စစ်အုပ်စုလက်ထက် တရားမဝင်ကုန်ပစ္စည်းဖြစ်နေတဲ့ အမျိုးသမီးလစဉ်သုံးဂွမ်းထုတ်တွေ
ဒေဝီ
မြန်မာစစ်တပ်ဟာ လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာကတည်းကစတင်ခဲ့တဲ့ ပြည်တွင်းစစ်ကာတလျှောက်လုံး ပဋိပက္ခဒေသတွေ၊ တိုင်းရင်းသားနယ်မြေတွေမှာ စစ်ကြောင်းထိုးတဲ့အခါတိုင်း “ဖြတ်လေးဖြတ်” ဆိုတဲ့ နည်းဗျူဟာတခုကို ကျင့်သုံးခဲ့ပါတယ်။
ဒီ “ဖြတ်လေးဖြတ်” မူဝါဒကြောင့် အရပ်သားပြည်သူတွေရဲ့ နေ့စဉ်ဘဝတွေအပေါ် ဆိုးရွားစွာတိုက်ရိုက် ထိခိုက်နေပြီး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းတွေလည်း ဖြစ်ပေါ်စေခဲ့ပါတယ်။
ဖြတ်လေးဖြတ်နည်းဗျူဟာဆိုတာ လမ်းပန်းဆက်သွယ်ရေး၊ စားနပ်ရိက္ခာ၊ ငွေကြေး၊ သတင်းအချက်အလက်၊ လူသားအရင်းအမြစ်အပါအဝင် လက်နက်ကိုင်တော်လှန်ရေးအဖွဲ့တွေနဲ့ အရပ်သားပြည်သူလူထုကြားက ဆက်သွယ်မှုတွေကို ဖြတ်တောက်ပြီး တော်လှန်ရေးကို အားလျော့သွားစေဖို့ရည်ရွယ်တဲ့ စနစ်တခု ဖြစ်ပါတယ်။
ဒီအတွက်ကြောင့်လည်း တော်လှန်ရေးအင်အားစုတွေ စိုးမိုးထားတဲ့ဒေသကပြည်သူတွေမှာ ဝင်ငွေရ အလုပ်အကိုင် မရှိကြတဲ့ကြား၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ၊ လူသုံးကုန်ပစ္စည်းအချို့ပြတ်လပ်မှုနဲ့ ကုန်စျေးနှုန်း အဆမတန် ကြီးမြင့်မှုတွေကို ဆိုးဆိုးရွာရွား ကြုံတွေ့ နေကြရပါတယ်။
စစ်ဇုန်ဧရိယာတွေထဲကတခုဖြစ်တဲ့ စစ်ကိုင်းတိုင်းကို ပြီးခဲ့တဲ့ သြဂုတ်လကစလို့ ရွှေတူးဖော်ရေး လုပ်ငန်းသုံးဆက်စပ်ပစ္စည်း၊ တရားမဝင် စက်သုံးဆီနဲ့ ဆေးဝါးဆက်စပ်ပစ္စည်း အပါအဝင် အမျိုးအမည် ၈ မျိုးကို ကန့်သတ်ပစ္စည်းအဖြစ်သတ်မှတ်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ခွင့်ပြုမိန့်နဲ့သာ ဖြတ်သန်းခွင့်ပြုမယ်လို့ စစ်ကော်မရှင်က ကြေငြာခဲ့ပါတယ်။
အဲဒီလို ပိတ်ပင်တားမြစ်လိုက်တဲ့ ကန့်သတ်ပစ္စည်းတွေထဲ အမျိုးသမီးတွေရဲ့ တကိုယ်ရည်သန့်ရှင်းရေးနဲ့ ကျန်းမာရေးအတွက် အခြေခံရပိုင်ခွင့်ဖြစ်တဲ့ လစဉ်သုံးဂွမ်းထုတ်တွေလည်း ပါဝင်ခဲ့ပါတယ်။
စောင်၊ ခြင်ထောင်၊ သူနာပြုဝတ်စုံ၊ အမျိုးသမီးလစဉ်သုံးပစ္စည်း၊ ဒိုင်ဘာ (ကလေးနဲ့ ကျန်းမာရေးမကောင်းတဲ့ သက်ကြီးရွယ်အိုတွေ အညစ်အကြေးစွန့်ရာမှာသုံးစွဲတဲ့ တကိုယ်ရည် သန့်ရှင်းရေးသုံးပစ္စည်း)နဲ့ အဝတ်အထည်တွေ ပါဝင်နေပြီး စစ်ကိုင်းတံတားစစ်ဆေးရေးဂိတ်မှာ အသေးစိတ်စစ်ဆေးတာ၊ ပစ္စည်းသိမ်းဆည်းတာ၊ ပြည်တွင်းပို့ဆောင်ရေး လုပ်ငန်းတွေကနေတဆင့် တားမြစ်ပိတ်ပင်တာတွေကို ပြုလုပ်ခဲ့ပါတယ်။
လက်ရှိမှာတော့ စစ်ကိုင်း-ကနီဘက် စစ်ကောင်စီက အထိုင်ချပြီးစစ်ကြောင်းထိုးနေတာကြောင့် လစဉ်သုံးတင်မက၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ၊ ပစ္စည်းတွေကိုပါ စာထုတ်ပြီး တင်းတင်းကြပ်ကြပ်တားမြစ်တဲ့အတွက် အကန့်အသတ်နဲ့ သယ်ဆောင်နေရသလို၊ နေရာအပေါ်မူတည်ပြီး ဝယ်ခြမ်းရခက်ခဲတာ၊ စျေးတက်တာ၊ ငွေရှိရင်တောင် ဝယ်လို့မရအောင် ပစ္စည်းပြတ်တောက်တာတွေ ဖြစ်နေတယ်လို့ ကိုယ်တိုင်ကြုံတွေ့နေရသူ အမျိုးသမီးတွေက HI – Honest Information ကို တညီတညွတ်တည်း ပြောကြပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး ချင်းတွင်းမြစ်အနောက်ဘက်မှာနေထိုင်တဲ့ အသက် ၃၀ အရွယ် မသူက “လစဥ်သုံးတွေသယ်ယူခွင့် ကန့်သတ်ထားတာတင်မဟုတ်ဘူး၊ ပိတ်ပင်တားမြစ် အရေးယူခွင့်ပေးထားပါတယ်၊ သယ်လာတာတွေ့ရင်သိမ်းတယ်၊ စကန့်သတ်လိုက်တုန်းကတော့ ဈေးနည်းနည်းတက်သေးတယ်၊ အခု ဈေးဆိုင်မှာ ဝယ်မရတော့ဘူး“ လို့ HI – Honest Information ကို ပြောပါတယ်။
စစ်ကိုင်းတိုင်း၊ ကနီမြို့နယ်မှာနေထိုင်တဲ့ မဇင်ကလည်း “Pad တထုတ် ၂ ထောင်ကျော်ဖြစ်သွားတယ်၊ ဆိုင်မှာလည်း တင်ထားတာကုန်ရင် မရှိတော့ဘူးလို့ပြောလို့ ရှိတာလေးပါထပ်ယူခိုင်းထားရတယ်၊ ဆန်ဆို ကားတစီးမှာ ၃ အိတ်ပဲသယ်ရတယ်၊ ဆေးဝါးဆိုလည်းသိမ်းတယ်၊ နိုင်ငံခြားဆေးမပြောနဲ့ တိုင်းရင်းဆေးတွေရောပဲ” လို့ မြေပြင်ကအခြေအနေကို ပြောပြပါတယ်။
ကနီဒေသမှာအသုံးများကြတဲ့ ညမွှေးပန်း၊ She စတဲ့တံဆိပ်တွေဟာ ပုံမှန် ၂ ထောင်ဝန်းကျင်ကနေ ၃ထောင်၊ ၄ထောင်ကျော်ထိ စျေးတက်လာသလို၊ အချို့နေရာတွေမှာ ပစ္စည်းပြတ်လပ်ပြီး ဝယ်လို့မရတဲ့နောက် အမျိုးသမီးတွေက လုံချည်စကိုအောက်ခံအဖြစ် သုံးစွဲကြရတဲ့အတွက် ခေတ်နောက်ပြန်ဆွဲသလိုဖြစ်နေတယ်လို့ မြေပြင်က အမျိုးသမီးတွေက ပြောပါတယ်။
လုံချည်စကို အောက်ခံအဖြစ် သုံးစွဲတယ်ဆိုတာ ပထမဆုံး လုံချည်ကို ညီညီညာညာပိုင်းဖြတ်ပြီး ခပ်ထူထူလေး ရအောင်ခေါက်ထားရပါတယ်။ ခေါက်ထားတဲ့ အဝတ်အပိုင်းလေးတွေကို သင့်တော်တဲ့အထူရအောင် ထပ်၊ အတွင်းခံဘောင်းဘီထဲမှာ တွယ်ချိတ်နဲ့ မြဲအောင်ချိတ်ပြီး အမျိုးသမီးလစဉ်သုံးကပ်ခွာနေရာမှာ အစားထိုးရတာ ဖြစ်ပါတယ်။
ဒီလို သုံးစွဲထားတဲ့ အဝတ်အပိုင်းအစတွေကို လူမမြင်အောင် လျှော်ဖွက်၊ နေလှန်းပြီး ပြန်သိမ်းရပါတယ်။ ဒါတွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀အရှေ့ပိုင်း လစဉ်သုံးပစ္စည်းတွေ မတွင်ကျယ်ခင်ကာလတွေက ကျေးလက်နေ အမျိုးသမီးတွေ သုံးစွဲခဲ့ရတဲ့နည်းဖြစ်ပါတယ်။ နေရောင်ကောင်းစွာမရတဲ့ မိုးရာသီလို ကာလတွေမှာ အောက်ခံ အဝတ်စတွေ ခြောက်သွေ့ဖို့မလွယ်ကူသလို အမျိုးသမီးတွေအတွက် အင်မတန်ဝန်ထုတ်ဝန်ပိုးဖြစ်တဲ့ နည်းလမ်းဖြစ်ပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ဇုန်အတွင်းကဒေသခံတွေဟာ နေအိမ်မှာနေထိုင်ကြရတဲ့သူတွေရှိသလို တောထဲတောင်ထဲမှာ နေထိုင်စားသောက်ရေးလိုအပ်ချက်ဒုက္ခတွေနဲ့ ဖြစ်သလိုနေထိုင်ကြရတဲ့အတွက် စစ်ရှောင်အမျိုးသမီးတွေအဖို့ လစဉ်သုံးဂွမ်းထုတ်ဝယ်ခြမ်းနိုင်ရေးက ငွေကြေးအားဖြင့် လက်လှမ်းမမီသလို၊ စစ်ဘေးဒဏ်၊ ရာသီဉတုဒဏ်နဲ့ ဓမ္မတာလာချိန်ကာလတွေဆို စိတ်ရောကိုယ်ပါ ပင်ပန်းကြရပါတယ်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်ဒေသခံ မဆုက “ဝယ်မရတော့လည်း ဒီတိုင်းနေလို့မှ မဖြစ်တာဆိုတော့ ရှိတာနဲ့ ဖြေရှင်းကြရတာ၊ ဓမ္မတာချိန်က တလတခါ ဆိုပေမယ့်လည်း ဒီရက်တွေက မိန်းကလေးတွေအတွက် ခက်ခဲတဲ့အချိန်ပဲ” လို့ ရင်ဖွင့်ပါတယ်။
အမျိုးသမီးတွေသဘာဝ ဓမ္မတာလာချိန်မှာ သန့်ရှင်းရေးအတွက် ထဘီစနဲ့ ဖြစ်သလို အသုံးပြုနေရတဲ့အပြင် ထဘီ၊ လုံချည်တွေကလည်း လုံလုံလောက်လောက် မရှိတဲ့အခါ၊ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းအလုပ်လုပ်နေရတဲ့ အမျိုးသမီးတဦးအနေနဲ့ ကိုယ်ရောစိတ်ပါ မလုံခြုံသလို သိမ်ငယ်စိတ်ဖြစ်ရတယ်လို့ မသူက ပြောတယ်။
စျေးတက်လို့၊ ငွေကြေးမရှိလို့ ရာသီသွေးဆင်းချိန်မှာ လစဉ်သုံးဂွမ်းထုတ် မသုံးရတဲ့လတွေ ကြုံခဲရဖူးတဲ့ မသူက “ဘယ်ကိုမှမသွားရဲသလို၊ ထိုင်ရာက မထရဲလောက်အောင် ယုံကြည်မှုပျောက်ဆုံးနေခဲ့တယ်၊ တခြား ယောကျာ်းသားတွေပါ ရှိတဲ့အခါ နေထိုင်ရတာ ခက်ခဲသလို ခံစားရတဲ့ခံစားချက်ကတော့ ရှက်ရွံမှုတွေနဲ့ လူတော မတိုးနိုင်တဲ့ ခံစားချက်ပဲ၊ ကျနော် အမုန်းဆုံးပါပဲ” လို့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ပတ်သက်ပြီး ဆက်ပြော ပါတယ်။
အများအားဖြင့် ငွေကြေးပြေလည်သူ၊ မြို့ပြမှာနေခဲ့ဖူးသူတချို့သာ ဝယ်ယူသုံးစွဲနိုင်ကြပြီး၊ ဒေသခံစစ်ရှောင် အများစုကတော့ စစ်ဘေးရှောင် ကူညီသူတွေရဲ့ လှူဒါန်းမှုတွေကြောင့်သာ အသုံးပြုနိုင်တာလို့ စစ်ကိုင်းတိုင်းဒေသကြီးက အမျိုးသမီး ရဲဘော်တဦး ဖြစ်တဲ့ မအေမီက ရှင်းပြပါတယ်။
တပ်ရင်းအဖွဲ့အချို့က စားနပ်ရိက္ခာနဲ့အတူ အမျိုးသမီးအတွင်းခံတွေ လစဉ်သုံးတွေ ဝေမျှမှုရှိပေမယ့်လည်း အကန့်အသတ်နဲ့ ပေးဝေနိုင်တာကြောင့် အမျိုးသမီးတွေအတွက် လိုအပ်ချက်ရှိနေပြီး၊ စစ်ကောင်စီရဲ့ ဒီလိုပိတ်ပင်တားဆီးမှုက အမျိုးသမီးတွေရဲ့ အခွင့်အရေးကို တိုက်ရိုက် ထိပါးနေတာပဲဖြစ်တယ်လို့ သူက ဆက်ပြောတယ်။
ဓမ္မတာလာစဉ်ကာလဟာ အမျိုးသမီးတွေအတွက် မိန်းမကိုယ်တွင်းနဲ့ ဆီးလမ်းကြောင်းပိုးဝင်ဖို့ အမြင့်ဆုံး အချိန်အခါဖြစ်တာကြောင့် လစဉ်သုံးပစ္စည်းတွေကိုလည်း သွေးဆင်းပမာဏအနည်းအများပေါ်မူတည်ပြီး အချိန်ကြာမြင့်စွာမသုံးဘဲ ၄ နာရီခြား ၁ ကြိမ်စီ လဲလှယ်သင့်တယ်လို့ ကျန်းမာရေးနယ်ပယ်ကသူတွေက သတိပေးကြပေမယ့် စစ်ရေးဒေသက အမျိုးသမီးတွေကတော့ ပုံမှန်သုံးစွဲဖို့တောင် ခက်ခဲနေတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရပြီး၊ ဖြစ်သလို ဖြေရှင်းနေရတာကို ဒီအမျိုးသမီးတွေရဲ့ ပြောကြားချက်တွေအရ သိရပါတယ်။
အမျိုးသမီးတွေရဲ့ ဓမ္မတာဖြစ်စဉ်က လစဉ်ကြုံတွေ့နေရတဲ့အတွက် ပိုးဝင်ရင် ဆီးလမ်းကြောင်းကတဆင့် ဆီးအိတ်ရောင် ယမ်းတာ၊ ကျောက်ကပ် ပြည်တည်တာတွေ ဖြစ်နိုင်သလို မိန်းမကိုယ်တွင်း မကြာခဏပိုးဝင်ပါက ကာလရှည်မိန်းမကိုယ်တွင်း ယောင်ယမ်းနာကျင်ခြင်းများ ကြုံရနိုင်တယ်လို့လည်း အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမိုးမိုးက ရှင်းပြပါတယ်။
သူက “မိန်းမကိုယ်တဝိုက်က ရောဂါပိုးမွှားပေါက်ဖွားရာ နေရာဖြစ်တဲ့အတွက် Pad ပုံမှန်မလဲလှယ်ဘဲ အချိန်ကြာမြင့်စွာ တာရှည်အသုံးပြုရင် ရောဂါပိုးဝင်ဖို့ အခွင့်အလမ်းပိုများတယ်” လို့ ဆိုပါတယ်။
လစဉ်သုံးပစ္စည်းတွေနဲ့ ပြန်လည်အသုံးပြုပိတ်စတွေကြား ကွာခြားချက်ရှိပါတယ်။ တစ်ခါသုံးပစ္စည်းတွေက စတင် ထုတ်စဉ်ကာလကတည်းက စနစ်တကျ ပိုးသတ်ထားတာဖြစ်သလို၊ ပြန်လည်အသုံးပြုနိုင်တဲ့ပိတ်စတွေက လျော်ထားပေမယ့် ပိုးသတ်ထားတဲ့ဖြစ်စဉ်ကို မဖြတ်သန်းထားတဲ့အတွက် ရောဂါပိုးကာကွယ်မှုမှာ အားနည်းချက် များစွာရှိနေတယ်လို့ ဆိုတယ်။
ဒါပေမယ့် လစဉ်သုံးရဖို့ခက်ခဲတယ်ဆိုရင်တော့ သန့်ရှင်းတဲ့ အဝတ်စနဲ့ စနစ်တကျချုပ်လုပ်ပြီး အောက်ခံအဖြစ် လက်တလောသုံးစွဲနိုင်သလို၊ အသုံးပြုပြီးပါက စနစ်တကျလျှော်ဖွတ်ပြီး နေရောင်မှာ ခြောက်သွေ့အောင်ထား ဖို့ အရေးကြီးတယ်လို့ ဒေါက်တာမိုးမိုးက အကြံပြုပါတယ်။
တော်လှန်ရေးရဲဘော် မအေမီက ““အမျိုးသမီးတွေဆို မတတ်နိုင်လို့ (Pad)တခုကို တနေကုန် သုံးကြတာကနေ အခုဆိုဝယ်ရခက်တာကြောင့် လုံချည်ဖြတ်စတွေ သုံးရတယ်၊ ဒါတောင် မိုးတွင်းဆိုတော့ ဒီအဝတ်တွေပါ လှန်းရပြုရဖို့ခက်ခဲပြန်တယ်” လို့ ဒေသခံအမျိုးသမီးတွေရဲ့ လက်ရှိအခက်အခဲကိုပြောပါတယ်။
ကျေးလက်ဒေသနဲ့ စစ်ပွဲတွေရဲ့ နောက်ဆက်တွဲ ဆိုးကျိုးဒဏ်ခံရတဲ့ဒေသတွေမှာ ရာသီလာချိန် သန့်ရှင်းတဲ့ရေနဲ့ တကိုယ်ရည်အထောက်အကူပစ္စည်းတွေရဖို့ အမျိုးသမီးတွေ ကြိုးပမ်းရုန်းကန်နေရတယ်လို့ ဂျန်ဒါတန်းတူညီမျှမှု၊ ရာသီသွေးဆိုင်ရာ တန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေအတွက် အသိပညာပေးလုပ်ဆောင်နေတဲ့ Purple Feminist Group ရဲ့ “မြန်မာ့ရာသီ သွေးဆိုင်ရာ အရင်းအမြစ် လက်လှမ်းမှီနိုင်မှု နည်းပါးခြင်း” ဆိုတဲ့ လေ့လာသုံးသပ်မှု စစ်တမ်းမှာ ဖော်ပြထားပါတယ်။
မြန်မာနိုင်ငံရဲ့ နိုင်ငံရေးနဲ့ စီးပွားရေးအကြပ်အတည်းတွေကြောင့် လစဉ်သုံးပစ္စည်းတွေမှာ စျေးနှုန်းမြင့်တက် လာတဲ့အပြင် ရရှိနိုင်မှုလည်း ပိုခက်ခဲလာပြီး အထူးသဖြင့် ပဋိပက္ခဒေသတွေနဲ့ ဝေးလံခေါင်ဖျားဒေသတွေမှာ လမ်းခရီး ကြန့်ကြာမှုတွေကြောင့် သန့်ရှင်းရေး အထောက်အပံ့ပစ္စည်းများ ရရှိဖို့ အခွင့်အလမ်း ပိုနည်းနေတယ်လို့ စစ်တမ်းမှာ ဖော်ပြထားပါတယ်။
အမျိုးသမီးရေး လုပ်ဆောင်သူ မသဉ္စာရွှန်းလဲ့ရည်က အမျိုးသမီးတွေ လစဉ်မရှိမဖြစ်သုံးရတဲ့ ပစ္စည်းတွေကို ပိတ်ပင်ကန့်သတ်တာက အမျိုးသမီးတွေရဲ့ ကျန်းမာရေး၊ တကိုယ်ရေသန့်ရှင်းရေးနဲ့ စိတ်မလုံခြုံမှုဖြစ်စေနိုင်တဲ့ အတွက် ဂျန်ဒါအခြေပြုအကြမ်းဖက်မှုလို့ Sister 2 Sister အဖွဲ့က ထောက်ပြပါတယ်။
အိမ်နီးချင်းနဲ့ အခြားသော အာရှနိုင်ငံတွေမှာ သားအိမ်ပိုင်ရှင်တွေအတွက် ထည့်သွင်းစဥ်းစားပြီး တန်းတူညီမျှ၊ သာတူညီမျှတဲ့ အခင်းအကျင်းအခွင့်အရေးကောင်းတွေ အများကြီးပေါ်ပေါက်လာနေပေမဲ့ စစ်ကောင်စီကတော့ ခေတ်နောက် ပြန်ဆွဲပြီး အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေ လုပ်ဆောင်နေတာဖြစ်တယ်လို့ သူက ပြောတယ်။
အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ ထိုင်းနိုင်ငံမှာ အမျိုးသမီးအလုပ်သမားတွေဟာ ရာသီလာချိန်အတွင်း နေထိုင်မကောင်းရင် တလကို ၃ ရက် ခွင့်ယူလို့ရသလို အမျိုးသမီးလစဉ်သုံးပစ္စည်းတွေ အခမဲ့ရရှိနိုင်ခြင်းက အလုပ်သမားတွေရဲ့ အကျိုးခံစားခွင့်ထဲမှာ ပါဝင်တယ်လို့ ထုတ်ပြန်ထားပြီး၊ နီပေါနိုင်ငံမှာလည်း ၂၀၂၅ ဇွန်လ ၂၁ ရက်နေ့ကစတင်ပြီး အမျိုးသမီးလစဉ်သုံးပစ္စည်းတွေအပေါ် အခွန်ကောက်ယူမှုကို ပယ်ဖျက်တာတွေပြုလုပ်ခဲ့တယ်လို့ သူက ထောက်ပြတယ်။
သဘာ၀ဖြစ်ရပ်ဖြစ်တဲ့ “ဓမ္မတာသွေး” ဟာ လူသားတွေရဲ့ အသက်သွေးဖြစ်ပါတယ်။ ဒီလို အသက်သွေးရဲ့ ကျန်းမာမှုကို မစောင့်ရှောက်တဲ့အပြင် သမာရိုးကျ ဓမ္မတာလာချိန် သန့်ရှင်းမှုနဲ့ သွေးဆင်းမှုအတွက် အသုံးပြုရတဲ့ လစဥ်သုံးပစ္စည်းတွေကို ပိတ်ပင်တဲ့လုပ်ရပ်ဟာ သားအိမ်ပိုင်ရှင်များစွာကို စိတ်ပိုင်း၊ ရုပ်ပိုင်း ထိခိုက်နစ်နာ စေတဲ့လုပ်ရပ်ဖြစ်တယ်လို့ သူကဆိုတယ်။
စစ်အုပ်စုက အခုလို အမျိုးသမီးလစဉ်သုံးပစ္စည်းတွေကို တားမြစ်ကုန်စည်စာရင်းထဲထည့်ပြီး ကန့်သတ်ပိတ်ပင် တာဟာ စစ်ရေးနဲ့ သွယ်ဝိုက်သက်ဆိုင်နိုင်တယ်လို့ သူက ဆိုပါတယ်။
စစ်ကိုင်းတိုင်းတခုလုံးက စစ်ကောင်စီကို တော်လှန်နေတဲ့ဒေသဖြစ်တာကြောင့် စားနပ်ရိက္ခာနဲ့ အခြားပစ္စည်းတွေ တင်မက အမျိုးသမီးလစဉ်သုံးပစ္စည်းအထိပါ ကန့်သတ်ခြင်းဟာ တော်လှန်ရေးအဖွဲ့တွေနဲ့ ဒေသခံတွေအကြား အမုန်းပွားအောင်ရည်ရွယ်သလို၊ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေက အရေးပေါ်ပစ္စည်းအဖြစ် သုံးစွဲနေတာကြောင့်လည်းဖြစ်မယ်လို့ သူက သုံးသပ်ပါတယ်။
“တခါတရံ စစ်ဆင်ရေးတွေမှာ ရဲဘော်အချို့ ထိခိုက်ဒဏ်ရာရတဲ့အခါမျိုးမှာ သွေးတိတ်ဖို့ပဲဖြစ်ဖြစ်၊ လမ်းလျှောက်ရတဲ့အခါ ဖိနပ်အောက်ခံမှာဖြစ်ဖြစ် မျိုးစုံအသုံးပြုလို့ရတဲ့အခါ စစ်ရေးပစ်မှတ်ကိုလည်း ပိတ်ပင် တားဆီးတာမျိုးပဲ” လို့ အေမီက ကောက်ချက်ချပါတယ်။
ယောကျာ်းတွေချည်းဦးဆောင်တဲ့အာဏာသိမ်းစစ်အုပ်စုဟာ စစ်ရေးအမြင်တခုတည်းကို ရှေ့တန်းတင်ပြီး ဖြတ်လေးဖြတ်နည်းဗျူဟာကို တစိုက်မတ်မတ် ကျင့်သုံးခဲ့တဲ့ နောက်ဆက်တွဲဆိုးကျိုးအဖြစ် အရပ်သားတွေ ထိခိုက်နစ်နာရတဲ့ အကြောင်းအရင်းများစွာထဲကမှ ဒါက အမျိုးသမီးတွေအပေါ် သက်ရောက်မှုတခုပဲ ဖြစ်ပါတယ်။
လစဉ်သုံးပစ္စည်းအလွယ်မရနိုင်၊ မသုံးစွဲနိုင်တာက အမျိုးသမီးတွေအတွက် ကိုယ်ရောစိတ်ပါမလုံခြုံမှု၊ စိတ်ဖိစီးမှုတင်မက ကျန်းမာရေးအရ ဆိုးကျိုးတွေဖြစ်နိုင်တာကြောင့် ဓမ္မတာသုံးပစ္စည်းတွေ အလွယ်တကူရဖို့ ဝိုင်းဝန်းအဖြေရှာပေးဖို့ ပဋိပက္ခဒေသရှိ အမျိုးသမီးတွေက တညီတညွတ်တည်း တောင်းဆိုကြပါတယ်။
အိမ်နီးချင်းနိုင်ငံတွေက အမျိုးသမီးတွေမှာ ဓမ္မတာသုံးပစ္စည်းတွေကို တကိုယ်ရည်သန့်ရှင်းရေးနဲ့ မျိုးဆက်ပွား ကျန်းမာရေး၊ သက်တောင့်သက်သာဖြစ်ရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက်ပါ အဆင်ပြေစေဖို့ သုံးစွဲနေကြပေမယ့် စစ်ကိုင်းတိုင်းအတွင်းသာမက မြန်မာပြည်အနှံ့အပြား ပဋိပက္ခဒေသတွင်းက အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတခုရရှိနိုင်ဖို့ ခက်ခဲနေရတာက စစ်အာဏာရှင်ပေးတဲ့ ဆိုးကျိုးပေါင်းများစွာထဲက အစိတ်အပိုင်းတခုသာဖြစ်ပါတယ်။
“အမျိုးသမီးတွေရဲ့ သဘာဝအလျောက် ရပိုင်ခွင့်တွေကိုတောင် အသုံးချစရာတခုအဖြစ် ပြုမူနေတာက စစ်အုပ်စုတခုလုံးရဲ့ အကျင့်နဲ့ ယုတ်မာမှုတွေကို ထင်ထင်ရှားရှားပိုတွေ့လာရတယ်” လို့ မအေမီက ပြောပါတယ်။




