လူသားအဖြစ်မှ ယုတ်လျော့ရှုမြင်ခံရခြင်း
မဘီး
တော်လှန်ရေးထုတ်ကုန် “ဆက်လျှောက်”ရဲ့ အမျိုးသမီးကိုယ်ခန္ဓာအသားပေး ထုတ်ကုန်ကြော်ငြာနဲ့ ပတ်သက်ပြီး အငြင်းပွားမှုတွေ ဖြစ်နေတာမြင်တော့ အမျိုးသမီးတွေနဲ့ လူသားဖြစ်တည်မှုနဲ့ ပတ်သက်ပြီး ခေါင်းထဲမှာ တွေးစရာတွေ ပေါ်လာပြန်ပါတယ်။
ဖီးမနစ်ဇင်အကြောင်း တွင်တွင်ကျယ်ကျယ်ပြောလာတဲ့ ၂၀၁၅ နှောင်းပိုင်းကာလတွေမှာ လူမှုဖွံ့ဖြိုးတိုး တက်ရေးနဲ့ လူမှုအကျိုးပြုနယ်ပယ်က အထင်ကရပုဂ္ဂိုလ်တွေ၊ ထင်ရှားကျော်ကြားသူတွေ၊ အမျိုးသမီး တွေကို စိတ်ဓာတ်မြှင့်တင်ပေးနေပါတယ်ဆိုတဲ့ အမျိုးသမီးဘလော့ဂါအချို့အပါအဝင် ဆိုရှယ်အင်ဖလူ ရန်ဇာတွေက သူတို့ကိုယ်သူတို့ ငါတို့က “ဖီးမနစ်မဟုတ်ဘူး၊ ဟူးမန်းနစ်တွေ (တနည်း) လူသားဝါဒီတွေ ပါ” ဆိုပြီး ခုခံပြောဆိုတာကို အမှတ်ရမိသေးတယ်။ မကြာသေးခင်က တော်လှန်ရေး အနုပညာရှင်တစ် ဦးကလည်း “လူသားဝါဒီ” ဆိုတဲ့ ခေါင်းစဥ်နဲ့ တေးစီးရီးအယ်လဘမ်တစ်ခု ထုတ်ခဲ့ပြန်ပါတယ်။
တကယ်တော့ “လူသားဝါဒီ (Humanism)” ဆိုတာက လူသားတွေရဲ့ဖြစ်တည်မှုအမျိုးမျိုးကို သိရှိနား လည်ပြီး လူသားတွေရဲ့ စွမ်းအင်၊ တန်ဖိုး၊ ဖြစ်တည်မှု၊ လွတ်လပ်မှုနဲ့ လုပ်ဆောင်နိုင်စွမ်းတွေကို အလေး ပေးတဲ့ အတွေးအခေါ်တစ်ရပ်ပါ။ ဒီအတွေးအခေါ်မှာ လူသားတွေဟာ အခြားဘယ်သဘာဝလွန် (ဒါမှမ ဟုတ်) ဘာသာတရားတစ်ရပ်ရပ်ရဲ့ လွှမ်းမိုးမှုမှမပါပဲ လူသားဖြစ်တည်မှု၊ လူသားအတွေ့အကြုံအပေါ် အခြေခံတဲ့ ကိုယ်ပိုင်ကိုယ်ကျင့်တရား၊ စံနှုန်းတွေနဲ့ ရှင်သန်မှုကို အလေးထားတာဖြစ်ပါတယ်။ ဒီအမြင်ဟာ “လူသားတွေအားလုံးက အတူတူပဲ” ဆိုတာထက် ပိုနက်နဲတဲ့ မတူညီတဲ့ရှုထောင့်က လူတွေရဲ့ဖြစ် တည်မှု၊ ကွဲပြားမှုတွေကို လေ့လာပြီး သာတူညီမျှမှု၊ ကိုယ်ချင်းစာတရား ပွားများမှုတွေ ပါဝင်နေပါတယ်။ ဒါကြောင့် တစ်စုံတစ်ယောက်ဟာ ကိုယ့်ကိုယ်ကို လူသားဝါဒီလို့ပြောရင် သူဟာ လူသားတွေရဲ့ ဖြစ်တည်မှု ရှုထောင့်အမျိုးမျိုးကို နားလည်လက်ခံပြီး လူကိုလူလို့ မြင်တတ်သူလို့ ဆိုလိုတာဖြစ်ပါတယ်။
“လူကိုလူလို့ မြင်ဖို့.. ဆိုရာဝယ်..”
“လူကိုလူ” လို့ မြင်ဖို့ ပြောဖို့က အရမ်းလွယ်ကူတယ်၊ ရိုးရှင်းတယ်ထင်ရပေမယ့် လူသားတွေ သတိမပြုမိလိုက်တဲ့ လူသားအဖြစ်က နှိမ့်ချဆက်ဆံခံရမှုတွေ ရှိနေပါတယ်။ လူသားတွေဟာ ဘယ်လိုအချိန်မျိုးမှာ လူသားအဖြစ်ကနေ တဆင့်ယုတ်လျော့ခံရပါသလဲ။
လူသားဖြစ်တည်မှုလို့ပြောရင် ခန္ဓာကိုယ်၊ စိတ်ဝိညာဥ်၊ တွေးခေါ်စဥ်းစားနိုင်မှု၊ ခံစားနိုင်မှုစတဲ့ဖြစ်တည်မှု တွေ ပေါင်းစပ်ပါဝင်နေတယ်ဆိုတာကို မေ့ထားလို့ မရပါဘူး။ လူတွေရယ်လို့ ဖြစ်တည်ရခြင်းကိုက အခြားသတ္တဝါတွေထက် စဥ်းစားတွေးခေါ်မှု မြင့်မားတယ်၊ တီထွင်ကြံဆနိုင်မှု ကြီးမားတယ်၊ ခံစားချက် ရှိတယ်စတဲ့ စရိုက်သဘာဝတွေ ပါဝင်နေတယ်မဟုတ်ပါလား။ ကျမတို့ဟာ လူတစ်ဦးတစ်ယောက် (ဒါမှ မဟုတ်) တစ်စုတစ်ဖွဲ့ကို သူတို့ရဲ့ တစ်စုံလုံးဆိုင်ရာဖြစ်တည်မှုတွေကို ထည့်သွင်းစဥ်းစားမှုမပြုဘဲ သူတို့ ရဲ့အသားအရောင်၊ ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုခု၊ လူမျိုးနွယ်စု၊ ကျားမဖြစ်တည်မှု၊ နိုင်ငံသားဖြစ်မှု စတဲ့ ဖြစ်တည်မှုတစ်ခုခုကို ရှုမြင်ခွဲခြားသတ်မှတ်ခံရပြီး အမွှမ်းတင်သည်ဖြစ်စေ၊ ချိုးနှိမ်သည်ဖြစ်စေ၊ တံဆိပ်ကပ်ခံရသည်ဖြစ်စေ၊ ရှိရင်းစွဲ လူသားတန်ဖိုးကနေ ယုတ်လျော့ခြင်း မည်ပါတယ်။
ဥပမာ – အမျိုးသမီးတွေကို စိတ်ဝိညာဉ်၊ ကိုယ်ခန္ဓာတစ်စုံလုံးနဲ့ တွေးခေါ်စဉ်းစားနိုင်တဲ့ ခံစားချက်ရှိတဲ့ လူသားတစ်ဦးအဖြစ် သူတို့ရဲ့ ဖြစ်တည်မှု၊ စဥ်းစားနိုင်စွမ်း၊ အရည်အချင်း စတာတွေကို ထည့်သွင်းစဥ်းစားမှု မပြုဘဲ တင်ရယ်၊ ရင်သားရယ်၊ လိင်ဆက်ဆံလို့ရမယ့် ထိုးသွင်းအပေါက်ရယ်စသဖြင့် ပိုင်းဖြတ်အသားပေးရှုမြင်နေခြင်းကိုက လူသားဖြစ်တည်မှုက လျှော့ချပြီး အမြင်ခံရတာပဲဖြစ်ပါတယ်။
“လူသားဖြစ်တည်မှုမှသည် ရုပ်ဝတ္ထုပစ္စည်းအဖြစ်သို့ ရွေ့လျော့ခြင်း”
အမေရိကန် ပွင့်လင်းခေတ်စတင်ခါစ,ကစလို့ ယနေ့ခေတ်အထိ သူတို့လူမှုအဖွဲ့အစည်းက ရုပ်ရှင်၊ ဂီတ၊ မီဒီယာဖျော်ဖြေရေးတွေဟာ အမျိုးသမီးတွေကို လိင်ဖျော်ဖြေခံအဖြစ် အလွန်အကျွံအသားပေးဖော်ပြခဲ့ တယ်။ Kpop Idol တွေအပါအဝင် အခြားသော နိုင်ငံတကာအဆိုတော်အမျိုးသမီးတွေဟာ လူစိတ်ဝင် စားမှုခံရဖို့ သူတို့ရဲ့သီဆိုတီးခတ်ဖျော်ဖြေနိုင်စွမ်း၊ ဖန်တီးနိုင်စွမ်းထက် မလုံ့တလုံဝတ်ဆင်ဖို့၊ အမြဲတမ်း အလှအပကို အားကိုးဖို့၊ ခန္ဓာကိုယ်နဲ့ရုပ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုတွေလုပ်ဖို့ ဖိအားပေးခံခဲ့ရတယ်။ BBC, Guardianနဲ့ New York Times တို့ရဲ့ အမျိုးသမီးအဆိုတော်တွေနဲ့ ရုပ်သံနဲ့ဆောင်းပါးအင်တာဗျူးတွေ၊ မှတ်တမ်းရုပ်ရှင်တွေမှာ ဒီအကြောင်းအရာကို မြင်တွေ့ရတယ်။ ဒါကိုပြန်ကြည့်ရင် အရင်းရှင်တွေ၊ လုပ်ငန်းရှင်တွေ၊ ထုတ်လုပ်သူတွေဟာ ရောင်းအားမြှင့်တင်ရေးအတွက် အမျိုးသမီးတွေရဲ့ အလှအပနဲ့ ခန္ဓာကိုယ်ကို ရောင်းကုန်ပစ္စည်းသဖွယ် အသုံးချတယ်ဆိုတာ အသိသာကြီးပဲ။ တကယ်တော့ Sex Appeal ဆိုတာ ကြော်ငြာနည်းလမ်းတွေထဲက တစ်ခုပါပဲ။ အထင်ရှားဆုံး ဥပမာတွေကို ပြန်ကြည့်ရင် Carl’s Junior ရဲ့ ဟမ်ဘာဂါကြော်ငြာ၊ Durex ရဲ့ ကွန်ဒုံးကြော်ငြာတွေပါ။ မြန်မာပြည်မှာဆိုရင်တော့ Grand Royal တို့ Toyota တို့လို အမျိုးသားတွေကို ပစ်မှတ်ထားတဲ့ ကြော်ငြာတွေကို အမျိုးသမီးမော်ဒယ်တွေ သုံးပြီး ကြော်ငြာတာတွေ့မြင်ခဲ့ကြဖူးမှာပါ။
ဒီနေရာမှာ ရှင်းပြချင်တာက လိင်မှုအသားပေးကြော်ငြာ (Sex Appeal Ads) တိုင်းက လိင်အခြေပြု ဖိနှိပ် ကြော်ငြာ (Sexist Ads ) တော့ မဟုတ်ပါဘူး။ လိင်အခြေပြုဖိနှိပ်မှုကြော်ငြာဟာ ဖိုဝါဒအတွေးအခေါ်က လာပါတယ်။ ဥပမာ – Durex ရဲ့ ကွန်ဒုံးကြော်ငြာတွေက လိင်အသားပေးနည်း (Sex Appeal) ကို အသုံးပြု ထားပေမယ့် လိင်အခြေပြုဖိနှိပ်တဲ့ ကြော်ငြာမဟုတ်ဘူးလို့ ပြောလို့ရပါတယ်။ သူတို့ရဲ့ ကြော်ငြာတွေမှာ တစ်စုတစ်ဖွဲ့ကို ဖျော်ဖြေခံ၊ ပြုလုပ်ခံအဖြစ် အသုံးချထားတာမဟုတ်သလို လိင်မှုရေးရာအရ ပါဝါအနိမ့် အမြင့်မခွဲစေပါဘူး။ နောက်ထပ် Carl’s Junior ရဲ့ Kim Kardashian, Kate Upton တို့နဲ့ ရိုက်ကူးတဲ့ ကြော် ငြာတွေကတော့ သူတို့ရဲ့အမြန်စား အစားအသောက်တွေဟာ ဘယ်လောက်ကြီးကြောင်း၊ အရသာရှိ ကြောင်း၊ အရည်ရွှန်းကြောင်း၊ စားပြီးရင် ဘယ်လောက်စိတ်ကျေနပ်မှုပေးနိုင်ကြောင်းကို အမျိုးသမီးတွေရဲ့ ဖွံ့ထွားတဲ့ ခန္ဓာကိုယ်နဲ့ နှိုင်းယှဥ်ပြီးရိုက်ပြထားတာကြောင့် အမျိုးသမီးတွေကို လိင်ဖျော်ဖြေခံ အဖြစ် ဖိနှိပ်တဲ့ Sexist ads ဖြစ်ပါတယ်။ ဆက်လျှောက်ရဲ့ ခြေအိတ်ကြော်ငြာဟာ အမျိုးသမီးတွေကို လိင်အာသာဖြေပေးဖို့ လိင်ဖျော်ဖြေရေးအတွက် အသုံးချခံ၊ ပြုလုပ်ခံအဖြစ် ရှုမြင်ခံဖို့သာ တိုက်ရိုက် ရိုက်ကူးပြထားတာကြောင့် လိင်ဖိနှိပ်မှုကြော်ငြာ (Sexist Ads) သက်သက်ဖြစ်ပါတယ်။
ဒီလို လိင်မှုအသားပေးကြော်ငြာနည်းတွေ တွင်ကျယ်လာတာနဲ့အမျှ အမျိုးသမီးတွေဟာ လူသားအဖြစ်ကနေ ရောင်းကုန်လို သဘောထားခံရခြင်း ဖြစ်လာတာပါပဲ။ ဟိုလို ခန္ဓာကိုယ်မျိုးဆို ပုရိဿအကြိုက် ရောင်းတန်းဝင်တယ်၊ ဒီလို မျက်နှာပေါက်ဆိုရင်တော့ ရောင်းတန်းမဝင်ဘူး စသဖြင့် မသိမသာ၊ သိသိ သာသာနဲ့ စံနှုန်းတွေ ထပ်မံဖြစ်တည်လာခဲ့တယ်။ ဒီကနေတဆင့် လူသားဖြစ်တည်မှု၊ ကိုယ်ခန္ဓာ အစိတ် အပိုင်း၊ အလှအပနဲ့ ဆွဲဆောင်မှုတွေဟာ ရောင်းကုန်သဖွယ် စံနှုန်းသတ်မှတ်ချက်တွေနဲ့ ပြောင်းလဲ ရွေ့လျားလာတဲ့အထိကို မြင်အောင် ကြည့်ကြဖို့လိုပါတယ်။ ဒီနေရာမှာ ကြော်ငြာ၊ မော်ဒယ်၊ ရုပ်ရှင်မင်း သမီး အစရှိတဲ့ အမျိုးသမီးတွေဟာ ဒီလိုလိင်အသားပေး ဖော်ပြခံရဖို့ ကိုယ်တိုင်သဘောတူတိုင်း ဖိနှိပ် မခံရဘူးလို့ မဆိုနိုင်ပါဘူး။ ဒါဟာ စျေးကွက်စီးပွားရေးကိုသာ အသားပေးတဲ့ အရင်းရှင်စနစ်နဲ့ အမျိုး သားတွေကို ဗဟိုပြုဖျော်ဖြေပေးရတဲ့ ဖိုဝါဒီစနစ်ရဲ့တွန်းအား၊ ဒါတွေကနေ ထပ်ဆင့်တည်ဆောက်ထားတဲ့ယန္တရားကြောင့် အမျိုးသမီးတွေဟာ ကိုယ့်ခန္ဓာကိုယ်ကို ရောင်းစရာဝတ္ထုအဖြစ် စီးပွားရှာရပ်တည်ရ တဲ့ အခြေအနေစျေးကွက်တစ်ခု ရှိနေတယ်ဆိုတာ သတိချပ်ရမယ်။ ဒီစနစ်ထဲမှာ အမျိုးသမီးတွေဟာ ကိုယ့်ခန္ဓာကိုယ်ကိုပြဖို့ ကိုယ်တိုင်လိုလိုလားလားသဘောတူသည်ဖြစ်စေ၊ ငွေကြေးဥစ္စာ၊ နာမည်ကျော်ကြားမှု တစ်စုံတစ်ခုနဲ့ လဲလှယ်သည်ဖြစ်စေ စနစ်ရဲ့သားကောင်ဖြစ်ရတာချည်းပါပဲ။
ဒါ့အပြင် ကြော်ငြာနဲ့ ဖျော်ဖြေရေးကဏ္ဍရဲ့ စံနှုန်းတွေသာမက နေ့စဥ်ဘဝက အမျိုးသမီးတွေရဲ့ ဖြစ်တည်မှုတွေပါ ရုပ်ဝတ္ထုပစ္စည်းအဖြစ် လျှော့ချခံနေရတယ်ဆိုတာကိုလည်း မြင်အောင်တွေးတတ်ဖို့လိုပါတယ်။
“စော်လေးက မှည့်တယ်ကွာ…”
“ညီမလေးက ချစ်စရာလေး”
“ဟေ့… ချိုကိတ်လေး”
မြန်မာအမျိုးသမီးတော်တော်များများ နေ့စဥ်ဘဝမှာ အပြင်သွားတဲ့အခါ၊ လမ်းလျှောက်တဲ့အခါ၊ ဘတ်စ်ကားမှတ်တိုင်မှာ ကားစောင့်နေတဲ့အခါ၊ လက်ဖက်ရည်ဆိုင်ရှေ့က ဖြတ်လျှောက်တဲ့အခါ၊ မကြာခဏ ကျမတို့ရဲ့ ခန္ဓာကိုယ်၊ ရုပ်ရည်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးတာ၊ မထိတထိ စနောက်ခံရတာ၊ အာသာ ရမက်ငမ်းငမ်းတက်နေတဲ့ မျက်လုံးမျိုးတွေနဲ့ အကြည့်ခံရတာကို စိတ်အနှောင့်အယှက်ဖြစ်စွာ ကြုံခဲ့ကြ ဖူးပါတယ်။ ဘတ်စ်ကားပေါ်မှာ ကိုယ်ထိလက်ရောက် စော်ကားခံရတာတွေတောင် ပါပါသေးတယ်။ ဒီ အပြုအမူတွေသည်ပင်လျှင် ကျမတို့ကို လူသားအဖြစ်မမြင်ပဲ အဖျော်ဖြေခံပစ္စည်း (သို့မဟုတ်) ရုပ်ဝတ္ထု သာသာ ရှုမြင်ခံရခြင်းရဲ့ နောက်ဆက်တွဲပြယုဒ်တွေပဲဖြစ်ပါတယ်။ လူသားတစ်ဦးလို တန်းတူလေးစားရ မယ့်နေရာမှာ “စ” စရာ၊ “နောက်” စရာ၊ ဟာသသက်သက်၊ ဒါမှမဟုတ် အမျိုးသားတွေအတွက် မျက်စိ ပသာဒဖျော်ဖြေစရာ၊ လိင်ဖျော်ဖြေခံဝတ္ထုအဖြစ် ရှုမြင်နေခြင်းကိုက လူသားဖြစ်တည်မှုကနေ ရုပ်ဝတ္ထု ပစ္စည်းသာသာ ရှုမြင်ခံနေရခြင်းပဲ ဖြစ်ပါတယ်။
ဒီနေရာမှာ အရင်းရှင်စနစ်နဲ့ ဖိုဝါဒီတို့ဟာ အချင်းချင်း “ဘုတ်ကျီးရိုသေ၊ ကျီးဘုတ်ရိုသေ” ရိုင်းပင်းနေ တာကို သတိချပ်ဖို့အရေးကြီးပါတယ်။ အရင်းရှင်စနစ်ကလည်း ကျမတို့လူမှုအဖွဲ့အစည်းထဲက ရှိရင်းစွဲ ဖိုဝါဒအမြင်နဲ့ အမျိုးသမီးတွေအပေါ် ရှုမြင်ပုံတွေကို ကောင်းကောင်းနားလည်ပြီး အမျိုးသမီးတွေရဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်း၊ အလှအပတွေကို ကုန်ပစ္စည်းသဖွယ် အသုံးချကာ ရောင်းအားမြှင့်တင်ရေး လုပ်ပါတယ်။ ဖိုဝါဒထဲပိတ်မိနေသူတွေ (အမျိုးသမီး၊ အမျိုးသားနှင့်အခြား ဂျဲန်ဒါတွေအပါအဝင်) ကလည်း ဒီလိုရောင်းအားမြှင့်တင်ခြင်းကို ဖျော်ဖြေရေးသဖွယ် ရှုမြင်ပြီး ပစ္စည်းအရည်အသွေးကို အလေး ပေးဖို့ထက် ကိုယ့်ကိုယ်ကိုယ် ဂျင်းမိလို့ မိနေမှန်းမသိ အားပေးကြပြန်တယ်။ တဖက်က ပြန်ကြည့်မယ် ဆိုရင်လဲ ဒီလို sex appeal အသုံးပြုကြော်ငြာခံရတဲ့ ဝယ်ယူသူလူတန်းစားတစ်ရပ်ဟာ ဘရန်းတွေ၊ ကုန်ပစ္စည်းတွေကို အရည်အသွေးပေါ်မူတည်ပြီး ဆင်ခြင်တုံတရားနဲ့ဆုံးဖြတ်နိုင်စွမ်းရှိတဲ့ လူသားအဖြစ် ကနေ စဥ်းစားဆင်ခြင်ဥာဏ်နုံနဲ့ပြီး တဏှာရူးတဲ့ဝယ်ယူသူတွေအဖြစ် သတ်မှတ်ရှုမြင်ခံရတာပါပဲ။ ဒီမှာတင် လူသားအဖြစ် မှ ဖိနှိပ်ခံရခြင်း သံသရာဟာ တဖန်လည်နေပြန်ပါတယ်။
ကျမတို့က ဒီလိုဝေဖန်မှုတွေ ပြုလုပ်ရင် အမျိုးသမီးမှမဟုတ်၊ အမျိုးသားနဲ့ အခြားဂျဲန်ဒါတွေအပေါ်မှာ လည်း ရုပ်ဝတ္ထုပစ္စည်းသာသာ၊ ဖျော်ဖြေခံပစ္စည်းသာသာ ရှုမြင်ခြင်းအားလုံးကို ဝေဖန်ဖို့ လိုပါတယ်။ ဒီလို ဝေဖန်မှုတွေပြုလုပ်တိုင်း ဖိုဝါဒီလွှမ်းမိုးတဲ့ အမျိုးသားတွေရဲ့ စဥ်းစားမှုနဲ့ ချေပမှု နောက်ထပ်တစ်ခု က TikTok တို့ Facebook တို့လို ဆိုရှယ်မီဒီယာတွေမှာ မလုံ့တလုံဖော်ချွတ်နေတဲ့ အမျိုးသမီးတွေကျ တော့ စျေးဗန်းခင်းတာ မဟုတ်ဘူးလားပေါ့။ ဒီလိုတစ်ကိုယ်ရည်သဘောဆန္ဒနဲ့ ဖော်ချွတ်မှု၊ ကိုယ့်ခန္ဓာ ကိုယ်ကို ရောင်းကုန်ပစ္စည်းအဖြစ် အသုံးချမှုတွေကရော ဘယ်ကနေ ဇစ်မြစ်ဖြစ်တည်လာသလဲဆိုတာ ကို ပြန်သုံးသပ်ကြဖို့ပါပဲ။ စီးပွားရေးသဘောတရားနဲ့ကြည့်ရရင် ဝယ်လိုအားရှိလို့ ရောင်းလိုအား ရှိနေ တာ မဟုတ်ဘူးလား။ အမျိုးသမီးတွေကို လိင်ဖျော်ဖြေခံလို သဘောထားရှုမြင်တဲ့ ဖိုဝါဒီအတွေးအခေါ် ကိုသာ အမြစ်ဖြတ်နိုင်ခဲ့ရင် အမျိုးသမီးတွေကိုယ်တိုင်ကလည်း မလုံ့တလုံဝတ်စားပြီး၊ ဖော်ချွတ်ပြီး ဆိုရှယ်မီဒီယာကနေ ကိုယ့်ကိုယ်ကို ရောင်းတန်းဝင်အောင်လုပ်ပြီး စီးပွားနဲ့အောင်မြင်မှုရှာရမယ်လို့ စဥ်းစားမိမယ်မထင်ပါဘူး။ ဒါမှမဟုတ် အမျိုးသမီးတွေက သူတို့သဘောနဲ့သူတို့ ဖော်ကြချွတ်ကြသည့် တိုင်အောင် ဒါကို ခန္ဓာကိုယ်ပြပြီး ရောင်းစားတယ်လို့ အထူးတလည် ရွံရှာတဲ့အမြင် (သို့မဟုတ်) “သူတို့ ပြ၊ တို့ကြည့်ရတာပေါ့ကွာ” ဆိုတဲ့ လိင်မှုရေးရာအရ ကိုယ့်ကိုယ်ကို အပေါ်စီးကလူလို သဘောပြီး တဆင့်နိမ့်မြင်တဲ့ အမြင်တွေရှိနေတော့ မှာ မဟုတ်ပါဘူး။
လူသားဆန်ခြင်းနဲ့ ဖီမနစ်ဇင်
နိဂုံးချုပ်အားဖြင့် ပြောရမယ်ဆိုရင်တော့ လူသားဝါဒီဆိုတာ ဖြစ်တည်မှု မတူညီတဲ့လူသားတွေအပေါ် မညီမျှတဲ့ သက်ရောက်မှု၊ ဖိနှိပ်မှုတွေကို သေချာစွာ လေ့လာဆန်းစစ်ရတဲ့ အတွေးအခေါ်တစ်ရပ်ဖြစ်ပြီး လူသားတွေရဲ့ လွတ်လပ်စွာရှင်သန်ခွင့်နဲ့ သာတူညီမျှမှုအတွက် လိုအပ်နေတဲ့အပြောင်းအလဲတွေကို မလုပ်ချင်လို့ ငါတို့ကတော့ ဟိုဝါဒီ၊ ဒီဝါဒီ မဟုတ်ဘူး၊ ငါတို့ကတော့ လူသားဝါဒီပါလို့ ရောချပြီး ကာဗာ ယူရတဲ့အတွေးအခေါ်တစ်ရပ် မဟုတ်ကြောင်း သတိပေးချင်ပါတယ်။ ထိုနည်းလည်းကောင်းပဲ ဖီမနစ်ဇင် ဟာ အမျိုးသမီးတွေကို ပိုပြီးပစားပေးထားပြီး အမျိုးသမီးတွေက အသာစီးရရေးကို ညွှန်းဆိုတဲ့ အတွေး အခေါ်မဟုတ်ပါဘူး။ ဖီမနစ်ဇင်လို့ပဲပြောပြော၊ ဂျဲန်ဒါတန်းတူညီမျှရေးလို့ပဲပြောပြော ဒါတွေဟာ လူသား ဖြစ်တည်မှုမှာ လိင်အခြေပြုဖိနှိပ်မှုနဲ့ အခြားသောဖြစ်တည်မှုအပေါ်အခြေခံပြီး ဖိနှိပ်တဲ့အတွေးအခေါ် တွေကို တွန်းလှန်တဲ့ တော်လှန်အတွေးအခေါ်နဲ့ တော်လှန်ဘဝနေထိုင်မှု တစ်ရပ်သာဖြစ်တယ်။ ဖီမနစ် ဇင်ဟာ လူသားဆန်တဲ့ အတွေးအခေါ်ဖြစ်တယ်။ ကိုယ့်ကိုယ်ကို လူသားဝါဒီအဖြစ် လက်ခံတယ်ဆိုရင် တန်းတူညီမျှမှုကို လက်ခံနိုင်ဖို့နဲ့ တန်းတူမညီမမျှဖြစ်နေတဲ့ ပြဿနာတွေကို အပေါ်ယံမကြည့်ပဲ ဟိုးအ တွင်းထဲအထိ နှိုက်နှိုက်ချွတ်ချွတ်စဥ်းစားပြီး နားလည်နိုင်ဖို့၊ ဒီမညီမျှမှုတွေကို ပြောင်းလဲတဲ့နေရာမှာ ပါဝင်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ပြောကြားရင်း နိဂုံးချုပ်လိုပါတယ်။





