စားဖိုဆောင်ဆိုတာ မေတ္တာနဲ့ ဖွဲ့နွဲ့ထားတဲ့နေရာ

ဝါနုဖူးသစ်

မြန်မာအမျိုးသမီးအများစု အိမ်ထောင်ကျသွားတဲ့အခါ မီးဖိုချောင်ဟာ သူတို့ အပိုင်စားရတဲ့ နေရာဖြစ်လာပါ တယ်။ အမျိုးသမီးဆိုတာ အိမ်ထောင်မှု၊ အချုပ်အလုပ်၊ အချက်အပြုတ် နိုင်နင်းရမယ်ဆိုတဲ့ မွေးရာပါ ပြဌာန်းချက်လိုမျိုး မိသားစုထမင်းဝိုင်းအတွက် “စားဖိုမှူးရာထူး”ကို အလိုလို ခန့်အပ်ခံရတတ်ကြပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာ မြန်မာအမျိုးသမီးသမီးအများစုဟာ  မြန်မာ့ဓလေ့ယူဆချက်တွေနဲ့  အလိုလျှောက် ခန့်အပ်ထားကြတဲ့ အဲ့ဒီ “စားဖိုမှူးရာထူး” အပေါ်  အလုပ်တခုအနေနဲ့ အသိအမှတ်ပြု မခံကြရပါဘူး။ မိသားစု အတွက် ချက်ပြုတ်ပေးရတဲ့ အဲဒီ “စားဖိုမှူးရာထူး”ဟာ ဝင်ငွေရ အလုပ်တခုလည်း မဟုတ်နေပြန်ပါဘူး။

အသက်မွေးဝမ်းကျောင်းပညာရပ်နယ်ပယ်မှာတော့ စားဖိုမှူးဆိုတာ ပညာရှင်အဆင့် အလုပ်အကိုင်တခုဖြစ်ပြီး နိုင်ငံတကာအဆင့်အထိ ချက်ပြုတ်နိုင်တဲ့ သူတွေအတွက် ဝင်ငွေကောင်းတဲ့ ရာထူးတခုပါ။ မွေးလာကတည်းက စားဖိုဆောင်ဟာ အမျိုးသမီးတွေအတွက်လို့ သတ်မှတ်ခံခဲ့ရပေမယ့် ဟိုတယ်နဲ့ စားသောက်ဆိုင်ကြီးတွေရဲ့ လုပ်ငန်းခွင်နဲ့ စားဖိုးမှူးရာထူးနေရာကို စားဖိုဆောင်မှာတော့ အမျိုးသမီးတွေဟာ နေရာမရကြခြင်းက ထူးခြားတဲ့ အချက်တခုပါ။

ပ‌ရော်ဖက်ရှင်နယ် စားဖိုမှုးဆိုတဲ့ အဲဒီလို နေရာမျိုးမှာ အမျိုးသမီးဖြစ်နေခြင်းကြောင့် လုပ်ဖော်ကိုင်ဖက် အမျိုးသားတွေက အကဲစမ်းမှုတွေ၊ ပညာစမ်းမှုတွေ၊ ခွဲခြားနှိမ်ချ ဆက်ဆံလိုခြင်းတွေကို ရင်ဆိုင်ကြရသူတွေထဲ ဥရောပနိုင်ငံတွေမှာ စားဖိုမှူးအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ မြန်မာအမျိုးသမီးတဦးဖြစ်သူ Chef Yin လည်း အပါအဝင်ဖြစ်ပါတယ်။

Chef Yin ဟာ လုပ်ငန်းခွင်အတွင်း မိန်းမဖြစ်ခြင်းကြောင့် နေရာပေးခြင်းမခံရမှုသာမက တဆင့်နှိမ့် ခွဲခြား ဆက်ဆံ ခံရခြင်းတွေအပေါ် မြန်မာအမျိုးသမီးတယောက်အနေနဲ့ အလျှင်းသင့်ရင် သင့်သလို တွန်းလှန် တုန့်ပြန်နေသူ၊ အမျိုးသမီးတွေအပေါ် သူ့အမြင်၊ သူ့ခံယူချက်တွေနဲ့ တိုက်တွန်းအားပေးတတ်သူ တယောက် ဖြစ်ပါတယ်။ 

သူက “ကြက်မ တွန်လို့ မိုးမလင်းဘူး တဲ့၊ မြန်မာဆိုရိုးစကား။ ကြက်မ တွေချည်း တွန် ပြီး မိုးလင်းခဲ့ရတဲ့ မိသားစုက ကြီးပြင်းလာခဲ့တာ၊ အဖွား၊ အမေ၊  အဒေါ် ၊ ကြီးတော်တွေအကုန် အာဂအမျိုးသမီးတွေ ချည်းပဲ။ ရှိသမျှ Stereotypical Norms(ပုံသေကားချသတ်မှတ်ချက်စံနှုန်း)တွေကို ဖောက်ဖျက် ဒူးနဲ့ တက်တိုက်ပြီး မိန်းမတွေချည်း ဦးစီးတဲ့အိမ်က ပျိုးထောင်ပေးခဲ့တာမို့ stereotypical ယောကျာ်းတွေ အမြင်မှာ အမြင်ကပ်စရာကောင်းပြီး မြန်မာလူ့အဖွဲ့အစည်းဘောင်ထဲမှာတော့ ဘောင်ဝင်နေတဲ့ မိန်းမ တယောက်မဟုတ်ဘူး” လို့ သူ့ကိုယ်သူ ဒီလိုဖော်ပြထားပါတယ်။

ဒီလိုအတွေးအမြင် တဆင့်မြင့်တဲ့ အမျိုးသမီးတယောက်အနေနဲ့တောင်မှ သူ့ရဲ့ လုပ်ငန်းခွင်မှာ ကျား၊ မ ခွဲခြားဆက်ဆံခံရခြင်းတွေကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။

“စားဖိုဆောင် (Kitchen) ဆိုတာ အမျိုးသမီးတွေအတွက်နေရာမဟုတ်ဘူး၊ စားဖိုမှူး (Chef) ဆိုတဲ့အလုပ်မျိုးက အမျိုးသမီးတွေအတွက် မဟုတ်ဘူး ဆိုတဲ့ ဒီစကားတွေက လုပ်ငန်းခွင်မှာ ခဏခဏ ကြားရတဲ့ စကား” လို့ သူက လူမှုကွန်ရက်မှာ ရင်ဖွင့် ရေးသားခဲ့ပါတယ်။

အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ မသဥ္ဇာရွှန်းလဲ့ရည် က “မီးဖိုချောင်ဆိုတာ မိန်းမတွေကို မိရိုးဖလာ နေရာချကြတဲ့နေရာပါ၊ သို့သော် free labor အတွက်သက်သက်ဆိုတာ ပေါ်လွင်စေတဲ့ သက်သေခံချက်တခုပါ” လို့ ဆိုပြီး Chef Yin ရဲ့ အမျိုးသမီးဖြစ်လို့ ခွဲခြားနှိမ်ချခံရခြင်းအပေါ် မျှဝေထားတဲ့ ပို့စ်ကို မှတ်ချက်ပြု ထပ်ဆင့်မျှဝေခဲ့ပါတယ်။

Chef Yin က “ရာထူးချင်းအတူတူ၊ အရည်အသွေးချင်းတူတူကိုတောင်မှ ယောက်ျားလေးတွေ တိုက်မယူရတဲ့ အရာတွေကို မိန်းမတွေက Kitchen ထဲမှာ တိုက်ယူနေရတယ်၊ ကျမကိုယ်တိုင် ရာထူးတခုနဲ့ သူများတွေကို ပြန်အုပ်ချုပ်ရတဲ့ Level ရောက်တာတောင်မှ မိန်းမတယောက်ဖြစ်နေတဲ့အတွက် ယောက်ျားလေး စားဖိုမှူး တယောက်ကို မေးခွန်းမထုတ်တဲ့အရာကို အစ်မတို့က အထုတ်ခံရတယ်၊ ပညာစမ်းသလိုလိုနဲ့ မထိတထိ မေးတာမျိုးကြုံရတယ်” လို့ လုပ်ငန်းခွင်အတွေ့အကြုံကို ထုတ်ပြောပြပါတယ်။

နိုင်ငံတကာအဆင့်အထိ ထိုးဖောက်နိုင်တဲ့ မြန်မာအမျိုးသမီး စားဖိုမှူးဖြစ်သူ Chef Yin ရဲ့ နောက်ထပ် အတွေ့အကြုံတခုက ဥရောပနိုင်ငံတခုမှာ အာရှနိုင်ငံသား အမျိုးသားစားဖိုးမှူးတယောက်နဲ့ လုပ်ငန်းခွင်တခုတည်း လုပ်ကိုင်ခဲ့ရစဉ် အမျိုးသမီးဖြစ်နေတဲ့အတွက် ခွဲခြားဆက်ဆံတာမျိုးကို ကြုံခဲ့ရတာပါ။

အိန္ဒိယလူမျိုး စားဖိုမှူးတယောက်ဟာ သူ့ကို “Chef ရဲ့ မိန်းမလက် သေးသေးလေး နဲ့ နယ်လို့ကတော့ ငါတို့လဲ ဒီ Foccacia (အီတလီစတိုင် ပေါင်မုန့် တမျိုး) ကို စားရတော့မှာ မဟုတ်ဘူး၊  မိန်းမ က မိန်းမ အလုပ်လုပ်၊  ယောက်ျားက ယောကျာ်း အလုပ်လုပ်တာပဲ ကောင်းတယ်” လို့ သူ့အပေါ် နှုတ်အားဖြင့် စော်ကားခဲ့ပါတယ်။

မိန်းမဖြစ်ခြင်း၊ ယောကျာ်းဖြစ်ခြင်း၊ အသက်ကြီးခြင်း၊ အသက်ငယ်ခြင်းတွေထက် လူတယောက်ရဲ့ လုပ်ကိုင်စွမ်းဆောင်နိုင်ခြင်းကို တန်ဖိုးထားတဲ့ ဥရောပနိုင်ငံတခုဖြစ်တာကြောင့် ကျန်လုပ်ဖော်ကိုင်ဖက် စားဖိုမှူးတွေနဲ့ လုပ်ငန်းခွင့်စီမံခန့်ခွဲရေးတာဝန်ရှိသူတွေဟာ Chef Yin ဘက်က မားမားမတ်မတ် ရပ်တည်ပေးခဲ့ကြတယ်လို့ သူက သူ့လူမှုကွန်ရက်ပေါ်မှာ မျှဝေခဲ့တယ်။

“Dutch chef တွေက Foccacia Dough နယ်တာ ဘယ်သူနယ်နယ် အချိန် ဒီလောက်ပဲ ကြာခဲ့တာ၊  ငါတို့ နယ်လဲ ဒီလောက်ပဲ ကြာတယ်၊ မင်း နယ်လဲ ဒီလောက်ပဲ၊ မင်း ဒီလိုစကားမျိုးကို မိန်းကလေး Executive Chef ကိုမို့ ပြောရဲတာ၊ အရင် Chef Milke တုန်းက မင်းပြောရဲခဲ့လား၊ အခုချက်ချင်း ငါတို့ Chef တို့ပြန်တောင်းပန်လိုက်စမ်းဆိုပြီး ချက်ချင်းပြောခဲ့ကြတာပါ” လို့ သူ့အတွေ့အကြုံကို အသေးစိတ်ရေးပြ ခဲ့တယ်။ 

အမျိုးသမီး စားဖိုမှူးတယောက် ဖြစ်လာဖို့အတွက် အမျိုးသားတွေထက်ပိုပြီး တော်ကြောင်း တက်ကြောင်းကို သက်သေပြပေးရတယ်လို့ Chef Yin က ဆိုတယ်။

မိခင်တွေဟာ သားယောက်ျားလေးတွေကို မီးဖိုချောင်ကိစ္စ မခိုင်းကြသလို အမျိုးသားတဦးက မိသားစု စားဖို့ ချက်ပြုတ်ပြင်ဆင်ပေးတယ်ဆိုရင်ပဲ အများအမြင်မှာ တမူထူးခြားသူ၊ မိသားစုကို ချစ်ခင်သူ၊ အမျိုးသမီးအပေါ် နားလည်သိတတ်သူ အဖြစ်မြင်ကြတယ်။

အမျိုးသားတဦး စားဖိုဆောင်မှာ ကျွမ်းကျင်စွာ ချက်ပြုတ်နိုင်တာနဲ့ “Chef” လို့ဂုဏ်ယူစွာ ခေါ်ကြပေမယ့် အမျိုးသမီးတဦးက အလားတူ စွမ်းဆောင်ရည်ရှိနေရင်တောင် ထိပ်တန်းစားဖိုမှူးတဦး ဖြစ်ဖို့ဆိုရင်တော့ ပိုပြီးကြိုးစားပြဖို့ လိုနေတာကို Chef Yin အတွေ့အကြုံတွေက သက်သေပြနေတာပါ။

လူ့အခွင့်အရေးနဲ့ ကျားမတန်းတူရေးတွေမှာ ရှေ့ရောက်နေတဲ့ ဥရောပလို နိုင်ငံမျိုးတွေမှာ လုပ်ကိုင်နေတဲ့ Chef Yin ရဲ့အတွေ့အကြုံက တဦးတည်းသက်သေဆိုတာထက် ပိုပါတယ်။ လုပ်ဖော်ကိုင်ဖက် အမျိုးသားစားဖိုမှူးတွေ နားနေချိန်မှာ မနားမနေ စာဖတ်တာ၊ ဟင်းပွဲပြင်ဆင်တာ၊ နေ့မအိပ် ညမအိပ် အလုပ်ကြိုးစားပေမယ့် အမျိုးသမီး တယောက်ဖြစ်နေတဲ့အတွက် ရာထူးတိုးရာမှာဖြစ်စေ၊ မွမ်းမံသင်တန်းတက်ရောက်ခွင့်မှာဖြစ်စေ၊ နာမည်ကျော် စားဖိုမှူးတွေနဲ့ လက်တွဲလုပ်ဆောင်ခွင့် အခွင့်အရေးတွေမှာဖြစ်စေ နောက်ချန်ထားခံခဲ့ရတဲ့ အတွေ့အကြုံတွေကို သူဖြတ်သန်းခဲ့ရတယ်လို့ မျှဝေခဲ့ပါတယ်။

ပုံမှန်အခြေအနေမှာ စားဖိုဆောင်ကို အပိုင်စားပေးခံရတဲ့ အမျိုးသမီးတွေဟာ စားဖိုမှူးတယောက်ဖြစ်ဖို့ဆိုရင် ဘယ်လိုအခက်အခဲတွေနဲ့ ရင်ဆိုင်နေရလဲဆိုတာကို ထုတ်ဖော်ပြောဆိုလိုက်တဲ့ အသံပါပဲ။

Chef Yin လိုပဲ ကိုရီးယားနိုင်ငံမှာ စားဖိုဆောင် ဝန်ထမ်းအဖြစ်လုပ်ကိုင်နေတဲ့ မဟေမာကလည်း စားဖိုဆောင်မှာ နိုင်ငံခြားသား အမျိုးသမီးတယောက်အနေနဲ့ အခက်အခဲတွေ သိပ်များတယ်လို့ ဆိုတယ်။

သူဟာ စားသောက်ဆိုင်ရဲ့ ဝန်ဆောင်မှု (Service) ဝန်ထမ်းအဖြစ် အရင်ကလုပ်ကိုင်ခဲ့ပြီး မန်နေဂျာရာထူး တိုးခဲ့ပြီးနောက်မှ သူ့ရဲ့တောင်းဆိုမှုကြောင့် စားဖိုဆောင်မှာ လုပ်ကိုင်ခွင့်ရခဲ့တာပါ။

မ‌‌ဟေမာက “စားဖိုဆောင်မှာ ယောက်ျားတွေချည်းရှိတယ်၊ မိန်းကလေးက ပထမဆုံးပဲဆိုတော့ ရောက်လာတာနဲ့ ခနဲ့တာပေါ့၊ နင်လား ရာထူးတိုးပြီးရောက်လာတာဆိုပြီး အမေးခံရတယ်၊ Service ကနေ ရောက်လာလို့ ဆိုပြီး စားဖိုဆောင်မှာ သူများမလုပ်ချင်တဲ့အလုပ်တွေအကုန်လုပ်ရတယ်၊ တအားကိုပင်ပန်းခဲ့တာ” လို့ သူ့ စားဖိုဆောင် ကနဦးကာလ စိန်ခေါ်မှုတွေနဲ့ ရုန်းရကန်ရတာတွေကို ပြောပြတယ်။

အဲဒီလို အခပေး စားဖိုဆောင်ထဲမှာ ကျွမ်းကျင်အမျိုးသမီးတွေ နေရာတနေရာရဖို့ လက်သီးကို ကျစ်ကျစ်ပါဆုပ် တောင့်ခံခဲ့ရပေမယ့် လုပ်ခမရတဲ့ မိသားစုမီးဖိုချောင်ထဲကျတော့ မြန်မာလူ့အဖွဲ့အစည်းရဲ့ စံနှုန်းတွေအရ မိန်းမကောင်းဖြစ်ဖို့၊ အိမ်ထောင်ထိန်းကောင်း ဖြစ်ဖို့ဆိုပြီး ဖိအားပေးခံရ၊ မလွဲမသွေထမ်းဆောင်ရမယ့် တာဝန်ပမာ တွန်းပို့ခံနေရဆဲပါ။ 

ကလေးမီးမဖွားခင်က ဝင်ငွေရအလုပ်တခုနဲ့ ရပ်တည်ခဲ့တဲ့ အိမ်ထောင်ရှင် အမျိုးသမီး မသက်နွယ်ဟာ  ကလေး မွေးပြီးနောက်ပိုင်း ကလေးထိန်းဖို့နဲ့ အိမ်ထောင်မှုကိစ္စ ကူသူမဲ့အခြေအနေအရ အလုပ်ထွက်လိုက်ရ၊ အိမ်အလုပ် တွေသာ သူ့ ဘဝ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။

“မနက်လင်း အိပ်ရာနိုးတာနဲ့ ကလေးတွေစားဖို့၊ အမျိုးသား ထမင်းချိုင့်ဖို့ အပြေးအလွှားချက်ပြုတ် ပြင် ဆင်ရတယ်၊ မနက်တကြိမ်၊ ညနေတကြိမ် မီးဖိုချောင်ဆိုတာ ကိုယ့်အတွက်သီးသန့်နေရာပါပဲ၊ ချက်ပြုတ်ပြီး လည်း တနေကုန်အနားမရပါဘူး၊ အိမ်ရှင်း၊ ကလေးထိန်း၊ အဝတ်လျှော်နဲ့ တနေ့ ဘယ်လိုကုန်သွားမှန်းမသိဘူး၊ ဒါတွေလုပ်နေရပေမဲ့ ကိုယ်က အိမ်ထောင်စုဇယားမှာ အလုပ်အကိုင်က မှီခို” လို့ သားသည်အမေ အိမ်ထောင်ရှင် အမျိုးသမီး မသက်နွယ်က သက်ပြင်းတွေနဲ့  ဖွဲ့နွဲ့ပြတယ်။

သူက “အမျိုးသားဆို ဒီမီးဖိုချောင်ထဲ ဆားဘူး ဘယ်နားမှန်း၊ ဆီဘူး ဘယ်နားမှန်းတောင် သိတာမဟုတ်ဘူး” လို့ ဆိုပါတယ်။

မသက်နွယ်တယောက် အရင်က အလုပ်ရှိခဲ့ပေမယ့် ဝင်ငွေရတဲ့အလုပ်ကိုစွန့်လွှတ်ပြီး ဘာ့ကြောင့် ဝင်ငွေမရ၊ အသိအမှတ်ပြုခြင်းမခံရတဲ့ စားဖိုဆောင်ထဲ ဝင်နေရတာပါလဲ။

လိုအပ်ချက်အရ လုပ်ကိုင်နေရတာဖြစ်ပြီး ဒီအလုပ်ဟာ မိသားစုအတွက် မေတ္တာနဲ့ လုပ်ကိုင်နေကြတာမို့ တစုံတရာ တန်ဖိုးရှိတဲ့အလုပ်ဆိုတာ အသိအမှတ်ပြုဖို့လိုပါတယ်။

ဒီနေ့အချိန်မှာ မိန်းမတစ်ယောက်ဟာ အပြင်အလုပ်မလုပ်နိုင်ဘူးဆိုရင်တောင် သူလုပ်နေတဲ့ မိသားစု စားဖိုဆောင်အလုပ်တွေနဲ့ အိမ်ထောင်မှုကိစ္စတွေဟာ “အခမဲ့အလုပ်” မဟုတ်ဘူးဆိုတာကို ရဲရဲတင်းတင်း မြင်ပေးကြဖို့ လိုပါမယ်။

မိသားစုစားဖိုဆောင်ဆိုတာ ဘဝပေါင်းများစွာရဲ့ အရသာကို မေတ္တာနဲ့ ဖွဲ့နွဲ့ထားရာ နေရာတခုပါပဲ။

Author: