လွတ်မြောက်ရေးတိုက်ပွဲနဲ့ ရဲရင့်တဲ့အမျိုးသမီးစစ်သည်တွေ
ရှင်ငြိမ်း
အပြန်အလှန်ပစ်ခတ်နေတဲ့ကျည်ဆန်တွေ၊ လက်နက်ကြီးတွေကို ပြေးလွှားရှောင်တိမ်းရင်းနဲ့ စိမ်းပုတ်ရောင်ပျောက် ကြားအကျီဝတ်ထားတဲ့အမျိုးသမီးလေးတွေဟာ ဒရုန်းတွေ၊ ဗုံးသီးတွေနဲ့ ဆက်တိုက်ဆိုသလို ပစ်ကူပေးပါတယ်။
ဒါက ကရင်အမျိုးသားအစည်းအရုံး(KNU)ရဲ့ ဌာနချုပ်ဟောင်းဖြစ်တဲ့ အောင်မြေလို့ခေါ်တဲ့ မာနယ်ပလောမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့ ပူးပေါင်းတပ်တွေရဲ့ စစ်တပ်ကို အပြင်းအထန်ထိုးစစ် ဆင်နေတဲ့တိုက်ပွဲက အမျိုးသမီးဒရုန်းစစ်သည်တွေ ပါဝင်နေတဲ့မြင်ကွင်းဖြစ်ပါတယ်။
သူတို့ပစ်လွှတ်လိုက်တဲ့ ဒရုန်းဟာ ရန်သူစစ်တပ်ရဲ့တန်ပြန်ထိမ်းချုပ်မှုလိုက်မှုကြောင့် ဗုံးသီးကြီးနဲ့အတူ ပြန်လာ ပြီး သူတို့ခေါင်းပေါ်မှာ ဝဲနေပါတယ်။ ဒါက အင်မတန်အန္တရာယ်ရှိတဲ့အနေအထားဖြစ်ပြီး ခေါင်းပေါ်ဝဲတဲ့အချိန်မှာ စက်ချို့ယွင်းမှုကြောင့် ဗုံးသီးပြုတ်ကျမယ်ဆိုရင် အဖွဲ့သားအားလုံးရဲ့အသက်တွေဆုံးရှုံးရမှာဖြစ်ပါတယ်။
“တကယ့်ကို ကံသီလို့ လွတ်လာတာ။ နောက် ရန်သူကလည်း လက်နက်ကြီးတို့ လေယာဉ်တို့နဲ့တိုက်တယ်။ အဲဒါ တွေနဲ့ ပစ်နေလို့ လက်နက်ကြီးကျလို့ဆိုပြီး ကျွန်တော်တို့ ဒရုန်းမမောင်းဘဲ နေလို့မရဘူး။ ဘာလို့လဲဆိုတော့ ကိုယ့်အဖွဲ့က ရှေ့ရောက်နေတဲ့ချိန်မှာ ကျွန်တော်တို့က နောက်ကနေ အားစိုက်ပြီး များများလွတ်၊ များများချနိုင်မှ ရှေ့လူလည်း ခံသာမယ်။ အဲဒီတော့ လက်နက်ကြီးတွေကျရင် ကတုတ်ကျင်းတွေထဲကနေ ဒရုန်းလွှတ်ရတယ်”လို့ ဒီတိုက်ခိုက်ရေးမှာ ပါဝင်ခဲ့တဲ့ ဒရုန်းစစ်သည် Crown က ရှင်းပြပါတယ်။

ရဲဘော် Crown ဟာ တိုက်ပွဲမှာ ဒရုန်းမောင်းနေတဲ့အချိန် ခါးကိုကျည်ဆန်ထိမှန်ခဲ့ဖူးတဲ့ Force for Federal Democracy (FFD) မှာ တာဝန်ထမ်းနေတဲ့ အမျိုးသမီးဒရုန်းစစ်သည်တစ်ဦးဖြစ်ပါတယ်။
ကရင်ပြည်နယ်ထဲ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေနဲ့အတူ အမျိုးသမီးဒရုန်းစစ်သည်တွေပါတဲ့ Force for Federal Democracy (FFD) လည်း ပါဝင်တိုက်ခိုက်နေတာပါ။
အမျိုးသမီး ရဲဘော်တွေဟာ ရှေ့တန်းစစ်မြေပြင်ဟာ ခက်ခဲမယ်။ ကြမ်းတမ်းမယ်။ အခန့်မသင့်ရင် အသက်ပါ စွန့်ရ မယ်ဆိုတာ သိထားပေမယ့် စစ်အာဏာရှင်အမြစ်ဖြတ်ဖို့အတွက် စွန့်လွတ်စွန့်စားစိတ်တွေနဲ့ တိုက်ပွဲဝင်နေကြတာ ဖြစ်ပါတယ်။
ဖိုဝါဒကြီးစိုးတဲ့ မြန်မာနိုင်ငံမှာ နိုင်ငံရေး၊ စစ်ရေး၊ တိုက်ခိုက်ချေမှုန်းရေးတွေမှာ အမျိုးသားတွေသာ ဦးဆောင် လေ့ရှိပြီး အမျိုးသမီးတွေကိုတော့ အင်အားနည်းသူတွေအဖြစ် ပုံဖော်ကာ ချန်ထားလေ့ရှိကြပါတယ်။
ဒါပေမယ့် စစ်အာဏာသိမ်းမှုကြောင့် ပေါ်ပေါက်လာတဲ့ နွေဦးတော်လှန်ရေးမှာတော့ အမျိုးသမီးတွေ နိုင်ငံရေးမှာ ပါဝင်မှု ပိုမိုအားကောင်းလာခဲ့သလို ခေတ်သစ်ဝေဟင်စစ်ဆင်ရေးတမျိုးဖြစ်တဲ့ ဒရုန်းတပ်ဖွဲ့တွေမှာလည်း ပါဝင်နေ ကြတယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မမေစံပယ်ဖြူက ပြောပါတယ်။
လက်ရှိမှာလည်း မြေပြင်ချေမှုန်းရေး၊ ဒရုန်းစစ်ဆင်ရေးနဲ့ စနိုက်ဘာစတဲ့တိုက်ခိုက်ရေးတွေမှာသာမက ဗုံးတွေ၊ မိုင်းတွေ လက်လုပ်သေနတ်တွေပြုလုပ်ရာမှာလည်း အမျိုးသမီးရဲဘော်တွေ ပါဝင်နေတာဖြစ်ပါတယ်။
အခုဆိုရင် စခန်းသိမ်း မြို့သိမ်းတိုက်ပွဲတွေမှာ အမျိုးသမီး ရဲဘော်တွေဟာ အမျိုးသားတွေနဲ့တန်းတူလက်နက်ကြီး၊ လက်နက်ငယ်ကျည်တွေ ဝဲပျံနေတဲ့ ရှေ့တန်း စစ်မြေပြင်မှာ စွန့်စွန့်စားစားနဲ့ ပါဝင်တိုက်ခိုက်နေတာပါ။
“Standard Army ကြီး”ကို စိန်ခေါ်နေတဲ့ အမျိုးသမီးဒရုန်းစစ်သည်များ
FFD မှ အမျိုးသမီးဒရုန်းစစ်သည် ရဲဘော် Crown ဆိုရင် မာနယ်ပလောစစ်စခန်းအပါအဝင် ဖဲထပ်စခန်း၊ မဆုတ် တမ်းခံစစ်၊ မယ့်ပလီအခြေစိုက်စခန်း၊ တောင်သုံးလုံး၊ ခေါပုတ်စခန်းနဲ့ ၈၀ ရာခိုင်နှုန်းနီးပါးသိမ်းထားနိုင်တဲ့ ဖာပွန် စခန်းသိမ်းတိုက်ပွဲတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။
“ကျွန်တော်တို့ ဘာလက်နက်မှမရှိတဲ့ ဘဝထဲက နှစ် ၇၀ ကြာ အရှုံးမရှိဘဲ တိုင်းရင်းသားတွေဆီကနေ အနိုင်နဲ့ တည်ဆောက်ခဲ့တဲ့ အာဏာရှင်စစ်တပ်ကို စိန်ခေါ်ပြီး ဆန္ဒပြခဲ့တယ်။ လမ်းလယ်မှာလော်တွေနဲ့ လိုက်အော်ခဲ့ တယ်”လို့ သူက ဆိုပါတယ်။
အာဏာမသိမ်းမီက ရဲဘော် Crown ဟာ ရန်ကုန်မြို့မှာ ဥပဒေနောက်ဆုံးနှစ်တက်ရင်း ကုမ္ပဏီကြီးတစ်ခုမှာ လည်း အလုပ်ဝင်နေတဲ့ လူငယ်အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
အသက် ၂၆ နှစ်သာရှိသေးတဲ့ ရဲဘော် Crown ဟာ ဧရာဝတီတိုင်းဇာတိဖြစ်ပြီး စစ်အာဏာရှင်တော်လှန်ရေးမှာ လည်း တစ်မိသားစုလုံးပါဝင်ခဲ့ကြသူတွေပါ။
အာဏာသိမ်းဖို့ကြိုးပမ်းစဉ်ကာလမှာ ဆန္ဒပြသပိတ်တွေမှာ ပါဝင်ခဲ့သလို နောက်ပိုင်းကျောင်းတွေ မဖွင့်နိုင်အောင် စာတွေ၊ သွေးစွန်းအကျီတွေ လိုက်ကပ်တဲ့ ဆိုင်ကယ်တွေနဲ့ နှိုးဆော်တာတဲ့ မြို့ပြပြောက်ကြားသပိတ်တွေမှာလည်း သူက ပါဝင်ခဲ့တာဖြစ်ပါတယ်။
မြို့ပြပြောက်ကြားစစ်ဆင်ရေးဖြစ်တဲ့ စစ်ကောင်စီလုံခြုံရေး စစ်စခန်းဂိတ်တွေကို ဖောက်ခွဲရေးပါ လုပ်ဆောင်ခဲ့သူ လို့သိရတယ်။
ဒီတော်လှန်ရေးကာလမှာပဲ ဖခင်ဖြစ်သူဆုံးပါးသွားတာနဲ့ အဖမ်းအဆီးတွေများလာတာကြောင့် လက်နက်ကိုင်တပ် ဖွဲ့ထဲဝင်ဖို့ ရဲဘော် Crown ဆုံးဖြတ်ခဲ့ပါတယ်။ ဒီလိုဆုံးဖြတ်ရာမှာ အမျိုးသမီးတစ်ယောက်ဖြစ်နေတဲ့အတွက် တိုက်ခိုက်ရေးလုပ်နိုင်မှာ မဟုတ်ဘူးဆိုတဲ့အမြင်တွေနဲ့ ဦးဆုံးရင်ဆိုင်ခဲ့ရပါတယ်။
“လက်နက်ကိုင်ထဲဝင်တော့မယ်ပြောတော့ နင်က မိန်းကလေးပဲ။ ကိုယ်တိုင်တိုက်ရမယ်ထင်လို့လား။ ထမင်းချက် ရုံးအကူလောက်လုပ်ရမှာလို့ ပြောကြတယ်။ သူတို့ဘာပြောပြောသွားမယ်ဆိုပြီး တစ်ယောက်ထဲထွက်လာလိုက် တယ်” လို့ ရဲဘော် Crown က ဆိုပါတယ်။
ဒါပေမဲ့ သူယုံကြည်ရာကို ရဲရဲလျှောက်လှမ်းနိုင်ဖို့အတွက် ရဲဘော် Crown ဟာ ကရင်ပြည်နယ်ရှိ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တစ်ခုဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)/ကရင်အမျိုးသားလွတ်မြောက်ရေး တပ် မတော် (KNLA) လက်အောက်ရှိ တပ်မဟာ ၅ ထဲဝင်ရောက်ခဲ့ပါတယ်။
FFD မှာ အခြေခံစစ်သင်တန်းတက်ပြီး ဒရုန်းပိုင်းမှာ တာဝန်ထမ်းနိုင်ဖို့ သင်တန်းတက်ခဲ့ရတာဖြစ်ပါတယ်။ ဒရုန်း မောင်းရတာကလည်း လေ့ကျင့်ရေးကွင်းနဲ့ စစ်မြေပြင်မှာ လက်တွေ့မောင်းရတာ မတူဘူးလို့ သူက ပြောပါတယ်။
“ရှေ့တန်းစစ်မြေပြင်ဆိုတော့ ရန်သူဘက်က လာတဲ့လက်နက်တွေ၊ ကျည်ဆန်တွေကြားထဲ မောင်းရတာဆိုတော့ လက်တွေလည်းတုန်၊ ရင်တွေလည်းခုန်တယ်။ ပထမဆုံးရှေ့တန်းလိုက်ရတာဆိုတော့ အရမ်းစိတ်လှုပ်ရှားခဲ့ရ တယ်” လို့ သူ့ရဲ့ ပထမဆုံးရှေ့တန်းလိုက်ရတဲ့ အတွေ့အကြုံကို ပြောပြပါတယ်။
ရဲဘော် Crown နဲ့အတူ ပထမဆုံးရှေ့တန်းလိုက်ခဲ့တဲ့ FFD မှ အမျိုးသမီး ရဲဘော်သီရိကလည်း“ရှေ့တန်းမှာကျ တော့ လက်နက်ကြီးတွေကြားထဲက ပစ်သံခတ်သံတွေကြားထဲက ဒရုန်းမောင်းရတော့ စိတ်အရမ်းလှုပ်ရှားတယ်။ လူရော စိတ်ရောက ဂဏှာမငြိမ်တော့ဘူး”လို့ ရှင်းပြပါတယ်။
မသီရိဟာ FFD မှာ ဆေးမှူးတစ်ယောက်ဖြစ်သလို ဒရုန်းမောင်းသူအဖြစ် ရှေ့တန်းမှာ ပါဝင်တိုက်ခိုက်နေသူ လည်း ဖြစ်ပါတယ်။
ရှေ့တန်းတစ်ခါထွက်ရင် အနည်းဆုံးတစ်ပတ်ခန့်ကြာသလို တိုက်ပွဲအခြေအနေပေါ်မူတည်ပြီး သုံးလလောက်ထိ ကြာတဲ့ တိုက်ပွဲတွေလည်း ရှိခဲ့ပါတယ်။ တိုက်ပွဲအခြေအနေက တနေရာနဲ့ တနေရာမတူတဲ့အတွက် အခက်အခဲနဲ့ စိန်ခေါ်မှုတွေကလည်း မတူကြပါဘူး။
တိုက်ပွဲကြားမှာ သတိနဲ့အိပ်ရ၊ စားသောက်ရတော့ အိပ်ပျက်တာတွေရှိသလို တိုက်ပွဲရက်ကြာတဲ့အခါ အစားအ သောက် ပြတ်လပ်တာ၊ ရေရှားလို့ သောက်ရေကို မျှသောက်ရတာကြောင့် လနဲ့ချီရေမချိုးရတဲ့အခြေအနေတွေနဲ့ လည်း သူတို့ကြုံခဲ့ရတာဖြစ်ပါတယ်။
“ရှေ့တန်းမှာ အားလုံးက တပြေးညီ ကျွေးတာနဲ့စား၊ ဖြစ်သလိုအိပ်ရတယ်။ တခါတလေကျရင် ခေါက်ဆွဲခြောက် ကို ဒီအတိုင်းစားလိုက်ရတာ ရှိတယ်။ တခါတလေကျ ဘာမှစားစရာကို မရှိတာ”လို့ ရဲဘော် Crown က ရှင်းပြ ပါတယ်။
ဒါ့အပြင် မိုးထဲလေထဲ ရွံ့ထဲဗွက်ထဲသွားလာရတော့ ခြေအိတ်တွေ ရေစိုပြီး ခြေထောက်မှာ ရေဝဲ၊ သဲဝဲစားတဲ့ဒဏ် လည်း ခံစားကြရပါသေးတယ်။ ရေဝဲ သဲဝဲစားတာက ကြည့်ရင်တော့ ဒဏ်ရာသိပ်မပြင်းဘူးထင်ရပေမယ့် လမ်း မလျှောက်နိုင်အောင် နာကျင်ရတဲ့ဝေဒနာပါ။
အမျိုးသမီးတစ်ယောက်အနေနဲ့ ရှေ့တန်းထွက်ရတဲ့အခါ လစဉ်ဓမ္မတာလာတာရှိပေမယ့် အမျိုးသားရဲဘော်တွေရဲ့ ဖေးမနားလည်ပေးမှုကြောင့် အဆင်ပြေပြေဖြတ်ကျော်နိုင်ခဲ့ကြပါတယ်။
“ဘာလို့ဆို ကျွန်တော်တို့အမျိုးသမီးတွေကို နားလည်ပြီး စောင့်ရှောက်ပေးတော့ စိတ်မတင်းကြပ်နေဘူး။ သူတို့က ရှက်စရာလို့ မမြင်တဲ့အတွက် ကျွန်တော်တို့ကလည်း ရှက်မနေတော့ဘူး” လို့ ရဲဘော် Crown က ဆိုပါတယ်။
ဒီလိုအခက်အခဲတွေအပြင် အမျိုးသမီးရဲဘော်တွေဟာ ဒရုန်းနဲ့ပတ်သက်တဲ့ စစ်ရေးနည်းဗျူဟာတွေ၊ နည်းပညာ တွေကို ကျွမ်းကျင်တတ်မြောက်ထားပေမယ့် ရှေ့တန်းမှာတော့ အခက်အခဲနဲ့ စိန်ခေါ်မှုတွေက အခုထိရှိနေဆဲ ဖြစ် ပါတယ်။
အမျိုးသမီးဒရုန်းစစ်သည် မသီရိကတော့“ဒရုန်းနဲ့ ရန်သူ့ခေါင်းပေါ် ဗုံးချလိုက်ဖို့က လွယ်ပေမယ့် မြေပြင်အဖွဲ့တွေ နဲ့ ချိတ်ဆက်ပြီး အချိန်ကိုက်လုပ်ရတော့ အခက်အခဲရှိပါတယ်။ အဲဒီလိုအချိန်ကိုက်မချနိုင်ရင် မြေပြင်က ရဲဘော် တွေရော စစ်ဆင်ရေးကိုပါ ကြန့်ကြာသွားစေတာပေါ့။”လို့ ပြောပါတယ်။
ဒရုန်းတပ်ဖွဲ့ဝင်တွေဟာ ကင်းထောက်တဲ့ဒရုန်းနဲ့ တိုက်ခိုက်ရေးလုပ်တဲ့ ဒရုန်းတွေကို စစ်ဆင်ရေးဗျူဟာအလိုက် အသုံးပြုကာ ဒရုန်းနဲ့ချိတ်ဆွဲတဲ့ဗုံးသီးတွေကိုလည်း မောင်းသူတွေကိုယ်တိုင် လုပ်ကြရတာဖြစ်ပါတယ်။
ဒီလိုဒရုန်းတွေအတွက် ဗုံးသီးလုပ်ရတာဟာ လုပ်နေသူအပြင် အဖွဲ့တစ်ခုလုံးကို ဆုံးရှုံးသွားနိုင်တဲ့အထိ အန္တရာယ် များတဲ့အလုပ်ဖြစ်ပြီး ဒါတွေကို အမျိုးသမီးကိုယ်တိုင်လုပ်ဆောင်နေကြတာပါ။
ရဲဘော် Crown ကလည်း ဒရုန်းပိုင်းဆိုတော့ စက်ပိုင်းဆိုင်ရာချို့ယွင်းမှု မရှိအောင်လုပ်ဆောင်ရသလို စစ်တပ်ရဲ့ တန်ပြန်တိုက်ခိုက်မှုတွေလည်း သတိထားရတယ်လို့ ဆိုပါတယ်။
“ဒရုန်းမှာ ဗုံးသီးတပ်တာ၊ ဗုံးတွေ ချိတ်ဆွဲတဲ့အခါ အမှားအယွင်း လုံးဝမရှိအောင် လုပ်ရပါတယ်။ တချက်လေးမှ မှားလို့မရပါဘူး။ မှားတာနဲ့ တစ်ဖွဲ့လုံးသွားမှာပဲ။ နောက် ရန်သူရဲ့တိုက်ခိုက်မှုကြောင့် ဗုံးတွေပြန်ပါလာတာ၊ ပြုတ် ကျတာတွေ၊ ပျက်ကျတာတွေ ရှိခဲ့ဖူးတယ်။ အရှောင်မြန်လို့ သေကံမရောက်တဲ့ အဖြစ်အပျက်တွေပေါ့”လို့ ရှင်းပြ ပါတယ်။
သူတပါးအသက်သတ်တာ မကောင်းဘူးဆိုပေမယ့် စစ်အာဏာရှင်ကို မောင်းထုတ်နေရတဲ့အချိန်မှာတော့ သူတို့ပစ် လိုက်တဲ့ ဗုံးသီးထိမှန်ပြီး ရန်သူဘက်က အကျအဆုံးများတဲ့အခါတိုင်း ပျော်ရွှင်ကြရတယ်လို့ သူကပြောပါတယ်။
“သူတို့မသေချင်ရင် လက်နက်ချလေ။ သူတို့ကလည်း အသေခံတိုက်တော့ ကျနော်တို့လည်း ပြန်တိုက်ရတာပေါ့။ သူသေကိုယ်သေချရတဲ့အတွက် သူတို့များများသေလေ ကျွန်တော်တို့ကျေနပ်လေပေါ့” လို့ ရဲဘော် Crown က ဆိုပါတယ်။
ဒီလိုအခက်အခဲတွေ စိန်ခေါ်မှုတွေရှိပေမယ့် ရှေ့တန်းစစ်မြေပြင်မှာတော့ အမျိုးသမီးဒရုန်းစစ်သည်တွေဟာ အမျိုး သားတွေနဲ့တန်းတူ အလုပ်တာဝန်တွေကို ကျေပွန်အောင်လုပ်ဆောင်နေကြတာဖြစ်ပါတယ်။
ရှေ့တန်းက တိုက်ခိုက်ချေမှုန်းရေးအမျိုးသမီးစစ်သည်
သူလိုပဲ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)ရဲ့တပ်ရင်းတစ်ခုမှာ တာဝန်ထမ်းနေပြီး စစ်မြေပြင်မှာ ပါဝင်တိုက်ခိုက်နေတဲ့ အမျိုးသမီးရဲဘော်ဝါလေးကလည်း သူ့အတွက်တော့ စစ်ဆင်ရေးထွက်ရတဲ့အချိန်ဟာ အခက်ခဲဆုံးနဲ့ အပင်ပန်းဆုံးလို့ ပြောပါတယ်။
“အဲဒီအချိန်ဆို အရမ်းပင်ပန်းတယ်။ အဝတ်အစားတွေ၊ လိုအပ်တဲ့ပစ္စည်းတွေ ထည့်ထားတဲ့အိတ်အလေးကြီးကို ထမ်းပြီး နှစ်ညအိပ်၊ သုံးညအိပ်။ တစ်တောင်တက်၊ တစ်တောင်ဆင်း အဲဒီလိုတွေ သွားရတယ်။ ပြီးတော့ ပါတဲ့ရေ တွေ၊ ခေါက်ဆွဲခြောက်တွေကလည်း မလောက်လို့ တောထဲက အရွက်တို့၊ ငှက်ပျောအူတို့ကို စားရတဲ့အချိန်တွေ လည်း ရှိခဲ့ဖူးတယ်”လို့ ရဲဘော် ဝါလေးက ပြောပါတယ်။
ရှေ့တန်းမှာ ကြုံရတဲ့အခက်အခဲတွေ စိန်ခေါ်မှုတွေက များပြားလွန်းတာကြောင့် ပြောပြရင် ယုံနိုင်ဖွယ်မရှိတဲ့ အဖြစ် အပျက်တွေနဲ့လည်း ကြုံတွေ့ခဲ့ကြရတာမို့ အပင်ပန်းဆုံးနဲ့ အခက်အခဲဆုံးပါလို့ သူက ပြောနေတာဖြစ်ပါတယ်။
အသက် ၂၃ နှစ်သာရှိသေးတဲ့ ရဲဘော် ဝါလေးဟာ ကယားပြည်နယ် စိုက်ပျိုးရေးရုံးမှာ ၂ နှစ်တာဝန်ထမ်းဆောင် နေရင်း အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှု (CDM) လုပ်ခဲ့တဲ့သူတစ်ဦးပါ။

အာဏာရှင်စစ်တပ်ကို ဆန့်ကျင်ဆန္ဒပြနေရင်း သေနတ်နဲ့ဖြိုခွဲတာတွေဖြစ်လာတော့ လက်နက်ကိုင်လမ်းစဉ်ရွေး ချယ်ရာမှာ မိသားစုနဲ့ အတိုက်အခံလုပ်ပြီး ခက်ခဲစွာ ဆုံးဖြတ်ခဲ့ရကြောင်း ပြောပါတယ်။
“ကျနော်တို့ ကရင်နီပြည်နယ်ကြီး ဖက်ဒရယ်ဒီမိုကရေစီစနစ်နဲ့ သီးခြားလွတ်လပ်တဲ့ ပြည်နယ်ဖြစ်အောင် အာဏာ ရှင်မှန်သမျှ တိုက်ထုတ်သွားချင်တယ်။ ဒီစစ်အာဏာရှင်မက နောက်ထပ် အာဏာရှင်တွေ ထပ်ပေါ်လာဦးမယ်ဆို ရင်လည်း အဲဒီ အာဏာရှင်တွေကို ထပ်ပြီးတော့ တိုက်ထုတ်သွားမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ ဒီကိုရောက်လာ တာပါ”လို့ ရဲဘော် ဝါလေးက သူ့ရည်ရွယ်ချက်ကို ရှင်းပြပါတယ်။
ရဲဘော်ဝါလေးဟာ စစ်သင်တန်းတက်ပြီးနောက် KNDF ရဲ့တပ်ရင်းတစ်ခုမှာ ရှေ့တန်းတပ်သားအပြင် ရှေ့တန်း ထောက်ပို့အနေနဲ့ပါ တာဝန်ယူခဲ့ရတာဖြစ်ပါတယ်။
“ကျွန်တော်တို့တပ်ရင်းက အမြဲတမ်းရှေ့တန်းမြေပြင်မှာပဲ ရှိတဲ့အတွက် ရှေ့တန်းအတွေ့အကြုံကတော့ အရမ်းများ ပါတယ်။ အမြဲတမ်းတိုက်ပွဲက မထင်ရင် မထင်သလို အဲဒီမျိုး ဖြစ်နေတာပေါ့။ တိုက်ပွဲ ဒီရက်၊ ဒီရက်ဖြစ်မယ် ကြို မသိတော့ အမြဲတမ်း ဝီရိယရှိရှိနဲ့ ကြိုပြင်ဆင်ထားရတယ်”လို့ ရဲဘော် ဝါလေးက ဆိုပါတယ်။
သူရဲ့ပထမဆုံးရှေ့တန်းအတွေ့အကြုံက လွန်စွာကြောက်ဖို့ကောင်းသလို စိတ်လှုပ်ရှားမှုတွေလည်း ရှိခဲ့ပါတယ်။
“ပထမဆုံးအတွေ့အကြုံက အရမ်းကြောက်စရာကောင်းတယ်။ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ဝိုင်းပစ်၊ လေ ယာဉ်နဲ့ရော၊ ရန်သူ့ဘက် အကျအဆုံးများပေမယ့် အင်အားက လျော့မသွားဘူး။ ထပ်တိုးတိုးပြီး ဖိတိုက်တာပေါ့။ လက်နက်ကြီးတွေ၊ ကျည်ဆန်တွေဆိုတာ ကိုယ့်ဘေးလာစင်ထွက်သွားတာကအစ ရုပ်ရှင်ထဲကလိုတော့ မလွယ် ဘူး”လို့ ပြောပါတယ်။
အစပိုင်းသာ လက်နက်ကြီးထိမှာ ကျည်ဆန်မှန်မှာကြောက်ပေမယ့် နောက်ပိုင်းမှာတော့ ကြောက်ရွံ့တာမျိုး မရှိ တော့ဘဲ အဖွဲ့သားတွေအတွက်ပဲ အမြဲစိုးရိမ်နေခဲ့တာဖြစ်ပါတယ်။ နောက် ရှေ့တန်းမှာ ရိက္ခာပြတ်တာတွေ မဖြစ် ရအောင် ရှိတာနဲ့ ခြိုးခြံချွေတာ စားသောက်ခဲ့ရတယ်လို့လည်း ရဲဘော် ဝါလေးက ဆိုပါတယ်။
ရဲဘော်ဝါလေးဟာ ရှေ့တန်းထောက်ပို့တပ်သားတစ်ဦးဖြစ်တာကြောင့် တခါတလေ စစ်ပွဲရှိတဲ့နေရာမဟုတ်ပေမယ့် အန္တရာယ်ရှိတဲ့နေရာကို ဖြတ်သန်းထောက်ပို့ရတဲ့စိန်ခေါ်မှုတွေလည်း ရှိနေခဲ့တာဖြစ်ပါတယ်။
ရှေ့တန်းလိုက်ခဲ့ရတဲ့ ၂ နှစ်တာကာလအတွင်းမှာတော့ ထိခိုက်ဒဏ်ရာကြီးကြီးမားမားမရှိပါဘူး။ ဒါပေမဲ့ ပြေးလွှား ရင်း ခုန်ရင်း မှောက်ရင်းနဲ့ ပွန်းပဲ့ဒဏ်ရာလောက်သာ ရခဲ့တာကလည်း ဘုရားပေးတာလို့ သူက ဆိုပါတယ်။
ရဲဘော်ဝါလေးကို သူ့ရဲ့အိမ်မှာဆိုရင် အမြဲတမ်း လူပျော့အဖြစ်သတ်မှတ်ကာ ဘာကိစ္စမှ လုပ်ခိုင်းလေ့မရှိပါဘူး။ ဒီအခြေအနေကနေ သူဟာ ခက်ခဲပင်ပန်းလွန်းတဲ့စစ်သင်တန်းမှာ အမျိုးသားတွေနည်းတူ တာဝန်ကို ပြီးဆုံးအောင် လုပ်နိုင်ခဲ့သူပါ။
ရှေ့တန်းထွက်ရတော့လည်း အားလုံးတပြေးညီ နေထိုင်စားသောက်ရသလို အသက်ဘေးကြုံရတဲ့အခြေအနေ တွေကိုလည်း အမျိုးသားတွေနဲ့တန်းတူ ဖြတ်ကျော်နိုင်တာကြောင့် ကိုယ့်ကိုကိုယ်ဂုဏ်ယူကြောင်း ရဲဘော် ဝါလေး က ပြောပါတယ်။
“တချို့အရာတွေမှာ ယောကျာ်းလေးလို မလုပ်နိုင်ပေမယ့် မလျော့တဲ့ဇွဲနဲ့လုပ်ခဲ့နိုင်လို့ ကိုယ့်ကိုကိုယ်ဂုဏ်ယူမိတာ ရှိတယ်။ ပြီးတော့ ကိုယ့်ကို ဒီလောက်လုပ်နိုင်မယ့်လို့လည်း မထင်ထားတော့ ဒီအထိလုပ်လာနိုင်တာကို ဂုဏ်ယူ ပါတယ်”လို့ ဆိုပါတယ်။
စစ်ကောင်စီကို ချေမှုန်းတိုက်ခိုက်နေတဲ့ အမျိုးသမီး ဆေးတပ်သား
96 Soldiers – PDF အညာဒေသတပ်ခွဲမှာလည်း ကိုယ်တိုင်ပါဝင်တိုက်ခိုက်နေတဲ့ ရဲမေ မအိဟာ စစ်ကိုင်းတိုင်း ရွှေဘိုမြို့နယ်ရှိ ဗျူရွာသိမ်းတိုက်ပွဲမှာ စစ်တပ်စခန်းနဲ့ မီတာ ၅၀ သာနီးတဲ့ ဘန်ဂါထိတက်တိုက်ခဲ့တဲ့ အမျိုးသမီး တစ်ဦးပါ။
ဒီတိုက်ပွဲဟာ ၅ နာရီကြာ တစ်ဖက်နဲ့ တစ်ဖက် အပြန်အလှန်မရပ်မနားဘဲ ပစ်ခတ်သိမ်းယူခဲ့ရတဲ့ပွဲဖြစ်ပြီး ရဲမေ မအိ ဟာ တိုက်ပွဲထဲ ဒဏ်ရာသူတွေကို ပြုစုရင်း လက်နက်ကိုင်ပါဝင်တိုက်ခိုက်နေသူဖြစ်ပါတယ်။
“ရှေ့တန်းထွက်ရတာကတော့ စိတ်ပန်းလူပန်းရတယ်။ စိတ်လှုပ်ရှားရတယ်ဆိုပေမယ့် လက်နက်ကိုင်ပြီး တိုက်ရတော့ ပျော်ပါတယ်”လို့ ရဲမေ မအိက ပြောပါတယ်။
96 Soldiers – PDF အညာ ဒေသတပ်ခွဲဟာ ပုလဲနဲ့ ဒီပဲယင်းမြို့နယ်ကို ပထမဆုံးသိမ်းယူနိုင်ခဲ့တဲ့ ကာကွယ်ရေး တပ်တစ်ခုဖြစ်ပါတယ်။ သို့ပေမဲ့ လက်နက်ချင်းမမျှတတာကြောင့် ဒီနယ်တွေကို ဆုံးရှုံးထားရတာပါ။
ဒါ့အပြင် 96 Soldiers ဟာ အမျိုးသမီးရဲဘော်တွေကို တန်းတူအခွင့်အရေးပေးပြီး ရှေ့တန်းမှာ လိုက်ပါခွင့်ပြုတဲ့ တပ်ဖွဲ့တွေထဲက တစ်ခုဖြစ်ပါတယ်။
96 soilders ရဲ့တာဝန်ခံ ကိုဇေယျာလွင်ကတော့“စစ်သင်တန်းတက်တုန်းက အတူတူတက်ခဲ့ပြီးမှ အမျိုးသမီးဖြစ် လို့ ရှေ့တန်းမထွက်ရဘူးဆိုတာ မရှိဘူး။ သူတို့လည်း သူတို့တတ်နိုင်တဲ့အနေအထားနဲ့ပါဝင်ခွင့်ရှိတယ်။ ကျွန်တော် တို့ဆီမှာတော့ မိန်းကလေးဖြစ်လို့ အခွင့်အရေးပိုရတာမရှိဘူး။ လျော့သွားတာလည်းမရှိဘူး”လို့ ပြောပါတယ်။

ရဲမေမအိဆိုရင် ဗျူရွာသိမ်းတိုက်ပွဲ၊ ဗျူရွာနှစ်တိုက်ပွဲ၊ မြိုင်၊ ဒီပဲယင်းနဲ့ လက်ရှိ ချင်းပြည်နယ်တိုက်ပွဲပါဆိုရင် ၅ ပွဲတိတိ ပါဝင်ထားသူဖြစ်ပါတယ်။
အသက် ၂၅ နှစ်အရွယ် ရဲဘော် မအိဟာ သူရဲ့ချစ်သူကောင်လေး တိုက်ပွဲကျသွားတော့ ချစ်သူဆန္ဒကို ဖြည့်ဆည်း ပေးချင်တာရယ် သူကိုယ်တိုင်ကလည်း စစ်အာဏာရှင်ကို မကြိုက်တာကြောင့် တော်လှန်ရေးထဲဝင်လာခဲ့သူပါ။
သူဟာ အာဏာမသိမ်းမီက စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်မှာ မိဘတွေနဲ့အတူ တောင်ယာလုပ်ရင်းနေထိုင်ခဲ့ပါ တယ်။ နောက်တော့ အဒေါ်တွေရဲ့ထမင်းဆိုင်မှာ သွားကူလုပ်ရင်း ချစ်သူကောင်လေးနဲ့တွေ့ခဲ့တာဖြစ်ပါတယ်။ အာ ဏာသိမ်းတော့ ကောင်လေးက 96 Soldiers တပ်ဖွဲ့ထဲ ဝင်ရောက်သွားပြီး တိုက်ပွဲမှာကျဆုံးခဲ့တာပါ။
ရဲဘော် မအိအနေနဲ့ စစ်သင်တန်းတက်ရမယ်။ ခက်ခဲပင်ပန်းမယ်ဆိုတာ ကြိုသိထားသလို သူ့အသက်ကိုလည်း တိုက်ပွဲထဲ အပ်ထားတယ်လို့ ပြောပါတယ်။
သူဟာ စစ်သင်တန်းတက်ပြီး သုံးလအကြာမှာ ပထမဆုံးရှေ့တန်းကို လိုက်ခဲ့ရသူဖြစ်ပါတယ်။ လိုက်ခဲ့ရတဲ့ တိုက်ပွဲ ကလည်း ချစ်သူကောင်လေးဆုံးသွားတဲ့ ရွာရဲ့နောက်ထပ် ဗျူရွာမှာဖြစ်ပါတယ်။
“ပထမဆုံးအတွေ့အကြုံကတော့ အရမ်းစိတ်လှုပ်ရှားတာပေါ့။ အမှတ်တရကတော့ ဗိုက်ဆာတာ မစားရတာနဲ့ ရေဆာတာ ရေမရှိလို့ မသောက်ရတာ။ ၂ ခါ ကြုံဖူးတယ်။ တစ်ရက်လောက်တော့ ဘာမှမစားမသောက်ဘဲ နေခဲ့ရ တယ်” လို့ ရဲမေ မအိက ဆိုပါတယ်။
ပုံမှန်တော့ ရှေ့တန်းထွက်တိုင်းမှာ ရဲဘော်တစ်ယောက်ကို ခေါက်ဆွဲခြောက် တစ်ထုတ်စီပေးပြီး ထမင်းထုတ်ပို့ပါ တယ်။ တိုက်ပွဲဖြစ်နေရင်တော့ ထမင်းလာမပို့တော့ပါဘူး။
အမျိုးသမီးရဲဘော်တွေကျတော့ ရှေ့တန်းထွက်မယ်ဆိုရင် အမျိုးသားတွေနဲ့မတူတာက အတွင်းခံနဲ့ အမျိုးသမီး လစဉ်သုံးတွေယူရပါတယ်။ နောက်မှ လိုအပ်တဲ့ပတ်တီး၊ သောက်ဆေးနဲ့ ခေါက်ဆွဲခြောက်ထုတ်လည်း ထည့်ရတာ ပါ။
သူရဲ့ရှေ့တန်းအတွေ့အကြုံတွေအရ လူအင်အား၊ စိတ်ဓါတ်နဲ့ ကြံခိုင်မှုမှာ သူတို့က အစစအရာရာ သာပေမယ့် ကျည်အင်အားမှာတော့ လိုအပ်ချက်ရှိနေသေးတယ်လို့ ပြောပါတယ်။
မြိုင်မြို့သိမ်းမှာ ရန်သူ့ဘက်က စစ်ကူအများအပြားရောက်လာပြီး အင်အားနဲ့ဖိကာ လိုက်လံပစ်ခတ်တာလည်း သူက ကြုံခဲ့ရတာဖြစ်ပါတယ်။
“သူတို့ဘက်က လက်နက်ကြီးမျိုးစုံနဲ့ပစ်တယ်။ လေယာဉ်တွေနဲ့လည်း ကူတယ်။ မြေပြင်မှာလည်း စစ်အင်အား တွေတိုး တိုးပြီး ဖိတိုက်တာပေါ့။ အဲဒီမှာလက်နက်ချင်းမမျှ ကျည်ဆန်လည်း ချွေရတော့ ပြေးရတာပေါ့။ ကံသီလို့ သေကံမရောက်တာ”လို့ ရဲမေ အိက ပြောပါတယ်။
ဒါ့အပြင် တိုက်ပွဲတစ်ခုမှာလည်း လစဉ်ဓမ္မတာလာလို့ လူးလိမ့်အောင် နာကျင်ကိုက်ခဲနေတဲ့အချိန်မှာ လေယာဉ်နဲ့ လိုက်ပစ်လို့ ပြေးခဲ့ရတာတွေကတော့ ယခုအချိန်မှာ အမှတ်တရအဖြစ် ရှိနေတာဖြစ်ပါတယ်။ ဒါပေမဲ့ အခုထိ သူ့အ နေနဲ့သေလောက်တဲ့ဒဏ်ရာရတာမျိုးမရှိခဲ့ပါ။
သို့ပေမဲ့ တိုက်ပွဲထဲမှာ သူ့ရှေ့ကျသွားတဲ့ရဲဘော်တွေ၊ ခေါင်းပေါက်ဦးနှောက်ထွက်ပြီး ဆုံးပါးသွားသူတွေ၊ ခြေပြတ် လက်ပြတ်သွားတဲ့သူတွေကို ဆေးတပ်သားဖြစ်တဲ့ မအိအနေနဲ့ ကိုယ်တိုင်မြင်တွေ့ရတဲ့အခါ စိတ်ခြောက်ခြားမှု ဖြစ် ရပါတယ်။
နောက် တိုက်ပွဲထဲကျသွားတဲ့ ရဲဘော်တွေရဲ့ရုပ်အလောင်းတွေကိုလည်း ရဲမေမအိက သန့်ရှင်းရေးလုပ်ပေးရတာပါ။ ဒီအတွက် သူ့ကိုယ်အပေါ် သွေးညှီနံတွေ စွဲနေတာမျိုးလည်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ အခုလိုခက်ခဲပြီး စိမ်ခေါ် မှုများတဲ့ တိုက်ပွဲတွေမှာ အမျိုးသားတွေနဲ့အတူ တိုက်ခိုက်နိုင်တဲ့ ကိုယ့်ကိုကိုယ်လည်း ဂုဏ်ယူတယ်လို့ သူက ဆိုပါ တယ်။
ဒါကလည်း အမျိုးသားတချို့က အမျိုးသမီးတွေဟာ သူတို့လိုရှေ့တန်းမထွက်နိုင်တဲ့အတွက် မလိုက်သင့်ဘူး။ အ မျိုးသမီးတွေ ရှေ့တန်းမှာပါလာရင် သူတို့ကို စောင့်ရှောက်ရတဲ့အတွက် အလုပ်ပိုတယ်ဆိုတဲ့ ပြောဆိုချက်တွေကို အလုပ်နဲ့သက်သေပြနေကြတာဖြစ်ပါတယ်။
အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မမေစံပယ်ဖြူကလည်း “နွေဦးတော်လှန်ရေးလို့ပြောလိုက်ရင် အမျိုးသမီး တွေရဲ့ ဦးဆောင်ပါဝင်မှုကို လုံးဝချန်လှပ်ထားလို့ မရနိုင်ပါဘူး။ အမျိုးသမီးတွေဟာ စစ်မှန်တဲ့ဖက်ဒရယ် ပြည် ထောင်စုတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ရှေ့တန်းကနေ မားမားမတ်မတ် ဦးဆောင်နေတယ်ဆိုတာ အထင် အရှားပါပဲ။ ဒါဟာ ကျမတို့ရဲ့သမိုင်းသစ်အတွက် ထူးခြားတဲ့မှတ်တိုင်တစ်ခုပါ”လို့ ပြောပါတယ်။
နွေဦးတော်လှန်ရေးရဲ့စစ်မြေပြင်မှာ အမျိုးသမီးတွေဟာ နောက်တန်းကနေ အားဖြည့်ရုံသာမက လက်နက်ကြီး လက်နက်ငယ်တွေ ပစ်ခတ်နေတဲ့ တိုက်ပွဲတွေကြားမှာ ရှေ့တန်းကနေ ဦးဆောင်သူတွေအဖြစ် ရပ်တည်နေတာ ဖြစ်ပါတယ်။
ဒီအမျိုးသမီးသူရဲကောင်းတွေရဲ့ ခွန်အား၊ သတ္တိနဲ့ မလျှော့တဲ့ဇွဲတွေဟာ မြန်မာ့သမိုင်းမှာ စာမျက်နှာသစ်တစ်ခုကို ရေးထိုးနေပြီး စစ်အာဏာရှင်ကျွန်ဘဝက လွတ်မြောက်ဖို့ဆိုရင် ဒရုန်းစစ်သည်တွေရဲ့အခန်းကဏ္ဍက မရှိမဖြစ်ဆို တာကို နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေရဲ့ လုပ်ဆောင်မှုတွေက သက်သေပြလို့နေပါတယ်။
- နမ့်စန်မြို့က သရဲကြောက်တတ်တဲ့ လူနာတင်ယာဉ်မောင်း အမျိုးသမီး - 08/12/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 06/12/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 29/11/2025






