နောက်မျိုးဆက်တွေကို ရွှေထီးဆောင်းစေချင်သူ

နောက်မျိုးဆက်တွေကို ရွှေထီးဆောင်းစေချင်သူ

ခင်ဘုန်းမို့

“နောက်ပြန်ကြည့်ရင် ချောက်ကမ်းပါးပဲရှိတယ်။ ရှေ့ဆက်တိုးပါ၊ အဆုံးထိတိုက်ပွဲဝင်ပါ၊ တိုက်ပွဲဝင်ရင်း အသက်ပေးသွားသော ရဲဘော်များအား တိုင်တည်ကတိသစ္စာပြုပါသည်။ ကျွန်မ၏ အသက်နဲ့ ခန္ဓာမြဲနေသရွေ့အဆုံးထိ တိုက်ပွဲဝင်သွားပါမည်၊ ကျဆုံးသွားသောရဲဘော်များအား အလေးနီပြုပါသည်။ တော်လှန် ရေးအောင်မြင်ရမည်” လို့ ကတိသစ္စာပြုခဲ့တဲ့ တက္ကသိုလ်ကျောင်းသူဟာ ကတိစကားအတိုင်း ဖက်ဒရယ် ဒီမိုကရေစီတော်လှန်ရေးအတွက် တိုက်ပွဲဝင်ရင်း အသက်ခန္ဓာပေးအပ်သွားခဲ့ပါတယ်။

သူကတော့ ပိန်ပိန်ပါးပါးအပြုံးမျက်နှာ အသက်(၂၆)နှစ်အရွယ် ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂ အမှု ဆောင် မဝတ်ရည်အောင်ဖြစ်ပါတယ်။

စစ်အာဏာရှင်ကို တွန်းလှန်ဆန့်ကျင်ရင်း ဥပဒေမဲ့ဖမ်းဆီးခံခဲ့ရကာ စစ်ကြောရေးအတွင်းမှာ ရရှိခဲ့တဲ့ဒဏ် ရာတွေကြောင့်  ကောင်းမွန်တဲ့ဆေးကုသခွင့်မရခဲ့ဘဲ  အကျဉ်းထောင်အတွင်းမှာပဲ အသက်ဆုံးရှုံးခဲ့ရပါ တယ်။

မဝတ်ရည်အောင်ဟာ စစ်အာဏာရှင်တွေအုပ်ချုပ်တဲ့ လူ့အခွင့်အရေးအပြည့်အဝမရတဲ့နိုင်ငံမှာ လူတိုင်း ကို လူ့အခွင့်အရေးအပြည့်အဝရစေချင်တဲ့စိတ်ရှိခဲ့သူ၊ နိုင်ငံသားတယောက်ဖြစ်တဲ့အတွက် နိုင်ငံ့အရေးကို ပါဝင်လှုပ်ရှားဆောင်ရွက်ဖို့ လိုအပ်တယ်ဆိုတဲ့ ခံယူချက်မျိုးထားခဲ့သူ၊ သူလုပ်နိုင်တဲ့အရာတွေကို နောက် ဆုံးကျဆုံးသွားတဲ့အချိန်ထိ  လုပ်ဆောင်ခဲ့သူဖြစ်တယ်လို့ ဒဂုံတက္ကသိုလ် ကျောင်းသားသမဂ္ဂဥက္ကဌ မရွှေ သိင်္ဂီက ပြောပါတယ်။     

မဝတ်ရည်အောင်နဲ့ မရွှေသိင်္ဂီဟာ တက္ကသိုလ်ဒုတိယနှစ် မတက်ခင်ကတည်းက ရင်းနှီးခဲ့ကြသူတွေဖြစ်ပြီး ညီအစ်မသဖွယ်၊ ရဲဘော်ရဲဘက်၊ ရင်ဖွင့်ဖော် ရင့်ဖွင့်ဘက်တွေအဖြစ် ရှိခဲ့ကြသူတွေဖြစ်ပါတယ်။

ကျောင်းသားသမဂ္ဂနေ့ရက်များ

မဝတ်ရည်အောင်ဟာ ဒုတိယနှစ်မတက်ခင်မှာ ဒဂုံတက္ကသိုလ်‌ကျောင်းသားသမဂ္ဂက  ကျောင်းအပ်နှံရေးနဲ့ ပတ်သက်ပြီး volunteer တွေခေါ်တဲ့အချိန်ကစပြီး သမဂ္ဂထဲကို ခြေလှမ်းစချဖြစ်ခဲ့တာလို့ သိရပါတယ်။

ကျောင်းသားအရေးတွေကို ဆောင်ရွက်ဖို့ စိတ်အားထက်သန်တဲ့ မဝတ်ရည်အောင်ဟာ ၂၀၁၈ ခုနှစ်မှာ  Unity & Progress ဒဂုံတက္ကသိုလ် ကျောင်းသားအစည်းအရုံးကို စတင်ဝင်ရောက်ခဲ့တယ်။  ဒဂုံတက္ကသိုလ် ရဲ့ Cheer leaders အဖွဲ့မှာလည်းပါဝင်ခဲ့တယ်လို့ဆိုပါတယ်။  အဲ့ဒီနောက် ဒဂုံတက္ကသိုလ်ကျောင်းသားများ သမဂ္ဂသို့ဝင်ရောက်ပြီး ကျောင်းသားအရေးကိစ္စတွေမှာ  တက်တက်ကြွကြွဆောင်ရွက်ခဲ့တယ်။

၂၀၂၀ ခုနှစ်မှာတော့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရွေးကောက်ပွဲကို Unity & Progress ကျောင်း သားများအစည်းအရုံး ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပါတယ်။ ဒဂုံတက္ကသိုလ်ကျောင်းသား များသမဂ္ဂ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်၊ တွဲဖက်အတွင်းရေးမှူးအဖြစ်တာဝန်ထမ်းဆောင်ခဲ့တယ်။

မဝတ်ရည်အောင်ဟာ သာမန်ကျောင်းသားတစ်ယောက်တာဝန်ထက် ပိုတဲ့တာဝန်တွေ၊ ‌ကျောင်းသားအ ရေး၊ ကျောင်းသားအကျိုးတွေကို ထမ်းရွက်ခဲ့ရင်း အသက်ကလည်းငယ်၊ စိတ်ခံစားချက်ကို မထိန်းချုပ်နိုင် သေးတဲ့ကျောင်းသားလူငယ်အရွယ်ဖြစ်တဲ့အတွက် တချို့ဝေဖန်မှုတွေကို လက်မခံနိုင်တာမျိုး၊ စိတ်ဓာတ် ကျတဲ့ အခြေအနေမျိုးတွေကို ရင်ဆိုင်ဖြတ်သန်းရင်း ရင့်ကျက်လာခဲ့သူဖြစ်တယ်လို့ သိရပါတယ်။

“အဲဒီလိုအခြေအနေမှာ အရမ်းမရင့်ကျက်ခဲ့ကြဘူး။  မရင့်ကျက်ခဲ့ကြတဲ့အတွက် အတူတူတိုင်ပင်ရင်း စိတ် ခံစားချက်တွေများပြီးတော့ နှစ်ယောက်သားအတူတူငိုရင်း၊ တော်တာ်လေး တစ်ယောက်နဲ့တစ်ယောက် ရင်ဖွင့်တိုင်ပင်ရင်း၊ ရင်းနှီးခဲ့ရတဲ့ အကောင်းဆုံးသူငယ်ချင်းတွေအဖြစ် ရှိခဲ့တယ်” လို့ မရွှေသိင်္ဂီက ပြောပါ တယ်။

လူမှုပရဟိတမှာ တက်ကြွသူ

၂၀၂၀ ခုနှစ် ကိုဗစ်ရောဂါတွေစဖြစ်တော့လည်း လူငယ်ပီပီ Quarantine Center တွေမှာ စေတနာ့ဝန်ထမ်း အဖြစ် တာဝန်ထမ်းဆောင်ခဲ့တယ်။ ရန်ကုန်မြို့တွင်းမှာသာမကဘဲ ရခိုင်ပြည်နယ်အထိသွားပြီး စေတနာ့ ဝန်ထမ်းအဖြစ်ပါဝင်ခဲ့ပါတယ်။ လူမှုကူညီရေးလုပ်ငန်းတွေမှာ တက်ကြွတဲ့မဝတ်ရည်အောင်ဟာ စစ်အာ ဏာသိမ်းမှုကာလအတွင်း ကိုဗစ်ရောဂါတွေဖြစ်တော့လည်း မတုံ့မဆိုင်းဘဲ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင် ခဲ့ပြန်ပါတယ်။

ကိုဗစ်လူနာတွေအတွက် လိုအပ်တဲ့ဆေးဝါး၊ အောက်စီဂျင်တိုင်း ကရိယာလိုက်ဝယ်ပေးတာ၊ စတာတွေကို တက်တက်ကြွကြွလုပ်ကိုင်ခဲ့တယ်။

“ကျမတို့ပြည်သူမှာ ပြည်သူပဲရှိတော့တယ်။ ကျမတို့ပြည်သူတွေဟာ စစ်အာဏာရှင်ဒဏ်ကို ခံနေရတဲ့ ကြားထဲကမှ Covid ကပါ ဝင်လာတော့ ပြိုလဲချင်သယောင်ဖြစ်နေကြပြီပေါ့။ ဒါပေမယ့် ကျမတို့အားလုံး ပြိုလဲလို့မဖြစ်ဘူး၊ ကျမတို့ပန်းတိုင်တွေဆီ အ‌ရောက်သွားရဦးမှာဖြစ်လို့ အားတင်းထားကြပါ” လို့မဝတ် ရည် အောင်က ပြည်သူတွေကို အားပေးခဲ့ပါသေးတယ်။

တဖက်မှာ ကိုဗစ်ဒဏ်ကြားက ပြည်သူတွေကို စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ယူရင်း စစ်အာဏာရှင် တွန်းလှန်မှုတွေကိုလည်း ဆောင်ရွက်ခဲ့တယ်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂနဲ့အတူ စစ်အာဏာရှင်ဆန့် ကျင်ရေးလှုပ်ရှားမှုတွေကို ဆောင်ရွက်ရင်း တော်လှန်နေ့ရက်တွေကို ဖြတ်သန်းနေခဲ့တယ်။ မြေပြင် သပိတ် စစ်ကြောင်းတွေမှာ ပါဝင်သလို လူမှုကွန်ရက်ကနေလည်း ပြည်သူတွေကို အားမလျော့ဖို့ အစဉ် မပြတ်အားပေးခဲ့တယ်။ ဒဂုံတက္ကသိုလ်ဝင်းကို စစ်‌ကောင်စီတပ်က တပ်စွဲဖို့ကြိုးစားတဲ့အခါမှာလည်း ရဲဘော်တွေနဲ့အတူ ဂိတ်တံခါးတွေကို ဝရိန်နဲ့ပိတ်ကာ ခုခံကာကွယ်ခဲ့ပါတယ်။

အကျဉ်းထောင်တွင်းနေ့ရက်များ

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့မှာတော့ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ ရဲဘော် ၅ ဦးနဲ့  အတူ ဖမ်းဆီးခံခဲ့ရတယ်။ စစ်ကြောရေးမှာ ပြင်းထန်တဲ့ နှိပ်စက်မှုတွေကြောင့် ဖမ်းဆီးခံရပြီး သုံးလ အကြာမှာ လေဖြန်းဝေဒနာ ခံစားခဲ့ရတယ်လို့ သိရပါတယ်။ ၂၀၂၂ ခုနှစ်၊ မတ်လ(၁၀)ရက်နေ့မှာ ပုဒ်မ ၅၀၅ (က)နဲ့ ထောင်ဒဏ်သုံးနှစ်ချမှတ်ခံခဲ့ရပါတယ်။ ဧပြီလမှာ ဒိုက်ဦးအကျဉ်းထောင်ကို ပြောင်းရွှေ့ခံခဲ့ရ တယ်။ အဲဒီနောက် ကျန်းမာရေးဆိုးရွားလာတဲ့အတွက် အင်းစိန်ထောင်ကို ပြန်လည်ပြောင်းရွှေ့ခံခဲ့ရပါ တယ်။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၂၇ ရက်နေ့မှာ ပုဒ်မ ၅၂(က)နဲ့ထောင်ဒဏ်လေးနှစ်ချမှတ်ခံရရာ စုစုပေါင်း ထောင်ဒဏ်(၇)နှစ် ချမှတ်ခံခဲ့ရတယ်။

အင်းစိန်အကျဉ်းထောင်အတွင်း ဆိုးရွားတဲ့ အကျဉ်းထောင်စနစ်တွေကြောင့် ဆေးကုသမှုလုံလောက်စွာ မရရှိဘဲ ဦးခေါင်းဒဏ်ရာအခံကြောင့် မကြာခဏတက်တာ၊ သတိလစ်တာ၊ နှလုံးရပ်တာတွေ ခံစားခဲ့ရပါ တယ်။

“မဝတ်ရည်အောင်က စစ်ကြောရေးကနေပြီးတော့ အင်းစိန်ထောင်ကို ရောက်ထဲက တပတ်တခါ၊ နှစ်ပတ် တခါလိုမျိုး တက်တတ်တယ်။ တက်ပြီးရင် မေ့သွားတာမျိုး၊ သတိမလည်ပဲ နှစ်ရက်သုံးရက်‌လောက် ကြာ တယ်။ ဒါမျိုးဖြစ်တဲ့အတွက် သူ့ကိုပိုပြီးတော့ သတိထားမိလာတယ်။ စိတ်လည်းပူခဲ့ရတယ်”လို့ နိုင်ငံရေး အကျဉ်းသူများအဖွဲ့  ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းက ပြောပါတယ်။ မဇူးဇူးမေယွန်းနဲ့ မဝတ်ရည် အောင်တို့ဟာ အကျဉ်းထောင်အတွင်းမှာလည်း အတူဖြတ်သန်းခဲ့ကြသူတွေဖြစ်ပါတယ်။

ထောင်အာဏာပိုင်တွေကလည်း အကြမ်းဖက်စစ်ကောင်စီရဲ့အမိန့်ကို နာခံရတဲ့ လက်ပါးစေတွေ ဖြစ်တဲ့ အတွက် မဝတ်ရည်အောင်အပြင် တခြားနိုင်ငံရေးအကျဉ်းသားတွေကို ကျန်းမာရေးနဲ့ပတ်သက်တဲ့ဆေးဝါး ကုသခွင့်မပေးခဲ့ဘူးလို့   မဇူးဇူးမေယွန်း ကပြောပါတယ်။

မဝတ်ရည်အောင်ဟာ သူ့ကျန်းမာရေးအခြေအနေကြောင့် သတိလစ်ပြီး ပြန်သတိလည်လာတဲ့အခါမျိုးမှာ တောင် သူ့အတွက်ဝန်ထုတ်ဝန်ပိုးဖြစ်မှာစိုးတဲ့အတွက် သူကျန်းမာတယ်ဆိုတဲ့ ပုံစံမျိုးသာ အမြဲပြသခဲ့သူ ဖြစ်တယ်လို့ဆိုပါတယ်။

မဝတ်ရည်အောင်ရဲ့ ကျန်းမာရေးစောင့်ရှောက်မှုရဖို့အတွက် ပြင်ပကနေ ကျောင်းသားသမဂ္ဂတွေ၊ တခြား အစုအဖွဲ့တွေက ကြိုးစားခဲ့ပေမယ့် စစ်တပ်ရဲ့လက်ပါးစေဖြစ်တဲ့ အကျဉ်းဦးစီးက လိုအပ်တဲ့ကျန်းမာရေး စောင့်ရှောက်မှုတွေ မပေးခဲ့ပါဘူး။ မဝတ်ရည်အောင် ခေါင်းကိုက်ခဲတာတွေ ခံစားရရင် အကိုက်အခဲ ပျောက်ဆေးတွေသာပေးပြီး တကယ်လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုတွေကို လစ်လျူရှုခဲ့တယ်လို့ မရွှေသိင်္ဂီက ပြောပါတယ်။

“မဝတ်ရည်အောင်ကိုယ်တိုင်ကလည်း အသနားခံစာမတင်ဘူး။ အယူခံမဝင်ဘူးဆိုတဲ့ ခံယူချက်နဲ့ရပ်တည် နေတာမျိုးဖြစ်တဲ့အတွက်၊ တဖက်မှာလည်းစိတ်ပူတာတဖက်၊ ရပ်တည်ချက်ယုံကြည်ချက်ကို လေးစားတဲ့ အားဖြင့်လည်း ဘာမှလုပ်လို့မရ၊ ကိုင်လို့မရတဲ့ အခြေအနေမျိုးဖြစ်တယ်။ ဒါပေမယ့် အဲဒီအခြေအနေမှာ မဝတ်ရည်အောင်ဆုံးဖြတ်ခဲ့တဲ့  ရပ်တည်ချက်၊ ယုံကြည်ချက် ခိုင်မာမှုတွေကို အခုချိန်ထိလေးစားပါတယ်။ အဲတုန်းကလည်း လေးစားပြီးတော့ မဝတ်ရည်‌အောင်ရဲ့သ‌ဘောဆန္ဒအတိုင်းပဲ   အယူခံတွေ၊ အသနားခံစာ တွေ  ဘာတခုမှ မတင်ခဲ့ဘူး”လို့ မရွှေသိင်္ဂီက ပြောပါတယ်။

စစ်ကြောရေးမရောက်ခင် အကျဉ်းထောင်မကျခင်က မဝတ်ရည်‌အောင်ဟာ တခါတရံဖြစ်တဲ့လေအောင့် ရောဂါကလွဲလို့ ရောဂါအခံကြီးကြီးမားမားရှိသူမဟုတ်ဘဲ ကိုဗစ်ကာလတွေတုန်းက တက်တက်ကြွကြွ ကူညီခဲ့တဲ့  ကျန်းမာတဲ့လူငယ်တစ်ဖြစ်ပါတယ်။

အမှတ်တရကောင်းတွေချန်ရစ်သူ

“အပြုံး”ဆိုတဲ့ ငယ်နာမည်နဲ့လိုက်ဖက်စွာပဲ အပြုံးချိုချိုလေးနဲ့ ဖော်ရွေသ‌ဘောကောင်းသူလို့ လူတိုင်းရဲ့ ရင်ထဲမှာ အမှတ်တရကောင်းတွေနဲ့ ထင်ကျန်စေရစ်သူလည်းဖြစ်ပါတယ်။

မိတ်ဆွေတွေ၊ သူငယ်ချင်းတွေ၊ ဘယ်သူနဲ့ပဲတွေ့တွေ့၊ ဘယ်နေရာပဲရောက်ရောက် ရောက်တဲ့နေရာတိုင်း ကလူတွေက ဝတ်ရည်အောင်လို့ ပြောလိုက်ရင် ဝတ်ရည်အောင်က အပြုံးချိုချိုနဲ့သူမဟုတ်လားဆိုတဲ့ မှတ်ချက်မျိုးနဲ့ အမြဲအကောင်းအမြင်ခံရပြီး စိတ်ထားပြည့်ဝတဲ့သူတစ်ယောက်အဖြစ် အားလုံးက အမှတ်ရ လေ့ရှိကြပါတယ်။

“ဝတ်ရည်အောင်လို့ ပြောလိုက်ရင်သူက ဘယ်သူ့ကိုတော့ ဘယ်လိုကူညီပေးခဲ့တာ၊  ဝတ်ရည်ကတော့ အစ်မတို့ကို ဘယ်လိုကူညီပေးခဲ့တာ၊  ဘယ်လိုလုပ်‌ပေးခဲ့တာ၊ စတာတွေပဲ ကြားရသလို စိတ်ခံစားချက် ကစလို့ ပြင်ပအထိ အစစအရာရာနဲ့ ပတ်သက်ပြီးတော့ တခြားလူတွေအပေါ်မှာ အမြဲတမ်းဂရုတစိုက် ရှိတဲ့သူပေါ့”လို့  မရွှေသိင်္ဂီကမှတ်ချက်ပေးပါတယ်။

မဝတ်ရည်အောင်ဟာ ကိုယ်တိုင်လည်းပျော်ပျော်နေတတ်သလို တခြားသူတွေကိုလည်း ပျော်အောင်လုပ် ပေးနိုင်တဲ့စိတ်သဘောထားရှိသူဖြစ်တယ်။   သူကိုယ်တိုင် စိတ်ဓာတ်ကျနေချိန်တွေမှာလည်း အကောင်း ဆုံးကျော်ဖြတ်ဖို့ ကြိုးစားခဲ့သလို၊ တခြားသူတွေကိုလည်း အားပေးနှစ်သိမ့်နိုင်တဲ့သူတစ်ဦး၊    တခြားသူ တွေအတွက် ခွန်အားဖြစ်စေခဲ့သူတစ်ဦး ဖြစ်တယ်လို့ မိတ်ဆွေတွေက မှတ်ချက်ပြုကြပါတယ်။

မဝတ်ရည်အောင်ဘဝမှာ အရေးကြီးဆုံးကတော့ အမေဖြစ်ပါတယ်။ သူကိုယ်တိုင်လည်း သူ့ရဲ့လူမှု ကွန် ရက်စာမျက်နှာမှာ အမေနဲ့ပတ်သက်တာတွေကို မကြာခဏတင်လေ့ရှိသူဖြစ်ပါတယ်။

“မဝတ်ရည်အောင်ရဲ့  အိမ်မှာ မဝတ်ရည်အောင်က မရှိမဖြစ်ပေါ့လေ။ မဝတ်ရည်အောင်မရှိဘူးဆိုရင် အိမ် မှာတိတ်ဆိတ်နေတဲ့ပုံစံမျိုးရှိပါတယ်။ အဲဒါကြောင့် မဝတ်ရည်အောင်ရဲ့မိသားစုမှာဆိုရင် သူဟာအငယ် ဆုံးသမီးပီပီ၊ အိမ်တအိမ်မှာ ရှိသင့်ရှိထိုက်တဲ့ ပျော်ရွှင်မှုတွေကို ယူဆောင်လာပေးတဲ့သူတစ်ယောက်လို့ လည်း ပြောလို့ရပါတယ်” လို့ မရွှေသိင်္ဂီက ပြောပါတယ်။

နိုင်ငံရေးကို စိတ်ဝင်စားပြီး၊ ကဗျာတွေရေးတာ၊ စာတွေဖတ်တာ ဝါသနာပါတဲ့မဝတ်ရည်အောင်ဟာ ကလေးချစ်တတ်သူတစ်ဦးလည်းဖြစ်ပါတယ်။

သူအကျဉ်းထောင်ထဲက လွတ်မြောက်လာခဲ့ရင် မိခင်ဖြစ်သူကို အိမ်ကောင်းကောင်းနဲ့ထားချင်တာက သူ့ရဲ့ ဆန္ဒတစ်ခုပါပဲ။

“အဓိကက သူ့အမေကို အိမ်ကောင်းကောင်းနဲ့ထားချင်တယ်။ သူ့အမေက အသက်ကြီးပြီဖြစ်တဲ့အတွက် သူ့အမေကို သူပြုစုချင်တယ်။ ဒါကတော့ ထောင်ကထွက်လာရင် သူ့အမေဆီကို သူသွားချင်ခဲ့တာပေါ့။ ပြီးရင်တော့ သူလုပ်စရာရှိတာကို ဆက်လက်လုပ်ဆောင်ဦးမယ်ဆိုတာမျိုးတွေတော့ ဆွေးနွေးတိုင်ပင်ခဲ့ တာရှိပါတယ်”လို့ မဇူးဇူးမေယွန်းက ဆိုပါတယ်။

ကျား၊ မခွဲခြားမှုတွေကိုတွန်းလှန်သူ

မဝတ်ရည်အောင်ဟာ ကျား၊ မခွဲခြားမှုတွေကိုလည်းတွန်းလှန်ခဲ့သူတစ်ဦးဖြစ်ပါတယ်။

“တိုက်ပွဲကာလမှာ Gender လာခွဲနေတဲ့သူတွေကရှိသေး။ စိတ်ပျက်ဖို့ကောင်းတယ်။ ဟိုခွေးတွေကရော မိန်းမဖြစ်လို့ညှာပစ်တာရှိလား။ တော်လှန်ရေးကာလမှာ မိန်းမယောကျာ်းခွဲလို့ ဆွဲထိုးပစ်ရမယ်ထင်တယ်၊ ကိုယ့်လူအချင်းချင်း” လို့ သူ့ရဲ့လူမှုကွန်ရက်မှာ ရေးသားခဲ့ဖူးပါတယ်။

ဆန္ဒပြပွဲတွေမှာ အမျိုးသမီးတွေကို ရှေ့တန်းမှာမပါဖို့ တားမြစ်တဲ့အကြောင်း ရေးသားထားတဲ့အ‌ပေါ် သူ့အမြင်ကို မျှဝေခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမျိုးသမီးတစ်ဦးအနေနဲ့ ခေါင်းဆောင်မှုတွေမှာ ပါဝင်ရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ သမဂ္ဂရွေး ကောက်ပွဲမှာပါဝင်ခဲ့ပြီး ကျရာတာဝန်တွေကို ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပါတယ်။ မဝတ်ရည်အောင် အနေနဲ့ အမျိုးသမီးတွေက အမျိုးသားတွေနောက်မှာရှိတယ်ဆိုတဲ့ အယူအဆအဟောင်းတွေနဲ့ ပတ်သက် ပြီး ဖြိုဖျက်ပစ်ဖို့အတွက် ကိုယ်တိုင်လည်း ဦးဆောင်မှုနေရာမှာ ပါဝင်ခဲ့သလို တခြားအမျိုးသမီးတွေကို လည်း ပါဝင်ကြဖို့ တိုက်တွန်းခဲ့သူတစ်ဦးဖြစ်တယ်လို့ မရွှေသိင်္ဂီက ပြောပါတယ်။

ခွပ်ဒေါင်းစိတ်ဓာတ်စွဲကိုင်ထားသူ

မဝတ်ရည်အောင်ရဲ့ တော်လှန်ရေးခံယူချက်အပေါ် ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂ၊ ကျောင်းသား ထုနဲ့ ပြည်သူလူထုက အစဉ်အမြဲအောက်မေ့ဦးညွတ်လျက်ရှိကာ တော်လှန်ရေးအတွက် အသက် ပေးဆပ် စွန့်လွှတ်မှုကို အလေးအမြတ်ပြုတဲ့အားဖြင့် နောင်ကျောင်းသားမျိုးဆက်အသီးသီးတို့အတွက် စံနမူနာ ဖြစ်စေဖို့အတွက် ရည်ရွယ်ပြီး မဝတ်ရည်အောင်ကို ဒဂုံတက္ကသိုလ်ကျောင်းသားသမဂ္ဂက ကျောင်းသားအာ ဇာနည်ဘွဲ့ အပ်နှင်းခဲ့ပါတယ်။

အကျဉ်းထောင်အတွင်းမှာ စိတ်ပိုင်းဆိုင်ရာဖိနှိပ်မှု၊ ရုပ်ပိုင်းဆိုင်ရာဖိနှိပ်မှုတွေ၊ စိန်ခေါ်မှုတွေကို ကျောင်း သားသမဂ္ဂစိတ်ဓာတ် ကိုင်စွဲပြီးတော့ စိတ်ဓာတ်မပြိုလဲအောင်၊ စိတ်ဓာတ်မကျိုးပဲ့အောင် ကြိုးစား တည် ဆောက်ခဲ့တာကို ကွက်ကွက်ကွင်းကွင်းမြင်ရတယ်လို့ သမဂ္ဂရဲဘော်တွေက မှတ်ချက်ပြုပါတယ်။

မဝတ်ရည်အောင်ဟာ အကျဉ်းထောင်က လွတ်မြောက်ရင်လည်း စစ်အာဏာရှင် စနစ်မပြီးမပြတ်မချင်း တိုက်ပွဲဝင်သွားမယ်ဆိုတဲ့ သဘောထားမျိုးရှိတယ်လို့ သူနဲ့နီးစပ်သူတွေက ပြောပါတယ်။

“ငါတို့မြေကြီးဖြစ်ခဲ့ရင်တောင် ကျန်ခဲ့တဲ့မျိုးဆက် ရွှေထီးဆောင်းစေရမယ်” လို့ ကြွေးကြော်ခဲ့တဲ့ မဝတ်ရည်အောင်ဟာ အသက်ခန္ဓာသေဆုံးခဲ့ပေမယ့်၊ သူရဲ့ဖြစ်တည်ပေးဆပ်မှုနဲ့ ရဲရင့်မှုတွေကို အားလုံးက အစဥ်ထာဝရ အမှတ်ရနေကြမှာ အသေအချာပဲဖြစ်ပါတယ်။

Author: