“စစ်အာဏာသိမ်းမှုက လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ လွတ်လပ်မှု ရိုက်ချိုးလိုက်သလိုပါပဲ”
အင်တာဗျူး
ရှင်ငြိမ်း
“ကျမတို့ မြန်မာပြည်သူပြည်သားတွေအားလုံးကို Australia နိုင်ငံမှာလို လူ့အခွင့်အရေး၊ တရားမျှတမှုနဲ့ လွတ်လပ်မှု အပြည့်အဝရစေချင်တာ၊ ဒီစစ်အာဏာသိမ်းမှုဟာ ဒါတွေအားလုံးကို ရိုက်ချိုးလိုက်သလိုပါပဲ”
ဒီစကားကတော့ နာရေးကူညီမှုအသင်း(ရန်ကုန်)ဥက္ကဋ္ဌ ဦးကျော်သူနဲ့ ဒေါ်ရွှေဇီးကွက်တို့ရဲ့သမီးဖြစ်သူ ဒေါက်တာမြင့်မိုရ်ဦးက မြန်မာ့သမိုင်းရဲ့အလှည့်အပြောင်းကာလတွေကြားကနေ ဖြတ်သန်းခဲ့ရတဲ့ ရဲ့ခံစားချက်ကို ထုတ်ဖော်ပြောပြတာဖြစ်ပါတယ်။
သူရဲ့မိဘနှစ်ပါးကလည်း ရွှေဝါရောင်သံဃာအရေးအခင်းမှာ သံဃာတော်တွေကို ဆွမ်းကပ်၊ ရေကပ်ခဲ့တာကြောင့် ၇ ရက်ကြာ စစ်ဆေးမေးမြန်းခံခဲ့ရသလို အသက် ၁၉ နှစ်အရွယ် မမြင့်မိုရ်ဦးလည်း ဆေးကျောင်းစာမေးပွဲကြီးဖြေခါနီးမှာ လုံခြုံရေးအရ တိုင်းပြည်ကနေ ရုတ်တရက်ထွက်ခွာခဲ့ရပါတယ်။
အခုလည်း သူဟာ သြဂုတ်လ ၃၀ ရက် ဩစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာပြုလုပ်တဲ့ (Sydney Marathon 2025) ပြိုင်ပွဲမှာ မြန်မာဝတ်စုံ ထမီနဲ့ ရင်ဖုံးအကျီဝတ်ကာ နိုင်ငံတကာက အပြေးသမား သုံးသောင်းခွဲကျော်နဲ့အတူ ပါဝင်ယှဉ်ပြိုင်ပြီး ဂင်းနစ် ကမ္ဘာ့စံချိန် မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တဲ့အမျိုးသမီးတစ်ယောက်ပါ။
ဒါကလည်း စစ်တပ်က အပြစ်မဲ့ပြည်သူတွေအပေါ် မတရားမှုကျူးလွန်မှုတွေကို ကမ္ဘာက သိစေဖို့ရည်ရွယ်ပြီး အခုလိုမြန်မာ ရိုးရာဝတ်စုံလေးနဲ့ ဝင်ပြိုင်ဖြစ်တယ်လို့ ဒေါက်တာ မြင့်မိုရ်ဦးက ပြောပါတယ်။
ဆေးကျောင်းသူလေးတယောက် နိုင်ငံရေးအခြေအနေကြောင့် ပြည်ပနိုင်ငံကို ထွက်လာခဲ့ရတဲ့ ဒေါက်တာ မြင့်မိုရ်ဦးရဲ့ဘဝ အတွေ့အကြုံတွေ၊ စိန်ခေါ်မှုတွေနဲ့ အမျိုးသမီးတဦးရဲ့ အားမာန်တွေအကြောင်းကို HI – Honest Information က ဆက်သွယ် မေးမြန်းထားပါတယ်။

မေး ။ ။ ပထမဆုံးကတော့ ဆယ်တန်းအောင်ပြီးနောက်ပိုင်းအခြေအနေပေါ့။ မိဘတွေကလည်း အရေးအခင်းမှာ ထိန်းသိမ်း ခံခဲ့ရတာရှိတော့ မမြင့်မိုရ်ဦးရဲ့ပညာရေးပေါ်မှာ သက်ရောက်မှုတွေရှိခဲ့လား။ အဲ့ဒီအခြေအနေလေးပြောပြပါလား။
ဖြေ ။ ။ ကျမက ၁၀ တန်းကို ပညာရေးတက္ကသိုလ် လေ့ကျင့်ရေးကျောင်း TTC ကနေ အောင်ခဲ့တာပါ။ ပြီးတော့ ဆေးတက္ကသိုလ် (၁)မှာ ဆေးကျောင်းတက်တယ်။ ရွှေဝါရောင်အရေးအခင်းဖြစ်တော့ ကျမအသက်က ၁၉ နှစ်၊ ဆေးကျောင်း တတိယနှစ် တက်နေတဲ့အချိန်ပေါ့။ စာမေးပွဲကြီးဖြေခါနီးနေပြီ။ အဲ့အချိန်မှာ လုံခြုံရေးအရ ကျောင်းကိုလည်းသွားလို့ မရ တော့ဘူး။ အဲဒါနဲ့ စာမေးပွဲကြီးမဖြေလိုက်ရဘဲ ဘယ်သူ့ကိုမှ (အဖိုးအဖွားနဲ့ မိဘကလွှဲလို့) အကြောင်းမကြား မနှုတ်ဆက်ဘဲ ဒီကို ထွက်လာခဲ့ရတာပါ။
ဖေဖေ၊ မေမေတို့ကတော့ ထောင်တော့မကျခဲ့ပါဘူး။ ၂၀၀၇ သံဃာအရေးအခင်းမှာ သံဃာတော်တွေကို ဆွမ်းကပ် ရေကပ် ကြလို့ ဖေဖေရော မေမေရော ၂ယောက်စလုံးကို ၇ ရက်လောက် ခေါ်ထားပြီး စစ်ဆေးမေးမြန်းတာတွေ လုပ်ကြတာပါ။ ညီမဒီကိုရောက်ပြီး မေမေနဲ့ ဖေဖေက ကိုယ်တိုင်ပဲသွားရောက်အစစ်အဆေးခံလိုက်ကြတာပါ။ ပြီးမှသာ ဖေဖေ့ကို ရုပ်ရှင် ရိုက်ခွင့်ပိတ်လိုက်တယ်။ ကျမ ကလေးမွေးလို့ ဒီကိုလာလည်ဖို့ ဖေဖေနဲ့ မေမေတို့ Passport သက်တမ်းတိုးတော့ Passport သိမ်းလိုက်တာတွေ လုပ်တာပါ။
ပညာရေးအပေါ် ဘယ်လိုသက်ရောက်ခဲ့လဲဆိုတော့ ဆေးကျောင်းမပြီးသေးဘဲ ရုတ်တရက်ကြီး ဘာအစီအစဉ်မှ မရှိဘဲ တိုင်းပြည်ကနေထွက်လာခဲ့ရတယ်။ ဒီရောက်တော့လည်း ဒီကတက္ကသိုလ်တွေက မြန်မာပြည်က ဆေးကျောင်းကနေ တိုက်ရိုက်ပြောင်းတက်လို့ မရဘူးလေ။ အဲ့တော့ ဘာဆက်တက်လို့ ဘာလုပ်ရမှန်းမသိ။ ဘွဲ့တောင်ရပါ့မလား၊ အလုပ် တောင်ရပါ့မလားနဲ့ ပူပင်သောကရောက် လမ်းပျောက်ပြီး စိတ်အားတွေတော့ အတော်ငယ်ခဲ့ရတယ်။
အမျိုးသားရဲ့မိဘတွေရယ် ကျမမိဘတွေရဲ့ အားပေးပံ့ပို့းမှုနဲ့ သားလေးမွေးပြီးတော့ University of Sydney မှာ Medical Science (၁)နှစ်တက်ခဲ့ပြီး University of New South Wales မှာ ဆေးကျောင်းကိုလျှောက်ကြည့်တော့ သူတို့က ဒီကအမှတ်တွေကို ကြည့်ပြီး ဆေးကျောင်းဝင်ခွင့်ပေးလိုက်တယ်။
မေး ။ ။ ဆစ်ဒနီကိုရောက်သွားတဲ့အခြေအနေနဲ့ သားသုံးယောက် မိခင်တယောက်အနေနဲ့ ကိုယ်ဝါသနာ ပါတဲ့အားကစားနဲ့ မိသားစုဘဝကို ဘယ်လိုချိန်ညှိလုပ်ဆောင်သလဲ။
ဖြေ ။ ။ ၂၀၀၇ စက်တင်ဘာလက တိုက်ဆိုင်ချင်တော့ ကျမရဲ့အမျိုးသားက ရန်ကုန်လာလည်ပြီး ကျမတို့ စေ့စပ်ပွဲကို နှစ်ကုန်မှာ လုပ်ဖို့လာစီစဉ်နေတဲ့အချိန်ပေါ့။ သူက ဩစတြေးလျမှာနေနေတာ ကြာပါပြီ။ သူကလည်း ကျမရဲ့လုံခြုံရေးကို စိတ်မချရတော့လို့ တပါထဲခေါ်သွားတယ်။ ဒီကိုရောက်လာတော့ သူ့မိဘအိမ်မှာ နေတယ်။ ဒီမှာက ဆွေမျိုးလည်း မရှိတော့ လေ။ အဲဒါနဲ့မြန်မြန်ဆန်ဆန်ပဲ မင်္ဂလာဆောင်လိုက်တယ်။ မိဘဆွေမျိုးတွေ၊ ဆရာ၊ ဆရာမ သူငယ်ချင်းတွေ တယောက်မှ မင်္ဂလာပွဲတက်ရောက်ဖို့ မဖိတ်လိုက်နိုင်၊ မတက်ရောက်နိုင်လိုက်ကြဘူး။
သား ၃ ယောက်ရှိပါတယ်။ သားကြီးနှစ်ယောက်ကတော့ ဆယ်ကျော်သက်တွေဖြစ်တော့ သူတို့ကိုယ့် သူတို့ တော်တော်ကြီးကို အားကိုနေနိုင်ပြီ။ ကျမရဲ့အလုပ်ကလည်း အချိန်ပြည့်လုပ်ရတယ်၊ တချို့ စနေရက်ပါ နေ့တစ်ဝက် လုပ်ရတယ်။ ကျမက အလုပ်နဲ့ အိမ်နဲ့ပဲ။ တခြားဟာတွေ ဝါသနာမပါဘူး။ ဈေးဝယ်တာတို့၊ အလှပြင်ဆိုင်သွားတာတို့ မကြိုက်ဘူး။ ဆံပင်တောင် အိမ်နားနီးချင်းရဲ့ အိမ်ဆိုင်လေးမှာ တနှစ်တခါ၊ နှစ်ခါပဲ သွားညှပ်တာ။ သူငယ်ချင်းတွေနဲ့ အပြင်သွားတာလည်း မရှိဘူး။ သွားတဲ့အခေါက်ရေက လက်ချိုးရေလို့ရတယ်။ ဒီမှာကျောင်းတက်တုန်းကလည်း ကလေးနို့တိုက်နေရတော့ ကျောင်းပြီးတာနဲ့ အိမ်တန်းပြန်တယ်။ အလုပ်စဝင်တုန်းကလည်း အဲဒီလိုပဲ။ အဲ့တော့ ရန်ကုန်မှာတုန်းကလို ရင်းနီးတဲ့ သူငယ်ချင်းတွေလည်း မရှိဘူးပေါ့။ ပြောချင်တာက လူတယောက်နဲ့တယောက် ဝါသနာပါတာခြင်း အချိန်ပေးတာခြင်း မတူကြဘူး။ ကျမက အားကစားကို ဝါသနာပါတာ။ အဲ့တော့ အချိန်တွေကို မိသားစုအတွက်ရယ်၊ အလုပ်ရယ်၊ စာကျက်တာရယ်၊ အိမ်မှုကိစ္စရယ်ပြီးရင် ဝါသနာပါတဲ့ အားကစားရယ်ကို ခွဲဝေပေးထားတယ်။ အမျိုးသားနဲ့လည်း အချိန်ညှိယူ လုပ်ကိုင်ရတာပေါ့။
မေး ။ ။ မိခင်တယောက်အနေနဲ့ အလုပ်၊ မိသားစုနဲ့ အားကစားကို ချိန်ညှိဖို့အတွက် တိကျတဲ့အကြံပြုချက်တွေ ဒါမှမဟုတ် နည်းလမ်းတွေရှိပါသလားရှင့်။
ဖြေ ။ ။ လူတဦးနဲ့တဦးဘဝအခြေအနေကမတူတော့ ကိုယ့်မိသားစုအခြေအနေ အချိန်အခါနဲ့တော့ ညှိယူရမှာပေါ့။ ကျမသားလေးငယ်ငယ်တုန်းက တခါတလေ သူ့ကို ကလေးတွန်းလှည်းထဲထည့်တွန်းပြီးပြေးတယ်။ ရင်လွယ်သိုင်းပြီး ချီပြေးတယ်။ အိမ်သားတွေမထခင် ဒါမှမဟုတ် အိပ်ရာဝင်ပြီးအချိန်တွေ တခါတလေပြေးတယ်။ ကလေးကျူရှင်စောင့်နေ တုန်း ပြေးတာတွေလုပ်တယ်။ အမျိုးသားကိုလည်း ကိုယ်နဲ့လိုက်ပြေးဖို့ တိုက်တွန်းပြီး နှစ်ယောက်အတူတူ လေ့ကျင်းခန်း လုပ်ရင်း Couple Time လည်းရတာပေါ့။ တချို့ရက်တွေမှာတော့ အမျိုးသားနဲ့အချိန်ညှိပြီး လေ့ကျင့်ခန်းလုပ်ဖို့အချိန် တိုင်ပင် ရတယ်။ ပြေးပြီး/ လေ့ကျင့်ခန်းလုပ်ပြီးတိုင်း လူကပိုလန်းဆန်းပြီး စိတ်ရော ကိုယ်ပါ ပိုတက်ကြွတာကို အမျိုးသားကလည်း သိပုံရတော့ အခုတော့ သူလည်း ကျမပြေးတာကို သဘောတူလွှတ်ထားတယ်လေ။

မေး ။ ။ မမြင့်မိုရ်ဦးကလည်း နိုင်ငံခြားမှာရှိနေတဲ့အချိန် မိဘတွေက မြန်မာပြည်မှာဆိုတော့ စစ်တပ်က အာဏာသိမ်းနိုင်တယ်လို့ သိခဲ့တာမျိုးရှိလား။ အာဏာသိမ်းလိုက်တယ်ကြားတော့ မမြင့်မိုရ်ဦးရဲ့ ခံစားချက်နဲ့ ဘာတွေလုပ်ဖြစ်ခဲ့လဲ။ အဲ့ဒီနေ့က အဖြစ်အပျက်လေး သိပါရစေ။
အာဏာသိမ်းမှာကို ကြိုမသိပါဘူး။ စစ်အာဏာသိမ်းလိုက်တယ်ကြားတော့ မြန်မာပြည်သူပြည်သားတွေနဲ့ ထပ်တူ ခံစားလိုက်ရပါတယ်။ စိတ်ထဲအရမ်းဝမ်းနည်းသွားတာပါ။ နိုင်ငံသားအားလုံးအတွက်လည်း စိုးရိမ်ပူပန်ခဲ့ရတာပေါ့။ အဲ့ဒီနေ့ က အလုပ်မှာ။ အလုပ်က ဒီကနိုင်ငံသားဆရာဝန် (ကျမရဲ့ Supervisor)က အရင် သတင်းကြားတာပေါ့။ သူကသိသိချင်းပဲ ကျမကို သတင်းမေး၊ မိဘတွေ အဆင်ပြေရဲ့လားမေး၊ အဲ့ဒီနေ့ အလုပ်ဆက်လုပ်နိုင်ရဲ့လားမေးတာ သူရဲ့စေတနာတွေကို အမှတ်ရမိတယ်။
မေး ။ ။ စစ်တပ်က အာဏာသိမ်းလိုက်တဲ့အပေါ်မှာရော မမြင့်မိုရ်ဦးရဲ့အမြင်သဘောထားက ဘယ်လိုရှိပါသလဲ။
ဖြေ ။ ။ မတရားဘူးလို့ ခံစားရပါတယ်။ ကျမတို့ မြန်မာပြည်သူပြည်သားတွေအားလုံးကို Australia နိုင်ငံမှာလို လူ့အခွင့်အရေး၊ တရားမျှတမှု နဲ့ လွတ်လပ်မှု အပြည့်အဝရစေချင်တာ။ ဒီစစ်အာဏာသိမ်းမှုဟာ ဒါတွေအားလုံးကို ရိုက်ချိုးလိုက်သလိုပါပဲ။
မေး ။ ။ အားကစားကို ဘယ်အရွယ်ထဲက ဝါသနာပါတာလဲ။ ဝါသနာပါတာလား။ နောက် လက်ရှိ အလုပ်နဲ့ မိသားစုဘဝ အခြေအနေလည်း ပြောလို့ရရင် အနည်းငယ်လောက်သိပါရစေနော်။
ဖြေ ။ ။ ငယ်ငယ်ကတော့ ရေအရမ်းကူးတယ်။ ကာရာတေး ကစားတယ်။ ရေကူးရတာတော့ အခုထိ အကြိုက်ဆုံးပဲ။ အထူးသဖြင့် Open Water Swimming/ Ocean Swimming ပင်လယ်နက်ထဲကူးရတာ အကြိုက်ဆုံးပဲ။ ဒီက Ocean Swimming ပွဲတချို့လည်း ဝင်ကူးဖြစ်တယ်။ ပင်လယ်ထဲမှာက ငါးတွေအကောင်တွေလည်း တခါတလေ မြင်ရတယ်။ တခြားကမ္ဘာရောက်သွားသလိုပဲပေါ့။ ကိုယ်ကသူတို့ရဲ့ ဧည့်သည်ပေါ့။
အားကစားကတော့ ငယ်ထဲက ဝါသနာပါတယ်။ ကြမ်းကြမ်းတမ်းတမ်းလုပ်ရတာတွေကြိုက်တယ်။ ဂျမ်းတောပေါ့။ အိမ်နာမည်က အောင်ဘုလေ။ လက်ရှိအလုပ်ကတော့ ဆရာဝန်အလုပ် လုပ်ပါတယ်။ သား ၃ ယောက်ရယ်၊ ခွေးလေး ၁ ကောင်ရယ်(သူလည်း ကိုယ့်သားလေးပေါ့)ရယ် အမျိုးသားရယ်နဲ့ အတူတူနေပါတယ်။
မေး ။ ။ ရေကူးတာကို ကြိုက်တဲ့သူက ဘယ်လိုကြောင့်ပြေးတဲ့အားကစားဘက်ရောက်သွားတာလဲ။ စပြေးတဲ့ အချိန်မှာ ဘယ်လိုစိန်ခေါ်မှုတွေ ကြုံတွေ့ခဲ့ရသေးလဲ။
ဖြေ ။ ။ အပြေးက ၂၀၁၉ မှာ စပြေးတာ။ စစချင်းတုန်းက အပြေးလုံးဝ ဝါသနာမပါဘူး။ အပြေးလည်း မွေးရာပါ မထူးချွန်ပါဘူး။ စစချင်းပြေးဖြစ်တာက ညီမအလုပ်ကသူတွေနဲ့ နေ့လည်ထမင်းစားချိန်မှာ တူတူပြေးကြမယ်ဆိုပြီး အတင်း ဆွဲခေါ်လို့ စပြေးဖြစ်တာ။ တနေ့ တနေ့ သူတို့ ကျမတံခါးကိုလာခေါက်ပြီး ပြေးဖို့လာခေါ်ရင် မျက်နှာက မဲ့မဲ့လေးနဲ့ လိုက်သွားတာ သူတို့အမြဲပြောတယ်။ အဲလိုပဲကျန်းမာရေးအတွက်ပြေးရင်းနဲ့ ၂၀၂၃ လောက်မှ ပြေးရတာကို ကြိုက်လာပြီး တာဝေးအကွာအဝေးတွေ စပြေးဖြစ်တာ။ ဆုတော့ မရဖူးပါဘူး။ ကျမက ဝါသနာအရပဲပြေးတာပါ။ တကယ့်ကို အချိန်ပေးပြီး လေ့ကျင့်သင့်သလောက်လည်း မကျင့်နိုင်သေးပါဘူး။
၂၀၁၉၊ ၂၀၂၀၂ လောက်မှာ စပြီးပြေးတုန်းက ကြွက်သားတွေ အရိုးအဆစ်တွေက အလေ့အကျင့်မရှိသေး မသန်မာသေးတော့ ပြေးပြီးရင် ခြေချင်းဝတ်တွေရောင်တာတွေ ခြေထောက်တွေ ဒူးတွေနာတာတွေဖြစ်တယ်။ တခါတလေ ပတ်တီးပြီး ရေခဲအုံ တာတွေလုပ်ရခဲ့ရတယ်။ နောက်တော့ အဲ့အရိုးအဆစ်တွေသန်အောင် လေ့ကျင့်ခန်းလုပ်၊ အလေးမတာတွေလုပ်တော့မှ ပိုပြီး အဆင်ပြေလာတယ်။ သွေးခြေဥတာကတော့ တခါတလေ ဖိနပ်နဲ့ပွန်းလို့။ မာရသွန်ပြေးရင် ကျမက သွေးခြေဥတတ်တယ်။
မေး ။ ။ ဆစ်ဒနီမာရသွန် ၂၀၂၅ ပြိုင်ပွဲဝင်ဖို့ ဘယ်အချိန်ထဲက လေ့ကျင့်မှုတွေလုပ်ခဲ့လဲ။ ဘယ်လိုတွန်းအား တွေကြောင့် အခုလိုထမီနဲ့ ဝင်ပြိုင်ဖြစ်ခဲ့တာပါလဲ။

ဖြေ ။ ။ မာရသွန်တို့၊ မာရသွန်လွန် ( Ultra Marathon ) ပြေးပွဲတွေပြေးတာတော့ ၂၀၂၃ က စတာပေါ့။ Sydney Marathon မှာ ပြေးတာက ဒီနှစ်က ၃ နှစ်မြောက်ပါ။ ဒီနှစ်က ပိုထူးခြားတာက Sydney marathon ဟာ Abbott World Marathon Major အနေနဲ့ ပထမဆုံးသောနှစ်ပါ။ ၂၀၂၃ တုန်းက ပြိုင်ပွဲဝင်သူ ၁၇,၀၀၀ ကျော်ပဲ။ ဒီနှစ်ကတော့ ပြိုင်ပွဲ ဝင်သူစာရင်း ၃၅,၀၀၀ ကျော်ရှိပါတယ်။ ကမ္ဘာ့ထိပ်သီး မာရသွန်ချံပီယံတွေလာပြေးကြတယ်။ ဒီနှစ်က ပိုပြီးကြီးကျယ်တဲ့ နှစ်ပေါ့။ ဒါကိုအသုံးချပြီး စစ်တပ်က အပြစ်မဲ့ပြည်သူတွေကို သတ်ဖြတ်နေတာတွေ၊ မတရားအနိုင်ကျင့်ဖမ်းဆီး နှိပ်စက်နေတာတွေကို ကမ္ဘာက သိစေဖို့ ရည်ရွယ်ပြီး အခုလိုမြန်မာရိုးရာဝတ်စုံလေးဝတ်ပြီးပြေးဖြစ်သွားတာပါ။
လေ့ကျင့်မှုကတော့ တချို့နေ့တွေမှာ ထမီဝတ်ပြီး အပြေးကျင့်ခဲ့ပါတယ်။ အပြေးခြေလှမ်းနဲ့ ပြေးပုံကိုနည်းနည်း ပြင်ပြီး ပြေးယူရပါတယ်။ ကျန်တာကတော့ ပုံမှန် မာရသွန်အတွက်အပြေးကျင့်သလိုပါပဲ။ တစ်ပတ်မှာ ၄၊ ၅ ရက်ပြေးခဲ့ပါတယ်။ ၃ လခွဲ၊ ၄ လ လောက် အချိန်ပေးပြီး ကျင့်ခဲ့တာပါ။
မေး ။ ။ အခုလို မြန်မာကို ကမ္ဘာက သိနိုင်ဖို့ အားကစားနဲ့ ဘာတွေလုပ်ဖြစ်ခဲ့တာရှိသေးလဲ။
ဖြေ ။ ။ အားကစားနဲ့ပတ်သက်ပြီးတော့ ၂၀၂၁ တုန်းက ဒေါ်အာင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ Sydney က မြန်မာတွေ ကျင်းပတဲ့ Walk-A-Thon to Save Myanmar မှာ ၃၈ ကီလိုမီတာ (၂၃.၆ မိုင်) လမ်းလျှောက်ပြီး ရံပုံငွေရှာခဲ့ပါတယ်။
ဒီနှစ်ဒေါ်စုမွေးနေ့မှာတော့ ကိုထိန်လင်း (Kim Aris) ရဲ့ Suu 80 Birthday Campaign မှာပါဝင်ပြီး 80km in 8 days Challenge – ကီလိုမီတာ ၈၀ ကို ၈ ရက်အတွင်းပြေးပြီး Heart Beams Rising အဖွဲ့ကနေတဆင့် ရံပုံငွေရှာခဲ့ပါတယ်။
မေး ။ ။ မာရသွန်ပြိုင်ပွဲဝင်တာ ဘယ်နှကြိမ်ရှိပြီလဲ။ ဆုရတာမျိုးရှိခဲ့လား။

ဖြေ ။ ။ မာရသွန်က ၃ ခုမြောက်ပါ။ အားလုံး Sydney Marathonပါပဲ။ မနှစ်ကတော့ ပန်းဝင်တဲ့အချိန် အမြန် ဆုံးပါ။ ၄ နာရီအောက်ပါ။ ဒီနှစ်ကတော့ ထမီနဲ့ဆိုတော့ အနှေးဆုံးနှစ်ပါ။
ပထမဆုံးပြိုင်ဖူးတာက ၂၀၂၃ မှာ Sydney Half Marathon. ဘာမှပြင်ဆင်မှုသိပ်မရှိဘဲ ဝင်ပြေးပြီး ပြိုင်ပွဲမှာ ပြေးရတဲ့ အရသာကို ကြိုက်သွားပြီး အဲ့နှစ်မှာပဲ Sydney Marathon ဝင်ပြေးဖြစ်တယ်။ မာရသွန်ပြေးပြီးသွားတော့ ဒီထက်ပိုခက်တာ လုပ်ချင်တယ် ဆိုပြီး တောင်တက်တောင်ဆင်း Trail Running ၄၅ ကီလိုမီတာအဝေးရှိတဲ့ပွဲမှာ ဝင်ပြေးခွင့်ရခဲ့တယ်။ အဲ့ပွဲပြီးတော့လည်း အဲ့ထက်ပိုခက်ခဲတာ။ ကျမရဲ့ အစွမ်းကုန် Limit ကို ရှာလို့ရမယ့်အပြေးပွဲကို လိုက်ရှာကြည့်တော့ အခု နောက်ပိုင်းမှာ အနည်းငယ်ခေတ်စားလာတဲ့ Backyard Ultra ဆိုတဲ့ အဆုံးပန်းတိုင်မရှိတဲ့ ပြေးပွဲ ၃ ပွဲထက် ဝင်ခဲ့တယ်။
ဆုကတော့မရပါဘူး။ ကျမက ဝါသနာအရ ပြေးတဲ့သူပါ။ Professional ပြိုင်တာမဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် စိန်ခေါ်မှုအနေနဲ့ ပြိုင်ပွဲတွေဝင်တာပါ။ Top 4 female တို့၊ top 10 female အဆင့်တို့ ဝင်တာလောက်တော့ အံ့အံ့ဩဩ ရှိပါတယ်။ ပြိုင်ပွဲဝင်တဲ့သူတွေက အဆင့်စုံပဲ။ ကမ္ဘာ့ထိပ်သီးချံပီယံတွေကနေ ဝါသနာအရပဲပြေးတဲ့သူတွေပေါ့။
မေး ။ ။ ထမီနဲ့ပြေးတဲ့အခါမှာ အဝတ်အစားရဲ့သက်တောင့်သက်သာဖြစ်မှုကို ဘယ်လိုရွေးချယ်ဖြစ်ခဲ့လဲ့။
ဖြေ ။ ။ ထမီက ၂၀၁၃ တုန်းက ဘွဲ့ယူတုန်းကထမီလေး။ အန်တီ မဉ္ဇူ (Zu Zu Colllection) ချုပ်ပေးထားတာ လေး ကြိုက်လို့၊ အမှတ်တရလည်းဖြစ်လို့ ဝတ်ဖြစ်တာ။ အသားကလည်း ဆွဲကြည့်တော့ လွယ်လွယ်နဲ့ မပြဲလောက်လို့ သူ့ကိုရွေးဖြစ်တာ။ အင်္ကျီကတော့ မိုင်းပွန်စော်ဘွား စဝ်စံထွန်းရဲ့မြေး၊ မေမေ့သူငယ်ချင်း အန်တီ စဝ်ဆိုင်ဆီရိကစ်က ပြေးလို့ အဆင်ပြေ အောင်ဆွဲသားလေးနဲ့ အထူးဒီဇိုင်းနဲ့ဖန်တီးချုပ်ပေးထားတာပါ။ ပုဝါကလည်း အစ်ကို့ မင်္ဂလာပွဲတုန်း က ခြုံခဲ့တဲ့ပုဝါ။
မေး ။ ။ မြန်မာ့ရိုးရာဝတ်စုံနဲ့ပြေးတဲ့အခါ ကြုံတွေ့ရတဲ့ ခါတိုင်းပြေးတဲ့ပုံစံမဟုတ်ဘဲ ထူးခြားတဲ့အတွေ့အကြုံရှိ လား။ ဒီအပါ် တုံ့ပြန်မှုတစ်စုံတစ်ရာရှိပါသလား။
ဖြေ ။ ။ အတွေ့အကြုံကတော့ အရင်ကပြောသလိုပါပဲ။ ပြေးရတာ နဲနဲပိုခက်ခဲတယ်။ လူအချို့က ဝတ်စုံကို စိတ်ဝင်စားကြ တယ်။
မေး ။ ။ လူတစ်ယောက်အတွက် အားကစားက မဖြစ်မနေလုပ်ဖို့လိုအပ်လား။ ဘာကြောင့်လို့ထင်ပါသလဲ။ အားကစားလုပ် တာက အမျိုးသမီးတွေအပေါ် ဘယ်လိုသက်ရောက်မှု ဖြစ်စေနိုင်တယ်ထင်ပါသလဲ။
ဖြေ ။ ။ အားကစား ကိုယ်လက်လှုပ်ရှားမှုကတော့ လုပ်ကိုလုပ်သင့်ပါတယ်။ ပြေးတာပဲဖြစ်ဖြစ်၊ လမ်းလျှောက်၊ ရေကူး၊ စက်ဘီးစီးတာပဲဖြစ်ဖြစ်၊ Yoga ပဲဖြစ်ဖြစ်၊ က, တာပဲဖြစ်ဖြစ်၊ အလေးမတာပဲဖြစ်ဖြစ် ကိုယ်ဝါသနာပါရာ လေ့ကျင့်ခန်းကို လုပ်ကြဖို့ တိုက်တွန်းချင်ပါတယ်။
အားကစားလုပ်ရင် အရိုးအဆစ်ကြွက်သားတွေသန်မာမယ်။ ခွန်အားပြည့်ဝမယ်။ နှလုံးသွေးကြောကျန်းမာရေး၊ ဝမ်းတွင်း ကျန်းမာရေး၊ ဆီးချို သွေးတိုး တို့ကိုအထောက်အကူပြုမယ်။ အိပ်လို့ပိုကောင်းမယ်။ စိတ်ကျန်းမာရေးအတွက်လည်း အကျိုးအများကြီးရှိပါတယ်။ အသက်အရွယ်မရွေး သင့်တော်ရာ ကိုယ်လက်လှုပ်ရှားမှု ကိုလုပ်ကြဖို့အကြံပြုချင်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်တွေလည်း စားဖို့အရေးကြီးပါတယ်။
မေး။ ။ လူ့အဖွဲ့အစည်းက အမျိုးသမီးတွေအပေါ်ထားရှိတဲ့ အားကစားနဲ့ပတ်သက်တဲ့အမြင်တွေကို ဒေါက်တာ မြင့်မိုရ်ဦး ဘယ်လိုမြင်ပါသလဲရှင့်။
ဖြေ ။ ။ ဒါတော့ ကျမ သေချာသတိထားပြီးမစဉ်းစားမိဘူး။ လူ့အဖွဲ့အစည်းအမျိုးမျိုး၊ လူအမျိုးမျိုးကတော့ သူတို့အမြင် အမျိုးမျိုးရှိကြတော့လေ။ အပြေးပတ်ဝန်းကျင်မှာတောင် တာတိုအပြေး၊ တာဝေးအပြေး၊ ကတ္တရာမာရသွန်အပြေး၊ တော တောင်လမ်းအပြေး ပတ်ဝန်းကျင်အသီးသီးရှိကြရာမှာ အမြင်တွေကအမျိုးမျိုးကွာတတ်ကြတယ်။
မေး ။ ။ မြန်မာ့အမျိုးသမီးငယ်တွေ အားကစားကို စိတ်ဝင်တစားလာစေဖို့အတွက် ဘယ်လို အကြံဉာဏ်တွေ ပေးလိုပါ သလဲ။
ဖြေ ။ ။ မြန်မာပြည်မှာနေတုန်းကတော့ ပတ်ဝန်းကျင်က အမျိုးသမီးတွေကို အားကစားလုပ်ဖို့မတိုက်တွန်းကြဘူး။ မိန်းကလေးဆိုရင် တည်တည်ငြိမ်ငြိမ်နေရမယ်ပေါ့။ ကျမက ကံကောင်းချင်တော့ မေမေတို့ရော၊ အဖိုးအဖွားတွေကပါ အားကစားကို အားပေးတယ်။ မျောက်ရှုံးအောင်ဆောာ့၊ သစ်ပင်တွေတက်၊ ခြံစည်းရိုးတွေကျော်တာတွေကို မတားဘူး။ ရေကူးတို့၊ ကရာတေးတို့ကို သေချာသင်ပေးတယ်။ အဲ့ဒီအကျိုးတွေကတော့ ခန္ဒာကိုယ်သန်မာတယ်၊ ကိုယ့်အစွမ်းအစကို ယုံကြည်မှုရှိတယ်၊ ကိုယ့်အားကိုယ်ကိုးနိုင်တယ်။ မိခင်ဖြစ်တော့လည်း ကလေးတွေနဲ့တန်းတူ ပြေးနိုင်လွှားကစားနိုင်တယ်။ အားကစားအတူတူလုပ်တဲ့ ဘော်ဒါတွေရတယ်။ အားကစားကြောင့် အကျိုးကျေးဇူးတွေကတော့ အများကြီးပါပဲ။
မေး ။ ။ နောက်ဆုံးအနေနဲ့ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ ။ ။ ပြည်သူတွေလိုချင်တဲ့ ဦးတည်နေကြတဲ့ ပန်းတိုင်ကို ရောက်ဖို့ လက်မလျော့ကြပါနဲ့။ ဘဝက မာရသွန်လိုပါပဲ။ အနိမ့်အမြင့်တွေရှိတယ်၊ လမ်းမှာ အခက်အခဲတွေရှိမယ်။ ဒါကို ဇွဲမလျှော့ပဲ ဆက်လျှောက်ကြရမယ်။ အပြေးအားကစားဟာ တဦးတယောက်တည်းပြုရတဲ့ အားကစား (Individual Sport) လို့ထင်ရပေမယ့်၊ တကယ်တော့ လေ့ကျင့်တဲ့အချိန် ရော အပြေးပြိုင်ပွဲဝင်တဲ့အချိန်ရောမှာ တခြားအပြေးသမားတွေရဲ့စွမ်းအား Inspiration၊ ခရီးလမ်းမှာ Volunteer လုပ်ပြီး အစားအသောက်၊ ဆေးဝါး ပံ့ပိုးပေးတဲ့သူတွေရဲ့ကျေးဇူး၊ လာရောက်အားပေးတဲ့ Spectators တွေရဲ့ စိတ်ခွန်အားတွေနဲ့ ကျမက ပြေးနိုင်တာ။ အဲ့လိုပဲ ကျမတို့ပြည်သူတွေအခုဦးတည်လျှောက်နေတဲ့ ပန်းတိုင်ကိုရောက်ဖို့ အားလုံးစည်းလုံး ညီညွတ်ပြီး အတူတူပန်းတိုင်ဝင်အောင်လျှောက်နိုင်ကြဖို့ ဆုတောင်းပေးပါတယ်။
- နမ့်စန်မြို့က သရဲကြောက်တတ်တဲ့ လူနာတင်ယာဉ်မောင်း အမျိုးသမီး - 08/12/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 06/12/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 29/11/2025





