလေးကိုတောင် ပုံမှန်သောက်နိုင် တော့မှာမဟုတ်ပါဘူး။  တနေ့တခြား ကြီးပြင်းလာတဲ့ ဆုကလေးရဲ့  ခြေထောက်လေးတွေအတွက် ဖိနပ်အသစ်တရံ စီးရဖို့လည်း ပိုပြီးတော့  ခက်ခဲသွားမယ့်အရေးကို မနွေးနွေးတယောက် တွေးနေမိပါတယ်။

Author: