အောင်အောင်မြင်မြင် ကောက်ရိတ်သိမ်းနေတဲ့ ကယောစစ်ရှောင်တွေ

တင်စိုး(အညာမြေ)

ကရင်နီ(ကယား) ပြည်နယ်ဟာ မြေမျက်နှာသွင်ပြင်မြင့်မားပြီး သစ်ပင်၊ တောတောင်တွေ ပေါများတဲ့အတွက် လူနေထူထပ်တဲ့ မြို့ပြတွေရဲ့ ဆောင်းအအေးလှိုင်းထက် အဆပေါင်းများစွာ ပိုမိုပြင်းထန်ပါတယ်။

အောက်တိုဘာကုန် နိုဝင်ဘာအဝင်လို အချိန်မျိုးမှာ ညဖက်နှင့် မနက်ခင်းတွေဆိုရင် ၁ ဒီဂရီစင်တီဂရိတ်ကနေ ၁၀ ဒီဂရီစင်တီဂရိတ်အတွင်း အမြဲလိုလိုရှိနေပြီး မြင့်မားတဲ့တောင်ကုန်းဒေသတွေမှာဆိုရင် မြူနှင်းတွေ ထူနေအောင် ကျတတ်ပါတယ်။

ရေခဲမှတ်နားနီးတဲ့ ဒီအအေးလှိုင်းဟာ ကရင်နီပြည်နယ်၊ မယ်စဲ့မြို့အပါအဝင် တချို့နေရာတွေက ဒေသခံနဲ့ စစ်ရှောင်တွေအတွက် နွေးထွေးမှုကို အမြဲလိုအပ်ပါတယ်။ ခြေအိတ်၊ လက်အိတ်၊ ဦးထုပ်နဲ့ အနွေးထည်ထူထူ တွေဟာ ဒီရာသီမှာ သူတို့ရဲ့ မရှိမဖြစ် ဖြစ်လာပါပြီ။

ဒီလို အေးစက်လွန်းလှတဲ့ ဆောင်းဦးအဝင်ကာလဟာ ကရင်နီပြည်နယ်က တောင်သူတွေအတွက် အလုပ် အများဆုံးအချိန်လည်း ဖြစ်ပါတယ်။

မယ်စဲ့မြို့အပါအဝင် ကရင်နီဒေသက ရိုးရာဓလေ့ကို မြတ်နိုးတဲ့ အမျိုးသမီးအများစုဟာ လယ်ယာလုပ်ငန်း မှာ အဓိကပါဝင်ကြပြီး၊ စပါးနဲ့ အခြားသီးနှံတွေကို စီးပွားဖြစ် ရောင်းဝယ်ဖောက်ကားဖို့ထက် မိသားစု စားသုံးဖို့အတွက် ဦးစားပေး စိုက်ပျိုးလေ့ရှိကြပါတယ်။ မိသားစုရဲ့ ဝမ်းရေးဖူလုံမှုဟာ သူတို့ရဲ့ ပထမဆုံး ရည်မှန်းချက် ဖြစ်ပါတယ်။

ကယောဒေသခံတွေဟာ နိုဝင်ဘာလဆန်းပိုင်းမှာ ရွှေအိုရောင်သန်းနေတဲ့ စပါးပင်တွေကို အချိန်မီ အောင်အောင်မြင်မြင်ရိတ်သိမ်းနိုင်ဖို့အတွက် လယ်ပိုင်ရှင်က လုပ်သားထက်ဝက် ဌားပေးပြီး ဖက်စပ်လုပ်ကိုင်သူက လူအင်အားစိုက်ထုတ်ပြီး ရိတ်သိမ်းကြရပါတယ်။

ဒီမြင်ကွင်းတွေကတော့ ကရင်နီ (ကယား) ပြည်နယ်ရဲ့ အရှေ့ဖျား၊ ထိုင်း-ကရင်နီ နယ်စပ်အနီးက မယ်စဲ့မြို့နား မှာ ခိုလှုံနေကြတဲ့ ကယောစစ်ရှောင်အမျိုးသမီးတွေအပါအဝင်ဒေသခံတချို့ရဲ့ အောင်အောင်မြင်မြင်နဲ့ ဝမ်းစာစပါးရိတ်သိမ်းနေကြတဲ့ မြင်ကွင်းတွေပဲဖြစ်ပါတယ်။

စစ်ဘေးစစ်ဒဏ်ကြောင့် နေရပ်စွန့်ခွာ၊ အိုးအိမ်ပစ်ထားခဲ့ရ စစ်ရှောင်ပြည်သူတွေဟာ ခက်ခဲကြမ်းတမ်းတဲ့ အခြေအနေကြားမှာ ဒေသခံ လယ်ပိုင်ရှင်တွေနဲ့ ပူးပေါင်းပြီး မိုးတွင်းကာလမှာ ဖက်စပ်အကျိုးတူ လယ်ယာစိုက်ပျိုးရေးကို စတင်လုပ်ကိုင်ခဲ့ကြတယ်။

မယ်စဲ့ဒေသဟာ ရာသီဥတုမတည်ငြိမ်တဲ့ နယ်စပ်ဒေသဖြစ်တာကြောင့် စပါးတွေရင့်မှည့်လို့ ရိတ်သိမ်းချိန်တန်ချိန်မှာ မိုးပြန်ရွာတာမျိုးနဲ့ ကြုံမှာစိုးတာကြောင့် အမြန်ရိတ်သိမ်းခြွေလှေ့ကြရပါတယ်။

စပါးရိတ်သိမ်းမယ့် လယ်ကွင်းဆီကို သွားကြတဲ့အခါ ခေါင်ရည်အိုးလည်းပါတယ်။ ကလေးတွေလည်း ခေါ်ခဲ့ ကြတယ်။ အမောဖြေသောက်ဖို့ရေဘူးတွေကို ပလိုင်းထဲကို ထည့်သယ်ခဲ့ကြပါတယ်။

သူတို့ စိုက်ပျိုးခဲ့ကြတဲ့ လယ်ကွင်းတွေဟာ အနှစ်ပြည့်စပါးနှံတွေနဲ့ ဝေဝေဆာဆာကွေးညွှတ်နေကြပါပြီ။ နေပူရှိန် အောက်မှာ စပါးနှံတွေဟာ တဖျတ်ဖျတ်လက်ပြီး သူတို့ရဲ့ ကြိုးစားအားထုတ်မှု ရလဒ် ကို လှစ်ခနဲ ပြနေသလိုပါပဲ။

“ကျမတို့ နေရပ်ကနေ ပြေးလာခဲ့ရပေမယ့်၊ ဒီမှာ အလုပ်လုပ်ခွင့်ရတယ်၊ မိသားစုဝမ်းရေးအတွက် ဖူလုံအောင် စိုက်ပျိုးနိုင်ခဲ့တယ်၊ ဒါက ဘယ်အရာနဲ့မှ မလဲနိုင်တဲ့ စိတ်ချမ်းသာမှုပဲ” လို့ ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်ရွာက စစ်ရှောင်လာသူ ကယောအမျိုးသမီးဖြစ်သူ ဒေါ်မားကရက်က ပြောပါတယ်။

ရိတ်သိမ်းတဲ့မြင်ကွင်းက တကယ့်ကို ကြည့်လို့ကောင်းပါတယ်။ လယ်ကွင်းထဲမှာ အသက်အရွယ်စုံလင်တဲ့ အမျိုးသမီးတွေက အဓိက ဦးဆောင်ပြီး စပါးတွေကို တံစဉ်နဲ့ ကျွမ်းကျင်ပိုင်နိုင်စွာ ရိတ်သိမ်းနေကြတာကို တွေ့ရပါတယ်။

ရိတ်သိမ်းပြီးတဲ့စပါးနှံတွေကို ကောက်လှိုင်းစည်း ရိုက်ပုတ်ပြီးတဲ့ မိုးမိမှာစိုးတာကြောင့် စပါးခွံနဲ့ အဖြုန်း အဖျင်းတွေ လွင့်စင်အောင် လေနဲ့ယမ်းပြီး တခါတည်း အိတ်ထဲကို ထည့်ကြရပါတယ်။ အမျိုးသားတွေက ထမ်းပိုးတာ၊ သယ်ယူပို့ဆောင်တာ စတဲ့ အကူအညီတွေကို ပေးကြပါတယ်။

ကောက်ရိတ်သိမ်းခြွေလှေ့ကြချိန်မှာ အလုပ်နားတာနဲ့ ကယောတို့ရဲ့ မပါမဖြစ် ဧည့်ခံပစ္စည်း ဖြစ်တဲ့ ရိုးရာခေါင်ရည်ကို ဝက်သားဟင်းနဲ့အတူ လက်ရည်တပြင်တည်း ဝိုင်းဖွဲ့ပြီး သောက်စားကြတယ်။ ရိုးရာအစဉ်အလာမပျက် စားသောက်ရင်း၊ ရယ်မောပျော်ပါးရင်း အလုပ်လုပ်ရတဲ့ ပင်ပန်းမှုကို ဖြေဖျောက် ကြတယ်။

ဒီအချိန်ဟာ စစ်ရှောင်ဘဝမှာ ခက်ခဲနေရတဲ့ သူတို့အတွက် အကြီးမားဆုံးသော ပျော်ရွှင်မှုပွဲတော်လို့ ဆိုရမှာ ဖြစ်ပါတယ်။

Author: