တပြိုင်တည်း တိုက်ပွဲနှစ်ရပ် ဆင်နွဲနေရတဲ့ အမျိုးသမီးများ

ထနောင်းမေ

အနီရောင်အင်္ကျီတွေဝတ်ဆင်ထားကာ နှင်းဆီပန်းအနီရောင်ကိုင်ဆောင်ထားတဲ့ အမျိုးသမီးတွေ အများဆုံးပါဝင်တဲ့ သပိတ်စစ်ကြောင်းတစ်ခုဟာ “…တော်လှန်နှင်းဆီရဲရဲနီကိုအမြစ်ဖြတ်မည်” ဆိုတဲ့ကြွေးကြော်သံကို အားကြိုးမာန်တက် ကြွေးကြော်ရင်း ထားဝယ်မြို့ရဲ့ တနေရာမှာ စုဝေးဆန္ဒပြနေကြပါတယ်။

ဒါကတော့ အမျိုးသမီးတွေဦးဆောင်တဲ့ နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်)ရဲ့ သပိတ်စစ်ကြောင်းပဲ ဖြစ်တယ်။

လက်ရှိနွေဦးတော်လှန်ရေးမှာလည်း တော်လှန်နှင်းဆီရဲရဲနီ အာဏာရှင်ကို အမြစ်ဖြတ်မည် ဆိုတဲ့လှုပ်ရှားမှု အပါ အဝင် အမျိုးသမီးတွေက တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ရှေ့တန်းကပါဝင်နေကြပေမယ့် ခွဲခြားဆက်ဆံမှုတွေက တော့ ရှိနေဆဲဖြစ်ပါတယ်။

ကမ္ဘာနိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ၂၆ နိုင်ငံမှာသာ အမျိုးသမီးတွေဟာ နိုင်ငံရေး ဒါမှမဟုတ် အစိုးရအဖွဲ့ရဲ့အကြီး အကဲနေရာတွေမှာ ဦးဆောင်နေတယ်လို့ Women’s Power Index အဖွဲ့ရဲ့စာရင်းကို ကိုးကားပြီး BBC သတင်း ဌာနမှာ ဖော်ပြထားပါတယ်။ အစိုးရအဖွဲ့ထဲမှာ ရာထူးတစ်ဝက် ဒါမှမဟုတ် တစ်ဝက်ကျော်ကို အမျိုးသမီးတွေ ရထားတဲ့ နိုင်ငံပေါင်းဟာ ၁၅ နိုင်ငံပဲရှိတယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။

နိုင်ငံရေးမှာ ပါဝင်တဲ့အခါမှာလည်း အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းနဲ့မပတ်သက်တဲ့ ပုဂ္ဂလိကအကြောင်းအရာတွေ၊ ခွဲခြားမှုတွေကို ရင်ဆိုင်ရပြန်ပါတယ်။

မြန်မာနိုင်ငံမှာလည်း ရိုးရာဓလေ့ထုံးတမ်းတွေ၊ လူမှုစံနှုန်းသတ်မှတ်ချက်တွေဟာ အမျိုးသမီးတွေကို နိုင်ငံရေးမှာ ပါဝင်ဖို့ သိသာမြင်သာတဲ့ အဟန့်အတားဖြစ်စေပါတယ်။

တကယ်တော့ နွေဦးတော်လှန်ရေးမှာ ပါဝင်နေတဲ့ အမျိုးသမီးတော်လှန်ရေးသမားတွေဟာ စစ်အာဏာရှင်စနစ်ကို တော်လှန်ရင်းနဲ့  ကိုယ်ရဲ့မွေးရာပါအခွင့်အရေးတွေအတွက်ပါ တိုက်ပွဲဆင်နေရလို့ တချိန်တည်းတပြိုင်တည်းမှာပဲ တိုက်ပွဲနှစ်ခု ဆင်နွဲနေကြရတယ်လို့ ဆိုနိုင်ပါတယ်။

တော်လှန်ရေးလှုပ်ရှားမှုတွေ၊ နိုင်ငံရေးအခင်းအကျင်းတွေမှာ ပါဝင်နေတဲ့အမျိုးသမီးတွေဟာ တနည်းမဟုတ် တနည်း အမျိုးသမီးဖြစ်ခြင်းဆိုတဲ့ ခေါင်းစဉ်ကြောင့် ခွဲခြားဆက်ဆံမှုတွေ၊ မယုံကြည်မှုတွေ၊ သံသယတွေနဲ့ ရင်ဆိုင် ကြုံတွေ့ရလေ့ရှိပါတယ်။

ဒီလိုခွဲခြားခံရသူတွေထဲမှာ “တော်လှန်နှင်းဆီရဲရဲနီ၊ အာဏာရှင်ကိုအမြစ်ဖြတ်မည်” လှုပ်ရှားမှုအပါအဝင် စစ်အာ ဏာရှင် ဆန့်ကျင်ရေးလုပ်ဆောင်နေတဲ့ အသက် ၃၀ အရွယ် ရဲဘော်ခရုလည်း ပါဝင်ပါတယ်။

ရဲဘော်ခရုဟာ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေး လှုပ်ရှားမှုသပိတ်ကော်မတီရဲ့ အဖွဲ့ဝင်အင်အားစုတစ်ခုဖြစ်တဲ့ နှင်းဆီရောင် ထားဝယ်အမျိုးသမီးသမဂ္ဂမှာ လူမှုကူညီရေး ဆပ်ကော်မတီတာဝန်ခံအဖြစ် တာဝန်ယူထားသူလည်း ဖြစ်ပါတယ်။  

လက်ရှိမှာလည်း မြေပြင်သပိတ်တွေဖော်ဆောင်တဲ့အခါ အမျိုးသမီးအခွင့်အ‌ရေးတွေနဲ့ပတ်သက်ပြီး လူထုကိုအသိ ပညာမျှဝေပေးတာ၊ စစ်ဘေးရှောင်ပြည်သူတွေကို အခြေခံစားသောက်ကုန်တွေ ကူညီထောက်ပံ့ပေးတာတွေကို ရဲဘော်ခရုက လုပ်ဆောင်နေပါတယ်။ မြေပြင်သပိတ်လှုပ်ရှားမှုတွေကိုလည်း လက်ရှိအချိန်အထိ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။ ၂၀၂၁ စစ်အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ (၇)ရက်နေ့ကစပြီး လူထုသပိတ်လှုပ်ရှားမှုတွေမှာ ဆက် တိုက်ပါဝင်ခဲ့ပါတယ်။

ရဲဘော်ခရုပါဝင်လှုပ်ရှားနေတဲ့ ထားဝယ်ခရိုင်၊ ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီမှာ အမျိုးသမီးကော် မတီဝင်တွေလည်း ရှိသလို အမျိုးသားကော်မတီဝင်တွေလည်း ပါဝင်ပါတယ်။ ဒီထဲမှာပါဝင်တဲ့ အမျိုးသားအများ စုက အစကတည်းက နိုင်ငံရေးလှုပ်ရှားမှုတွေနဲ့မစိမ်းတဲ့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေဖြစ်ကြပါတယ်။ ရဲဘော်ခရုတို့လို အမျိုးသမီးတွေကတော့ ၂၀၂၁ အာဏာသိမ်းပြီးနောက်မှ နိုင်ငံရေးလှုပ်ရှားမှုတွေ၊ တော်လှန်ရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်လာကြသူတွေဖြစ်ပါတယ်။ ရဲဘော်ခရုရဲ့ လုပ်ဖော်ကိုင်ဖက်ခေတ်လူငယ် ကျောင်းသားတွေကတော့ မိန်းကလေးမို့ ခွဲခြားတာမျိုးမရှိဘဲ အကြံဉာဏ်ပေးတာတွေ၊ လမ်းညွှန်ပေးတာတွေ ဆောင်ရွက်ပေးတယ်လို့ ဆိုပါတယ်။

ကော်မတီအတွင်းမှာလည်း သပိတ်လှုပ်ရှားမှုတွေ ဆောင်ရွက်ရတဲ့အခါ  ဝေဖန်ပိုင်ခွင့်၊ ပြောဆိုခွင့်၊ ဆွေးနွေးပိုင်ခွင့် တွေရှိပြီး စုပေါင်းဆွေးနွေးဆုံးဖြတ်ကြတာတွေလည်း ရှိပါတယ်။ ကော်မတီအတွင်းမှာတော့ ဖယ်ကြဉ်ခံရတာမျိုး မကြုံရပါဘူး။  စစ်ရှောင်တွေကို သွားကူညီရတဲ့အခါတွေမှာ လမ်းခရီးကြမ်းတမ်းတာကြောင့် နေခဲ့ရတာမျိုးဆိုရင် တော့ ကိုယ့်ကိုကိုယ်အားမလို အားမရဖြစ်တာမျိုးတွေ ရှိတယ်လို့ ရဲဘော်ခရုက ပြောပါတယ်။

“ဒါကျတော့ အခက်အခဲလို့လည်း ပြောလို့ မရဘူးပေါ့နော်။ အဲဒီလို လမ်းခရီးသွားတဲ့အချိန်က ပုံသေပြောလို့ မရဘူး။ စစ်ကောင်စီနဲ့ တိုက်ရိုက်တွေ့ချင်တွေ့မယ်၊ ကိုယ်ကမိန်းကလေးဖြစ်နေတယ်ဆိုတော့ တခုခုဆို သူတို့ကကိုယ့်ကို ပြန်ငဲ့နေရမှာစိုးလို့ မလိုက်ရတဲ့အချိန်မှာ ကိုယ့်ကိုကိုယ် အားမလိုအားမရဖြစ်ရတာ ရှိပါတယ်” လို့ ရဲဘော်ခရုက ဖွင့်ဟပါတယ်။

တကယ်တော့ စစ်ရှောင်အများစုဖြစ်တဲ့ သုံးပုံနှစ်ပုံဟာ အမျိုးသမီးတွေနဲ့ ကလေးတွေဖြစ်လို့ အကူအညီပေးတဲ့အဖွဲ့ တွေမှာ ဆိုးဝါးလွန်းတဲ့ နယ်မြေအခြေအနေမဟုတ်ရင် အမျိုးသမီးတွေ လိုက်လို့ရအောင် စီမံထားသင့်တယ်လို့ မြင်ကြသူတွေရှိပါတယ်။  

လက်ရှိမြန်မာနိုင်ငံမှာ IDP လို့ခေါ်တဲ့ စစ်ဘေးရှောင်အရေအတွက် ၃ဒသမ၅ သန်းရှိပြီး အမျိုးသမီးတွေက ၃၆ ရာ ခိုင်နှုန်းနဲ့ ကလေးတွေက ၃၄ ရာခိုင်နှုန်းအထိရှိပါတယ်။ စစ်ဘေးရှောင် ၁၀ ဦးမှာ အမျိုးသမီးနဲ့ကလေးက ၄ ဦးစီ ပါဝင်နေတာလည်းဖြစ်ပါတယ်။

ကျန်တဲ့နေရာတွေမှာတော့ အလုပ်တွေကို အမျိုးသား၊ အမျိုးသမီးမခွဲခြားဘဲ ကိုယ့်ကိုကိုယ်လည်း အမျိုးသမီးမို့ဆို တဲ့စိတ်မျိုး တခါမှ မတွေးဘဲနဲ့ လုပ်နိုင်တဲ့အရာမှန်သမျှကို လုပ်ခဲ့တယ်လို့ ရဲဘော်ခရုက ဆိုပါတယ်။ ဒါပေမယ့် တခြားအဖွဲ့အစည်းတွေနဲ့ ဆက်သွယ်လုပ်ကိုင်ရတဲ့အခါမှာတော့ အမျိုးသမီးဖြစ်ခြင်းကြောင့် ခွဲခြားမှုတချို့ကြုံရ တတ်ပြန်ပါတယ်။

အမျိုးသမီးတွေအရေးနဲ့ ပတ်သက်တဲ့ကိစ္စရပ်တွေကို ပြောဆိုလုပ်ကိုင်ရတဲ့အခါမှာ ရဲဘော်ခရုအပေါ် အမျိုးသမီးဖြစ် တည်မှုနဲ့ ပတ်သက်ပြီး ယုံကြည်မှုနည်းတဲ့ အပြုအမူတွေနဲ့ဆက်ဆံခံရတာ “နင်ဘာမှမသိပါဘူး၊ ငါတို့ကပိုသိတယ်” ဆိုတဲ့ အပြောအဆိုတွေနဲ့ ဆက်ဆံတာ ခံရပါတယ်။

ဒါ့အပြင် အမျိုးသမီးအရေးကိစ္စတွေကို ပြောဆိုဆွေးနွေးရတဲ့အခါ ပြောတဲ့စကားတွေကို လက်မခံတာ၊ သိပ်ပြီး အလေးမထားတာ၊ သရော်လှောင်ပြောင်တာတွေ ကြုံရလေ့ရှိတယ်လို့ ဆိုပါတယ်။

အိမ်တွင်းအကြမ်းဖက်မှုလို အမျိုးသမီးတွေ အကြမ်းဖက်ခံရတာမျိုးတွေကို‌ ဖြေရှင်းဆောင်ရွက်ရတဲ့အခါမှာလည်း အရေးမပါဘူးဆိုတဲ့ အမြင်သဘောထားတွေနဲ့ ရင်ဆိုင်ရပါတယ်။

နိုင်ငံရေး၊ အမျိုးသမီးအရေး စကားဝိုင်းဆွေးနွေးပွဲတွေမှာ ပါဝင်ဆွေးနွေးတဲ့အခါမှာ အမျိုးသမီးတစ်ဦးအနေနဲ့ နိုင်ငံ ရေး၊ တော်လှန်ရေးကိစ္စတွေ ပြောဆိုရတဲ့အပေါ် အထင်သေးလှောင်ပြောင်လိုတာမျိုးတွေလည်း တခါတရံမှာ ကြုံ တွေ့ရတယ်လို့ ရဲဘော်ခရုက ပြောပါတယ် ။

ရဲဘော်ခရုအနေနဲ့ ၂၀၂၁ ခုနှစ်မှ တော်လှန်ရေးထဲမှာ ပါဝင်လာတဲ့အတွက် အမျိုးသားတွေလောက် အတွေ့အကြုံ မရှိဘူး၊ နိုင်ငံရေး၊ တော်လှန်ရေးဆိုင်ရာတွေကို အမျိုးသားတွေလောက် ပြောဆိုဆွေးနွေးနိုင်မှာ မဟုတ်ပါဘူးဆိုတဲ့ ပုံစံခွက်အမြင်တွေနဲ့ အထင်သေးလှောင်ပြောင်ခံရတာတွေလည်း ရှိပါတယ်။

“နင်ပြောတာ တော်လိုက်တာ၊  နင်က  အဲဒီလိုမျိုးရသလား။ အဲဒီလိုပေါ့၊ သရော်တဲ့ပုံစံ၊ လှောင်ပြောင်တဲ့ပုံစံနဲ့ ပြော တာမျိုးတွေလည်းရှိတယ်” လို့ဆိုပါတယ်။

ရဲဘော်ခရုကိုယ်တိုင်လည်း အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံတဲ့ အယူအဆတွေနဲ့ ပြောဆိုတာတွေကြုံရတဲ့အခါ ဒီလိုအယူအဆတွေနဲ့ပတ်သက်ပြီး တွန်းလှန်ပြောဆိုလေ့ရှိပါတယ်။

တော်လှန်ရေးအလုပ်တွေ ဆောင်ရွက်ရင်း လုပ်ဖော်ကိုင်ဖက်တချို့ ဒါမှမဟုတ် တချို့လူတွေက မိန်းကလေးဆို အိမ်မှုကိစ္စလုပ်ရမယ်၊ ကလေးမွေးရမယ့် စတဲ့ကိစ္စတွေကို ကိုယ့်ရှေ့မှာပြောဆိုတာ ကြားရတဲ့အခါမျိုးမှာပဲဖြစ်ဖြစ်၊ ဒီလိုအယူအဆတွေနဲ့ ခွဲခြားဆက်ဆံမှုတွေကို ကြုံရင်ကြုံသလိုပြောပြတာ၊ အာဏာရှင်စနစ်နဲ့အတူလွှဲမှားနေတဲ့ အယူအဆတွေကိုပါ တွန်းလှန်ဖြစ်ရမယ်ဆိုတဲ့အကြောင်း တစိုက်မတ်မတ်ပြောပြဖြစ်တယ်လို့ ရဲဘော်ခရုက ဆိုပါ တယ်။

“ထမင်းဟင်းချက်တာ မိန်းကလေးအလုပ်လို့ ဘယ်သူကပြောခဲ့လဲပေါ့။ ဘယ်သူတွေက သတ်မှတ်ခဲ့တာလဲပေါ့။ အဲဒီလိုစိတ်ထဲ အမြစ်တွယ်နေတာကို ငါတို့က အာဏာရှင်စနစ်ဆိုးနဲ့အတူ အမြစ်ဖြတ်တိုက်ထုတ်ရမှာ၊ မိန်းကလေး ဆိုတာ အိမ်မှုကိစ္စပဲလုပ်ရမယ်၊ ကလေးမွေးရမယ်၊ ကလေးထိန်းရမယ်လို့ ဘယ်သူကသတ်မှတ်ပေးတာခဲ့လဲ” လို့ ရဲဘော်ခရုက တုန့်ပြန်လေ့ရှိတယ်လို့ ဆိုပါတယ်။

ထမင်းဟင်းချက်တဲ့ကိစ္စတွေ၊ မီးဖိုချောင်အလုပ်၊ အဝတ်လျှော်၊ အိမ်မှုကိစ္စ စတဲ့အလုပ်တွေကို အမျိုးသမီးတွေက သာလုပ်ရမယ်ဆိုတာမျိုး လူ့အဖွဲ့အစည်းက သတ်မှတ်ထားပါတယ်။

တော်လှန်ရေးအဝန်းအဝိုင်းထဲက တော်လှန်သူအချင်းချင်းတောင် ထမင်းချက်ရမှာက မိန်းကလေးတွေ အလုပ်လို့ ပြောလေ့ရှိကြပါတယ်လို့ ရဲဘော်ခရုက ပြောပါတယ်။

ရဲဘော်ခရုကိုယ်တိုင်လည်း ဒီလို အတွေးဟောင်းတွေ၊ ဖိုဝါဒကြီးစိုးမှုတွေ၊ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု တွေနဲ့ပတ်သက်ပြီး  ၂၀၂၁ ခုနှစ်ကတည်းက သင်တန်းပေးတာတွေ၊ အသိပညာပေးတာတွေ ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

ရဲဘော်ခရုနည်းတူ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်နေရင်းနဲ့ အမျိုးသမီးဖြစ်ခြင်းကြောင့် အခက်အခဲတချို့ ရင်ဆိုင်ရသူကတော့ အသက်(၂၄)နှစ်အရွယ် မရွှေင်္သဂီပါ။

မရွှေင်္သဂီဟာ ဒဂုံတက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ ဥက္ကဌတစ်ဦးလည်းဖြစ်ပါတယ်။ အာဏာသိမ်းမှုစတင်တဲ့ ဖေဖော်ဝါရီလကတည်းက လူထုသပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပါတယ်။

သမဂ္ဂအနေနဲ့ စစ်အာဏာသိမ်းမှုနဲ့ပတ်သက်တဲ့ သ‌ဘောထားထုတ်ပြန်ချက်တွေကို ထုတ်ပြန်ခဲ့ပြီး အာဏာသိမ်းမှု ကို ဆန့်ကျင်ဖို့လှုပ်ရှားမှုတွေ၊ မြို့နယ်အချို့မှာ လှုပ်ရှားဆောင်ရွက်တာတွေ ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ လက်ရှိမှာ လည်း အညာဒေသမှာ ပညာရေးနဲ့ပတ်သက်တာတွေ၊ စစ်ဘေးရှောင်ကိစ္စတွေ၊ မြေပြင်လူထုလှုပ်ရှားမှုသပိတ် တွေမှာ ပါဝင်နေပါတယ်။ ဒါအပြင် ကျောင်းသားလက်ရုံးတပ်တော် တည်ထောင်မှုအပိုင်းတွေမှာပါ ပါဝင်ဆောင် ရွက်ခဲ့ပြီး စည်းရုံးရေးလုပ်ငန်းစဉ်တွေ၊ နိုင်ငံရေးအသိပညာ ဆွေးနွေးပွဲတွေမှာ ပါဝင်နေပါတယ်။

“လူငယ်တယောက်အနေနဲ့ရော၊ နိုင်ငံသားတယောက်အနေနဲ့ရော စစ်အာဏာရှင်စနစ်နဲ့ပတ်သက်ပြီးတော့  ၂၀၂၀ ထဲက သမဂ္ဂအနေနဲ့ဆန့်ကျင်ခဲ့သလိုပဲ  ဒီလိုအာဏာသိမ်းမှုနဲ့ လူထုကို စော်ကားပြီးတော့ အကြမ်းဖက်၊ လက်နက် အားကိုးပြီးတော့ လူထုကိုဖိနှိပ်တဲ့အခြေအနေမျိုး တကယ့်တကယ်ဖြစ်လာတဲ့အခြေအနေမှာ ကိုယ်တိုင်ကလည်း လုံးဝလက်မခံနိုင်တဲ့အတွက် တော်လှန်ရေးထဲမှာ အဆုံးထိ အားလုံးအတူတူဆက်လျှောက်ဖို့ ဒီခရီးမှာ ဆက်ပြီးပါ ဖြစ်တယ်” လို့ မရွှေင်္သဂီဆိုပါတယ်။

မြို့ပေါ်နိုင်ငံရေးလှုပ်ရှားမှုတွေကနေ တဆင့်တက်လှမ်းပြီး လက်နက်ကိုင်တော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်တဲ့ အခါမှာလည်း အမျိုးသမီးဖြစ်ခြင်းကြောင့် အခက်အခဲနဲ့ခွဲခြားဆက်ဆံမှုတွေ ကြုံတွေ့ရပြန်ပါတယ်။

“တော်လှန်ရေးလုပ်ကြတဲ့နေရာမှာ  ဘယ်လိုပဲအတွေးအခေါ်တော်လှန်ရေးလုပ်တယ်၊ ပြုပြင်ပြောင်းလဲရေးလုပ် တယ်၊ တိုးတက်ရေးအတွက် လုပ်တယ်ပြောပြော၊ အမျိုးသမီးဖြစ်နေတဲ့အတွက်ကြောင့် လှုပ်ရှားဆောင်ရွက်ရတဲ့ အခါမှာ အများကြီးအခက်အခဲကြုံရတယ်” လို့  သူက ဆိုပါတယ်။

ဥပမာ ခရီးသွားလာတဲ့အခါမျိုး အမျိုးသားရဲဘော်တွေနဲ့ အတူသွားလာရတဲ့အခါ လူမှုအသိုင်းအဝိုင်းရဲ့အမြင်မှာ ရဲ ဘော်ရဲဘက်ပုံစံမျိုး မဟုတ်ဘဲနဲ့ ဂုဏ်သိက္ခာပိုင်းထိခိုက်စေတဲ့ အမြင်မျိုးတွေရှိတာ ကြုံတွေ့ရလေ့ရှိတယ်လို့ မရွှေ င်္သဂီက ဆိုတယ်။ ဒါ့အပြင် မရွှေင်္သဂီရဲ့ရုပ်ပိုင်းဆိုင်ရာအရ ခန္ဓာကိုယ်သေးတဲ့အတွက် တချို့ကိစ္စတွေမှာ မလုပ်နိုင် လောက်ဘူး၊ မိန်းကလေးဖြစ်လို့ အပင်ပန်းမခံနိုင်လောက်ဘူးဆိုတဲ့ အထင်သေးပြောဆိုမှုတွေလည်း ကြုံတွေ့ခဲ့ရ တယ်။

ဒီလိုကြုံတွေ့ရတဲ့အခါ ကိုယ့်ရဲ့လုပ်နိုင်စွမ်းကို တိုးမြှင့်ပြီးတော့ ကိုယ်လုပ်နိုင်တဲ့ရလာဒ်ရအောင် သက်သေပြခဲ့ တယ်လို့ ဆိုပါတယ်။

ရဲဘော်ခရုနဲ့ မရွှေင်္သဂီတို့နည်းတူ အမျိုးသမီးဖြစ်တည်မှုအပေါ် မယုံကြည်မှုတွေနဲ့ရင်ဆိုင်ရသူတွေထဲမှာ မရွှင်လန်း ၂၅ နှစ်လည်း ပါဝင်ပါတယ်။

မရွှင်လန်းဟာ CDM ကျောင်းသူတစ်ဦးဖြစ်ပြီး လက်ရှိမှာ စစ်အာဏာသိမ်းမှုကြောင့် ပညာသင်ယူခွင့်ဆုံးရှုံးတဲ့ ကျောင်းသားတွေအတွက် အလုပ်လုပ်ကိုင်တဲ့အဖွဲ့အစည်းတခုမှာ တက်တက်ကြွကြွပါဝင်လုပ်ကိုင်နေပါတယ်။

အာဏာမသိမ်းခင်က စတုတ္ထနှစ်ကျောင်းသူတစ်ဦးဖြစ်ပြီး Law firm တခုမှာအလုပ်လုပ်ခဲ့တဲ့မရွှင်လန်းဟာ အာဏာ သိမ်းပြီးတဲ့အခါမှာ အစိုးရဝန်ထမ်းမဟုတ်သော်လည်း ပါဝင်လုပ်ကိုင်နေတဲ့အလုပ်ကနေထွက်ခဲ့ပြီး သပိတ်တိုက်ပွဲ တွေမှာပါဝင်ခဲ့တယ်။

အမျိုးသမီးတယောက်အနေနဲ့ သပိတ်တိုက်ပွဲတွေမှာပါဝင်ပြီး နိုင်ငံရေးလုပ်နေတာကြောင့် “နင့်ကိုမုဒိန်းကျင့်မယ်၊ ဒီတော်လှန်ရေးပြီးသွားရင်တောင် နင်မြို့ကိုပြန်လာတဲ့အချိန် ဘာလုပ်လိုက်မယ်တို့၊ အကြမ်းဖက်မယ်”လို့ စစ် ကောင်စီလော်ဘီတစ်ယောက်က ခြိမ်းခြောက်တယ်လို့ မရွှင်လန်းက သူရင်ဆိုင်ခဲ့ရတာကို ပြောပြပါတယ်။

မရွှင်လန်းအနေနဲ့တော့ လက်ရှိလှုပ်ရှားမှုတွေမှာ ခွဲခြားဆက်ဆံမှုလို့ ပြောရမယ့်အရာတွေနဲ့ ကြုံနေရတာမျိုး မရှိပါ ဘူး။ ရှိလာခဲ့ရင်လည်း ချက်ချင်းတုန့်ပြန်တတ်သူဖြစ်လို့ပါ။ ဒီလိုတုန့်ပြန်ဖို့ အခွင့်အရေးရနေသေးတယ်ဆိုတာက လည်း ကိုယ်တိုင်က လက်ရှိအခြေအနေမှာ အသက်အန္တရာယ်၊ လုံခြုံရေးမစိုးရိမ်ရတာ၊ အလုပ်ပြုတ်မှာ မစိုးရိမ်ရ တာ၊ စတဲ့အခြေအနေတွေကြောင့်ဖြစ်တယ်လို့ ဆိုပါတယ်။

“ပတ်၀န်းကျင်မှာတွေ့ရတဲ့ ဖိုဝါဒကြီးစိုးမှုတွေကတော့ အမျိုးသားတွေဟာ အကောင်းမြင်ခံရဖို့ လွယ်ကူတာပါပဲ။ ယောကျာ်းဆိုတာ ကတိတည်တယ်၊ စိတ်သဘောထားကြီးတယ်စတဲ့ မသိမသာရော သိသိသာသာပါ  လူအများစု ကြား တရားသေစွဲကိုင်ထားတဲ့ ကြိုတင်ယူဆချက်တွေဟာ အမျိုးသမီးတချို့အပါအဝင် မြန်မာ့လူအဖွဲ့အစည်းမှာ ရှိပါတယ်။

သဘောထားသေးသိမ်တဲ့သူဆို မိန်းမဆန်တယ်၊ သဘောထားကြီးတဲ့သူဆို မိန်းကလေးဖြစ်‌နေရင်တောင် ယောကျာ်းဆန်တယ်၊ ပေါင်းရသင်းရတာကောင်းတယ်စတဲ့ ကျားမဖိနှိပ်တဲ့ စကားလုံးတွေနဲ့ ခေတ်နောက်ပြန်ဆွဲ ချီးကျူးကြတာကို မြင်ရတွေ့ရလေ့ရှိပါတယ်။

နောက်တခုက homophobia ပါ။ လိင်တူစိတ်၀င်စားတဲ့သူတွေကိုဆို တခြားသူအပေါ် လိင်အမြတ်ထုတ်မယ့်သူ တွေအဖြစ် မြင်တတ်ကြတာကိုလည်း သတိထားမိပါတယ်လို့ မရွှင်လန်းက ပြောပြပါတယ်။

 “တကယ်က လိင်အမြတ်ထုတ်ကျူးလွန်သူဆိုတာ ကျားမ တခြားဂျဲန်ဒါမျိုးစုံ ဖြစ်နေနိုင်ပါတယ်” လို့ မရွှင်လန်းက ပြောပါတယ်။

အမျိုးသမီးတွေကို ခွဲခြားဆက်ဆံမှုတွေ လျော့နည်းလာဖို့ဆိုရင် နိုင်ငံရေးမှာ အမျိုးသမီးတွေ ထဲထဲဝင်ဝင်ပါဝင် လာဖို့ လိုအပ်နေတာ အမှန်ပဲဖြစ်ပါတယ်။

ရဲဘော်ခရုတို့ဒေသဖြစ်တဲ့ ထားဝယ်မှာတော့ သပိတ်တွေထဲမှာ အမျိုးသမီးတွေက ပိုပါဝင်လာပြီး အမျိုးသားတွေနဲ့ တန်းတူလုပ်နိုင်တာမျိုးတွေလည်း ရှိနေတယ်လို့ ဆိုပါတယ်။

ဆက်လက်ပြီးလည်း အမျိုးသမီးတွေအနေနဲ့ နိုင်ငံရေးမှာ ပိုမိုပါဝင်လာနိုင်ရင် အမျိုးသမီးအရေးတွေကို အမျိုးသမီး တွေက ပိုမိုနားလည်နိုင်တဲ့အတွက် ပုံစံခွက်အမြင်တွေ ပိုပပျောက်စေမှာမို့ ပိုမိုပါဝင်လာသင့်တယ်လို့ ရဲဘော်ခရုက သုံးသပ်ပါတယ်။ 

စစ်အာဏာရှင်စနစ်နဲ့အတူ ဖိုဝါဒကြီးစိုးမှု‌၊ အယူအဆအလွဲအမှားတွေ၊ အမျိုးသမီးတွေအပေါ်ခွဲခြားတဲ့ အယူအဆ တွေကို တွန်းလှန်တိုက်ထုတ်ဖို့ ဒီနေ့တော်လှန်ရေးက လိုအပ်နေတာပဲဖြစ်ပါတယ်။

“ကျမတို့က ကြိုးစားရဦးမှာ၊ အခုချိန်မှာဆို တချို့အမျိုးသမီးတွေက မျက်စိပွင့်နားပွင့်ဖြစ်နေတဲ့ အနေအထား၊ တ ချို့ကျတော့လည်း သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်အသိုင်းအဝိုင်းက အဲဒီလိုဖိုဝါဒကြီးစိုးမှုအောက်မှာပဲ ရှိနေဆဲ ဆို တော့လေ၊ အဲဒီလိုမျိုး ခွဲခြားဆက်ဆံမှုတွေကို သူတို့တွေက လက်ခံနေကြဆဲဖြစ်တယ်။ ကျမတို့ ပိုပြီးကြိုးစားဖို့ လိုတယ်။ အဲဒါနဲ့ပတ်သက်ပြီး ပိုပြီးအသိပညာ‌ပေးရမယ်၊ အမျိုးသမီးဆိုတာ အမျိုးသမီးဖြစ်တာလောက်နဲ့ ဘုန်းကံ မနိမ့်ဘူး၊ အမျိုးသမီးဆိုတာ အားနွဲ့တဲ့လူတန်းစားမဟုတ်ဘူး။ အမျိုးသားတွေနဲ့ရင်ဘောင်တန်း လုပ်နိုင်တဲ့လူတွေ ဖြစ်တယ်ဆိုတာကို ပိုပြီးအသိပညာပေးဖို့ လိုအပ်တယ်” လို့ ရဲ‌ဘော်ခရုက ဆိုပါတယ်။

အမျိုးသမီးတွေ နိုင်ငံရေးထဲမှာပိုမိုပါဝင်လာနိုင်အောင် ဓလေ့ထုံးတမ်းတွေအရ အမျိုးသမီးတွေကို ဖိနှိပ်ထားမှုတွေ ကို တွင်တွင်ကျယ်ကျယ်ပြောကြဖို့ လိုသလို ဆွေးနွေးပွဲတွေမှာ အမျိုးသမီးမို့လို့ မပါရဘူး။ ညအိပ်ညနေ ခရီးထွက် ရတဲ့အခါ အမျိုးသမီးမို့လို့ မသင့်တော်ဘူးစတဲ့ သတ်မှတ်ချက်တွေကို အတွေးအခေါ်တော်လှန်ရေးနဲ့အတူ ပြောင်းဖို့ လိုတယ်လို့ မရွှေင်္သဂီက ဆိုပါတယ်။

 “အမျိုးသမီးတွေကိုယ်တိုင်လည်း အမျိုးသမီးအချင်းအချင်း လက်တွဲခေါ်ကြဖို့လိုသလို၊ တယောက်ချင်းစီကလည်း ကျားမခွဲခြားဖိနှိပ်မှုတွေကနေ လွတ်မြောက်ဖို့ ကိုယ်တိုင်ကြိုးစားသင့်တယ်”လို့  မရွှေင်္သဂီက အကြံပြု တိုက်တွန်း ထားပါတယ်။

“နွေဦးတော်လှန်တော်လှန်ရေးက စစ်ကောင်စီကိုတင် မကဘူး။ လူမျိုးရေးဖိနှိပ်မှုတွေကိုလည်း ဖြိုချမယ်။ ဖိုဝါဒီ အဆောက်အအုံကိုလည်း ဖြိုချမယ်လို့ ယုံကြည်ပြီးတော့ အတူတူလုပ်ကိုင်နေတာ။ ဒါပေမယ့် အတူတူလုပ်နေတဲ့ သူတွေထဲမှာ ဖိုဝါဒီကြီးစိုးတဲ့သူတွေကို မြင်ရ၊ ရင်ဆိုင်ရတဲ့အခါမှာ ဖိုဝါဒကြီးစိုးမှုတွေကို ဘယ်အချိန်ထိ တွန်းလှန် နေရမလဲဆိုတဲ့ စဉ်းစားချက်ကတော့ စိန်ခေါ်မှုတစ်ခုပါပဲ”လို့ မရွှင်လန်းက မှတ်ချက်ပြုဆိုထားပါတယ်။  

တကယ်တော့ စိန်ခေါ်မှုဆိုတာ အခွင့်အလမ်းတွေနဲ့အတူ ခြိမ်းခြောက်မှုတွေရှိနေတာဖြစ်ပြီး ခြိမ်းခြောက်မှုတွေကို ကြံ့ကြံ့ခံရင်ဆိုင်နိုင်ရင် အခွင့်အလမ်းတွေကိုသာ ပိုင်ဆိုင်ခွင့်ရတာမျိုးဖြစ်ပါတယ်။

ဘာပဲဖြစ်ဖြစ် ရဲဘော်ခရု၊ မရွှေင်္သဂီ၊ မရွှင်လန်းတို့အပါအဝင် အမျိုးသမီးတော်လှန်ရေးသမားတွေဟာ စစ်အာဏာ ရှင်စနစ်ကို တော်လှန်ရင်  ကိုယ်ရဲ့မွေးရာပါအခွင့်အရေးအတွက်ပါ တိုက်ပွဲဆင်နေရလို့ တချိန်တည်းတပြိုင်တည်း မှာပဲ တိုက်ပွဲနှစ်ခုစိန်ခေါ်ဆင်နွဲနေကြရတယ်ဆိုတာ သူတို့သုံးဦးရဲ့အတွေ့အကြုံတွေက သက်သေပြလို့နေပါတယ်။

မရွှင်လန်းကတော့ “ ဒီတော်လှန်ရေးပြီးသွားရင်တောင် ကျားမခွဲခြားဆက်ဆံမှုတွေကို ဘယ်အထိ ဆက်တိုက်ကြ ရမှာလဲ၊ ဘယ်အချိန်ထိ ဒါတွေကို ပြောနေရဦးမှာလဲဆိုတာ တွေးမိပြီး အဲဒါက စိန်ခေါ်မှုဖြစ်နေတယ်”လို့ ဆိုပါ တယ်။

Author: