ပုခက်လွှဲတဲ့ဖေဖေနဲ့ ထမင်းစားပွဲနောက်ကွယ်က မျှတတဲ့တာဝန်

သန့်ရှင်းထွန်း

ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာပြည်က ပဋိပက္ခဒေသတိုင်းမှာ မိသားစုတိုင်းအတွက် စားဝတ်နေရေးနဲ့ ရှင်သန်ရပ်တည်ရေးသာမက အိမ်ထဲကအိမ်တွင်းမှုအလုပ်တွေဟာ တကယ်ခက်ခဲတဲ့ တာဝန်တွေ လို့ဆိုရမှာပါ။  

ဒီလိုအချိန်မှာ အိမ်မှုအလုပ်တွေကို မိန်းမတွေမှာသာ တာဝန်ရှိတယ်ဆိုတဲ့ အယူအဆဟောင်းကို ဆန့်ကျင်သူ အမျိုးသားတယောက် ရှိနေပါတယ်။

သူကတော့ ရခိုင်ပြည်၊ မောင်တောမြို့နယ်၊ အောင်ဗလကျေးရွာက အသက် ၃၂ နှစ်အရွယ် ကိုကျော်လှိုင် ဖြစ်ပြီး တော့ သူအိမ်ထောင်ပြုခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်ကနေ အခုအချိန်ထိ အိမ်မှုအလုပ်တွေဖြစ်တဲ့ ထမင်းချက်တာ၊ အဝတ်လျှော်တာ ကလေးထိန်းတာတွေကို တာဝန်တခုအဖြစ် သတ်မှတ်ပြီး တက်တက်ကြွကြွ လုပ်လာခဲ့သူ ဖြစ်ပါတယ်။

လက်ရှိ ကိုကျော်လှိုင်မှာ အသက် ၂ နှစ်ကျော်အရွယ် သမီးလေးတဦးရှိပြီး၊ ဇနီးသည်ရဲ့ အလုပ်ထဲမှာလည်း နိုင်တဲ့ဘက်က ကူညီပေးတဲ့ အိမ်ထောင်ရှင်အမျိုးသားတဦး ဖြစ်ပါတယ်။ သူတို့မိသားစုဟာ မြို့သိမ်းတိုက်ပွဲတွေ ကြားမှာ ကျည်သံ၊ ဗုံးသံ၊ အမြှောက်သံ၊ လက်နက်ကြီးငယ်သံနဲ့ ကျော်ဖြတ်ခဲ့ရသလို၊ လက်ရှိမှာလည်း လေကြောင်းဗုံးကြဲမှုအန္တရာယ်ကြုံနိုင်တဲ့အရပ်မှာ ရှင်သန်နေထိုင်ဖို့ ကြိုးစားနေကြသူတွေဖြစ်ပါတယ်။

ကိုကျော်လှိုင်ရဲ့ ဇနီး မနှင်းခိုင်ဟာ လူမှုကူညီရေးအဖွဲ့မှာ အလုပ်လုပ်ကိုင်နေတဲ့ ဝန်ထမ်းတဦးဖြစ်ပြီး ကျေးရွာတွေ ကို ကွင်းဆင်းသွားရတဲ့အခါတိုင်း သူကိုယ်တိုင် ဆိုင်ကယ်နဲ့ လိုရာခရီးကိုလိုက်ပို့ပေးတာ၊ ဇနီးဖြစ်သူ အလုပ် လုပ်နေချိန်မှာ သူက ကလေးငယ်ကို ထိန်းကျောင်းစောင့်ရှောက်တာကို စိတ်လိုလက်ရ လုပ်ကိုင်နေသူ တဦးလည်းဖြစ်ပါတယ်။

ကိုကျော်လှိုင်ရဲ့ ဇနီးဖြစ်သူ မနှင်းခိုင်က “ဒါက ညီမတို့ မိသားစုရဲ့ အေးအတူပူအမျှဘဝပါ”လို့ ပြောပြပါတယ်။

အခုလို အိမ်မှုကိစ္စတွေအပြင် သူ့အလုပ်အတွက်ပါ ကူညီပေးတတ်တဲ့ အမျိုးသားကိုရထားလို့ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူတယ်လို့ မနှင်းခိုင် ကပြောပါတယ်။

သူက “ညီမအလုပ်အားတဲ့ ရက်ဆိုရင် သူ(ကိုကျော်လှိုင်)က ကလေးထိန်း၊ ညီမက ချက်ပြုတ်တယ်၊ ဈေးဆိုရင်လည်း တူတူသွားကြတယ်၊ စားချင်တာတွေကို ၂ယောက်တိုင်ပင်ပြီး ဝယ်ကြတယ်၊ အပေးအယူ မျှတယ်လို့ ပြောရမှာပါ” လို့ ဆက်ပြောပါတယ်။

အခုလို အိမ်တွင်းမှုအလုပ်တွေနဲ့ ကလေးဝေယျာကိစ္စတွေကိုပါ တာဝန်ယူလုပ်ပေးတဲ့ သမက်မျိုးရတဲ့အတွက် ကျော်လှိုင်ရဲ့ တာဝန်ယူတတ်စိတ်ကို ဂုဏ်ယူသလို ကိုကျော်လှိုင်လိုမျိုးပဲ တခြားသမက်တွေလည်း အိမ်အလုပ်တာဝန်ကို ခွဲခြားတွက်ကပ်မှုမရှိတဲ့သူမျိုး ဖြစ်စေချင်တယ် လို့ ယောက္ခမဖြစ်တဲ့ ဒေါ်စိန်ကြာက ပြောပါတယ်။

“သမက် ၂ယောက်ရှိတယ်၊ သမက်အကြီးက အိမ်မှာငွေရှာတာနဲ့ အလုပ်ရှုပ်နေတယ်၊ အိမ်မှုကိစ္စနဲ့ ကလေးကိစ္စ တွေက သမီးကြီးကပဲ တာဝန်ယူရတယ်၊ သမက်ကြီးကိုလည်း သမက်ငယ်လို ဖြစ်စေချင်တယ်၊ ဒါက ရှက်စရာ မဟုတ်ဘူး”လို့ ဒေါ်စိန်ကြာက ပြောပါတယ်။

ကျား၊ မ ခွဲခြားမှု ရှေ့ရိုးထုံးစံတွေရှိတဲ့ သူတို့ဒေသအတွက်တော့  အခုလို အိမ်ထောင်သက် ၁၅နှစ်တာ ကာလအတွင်း အိမ်မှုကိစ္စအလုပ်တာဝန်တွေ လုပ်ကိုင်တတ်တဲ့ကိုကျော်လှိုင်က အထူးအဆန်းလိုဖြစ်နေပြီး အိမ်နီးပတ်ဝန်းကျင်နှင့် သူငယ်ချင်း တချို့က စ,နောက် လှောင်ပြောင်တာတွေလည်းရှိပါတယ်။ ဒါပေမယ့် အိမ်ထောင်ရှင်မဖြစ်တဲ့ ဇနီးဖြစ်သူက အိမ်ရဲ့ ဝင်ငွေကို ရှာဖွေနေချိန်မှာ အိမ်ထောင်မှုနဲ့ ကလေးတွေကို စောင့်ရှောက်ရမယ့်အလုပ်ကို မလစ်ဟင်းရအောင် တာဝန်ယူပေးတာဟာ ရှက်စရာလို့ သူကတော့မထင်ပါဘူး။

ရခိုင်ဒေသမှာသာမက ဖိုဝါဒကြီးစိုးတဲ့ မြန်မာ့လူ့အဖွဲ့အစည်းဟာ ကိုကျော်လှိုင်တို့လို မျှတတဲ့ အတွေးအမြင် ရှိသူတွေအပေါ် လှောင်ပြောင်ရယ်ပွဲဖွဲ့တာမျိုးက ဖြစ်နေကျအရာတွေပါပဲ။ ကိုကျော်လှိုင်ကတော့ ဘေးစကားတွေ ကြောင့် တွန့်ဆုတ်မသွား၊ ခံစားချက်သိပ်မထားဘဲ သူ့မူဝါဒနဲ့သူ မိသားစုတာဝန်ကို ဟန်ချက်ညီအောင် ထိန်းဖို့ပဲ ကြိုးစားနေတာကို သူ့ပြောစကားတွေကနေ  မြင်တွေ့နေရတယ်။

“သူငယ်ချင်းတွေက အံ့ဩကြတယ်၊ မင်းက မိန်းမလား၊ အိမ်ရှင်မ, လား ဆိုပြီးပြောကြတယ်”လို့ ကိုကျော်လှိုင်က ပတ်ဝန်းကျင်က အမျိုးသားမိတ်ဆွေတွေရဲ့ အိမ်မှုတာဝန်တွေအပေါ်ထားတတ်ကြတဲ့ သဘောထားကို ရယ်ရယ်မောမော ပြောပါတယ်။

ဒါပေမယ့် သူ့အတွက် မိသားစုအရေးဟာ အပေါ်ယံကိစ္စတွေထက် ပိုအရေးကြီးတယ်ဆိုတာ ခံယူထားတယ် လို့ ဆိုပါတယ်။

“အိမ်မှုအလုပ်ဆိုတာ မိန်းမတွေအတွက် သီးသန့်တာဝန်မဟုတ်ဘဲ မိသားစုအတွက် မျှတတဲ့တာဝန် ဖြစ်သင့် တယ်” လို့ သူက ပြောပါတယ်။

ဖိုဝါဒကြီးစိုးမှုတွေ၊ ဓလေ့ထုံးစံတွေနဲ့ ယောကျ်ားအလုပ်က ငွေရှာဖို့တခုတည်း၊ မိန်းမအလုပ်က မီးဖိုချောင်နဲ့ ကလေးထိန်းဆိုတဲ့ အမျိုးသား၊ အမျိုးသမီးဖြစ်ခြင်းအပေါ် ခွဲခြားမှုတွေမရှိရေးအတွက်ကို ကိုယ့်မိသားစုထဲကနေ စပြီး ပြောင်းလဲကျင့်သုံးနေသလို၊  ပတ်ဝန်းကျင်မှာရှိတဲ့ တခြားမိသားစုတွေကိုလည်း ပြောင်းလဲစေချင်တယ်လို့ ကိုကျော်လှိုင်က သူ့ဆန္ဒကို ပြောပြပါတယ်။

အခုလို ပြောင်းလဲဖို့အတွက် သူငယ်ချင်းတချို့ကို ပြောပြပေမယ့် အများစုကတော့ လက်မခံကြဘူးလို့ ပြောပါ တယ်။

“သူတို့က ယောကျ်ားဆိုရင် ငွေရှာပေးလိုက်ရင်ပြီးပြီ၊ ကျန်တဲ့ အိမ်မှုကိစ္စတွေက ဇနီးသည်ရဲ့အလုပ် မင်းမို့လို့ လုပ်နေတာ၊ အဲလိုမျိုးတွေ ပြန်ပြောတယ်”လို့ သူ့စည်းရုံးရေး အထမမြောက်သေးတာကို ပြန်ပြောပြပါတယ်။

လက်ရှိမှာ ကိုကျော်လှိုင်ရဲ့ သူငယ်ချင်းတွေအပေါ် စည်းရုံးလို့ မရသေးပေမယ့် တချိန်ချိန်ကျရင်တော့ သူငယ်ချင်းတွေ နားလည်လာလိမ့်မယ်လို့ ယုံကြည်ထားတယ်လို့ ကိုကျော်လှိုင် ကပြောပါတယ်။

အခုလို အမျိုးသားက အိမ်မှုကိစ္စတွေကို လုပ်ပေးတဲ့အတွက် မိသားစုအတွင်း စိတ်ဖိစီးမှုကို လျော့နည်းသွားစေ သလို မိန်းမတွေအတွက် အချိန်ပို၊ အလုပ်အကိုင်ထပ်မံလုပ်နိုင်တဲ့ အခွင့်အရေးလည်း ရရှိလာမှာဖြစ်တယ်လို့ ကိုကျော်လှိုင်က ဆက်ပြောပါတယ်။

ဒါ့အပြင် သားသမီးတွေကလည်း အဖေကို ဥပမာယူပြီး ကျား၊ မ မခွဲခြားဘဲ အလုပ်မျိုးစုံကို တာဝန်ယူနိုင်သူ ဖြစ်တယ်ဆိုတာကို သင်ယူသွားကြမှာလို့ ပြောပါတယ်။

ကိုကျော်လှိုင်ကိုယ်တိုင်ကလည်း အခုလိုအိမ်မှုကိစ္စအလုပ်တွေဟာ အမျိုးသမီးရဲ့သီးသန့်တာဝန် မဟုတ်ကြောင်း ကို သူ့မိဘတွေကဆီကနေ လက်ဆင့်ကမ်း သင်ယူခဲ့တာလို့ ပြန်ပြောပြပါတယ်။

ကိုကျော်လှိုင်ရဲ့ ဖခင်ဟာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ဝန်ထမ်းဖြစ်ပေမယ့်၊ ဝင်ငွေရှာပေးရုံနဲ့ တာဝန်ကျေပြီဆိုတဲ့ သဘောထားမျိုးရှိတဲ့ သာမာန်အတွေးအမြင်နဲ့ လူမျိုးမဟုတ်ဘဲ  အိမ်အလုပ်တွေကို အမေနဲ့အတူ တန်းတူညီမျှ ဝိုင်းလုပ်ပေးတတ်တဲ့ အိမ်ထောင်ရှင်ယောကျ်ား တယောက်ဖြစ်ပါ တယ်။

“အဖေရုံးမတက်ခင် ဈေးဝယ်ပေးတယ်၊ ဟင်းတွေကို ဆေးကြောပြီးတော့ ရုံးချိန်နောက်မကျသေးရင် ဟင်းတအိုး ချက်ပေးခဲ့တယ်၊ အမေကလည်း ကလေးတွေ ကျောင်းသွားဖို့ ပြင်ဆင်ပေးတယ်၊ ဒီလိုနဲ့ ကျနော်တို့ အဖေနဲ့ အမေ ဟာလည်း အိမ်မှုကိစ္စတွေကို မျှတတဲ့တာဝန်အဖြစ် လုပ်ခဲ့တယ်”လို့ ကိုကျော်လှိုင်က သူ့ငယ်ဘဝကို ပြောပြပါတယ်။

ကိုကျော်လှိုင်ဟာ ဆိုင်ကယ်ပြုပြင်တဲ့အလုပ်ကို ဝါသနာပါပြီး အိမ်အလုပ်ကိစ္စတွေ အားလပ်တဲ့အချိန်ကျရင် အသိဆိုင်ကယ်ပြုပြင်တဲ့ဆိုင်မှာ ဝင်ရောက်အလုပ်လုပ်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် အိမ်မှုအလုပ်တွေနဲ့ သမီးလေး ဝေယျာဝစ္စတွေ လုပ်နေရတာက ဆိုင်ကယ်ပြုပြင်တာထက် ပိုပြီး စိတ်ချမ်းသာရသလို၊ မိသားစုကြား နွေးထွေးမှုလည်း ရရှိစေတယ်လို့ သူ့ခံစားချက်ကို ပြောပြပါတယ်။

ကိုဗစ်ကပ်ဘေးနောက်ဆက်တွဲနဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်း စစ်ရေး၊ နိုင်ငံရေး အကြပ်အတည်း တွေနဲ့အတူ အခြေခံလူတန်းစား၊ လူလတ်တန်းစား မိသားစုတခုချင်းစီအတွက် ရပ်တည်ရေး၊ စားဝတ်နေရေး အခက်အခဲဆုံး အခြေအနေတွေနဲ့ တစတစရင်ဆိုင်နေကြရပါတယ်။

ဒီလိုအချိန်မှာ ကျား၊ မ ခွဲခြားရေးအမြင်တွေ၊ ဓလေ့ထုံးစံတွေဟာ မိသားစုတွင်း စိတ်ဖိစီးမှုတွေ ကနေတဆင့် အိမ်တွင်း အကြမ်းဖက်မှုတွေဆီကို ဦးတည်စေခဲ့တဲ့ နမူနာတွေရှိကြပါတယ်။ သုတေသန စစ်တမ်း တွေရှိကြ ပါတယ်။

ကိုကျော်လှိုင်ရဲ့ ဘဝနေနည်းကတော့ အပြုသဘောဆောင်တဲ့ ဘဝနေနည်းဖြစ်တဲ့အတွက် သူ့ဇနီး မနှင်းခိုင်က အပေးအယူမျှတဲ့ အိမ်ထောင်ရေးလို့ အဓိပ္ပါယ်ဖွင့်တာပဲဖြစ်ပါတယ်။

အိမ်ရဲ့ ဝင်ငွေကို အမျိုးသမီးဖြစ်တဲ့သူက ရှာဖွေနေရတာဟာ ပြဿနာတရပ်မဟုတ်သလို၊ အိမ်တွင်းမှုတာဝန် တွေကို အမျိုးသားဖြစ်တဲ့သူက တာဝန်ယူရတာကလည်း လက်မခံနိုင်စရာ ကိစ္စမဟုတ်တာကို လက်တွေ့ကျင့်သုံး နေကြတဲ့ သူတို့ဇနီးမောင်နှံအတွက်တော့ စစ်ဇုန်ထဲ၊ အသက်ဘေးအန္တရာယ်ကြားထဲမှာတောင် ‌အေးအတူပူအမျှ ဖြစ်နေတာကို တွေ့ရပါတယ်။

အခုလို အမျိုးသားတဦးအနေနဲ့ အိမ်တွင်းမှုအလုပ်၊ ကလေးဝေယျာဝစ္စတွေကို ကျရာတာဝန်လို့သဘောထား လုပ်ဆောင်ပေးနေတာနဲ့ပတ်သက်ပြီး သူငယ်ချင်းတွေရဲ့ လှောင်ပြောင်တာကိုခံရပေမယ့် သူ့အတွက် ဘာမှထိခိုက်နစ်နာမသွားသလို၊  တခြား အမျိုးသားတွေမလုပ်နိုင်တာကို လုပ်နိုင်တဲ့အတွက် ပိုတောင် ဂုဏ်ယူတယ်လို့ ကိုကျော်လှိုင်က ပြောပါတယ်။

“ဒါက ဘယ်သူ့ကို မထိခိုက်သလို သင်ယူတတ်ရင် ပတ်ဝန်းကျင်က အမျိုးသားတွေရော၊ ကျနော့်သူငယ်ချင်းတွေပါ ပညာယူလို့ ရပါတယ်”လို့ ကိုကျော်လှိုင်က ရယ်ရယ်မောမောနဲ့ ပြောပါတော့တယ်။