‌အသက်နှင့်ရင်းထားရတဲ့ ဆေးဝါးပြတ်လပ်မှု

သန့်ရှင်းထွန်း

မြို့နယ်အချင်းချင်း ဆက်သွယ်သွားလာနေတဲ့ စက်လှေဆီကို ခန္ဓာကိုယ် ပိန်ပိန်ပါးပါး၊ အသားညိုညိုနဲ့ အသက် ၅၀ ကျော် အရွယ် ဒေါ်ခင်သန်းဟာ ပုံမှန်သွားနေကျ ခြေလှမ်းထက် ခပ်မြန်မြန်လျှောက်လာနေပါတယ်။

လက်ထဲမှာ အာဂျီနိုမိုတိုပလပ်စတိတ်အိတ်အရွယ် လက်ဆွဲအိတ်တစ်လုံးကိုင်ပြီး နေ့တိုင်းပုံမှန်အသွားအလာမရှိတဲ့ ဘုတ်ခေါ် စက်လှေ မမှီမှာစိုးလို့ ခပ်မြန်မြန်လျှောက်လာတာပဲဖြစ်ပါတယ်။

ဒေါ်ခင်သန်းဟာ စက်လှေပေါ်မှာပါလာတဲ့ တခြားခရီးသွားတွေကို တီးတိုးတီးတိုးနဲ့ ဆေးကဒ်အခွံတစ်ခုပြပြီး လိုက်မေးနေပြန်ပါတယ်။

“ဒီဆေးရရင် ကျမဘာနဲ့ပဲ လဲရလဲရ လဲပါမယ်။ ဆေးဘယ်ကရမလဲကိုသာ လမ်းညွှန်ပေးပါ”လို့ မျက်ခမ်းတွေ ညိုမဲပြီး မျက်ကွင်း တွေ နက်နေတဲ့ဒေါ်ခင်သန်းတစ်ယောက် ခရီးသည်တွေကို လိုက်မေးနေတာပါ။

ဒေါ်ခင်သန်းလိုက်ရှာနေတဲ့ဆေးက တီဘီရောဂါသည်တွေ အဆက်မပြတ်သောက်နေရတဲ့ဆေးဖြစ်ပြီး သူကိုယ်တိုင် အဲဒီဆေး ကို သောက်နေရတာ သုံးနှစ်ကျော်ကြာပြီလို့ ပြောပါတယ်။ သူနေထိုင်တဲ့ ပေါက်တောမြို့နယ်တစ်ခုလုံးက ဆေးဆိုင်တွေမှာ ရှာမတွေ့လို့ တခြားမြို့နယ်က ဆေးဆိုင်တွေကိုသွားပြီး ဆေးရှာဖို့ ထွက်လာခဲ့တာဖြစ်ပါတယ်။

ပေါက်တောမြို့နယ်ဆိုတာကတော့ အာရက္ခတပ်တော်(AA)က ပထမဆုံးမြို့သိမ်းတိုက်ပွဲဆင်နွဲခဲ့ပြီး ပထမဆုံး သိမ်းပိုက်ထား တဲ့ မြို့နယ်ဖြစ်ပေမယ့် စစ်ကောင်စီထိန်းချုပ်ထားတဲ့ စစ်တွေမြို့နှင့် နီးနီးကပ်ကပ်တည်ရှိနေတာကြောင့် အခုအချိန်ထိ ပြည် သူတွေဟာ ကိုယ့်အိမ်မှာကိုယ် မနေထိုင်ရသေးပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ၊ အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့ချိန် ကစလို့ ရခိုင်တပြည်လုံးက ကုန်လမ်း၊ ရေလမ်းတွေ ပြတ်တောက်ကုန်ပြီး ဆေးဝါးဝင်ရောက်မှုလည်း မရှိတော့တာကြောင့် နေတိုင်းဆေးစွဲသောက်နေရတဲ့ ရခိုင်ပြည်ထဲက တီဘီလူနာ၊ အိတ်ချ်အိုင်ဗွီ(HIV)လူနာ၊ သွေးတိုး၊ ဆီးချိုလူနာတွေအတွက် အသက်နဲ့ရင်းရတဲ့ စိန်ခေါ်မှုကြီးဖြစ်လာပါတယ်။

ဆေးသောက်တာ ပျက်လို့မရတဲ့ အဲဒီအမျိုးသမီးဟာ လက်ရှိအချိန်မှာ တီဘီဆေးရဖို့ထက် တခြားဘယ်အရာမှ အရေးမကြီး သလို ဆေးအတွက် ကုန်ကျစရိတ်ကိုလည်း ဘယ်လောက်ကုန်ကုန် ကုန်ကျခံဖို့ စိတ်ကူးထားတယ်လို့ ပြောပါတယ်။

“ရွှေနဲလဲရလဲရ၊ ငွေနဲ့ဝယ်ရဝယ်ရ၊ ဆေးရဖို့ပဲ လိုပါတယ်။ ဆေးပြတ်ရင် ကျမဘာဆက်ဖြစ်မယ်ဆိုတာ မသိတော့ဘူး” လို့ စိုးရိမ်တကြီးပြောပါတယ်။

အာရက္ခတပ်တော်(AA)နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ခဲ့ပြီး အာရက္ခတပ်တော် (AA)ဘက် က ရခိုင်ရှိ မြို့နယ် ၁၄ ခုကို အပြီးသတ်သိမ်းပိုက်ထားသလို တိုက်ပွဲကာလဟာလည်း နှစ်နှစ်ကျော်ထိ ကြာမြင့်လာတာကြောင့် ဆေးဝါးပြတ်လပ်မှုနှင့်အတူ အိတ်ချ်အိုင်ဗီရောဂါသည်တချို့ သေဆုံးမှုအထိရှိနေတယ်လို့ သတင်းဌာနတချို့မှာတွေ့ရပါတယ်။

တပြည်နယ်လုံးနီးပါး စစ်ပွဲတွေကြောင့် အရပ်သားတွေဟာ စီးပွားရေးအကြပ်အတည်းတွေကို ရင်ဆိုင်နေကြရသလို ရောဂါဖြစ် ပွားလာချိန်မှာလည်း ဆေးဝါးရှားပါးပြတ်လပ်တဲ့ ပြဿနာတွေနဲ့ အဆိုးဝါးဆုံး ကြုံတွေ့နေကြရတယ်လို့ ဆိုကြပါတယ်။

မြို့အတော်များများနဲ့ တပ်စခန်းတွေ လက်လွှတ်ဆုံးရှုံးရပြီး စစ်ရှုုံးနေတဲ့ စစ်ကောင်စီတပ်ဟာ ရခိုင်တပြည်နယ်လုံးက အာရက္ခ တပ်တော်(AA) သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကို လေကြောင်းကနေ တိုက်ခိုက်တာ၊ သူတို့ထိန်းချုပ်ထားတဲ့ မြို့နယ်ကနေ လက်နက်ကြီးနဲ့ လှမ်းပစ်တာတွေကြောင့် ဆေးရုံဆေးခန်းအများစုကို ပိတ်ထားရသလို ကျန်းမာရေးဝန်ထမ်းတွေလည်း မလုံ လောက်မှုတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။

“ဆေးတွေကို လိုတဲ့သူကိုယ်တိုင်ရှာပြီး ဈေးကြီးပေးပြီးတော့ ဝယ်ယူကုသနေကြရတာပါ။ ကုသပေးတဲ့အဖွဲ့တွေက ဆေးဝါး ထောက်ပံ့ပေးနိုင်တာ၊ အခမဲ့ဆေးကုသပေးနိုင်တာ အဲဒီလိုအခြေအနေမျိုးမဟုတ်ပါဘူး”လို့ ကုန်စုံဆိုင်ရောင်းတဲ့ အသက် ၄၀ ကျော်အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

တချို့အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာတော့ အခမဲ့ဆေးကုသရေးအစီအစဉ်တွေ ပြုလုပ်ပေးနေပေ မယ့် နာတာရှည်ရောဂါသည်တွေဖြစ်တဲ့ အိတ်ချ်အိုင်ဗွီ၊ တီဘီ၊ သွေးတိုး၊ ဆီးချိုသမားတွေအတွက်ကတော့ ဆေးရရှိမှု မရှိဘူးလို့ ပြောပါတယ်။

ဒီအထဲမှာ ကိုယ်ဝန်ဆောင်ရတဲ့ မိခင်တွေဟာလည်း မေးခိုင်ကာကွယ်ဆေးတွေကို ပုံမှန်မထိုးရသလို မွေးဖွားလာတဲ့ ကလေး တွေဟာလည်း ပုံမှန်ကာကွယ်ဆေးတွေ မထိုးရဘူးလို့ ဘူးသီးတောင်မြို့နယ်က မိခင်တွေက ပြောပါတယ်။

အခုလို ဆေးဝါးနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ကောင်းကောင်းမွန်မွန်မရတာကြောင့် တချို့မိခင်တွေမှာ ကလေးအသေမွေး တာ၊ မွေးဖွားရခက်ခဲတာ၊ လမစေ့ဘဲမွေးဖွားတာ စတဲ့ အခက်အခဲပေါင်းစုံနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။

တီဘီဆေးပုံမှန်သောက်နေရတဲ့လူနာတွေဟာလည်း ဆေးမရလို့ အသက်မဆုံးသင့်ဘဲ သေဆုံးရသူတွေလည်း ရှိနေတယ်လို့ ပုဏ္ဏားကျွန်းဒေသခံတွေက ပြောပါတယ်။ ဆေးပြတ်ရင် အသက်ဆုံးရှုံးနိုင်တဲ့ တီဘီနဲ့ အိတ်ချ်အိုင်ဗွီရောဂါသည်ဟာ တိုက်ပွဲ ကာလတစ်နှစ်၊ နှစ်နှစ်အတွင်း သေဆုံးသူ ၄ ဦးထက်မနည်းရှိတယ်လို့ လူမှုကူညီရေးလုပ်နေတဲ့သူတွေက ပြောပါတယ်။

“တိုက်ပွဲတွေက ကျမတို့အသက်ကို လောင်းကြေးထပ်ထားရတာပါ။ အစားအသောက်ရှားရင် မရှိ,ရှိတာနဲ့ ကြံဖန်စားလို့ရပါ တယ်။ ဆေးမရှိရင် ကြံဖန်လို့မရပါဘူး” လို့ အိတ်ချ်အိုင်ဗွီရောဂါပိုးထိန်းချုပ်ဆေး (ART) ပုံမှန်သောက်နေရသူတစ်ဦးက ပြောပါ တယ်။

နာတာရှည်ရောဂါသည်တွေဖြစ်တဲ့ တီဘီ၊ အိတ်ချ်အိုင်ဗွီ ရောဂါသည်တွေအတွက် အခမဲ့ဆေးဖြန့်ဝေပေးခဲ့တဲ့ နယ်စည်းမထား ဆရာဝန်များအဖွဲ့(MSF)လို အဖွဲ့အစည်းတွေဟာလည်း ရခိုင်မှာ တကျော့ပြန်တိုက်ပွဲတွေ ပြန်လည်ဖြစ်ပွားခဲ့တဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလကနေစပြီး တဖြည်းဖြည်း ရုံးလုပ်ငန်းတွေ ပိတ်သိမ်းတာ၊ ဝန်ထမ်းတွေ ဘေးလွတ်ရာကို တိမ်းရှောင်တာ လုပ်ခဲ့ကြ သလို ကလေးတွေအတွက် ကျန်းမာရေးအကူညီပေးနေတဲ့ ယူနီဆက်ဖ်အဖွဲ့တွေဟာလည်း လုပ်ငန်းဆောင်ရွက်တာ မရှိတော့ ပါဘူး။

 ဆေးဝါးရှားပါးပြတ်လပ်မှုကို ကြုံနေရတဲ့ ရခိုင်မှာ ဆေးဝါးတွေကို ပလက်ဝလမ်းကြောင်းကနေ အိန္ဒိယက တဆင့် တင်သွင်းလို့ရတဲ့ အနေအထားနှင့် မောင်တောကတဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က တင်သွင်းလို့ရတဲ့ လမ်းကြောင်း တွေရှိနေပေမယ့် အာရက္ခ တပ်တော်(AA)ကို အစိုးရတရပ်အနေနဲ့ အသိအမှတ်မပြုသေးတာ၊ နယ်စပ် ပြဿနာတွေရှိနေတာ တွေကြောင့် လိုအပ်တဲ့ဆေးဝါးတွေ တင်သွင်းဖို့ အဆင်မပြေဖြစ်နေတယ်လို့ ဆေးတင်သွင်းတဲ့သူတွေက ပြောပါတယ်။

အခုလို ဆေးဝါးပြဿနာဟာ အမျိုးသားတွေထက် အမျိုးသမီးတွေနှင့် ကလေးငယ်တွေအပေါ်မှာ အကျိုးသက်ရောက်မှုပိုဖြစ် နေပြီး အမျိုးသမီးတွေဟာ အမျိုးသားတွေထက် တားဆေး၊ ကာကွယ်ဆေးတွေ ပိုထိုး၊ ပိုသောက်ရတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အရင်က ငွေရှစ်ရာ၊ တစ်ထောင်ကျပ်လောက်သာပေးရတဲ့ သန္ဓေတားဆေးတွေဟာလည်း လက်ရှိမှာ ငါးထောင်ကျော်ထိ ဈေး မြင့်တက်နေတာကြောင့် ပုံမှန်ဝင်ငွေမရှိတဲ့ မိသားစုတွေမှာ သန္ဓေတားဆေးဝယ်ဖို့ အခက်အခဲကြုံနေရတယ်လို့ တနေ့လုပ် တနေ့စားလူတန်းစားတွေက ပြောပါတယ်။

ဆေးတရက်မပြတ်ရအောင် လိုအပ်တဲ့ဆေးကို အသဲအသန်လိုက်ရှာနေရတဲ့ အသက် ၅၀ ကျော်အရွယ် ဒေါ်ခင်သန်းကတော့ ဆေးရှာဖွေရတာကို စိတ်ပျက်နေတဲ့ လေသံနဲ့ “ငွေရှိပေမယ့် ဆေးမရှိဖြစ်နေတဲ့ အခြေအနေမှာ ကံတရားပါပဲ။ ကံကောင်းရင် ဆေးရမယ်။ အသက်ဆက်ရှင်နိုင်မယ်။ ဆေးမရရင် အသက်ဆက်ရှင်နိုင်တဲ့အချိန်လောက်သာ နေထိုင်သွားရမှာပါ။ ဒါက ရခိုင် ပြည်သူတွေရဲ့ ဘဝပါပဲ” လို့ ငြီးတွားလိုက်ပါတယ်။

Author: