စစ်ဇုန်ပြင်ပ ခေတ်ကြပ်ထဲမှာ

ဒေဝီ

မြန်မာနိုင်ငံရဲ့ စီးပွားရေးမြို့ပြကြီးဖြစ်တဲ့ရန်ကုန်မြို့က ဈေးဝယ်စင်တာတခုထဲမှာ ကလေး ၂ဦးမိခင် မသွယ်တယောက် အိမ်အတွက်လိုအပ်တဲ့ ပစ္စည်းပစ္စယတွေဝယ်ခြမ်းနေပါတယ်။

သူအသုံးပြုနေကျ မျက်နှာသစ်ဆေးတံဆိပ်က ပရိုမိုးရှင်း လျှော့စျေးချနေချိန်နဲ့တိုက်နေတော့ ဝယ်လိုက် မလားလို့ စဉ်းစားလိုက်ပေမယ့် လက်ထဲပါတာက ငွေတသိန်းဝန်းကျင်။

သူ့စျေးခြင်းထဲမှာက သားအငယ်အတွက် ကလေးနို့မှုန့်တဗူး၊ သားအကြီးအတွက် ဘီစကစ်မုန့် နဲ့ ရေညှိမုန့် တထုတ်၊ အိမ်အတွက်က ကော်ဖီမစ်တထုတ် နဲ့ ပန်းကန်ဆေးဆပ်ပြာ ၁ဘူးသာ။

ဒီပစ္စည်း ငါးမျိုးနဲ့တင် ၁သိန်းနီးပါး ကျနေပြီဖြစ်တာကြောင့် မျက်နှာသစ်ဆေးထပ်ဝယ်ဖို့ လောက်ငှမှာ မဟုတ်တဲ့အတွက် စင်ပေါ်မှာပဲ ပြန်ထားခဲ့လိုက်တော့တယ်။

“အရင် ငွေတသိန်းတုန်းကမှ ကလေးကို အဟာရရှိတာရော၊ စားကောင်းတာရော စုံစုံလင်လင် ကျွေးနိုင် သေးတယ်၊ အခုကျတော့ ငွေတသိန်းဆိုတာ ကလေးတယောက်၊ တပတ်စာ မုန့်စားစရိတ်အတွက်တောင် မလောက်ငတော့ဘူးလို့” ကလေး ၂ဦး မိခင် အသက် ၄၀ အရွယ် ကုမ္ပဏီ ဝန်ထမ်းဖြစ်တဲ့ မသွယ်ကပြောတယ်။

ကလေးအကြီးမွေးတုန်းက သူတို့ဇနီးမောင်နှံ ၂ဦးရဲ့ ဝင်ငွေနဲ့ မိသားစု ၃ဦးစာ နေထိုင် စားသောက်နိုင်တဲ့အပြင် နှစ်ဖက်မိဘတွေကို ထောက်ပံ့နိုင်၊ နောင်ရေးအတွက် စုဆောင်းနိုင်ပြီး အဆင်ပြေပြေ နေနိုင်ခဲ့ပါတယ်။ အခုချိန်မှာတော့ မိသားစု စားလောက်အောင်သာရှိတဲ့အတွက် လူတန်းစေ့နေထိုင်စားသောက်ဖို့ ဆိုတာ ခက်ခဲလာတယ်လို့ ငြီးတွားပါတယ်။

ကုန်စျေးနှုန်းမြင့်တက်မှုနဲ့အတူ လူလတ်တန်းစား‌ ပျောက်ကွယ်လာတဲ့ မြန်မာနိုင်ငံမှာ ဝင်ငွေ ထွက်ငွေနဲ့ မမျှတဘဲ ရုန်းကန်နေရတဲ့အခြေအနေတခုလို့ ဆိုနိုင်ပါတယ်။

မီးဖိုးချောင် စားနပ်ရိက္ခာတင်မက ဆေးဝါးတွေ၊ ကလေး အသုံးအဆောင် ပစ္စည်းတွေနဲ့ စားစရာတွေက အာဏာမသိမ်းခင် ကာလတွေကထက် ၂ဆကျော် ၃-၄ဆ နီးပါး တက်လာတော့ ရသလောက် ချွေတာနေရ ပါတယ်။ မိဘတွေမှာလည်း ကလေးတွေအတွက် လိုအပ်တာ သုံးစွဲ ရုံအခြေအနေနဲ့ ကျန်နေရာတွေမှာ အပိုမသုံးနိုင်တော့ဘူးလို့ ဆိုတယ်။

“စားစရာမုန့်တွေဆိုလည်း ၅၀၀နဲ့ ကောင်းတာမရတော့ပါဘူး၊ အကင်စုံလိုမျိုး မုန့်တွေတောင် အနည်းဆုံး တထောင် ဖိုးမှရတော့တယ်” လို့ မသွယ်ကပြောတယ်။

သူတို့မိသားစုမှာ ၅နှစ်ကျော် အသက်ကွာတဲ့ ကလေး၂ဦး ရှိတဲ့အနက် သားအကြီးနဲ့ သားအငယ်တို့ကို ကျွေးမွေး စောင့်ရှောက်ရတဲ့ ပုံစံက ခေတ်အခြေအနေအရ မတူတော့ဘူးလို့ ဆိုတယ်။

မသွယ်တို့ မိသားစုဟာ သားအကြီးမွေးဖွားစဉ်တုန်းက အလုပ်အကိုင်ကလည်းအဆင်ပြေ၊ ကုန်စျေးနှုန်းကလည်း သိပ်မသိသာတဲ့ အတွက် ပိုပိုလျှံလျှံဖြည့်ဆည်းပေး၊ ကျွေးမွေးနိုင်ပေမယ့် သားအငယ်လေး အလှည့်မှာတော့ အရင်ကလောက် အလုပ်အကိုင်ဝင်ငွေမကောင်းတဲ့အပြင် ကုန်စျေးနှုန်းတွေကလည်းတက်တော့ ရတဲ့ဝင်ငွေနဲ့လိုက်အောင် တကယ်လိုအပ်တာကိုပဲ စိစစ်သုံးစွဲရတော့တယ်။

“အကြီးလေးတုန်းကဆို နို့မှုန့်ဆိုလည်း အဲ့ဒီချိန်တုန်းက ဆီးမီးလက်တောင် ဗူးကြီးမှလေးသောင်းကျော် ငါးသောင်းပဲရှိတယ်၊ အခုတော့၈သောင်းနားကပ်နေပြီ၊ ဒါတောင် တခါတလေ ပစ္စည်းပြတ်သေးတယ်၊ အငယ်လေး အလှည့်ကျ မတိုက်နိုင်တော့ ‌စျေးသက်သာတာပဲ ရှာရတယ်“လို့ သူကဆိုတယ်။

မိခင်နို့ အစားထိုးဖြည့်စွက်နို့မှုန့်တွေ၊ ဒိုင်ဘာတွေနဲ့ သရေစာမုန့်တွေက အာဏာမသိမ်းခင် ကာလထက် ၃ဆကျော်၊ ၄ဆအထထိ မြင့်တက်လာတယ်။ အရင်က တသောင်းစွန်းစွန်းတန် ဖြည့်စွက်နို့မှုန့် တောင် လက်ရှိချိန်မှာ ၅သောင်းကျော်ရှိသလို၊ အာဏာမသိမ်းခင်က ၅ထောင်၊ ၆ထောင်ဝန်းကျင်ရှိတဲ့ ကလေးဒိုင်ဘာဆိုလည်း တသောင်းခွဲ၊ ၂သောင်းနီးပါး ဖြစ်လာတယ်။

အဟာရပြည့်ပြည့်ဝဝ ပျော်ပျော်ရွှင်ရွှင်နဲ့နေထိုင် ကြီးပျင်းဖို့ မိဘကတာဝန်ယူရမှာဖြစ်ပေမယ့် ကြုံတွေ့နေရတဲ့လူမှုရေးစီးပွားရေး အခြေအနေတွေအရ အားလျော့လာတယ်လို့ မသွယ်က ရင်ဖွင့်တယ်။

စစ်ဖြစ်ပွားနေခြင်းမရှိတဲ့ ရန်ကုန်လို မြို့ကြီးပြကြီး၊ စီးပွားရေးမြို့တော်ကြီးအလယ်မှာတောင်မှ စီးပွားရေး အကြပ်အတည်းနဲ့အတူ အလုပ်အကိုင်ရှားပါးတာ ကုန်စျေးနှုန်းတက်တဲ့ဒဏ်တွေကို မသွယ်တို့မိသားစု ခံစားနေရတာဖြစ်ပါတယ်။

စစ်ဇုန်ပြင်ပမှာ ရှိနေတဲ့တိုင် အရည်အသွေးပြည်မီတဲ့နေထိုင်စားသောက်မှုတွေလျော့ကျ နိမ့်ပါးလာပြီး

တနေ့တာ နပ်မှန်အောင် စားဖို့အရေးသာ လုံးပမ်းနေကြရတာဟာ အာဏာသိမ်းပြီးနောက် အိမ်ထောင်စုတိုင်း ရင်ဆိုင်နေရတဲ့ အခြေအနေတရပ် ဖြစ်လာနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မလုံခြုံမှု စစ်ပဋိပက္ခတွေနဲ့ စီးပွားရေးအခက်အခဲတွေကြောင့် မြန်မာနိုင်ငံ အတွင်း လူလတ်တန်းစားအရေအတွက်က ၅၀ ရာခိုင်နှုန်းကျဆင်းသွားပြီး ဆင်းရဲမွဲတေမှုမြင့်တက်လာသလို၊ ဒီထဲ အမျိုးသမီးနဲ့ ကလေးငယ်တွေ အထိခိုက်ဆုံး ဖြစ်တယ် လို့ ၂၀၂၄ ခုနှစ်မှာ ထုတ်ပြန်တဲ့ UNDP ရဲ့ ဆင်းရဲမွဲတေမှုနဲ့ အိမ်ထောင်စုတွေရဲ့ စီးပွားရေး မြန်မာနိုင်ငံမှာ ပျောက်ကွယ်လာနေတဲ့ လူလတ်တန်းစား အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံက အိမ်ထောင်စုတွေရဲ့ ထက်ဝက်က ဒုတိယဝင်ငွေမရတဲ့ရင်းမြစ် ဖြစ်နေသလို အမျိုးသမီးတွေ ဦးဆောင်တဲ့ အိမ်ထောင်စုတွေက အမျိုးသားတွေ ဦးဆောင်တဲ့အိမ်ထောင်စုတွေနဲ့နှိုင်းယှဉ်ပါက ဆင်းရဲနွမ်းပါးမှုက ၁.၂ဆ ပိုများတယ်လို့ ဆိုတယ်။

ဒါ့အပြင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ စစ်တပ်က အာဏာသိမ်းပြီးနောက် လူဦးရေရဲ့ ၇၆ ရာခိုင်နှုန်းက အနိမ့်ဆုံးအဆင့် စားဝတ်နေရေးအခြေအနေ၊ မသေရုံတမယ်အခြေအနေအောက်မှာ နေထိုင်နေရတယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။

မသွယ်လိုပဲ အသက် ၄နှစ်အရွယ်ကလေးတဦးမိခင် မစုမွန်ကလည်း ကလေးပစ္စည်းတွေကလည်း အဝတ်အစား၊ အသုံးအဆောင်ကစလို့ အဟာရဖြည့်စွက်စာ၊ နို့မှုန့်၊ ဒိုင်ဘာနဲ့ အဆာပြေမုန့်တွေအထိ စျေးတက်တော့ ကလေးအတွက်သာ ဦးစားပေးပြီး ကျန်မိသားစုဝင်တွေအတွက် နောက်မှ စဉ်းစားပြီး စီမံရတယ်လို့ ရင်ဖွင့်ပါတယ်။

ကုန်ကျစရိတ်တွေက တက်လာပေမယ့် လူတွေရဲ့ လုပ်ခလစာဝင်ငွေက တက်မလာတဲ့အခါ အရင်လို အပျော်အပါးအတွက် အပိုမသုံးစွဲနိုင်၊ ကိုယ့်အတွက်ထက် ကလေးအတွက်သာ ဦးစားပေးရတယ်၊ ဒီလိုချွေတာပေမယ့်လည်း ကလေးတွေ အတွက် အလုံးစုံ မဖြည့်ဆည်းပေးနိုင်တော့ စိတ်ညစ်ရတယ်လို့ မစုမွန်က ပြောပြတယ်။

မစုမွန်ရဲ့ စိုးရိမ်ပူပင်မှုနဲ့ စိတ်ပင်ပန်းမှုတွေထဲမှာ လာမယ့်နှစ် မူလတန်းတက်ရတော့မယ့် သမီးအတွက် ပညာရေးအသုံးစရိတ်ကိစ္စက အဓိက ပါဝင်နေပါတယ်။

လက်ရှိထားနေတဲ့ မူကြိုကျောင်းစရိတ်၊ ဖယ်ရီစရိတ်၊ ထမင်းဗူး၊ အဆာပြေမုန့် စသဖြင့် ကျောင်းသားတယောက်အတွက် ပညာသင်စရိတ်စကတွေက စက်ရုံလုပ်သားတဦးရဲ့ ဝင်ငွေနီးနီး ရှိနေသလို၊ နှစ်စဉ်တရိပ်ရိပ်တက်နေတဲ့ ကျောင်းလခတွေက သူ့ရဲ့ စိတ်ပင်ပန်းမှုကို ပိုတိုးစေပါတယ်။

“ကလေးမမွေးခင်တုန်းက ဘာလုပ်ပေးမယ်ဘယ်လိုထားမယ်၊ ကျောင်းလည်းကောင်း‌ကောင်းထားမယ် စိတ်ကူးတာပေါ့၊ အခုတော့ ရေရှည်နိုင်ပါ့မလားဆိုတာပါ ထည့်စဉ်းစားရတယ်၊ ကိုယ်အသိတွေဆိုလည်း ကျောင်းလခ တက်ပြန်ပြီ၊ ဖယ်ရီခ တွေတက်ပြန်ပြီနဲ့ မကြားချင်မှအဆုံး “ လို့ မစုမွန်ကပြောပါတယ်။

ခေတ်အခြေအနေအရ အိမ်ရှိလူအကုန် အလုပ်လုပ်မှ နေနိုင်စားနိုင်ရုံရှိချိန်မှာ ခေတ်ဆိုးခေတ်ကြပ်ကို တကိုယ်ရည်မိခင်အဖြစ် ရင်ဆိုင်ကျော်ဖြတ်နေရတဲ့ မသူဇာဆိုရင်လည်း ရတဲ့ဝင်ငွေနဲ့ နေ့စဉ်စားဖို့ သောက်ဖို့အပြင် ကလေးတွေရဲ့ အဝတ်အစား၊ ကျောင်းစရိတ်၊ မုန့်ဖိုး စသဖြင့်နဲ့ တလတလ အလျင်မှီအောင် ရှာကြံနေရတယ်လို့ ငြီးတွားပါတယ်။

မိသားစုတာဝန်ကို တဦးတည်း ထမ်းရတဲ့ အမျိုးသမီးဖြစ်တဲ့အတွက် ပိုလို့ရုန်းကန်ရပြီး၊ ရတဲ့လစာနဲ့ မလောက်ငလို့ အပိုဝင်ငွေရအောင် အွန်လိုင်းကနေ စျေးရောင်းတဲ့အလုပ်ပါ တွဲလိုက်ပေမယ့် လောက်ငရုံ အခြေအနေရှိလိုက်၊ ဆွေမျိုးမောင်နှမတွေဆီက လှည့်သုံးလိုက် ပြန်ဆပ်လိုက်နဲ့ တလ၊ တလ ခေါင်းခဲရတယ်လို့ ဆိုပါတယ်။

“ပဲပြုတ်လေး ငါးရာဖိုးတောင် စျေးသည်ဆီ လေသံလေးနဲ့ ဝယ်ရတဲ့ အမျိုးသမီးတွေ၊ အပျော်စီး ဘတ္တရီ ကားလေးစီးဖို့ ပိုက်ဆံငါးရာတောင် ပေးမစီးနိုင်တဲ့ အမေတွေလည်း ပတ်ဝန်းကျင်မှာအများကြီးပဲ၊ ဒီလိုတွေ့လို့ စိတ်မကောင်းပေမယ့် ကိုယ်လည်း မစိုက်ပေးနိုင်ဘူး” လို့ မသူဇာက သူ့ပတ်ဝန်းကျင်မှာ မြင်တွေ့နေရတဲ့ အခြေအနေကို ပြောပြတယ်။

ပတ်ဝန်းကျင်မှာလည်း မိခင်တိုင်းက နေ့စဉ်ထမင်းနဲ့ဟင်းစားရဖို့ အဓိကထားနေရတော့ ကလေးတွေ ကိုလည်း မုန့်ပဲသရေစာ ကောင်းကောင်းမွန်မွန် အမြဲတစေမကျွေးနိုင်ကြပါဘူး။ ကလေးအချင်းချင်း မုန့်စားတာတွေ့မြင်ရင် စားချင်သောက်ချင်ကြပေမယ့် မကျွေးနိုင်ကြသလို၊ ကျောင်းမုန့်ဖိုး ၅၀၀ ထည့်ပေးဖို့ တောင် မတက်နိုင်ကြတဲ့ မိဘတွေလည်း တပုံတပင်ပဲလို့ ဆက်ပြောပြတယ်။

“ကလေးတွေကြိုက်တဲ့ မုန့်တွေဆိုတာလည်း အနည်းဆုံးတောင် ၅၀၀၊ ၁၀၀၀ ကျတယ်၊ ဒီလောက်လေး ဆိုပေမယ့်လည်း မပေးနိုင်ကြပါဘူး၊ တထောင်ဆို ကန်စွန်းရွက်တစည်း ရတယ်ဆိုပြီး တွက်ချက်ကြတော့တာ”လို့ သူကပြောပါတယ်။

စစ်ဘေးနဲ့ မကြုံရသေးပေမယ့် နိုင်ငံရေးအခြေအနေနဲ့ တဆက်တည်းကြုံရတဲ့ လူမှုစီးပွား အခက်အခဲတွေက မသွယ်၊ မစုမွန်နဲ့ မသူဇာတို့လို မြို့ပြနေမိခင်တွေအတွက် နေ့စဉ်နဲ့အမျှ စိတ်ဖိစီးစရာနဲ့ ပျော်ရွှင်စရာကင်းမဲ့တဲ့ အခြေအနေဖြစ်ပါတယ်။

ကြပ်တည်းသထက် ကြပ်တည်းလာတဲ့ ဝမ်းရေးအခြေအနေတွေကြောင့် ပတ်ဝန်းကျင်လူမှုဘဝထဲမှာ မိသားစုတွေ တကွဲတပြားနဲ့ အိုးအိမ်စွန့်ခွာနေထိုင်ရတဲ့ အိမ်ထောင်စုတွေလည်း များလာသလို၊ အိမ်ထောင်စု တခုလုံးတာဝန်ကို တဦးတည်းထမ်းရတဲ့ မသူဇာလို မိခင်တွေလည်း များသထက်များလာတယ်။

အရင်က လက်ထဲ ငွေငါးထောင်ရှိရင် အသား၊ ငါး၊ အသီးအရွက် ဝယ်ခြမ်းလို့ရပေမယ့် အခုတော့ လက်ထဲ တသောင်းရှိ ရင်တောင် အသားငါး ဖွယ်ဖွယ်ရာမရတော့တဲ့အခြေအနေမှာ ရန်ကုန်မြို့စွန်၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှာနေထိုင်တဲ့ ကိုဇော်ကြီးက “အထူးသဖြင့် တနေ့လုပ်တနေ့စား လက်လုပ်လက်စား မိသားစုတွေဆို ညဘက်အလုပ်ပြန်လာမှ ရပ်ကွက်စျေးက ရှိတဲ့ဟင်းစားဝယ်ပြီး ချက်ပြုတ်စားသောက်ရတယ်၊ သူတို့အတွက် ထမင်း၊ ဟင်း ဖွယ်ဖွယ်ရာရာ စားရချိန်က စတုဒိသာတွေ ကျွေးမွေးလှူကြတဲ့အချိန်ပဲ၊ ဒီလိုအချိန်ဆို ကလေးရောလူကြီးပါ ပျော်နေကြရတာ”လို့ ပြောတယ်။

သူဆိုရင်လည်း ဆိုက်ကားနင်းတဲ့ဝင်ငွေနဲ့ သူ့ဇနီးစျေးထွက်တဲ့ဝင်ငွေကလည်းတသောင်း၊ တသောင်းခွဲ ဆိုတော့ တနေ့စာလောက်ငှရုံပါ။ ဒီတော့လည်း နေ့စဉ်ထမင်းဝိုင်းမှာ အသားဟင်းနဲ့စားဖို့ထက် ဗိုက်ပြည့်ဖို့သာ အဓိကအရေးကြီးပြီး ကလေးတွေအတွက် အဝတ်အစားကစလို့ မုန့်ပဲသရေစာတွေအတွက်လည်း အပိုမသုံးနိုင် တော့ဘူး လို့သူကဆိုတယ်။

“ကလေးပစ္စည်းတွေကလည်း စျေးမသေးဘူး၊ ကလေးတွေကတော့ မြင်ရင်စားချင်သောက်ချင်မှာပေါ့၊ မရှိတော့လည်း မစားကြပါဘူး“လို့ သူက ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းနောက်ဆက်တွဲ အထွေထွေကြပ်တည်းမှုတွေကြောင့် လက်ရှိအခြေအနေမှာ ကိုယ့်ကလေး နေမကောင်းဖျားနာနေလို့ မုန့်တထုတ်၊ ဆေးတခွက် ဝယ်‌တိုက်ဖို့အရေး အသက်ပါပေးလိုက်ရတဲ့ မိခင်တွေ၊ စီးပွားရေး အဆင်မပြေလို့၊ အကြွေးမဆပ်နိုင်လို့ ကိုယ့်ကိုယ့်ကို အဆုံးစီရင်တဲ့ အမျိုးသမီးတွေရဲ့ ဖြစ်စဉ်တွေလည်း ခပ်စိပ်စိပ် ဖြစ်ပွားနေပါတယ်။

ပဲခူးမြို့မှာ ပလုံ (ပုလင်းခွံ၊ရေသန့်ဗူးခွံ) ကောက်ပြီး ပြန်ရောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့ အမျိုးသမီးတဦးက နေမကောင်းဖြစ်နေတဲ့ သူ့ရဲ့တနှစ်ကျော်အရွယ် ကလေးကိုဆေးဝယ်တိုက်ဖို့ ပလုံကောက်ရင်း ရေနုတ်မြောင်း ကျယ်ထဲ ရေနစ်သေဆုံးခဲ့ရတဲ့ဖြစ်စဉ်၊ တပ်ကုန်းမြို့နယ်က အဘွားအိုတဦး နေ့ပြန်တိုး ငွေ၁၅သိန်း မဆပ်နိုင်လို့ သေတမ်းစာရေးကာ ရေထဲခုန်ချ သတ်သေခဲ့တာ၊ နေပြည်တော်က အသက် ၂၁နှစ်အရွယ် အမျိုးသမီးတဦးလည်း စီးပွားရေး အဆင်မပြေမှုကြောင့် ကြိုးဆွဲချသေဆုံးခဲ့တာတွေက ဒီလထဲမှာ ဆက်တိုက်ဆိုသလို ဖြစ်ပွားခဲ့တာပါ။

အဓိကအနေနဲ့ နိုင်ငံရေးမတည်ငြိမ်မှုနဲ့အတူ ဖြစ်ပေါ်လာတဲ့ စီးပွားရေးအကြပ်အတည်း၊ အလုပ်အကိုင် ရှားပါးမှုကြောင့် မြန်မာနိုင်ငံမှာ ဆင်းရဲမွဲတေမှုနှုန်း မြင့်တက်လာစေသလို စစ်ကောင်စီရဲ့ စစ်မှုထမ်း ဥပဒေကြောင့် လည်း လူငယ်တွေ ရရာနည်းနဲ့ ပြည်ပထွက်ကြတဲ့အခါ ကျန်ရစ်တဲ့ မိသားစုမှာ ဝင်ငွေထွက်ငွေ မမျှတဘဲ ကြပ်တည်းရပြန်တယ်လို့ အိမ်ရှင်မတွေက တညီတညွတ်တည်းဆိုကြတယ်။

မြန်မာပြည်တွင်းက စီးပွားရေးသုတေသီတဦးက ကိုဗစ်ကာလ ၂၀၂၀ ဝန်းကျင် ကတည်းက နိုင်ငံစီးပွားရေးဟာ တည်ငြိမ်မှုမရှိဘဲ ကျဆင်းတာကနေ အာဏာသိမ်း နောက်ပိုင်းမှာ ပိုဆိုးရွားလာပြီး ကိုဗစ်ကြောင့် ပုံစံပျက်သွားတဲ့ နေ့စဉ်ရပ်တည်မှုတွေ၊ စီးပွားလုပ်ငန်းတွေက နိုင်ငံရေး မတည်ငြိမ်မှုကြောင့် ဖြစ်လာတဲ့ စျေးကွက်အကြပ်အတည်း ထပ်‌ပေါင်းလိုက်တဲ့အခါ နယ်ပယ်အသီးသီးက လူတန်းစားပေါင်းစုံဟာ အဲဒီရိုက်ခတ်မှုတွေကို ခံစားရတာလို့ သုံးသပ်ပါတယ်။

စက်ရုံ၊ အလုပ်ရုံ လုပ်ငန်းကြီးတွေတင်မက အောက်ခြေ စီးပွားရေးလုပ်ငန်းနဲ့ အိမ်တွင်းမှုလုပ်ငန်းအထိပါ ပြိုလဲနေသလို တိုင်းပြည်မှာ စီးပွားရေးကျဆင်းတဲ့ဒဏ်ကို အခံစားရဆုံးက အခြေခံလူတန်းစားတွေဖြစ်ပြီး၊ လက်ရှိကြုံနေရတဲ့ စီးပွားရေးကြပ်တည်းမှုနဲ့အတူ ကုန်စျေးနှုန်းအဆမတန် မြင့်တက်တာတွေက ပြည်သူလူထုကို ဆင်းရဲတွင်းနက်သထက် နက်စေခဲ့တယ်လို့ သူကဆိုတယ်။

ဒီအတွက်လည်းအခြေခံလူတန်းစား ပြည်သူတွေမှာ ဝတ်စရာ၊ နေစရာအတွက် မစဉ်းစားနိုင်၊ သားသမီး ပညာရေးကို ဂရုမပြုအားဘဲ နေ့စဉ်ဝမ်းမီးငြိမ်းစေဖို့ နည်းအမျိုးမျိုးနဲ့ ရုန်းကန်နေကြရပြီး၊ စားဝတ်နေရေး မပြေလည်မှုနောက်မှာ ဉပဒေ စိုးမိုးမှု အားနည်းတာ၊ ရာဇဝတ်မှုထူပြောလာတာ၊ လူမှုအဖွဲ့အစည်းအတွင်း မတည်မငြိမ် ဖြစ်လာတာတွေ ကြုံနေရတာလို့ သူကထောက်ပြပါတယ်။

သူက “အမျိုးသမီးတွေကတော့ အိမ်ဝင်ငွေကို အဓိကစီမံရတဲ့သူဖြစ်တော့ ပိုဖိစီးမှာပေါ့၊ ဒါပေမယ့် ကုန်စျေးနှုန်းဒဏ်၊ ဝင်ငွေ ကျဆင်းတာက လူတိုင်းကြုံတွေ့နေရတော့ အမျိုးသားရော အမျိုးသမီးရော ကလေးရော မိသားစုတိုင်းကို သက်ရောက်တာပါပဲလို့ “ ပြောပါတယ်။

စီးပွားရေးပြိုလဲမှု ဘေးဒုက္ခကို ခံစားနေရတဲ့ မြို့ပြလူတန်းစားတွေထဲမှာ အိမ်ထောင်ရှင် မိခင်တွေဖြစ်တဲ့ မသွယ်၊ မစုမွန်နဲ့ တကိုယ်တည်းမိဘဖြစ်သူ မသူဇာ တို့ကလည်း စိုးရိမ်ပူပင်မှုတွေနဲ့ နေ့စဉ်ဘဝကို ဖြတ်သန်းနေကြရတာ ဖြစ်ပါတယ်။

စီးပွားရေးကြပ်တည်းမှု ငွေကြေးနဲ့ အလုပ်အကိုင်ရှားပါးမှုတွေက မိသားစုဘဝတွေအပေါ် သက်ရောက်မှု များစွာရှိနေသလို တနေ့ထက်တနေ့ ကြပ်တည်းလာတဲ့ စားဝတ်နေရေး ဖိအားတွေအောက်မှာဘယ်လိုပဲ ကြိုးစားရုန်းကန်နေပါစေ ခေတ်အခြေအနေအရ ထင်သလိုဖြစ်မလာတာလည်း သူတို့အတွက်တော့ အားလျော့စရာဖြစ်လို့ နေပါတယ်။

အဲဒီအတွက် အဖြေမရှိတာနဲ့ပတ်သက်ပြီး ကလေး ၂ဦးမိခင်ဖြစ်တဲ့ မသွယ်က “အလုပ်ကြိုးစားလုပ်ပြီး၊ ရသမျှချွေတာနေတာကလွဲလို့ ဘာမှမလုပ်နိုင်တော့ပါဘူး၊ နောက်တနေ့ စားစရာရှိလို့ တော်ပါသေးတယ် ဆိုပြီး ဖြေသိမ့်နေရတယ်” လို့ ပြောပါတယ်။

Author: