ကျားဖြန့်ကောက်ရိုးပုံထဲမှာ  ညီမပျောက်ရှာ 

ခိုင်ရီ

မြန်မာ-ထိုင်းနယ်စပ်မြို့ဖြစ်တဲ့ မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်ဆိုတဲ့အရပ်မှာရှိတဲ့ နိုင်ငံခြားကုမ္ပဏီတခုမှာ အလုပ်လုပ်နေတယ်ဆိုတာတခုပဲ သိထားပြီး၊ ၂၀၂၄ နှောင်းပိုင်း ကတည်းက အဆက်အသွယ်ပြတ်သွားတဲ့ ညီမဝမ်းကွဲ ဖြစ်သူနဲ့ အဆက်အသွယ်ပြန်ရနိုင်ဖို့  မသင်ဇာ(အမည်လွှဲ)တယောက် စိုးရိမ်တကြီး လိုက်လံ ရှာဖွေ ချိတ်ဆက်နေပါတယ်။

သူ ဆက်သွယ်ထားသမျှစာတွေကို တဖက်က မဖတ်မိသေးသလို၊ ဖေ့စ်ဘုတ် မက်ဆင်ဂျာမှာလည်း (ညီမဝမ်းကွဲ ရဲ့အမည်) can’t access this chat yet  ဆိုတဲ့ စာတန်းတခုသာ ပေါ်နေခဲ့တာ လပေါင်းများစွာ ကြာခဲ့ပြီ ဖြစ်ပါတယ်။

ညီမဖြစ်သူက သူဘယ်လို လုပ်ငန်းခွင်ထဲမှာလုပ်နေတယ်လို့ အတိအလင်းမပြောပြဖူးပေမယ့် မိတ်ဆွေ တယောက်ရဲ့  အဆက်အသွယ်ကနေတဆင့် မြဝတီမှာ အလုပ်သွားလုပ်တာဖြစ်ကြောင်း၊ အလုပ်ချိန်၊ ဝင်ငွေအခြေအနေတွေကို သူနဲ့ အဆက်အသွယ်ရစဉ်တုန်းက သူပြောပြဖူးလို့ ပုံမှန်မဟုတ်တဲ့ အငွေ့အသက် ကိုတော့ ခံစားမိနေခဲ့ပါတယ်။

ဒါပေမယ့် အာဏာသိမ်းပြီးနောက်ပိုင်း စစ်ဖြစ်နေတဲ့ တိုင်းရင်းသားဒေသတွေအလိုက် ကိုင်ဆောင်ထားကြတဲ့ မှတ်ပုံတင် မျဉ်းစောင်းတွေကို စစ်အုပ်စုက ခရီးသွားလာခွင့် တင်းကြပ်တာ၊ ပိတ်ပင်တာ၊ ဖမ်းဆီးတာ၊ နည်းမျိုးစုံနဲ့ ဒုက္ခပေးတာတွေကို ဆက်တိုက်ဆိုသလို ပြုနေချိန်၊ စစ်မှုထမ်းဥပဒေကိစ္စတွေနဲ့ လူငယ်တွေကို ပေါ်တာဆွဲတာ၊ ငွေညှစ်တာတွေ ပြုနေချိန်မှာ အဲဒီလူအုပ်စုထဲ အကြုံးဝင်နေတဲ့ ညီမငယ်ကို သူရောက်နေတဲ့ နေရာကထွက်ခွာပြီး တခြားနေရာ ရွေ့ပြောင်းဖို့လည်း အကြံပေးနိုင်စွမ်း သူ့မှာ မရှိပါဘူး။

၂၀၂၄ ခုနှစ်နှောင်းပိုင်းမှာ သူတို့ညီအစ်မတွေ နောက်ဆုံးအဆက်အသွယ်ရချိန် ညီမဖြစ်သူဟာ အင်တာနက်ရတဲ့ နေရာကို အချိန်လု လာသုံးနေ ရတာဖြစ်လို့ အသေးစိတ်တွေ၊ အကျိုးအကြောင်းတွေ အပိုဆာဒါး မမေးအားခဲ့ သလို၊ အလုပ်ကိစ္စတွေ မပြောပြနိုင်ပေမယ့် သူအဆင်ပြေ၊ ဘေးကင်းတဲ့ နေရာမှာရှိတယ်ဆိုတာ သိခွင့်ရရုံနဲ့ ကျေနပ် နေခဲ့တယ်။

ညီမဝမ်းကွဲဖြစ်သူလိုပဲ မြန်မာ-ထိုင်းနယ်စပ်၊ သောင်ရင်းမြစ်ကမ်းတလျှောက်က တရုတ်နိုင်ငံသားပိုင် ကုမ္ပဏီ တခုမှာ အလုပ်ဝင်နေတဲ့ သူငယ်ချင်းဖြစ်သူကို အခြေအနေတွေတီးခေါက်ကြည့်တဲ့အခါမှာ သူငယ်ချင်းရဲ့ ပြောပြချက်အရ မြဝတီ၊ မြန်မာအခေါ် ရွှေကုက္ကိုလ်၊ တရုတ်အခေါ် ရထိုက် စတဲ့ မြို့ကြီး ၁မြို့၊ ၂မြို့စာ အကျယ်အဝန်းရှိ အုတ်တံတိုင်းအမြင့် ခြံဝန်းကြီးတွေအကြောင်း သိခွင့်ရခဲ့တယ်လို့ မသင်ဇာက ဆိုပါတယ်။

မြဝတီမြို့ပတ်ဝန်းကျင်မှာ အုတ်တံတိုင်းအမြင့်ကြီးတွေကာပြီးဆောက်ထားတဲ့ ကုမ္ပဏီအဆောက်အအုံတွေ ရှိသလို၊ မြို့ပြင်ဘက် သောင်ရင်းမြစ်ဘေးတလျှောက်မှာ ဒေသအာဏာပိုင်တွေက ဂိတ်တွေ၊ ရဲနဲ့ စစ်သားလို လုံခြုံရေးတာဝန်ယူထားသူတွေနဲ့ ပြည်နယ်မြို့ကြီး ၂မြို့စာလောက်ရှိတဲ့ အိမ်ယာမြို့သစ်ကြီးတွေရှိပြီး ကေကေဆိုဒ်၊ အေအေဆိုဒ် စသဖြင့် ခွဲခြားခေါ်ဝေါ်တယ်လို့ မသင်ဇာသိထားပါတယ်။

အုတ်တံတိုင်းနံရံအမြင့်ကြီးတွေခတ်ထားတဲ့ အဲဒီအဆောက်အအုံကြီးတွေထဲမှာ ဖုန်းတွေ၊ ကွန်ပြူတာတွေနဲ့ ဖန်တီးထားတဲ့ လိမ်နည်းတွေရှိကြောင်း ပြောပြပြီး အဲ့လို တွေကြုံလာတဲ့အခါ အယုံမလွယ်ဖို့နဲ့ ခပ်ကင်းကင်းနေဖို့ သူငယ်ချင်းရဲ့ သတိပေးစကားကိုလည်း မှတ်သားဖူးတယ်။

နည်းပညာသုံးပြီး လူတွေကို ငွေလိမ်ကြတဲ့သူတွေက အစအဆုံး သူတယောက်တည်းက လိမ်တာမဟုတ်ဘဲ မိတ်ဆွေဖွဲ့ သားကောင်ရှာတဲ့ မိတ်ဆက်အဆင့်မှာ ဝန်ထမ်းတယောက်၊ ခင်မင်ရင်းနှီးသွားတဲ့အဆင့်မှာ နောက်တယောက်၊ ငွေကြေးကိစ္စတွေ ပြောကြ ဆိုကြတဲ့အဆင့်မှာ တယောက် အဲ့လိုအဆင့်ဆင့် ပြောင်းသွားပြီး နောက်ဆုံး အလိမ်ခံရသူက ယုံသွားတဲ့အဆင့်၊ ငွေလွှဲတဲ့အဆင့်မှာ ဟန်ဆောင်လိမ်လည် သူက တယောက်ပြောင်းသွားတာ စတာတွေကို ဗဟုသုတအနေနဲ့ သိခွင့်ရခဲ့တယ်။

ဒါပေမယ့် ညီမဝမ်းကွဲဖြစ်သူဆီကတော့ အဲဒီလို အလုပ်ခွင်နဲ့ ပတ်သက်တဲ့အကြောင်းအရာတွေ ဂဃနဏ မသိရ ပေမယ့် မြဝတီမြို့နယ်ထဲက ရွှေကုက္ကိုလ်ဆိုတဲ့နေရာမှာလို့ ပြောပြဖူးတဲ့အတွက် သူငယ်ချင်းပြောတဲ့ အဲဒီလို လုပ်ငန်းခွင် မျိုးမှာပဲ ဖြစ်နိုင်တယ်လို့ မသင်ဇာတယောက် ကောက်ချက်ချမိတယ်။

“သူတို့အလုပ်ကလည်း အပေါင်းအသင်းများလို့လည်း မကောင်းဘူးဆိုတော့ လာမပြောတာနေမှာ၊ သူ့အိမ်နဲ့တော့ အဆက်အသွယ်ရှိမှာပဲ၊ အဲ့လိုထင်ပြီး စိတ်အေးနေတာ” လို့ မသင်ဇာက ပြောပြပါတယ်။

သူကိုယ်တိုင်လည်း စံတော်ချိန်မတူတဲ့ နိုင်ငံရပ်ခြားမှာ အောက်ခြေသိမ်းအလုပ်တဖက်နဲ့ ရုန်းကန်နေရသူ ဖြစ်တာတကြောင်း၊ ညီမဖြစ်သူက အမြဲတစေ အင်တာနက်သုံးစွဲနိုင်တဲ့အခြေအနေမရှိတာ တကြောင်းကြောင့် တဖြည်းဖြည်း စကားမပြောဖြစ်ကြတော့ပါဘူး။

သပွတ်အူလို၊ ကောက်ရိုးပုံလို ရှုပ်ထွေးပွေလီနေတဲ့ နေရာကြီးမှာ သူ့ညီမ ဘယ်နေရာမှာရှိတယ်ဆိုတာ ဘယ်သူမှမသိနိုင်သလို၊  မူလက ကုမ္ပဏီနာမည် သိတယ်ဆိုရင်တောင် အဲဒီအဝန်းအဝိုင်းမှာ ရှိနေကြတဲ့ မြန်မာအလုပ်သမားတွေဟာ တနေရာတည်းမှာ နှစ်နဲ့ချီလုပ်ကိုင်နေကြတာမျိုးမဟုတ်ဘဲ မြန်မာဆိုဒ်၊  တရုတ်ဆိုဒ်တွေမှာ သူတို့က အင်တာဗျူးပြန်ပြန်ဝင်၊ အလုပ်ပြန်ပြန်ရှာပြီး လှည့်သွားနေတဲ့ အလုပ်သဘော မျိုးတွေလို့ သိလိုက်ရပါတယ်။

နောက်ပိုင်း သူနဲ့သာ အဆက်အသွယ်ပြတ်သွားပေမယ့် ထိုင်းဘက်ခြမ်းမှာရှိတဲ့ အစ်မဝမ်းကွဲနဲ့ကတော့ အဲဒီညီမလေးနဲ့ အဆက်အသွယ်ရနေဆဲဖြစ်ကြောင်း၊ မြန်မာပြည်ထဲက စစ်ဖြစ်နေတဲ့အရပ်မှာကျန်ခဲ့တဲ့ မိသားစုတွေနဲ့ အဆက်အသွယ်ရကြောင်း၊ အိမ်ကိုလည်း လစဉ်ဆိုသလို ငွေကျပ်သိန်းဆယ်ဂဏာန်းကျော် လွှဲနိုင်ကြောင်း စတာလေးတွေကို သိခွင့်ရတော့ စိတ်အေးနေခဲ့ပါတယ်။

ဒါပေမဲ့ ကမ္ဘာ့သတင်းမီဒီယာတွေပေါ်မှာ “မြန်မာပြည်ထဲက လူလိမ်ဂိုဏ်းတွေ”လို့ နာမည်ဆိုးနဲ့ကျော်ကြားနေတဲ့ အဲ့ဒီအရပ်မှာ ဘီလားရုစ် အဆိုတော်မိန်းကလေးကိုသတ်ပြီး ကိုယ်တွင်းအင်္ဂါတွေ ထုတ်ယူခဲ့တယ်လို့ သတင်း ထွက်လာတာတွေ၊ မြဝတီဘက်ခြမ်းက အဲဒီလိုအလုပ်ခွင်တွေက မြန်မာအလုပ်သမားတွေဟာ အုံနဲ့ကျင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံဘက်ခြမ်းကို ထွက်ခွာအလုပ်လုပ်ကြရင်း နယ်မြေအသစ်မှာ အတိဒုက္ခ ရောက်နေကြတဲ့ သတင်းတွေကို ရုတ်တရက်ကြားသိလိုက်ရတဲ့အခါ မသင်ဇာတယောက် အရင်လို စိတ်မအေးနိုင်တော့ပါဘူး။ 

ဒါနဲ့ ထိုင်းနိုင်ငံထဲမှာရှိတဲ့ အစ်မဝမ်းကွဲဖြစ်သူဆီကို ဆက်သွယ်ပြီး ရွှေကုက္ကိုလ်ထဲမှာ အလုပ်လုပ်နေတဲ့ ညီမဝမ်းကွဲနဲ့ အဆက်အသွယ်ရသေးသလား ထပ်မေးတဲ့အခါမှာတော့ ၂၀၂၄ခုနှစ် နှစ်ကုန်ပိုင်း  ကျားဖြန့် လုပ်ငန်းခွင်တွေထဲ လူကုန်ကူးခံရသူတွေ နေရပ်မိခင်နိုင်ငံတွေဆီ ပြန်ပို့နိုင်ရေး စီစဉ်မှုတွေ လုပ်ဆောင်ခဲ့ကြပြီး ကာလနောက်ပိုင်း အဆက်အသွယ်ရခဲ့သေးတယ်လို့  သိရပါတယ်။

သင်္ကြန်ကျလို့ ခွင့်ရရင် ထိုင်းဘက်ခြမ်းကိုလာလည်မယ်လို့ ပြောခဲ့ဖူးပြီး၊ ညဘက်တွေအလုပ် လုပ်ရတာ ဖြစ်လို့ အွန်လိုင်းမသုံးဖြစ်တာလို့ ‌ပြောသေးတယ်။ ဒါပေမယ့် သူလုပ်နေတဲ့အလုပ်က ဘာမှန်းမသိတဲ့အပေါ်မှာ ဘဝင်မကျတဲ့စိတ် တဖက်မှာလည်း ညီမဖြစ်သူက လူလိမ်ဂိုဏ်းတွေမှာ အလုပ်လုပ်မိနေနိုင်တဲ့ အခြေအနေ အပေါ် သူ စိတ်မကောင်းဖြစ်တဲ့သဘောနဲ့ အဲဒီနေရာက အန္တရာယ်ကင်းကင်းနဲ့ထွက်နိုင်ရင် စောစောထွက်ခွာဖို့ သတိပေးလိုက်သေးတယ်လို့ အစ်မဝမ်းကွဲက မသင်ဇာကို ရှင်းပြပါတယ်။

“ဘေးကင်းရင် စာပြန်ပါလို့ လွန်ခဲ့တဲ့ နှစ်ဝက်ကျော်က ပို့ထားတဲ့စာကိုတောင် သူခုထိ မမြင်သေးဘူး” ဆိုတဲ့ အကြောင်းကို ထိုင်းဘက်ခြမ်းက အစ်မက မသင်ဇာကို ပြန်ပြောပြပါတယ်။

ထိုင်းမှာရှိနေတဲ့ အစ်မဝမ်းကွဲဖြစ်သူကလည်း နေ့စဉ်လိုလို ဖေ့စ်ဘုတ်မက်ဆင်ဂျာကိုဝင်ကြည့်ပြီး သူပို့ထားတဲ့စာကိုမြင်ဖို့၊  စာပြန်တာဖြစ်စေ၊ လက်မထောင်ပြတာမျိုးဖြစ်စေ အချက်ပြမှုတခုခု ပို့ထားလေမလား မျှော်နေရတယ်လို့ဆိုပါတယ်။

“သူထွက်လာဖြစ်တာနဲ့ ဆက်သွယ်မယ်လို့ ပြောခဲ့တာ၊ အခုအခြေအနေက သူ့ဆီက ဆက်သွယ်လာဖို့ကိုပဲ တို့က စောင့်ရုံပဲတတ်နိုင်တော့တယ်”လို့ အစ်မဝမ်းကွဲက မသင်ဇာကို ပြောပါတယ်။

သူတို့ ၃ယောက်ဟာဟာ ညီအစ်မအရင်းချာတွေမဟုတ်ကြပေမယ့် ညီအစ်မအရင်းတွေလို ဂရုစိုက်မှု၊ ရင်းနှီးမှု တယောက်အခက်အခဲကို တယောက်က ကူညီနိုင်စွမ်းရှိသလောက် ဝိုင်းဝန်းကူညီရင်း အတူတူကြီးပြင်း လာကြတာဖြစ်ပါတယ်။ စစ်မဖြစ်ခင် တယောက်တနေရာစီ ကွဲပြားတိမ်းရှောင် ကြရင်း ကိုယ့်လမ်းကိုယ် လျှောက်နေကြရပေမယ့် အကျိုးအကြောင်း၊ နေကောင်းကျန်းမာ အမြဲတစေ အဆက်အသွယ်မပြတ်ပြောဆို မေးမြန်းတဲ့ သံယောဇဉ်ဖြစ်ပါတယ်။

သူတို့ ဝမ်းကွဲ ၃ယောက်ထဲမှာ အခု အဆက်အသွယ်ပြတ်တောက်ပျောက်ဆုံးနေတဲ့ ညီမလေးက အငယ်ဆုံး ဖြစ်ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ကြပ်တည်းမှုတွေက တယောက်ကို တယောက်က မကူနိုင်မကယ်နိုင်တော့တဲ့အခြေအနေ ဖြစ်စေခဲ့ပါတယ်။

ဒီလိုနဲ့ မသင်ဇာဟာ သူ့ညီမဝမ်းကွဲလိုပဲ မြဝတီမှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းဖြစ်သူဆီကို ထပ်မံဆက်သွယ်ဖို့ ကြိုးစားချိန် မှာတော့ သူပြောပြတဲ့စကားတွေကြောင့် ရွှေကုက္ကိုလ်အရပ်က လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ တွေကို သိခွင့် ရသလို ပိုပြီး ရတတ်မအေးနိုင် ဖြစ်ရပါတော့တယ်။

မြဝတီမြို့နယ်ထဲက ကျားဖြန့်လုပ်ငန်းခွင်တွေဟာ အခုကာလအတွင်းမှာ အခြေအနေတွေ ရှုပ်ထွေးနေပြီး အလုပ်သမားတချို့ကို နေရပ်ပြန်လွှတ်သလို၊ တချို့ကိုတော့ ကုမ္ပဏီတွေရဲ့ မြေအောက် အချုပ်ခန်းလို၊ ထောင်လို နေရာတွေမှာ တိုက်ပိတ်ထားတာမျိုးတွေ ဖြစ်နေတယ်လို့ သိလိုက်ရပါတယ်။

တရုတ်၊ ကိုရီးယား၊ အာဖရိက၊ ဗီယက်နမ်၊ ကမ္ဘောဒီးယား လာအို၊ ဖိလစ်ပင်း၊ ရုရှား စတဲ့ နိုင်ငံသားတွေကို သတ်မှတ်ငွေကြေးပြည့်မီအောင် မလိမ်လည်နိုင်တဲ့အတွက် ကုမ္ပဏီသူဌေး အပါအဝင် ကုမ္ပဏီက ငှားထားတဲ့ စစ်သားတွေက အပြင်းအထန် ရိုက်နှက်နှိပ်စက်တာ၊ ကျဉ်စက်နဲ့တို့တာ၊ တိုက်ပိတ်တာတွေလုပ်ကြောင်း၊ မြန်မာအလုပ်သမားတွေကတော့ တခြားနိုင်ငံသားတွေထက် အခွင့်အရေးအနည်းငယ်ပိုရပြီး အပြင်တွေဘာတွေ ထွက်မယ်ဆိုရင် ပြောပြီး ကုမ္ပဏီကထွက်ခွင့် ရလေ့ရှိတယ်လို့ ဆိုပါတယ်။

မြန်မာအလုပ်သမားတွေဟာ တခြားနိုင်ငံသားတွေလို  ရိုက်နှက်ခံရတာမျိုးမရှိပေမယ့် သတ်မှတ်ဝင်ငွေမရတဲ့ အခါ အိပ်စက်ချိန်မပေးဘဲ ညလုံးပေါက် အလုပ်ခိုင်းခံရတာမျိုးတွေရှိနေနိုင်တယ်လို့ သူငယ်ချင်း ဖြစ်သူက ရှင်းပြတယ်။

“ဒါတွေက ပုံမှန်ဖြစ်နေကျပဲတဲ့၊  ကုမ္ပဏီတိုင်းမှာ ထောင်ဆိုတာရှိတယ်၊ မြေအောက်ထောင်ထဲမှာ ကုမ္ပဏီက အကျဉ်းသားတွေအမြဲတမ်းရှိတယ်၊ မြန်မာနိုင်ငံမှာ လာဖွင့်ထားတာကြောင့် မြန်မာတွေကိုတော့ မလုပ်ဘူး၊ သူတို့က တရုတ်စံတော်ချိန်နဲ့အလုပ်လုပ်ရတာ၊ အိပ်ချိန်နည်းတယ်၊ မိုးလင်းပေါက်အထိ အလုပ်လုပ်ရတာ” လို့ မသင်ဇာက သူသိထားတဲ့ အချက်တချို့ကို ပြောပြတယ်။

သူငယ်ချင်းဖြစ်သူရဲ့ ခန့်မှန်းပြောပြချက်အရ ညီမဝမ်းကွဲဖြစ်သူဟာ အဲဒီလို လူလိမ်ဂိုဏ်းတွေမှာ အလုပ်ဝင်နေတာ သေချာပြီး၊  တခြားမြန်မာအလုပ်သမားတွေနည်းတူ ကမ္ဘောဒီးယား၊ လာအို စတဲ့ နိုင်ငံတွေကို ဆက်ကူးမသွားဘဲ မြဝတီဘက်ခြမ်းမှာပဲရှိနေဦးမယ်ဆိုရင် အသက်အန္တရာယ် မစိုးရိမ်ရပေမယ့် အလုပ်နဲ့အိပ်ချိန် ကြားမှာ ဖုန်းမသုံးနိုင်လို့ အဆက်အသွယ်ပြတ်နေတာ ဖြစ်နိုင်ကြောင်း သိရတယ်။

မသင်ဇာရဲ့ ညီမဝမ်းကွဲဟာ ဘာသာစကား၊ ကွန်ပြူတာကျွမ်းကျင်မှုနဲ့ ရုပ်ရည်လည်း အသင့်အတင့်ရှိတဲ့ အတွက် မြဝတီကျားဖြန့်ဆိုဒ်တွေမှာသာ အလုပ်ဝင်နေမိကြောင်း သေချာတယ်ဆိုရင်  သူ့ရဲ့ဝင်ငွေဟာ မြန်မာကျပ်ငွေ သိန်း ၁၀၀ ဝန်းကျင်လောက်ရနိုင်တယ်လို့ သူငယ်ချင်းဖြစ်သူက ခန့်မှန်းပါတယ်။

ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ဝက်ခန့်က မြဝတီထက် လစာဝင်ငွေပိုများတဲ့ တခြားနိုင်ငံတွေကို ဆက်ကူးသွားတဲ့ မြန်မာလူငယ်တွေထဲမှာသာ သူလည်းပါသွားမယ်ဆိုရင်တော့ အာမခံချက်မရှိနိုင်တဲ့အခြေအနေမျိုး ဖြစ်နေ ပါတယ်။

မြန်မာနိုင်ငံပြင်ပ တခြားနိုင်ငံတွေက ကျားဖြန့်လုပ်ငန်းတွေမှာ မြန်မာနိုင်ငံသားတွေက အခွင့်အရေး မရတော့ဘဲ သတ်မှတ်ဝင်ငွေမပြည့်မီရင်  ရိုက်နှက်တာ၊ ကျဉ်စက်နဲ့တို့တာ၊ နှိပ်စက်ခံနေရတာတွေ ရှိနေသလို အများစုက အဆက်အသွယ်ပြတ်တောက်နေတယ်လို့ အတွင်းသတင်းအသေးစိတ်တွေကို သိနေတဲ့ သူငယ်ချင်းရဲ့ကျေးဇူးနဲ့ မသင်ဇာသိခွင့်ရခဲ့ပါတယ်။

သူက “ကမ္ဘောဒီးယားကိုသွားကြတဲ့အသုတ်ထဲမှာ ပါသွားတယ်ဆိုရင် ပိုက်ဆံဝင်အောင်မရှာနိုင်ရင် ကလီစာ တွေပါ ထုတ်ရောင်းတယ်လို့ကြားလို့ ရင်ထဲမှာ ဆို့နေတယ်” လို့ ညှိုးငယ်စိတ်ပေါ်လွင်နေတဲ့ လေသံနဲ့ ပြောပြ ပါတယ်။

စစ်ဇုန်ထဲမှာ ကျန်နေခဲ့တဲ့ မိသားစုအရင်းချာတွေဟာ သမီးဖြစ်သူရဲ့ လစဉ်ထောက်ပံ့ငွေနဲ့ အသက်ရှင် ရပ်တည်နေ ကြရတာဖြစ်ပြီး၊ အင်တာနက်မရတဲ့ တိုင်းရင်းသားဒေသဖြစ်တဲ့အတွက် အဆက်အသွယ်တွေလည်း ပြတ်တောက်နေတဲ့နေရာဖြစ်ပါတယ်။ သမီးဖြစ်သူ ကြုံတွေ့နေနိုင်တဲ့အခြေအနေကို သိနိုင်စွမ်း မရှိသလို၊ လိုက်လံရှာဖွေဖို့ဆိုတာလည်း ဘယ်လိုမှ မဖြစ်နိုင်တဲ့အခြေအနေမှာ မသင်ဇာက ဝမ်းကွဲအစ်မ တ‌ယောက်အနေနဲ့ သူလုပ်နိုင်တာကို လုပ်နေမိတာ ဖြစ်ပါတယ်။

ဒီထက်ပိုပြီး ဘာမှမတတ်နိုင်တဲ့အခြေအနေမှာ သူ့အနေနဲ့ ညီမဝမ်းကွဲဖြစ်သူ အနှိပ်စက်မခံရဖို့၊ အသက်ဘေး ကင်းကင်းနဲ့လုံလုံခြုံခြုံ ရှိနေဖို့ မျှော်လင့်နေရုံပဲရှိတယ်လို့ သူက ဆိုပါတယ်။

အခုရက်ပိုင်းမှာ ကျားဖြန့်လုပ်ငန်းတွေထဲက နိုင်ငံခြားသားတွေ၊ မြန်မာနိုင်ငံသားတွေ အလုံးအရင်းနဲ့ ထွက်ခွာကြတဲ့ ဓာတ်ပုံတွေ၊ ဗီဒီယိုဖိုင်တွေကို လူမှုကွန်ရက်မှာ ဆက်တိုက်ဆိုသလို မြင်နေရတဲ့ မသင်ဇာကတော့ ထွက်ပြေးလာတဲ့လူတွေထဲမှာ အဆက်အသွယ်ပြတ်နေတဲ့ ညီမဖြစ်သူပါလာနိုင်ဖို့ မျှော်လင့်နေပါတယ်။

“မြန်မာနိုင်ငံမှာပဲရှိနေဖို့ ဆုတောင်းတယ်” လို့ မသင်ဇာက ပြောပါတယ်။

Author: