“စကားဝါ” သို့မဟုတ် မျှတမှုကိုလိုလားသူ

ရှင်ငြိမ်း  

မြေကြီးတစ်ခုလုံး တုန်ခါနေတဲ့ ဗုံးခိုကျင်းထဲမှာ မျက်လုံးကိုစုံမှိတ်၊ နားနှစ်ဖက်ကို အတင်းပိတ်ထားရင်း “တော်ပါတော့… တော်ပါတော့၊ ပြန်ပါတော့” လို့ ဗုံးကျဲလေယာဉ်တွေကို စိတ်ထဲကနေ အကြိမ်ကြိမ်ခုခံအံတုနေရတဲ့ စကားဝါရဲ့ ညတွေ….။

ဒါကတော့ တချိန်က မြို့ပြရဲ့ Deadline (တနေ့တာပြီးစီးရမယ့်အလုပ်တွေ) နဲ့ အလုပ်ရှုပ်နေခဲ့တဲ့ အသက် ၃၀ ဝန်းကျင်အရွယ် သတင်းမီဒီယာသမား စကားဝါရဲ့လက်ရှိဘဝအခြေအနေပါ။

“ကျမတို့က ခုခံတော်လှန်ရေးအင်အားစုတွေ ထိန်းချုပ်တဲ့နယ်မြေမှာ နေထိုင်တာဖြစ်လို့ စစ်ပွဲနဲ့အနီးဆုံးမှာရှိတယ်။ လက်နက်ကြီးပစ်၊ လေယာဉ်ဗုံးကျဲတာတွေက ဘေးပတ်ဝန်းကျင် ပတ်ပတ်လည်မှာ ဖြစ်နေတယ်”လို့ စကားဝါက ပြောပါတယ်။

လက်ရှိမှာ စကားဝါဟာ ကရင်နီ မိုးဗြဲ-ဖယ်ခုံဘက်မှာ ဒေသကာကွယ်ရေးတပ်ရင်းတစ်ခုကို နည်းပညာပိုင်းဆိုင်ရာ အကူအညီ ပေးတာ၊ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှုအကူအညီတွေ ချိတ်ဆက်ပေးတာနဲ့ သူကျွမ်းကျင်တဲ့မီဒီယာ၊ သတင်းပြန်ကြားရေးလုပ်ငန်းတွေအတွက် အကြံဉာဏ်ပေးရင်း တော်လှန်ရေးမှာ ပါဝင်နေသူဖြစ်ပါတယ်။

ညီအစ်မသုံးယောက်ရှိတဲ့ထဲမှာ သမီးကြီးဖြစ်တဲ့ စကားဝါဟာ BA Journalism နဲ့ ဘွဲ့ရခဲ့ပြီး သတင်းမီဒီယာလောကမှာ ၇ နှစ် အလုပ်လုပ်ခဲ့ပါတယ်။ သတင်းမီဒီယာလုပ်ငန်းကနေထွက်ပြီး INGO တစ်ခုမှာ အကြီးတန်းဆက်သွယ်ရေးအရာရှိအနေနဲ့ အလုပ်ဝင်ခဲ့သူဖြစ်ပါတယ်။

အာဏာမသိမ်းမီက အောင်မြင်တဲ့သတင်းမီဒီယာသမားနဲ့ INGO တစ်ခုမှာ ဆက်သွယ်ရေးအရာရှိဖြစ်ခဲ့သူ စကားဝါဟာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ စစ်အာဏာသိမ်းတဲ့သတင်းကို ချက်ချင်းသိခဲ့ရပါတယ်။

 သိသိချင်းမှာပဲ ကျမတို့ ၁၉၉၀ ပတ်လည်မှာ မွေးဖွားကြီးပြင်းခဲ့တဲ့သူတစ်ယောက်အနေနဲ့ တကယ့်ကို တိုင်းပြည်အပေါ်မှာ စေတနာစိတ်ရင်းမမှန် မကောင်းတဲ့ စစ်ဗိုလ်ချုပ်တွေရဲ့ လက်အောက်ကို ပြန်ရောက်သွားပြီဆိုတဲ့အသိက ခေါင်းထဲကို ဒိုင်းကနဲ ဝင်တယ်” လို့ စကားဝါက ဆက်ပြောပါတယ်။

ဖယောင်းတိုင်မီးနဲ့ စာကျက်ခဲ့ရတဲ့ လျှပ်စစ်မီးမဲ့ညတွေ၊ ချွတ်ခြုံနိမ့်ကျနေတဲ့ ပညာရေးနဲ့ “ဆန်တိုး၊ ဆီတိုး” လူနေမှုဘဝတွေ ကို ကိုယ်တိုင်ဖြတ်သန်းခဲ့ရသူတစ်ဦးအနေနဲ့ တိုင်းပြည်ကို အမှောင်လောကထဲ ပြန်ဆွဲချမယ့် စစ်အာဏာသိမ်းမှုကို လက်မခံ နိုင်ခဲ့တာဖြစ်ပါတယ်။ 

ဆယ်ကျော်သက် မိန်းကလေးငယ်လေးတွေပါမကျန် လမ်းမပေါ်မှာပစ်သတ်ခဲ့တဲ့ စစ်တပ်ကို မကြိုက်တဲ့အတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ယုံကြည်ပြီး နည်းပညာအကူအညီတွေပေးနေတာဖြစ်တယ်လို့လည်း စကားဝါက ဆိုပါတယ်။

ငယ်စဉ်ထဲက စစ်အာဏာရှင်စနစ်ရဲ့ဆိုးကျိုးတွေကို တွေ့ကြုံခံစားခဲ့ရပြီး မိဘတွေရဲ့ ပြောပြချက်တွေနဲ့ ဦးလေးဖြစ်သူ ကျောင်းသားတပ်မတော် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ကို တောခိုခဲ့တဲ့ဖြစ်ရပ်တွေကြောင့် “စစ်တပ်ဟာ ဘယ်တော့မှ တိုင်းပြည်အပေါ် မကောင်းခဲ့ဘူး ဆိုတာ သိခဲ့ရတယ်”လို့ သူက ဖွင့်ဟပါတယ်။

နောက်ပိုင်း မီဒီယာနယ်ပယ်မှာ လုပ်ကိုင်ရင်း ပြည်နယ်တွေကို မကြာခဏ ခရီးသွားခဲ့ရတာကလည်း ဗမာမဟုတ်တဲ့ တိုင်းရင်းသားတွေ ဘာလို့အခွင့်အရေးတွေ တောင်းဆိုရသလဲဆိုတာနဲ့ တိုင်းရင်းသားတွေရဲ့ လက်တွေ့လူမှုဘဝ မညီမျှမှုတွေကို မျက် မြင်တွေ့ခဲ့ရပါတယ်။

ဒီလိုအသိအမြင်တွေပြောင်းလဲလာချိန်မှာ နွေဦးတော်လှန်ရေးအစပိုင်း အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ရန်ကုန်မြို့ကြီး မှာ စကားဝါဟာ လူမျိုးပေါင်းစုံအထွေထွေ သပိတ်ကော်မတီလို့ခေါ်တဲ့ (GSCN) မှာပါဝင်တဲ့ လူမျိုးပေါင်းစုံ လူငယ်စစ် ကြောင်းတွေကနေ ဦးဆောင်ပါဝင်လာတဲ့ တက်ကြွလှုပ်ရှားသူလူငယ်တွေနဲ့အတူ “Federal FM” အမည်ရ မြေအောက် ရေဒီယိုကို သတင်းမှန်တွေ ပျံ့နှံ့ဖို့ ရည်ရွယ်ချက်တွေနဲ့အတူ ဉီးဆောင်ပါဝင်လက်တွဲဆောင်ရွက်ခဲ့ပါတယ်။

စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးသပိတ်သတင်းတွေနဲ့ စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရေဒီယိုတိုင်လေးတွေက တဆင့် ပြည်သူဆီအရောက် ပို့ပေးခဲ့တယ်။ ဒါပေမယ့် သူရဲ့လုပ်ဖော်ကိုင်ဖက်တွေ ဖမ်းဆီးခံရတဲ့အခါမှာတော့ သူလည်းလွတ် မြောက်နယ်မြေတစ်ခုကို ရှောင်တိမ်းခိုလှုံဖို့ ကြိုးစားရပါတော့တယ်။

“ရုတ်တရက်ကြီး အရာအားလုံးရရှိနေတဲ့ဘဝကနေ ဘာမှမရှိတော့တဲ့ အခြေအနေတစ်ခု၊ ဘဝကို သုညက ပြန်စရတဲ့ အခြေအ နေကို ရောက်သွားတယ်” လို့ စကားဝါက ဆိုပါတယ်။

လျှပ်စစ်မီးမရှိ၊ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ တောင်ပေါ်ဒေသကို ရောက်တဲ့အချိန်မှာတော့ သူရဲ့အသက်မွေးဝမ်းကျောင်း အလုပ်ကို လုံးဝစွန့်လွှတ်ထားလိုက်ရသလို ဖြစ်ခဲ့ပါတယ်။ မြို့ပြက အဆင်ပြေတဲ့ဘဝနဲ့ အောင်မြင်နေတဲ့အသက်မွေးဝမ်း ကျောင်းအလုပ်ကို စွန့်လွှတ်ခဲ့ရတာက သူ့ကိုအစပိုင်းမှာ စိတ်ဓာတ်ကျစေခဲ့ပါတယ်။

“နေ့တိုင်း Deadline တွေထဲမှာ၊ အလုပ်တွေအများကြီးလုပ်နေခဲ့ရတဲ့ ဒီ Working Women တစ်ယောက်ဘဝကနေ ဘာမှ လုပ်စရာ မရှိတော့တဲ့ အမျိုးသမီးတစ်ယောက်အဖြစ်နဲ့ တော်တော်ကြာကြာလေး စိတ်ဓာတ်ကျ၊ စိတ်ပင်ပန်းပြီးဖြတ်သန်းခဲ့ရ တယ်”လို့  သူက ရင်ဖွင့်ပါတယ်။

ဒါပေမယ့်လည်း “စစ်အုပ်ချုပ်ရေးအောက်မှာ ပြန်နေနိုင်သလား”လို့ ကိုယ့်ကိုကိုယ်မေးတဲ့မေးခွန်းရဲ့အဖြေကတော့ “မနေနိုင်” ဆိုတဲ့အဖြေပဲ ရှိတာကြောင့် စကားဝါဟာ တော်လှန်ရေးနယ်မြေမှာ ဆက်ပြီးတိုက်ပွဲဝင်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

သူခိုလှုံနေတဲ့တောထဲမှာ နေ့စဉ်နဲ့အမျှ လက်နက်ကြီးသံ၊ လေယာဉ်သံတွေကြား ဆက်လက်ရှင်သန်နိုင်အောင် ရုန်းကန်ရတာမို့ ဒါဟာလွယ်တော့မလွယ်ပါဘူး။ “ဗုံးခိုကျင်းထဲကနေ တော်ပါတော့၊ ပြန်ပါတော့ လေယာဉ်ရယ်၊ ဆက်မကျဲပါနဲ့တော့လို့ စိတ်ထဲ က အကြိမ်ကြိမ်ရေရွတ်ပြီး မျက်လုံးတွေပိတ်၊ နားတွေပိတ်ပြီး သူ့ရဲ့ညတွေကို ဖြတ်သန်းခဲ့ရတယ်”လို့ သူက ကြောက်စရာ ကောင်းတဲ့ သူ့အတွေ့အကြုံကို မျှဝေပါတယ်။

စကားဝါဟာ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေအတွက် နည်းပညာအကူအညီပေးနေသလို တဖက်မှာလည်း စစ် ဘေးရှောင်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ ပေးနေသူဖြစ်ပါတယ်။

သူဟာ သူရဲ့ကျွမ်းကျင်မှုကို အသုံးချပြီး”Podcast” အစီအစဉ်တွေ ဖန်တီးကာ ကရင်နီဒေသမှ ကယ်ဆယ်ရေးသမားတွေ၊ စစ်ဘေးရှောင်အမျိုးသမီးတွေနဲ့ တော်လှန်ရေးရဲမေတွေရဲ့ ခံစားချက်တွေ၊ အတွေ့အကြုံတွေကို မှတ်တမ်းတင်ကာ ကမ္ဘာကို ချပြ နေသူလည်း ဖြစ်ပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတွေ နေရပ်စွန့်ခွာရတာ၊ စားဝတ်နေရေးခက်ခဲတာ၊ သားသမီးပညာရေးအတွက် စိုးရိမ်ပူပန်ရတာ တွေအပြင် အိမ်တွင်းအကြမ်းဖက်မှုတွေရဲ့သားကောင်တွေအဖြစ် ရင်ဆိုင်နေရတာတွေကို စကားဝါက မီးမောင်းထိုးပြပါတယ်။

စစ်အာဏာမသိမ်းမီက ကရင်နီပြည်၊ ဒီမော့ဆိုမြို့နယ်ဟာ မြို့နယ်တရားရုံးနဲ့ ရဲစခန်းတွေရှိခဲ့ပေမယ့် ဒေသခံအများစုဟာ ခိုး မှု၊ မြေယာအငြင်းပွားမှုလို အမှုအခင်းတွေမှာ ဓလေ့ထုံးတမ်းတွေ၊ မျိုးနွယ်စုခေါင်းဆောင်တွေရဲ့ ဆုံးဖြတ်ချက်တွေအတိုင်းသာ လိုက်နာကျင့်သုံးခဲ့တဲ့ဒေသဖြစ်ပါတယ်။

ဒီဓလေ့ထုံးတမ်းတွေနဲ့ပတ်သက်လို့ လူငယ်နဲ့ လူကြီးအကြား ကွာဟမှုတွေလည်း ရှိနေပါတယ်။ လူကြီးတွေက ဘိုးဘွားတွေရဲ့ ဓလေ့ထုံးတမ်းတွေကို တသွေမတိမ်း လိုက်နာကြပေမယ့် လူငယ်တွေကတော့ ခေတ်နဲ့အညီ ပြင်ဆင်ပြောင်းလဲလိုကြပါတယ်။ 

“သူတို့က တပြိုင်နက်ထဲမှာ လူကြီးတွေ၊ မျိုးနွယ်စုခေါင်းဆောင်တွေ၊ ရပ်ရွာခေါင်းဆောင်တွေကို မလွန်ဆန်နိုင်သေးဘူး။ အခု အချိန်ထိ မလွန်ဆန်နိုင်သေးဘူး”လို့ စကားဝါက ဝမ်းနည်းစကားဆိုပါတယ်။

ဒါ့အပြင် အမျိုးသမီးတွေနဲ့ပတ်သက်ပြီးတော့လည်း မျိုးနွယ်စုခေါင်းဆောင်တွေနဲ့ လူကြီးပိုင်းတွေရဲ့ တန်ဖိုးထားမှုအပေါ်မှာ  စကားဝါတစ်ယောက် မေးခွန်းတွေရှိနေပါတယ်။

နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆွေးနွေးပွဲတွေမှာဖြစ်ဖြစ်၊ သာမန်မိတ်ဆွေအချင်းချင်း တွေ့ဆုံကြတဲ့အခါမှာဖြစ်ဖြစ်၊ အမျိုး သမီးတွေရဲ့ ဆွေးနွေးချက်တွေနဲ့ အမြင်သဘောထားတွေကို အရေးတယူထည့်သွင်းစဉ်းစားတာမျိုး အားနည်းနေတယ်လို့ သူ မြင်ပါတယ်။ 

စကားဝါကိုယ်တိုင် နားထောင်ခဲ့ရတာက “မိန်းကလေးတွေ ထက်မြက်တာတော့ ကောင်းပါတယ်။ ဒါပေမဲ့ ယောကျာ်းလေး တွေထက် ပိုထက်မြက်နေရင်တော့ မသင့်တော်ဘူးပေါ့”လို့ တိုင်းရင်းသားခေါင်းဆောင်တစ်ဦးက ပြောခဲ့တဲ့စကားပါ။

“မိန်းကလေးတွေကို တန်ဖိုးမထားဘူး” ဆိုတာက စကားဝါတစ်ဦးထဲရဲ့ ခံစားချက်မဟုတ်ဘဲ ဒီဒေသမှာနေထိုင်တဲ့ ငယ်ရွယ် တဲ့ မိန်းကလေးတိုင်းလိုလိုရဲ့ ခံစားချက်ပါ။

ဒေသခံအချင်းချင်းဖြစ်စေ၊ တခြားနေရာကလာတဲ့ သူစိမ်းယောက်ျားဖြစ်စေ၊ ဒေသခံမိန်းကလေးအပေါ် လိင်ပိုင်းဆိုင်ရာ ကျူး လွန်မှုတွေဖြစ်တဲ့အခါ ကာယကံရှင်မိန်းကလေးရဲ့ဆန္ဒနဲ့ စိတ်ခံစားချက်တွေကို နားထောင်တာ၊ အလေးထားတာထက်  ရိုးရာ ဓလေ့အရ လျော်ကြေးနဲ့ ကျေအေးတာ၊ ကြက်သတ်၊ ဝက်သတ်ပြီး ကျေအေးတာတွေကိုသာ ပြုလုပ်လေ့ရှိကြပါတယ်။ ဒီလို လုပ်တာဟာ ပြစ်မှုကျူးလွန်သူတွေကို လွတ်မြောက်ခွင့်ပေးလိုက်တာလို့ ခံစားရစေပါတယ်လို့ သူကပြောပါတယ်။

“ဓလေ့ထုံးတမ်းကိုလည်း မထိခိုက်ဘဲ ကာယကံရှင် အမျိုးသမီးတွေရဲ့ဆန္ဒကို ထည့်သွင်းတဲ့နည်းလမ်းအသစ်ကို ကျမတို့ ဒီ နေရာ၊ ဒီဒေသတွေမှာ အသိပညာပေးတွေ များများလုပ်ဖို့ လိုနေပြီလို့မြင်တယ်” လို့ စကားဝါက ဆိုပါတယ်။

လျော်ကြေးနဲ့ ကျေအေးတာကို မဖြစ်သင့်တော့ဘူးလို့ ယူဆတဲ့ ခေတ်ပညာတတ်အမျိုးသမီးများစွာရှိကြပြီး သူတို့တွေ ထုတ် ဖော်ပြောဆိုလာဖို့၊ ဓလေ့ထုံးတမ်းတွေကို ထိန်းသိမ်းရင်း၊ ကာယကံရှင်အမျိုးသမီးတွေရဲ့ ထိခိုက်နစ်နာမှုတွေကို ကိုယ်တိုင်ပါ ဝင် ဆုံးဖြတ်ခွင့်ရတဲ့ စီရင်မှုအထိ ပြောင်းလဲလာဖို့က စကားဝါရဲ့ ဆန္ဒအမှန်ဖြစ်ပါတယ်။

 “အမျိုးသမီးတွေကို တန်ဖိုးမထားတာ” “အမျိုးသားတွေရဲ့ စိတ်ကြိုက်စီမံခန့်ခွဲခွင့်ရတဲ့ လူသားတစ်ဦးလို သဘောထားတာ” စတဲ့ ဖိုဝါဒအစွဲအလမ်းတွေကိုလည်း သူက ဆန့်ကျင်သူဖြစ်ပါတယ်။

“အိမ်ထောင်ပြုလိုက်ရင် ဒီမိန်းကလေးက ကလေးမွေးဖို့၊ အိမ်ထောင်ဖက်အမျိုးသားရဲ့အဝတ်အစားကို လျှော်ပေးဖို့သက်သက် သာဖြစ်တယ်ဆိုတဲ့ သဘောထားမျိုးလည်း တွေ့နေရတုန်းပါပဲ”လို့ စကားဝါက ထောက်ပြပါတယ်။

သူရောက်ရှိနေတဲ့ဒေသမှာ အမျိုးသမီးတွေကို “ဒုတိယလိင်”လို့ သဘောထားတဲ့ ဓလေ့ထုံးတမ်းတွေက နက်ရှိုင်းစွာအမြစ် တွယ်နေတာကြောင့် စကားဝါ ရင်ဆိုင်ရတဲ့တိုက်ပွဲက စစ်ရေးပဋိပက္ခတစ်ခုထဲတော့ မဟုတ်ပါဘူး။

ဒီဒေသမှာ အမွေဆက်ခံခွင့်မှာလည်း သားယောက်ျားလေးတွေ ဦးစားပေးတာ၊ အိမ်တွင်းအကြမ်းဖက်မှုတွေကို အမျိုးသမီး တွေက ဓလေ့ထုံးတမ်းအရဖြစ်စေ၊ ဘာသာရေးအရဖြစ်စေ၊ ထုတ်ဖော်မပြောရဲတာ၊ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေကိုလည်း ငွေကြေးနဲ့ ကျေအေးစေတဲ့”ကြီးသောအမှုငယ်စေ၊ ငယ်သောအမှုပပျောက်စေ”ဆိုတဲ့အလေ့အထဆိုးတွေက ရှိနေဆဲပါ။

ဒါတွေဟာ စကားဝါအနေနဲ့ အနာဂတ်မှာ ပြုပြင်ပြောင်းလဲလာဖို့ စိတ်ပိုင်းဖြတ်ထားတဲ့အရေးတွေ ဖြစ်ပါတယ်။ သူဟာ စစ် အာဏာရှင်ကို တော်လှန်နေရင်း တဖက်မှာလည်း အမျိုးသမီးတွေကို ရုပ်သေးသဖွယ် ကြိုးကိုင်လိုတဲ့အတွေးအခေါ်ဟောင်း တွေကိုပါ တိုက်ထုတ်နေရတဲ့”နှစ်ထပ်ကွမ်းတော်လှန်ရေးလုပ်နေရသူ”ဖြစ်ပါတယ်။

တော်လှန်ရေးအောင်မြင်ဖို့အတွက် လက်နက်ကိုင်တိုက်ရုံနဲ့ မလုံလောက်ဘဲ လူ့အဖွဲ့အစည်းထဲ ကိန်းအောင်းနေတဲ့ ကျား၊ မ တန်းတူညီမျှမှု မရှိတာနဲ့ ဖိနှိပ်မှုမှန်သမျှကို အမြစ်ဖြတ်တိုက်ထုတ်ဖို့လည်း လိုအပ်နေပါသေးတယ်။

“ဒီလိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေက တော်လှန်ရေးတပ်ဖွဲ့တွေထဲမှာ ရှိနေမှ မဟုတ်ဘူး။ မည်သည့်နေရာ၊ မည်သည့်ဝန်း ကျင်၊ မည်သည့်အဝန်းအဝိုင်းမှာမဆို လုံးဝ zero tolerance အနေနဲ့ သည်းခံနေဖို့၊ သည်းခံစရာ လုံးဝမလိုဘူးဆိုတာကိုတော့ ကျမဒီနေရာကနေ ပြတ်ပြတ်သားသား ပြောချင်တယ်” လို့ စကားဝါက ပြောပါတယ်။

တချို့တော်လှန်ရေးတပ်ဖွဲ့တွေမှာ အမျိုးသမီးရဲမေတွေဟာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှု၊ လိင်အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင် နေရတယ်ဆိုတဲ့ သတင်းတွေလည်း ကြားသိနေရတဲ့အပေါ် သူ့အမြင်ကိုပြောဆိုခဲ့တာပါ။

ဒါ့အပြင် စကားဝါဟာ ဖက်ဒရယ်စနစ်ကို ခိုင်ခိုင်မာမာ ယုံကြည်သူတစ်ဦးဖြစ်ပါတယ်။ သူဆိုလိုတဲ့ ဖယ်ဒရယ်ဆိုတာက  “စစ် တပ်က လာကြဟေ့၊ ဖက်ဒရယ်တည်ထောင်မယ်။ ရော့.. ငါတို့ ဖယ်ဒရယ်မူဆွဲထားတယ်။ နင်တို့ အဲဒီအတိုင်းနေဆိုတာမျိုး” မဟုတ်ဘဲ ဒီဒေသမှာနေထိုင်သူတွေ ကိုယ်တိုင်ကြုံတွေ့နေရတဲ့အခက်အခဲ၊ သူတို့လိုချင်တဲ့ သူတို့ဖြစ်ချင်တဲ့ သူတို့ပြည်နယ်၊ သူ တို့အိပ်မက်ကို သူတို့ကိုယ်တိုင် ဖန်တီးခွင့်ရတဲ့ နိုင်ငံမျိုး၊ ဒီလမ်းကြောင်းကို ကျမသွားချင်ပါတယ်”လို့ သူက ရှင်းပြပါတယ်။

ဗမာမုန်းတဲ့တိုင်းရင်းသားတွေကြား သွားရောက်နေထိုင်ရတော့ အစပိုင်းမှာ မရင်းနှီး၊ မခေါ်မပြောတာတွေ ရှိခဲ့ပေမယ့် “သူတို့ မြင်ဖူးထားတဲ့ ဗမာစစ်တပ်လို လူ့အခွင့်အရေးချိုးဖောက်၊ သူတို့အပေါ် ခေါင်းပုံဖြတ်၊ လူလည်ကျတဲ့ဗမာတွေလို မဟုတ်ဘူးဆို တာ ကိုယ့်ရဲ့လုပ်ဆောင်ချက်တွေ၊ ကိုယ့်ရဲ့အပြုအမူတွေကနေ သူတို့သိရှိပါစေ၊ တွေ့မြင်ပါစေဆိုတဲ့ခံယူချက်ထားပြီး အတူတ ကွ ရုန်းကန်နေထိုင်တယ်။ သူတို့ရဲ့ခံစားချက်တွေကို အလေးအနက်နားထောင်ပေးတာတွေကို လုပ်ဆောင်ပြီး ရင်းနှီးမှုတွေရရှိ ခဲ့တယ်”လို့ စကားဝါက ပြန်ပြောပြပါတယ်။

အမျိုးသမီးတွေရဲ့ ဦးဆောင်မှုအခန်းကဏ္ဍနဲ့ပတ်သက်ပြီး အမျိုးသမီးတွေရဲ့ပါဝင်မှုကို ရာခိုင်နှုန်းနဲ့ သုတေသန လုပ်ထားတာ မရှိပေမယ့် တော်လှန်ရေးမှာ အမျိုးသမီးပါဝင်မှုက တော်တော်များပါတယ်လို့ဆိုပါတယ်။

ဦးဆောင်မှုအခန်းကဏ္ဍလို့ပြောရင် အမျိုးသမီးတွေဟာ စီမံခန့်ခွဲမှုအပိုင်းတွေကို ပိုပြီးဦးဆောင်နိုင်တယ်လို့လည်း စကားဝါက မှတ်ချက်ပေးပါတယ်။

သို့ပေမယ့် စကားဝါလို တော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတွေဟာ စစ်ရေး၊ နိုင်ငံရေးဖိအားတွေအပြင် မိသားစုနဲ့ လူမှု အသိုင်းအဝိုင်းရဲ့ဖိအားတွေ၊ အနာဂတ်မရေရာမှုတွေ၊ ရွယ်တူတွေနဲ့ ကွာခြားတဲ့ ဘဝအခြေအနေတွေကြောင့် ဖြစ်ပေါ်လာတဲ့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေကို နေ့စဉ်ရင်ဆိုင်နေကြရပါတယ်။

စကားဝါအတွက်တော့ တော်လှန်ရေးဟာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်ရုံနဲ့ မပြီးသေးပါဘူး။ ဒီစနစ်ဆိုးနဲ့အတူ ကပ်ပါ လာတဲ့ ဖိနှိပ်ချုပ်ချယ်တာတွေ၊ အမျိုးသမီးအခွင့်အရေးတွေကို မျက်ကွယ်ပြုနေတာတွေကိုလည်း ပြုပြင်ပြောင်းလဲဖို့ လိုအပ် နေတယ်လို့ မြင်နေတာပါ။

ဒါ့ကြောင့် သူက ၂၀၂၅-၂၀၂၆ ခုနှစ်တွေမှာ အမျိုးသမီးနှင့် ကလေးသူငယ်အခွင့်အရေးဆိုင်ရာလုပ်ငန်းတွေကို အလေးထား လုပ်ဆောင်သွားဖို့လည်း သူက စီစဉ်နေတယ်လို့ဆိုပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်တာက ဒီမိုကရေစီစနစ်ထက် ပိုကျယ်ပြန့်တဲ့ ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေး ဖြစ် သလို ဒီပြည်ထောင်စုက ကျား-မ တန်းတူညီမျှမှုနဲ့ အမျိုးသမီးတွေရဲ့ဘဝလုံခြုံမှုကို အာမခံနိုင်တဲ့နေရာတစ်ခုဖြစ်ရမယ်လို့ စကားဝါလို အမျိုးသမီးတွေက သူတို့ရဲ့လက်တွေ့ဘဝ၊ လက်တွေ့တိုက်ပွဲတွေနဲ့အတူ သက်သေပြနေပါတယ်။

စစ်အာဏာရှင်စနစ်ကို တော်လှန်တိုက်ဖျက်နေရုံသာမက လူ့အဖွဲ့အစည်းထဲမှာ အမြစ်တွယ်နေတဲ့ ကျား- မ ခွဲ ခြားမှုတွေကိုပါ တပြိုင်နက်ထဲ တိုက်ပွဲဝင်နေတဲ့ သူလိုအမျိုးသမီးလူငယ်တွေဟာ ဒီနေ့ဒီအချိန်ထိ တော်လှန်ရေးထဲမှာ အလံမလှဲစိတ်ဓာတ်နဲ့ တိုက်ပွဲဝင်နေကြဆဲပါ။

ဘာပဲဖြစ်ဖြစ်  စကားဝါကတော့ အမှန်တရားကို တန်ဖိုးထားပြီး မျှတတဲ့ လူ့ဘောင်အဖွဲ့အစည်းကို လိုလားသူပီပီ “မတရားတာ ကို မကြိုက်ဘူး။ သေနတ်နဲ့ အနိုင်ကျင့်အုပ်ချုပ်တာကို မကြိုက်ဘူး။ ကျမတို့စိတ်ဆန္ဒမပါဘဲ အတင်းအကြပ် အုပ်ချုပ်နေတာ ကို မကြိုက်ဘူး”လို့ သူက စစ်တပ်ကို တော်လှန်ရတဲ့အကြောင်းရင်းကို ပြောပြပါတယ်။

Author: Shin Nyane