စစ်အာဏာသိမ်းပြီး လူမှုဘဝပျက်ယွင်းမှုတွေအောက်က မွေးကင်းစကလေးစွန့်ပစ်မှု
ဒေဝီ
ကွဲအက်ပြီး ညစ်ထေးနေတဲ့ လိမ္မော်ရောင်စည်ပင်အမှိုက်ပုံးထဲမှာ စွန့်ပစ်ထားတဲ့ ဖော့ဘူးတွေ၊ ပလတ်စတစ်အမှိုက်အိတ် တွေကြားထဲ ချက်ကြိုးတန်းလန်းနဲ့ အသက်မဲ့နေတဲ့ မွေးကင်းစကလေးငယ်တဦးကိုတွေ့လိုက်ရပါတယ်။
ပုံမှန်ဆို အမိဝမ်းက ထွက်ခါစကလေးငယ်ဟာ မိခင်ရင်ခွင်ထဲနွေးနွေးထွေးထွေးနဲ့ ပိုက်ပွေ့ခံထားရမှာဖြစ်ပေမယ့် အခုတော့ မသန့်ရှင်းတဲ့ အမှိုက်ပုံးထဲမှာ အနှီးတောင်မပါဘဲ အသက်ကင်းမဲ့နေပါတယ်။
ပြီးခဲ့တဲ့ရက်ပိုင်းက ရန်ကုန်မြို့ရဲ့ လသာမြို့နယ်လို မြို့လည်ခေါင်နေရာမှ ချက်ကြိုးတန်းလန်းနဲ့ မွေးကင်းစကလေး ငယ်ကို အမှိုက်ပုံးထဲ စွန့်ပစ်သွားမှုက ကြားသိရသူတိုင်းကို သနားဂရုဏာသက်စေသလို လူအများရဲ့ ဝေဖန်စရာလည်း ဖြစ်ခဲ့ရပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူတွေရဲ့ဘဝတွေ ချွတ်ခြုံကျပြီး လူမှုစီးပွားတွေ ယို့ယွင်းကြပ်တည်းလာတာနဲ့အတူ မြို့ပြနဲ့ နယ်မြို့တွေပါမကျန် အာရုံစိုက်ရမယ့် လူမှုရေးပြဿနာတွေထဲ မွေးကင်းစကလေးငယ်တွေစွန့်ပစ်တဲ့လုပ်ရပ်တွေလည်းပါဝင် လာပြီး၊ ဒါဟာ ဆင်းရဲမွဲတေမှုနောက်ကွယ်က ပြည်သူတွေရဲ့ အကျင့်စာရိတ္တနဲ့ လူမှုဘဝလက်တွေ့အခြေအနေကို မီးမောင်း ထိုးပြနေပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင်း လေးနှစ်တာကာလအတွင်း သတင်းမီဒီယာတွေမှာ ဖော်ပြထားမှုအရ မွေးကင်းစ ကလေးငယ် စွန့်ပစ်မှုက ၁၀ ဦးထက်မနည်းရှိခဲ့ပြီး၊ လသားကလေးစွန့်ပစ်မှုတွေကိုလည်း လူမှုကွန်ယက်မှာ မကြာခဏ တွေ့ရလေ့ရှိပါတယ်။
“ တွေ့လိုက်ရတဲ့သူတွေပြောတာ ကလေးအကောင်အထည်ပေါ်ပေါ် နဲ့လို့ ပြောတယ်၊ ဘာလို့စွန့်ပစ်လဲမသိပေမယ့် မွေးခါစ လေးကို စွန့်ပစ်တာကတော့ တော်တော်ဆိုးတယ်။ မြို့လည်ခေါင်ဆေးရုံနဲ့နီးတဲ့နေရာမျိုးမှာ ဘယ်လိုစိတ်ကူးနဲ့ လုပ်သွားတာ လဲ မသိဘူး” လို့ လသာမြို့နယ်မှာ အစားအသောက်ရောင်းချသူတစ်ဦးက ပြောပါတယ်။
မွေးကင်းစကလေးငယ်တွေ စွန့်ပစ်တာက စီးပွားရေးကြပ်တည်းမှု နောက်ဆက်တွဲအဖြစ် ကလေးကျွေးမွေးပြုစုဖို့ အခက် အခဲဖြစ်တာ၊ ဖခင်ကတာဝန်မယူတဲ့အတွက် တကိုယ်တည်းစောင့်ရှောက်ဖို့ခက်ခဲတာ၊ လိင်မှုဆိုင်ရာအသိပညာပေး အားနည်း တာ၊ အဓမ္မပြုကျင့်မှုတွေကြောင့် ကိုယ်ဝန်ဆောင်ရတာ၊ စတဲ့အကြောင်းရင်းတွေကြောင့်ဖြစ်တယ်လို့ လူ့အခွင့်အရေးနဲ့ အမျိုးသမီအရေးလုပ်ဆောင်သူတွေက သုံးသပ်ကြပါတယ်။
မွေးကင်းစကလေးအပါအဝင် ကလေးသူငယ်တွေကို စွန့်ပစ်တာက စီးပွားရေးကြပ်တည်းမှုနဲ့ ပတ်ဝန်းကျင်အခြေအနေတွေ ကြောင့်လို့ ယူဆတယ်လို့ ကြည့်မြင့်တိုင်မြို့နယ်က အသက် ၂၉ နှစ်အရွယ် တကိုယ်ရည်မိခင်ဖြစ်တဲ့ မမာမာက ပြောပါတယ်။
လက်ရှိကာလက စီးပွားရေးရော လူမှုဘဝတွေကပါ အဖက်ဖက်က ကြပ်တည်းနေပြီး အလုပ်အကိုင်ရှားပါးတာကြောင့် တကိုယ်ရည်စာရပ်တည်ဖို့ ရုန်းကန်နေရချိန်မှာ ကလေးတဦးရဲ့ဝေယျာဝစ္စကနေစလို့ ကြီးပြင်းရှင်သန်အောင် ကျွေးမွေး စောင့်ရှောက်ရတာက ရေရှည်မှာ ဝန်ထုတ်တခုလိုဖြစ်နေတယ်လို့ ယူဆမှုတွေကြောင့်လည်း ကလေးစွန့်ပစ်မှုတွေ များလာတာလို့ သူကဆိုပါတယ်။
“အရင်ကတည်းက ကလေးစွန့်ပစ်မှုတွေကတော့ ရှိပါတယ်၊ အခုခေတ်ကြပ်လာလို့သာ ပိုဆိုးလာတာ၊ ဘယ်လိုပဲကြပ်တည်း လို့ဖြစ်ဖြစ်၊ ဖြစ်ကတတ်ဆန်းစွန့်ပစ်တာတော့ လက်မခံချင်ဘူး၊ မွေးပြီးမှတော့ ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် ကြီးပြင်းအောင်မွေး သင့်ပါတယ်”လို့ စစ်အာဏာသိမ်းပြီး မွေးကင်းစကလေးစွန့်ပစ်တဲ့အခြေအနေကို သူကပြောတယ်။
ဒါ့အပြင် အချို့လည်း လူငယ်သဘာဝချစ်ကြိုက်ကြပြီး မမျှော်လင့်ပဲ ကိုယ်ဝန်ရှိလာချိန်မှာ ယောက်ျားဘက်က တာဝန်မယူတာကြောင့် မိခင်ဖြစ်သူကပဲ တာဝန်ယူရတဲ့အခါ ပတ်ဝန်းကျင်ရဲ့ ရှုတ်ချပြောဆိုမှုတွေကို ကြောက်ရွံ့တဲ့အတွက် မွေးပြီးစွန့် ပစ်တာတွေ ကြုံရတာလို့ သူကပြောပါတယ်။
လူမှုစံနှုန်းသတ်မှတ်ချက်တွေအရ အမျိုးသားနဲ့ အမျိုးသမီးအိမ်ထောင်ပြု၊ ကလေးမွေးတာက ပုံမှန်ဖြစ်စဉ်ဖြစ်ပြီး၊ အိမ် ထောင်မရှိဘဲ ကိုယ်ဝန်ဆောင်ရတဲ့အခါ လင်ကောင်မပေါ်ဘဲဗိုက်ကြီးတယ်၊ အနေအထိုင်မတတ်လို့ စသဖြင့် အမျိုးသားထက် အမျိုးသမီးကိုသာ ပြစ်တင်ပြောဆိုလေ့ရှိကြတော့ ဒီလိုပြစ်တင်ကဲ့ရဲ့မှုတွေကို မရှောင်လွဲနိုင်တဲ့အခါ ကိုယ်ဝန်ဖျက်ချဖို့၊ ဒါမှမဟုတ် မွေးပြီးစွန့်ပစ်ဖို့၊ လူအဖွဲ့အစည်းက သွယ်ဝိုက်တွန်းအားပေးသလို ဖြစ်နေတာတွေ့ရပါတယ်။
ဒီအတွက်လည်းမွေးဖွားပြီးမှ ကြုံရာစွန့်ပစ်တာထက် မမွေးခင်ကတည်းက အကာအကွယ်ယူတဲ့နည်းလမ်းတွေ လုပ်ဆောင် သင့်သလို၊ မွေးဖွားပြီးတာဝန်မယူနိုင်ရင်လည်း စနစ်ကျတဲ့ကလေးစောင့်ရှောက်ရေးနေရာတွေကို ပို့ဆောင်တာမျိုး လုပ်သင့်တယ်လို့ သူကဆိုပါတယ်။
ခေတ်ကာလအခြေအနေကြောင့် လူမှုစီးပွားအကြပ်အတည်းတွေ ကြီးမားပေမယ့် ကိုယ့်အသွေးအသားကို လူ့လောကထဲ ခေါ်ယူပြီး စောင့်ရှောက်နေကြတဲ့ မိခင်တွေလည်း အများအပြားရှိသလို သူကိုယ်တိုင်လည်း ကလေးလသားအရွယ်မှာ ခင်ပွန်းနဲ့ မပေါင်းသင်းတော့ဘဲ တကိုယ်ရည်မိခင်အဖြစ် ရုန်းကန်နေထိုင်နေတာ ငါးနှစ်ကျော်ရှိနေပြီဖြစ်ပါတယ်။
“အခုဆိုရင်မမွေးနိုင်ရင်၊ မကျွေးနိုင်တော့ရင် ခိုင်နှင်းဝေဆီပို့တာက ထုံးစံလိုဖြစ်နေပြီ၊ လူဆိုရင်တော့ ကိုယ်မွေးထားတဲ့ကလေး ကိုယ်တာဝန်ယူရမှာ၊ ခက်ခဲလည်းထွက်ပေါက်တော့ရှိမှာပါ “လို့ မမာမာက ပြောပါတယ်။
အရပ်သားအစိုးရလက်ထက်မှာလည်း ကလေးစွန့်ပစ်မှုတွေရှိခဲ့ပေမယ့် လိင်ပိုင်းဆိုင်ရာပညာပေးမှုတွေ လူထုကြားပျံ့နှံ့ အောင် လုပ်ဆောင်တာ၊ လိင်ပိုင်းဆိုင်ရာ ပြုကျင့်ခံရသူတွေကို မီးဖွားနိုင်အောင် ကူညီပေးပြီး ကလေးတွေကို ဆက်စောင့် ရှောက်ဖို့ ကူညီတာ၊ တကိုယ်ရည်မိခင်တွေကို စောင့်ရှောက်မှုပြုပေးတာ၊ ကိုယ်ဝန်ဖျက်ချခွင့်ကို ဉပဒေအရ ခွင့်ပြုဖို့တောင်း ဆိုတာတွေ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ ဒီအသံတွေက နှုတ်ဆိတ်သွားခဲ့ရတယ်။
ကလေးစွန့်ပစ်မှုတွေက နယ်မြို့တွေရော၊ မြို့ကြီးတွေမှာပါ မကြာခဏတွေ့မြင်နေရပြီး ဒါကနေရာဒေသနဲ့ မဆိုင်ဘဲ လူတဦး ချင်းစီရဲ့ ဆုံးဖြတ်ချက်ပေါ် မူတည်သလို အဓိကအနေနဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ သားဆက်ခြားကျန်းမာရေးတွေမှာ အသိ ပညာအားနည်းတာကြောင့်လို့ လှိုင်မြို့နယ်မှာ နေထိုင်တဲ့ အသက် ၃၀ အရွယ်၊ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မဆုမြတ်က ဆိုပါ တယ်။
ဒါကကြပ်တည်းလာတဲ့ လူမှုဘဝစနစ်နဲ့လည်းပတ်သက်နေပြီး ခေတ်ကာလက ကလေးတယောက်ကို ပြုစုပျိုးထောင်ဖို့ ခက်ခဲတာကြောင့်လည်း စွန့်ပစ်ကြတာ ဖြစ်နိုင်တယ်လို့ သူကဆက်ပြောတယ်။
ဒါ့အပြင် စိတ်ကြွဆေးဝါးလို မူးယစ်ဆေးဝါးတွေနဲ့လည်း တစိတ်တပိုင်း သက်ဆိုင်နေပြီး လူငယ်တွေအကြား အလွယ်ရ၊ အလွယ်သုံးစွဲမှုတွေကြောင့်လည်းပါသလို၊ မျိုးဆက်ပွားကျန်းမာရေးကို မသိနားမလည်တဲ့အခါ မဖြစ်သင့်တဲ့ကိစ္စရပ်တွေ ဖြစ်ပွားပြီး ကိုယ်ဝန်ဆောင်ရတာမျိုးနဲ့ လိင်ပိုင်းဆိုင်ပြဿနာတွေကြုံရတာတွေလည်း သက်ဆိုင်မယ်လို့ဆိုပါတယ်။
K (Ketamin)၊ E (Estacy)၊ Happy water စတဲ့ မူးယစ်ဆေးဝါးတွေက လူငယ်တွေရဲ့ nightlife တွေမှာ အလွယ်ပျံ့နှံ့နေသလို အလွယ်ရပြီး အလွယ်သုံးနေမှုတွေကြောင့် အုပ်စုဖွဲ့လိင်ဆက်ဆံတာ၊ One Night Stand- တညတာပျော်ပါးတာ၊ မိန်းက လေးငယ်တွေဟာ အလိုမတူဘဲ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံနေရတာ၊ စတဲ့အခြေအနေတွေလည်း ရှိနေပါတယ်။
“ဒီဘက်ခေတ်မှာ မူးယစ်ဆေးဝါးလောက်အဆင့်မဟုတ်တောင် အနည်းဆုံးဆေးခြောက်လောက်တော့ လူငယ်၊ လူကြီး အများစုသုံးနေကြတာပဲ။ ဒီထဲမှာ ဆယ်ကျော်သက်လူငယ်တွေလည်း ပါနိုင်တယ်။ ဆေးခြောက်၊ အရက်ပဲဖြစ်ဖြစ် မူးယစ် ဆေးဝါးပဲဖြစ်ဖြစ် ဒါတွေအသုံးပြုတာက ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်နိုင်ရင် အမှားမျိုးစုံကျူးလွန်မိနိုင်တယ်လေ” လို့ မဆုမြတ်က ပြောပါတယ်။
ဒီအတွက်ကြောင့် မျိုးဆက်ပွားကျန်းမာရေး ၊သားဆက်ခြားကျန်းမာရေးနဲ့ပတ်သက်တာတွေကို လူငယ်တွေပို သိလာအောင် အသိပညာပေးမှုတွေ လုပ်ဆောင်သင့်ပြီး ဒါမှသာကလေးစွန့်ပစ်မှုတွေ လျော့ကျသွားမှာပါလို့ဆိုပါတယ်။
“ ခုနှစ် တစ်ခုပြီးတစ်ခု ပြောင်းလာတာနဲ့အမျှ ဆယ်ကျော်သက်လူငယ်မျိုးဆက်တွေက တဖြည်းဖြည်းတတ်လာတာဆိုတော့ ဒီလူငယ်တွေအတွက် အသိပညာပေးတာတွေ လုပ်ပေးသင့်တယ်မြင်ပါတယ်”လို့ ဆုမြတ်ကပြောပါတယ်။
မွေးကင်းစကလေးငယ်စွန့်ပစ်မှုက ၂၀၂၂ကနေ ၂၀၂၅အထိ ရန်ကုန်မြို့မှာ ၈ကြိမ်ရှိခဲ့ပြီး ကျောက်တံတားမြို့နယ်မှာတင် ၂၀၂၃ တနှစ်ထဲ မွေးကင်းစကလေးငယ်စွန့်ပစ်မှု သုံးကြိမ်ရှိခဲ့တယ်လို့ သတင်းမီဒီယာအချို့မှာ ဖော်ပြထားပါတယ်။ ကလေးစွန့်ပစ်မှု တွေဟာ ရန်ကုန်လိုမြို့ကြီးမှာတွေမှာတင်မက နယ်မြို့တချို့မှာဖြစ်ပွားနေတာပါ။
ပြီးခဲ့တဲ့ ၂၀၂၄၊ သြဂုတ်လက မြိတ်မြို့မှာ မွေးကာစကလေးငယ်ကို စွန့်ပစ်ထားရာမှာ ခွေးကိုက်ဆွဲထားတာကြောင့် ကလေး ရဲ့အင်္ဂါအစိတ်အပိုင်းတွေ ထိခိုက်ဒဏ်ရာရပြီး သေဆုံးနေသလို၊ ၂၀၂၄ မတ်လမှာလည်း တာမွေမြို့နယ် ကျားသစ်ရပ်ကွက်က ညအိပ်ရပ်ထားတဲ့ကားပေါ်မှာ ချက်ကြိုးတန်းလန်းနဲ့ ကလေးငယ်ကို စွန့်ပစ်ခဲ့တာ၊ ၂၀၂၃ စက်တင်ဘာလက စစ်တွေမြို့နယ်၊ ပွိုင့်ကမ်းခြေနားမှာ မွေးကင်းစကလေးငယ်အလောင်းကို စွန့်ပစ်ထားတာ စတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။
“ကလေးတွေစွန့်ပစ်တာကိုတော့ မလုပ်သင့်ဘူးလို့မြင်တယ်၊ မွေးထားတဲ့ကလေးကို ဘယ်လိုစိတ်နဲ့အမှိုက်ပုံထဲ စွန့်ပစ်ရက် လဲမသိဘူး၊ လူတွေ့မြန်ရင်တော်သေးတယ်၊ ဘယ်သူမှမသိရင် ပုရွတ်ဆိတ်ကိုက်၊ ခွေးဆွဲနဲ့ မရှင်နိုင်တော့ဘူး“ လို့ ကြည့်မြင် တိုင်မြို့နယ်က အထည်ဆိုင်အရောင်းဝန်ထမ်းဖြစ်သူ သဇင်ကပြောပါတယ်။
ကလေးစွန့်ပစ်တာ များလာတာက အာဏာသိမ်းပြီးနောက်ပိုင်း လူတွေဆင်းရဲမှုနဲ့ ပညာရေးနိမ့်ကျလာမှုတွေကြောင့်လို့ မြင်မိပြီး လွန်ခဲ့တဲ့ငါးနှစ်ကျော် ၁၀ နှစ်ဝန်းကျင်ကာလတွေကထက်စာရင် ဒီနှစ်တွေအတွင်းမှာ ပိုဆိုးလာသလို အာဏာသိမ်း ပြီးနောက် ပျက်ယွင်းသွားတဲ့ ပြည်သူလူထုအခြေအနေကို မြင်နိုင်တယ်လို့ အသက် ၂၇ နှစ်အရွယ် content Writer ဖြစ်တဲ့ ကိုမိုးကပြောပါတယ်။
“ဆင်းရဲလို့ လုပ်ကိုင်စားသောက်ဖို့ ခက်ခဲလာတယ်ဆိုပေမယ့် ကလေးစွန့်ပစ်တာကတော့ ဖြေရှင်းနည်းမဟုတ်ဘူး၊ အခုက မွေးထားတဲ့ကလေးကို လွယ်လွယ်နဲ့ပေးလိုက်တယ်၊ မီဒီယာမှာ ဘာမှမဖြစ်သလိုနဲ့ ဖြေတယ်၊ ဒါကိုပဲ မီဒီယာတွေကပါ တရေး တယူနဲ့ရိုက်ပြနေတော့ ကလေးစွန့်ပစ်တာက အပြစ်မရှိတဲ့ပုံစံလိုမျိုး လူတွေအမြင်မှာ ဖြစ်စေတယ်” လို့ သူကထောက်ပြ ပါတယ်။
မွေးကင်းစကလေးအပါအဝင် ကလေးသူငယ်စွန့်ပစ်မှုတွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုများလာပြီး ဒါကနိုင်ငံရဲ့ လူမှု ရေး၊ စီးပွားရေးအခြေအနေကိုပြတဲ့ ညွှန်းကိန်းတခုလို့ Triangle Women Organization ရဲ့ Founderဖြစ်သူ မခင်လေးက ပြောပါတယ်။
“ယဉ်ကျေးမှု ဓလေ့ထုံးစံတွေနဲ့ လူလူချင်းမေတ္တာထားပါတယ်ဆိုတဲ့ ဂုဏ်ယူဝင့်ကြွားရတဲ့ မြန်မာနိုင်ငံမှာ အပြစ်မရှိတဲ့ မွေး ကင်းစကလေး စွန့်ပစ်မှုတွေဖြစ်လာတာက နိုင်ငံရဲ့အခြေအနေဘယ်လောက်တောင်မှ ဆိုးဝါးနေလဲဆိုတာ ပြတဲ့ပြယုဂ်တခု လို့ ယူဆပါတယ်”လို့ သူကပြောတယ်။
မွေးကင်းစကလေးငယ်တွေကို စွန့်ပစ်မှုက အရင်အရပ်သားအစိုးရလက်ထပ်မှာလည်း ရှိပေမယ့် အဲ့ဒီကာလတုန်းက စွန့်ပစ်ခံ ကလေးတွေကို ကူညီစောင့်ရှောက်ပေးမယ့် လူမှုရေးအသင်းအဖွဲ့တွေ ရှိနေသလို အခက်အခဲကြုံနေတဲ့ ကိုယ်ဝန်ဆောင်တွေ ကို ကူညီစောင့်ရှောက်ပေးမယ့် အသင်းအဖွဲ့တွေ၊ အမျိုးသမီးအဖွဲ့တွေရှိခဲ့ပါတယ်။
ဒီအခြေအနေတွေကနေပြောင်းပြန် အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အမျိုးသမီးအဖွဲ့တွေ၊ လူမှုရေးအသင်းအဖွဲ့တွေ ကိုယ်တိုင်က စစ်အာဏာရှင်လက်အောက်ကနေ ရှောင်ရှားရသလို၊ ကျန်ရှိနေသူတွေမှာလည်း စစ်ကောင်စီရဲ့ ပစ်မှတ်ထားမခံ ရဖို့ ကူညီမှုတွေကို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်တော့တာတွေကြောင့် ကလေးစွန့်ပစ်မှုအရေး၊ တကိုယ်တော်မိခင် အရေးတွေမှာ အားနည်းလာတဲ့အတွက် ကလေးစွန့်ပစ်မှုတွေက ပိုများလာတာလို့ သူကပြောပါတယ်။
ဒါ့အပြင် အရင်ကာလတုန်းက လိင်မှုဆိုင်ရာပညာပေးလုပ်ငန်းတွေကို အစိုးရသင်ရိုးညွှန်းတမ်းတွေနဲ့ စာသင်ကျောင်းတွေ အထိ ပါဝင်အောင်လုပ်ဆောင်ခဲ့ကြတာကို ရှေးရိုးစွဲအမြင်တွေနဲ့ ကန့်ကွက်မှုတွေကြောင့် ထင်သလောက် ခရီးမပေါက်ခဲ့ပေ မယ့်လည်း အထိုက်အလျောက်တော့ လူထုကြားထဲရောက်ခဲ့ပြီး လက်ရှိကာလမှာတော့ အသိပညာပေးမှုတွေ မလုပ်နိုင် တော့သလို လုပ်ဆောင်ပေးမယ့်အဖွဲ့အစည်းတွေလည်း မရှိတော့တာ၊ ဒါတွေက အကြောင်းရင်းခံတခုအနေနဲ့ ပါဝင်တယ်လို့ ဆိုပါတယ်။
“အခုကျတော့ပိုဆိုးလာတယ်၊ အသိပညာပေးမှုတွေလည်းမရှိဘူး၊ အခက်အခဲရှိလို့ အကူအညီတောင်းမယ်ဆိုရင်တောင် အမျိုးသမီးငယ်တွေအတွက် လက်လှမ်းမမှီနိုင်တော့ဘူး၊ မရည်ရွယ်ဘဲနဲ့ ကိုယ်ဝန်ဆောင်လို့ အချိန်မီအကူအညီတောင်းနိုင် မယ့် ကျန်းမာရေးနားလည်သူတွေ၊ ဆေးဝါးတွေကလည်း အချိန်မှီရဖို့ မလွယ်တော့တာတွေလည်း ပါမယ်လို့ ယူဆတယ်” လို့ မခင်လေးက ပြောပါတယ်။
စီးပွားရေးကြပ်တည်းမှုတွေအပြင် လူငယ်တွေကြား လိင်နဲ့မျိုးဆက်ပွားကျန်းမာရေး အသိပညာအားနည်းတာ၊ မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်တဲ့ ဝန်ဆောင်မှုပေးတဲ့နေရာတွေ မသိရှိတာ၊ သားဆက်ခြားဖို့ အသိပညာအားနည်း တာတွေလည်း အပါအဝင်ပဲလို့ Human Rights Defenderတဦးဖြစ်သူ August Mon ကလည်း ဆိုပါတယ်။
အရပ်သားအစိုးရလက်ထက်မှာ ကျယ်ကျယ်ပြန်ပြန့်ရှိခဲ့တဲ့ မျိုးဆက်ပွားကျန်းမာရေးလုပ်ငန်းတွေ၊ လိင်ပိုင်းဆိုင်ရာပညာပေး လုပ်ငန်းတွေကလည်း လက်ရှိကာလမှာ အကြောင်းအမျိုးမျိုးနဲ့ ရပ်တန့်သွားတာကြောင့် မျိုးဆက်ပွားကျန်းမာရေး စောင့် ရှောက်မှုတွေ လက်လှမ်းမမှီတာ၊ သန္ဓေတားဆေးဝါးတွေ လွယ်လင့်တကူ မရတာတွေလည်း ရှိနေပါတယ်။
“တချို့ဆို ငါးလခြောက်လလောက်ရောက်မှ ကိုယ်ဝန်ရှိမှန်းသိတဲ့အခါ ဖျက်ချဖို့အဆင်မပြေလို့ မွေးလိုက်ပြီးမှ စွန့်ပစ်တာမျိုး ဖြစ်တယ်” လို့ August Mon က ဆိုပါတယ်။
ဒါ့အပြင် ဘားတွေ၊ ကလပ်တွေမှာ အလွယ်တကူရနေတဲ့ မူးယစ်ဆေး စိတ်ကြွဆေးတွေကြောင့် လူငယ်တွေမှာ မိမိကိုယ်ကို မထိန်းချုပ်နိုင်ရာကနေ နောက်ဆက်တွဲ ရှုပ်ထွေးတဲ့အခြေအနေတွေမှာ ကိုယ်ဝန်အလွယ်တကူရပြီး၊ တရားမဝင်ကိုယ်ဝန် ဖျက်ချတာတွေ၊ ကလေးစွန့်ပစ်တာတွေလည်း ရှိလာတယ်လို့ဆိုတယ်။
“ကလေးစွန့်ပစ်တာတွေက ခဏခဏဖြစ်လာတာကြောင့် လူတွေက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လိုဖြစ်ပြီး လူ့အသက်ကို တန်ဖိုး မထားတော့တာတွေ၊ အချင်းချင်းအတုယူပြီး ကျင့်ဝတ်မကောင်းတော့တာမျိုးအထိ ဆိုးကျိုးသက်ရောက်မှုရှိနိုင်တယ်” လို့ August Mon က ပြောပါတယ်။
ကလေးတွေကို စွန့်ပစ်တာ လျော့ကျဖို့က အစိုးရနဲ့ပြည်သူ ပူးပေါင်းပြီး လိင်ပိုင်းဆိုင်ရာအသိပညာပေးတာတွေ လုပ်ဆောင် ရမှာဖြစ်ပေမယ့် လက်ရှိမှာ စစ်အာဏာရှင်အုပ်စိုးတဲ့ကာလဖြစ်တာကြောင့် သူတို့ အာဏာတည်မြဲရေးကလွဲပြီး ကျန်အရေး ကိစ္စတွေမှာ စိတ်ဝင်တစားမရှိဘူးလို့လည်း သူကဆက်ပြောပါတယ်။
“အာဏာသိမ်းအစိုးရဖြစ်တဲ့အတွက် လူတွေရဲ့ အရေးကိစ္စတွေကို အရေးတယူလုပ်မှာမဟုတ်ဘူး၊ ဘယ်လိုပဲဖြစ်ဖြစ် လူ့အဖွဲ့ အစည်းပျက်စီးလေလေ၊ သူအဆင်ပြေလေလေ ဖြစ်နေတယ်”လို့ August Mon ကပြောတယ်။
ဒီအတွက်လည်း လိင်မှုဆိုင်ရာပညာပေးမှုတွေကို လူငယ်အချင်းချင်း မျှဝေတဲ့နည်းလမ်းနဲ့လုပ်ဆောင်ဖို့လိုသလို၊ လူသား တဦးဖြစ်တဲ့အတွက် လိင်မှုဆိုင်ရာကိစ္စနဲ့ မကင်းနိုင်တာ သဘာဝဖြစ်တာကြောင့် မိမိကိုယ်ကိုယ်ကာကွယ်တဲ့နည်းလမ်းတွေ လည်း လေ့လာနားလည်ထားသင့်တယ်လို့ ဆိုပါတယ်။
“ကွန်ဒုံးဝယ်ဖို့လည်းမရှက်နဲ့၊ ကွန်ဒုံးဘယ်နေရာမှာရလဲ မေးဖို့လည်း မရှက်နဲ့၊ ဒါအရေးကြီးတယ်၊ အရေးပေါ်သန္ဓေတားဆေး က ခနခနသောက်တာ အဆင်မပြေပေမယ့် risk တခုခုဖြစ်ရင် သောက်လို့ရနိုင်တယ်ဆိုတဲ့ ဒီအသိပညာတွေကို ဆယ်ကျော် သက်တွေ၊ လူငယ်တွေကြားထဲမှာ မျှဝေဖို့လိုတယ်“ လို့ August Mon ကပြောပါတယ်။
နိုင်ငံရေးမတည်ငြိမ်မှုနဲ့ ပဋိပက္ခတွေကြောင့်လည်း နိုင်ငံတကာအကူအညီတွေ ရပ်တန့်ပြီး ကျန်းမာရေးစောင့်ရှောက်မှုစနစ် ယိုယွင်းလာတာမို့ ကိုယ်ဝန်ဆောင်မိခင်တွေအတွက် လိုအပ်တဲ့ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ နည်းပါးသွားတာ ဟာ အကြောင်းရင်းတခုအနေနဲ့ ရှိနေပါတယ်။
ကလေးစွန့်ပစ်တာက ပိုများလာတာက လိင်ပညာပေးနဲ့ပတ်သက်တာတွေ အားနည်းနေတာအပြင် အရင်ရှိနေတဲ့ မျိုးဆက် ပွား ကျန်းမာရေးစောင့်ရှောက်မှုတွေ လျော့ပါးသွားတာနဲ့လည်း ဆိုင်မယ်လို့ သာကေတမြို့နယ်က အထွေထွေရောဂါကု ဆရာ ဝန်ဒေါက်တာကျော်က ပြောပါတယ်။
ယခင်ကာလတွေက “နေ“ဆေးခန်းလို သားဆက်ခြားကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ သန္ဓေတား ဆေးဝါးတွေက မြို့နယ်၊ ရပ်ကွက်တွေမှာ စျေးသက်သက်သာသာနဲ့ လူတိုင်းလက်လှမ်းမီရရှိတာကနေ လက်ရှိမှာ အရေ အတွက်နည်းသွားပြီး အမျိုးသမီးတွေမှာ သားဆက်ခြားဖို့ အခက်ခဲရှိလာတာကြောင့်လည်း ယူဆတယ်လို့ သူကဆိုတယ်။
ဒီအတွက်လည်း မလိုလားတဲ့ကိုယ်ဝန်ဆောင်ရတဲ့အခါ မကျွမ်းကျင်သူတွေဆီ အလွယ်တကူဖျက်ချတာ၊ မွေးပြီးမှ စွန့်ပစ် တာ၊ ဆက်လက်ကျွေးမွေးဖို့ မတတ်နိုင်တော့တာကြောင့် ဂေဟာတွေဆီ စွန့်ပစ်တာတွေ အဖြစ်များလာတာလို့ဆိုပါတယ်။
လက်ရှိခေတ်ကာလအခြေအနေကြောင့် သားဆက်ခြားအသိပညာပေးတွေ၊ လိင်မှုဆိုင်ရာ ပညာပေးလုပ်ငန်းတွေ မရှိ သလောက်ဖြစ်နေတာကြောင့် ဒီလုပ်ငန်းတွေ ပြန်စနိုင်မှာသာ အထိုက်အလျောက်လျော့ပါးမှာဖြစ်ပြီး ဒီလိုမှမဟုတ်ရင် ကလေးစွန့်ပစ်တဲ့ ကိစ္စတွေက ဆက်ရှိနေဦးမှာလို့လည်း သူကပြောပါတယ်။
“ဘယ်လိုပဲ sex education မရှိ၊ ယောကျာ်းလေးနဲ့ မိန်းကလေး အတူမနေခင် ကွန်ဒုံးလို အကာအကွယ်ပစ္စည်းသုံးဖို့တော့ အသိရှိသင့်တယ်”လို့ သူကပြောပါတယ်။
ကလေးစွန့်ပစ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေကတော့ လူမှုရေး၊ စီးပွားရေးတွေအပေါ် အခြေခံပေမယ့် ဉပဒေကြောင်း အရ အသက် ၁၂ နှစ်အောက် ကလေးစွန့်ပစ်တာက ရာဇသတ်ကြီးပုဒ်မ ၃၁၇ အရ ထောင်ဒဏ် (၇) နှစ်အထိ အပြစ်ပေး နိုင်တဲ့ပြစ်မှုဖြစ်တယ်လို့ CDM တရားသူကြီး ဦးဇော်ကပြောပါတယ်။’
ကလေးစွန့်ပစ်တာဟာ ကျင့်ဝတ်ပိုင်းအရ မလုပ်သင့်တဲ့အပြင် ဥပဒေပိုင်းအရလည်း ထောင်ဒဏ်ချမှတ်နိုင်တဲ့ ရာဇဝတ်မှုဖြစ် ပေမယ့် လူ့အဖွဲ့အစည်းမှာ အများပြည်သူက ကျင့်ဝတ်ပိုင်းကိုပဲသိပြီး ဥပဒေကြောင်းအရ တရားစွဲအပြစ်ပေးနိုင်တယ်ဆိုတာ မသိကြတာကြောင့်လည်းပါတယ်လို့ သူကဆိုပါတယ်။
“မိဘကပဲ စွန့်ပစ်၊ စွန့်ပစ်၊ အုပ်ထိန်းသူကပဲ စွန့်ပစ်၊ စွန့်ပစ်၊ ဒီပုဒ်မအရ ပြစ်ဒဏ်ထိုက်သင့်ပါတယ်။ အဲဒီလိုစွန့်ပစ်ထားရင်း ကလေးသေဆုံးခဲ့ရင် ပိုပြီးပြင်းထန်တဲ့ လူသတ်မှုတို့၊ လူသေမှုတို့နဲ့ ပြစ်ဒဏ်သင့်မှာပါ”လို့ သူက ပြောပြပါတယ်။
ဥပဒေအရ ကလေးအရှင်ကို စွန့်ပစ်တာတင်မက မွေးးဖွားရင်း သေဆုံးသွားတဲ့ ကလေးအလောင်းကို တိတ်တဆိတ် ဖျောက် ဖျက်ပါကလည်း ရာဇသတ်ကြီးပုဒ်မ ၃၁၈ အရ၊ ထောင်ဒဏ် ၂ နှစ်အထိ အပြစ်ပေးလို့ရပြီး၊ ကလေးစွန့်ပစ်လို့ အရေးယူခံရတဲ့ ကလေးမိဘဆိုတာ တရားသူကြီးသက်တမ်းတလျှောက် ခုချိန်ထိ မတွေ့ဖူးဘူးလို့ သူဆက်ပြောတယ်။
“ကလေးကို စွန့်ပစ်တယ်၊ သူများက ပရဟိတဂေဟာလိုမျိုးကို သွားပြီးပေးတယ်၊ နောက်တော့မှာ စွန့်ပစ်တဲ့ မိဘဖြစ်သူက ပေါ်လာပြီး သူတို့ကလေးပါဆိုပြီးလုပ်တယ်၊ မီဒီယာက အလုအယက်ဖေါ်ပြတယ်။ တိုင်းသိပြည်သိဖြစ်သွားတယ်။ ဒါပေမဲ့ ရဲတွေက အလုပ်မလုပ်ဘူး“လို့ ဦးဇော်က ဆိုပါတယ်။
ကလေးစွန့်ပစ်မှုက ရဲအရေးပိုင်တဲ့အမှုဖြစ်တဲ့အတွက် တရားလိုလုပ်သူမရှိလည်း ရဲကတရားလိုလုပ်ပြီး တရားစွဲနိုင်ပေမယ့် ရဲတပ်ဖွဲ့ကိုယ်တိုင်က မသိကျိုးကျွံပြုထားတဲ့အခါ အများပြည်သူအမြင်မှာ ကိုယ့်ကလေးကိုယ်စွန့်ပစ်တာဟာ ကျင့်ဝတ်ပိုင်း အရ မလုပ်သင့်ပေမဲ့ ဥပဒေကြောင်းအရတော့ တရားဝင်လုပ်လို့ရတယ်ဆိုတဲ့ အယူအဆမျိုး ဖြစ်လာတယ်လို့ဆိုပါတယ်။
တဆက်ထဲအနေနဲ့ ကျင့်ဝတ်ပိုင်းကို အလေးမထားတဲ့ အာဏာသိမ်းစစ်ကောင်စီလက်အောက်မှာ ဒီဖြစ်စဉ်တွေက ပိုပြီး လက်ရဲဇက်ရဲဖြစ်လာတဲ့အပြင် ရုပ်ရှင်ဇာတ်လမ်းတွေကလည်း ပြည်သူတွေကို လွဲမှားတဲ့သတင်းအချက်အလက်တွေပေးနေ တာမျိုးကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။
“မြန်မာရုပ်ရှင်တော်တော်များများမှာ မိဘ/အုပ်ထိမ်းသူက ကလေးကို စွန့်ပစ်တာ၊ နောက်တော့မှ မိဘအရင်းက ထွက်လာတဲ့ ဇာတ်လမ်း၊ ဇာတ်အိမ်တွေ အများကြီးရှိတယ်၊ ဒါပေမဲ့ ကလေးစွန့်ပစ်တဲ့အတွက် အရေးယူခံရတာမျိုး ဇာတ်လမ်းထဲမပါဘူး။ စွန့်ပစ်တဲ့အတွက် အရေးယူရတာမျိုး၊ စွန့်ပစ်တာဟာ ပြစ်ဒဏ်ထိုက်သင့်တယ်ဆိုတာမျိုးတစ်လုံးမှ မပါဘူး” လို့ ဦးဇော်က ထောက်ပြပါတယ်။
ကျင့်ဝတ်ကို အလေးထားတဲ့ အုပ်ချုပ်သူတွေလက်ထက်မှာ ဒီကိစ္စဟာ မသိသာလှပေမဲ့ ကျင့်ဝတ်ကို အလေးမထားတဲ့ စံနှုန်း တွေနဲ့ အုပ်ချုပ်သူတွေလက်ထက်မှာ ဥပဒေအရလည်း စည်းနှောင်မှုမရှိဘူးလို့ ထင်တဲ့သူတွေက လက်ရဲဇက်ရဲ လုပ်လာကြ တယ်လို့ သူကပြောပါတယ်။
ဒီအတွက်လည်း ကလေးစွန့်ပစ်တာဟာ ကျင့်ဝတ်ပိုင်းအရသာမဟုတ်ဘဲ ရာဇဝတ်မှုနဲ့လည်း တရားစွဲဆိုလို့ရတယ်ဆိုတဲ့အသိ တွေ ပြည်သူတွေဆီရောက်သွားအောင် ဥပဒေပညာပေးလုပ်ငန်းတွေ၊ မီဒီယာတွေကနေ ဖေါ်ပြပေးတာတွေအပြင် တရား ဉပဒေစိုးမိုးရေးကဏ္ဍမှာ အလုပ်လုပ်နေတဲ့ ရဲတွေအနေနဲ့လည်း စံပြအနေနဲ့ ကလေးစွန့်ပစ်သူတွေကို တရားစွဲဆိုတာမျိုးလုပ်မှသာ ကလေးစွန့်ပစ်မှုက လျော့ကျမှာဖြစ်တယ်လို့ သူက ဆိုပါတယ်။
ဘယ်လိုအကြောင်းကြောင့် စွန့်ပစ်ပါစေ၊ မိဘအတွက်ရော၊ ကလေးအတွက်ပါ ဘဝတလျှောက်လုံး ဆိုးကျိုးဖြစ်စေနိုင်တာ ကြောင့် လူ့အဖွဲ့အစည်းက သက်ဆိုင်သူတွေ အားလုံးဝိုင်းဝန်းအဖြေရှာသင့်ပါတယ်လို့လည်း ဦးဇော်က ဆိုပါတယ်။
ကလေးတိုင်းက မိဘတွေရဲ့ရတနာ၊ တိုင်းပြည်ရဲ့အနာဂတ်လို့ ဆိုကြပေမယ် ဒီအဆိုက အမှိုက်ပုံမှာ၊ နောက်ဖေးလမ်းကြားမှာ အသက်ဆုံးပါးသွားခဲ့ရတဲ့ ကလေးတွေအတွက်တော့ အကျုံးမဝင်ပါဘူး။ ဘာသာ၊ သာသနာထွန်းကားတယ်လို့ဆိုကြတဲ့ တိုင်းပြည်မှာ အပြစ်မဲ့တဲ့ကလေးတွေကို စွန့်ပစ်နေတာက ပုံမှန်ဖြစ်ရိုးဖြစ်စဉ်လို မဖြစ်ဖို့ လူတဦးချင်းစီရဲ့ တာဝန်သိစိတ်ကလည်း အရေးကြီးနေသလို သင့်တော်တဲ့အစီအမံတွေ အမြန်ဆုံးလုပ်ဆောင်ဖို့လည်း လိုအပ်နေပါတယ်။





