တောင်တန်းဒေသစိမ်းလန်းစိုပြေစေချင်သူ
ဒေဝီ
အမျိုးသမီးအချို့က ငါးအပိုင်းအစတွေကို ခုတ်ထစ်နေသလို၊ အမျိုးသားအချို့ကလည်း ထန်းလျက်၊ ကြံသကာတွေ၊ မြေကြီးတွေကို ရောစပ်ပြီး ကျိုချက်သူနဲ့ ကိုယ်စီအလုပ်များနေကြတယ်။
ဒီမောဆိုမြို့နယ်က ကျေးရွာတခုမှာ သဘာဝပတ်ဝန်းကျင်ကို မထိခိုက်ဘဲ အလွယ်တကူပြုလုပ်လို့ရတဲ့ ငါးအမိုင်နိုအက်ဆစ် သဘာဝမြေသြဇာလုပ်နည်းကို လူငယ်တွေ အတူတကွလေ့လာသင်ယူနေကြတာပါ။
ဒါကတော့ Clean Mountains အဖွဲ့က ကရင်နီပြည်နယ်၊ ဒီမောဆိုအနောက်ဖက်ခြမ်းမှာပြုလုပ်တဲ့ ရေအရင်းအမြစ် ထိန်း သိမ်းရေးနဲ့ စိုက်ပျိုးရေးနည်းစနစ်သင်တန်းရဲ့ သဘာဝမြေသြဇာပြုလုပ်နေတဲ့ မြင်ကွင်းတခုပဲဖြစ်ပါတယ်။
တောင်တန်းဒေသပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ဆောင်နေတဲ့ Clean Mountains အဖွဲ့ကို ဦးဆောင်သူကတော့ အသက် ၂၆ နှစ်အရွယ် ပတ်ဝန်းကျင်တက်ကြွလှုပ်ရှားသူဥဥပါ။ အသားဖြူဖြူ၊ ဆံပင်နီညိုရောင်နဲ့ အမြဲပြုံးရွှင်တက်ကြွတဲ့ဟန်ပန်ရှိ တဲ့ဥဥဟာ သဘာဝအလှတွေကို ချစ်မြတ်နိုးပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် စိတ်အားထက်သန်သူတဦးဖြစ်ပါတယ်။
Tourism ဘာသာရပ်နဲ့ကျောင်းပြီးထားတဲ့ ဥဥက ၂၀၁၈ ခုနှစ်ကတည်းက ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့အစည်းတွေမှာ ဗော်လန်တီယာအဖြစ်နဲ့ အမှိုက်ကောက်တာ၊ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တယ်။

အာဏာသိမ်းပြီးနောက်မှာလည်း စွန့်ပစ်အမှိုက်စီမံခန့်ခွဲမှုနဲ့ ပလပ်စတစ်အမှိုက်လျော့ချရေးလှုပ်ရှားမှုတွေကို နယ်မြို့နဲ့ ကျေး လက်အချို့မှာ လုပ်ဆောင်ခဲ့ရင်း နိုင်ငံအချို့မှာလည်း သဘာဝပတ်ဝန်းကျင်နဲ့ဆိုင်တဲ့ပညာရပ်တွေကို ကာလတိုလေ့လာဖြစ် ခဲ့တယ်။
ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်နေပေမယ့်လည်း စစ်ကောင်စီနဲ့ တိုက်ပွဲအကြီးအကျယ်ဖြစ်ပွားနေတဲ့ဒေသက ပြည် သူတွေမှာ စစ်ဒဏ်အပြင် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးပြီး သဘာဝဘေးအန္တရာယ်တွေ ဒဏ်ခံနေရတာတွေကိုလည်း ဥဥသတိပြုမိပါတယ်။
ပြည်သူတွေမှာ စစ်ဘေးအတွက်ပူပန်ရ၊ သဘာဝဘေးအန္တရာယ်ကြောင့် ရွေ့ပြောင်းရ၊ ဒေသအချို့မှာလည်း ရေရှားပါးတာ တွေကြုံရနဲ့ လူလုပ်စစ်ဘေးရော၊ သဘာဝကပ်ဘေးရော ရင်ဆိုင်နေရတဲ့အခါ ဒါတွေကိုလျော့ပါးစေဖို့ ဘာတွေ လုပ်ဆောင် နိုင်မလဲဆိုတာ တွေးတောခဲ့တယ်။
ဒီလိုနဲ့ စစ်ကောင်စီရဲ့ စစ်မှုထမ်းဉပဒေထွက်ပေါ်လာပြီး လူငယ်တွေမှာ နည်းလမ်းအမျိုးမျိုးနဲ့ စစ်မှုထမ်းကိုရှောင်ရှားနေချိန် သူလည်း စစ်မှုထမ်းအသက်အရွယ်နဲ့ အကျုံးဝင်နေတာကြောင့် ဒီဥပဒေကိုရှောင်ရှားဖို့ ပြင်ဆင်ခဲ့တယ်။ နိုင်ငံရပ်ခြား ထွက်ခွာပြီး ပညာဆက်သင်မလား၊ ပြည်တွင်းက ဒေသတခုခုမှာပဲ နေထိုင်မလားဆိုတာစဥ်းစားခဲ့ရတယ်လို့ သူကဆိုပါတယ်။
နိုင်ငံခြားမှာ ပညာသင်ကြားပြီးရင်လည်း တတ်လာတဲ့ပညာကို ပြည်တွင်းမှာပဲ ပြန်အသုံးချမှာဖြစ်တဲ့အတွက် လက်ရှိတတ် ကျွမ်းပြီးသားပညာနဲ့ပဲ တော်လှန်ရေးဒေသတခုခုမှာ နေထိုင်ရင်း၊ နိုင်တဲ့ဘက်ကနေ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေ ကို လုပ်ဆောင်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။
“မြေပြင်မှာလုပ်နေရတဲ့အတွေ့အကြုံတွေ ပြည်သူလူထုရဲ့စကားသံကို ကြားခဲ့ရလေလေ၊ ပိုလုပ်ချင်လာလေလေပေါ့။ ပညာ သင်တာက နိုင်ငံရေးပြန်ကောင်းမှပဲ သွားလည်းရတယ်။ အခုတလော ဖြစ်ပျက်နေတဲ့အနေအထားမှာ ပြန်တည်ဆောက်ဖို့က ကိုယ်တွေမှာပဲ တာဝန်ရှိတယ်လို့ ယူဆတယ်” လို့ သူကပြောပါတယ်။
လက်ရှိမှာ သူမြင်ရတဲ့ ပတ်ဝန်းကျင်အခြေအနေက သစ်တောပြုန်းတီးတာ၊ အကြီးစားသတ္တုတူးဖော်ရေးတွေကြောင့် ရေထု ညစ်ညမ်းတာ၊ ရေရှားပါးတာ၊ ရေကြီးရေလျှံတာလို ရာသီဉတုကပ်ဘေး၊ သဘာဝကပ်ဘေးတွေ ကြုံနေရတာဖြစ်ပါတယ်။
စစ်ပွဲတွေကြောင့် အထွေထွေကြပ်တည်းမှုတွေနဲ့ နေထိုင်နေရတဲ့ပြည်သူတွေမှာ ပြန်လည်ထူထောင်ရေးတွေ မစနိုင်ရင် တောင် ပတ်ဝန်းကျင်ကို ဒီထက်ပိုမပျက်စီးစေဖို့ ပြည်တွင်းမှာပဲ နေထိုင်ရင်း ထိန်းသိမ်းရေးလုပ်ငန်းတွေကို လုပ်ဆောင်ဖို့ ရွေးချယ်ခဲ့တယ်။
ဒီအတွက် ကရင်နီနဲ့ ကရင်ပြည်နယ် ဒေသအချို့က ပတ်ဝန်းကျင်ထိန်းသိမ်းရေးကွန်ယက်တွေနဲ့ ချိတ်ဆက်ပြီး ပဋိပက္ခဒေသ အချို့ကို သွားရောက်ကာ ရေအရင်းအမြစ်ထိန်းသိမ်းရေး၊ အမှိုက်စနစ်တကျ စွန့်ပစ်ရေး၊ သစ်တောသစ်ပင်ထိန်းသိမ်းရေး ကိစ္စတွေကို ဒေသခံလူငယ်တွေနဲ့ ပူးပေါင်းလုပ်ဆောင်တာ လူထုအခြေပြုကျောင်းတွေမှာ အမှိုက်နဲ့ ပတ်သက်တဲ့စီမံခန့်ခွဲမှု တွေကို သင်တန်းပေးတာတွေကို လုပ်ဆောင်ခဲ့တယ်။
လက်ရှိမှာတော့ ကရင်နီဒေသမှာ နေထိုင်ရင်း စွန့်ပစ်အမှိုက် စီမံခန့်ခွဲမှု ရေထိန်းသိမ်းရေး၊ မြေဆီလွှာထိန်းသိမ်းရေးနဲ့ သစ် တောသစ်ပင်ပြန်လည်ထူထောင်ရေးတွေကို လုပ်ဆောင်ရင်း တောင်တန်းဒေသတွေကို ထိန်းသိမ်းဖို့နဲ့ တောင်တန်းဒေသတွေ က သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းဖို့ရည်ရွယ်ချက်တွေနဲ့ Clean Mountains ဆိုတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအဖွဲ့လေးကို ၂၀၂၅ နှစ်ဆန်းပိုင်းမှာ ဖွဲ့စည်းခဲ့တယ်။
Clean Mountain က အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းတစ်ဖွဲ့ရဲ့ လူသားချင်းကူညီမှုအစီအစဉ်နဲ့ Environmental Rehabili-tation Project ကို ကရင်နီပြည်နယ်ရဲ့ ကျေးရွာ ၅ ရွာမှာ လုပ်ဆောင်လျက်ရှိပါတယ်။ ဒီအစီအစဉ်မှာ သစ်တောသစ်ပင် တွေထိန်းသိမ်းတာ၊ စွန့်ပစ်အမှိုက်စီမံခန့်ခွဲတာ၊ ဒေသခံတွေအတွက် ရှေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းစနစ်တွေ ဖော် ဆောင်တာတွေ လုပ်ဆောင်ပါတယ်။
ကျေးရွာအချို့မှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီကို ရွာခံ၊ စစ်ရှောင်တွေနဲ့အတူ ဖွဲ့စည်းပြီး လူထုအခြေပြု အမှိုက်သိမ်းစနစ်ကို ရွာအချို့မှာ အကောင်အထည်ဖော်ဆောင်ရွက်တာ၊ အမှိုက်စို အမှိုက်ခြောက် ခွဲခြားစွန့်ပစ်တာ၊ အမှိုက် ကို စနစ်တကျမီးရှို့ဖို့၊ အမှိုက်မစွန့်ပစ်စေဖို့ အမှိုက်ကောက်အမှိုက်သိမ်းတာတွေကိုလည်း ဆောင်ရွက်ကြပါတယ်။
ကရင်နီဒေသက တိုက်ပွဲပြင်းထန်တဲ့ဒေသဖြစ်ပြီး ရွှေ့ပြောင်းနေထိုင်ရတဲ့စစ်ရှောင်တွေ များလာတာနဲ့အမျှ အမိုးအကာ အတွက် သစ်ဝါးတွေကို သုံးစွဲရသလို တဖက်မှာလည်း လျှပ်စစ်မီးမရရှိတာကြောင့် ထင်းကိုသာ အားကိုးအားထားပြုတာ၊ ရွှေ့ပြောင်းတောင်ယာကို အဓိကလုပ်ကိုင်ကြတဲ့အတွက် နောက်ဆက်တွဲ သစ်တောပြုန်းတီးတာတွေရှိလာပြီး ရေအရင်း အမြစ်တွေ ပျက်စီးတာ၊ ရေကြီးရေလျှံတာတွေ ဖြစ်နှုန်းများလာပါတယ်။
၂၀၂၄ တုန်းက ကရင်နီဒေသမှာ ဖြစ်ပွားခဲ့တဲ့ ရေကြီးမှုကြောင့် ၂၄ ဦးသေဆုံးပြီး မြို့နယ် ၅ ခုမှာ လူဦးရေ သုံးသောင်းကျော် ရေဘေးသင့်ခဲ့သလို စစ်ရှောင်စခန်း ၁၀ ခုထက်မနည်း ရေကြီးနစ်မြုပ်တာ၊ မြေပြိုတာ လမ်းတံတားတွေပျက်စီးပြီး ဆက် သွယ်ရေးတွေပါ ပြတ်တောက်ခဲ့ရတယ်။
ပြည်သူတွေက သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းဖို့ မေ့လျော့နေပေမယ် သဘာဝဘေးအန္တရာယ်တွေကတော့ လူတွေအ ပေါ် ပိုမိုခြိမ်းခြောက်လာတာကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုတာကို လစ်လျူရှုထားလို့မရမှန်း ပြည်သူတွေ သိလာကြ တယ်လို့ ဥဥက ဆိုပါတယ်။
သူကရင်နီပြည်နယ်ကို ရောက်စတုန်းက ပြည်သူတွေက စစ်ဒဏ်ဗုံးဒဏ်ကြား ကျင်လည်ရတော့ ပတ်ဝန်းကျင် ထိန်းသိမ်း ရေးကို စိတ်ဝင်စားမှု အားနည်းကြပေမယ့် ပတ်ဝန်းကျင်ထိခိုက်မှု ပျက်စီးမှုအန္တရာယ်ကို လက်တွေ့ကြုံလိုက်ရတဲ့အခါ ထိန်း သိမ်းရေးလုပ်ငန်းတွေမှာ လူထုက စိတ်ဝင်စားလာပြီး စည်းရုံးရတာလည်း ပိုလွယ်ကူလာတယ်လို့ဆိုတယ်။
“ကရင်နီမှာ ရေကြီးတဲ့ဘေးအန္တရာယ်ကို လက်တွေ့ခံစားလိုက်ရတော့ သူတို့လုပ်သင့်ပြီဆိုတာကို သိမြင်စေတဲ့ ဥပမာတစ်ခု ဖြစ်လာတယ်” လို့ ဥဥက ဆိုတယ်။
ဒါပေမယ့် စစ်ဘေးသင့် ပြည်သူတွေမှာ စစ်ဒဏ်၊ လေယာဉ်ဒဏ်တွေအပြင် သဘာဝဘေးဒဏ်လည်း ကြုံတွေ့နေရတဲ့အတွက် အကြောက်တရားတွေ၊ စိတ်ဒဏ်ရာတွေ၊ ကိန်းအောင်းနေတာကြောင့် သူတို့စိတ်ဒဏ်ရာအပေါ် ထပ်ဆင့်ထိခိုက်မှုမဖြစ်စေဖို့နဲ့ စစ်ရှောင်နဲ့ ဒေသခံတွေအကြား ပဋိပက္ခတွေ ထပ်မကြုံရအောင်တော့ ဂရုပြုလုပ်ဆောင်ရတယ်လို့ဆက်ပြောတယ်။
လက်ရှိမှာတော့ Clean Moutains ကနေ အမှိုက်စီမံခန့်ခွဲမှုအပြင် ရေရှည်တည်တံ့တဲ့ စိုက်ပျိုးရေးနည်းစနစ် ဖြစ်စေဖို့ အတွက် သဘာဝမြေသြဇာ မြေဆွေး၊ ပိုးကာဆေးစသဖြင့် စိုက်ပျိုးရေးနည်းစနစ်တွေကိုလည်း အသိပညာပေးတာ၊ သစ်ပင် စိုက်ပျိုးတာ၊ ဒေသခံတွေစီးပွားရေးအတွက် ဘေထုတ်ဆိုင်တွေ ဖွင့်လှစ်ပေးတာတွေ လုပ်ဆောင်လျက်ရှိပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ နိုင်ငံတကာအကူအညီနဲ့ လုပ်ဆောင်နေတဲ့ထိန်းသိမ်းရေးလုပ်ငန်းတွေ ရပ်တန့်ခဲ့ရသလို သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးစေတဲ့ သတ္တုတူးဖော်ရေးလုပ်ငန်းတွေ၊ သစ်တောပြုန်းတီးမှုတွေကလည်း ပိုတိုးလာပြီး သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုတွေလည်း ပိုမိုဆိုးဝါးလာပါတယ်။
ပြည်သူတွေမှာလည်း စစ်ဘေးဒဏ်၊ လူမှုစီးပွားကြပ်တည်းမှုတွေကြောင့် ပတ်ဝန်းကျင်ပြန်လည်ထိန်းသိမ်းရေးလုပ်ငန်းတွေ က နောက်ရောက်နေပြီး ပတ်ဝန်းကျင်ထိခိုက်မှု အကျိုးဆက်တွေကတော့ ခံစားနေရဆဲဖြစ်ပါတယ်၊ ဒီအတွက်လည်း စစ် ဘေးနဲ့အတူ ထိန်းသိမ်းရေးကိုပါ မမေ့လျော့ဘဲ လုပ်ဆောင်သင့်ပြီလို့ ဥဥက ဆိုပါတယ်။
“စစ်ကိုလည်းတိုက်၊ ကိုယ့်ပြည်နယ်ကိုယ့်နေရာဒေသကို ပြန်လည်တည်ထောင်တာကိုလည်း တပြိုင်နက်တည်း လုပ်သင့် တယ်” လို့ ဥဥက ပြောပါတယ်။
လက်ရှိမှာလည်း ဒေသအချို့မှာ ရွှေတူးဖော်ရေးတွေ၊ မြေရှားလိုအကြီးစားသတ္တုတူးဖော်ရေးတွေကြောင့် မြစ်ချောင်းအင်း အိုင်တွေ ညစ်ညမ်းပြီး ပတ်ဝန်းကျင်နဲ့ လူမှုဘဝတွေ ထိခိုက်နေပေမယ့်လည်း ဒါတွေကို တားဆီးဖို့ လစ်လျူရှုခံထားရပါ တယ်။
ကရင်နီမှာလည်း သတ္တုတူးဖော်ရေးကြီးကြီးမားမားတွေရှိသေးသလို၊ သစ်တောပြုန်းတီးမှုက ဒီထက်ပိုများလာရင်တော့ ရေ အရင်းအမြစ်တွေ ပျောက်ဆုံးပြီး ရေရှားပါးတာ၊ ရေကြီးရေလျှံတဲ့အန္တရာယ်တွေက ပိုကြုံတွေ့လာဖွယ်ရှိနေပါတယ်လို့ သူက ဆို ပါတယ်။
ဒါ့အပြင် လမ်းပန်းဆက်သွယ်ရေးတွေ ခက်ခဲလာမှုကြောင့် စားနပ်ရိက္ခာနဲ့ ကုန်စည်စျေးနှုန်းက ပိုကြီးမြင့်လာပြီး ပြည်သူတွေ ပိုမိုကြပ်တည်းလာနိုင်တဲ့အတွက် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပြီး ကိုယ့်အရပ်ဒေသမှာပဲ ပြန်လည်ထုတ်လုပ်တဲ့ နည်းစနစ်ကို လုပ်ဆောင်ဖို့လိုတယ်လို့ ဆက်ပြောပါတယ်။
ဒေသတခုနဲ့တခုမှာ ပတ်ဝန်းကျင်ထိခိုက်မှုအခြေအနေ မတူညီပေမယ့် သဘာဝပတ်ဝန်းကျင်ထိခိုက်ပျက်စီးပြီး သဘာဝဘေး အန္တရာယ် ကြုံတွေ့ရတာချင်းတူတဲ့အတွက် ဒီအခက်အခဲတွေကို ဖြေရှင်းဖို့က ပြည်သူတဦးချင်းစီမှာတာဝန်ရှိတယ်လို့ ဥဥက ယုံကြည်ထားတာပါ။
သဘာဝဘေးအန္တရာယ်တွေ ပိုဆိုးဝါးမလာခင် ကာကွယ်လျှော့ချလို့ရတဲ့ အခွင့်အရေးတွေက ဒေသခံပြည်သူတွေ လက်ထဲမှာ ရှိတဲ့အတွက် မိမိတို့ရဲ့ရှင်သန်ရေးအပြင် မျိုးဆက်သစ်တွေရဲ့ အနာဂတ်အတွက် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အရှိန်မြှင့်လုပ်ဆောင်ရမယ့်အချိန်ရောက်နေပြီဆိုတာ နှစ်စဉ်ဆိုးဝါးလာတဲ့ဘေးအန္တရာယ်တွေက မီးမောင်းထိုးပြနေပြီလို့ ဥဥ က ဆိုပါတယ်။












