သတို့သားရှာတဲ့ ပင်လယ်ခရီးကြမ်းပေါ်က ရိုဟင်ဂျာ အမျိုးသမီး
ရှင်ငြိမ်း
“မလေးဖြစ်ဖြစ်၊ ရိုဟင်ဂျာနဲ့ဖြစ်ဖြစ်၊ လက်ထပ်ဖြစ်ခဲ့ရင် အဲဒီယောကျာ်းက မိသားစုကို စောင့်ရှောက်မယ်၊ ထောက် ပံ့မယ်ဆိုတဲ့ငွေကို မျှော်လင့်လို့ ကျမတို့ကို လွှတ်လိုက်တာပေါ့” လို့ မလေးရှားကွမ်းမွှေးထုတ်တဲ့ စက်ရုံလေးတခု မှာ အလုပ်လုပ်နေတဲ့ အူမာ၊ ၂၀ နှစ်က ဆိုပါတယ်။
အသံဝဲဝဲနဲ့ အူမာဟာ မိခင်ရဲ့ရည်ရွယ်ချက်အတိုင်း ဆယ်ကျော်သက်အရွယ်၊ အသက် ၁၆ နှစ်မှာ ပွဲစားမှတဆင့် ချိတ် ဆက်ထားတဲ့ အမျိုးသားတစ်ဦးနဲ့ မိတ်ဆက်ပြီး အိမ်ထောင်ပြုဖို့ မလေးရှားနိုင်ငံကို စက်လှေနဲ့ထွက်လာခဲ့ရတာ ဖြစ်ပါတယ်။
အူမာအပါအဝင် ရခိုင်ပြည်နယ်က ရိုဟင်ဂျာအမျိုးသမီးတွေဟာ သတို့သားရှာဖို့ မျှော်လင့်ချက်နဲ့ နေရပ်ဇာတိကို စွန့်ခွာပြီး ပင်လယ်ကို စက်လှေနဲ့ဖြတ် မလေးရှား၊ အင်ဒိုနီးရှားနိုင်ငံတွေကို ခိုးဝင်သွားရောက်နေကြတဲ့အကြောင်း တွေဟာ မကြာခဏမြင်တွေ့နေရတဲ့ မီဒီယာပေါ်က သတင်းတွေဖြစ်ပါတယ်။
ဒါပေမယ့် ပြည်ပနိုင်ငံကိုသွားပြီး သတို့သားရှာတာဟာ သူတို့ထင်သလောက် မလွယ်ကူပါဘူး။ အူမာဆိုရင် ရက် ပေါင်း ၂၀ ကျော်ကြာ လှေစီးလာခဲ့ရတဲ့ ပင်လယ်ခရီးမှာ လှေသူကြီး၊ လှေလုပ်သားတွေရဲ့ လိင်ပိုင်းဆိုင်ရာ အနိုင် ကျင့် စော်ကားမှုတွေနဲ့ပါ ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
အူမာဟာ ဝမ်းကွဲညီမနှစ်ယောက်နဲ့အတူ ရိုဟင်ဂျာအယောက် ၃၀ လောက်ပါတဲ့စက်လှေနဲ့ ၂၀၂၁ ခုနှစ်၊ သြဂုတ်လ မှာ ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်ကနေ ထွက်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။ လှေပေါ်မှာ လှေသားတွေနဲ့ စက်သမားတွေမှအပ ကျန်ခရီးသည်အားလုံးက ရိုဟင်ဂျာအမျိုးသမီးတွေနဲ့ ကလေးတွေလို့ သိရပါတယ်။
ခရီးအစမှာပဲ ကလေးငယ်တချို့နဲ့ အူမာတို့ညီအစ်မတွေဟာ လှိုင်းမူးတဲ့ဒဏ်ကို အသေအလဲခံခဲ့ရပါတယ်။ ထွက် လာပြီး သုံးရက်မြောက်နေ့မှာတော့ လှေက ရုတ်တရက်ရပ်တန့်သွားခဲ့ပါတယ်။ စက်ပျက်လို့ဆိုကာ စက်ဆရာကြီး လို့ အများခေါ်တဲ့ လူကြီးသုံးဦးက ထမင်းချက်ဖို့ ခရီးသည်အမျိုးသမီးတွေကို တာဝန်ပေးပါတယ်။
ဒါဟာ လိင်အမြတ်ထုတ်မှုအစီအစဉ်ရဲ့အစဆိုတာ အူမာတို့ မသိခဲ့ကြပါဘူး။ အဲဒီအချိန်ကစလို့ နေ့တိုင်း စက်ခန်းနဲ့ စက်ပြင်တဲ့အခန်းထဲကို မိန်းကလေးငယ်တွေက အလှည့်ကျထမင်းပို့ရတဲ့အပြင် ညဘက်တွေမှာပါ နှိပ်နယ်ပေး ကြရတာ ဖြစ်ပါတယ်။
အူမာတို့ညီအစ်မသုံးယောက်ကတော့ စက်ခန်းက လူကြီးသုံးယောက်ရဲ့သီးသန့်အခန်းထဲမှာ တစ်နာရီကျော်ကြာ နင်းနှိပ်ပေးရတာက သူတို့ရဲ့ကျောတွေ၊ ပေါင်တွေနဲ့ ခြေထောက်တွေကိုပါ။
“သူတို့ပုခုံးကိုနှိပ်ရင် ကျမရင်ဘတ်ကို သူ့ကျောနဲ့ပွတ်တယ်။ ထိကပ်တယ်။ နောက်နင်းရင် ခြေချော်ကျရင် ကျမ ခန္ဓာကိုယ်ကို သိမ်းကျုံးဖက်တာတွေ လုပ်လာတာပေါ့။ ကျမတို့မကြိုက်ပေမယ့် သူတို့လက်ခုတ်ထဲက ရေဖြစ်နေ တော့ မပြောသာဘူး။ လိုရာခရီးမြန်မြန်ရောက်ဖို့သာ ဆုတောင်းနေခဲ့ရတယ်” လို့ အူမာက ဆို့ဆို့နစ်နစ်ပြောပြပါ တယ်။
နှိပ်ပြီးကိုယ့်နေရာပြန်ရောက်တော့ အူမာတို့ညီအစ်မတွေဟာ သူတို့ကြုံခဲ့ရတဲ့ ထိပါးစော်ကားမှုတွေကို ပြန်ပြော ရင်း စက်ပြင်ခန်းမှာလည်း ထမင်းပို့တဲ့ မိန်းကလေးငယ်တွေဟာ ပိုလို့ဆိုးဝါးတဲ့ ထိပါးနှောင့်ယှက်မှုတွေ ပြုလုပ်ခံ ကြရတာကို သိခဲ့ရပါတယ်။
ထမင်းပို့လာတဲ့ မိန်းကလေးတွေကို စက်ပြင်အမျိုးသားတွေက စနောက်သလိုနဲ့ အတင်းအဓမ္မဖက်တာ၊ လက်ဆွဲ တာအပြင် “မလေးရှားက ယောကျာ်းနဲ့မယူခင် ငါနဲ့အတူအိပ်ကြည့်ပါလား” ဆိုတဲ့ ရိသဲ့သဲ့ပြောဆိုတာတွေကြုံရ တယ်လို့ဆိုပါတယ်။
လှေသားတွေရဲ့ ထိကပါးရိကပါး လက်သရမ်းမှုတွေကြောင့် မိန်းကလေးငယ်တွေက ထမင်းသွားမပို့ရဲတော့ သူတို့ မိခင်တွေက သူတို့အစား သွားပို့ရာမှာ စက်ပြင်သမားတွေက ခြိမ်းခြောက်ရန်ပြုလာပါတယ်။
သူတို့ရောက်လာတာနဲ့ အနားကကောင်မလေးကိုဆွဲ၊ ဓါးနဲ့ထောက်၊ “နင်တို့တွေ ဘာလူပါးဝတာလဲ” လို့ပြောပြီး ဘေးက ကောင်မလေးရဲ့ဝတ်ရုံကို ဆွဲဖြဲတယ်။ “နင်တို့ကို ငါတို့က လုပ်ချင်တာလုပ်လို့ ရတယ်၊ သတ်ပစ်လို့တောင် ရတယ်၊ ခုထမင်းလာပို့ဆိုတာနဲ့ သွားပြန်ပို့ပေးရတယ်” လို့ အူမာက ဆိုပါတယ်။
ရေထဲမှာ စက်ပြင်နေတယ်ဆိုတဲ့ သုံးရက်တာမှာ အူမာတို့မိန်းကလေးတွေဟာ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေကို ကြိတ်မှတ်ခံစားခဲ့ကြရပါတယ်။ လှေပြန်ထွက်တော့ ညဘက် မနှိပ်ပေးရတော့ပေမယ့် ထမင်း ကတော့ ဆက်ပို့ပေးနေရပါတယ်။
အူမာတို့ဟာ ခရီးစဉ်အစမှာကတည်းက အဆင်မပြေခဲ့တဲ့အပြင် မလေးနယ်စပ်ရောက်တော့လည်း စစ်ဆေးရေး တင်းကြပ်မှုကြောင့် လူသူမရှိတဲ့ကျွန်းပေါ်မှာ တစ်ပတ်လောက်ပုန်းအောင်းနေခဲ့ရပြန်ပါတယ်။
ပါလာတဲ့ဆန်က ကုန်သလောက်ရှိလာတာကြောင့် တစ်နေ့ကို ထမင်းတစ်နပ်နဲ့ သုံးရက်စားခဲ့ရပြီး ကျန်တဲ့ရက် တွေမှာတော့ မုန့်နဲ့ ခေါက်ဆွဲခြောက်တွေကို မျှဝေစားသောက်ရင်း အသက်ဆက်ခဲ့ကြရတာပါ။
ညရောက်တော့လည်း လှေပေါ်မှာကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်တွေကြောင့် အမျိုးသားတွေနဲ့တတန်းထဲအတူ အိပ် ရတဲ့အခါ စိတ်မလုံခြုံမှုတွေ၊ စိုးရိမ်ကြောက်ရွံ့မှုတွေနဲ့သာ ညတိုင်းဖြတ်သန်းခဲ့ရပါတယ်။
“အိပ်ပျော်သွားရင် လာစော်ကားမလားဆိုတဲ့ စိုးရိမ်စိတ်နဲ့ တစ်ရက်မှ အိပ်မပျော်ခဲ့ဘူး”လို့ အူမာက ရင်ဖွင့်ပါတယ်။
မလေးရှားနယ်ထဲကို နောက်တစ်ကြိမ်ညပိုင်းမှာ ဝင်ရောက်ဖို့ ကြိုးစားပေမယ့် ကင်းလှည့်လှေတွေနဲ့ တိုးတာကြောင့် ကျွန်းပေါ်ကို ထပ်မံဆုတ်ခဲ့ရပြန်တယ်။ ဆီကုန်မှာစိုးတဲ့အတွက် မကြိုးစားတော့ဘဲ ၅ ရက်တိုင်တိုင် ကျွန်း ပေါ်မှာ ဆက်နေခဲ့ကြတယ်။
ဒီ ၅ ရက်တာအတွင်း တစ်ယောက်ကို ခေါက်ဆွဲခြောက်နှစ်ထုတ်၊ ရေတစ်ခွက်နဲ့ အသက်ဆက်နေခဲ့ရပြီး နောက် ရက်မှာတော့ မလေးရှားနိုင်ငံထဲကို ဝင်ရောက်ဖို့ အခွင့်အရေးရခဲ့ပါတယ်။
အူမာက ဆိပ်ကမ်းမှာလှေရပ်ပြီး ကြိုတဲ့သူတွေက အသင့်စောင့်ဆိုင်းနေမယ်လို့ ထင်ခဲ့တာပါ။ ဒါပေမယ့် အဲဒီလို မဟုတ်ဘဲ လူသူကင်းတဲ့ ကမ်းခြေတစ်ခုမှာ သူတို့ကို ချထားခဲ့ပြီး “ဒီမှာပဲစောင့်၊ လာခေါ်လိမ့်မယ်” လို့ဆိုကာ ပစ် ထားခဲ့ပါတယ်။
ညမှောင်တဲ့အထိ ဘယ်သူမှ သူတို့ကို လာမခေါ်ခဲ့ပါဘူး။ ပတ်ဝန်းကျင်တစ်ခုလုံးမှာ လူနေအိမ်မရှိဘဲ အုန်းပင်၊ ငှက် ပျောပင်တွေနဲ့ အုံ့ဆိုင်းကာ တောအုပ်လိုဖြစ်နေပါတယ်။ တညလုံးလာခေါ်မယ့်သူစောင့်ရင်း ကြောက်စိတ်နဲ့အတူ ဆာလောင်နေတာကို မြိုသိပ်ပြီး ဖြတ်သန်းခဲ့ရပါတယ်။
ညဘက်မီးရောင် လက်လက်မြင်ရင် အာဏာပိုင်ရဲတွေလားလို့ နားစွင့်ရင်း အူမာတို့ညီအစ်မတွေဟာ အိပ်မပျော်နိုင် ပဲရှိနေခဲ့ပါတယ်။
ရက်အကြာကြီး ထမင်းမစားရတာ၊ ရေမသောက်ရတာတွေနဲ့ ပင်လယ်ရေထိတာတွေကြောင့် အူမာရဲ့နဂိုဖြူတဲ့ အသားအရေဟာ အညိုရောင်သန်းလာပါတယ်။ နှုတ်ခမ်းသားတွေကလည်း ဖြူဖျော့ခြောက်သွေ့လို့နေပြီး ပင်ပန်း နွမ်းနယ်မှုကို ထုတ်မပြောပြတတ်အောင်ဖြစ်ရပါတယ်။
“လှေစီးလို့မူးတာရော မစားရ မသောက်ရတာတွေလည်း ပါမှာပေါ့။ ကမ်းပေါ်ရောက်ကတည်းက ခေါင်းမူးနေတာ။ လှုပ်တောင် မလှုပ်ချင်ဘူး။ အဲဒါကြောင့် သစ်ပင်မှီပြီး မှိန်းနေရတယ်” လို့ အူမာက ဆိုပါတယ်။
နောက်ရက်နေ့လယ်လောက်မှာ အမျိုးသားသုံးဦးလာတာတွေ့ပေမယ့် ရဲတွေဖြစ်မှာစိုးတာကြောင့် အသံမထွက်ရဲ ဘဲ ပုန်းနေကြတုန်း သူတို့နာမည်တွေ ခေါ်သံကြားမှ ပုန်းရာကနေ ထွက်လာကာ လာခေါ်သူတွေရဲ့နောက်ကို လိုက် သွားခဲ့ကြပါတယ်။
အဲဒီကနေ မြို့ထဲက ဂိုဒေါင်တစ်ခုကို ခေါ်သွားခံရပြီးနောက် တချို့မိသားစုတွေလည်း ယောကျာ်းတွေ၊ မိသားစုဝင် တွေ လာခေါ်လို့ လိုက်သွားကြပေမယ့် အူမာတို့ညီအစ်မတွေအပါအဝင် ဆယ်ယောက်ကျော်ကတော့ ပွဲစားကတိ အတိုင်း အိမ်ထောင်ဖက်နဲ့ တွေ့ဖို့ စောင့်ဆိုင်းနေခဲ့ကြပါတယ်။
“ရောက်တာနဲ့ ကျမတို့တွေရေချိုးပြီးတာနဲ့ ထမင်းနဲ့ ဟင်းတွေလာပို့တယ်။ အသားတော့မပါပေမယ့် အရွက်ကြော် တွေနဲ့ဆိုတော့ စားလို့ရတယ်။ ကျမတို့နဲ့ပြောထားတဲ့ပွဲစားက နောက်နေ့မှလာခေါ်တော့ သူနဲ့လိုက်သွားခဲ့ရတယ်” လို့ အူမာက ရှင်းပြပါတယ်။
အူမာရဲ့ဝမ်းကွဲညီမနှစ်ယောက်ကတော့ ရှေ့ဆင့်နောက်ဆင့် အိမ်ထောင်ပြုသွားနိုင်ပေမယ့် မိခင်နဲ့ ပြောဆိုထားတဲ့ အူမာရဲ့သတို့သားက အချိန်လွန်မှ ရောက်လာတဲ့သူ့ကို လက်မခံဘဲ လက်ထပ်မယ့်အစီအစဉ်ကို ဖျက်ပစ်ခံခဲ့ရပါ တယ်။
ဒီလိုနဲ့လမ်းမှာ ပျောက်သွားတာ၊ ဖမ်းဆီးခံရတာ၊ မောင်းထုတ်ခံရတာနဲ့ လမ်းခရီးမှာ မုဒိမ်းကျင့်ခံရလို့ သတို့သားက မယူတော့တာ၊ ငွေကြေးနဲ့တောင်းပန်ပြီး ပြန်ရွေးထုတ်ရတာ၊ စတဲ့စိတ်မချမ်းမြေ့ဖွယ်ရာသတင်းတွေဆိုတာ မကြာ ခဏကြားနေရတဲ့သတင်းတွေ ဖြစ်ခဲ့ပါတယ်။
“ဘာသာအရ၊ ဓလေ့အရ၊ ခွဲခြားမခံရရင်၊ အားလုံးနဲ့တန်းတူဆက်ဆံခံခဲ့ရရင် ကျမတို့အသက်တွေ၊ ဘဝတွေရင်းပြီး ယောကျာ်း ရှာဖို့လိုအပ်မှာ မဟုတ်ဘူး” လို့ အူမာကဆိုပါတယ်
“အူမာ” လို ဂုဏ်သိက္ခာရှိစွာ ရပ်တည်လိုတဲ့ဆန္ဒကို စွန့်လွှတ်ခဲ့ကြရတာဟာ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာအမျိုး သမီးအများစု ကြုံတွေ့နေရတဲ့ စိန်ခေါ်မှုတွေဖြစ်ပါတယ်။
ရိုဟင်ဂျာအသိုင်းအဝိုင်းထဲမှာ အမြစ်တွယ်နေတဲ့ ရှေးရိုးစွဲအယူအဆတွေ၊ ဘာသာရေးအရ ကန့်သတ်ချက်တွေက အမျိုးသမီးတွေရဲ့ ဘဝရှင်သန်မှုကို ပိတ်လှောင်ထားရုံသာမက ဂုဏ်သိက္ခာတွေကိုပါ ထိခိုက်စေတဲ့အတွက် မရှိသင့် ဘူးလို့ ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ မကြည်ကြည်လွင်က ပြောပါတယ်။
အူမာကလည်း “ရိုဟင်ဂျာ မိန်းကလေးတွေ အလုပ်မလုပ်ရတာ၊ ပညာမသင်ရတာ၊ ယောကျာ်းသားမပါဘဲ အပြင် မသွားရတာတွေက မှားတဲ့အယူအဆတွေလို့ ကျမမြင်တယ်။ ကျမတို့မိန်းကလေးတွေမှာ ဘာအခွင့်အရေးမှ မရတာ က တကယ်ကို ရင်နာစရာကောင်းတယ်”လို့ ပြောပါတယ်။
ရှေးရိုစွဲ ရိုဟင်ဂျာတွေမှာ အပျိုဖော်ဝင်တဲ့သမီးကို အိမ်ထောင်ချမပေးနိုင်ရင် မိဘအတွက် အရှက်ရစရာဖြစ်တယ် ဆိုတဲ့ ရှေးရိုးစွဲအယူအဆတွေက သမီးရှင်တိုင်းအပေါ် ဖိအားဖြစ်စေခဲ့ပါတယ်။
အမျိုးသမီးတွေဟာ အပြင်ထွက်အလုပ်လုပ်ခွင့်မရှိတဲ့အတွက် ခင်ပွန်းသည်ရှာဖွေကျွေးမွေးတာကိုပဲ စားရမယ်လို့ ပိတ်ပင်ထားတာကြောင့် အိမ်ထောင်ပြုတာက လူမူရေးဓလေ့ဆိုတာထက် ဘဝရပ်တည်ရေးအတွက် မရှိမဖြစ် လို အပ်ချက်တစ်ခု ဖြစ်လာပါတယ်။
ဒါ့အပြင် ဘာသာရေးမှာလည်း အမျိုးသားတွေကိုသာ အုပ်ထိန်းသူအဖြစ် အခွင့်အာဏာပေးထားတဲ့အတွက် သားနဲ့ ခင်ပွန်းမရှိတဲ့အမျိုးသမီးတွေဟာ နေ့စဉ်ကိစ္စတွေအတွက် အပြင်ထွက်ဖို့ ဆွေမျိုးတော်စပ်တဲ့အမျိုးသားတွေကို အားကိုးကြရပါတယ်။
ဒါ့ကြောင့် ရိုဟင်ဂျာမိသားစုတွေမှာ သားမက်(သတို့သား)တစ်ယောက်ရရှိရေးဟာ ဂုဏ်သိက္ခာအတွက်သာမက နေ့စဉ်ဘဝ ရှင်သန်ရေးအတွက်ပါ အလွန်အရေးပါနေတာဖြစ်ပါတယ်။
ရိုဟင်ဂျာတွေဟာ စစ်အစိုးရအဆက်ဆက် ခွဲခြားဖိနှိပ်ခံရတာ အကြမ်းဖက်ခံရတာတွေကြောင့် လွတ်လပ်စွာသွား လာခွင့်၊ ပညာသင်ခွင့်၊ မြေယာပိုင်ဆိုင်ခွင့်၊ ဆေးကုသခွင့်စတဲ့ အခွင့်အရေးတွေ ဆုံးရှုံးရတဲ့အပြင် အလုပ်အကိုင် အခွင့်အလမ်းတွေလည်း မရကြပါဘူး။
ငွေကြေးရှိတဲ့ ရိုဟင်ဂျာမိသားစုတွေက သတို့သားကို တင်တောင်းလို့ရပေမယ့် နွမ်းပါးသူတွေကတော့ သမီးတွေကို အိမ်ထောင်ချဖို့ အခက်ကြုံကြရပါတယ်။ ဒါတွေကြောင့် ရိုဟင်ဂျာမိသားစုက သမီးတွေကို ငွေကြေးချမ်းသာတဲ့ အမျိုးသားတွေနဲ့ အိမ်ထောင်ပြုစေချင်တာပါ။
ရိုဟင်ဂျာအမျိုးသမီးတွေဟာ လမ်းခရီးမှာ လူကုန်ကူးခံရနိုင်တဲ့အန္တရာယ်၊ ဖမ်းဆီးခံရပြီး ထောင်ကျနိုင်တဲ့ အန္တ ရာယ်၊ အသတ်ခံရနိုင်တာ၊ မုဒိမ်းကျင့်ခံရမှာတွေကို သိရက်နဲ့ ဒီခရီးလမ်းကို ရွေးချယ်နေရတာက သူတို့မှာ ဒီထက် ပိုကောင်းတဲ့ရွေးချယ်စရာ မရှိတော့လို့ဖြစ်ပါတယ်။
ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ မကြည်ကြည်လွင်ကတော့ မြို့ပြမှာကြီးပြင်းတဲ့ ရိုဟင်ဂျာနဲ့ ရခိုင်ဒေသမှာ ကြီးပြင်းရတဲ့ ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ဘဝဟာ လွန်စွာကွာခြားလွန်းတယ်၊ ရခိုင်က အမျိုးသမီးတွေဟာ ဓလေ့ တွေ၊ ယဉ်ကျေးမှုတွေနဲ့ များစွာကန့်သတ်ခံနေရတယ်လို့ ပြောပါတယ်။
“အဲဒီရှေးရိုးစွဲ အယူအဆတွေ ဘာသာရေးအယူအဆတွေကြားမှာ ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ဘဝတွေဟာ ပိတ် လှောင်ခံနေရတယ်။ ဆင်းရဲရင် ယောကျာ်းယူလို့ မရဘူး။ အိမ်ထောင်မပြုနိုင်ရင် အရှက်ရမယ်။ တဖက်မှာလည်း ယောကျာ်းမရှိရင် အပြင်တောင် ထွက်ခွင့်မရှိပြန်ဘူး။ ဒီအကြပ်အတည်းတွေက အန္တရာယ်များတဲ့နိုင်ငံရပ်ခြားက အိမ်ထောင်ဖက်ရှာဖွေရေးလမ်းကြောင်းပေါ် တွန်းပို့နေသလို ဖြစ်နေပါတယ်” လို့ သူကထောက်ပြပါတယ်။
ရိုဟင်ဂျာအမျိုးသမီးတွေရဲ့ဘဝက လူကုန်ကူးမှုရဲ့သားကောင်ဖြစ်ရုံသာမက ရိုဟင်ဂျာအသိုင်းအဝိုင်းမှာရှိတဲ့ ဖိအား တွေနဲ့ ရှေးရိုးစွဲအယူအဆ ကန့်သတ်ချက်တွေရဲ့သားကောင်တွေပါ ဖြစ်နေကြရပါတယ်။
ဂုဏ်သိက္ခာရှိတဲ့အမျိုးသမီးအဖြစ် ရှင်သန်ချင်ပေမယ့် ရိုဟင်ဂျာတွေရဲ့ဘာသာ၊ ဓလေ့ထုံးတမ်းတွေနဲ့ အယူအဆ တွေက အူမာဖြစ်ချင်တဲ့ဆန္ဒကို ရိုက်ချိုးခဲ့တာပါ။
လက်ရှိမှာတော့ အသက် ၂၀ ကျော်ပြီဖြစ်တဲ့ အူမာဟာ ကွမ်းမွှေးထုတ်တဲ့စက်ရုံလေးတစ်ခုမှာ အလုပ်ဝင်လုပ်ရင်း မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့စွန်မှာ မွတ်စလင်သူငယ်ချင်းတွေနဲ့အတူ နေထိုင်ရင်း မိသားစုကို ထောက်ပံ့ ပေးနေပါတယ်။
မိခင်မျှော်လင့်ခဲ့တဲ့ဘဝသစ်နဲ့ အူမာလက်တွေ့ကြုံနေရတဲ့အခြေအနေက များစွာကွာခြားလို့နေပါတယ်။ ရှေ့ဆက် ရမယ့် ဘဝခရီးလမ်းက ဘယ်လိုဖြစ်လာမယ်ဆိုတာကို ဘယ်သူမှမသိနိုင်ဘဲ ရင်တမမနဲ့ သတို့သားကို စောင့်မျှော် နေရဆဲဖြစ်ပါတယ်။
“ ကိုယ့်ကိုကိုယ် အားကိုးခွင့်မရဘဲ အားကိုးရမယ့် ယောကျာ်းရှာရတာကို ကျမရှက်တယ်” လို့ အူမာ၊ ၂၀ နှစ်က စကားသံဝဲဝဲနဲ့ ပြောပါတယ်။





