အမတ်ဖြစ်ဖို့ မရည်ရွယ်ဘဲ လုပ်သင့်တာကိုလုပ်ခဲ့သူ
ရှင်ငြိမ်း
နိုင်ငံရဲ့လူဦးရေ ထက်ဝက်ကျော်ဟာ အမျိုးသမီးတွေလို့ဆိုပေမယ့် အစဉ်အလာ ဓလေ့ထုံးတမ်းတွေက အမျိုးသမီးတွေရဲ့နိုင်ငံရေးမှာ ပါဝင်မှုကို မြန်မာနိုင်ငံမှာ ငြင်းဆိုထားပါတယ်။
မြန်မာနိုင်ငံမှာ အရာရာကို အမျိုးသားတွေသာ လုပ်ဆောင်သင့်တယ်။ ဦးဆောင်သင့်တယ်။ လုပ်နိုင်တယ်ဆိုတာတွေက ဖိုဝါဒ လွှမ်းမိုးနေတဲ့ နိုင်ငံဖြစ်ပါတယ်။ ဒီလိုနဲ့ပဲ အမျိုးသားတွေဟာ သူ့တို့ကိုယ်သူတို့ မြင့်မြတ်တယ်။ ဘုန်းကံရှိတယ် ဆိုပြီး အမျိုးသမီးတွေကို နိုင်ငံရေးမှာနေရာမပေးခဲ့ကြပါဘူး။
ဒီလိုနိုင်ငံမှာ ဖခင်ရဲ့နိုင်ငံရေးအမွေကိုဆက်ခံပြီး ဖခင်ရဲ့ အားပေးမှုနဲ့ နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ယနေ့ထိ ရဲရဲရင့်ရင့်လျှောက်လှမ်းနေတဲ့ အမျိုးသမီးတစ်ဦး ရှိပါတယ်။ သူကတော့ ဒေါ်မြတ်သီတာထွန်းဆိုတဲ့ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်မှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ပဲဖြစ်ပါတယ်။
“ရှေ့နေလောကမှာ အမျိုးသမီးရှေ့နေတွေများတယ်။ နိုင်ငံရေးလောကမှာတော့ အမျိုးသမီးတွေရှားတော့ အားဖြည့်မယ် ဆိုပြီး လွှတ်တော်ထဲဝင်လိုက်တယ်။”လို့ ဒေါ်မြတ်သီတာထွန်းက သူရဲ့ ဘဝပုံသဏ္ဏန်ရွေးချယ်မှုကို ရှင်းပြပါတယ်။
သူဟာ စက်ရုံတစ်ခုရဲ့ဝန်ထမ်းကနေ အောင်မြင်တဲ့ရှေ့နေတစ်ယောက်အဖြစ် ၈ နှစ်တာထမ်းဆောင်ပြီးနောက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီထဲ ဝင်ရောက်ခဲ့သူဖြစ်ပါတယ်။ ပါတီထဲဝင်ရောက်စဉ်ကတော့ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ဖို့ မရည်ရွယ်ခဲ့ဘူးလို့ဆိုပါတယ်။
ဒါပေမဲ့ အသက် ၃၄ နှစ်အရွယ်နဲ့ ကိုယ်စားလှယ်အဖြစ်ဝင်ပြိုင်တော့ ဒေါ်မြတ်သီတာထွန်းဟာ ယှဉ်ပြိုင်အရွေးခံကိုယ်စား လှယ်တွေကြားမှာ အသက်အငယ်ဆုံးဖြစ်ပေမယ့် အမျိုးသမီးပါဝင်မှုအင်မတန်နည်းတဲ့ အမျိုးသားလွှတ်တော်ရဲ့ အမတ်တစ်ဦး လည်း ဖြစ်လာခဲ့တယ်။
လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာတော့လည်း ပါတီအချင်းချင်းပြိုင်ဆိုင်ထိုးနှက်တာထက် အမျိုးသမီးတစ်ယောက်ဆိုပြီး အထင်သေးခံရတာက ပိုများခဲ့တယ်လို့ ဒေါ်မြတ်သီတာထွန်းက ဆိုပါတယ်။
ဖခင်ဖြစ်သူ ဦးငွေမြင့်ဟာ ၁၉၆၂ နဲ့ ၁၉၈၈ စတဲ့အရေးအခင်းတွေ စစ်အာဏာရှင်ရဲ့မတရားဖိနှိပ်မှုတွေကို ဖြတ်သန်းခဲ့ဖူးသူ ဖြစ်လို့ နိုင်ငံရေးအတွေ့အကြုံတွေရှိသူတစ်ယောက်လို့ဆိုနိုင်ပါတယ်။
ဒါပေမဲ့ လွန်စွာစကားနည်းပြီး စည်းကမ်းရှိတဲ့ဖခင်ဖြစ်သူ ဦးငွေမြင့်ကတော့ မောင်နှမ လေးယောက်အနက် အငယ် ဆုံးဖြစ်တဲ့ ဒေါ်မြတ်သီတာထွန်းကို နိုင်ငံရေးထဲရောက်အောင် အမွေပေး လေ့ကျင့်ပေးခဲ့တာလို့ဆိုနိုင်ပါတယ်။
“နိုင်ငံရေးဆွေးနွေးရင် ဖေဖေနဲ့ပဲ ဆွေးနွေးတယ်။ ကျန်တဲ့မိသားစုတွေကတော့ အရမ်းကြီးအားပေးတာမဟုတ်ပေမဲ့ ဖေဖေ ကတော့ ထိထိရောက်ရောက်အားပေးတယ်။”လို့ ဒေါ်မြတ်သီတာထွန်းက ဖွင့်ဟပါတယ်။
သူ့အတွေ့အကြုံအရ စစ်တပ်ဟာ အမှန်တကယ်အာဏာသိမ်းနိုင်တယ်လို့ တထစ်ချပြောခဲ့သလို ဒီတခါအာဏာသိမ်းမှုဟာ တိုက်ယူမှ ရမယ်ဆိုတဲ့သူ့စကားကလည်း အခုအချိန်ထိ မှန်နေခဲ့ပါတယ်လို့ ဒေါ်မြတ်သီတာထွန်းက ဆိုပါတယ်။
၂၀၁၂ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်လာတော့ ပြည်သူတွေအကြောက်တရားတွေ စိုးမိုးနေချိန် မှာ ဒေါ်မြတ်သီတာထွန်းဟာ ရဲရဲတင်းတင်းနဲ့ နိုင်ငံရေးထဲဝင်လာခဲ့တဲ့အမျိုးသမီးဖြစ်ပါတယ်။ အဲ့ဒီအချိန်က အမျိုးသမီးတွေ မှ မဟုတ်ပါဘူး။ ပြည်သူအားလုံးဟာ နိုင်ငံရေးဆို ယောင်လို့တောင်မဟရဲခဲ့တဲ့အခြေအနေပါ။
ဒါပေမဲ့ အကြောက်အလန့်မရှိ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးအတွက် ဆုတောင်းလို့ဆိုပြီး ဖမ်းဆီးခံခဲ့ရတဲ့သူ တွေထဲမှာ အမျိုးသမီးတွေလည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
သမိုင်းနောက်ပြန်ကြည့်မယ်ဆိုရင် ခေတ်အဆက်ဆက်တော်လှန်ရေးတွေမှာ အမျိုးသမီးတွေဟာ တစ်ဒေါင့်တစ်နေရာ ကနေ ပါဝင်ခဲ့ကြပါတယ်။ သို့ပေမဲ့ ဘယ်လောက်ထိဖိုဝါဒကြီးစိုးခဲ့သလဲဆိုရင် အမျိုးသမီးတော်လှန်ရေးသမားတွေဟာ အမျိုးသားတွေနည်းတူ အသိအမှတ်ပြုခံရတာ ဖော်ပြခံရတာမျိုးကတော့ မရှိခဲ့ပါဘူး။

ငယ်ဘဝနဲ့ နိုင်ငံရေး
ဒေါ်မြတ်သီတာထွန်းအနေနဲ့ နိုင်ငံရေးကို စတင်စိတ်ဝင်စားလာတာကတော့ အသက် ၇ နှစ်အရွယ် နှစ်တန်းကျောင်းသူ ဘဝမှာ ကြုံတွေ့ခဲ့ရတဲ့အဖြစ်အပျက်ကြောင့်လို့ဆိုရမှာပါ။
ဆယ်ကျော်သက်အရွယ်တွေဖြစ်တဲ့ ဝမ်းကွဲအကိုတွေ အမတွေနဲ့အတူ ဒေါ်မြတ်သီတာထွန်းဟာ ကြီးပြင်းခဲ့ရတာဖြစ်ပါ တယ်။ ရှစ်လေးလုံးအရေးအခင်းဖြစ်တော့ အာဏာရှင်ကို ဆန့်ကျင်သပိတ်မှောက်ရာမှာ အလယ်တန်းကျောင်းသားတွေ ဖြစ်တဲ့ သူ့အကိုအမတွေလည်းပါဝင်ခဲ့ပါတယ်။
တရက်မှာ ရုတ်တရက်ဆိုသလို ဆန္ဒပြနေတဲ့ ဝမ်းကွဲအမနှစ်ယောက်ပျောက်သွားခဲ့တယ်။ ဘယ်ရောက်လို့ ဘယ်ပေါက် နေမှန်း ဘယ်သူမှ မသိကြပါဘူး။ အဲ့ဒီအချိန်က အရေးအခင်းကာလလည်းဖြစ် ခေါင်းဖြတ်သတ်တာတွေလည်းရှိတော့ သူအပါအဝင် မိသားစုဝင်တွေဟာ လွန်စွာပဲစိုးရိမ်ပူပန်ခဲ့ကြတယ်။
“ဘယ်ကိုပို့လို့ ပို့လိုက်မှန်းမသိဘူး။ အဲ့တုန်းက အမတွေက ဆယ်ကျော်သက်တွေပဲရှိသေးတယ်။ နှစ်တွေ အများကြီးကြာမှ အိမ်ကိုဆက်သွယ်လာတယ်။ အဲ့တော့ ထောင်ထဲကိုရောက်နေပြီ။”လို့ ဒေါ်မြတ်သီတာထွန်းက ရှင်းပြပါတယ်။
ငယ်စဉ်ထဲက ကြားခဲ့ရတဲ့ မိဘတွေပြောတဲ့ နိုင်ငံရေး၊ ဝမ်းကွဲအကိုအမတွေရဲ့နိုင်ငံရေးစကားတွေ၊ BBC တို့ VOA တို့ခိုးနား ထောင်ရင်း သိခဲ့ရတဲ့နိုင်ငံရေးဖြစ်စဉ်တွေကြောင့် စစ်တပ်အာဏာသိမ်းမှုဟာ မတရားဘူးလို့ ကလေးအရွယ်ထဲက သိနေခဲ့တာဖြစ် ပါတယ်။
“အဲ့တုန်းက ရုပ်မြင်သံကြားခေတ်ဆိုတော့ စစ်တပ်ရဲ့ဝါဒမှိုင်းတိုက်တာတွေ တပ်မတော်ဇာတ်လမ်းပြရင် ဒါပေါ်လစီကား ဆိုတာ သိနေပြီ။”လို့ သူက ပြောပါတယ်။
အသက် ၁၉ နှစ်အရွယ်မှာ တက္ကသိုလ်ပြီးတော့ စက်ရုံတစ်ခုမှာ ဝန်ထမ်းဝင်လုပ်ခဲ့ပြီးနောက် ဖခင်လိုဥပဒေပညာရှိဖြစ်ချင် တာကြောင့် ဥပဒေဘွဲ့ကို ထပ်ယူခဲ့တာဖြစ်ပါတယ်။ ရှေ့နေဖြစ်လာတော့လည်း နေရာတစ်ခုရတဲ့အထိ အောင်မြင်မှုရခဲ့တယ်လို့ ဆိုပါတယ်။
“လူထုခေါင်းဆောင်လွတ်လာတော့ အဲ့ဒီအချိန်ကာလက အကြောက်တရားတွေစိုးမိုးနေတုန်းပဲ။ ပြန်ပြီးနှိပ်ကွပ်ခံရနိုင်တယ် ဆိုတဲ့အချိန်မှာ ကိုယ်တွေက NLD ထဲကို ခြေစုံပစ်ဝင်လိုက်ပြီ။”လို့ ဒေါ်မြတ်သီတာထွန်းက ပြောပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ အကျယ်ချုပ်ကနေ ၂၀၁၂ ခုနှစ်မှာ ပြန်လည်လွတ်မြောက်လာပါတယ်။ အဲ့ဒီအချိန်ကာလက စစ်အုပ်ချုပ်ရေးကနေ အရပ်သားအစိုးရကို ပြောင်းတယ်ဆိုပေမယ့် လူတိုင်းက လွတ်လပ်စွာပြောဆို ပိုင်ခွင့်တော့မရသေးပါဘူး။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်ပြိုင်ဖို့အတွက် NLD က မှတ်ပုံတင်တဲ့အခါ ဖခင်ဖြစ်သူ ဦးငွေမြင့်လည်း ပါတီထဲဝင်ခဲ့ပါ တယ်။ သူဟာ မွန်ပြည်နယ် NLD ပါတီရဲ့အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးဖြစ်ပါတယ်။
ဦးငွေမြင့်ဟာ မန္တလေးမှာ တပ်ကြပ်ကြီးစာရေးအဖြစ် နှစ်အနည်းငယ်လုပ်ကိုင်ခဲ့ပြီးနောက် ဥပဒေအရာရှိအဖြစ် ပြောင်းလဲ လုပ်ကိုင်ခဲ့သူပါ။ ဥပဒေအရာရှိဖြစ်တော့လည်း သူရဲ့အကျိုးပြုလုပ်ငန်းတွေကြောင့် ဆုတံဆိပ်ရခဲ့သလို ပါတီထဲမှာလည်း ကိုယ်ကျိုးစွန့်လုပ်ကိုင်သူအဖြစ် ထင်ရှားပါတယ်။

ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ဒေါ်မြတ်သီတာထွန်းဟာ မွန်ပြည်နယ် သံဖြူဇရပ်မှာ လွှတ်တော်ကိုယ်စားလှယ်အဖြစ် အရွေးခံခဲ့ပါတယ်။ အဲ့ဒီအချိန်က ပြိုင်ဘက်ပါတီ ၆ ခုထဲမှာ သူက အသက်အငယ်ဆုံးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးပါ။
“ပြိုင်ဆိုင်တာ ထိုးနှက်တာတွေတော့ရှိတယ်။ မိန်းကလေးဖြစ်တော့ အောက်လုံးတွေနဲ့တိုက်ခိုက်တာတော့ရှိခဲ့တယ်။ ဒါပေမဲ့ လဲပြိုလောက်အောင်ထိတော့ မဖြစ်ခဲ့ဘူး။”လို့ ဒေါ်မြတ်သီတာထွန်းက ဆိုပါတယ်။
တပြိုင်ထဲမှာ ဒေါ်မြတ်သီတာထွန်းဟာ ၂၀၁၈ ခုနှစ်မှာ NLD အမျိုးသမီးကော်မတီမှာ မွန်ပြည်နယ်ရဲ့ဥက္ကဌအဖြစ် မဲပေးရွေး ချယ်ခံခဲ့ရတာဖြစ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်ကတစ်ဖက် ကော်မတီအလုပ်က တစ်ဖက်နဲ့လုပ်ကိုင်ခဲ့ရပါတယ်။
မွန်ပြည်နယ်က မြို့နယ် ၁၀ ခုမှာရှိတဲ့ အမျိုးသမီးတွေ နိုင်ငံရေးမှာပါဝင်မှုမြင့်တက်အောင်လို့ အမျိုးသမီးတွေရဲ့အခန်း ကဏ္ဍကို အသိပညာပေးတာတွေ ဦးစွာလုပ်ကိုင်ခဲ့ပါတယ်။ နောက် အမျိုးသမီးတွေကြုံရတဲ့အကြမ်းဖက်မှုတွေ၊ မူခင်းတွေ အတွက် အကြံပေးတာ၊ ချိတ်ဆက်ပေးတာတွေလည်း လုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။
သူအမျိုးသမီးကော်မတီရဲ့ဥက္ကဌဖြစ်လာတော့ မုဒိန်းမှုတွေ၊ သက်ငယ်မုဒိန်းတွေနဲ့ပတ်သက်ရင် အမျိုးသမီးတွေဟာ ထုတ်ဖော်ပြောကြားတာ အင်မတန်အားနည်းနေခဲ့တာကို ဝမ်းနည်းဖွယ်တွေ့ခဲ့ရကြောင်း ပြောပါတယ်။
တော်တော်ဆိုးဝါးတဲ့အမှုတွေသာ ဥပဒေနဲ့ဖြေရှင်းကြပြီး အများအားဖြင့်က ယဉ်ကျေးမှုအရရော အသိပညာပေးမှုအားနည်း တာနဲ့ အရှက်အကြောက်ကြီးတာတွေကြောင့် ရေငုံနုတ်ပိတ်တာ ညှိနှိုင်းဖြေရှင်းတာများတယ်လို့ သူက ဆိုပါတယ်။
“ယဉ်ကျေးမှုနဲ့ ပတ်ဝန်းကျင်က ဒီလိုမျိုးမြင်လေ့ရှိကြတာဆိုတော့ ဒါလေးဖုံးဖိလိုက်ရင် ဘယ်သူမှလည်း နာမည်မပျက်တော့ ဘူးဆိုတာတွေလည်း ကြုံဖူးတယ်။ အမျိုးသမီးအရေး နဲ့ပတ်သက်ရင် ထုတ်ဖော်ပြောကြားဖို့ ဥပဒေနဲ့ဖြေရှင်းဖို့ အများကြီး အားနည်းတာကို တွေ့ခဲ့ရတယ်။”လို့ ဒေါ်မြတ်သီတာထွန်းက ပြောပါတယ်။
နေပြည်တော် အာဏာသိမ်းမှု
၂၀၂၀ ရွေးကောက်ပွဲပြီးတော့ နေပြည်တော်ကို လွှတ်တော်သွားတက်ဖို့ ပြင်ဆင်နေတဲ့အချိန်မှာ ဖခင်ဖြစ်သူက “သမီး ဒီကောင်တွေ အာဏာသိမ်းမှာနော်။ ဒီကောင်ပြောနေ ဆိုနေတာတွေက ဘောင်ကျော်နေပြီ။ ဘယ်သူမှဂရုစိုက်တာမဟုတ် ဘူး။ သမီးတော့ ဂရုစိုက်သွား။”လို့ သတိပေးခဲ့တာဖြစ်ပါတယ်။
ဒါကတော့ စစ်ခေါင်းဆောင်ကလည်း သူမလုပ်ရဲတာဘာမှမရှိဘူးလို့ ကြွေးကြော်ထားသလို ရပ်ကွက်ထဲမှာပြန့်နေတဲ့ ကော လဟာလတွေကြောင့် NLD ကို ထောက်ခံသူအများစုမှာစိုးရိမ်မှုတွေရှိနေခဲ့ကြတယ်။
“ကြံခိုင်ရေးပါတီက လူတွေအောင်ပွဲခံပြီး နင်တို့ အခုပျော်ထား နောက်ကျရင် ငါတို့ပြန်နိုင်မှာလို့ ပြန့်နေတယ်။နေပြည်တော် ရောက်တော့လည်း တခြားဒေသမှာလည်း အဲ့လိုဖြစ်နေတယ်ဆိုတော့စိတ်ပူတာပေါ့။”လို့ သူက ဆိုပါတယ်။
နေပြည်တော်ရောက်တော့လည်း ကိုဗစ်ကြောင့် အသွားအလာကန့်သတ်ထားသလို လုံခြုံရေးတွေကလည်း လိုတာထက်ပို တင်းကြပ်ချထားတာဖြစ်ပါတယ်။ မနက်လွှတ်တော်တက်ရမှာဖြစ်ပေမယ့် ဒီအကြောင်းစုဖွဲ့ပြောရင်း ည ၁၁ နာရီမှ အိပ်ယာ ဝင်ခဲ့ကြတယ်။
“မနက် ၅ နာရီလောက်မှာ ဧရာဝတီတိုင်းက အမက တံခါးခေါက်ပြီး အာဏာသိမ်းသွားပြီဆိုတာလာပြောတော့ ဂိတ်ပေါက် ထွက်ကြည့်တယ်။ အဲ့မှာစစ်သားတွေက အထပ်ထပ်ချထားတယ်။ အဲ့အချိန်က ဖုန်းအင်တာနက်လည်း မရတော့ဘူး။”လို့ ဒေါ်မြတ်သီတာထွန်းက သူကြုံခဲ့ရတဲ့အခြေအနေကို ပြောပါတယ်။
ဖုန်းလိုင်းတွေ ပြန်ရတော့ miss call များစွာဝင်နေပေမယ့် ဖခင်ဖြစ်သူလည်း တောက်လျှောက်ခေါ်နေတာကြောင့် ဦးစွာ ဖုန်းဆက်လိုက်ပါတယ်။
“သမီး ဒီအတိုင်းပြန်မလာနဲ့။ အမေစုကို ထားပြီးတော့ ဒီအတိုင်းပြန်မလာနဲ့။ သမီးတို့ တာဝန်ကျေခဲ့ရမယ်ဆိုပြီးတော့ ဒါက ဖုန်းလိုင်းရတာနဲ့ ဖေဖေ ပထမဆုံးပြောတဲ့စကားပဲ။”လို့ ဒေါ်မြတ်သီတာထွန်းက ဆိုပါတယ်။
သူ့အတွေ့အကြုံအရ သမီးဖြစ်သူ ဘယ်လောက်အန္တရာယ်များနေလဲဆိုတာသိပေမယ့် သူပြောသင့်ပြောထိုက်တာကို ပြော သွားတာဖြစ်ပါတယ်။
ဒေါ်မြတ်သီတာထွန်းကလည်း ဖခင်အကြံပေးထားသလို“ ဒီအတိုင်းမပြန်ပါဘူး။ ကိုယ်လုပ်သင့် လုပ်ထိုက်တာလုပ်နိုင်တာတွေ အကုန်လုပ်ဖို့ စိတ်ပိုင်းဖြတ်ထားပြီးသား။ ဘယ်လိုအန္တရာယ်မဆို ရင်ဆိုင်ဖို့ပြင်ထားတယ်။”လို့ ပြောပါတယ်။
လွှတ်တော်သစ်စတင်ခေါ်မယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှာ နံနက်ဦးပိုင်းအချိန်မှာ စစ်တပ်ဟာ နိုင်ငံတော်အာဏာ သုံးရပ်ကို မတရားရယူကာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရအရာရှိတွေကို ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဖေဖေါ်ဝါရီလ ၄ ရက်မှာတော့ နေပြည်တော်ကျန်ရှိတဲ့ လွှတ်တော်ကိုယ်စားလှယ် ၇၀ ဦးခန့်ဟာ သူတို့သဘောနဲ့ သူတို့ ကျမ်းသစ္စာကျိန်တယ်။ လက်မှတ်ထိုးကြပါတယ်။
အစပိုင်းကတော့ နေပြည်တော်မှာ ၆ ရက်လောက်နေလို့ရသေးတယ်ပြောမယ့် ကျမ်းသစ္စာကျိန်တဲ့နေ့မှာ ၂၄ နာရီအတွင်း ချက်ခြင်းထွက်သွားခိုင်းခဲ့တာဖြစ်ပါတယ်။
“ပစ္စည်းတွေကတော့ သိမ်းထားတယ်။ လူကတော့ မပြန်လို့ရရင် မပြန်ဘူးဆိုပြီး ဆက်နေလိုက်တယ်။ ဒါမဲ့မပြန်လို့မရဘူး မပြန်ရင် ဖမ်းတော့မယ်လို့ဖိအားတွေပေးလာတော့ အားလုံးတခုခုလုပ်ကြမယ်။ ပြန်ဆက်သွယ်ကြမယ်ဆိုပြီး ပြန်ခဲ့လိုက် တယ်။”လို့ ဒေါ်မြတ်သီတာထွန်းက ဆိုပါတယ်။
သံဖြူဇရပ်ပြန်ရောက်တော့ ဖေဖော်ဝါရီ ၅ ရက်မှာ လက်ရှိနိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က လွှတ်တော်ခေါ်မယ်ဆိုပြီး ဖုန်းဆက် လာတဲ့အတွက် zoom ကနေ ကိုယ်စားလှယ် ၄၀၀ ဦးနဲ့ ပထမဆုံးလွှတ်တော်ခေါ်နိုင်ခဲ့တာဖြစ်ပါတယ်။
လွှတ်တော်လုပ်ငန်းစဉ် ဆက်လုပ်ဖို့ အားလုံးရဲ့ရွေးချယ်မှုနဲ့ အမျိုးသမီးအမတ် သုံးဦးအပါအဝင် အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ(CRPH)ကို ဖွဲ့စည်းခန့်အပ်ခဲ့ပါတယ်။
“ပြည်သူတွေက ကိုယ့်ကို ရွေးချယ်တာဝန်ပေးထားတဲ့ အာဏာကို ကျင့်သုံးဖို့ ဒီကော်မတီမှာ ပါ၊ မပါဆိုတာ ဘာမှထပ်ပြီး စဉ်းစားစရာ မလိုဘူး။”လို့ ဒေါ်မြတ်သီတာထွန်းက ပြောပါတယ်။
သံဖြူဇရပ်ကိုပြန်ရောက်တာနဲ့ ဒေါ်မြတ်သီတာထွန်းဟာ တက်ကြွလူငယ်တွေနဲ့ပေါင်းပြီး စစ်အာဏာရှင်ကို တော်လှန်ဖို့ ဆန္ဒတွေပြခဲ့ကြတယ်။ တချိန်ထဲမှာ ဖခင်ဖြစ်သူလည်း မွန်ပြည်နယ် စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲတွေမှာ တနေကုန်ရှိ နေခဲ့တာဖြစ်ပါတယ်။
အသက် ၇၀ ကျော်အရွယ် ဦးငွေမြင့်ဟာ နေပူရှိန်အောက်မှာ ဆန္ဒပြသူတွေအတွက် စားစရာတွေကမ်းတာ၊ သောက်ရေ တွေဝေငှတာတွေစတဲ့ သူတတ်နိုင်တာတွေ လုပ်ဆောင်နေခဲ့ပါတယ်။
“ဒီအာဏာသိမ်းမှုမှာ ဖေဖေရဲ့စိတ်တွေ တော်တော်ထိသွားတယ်။ ဘာလို့ဆို သူတို့က ကြုံခဲ့ရတာကိုး။ အာဏာတခါ သိမ်း ရင် ဘယ်နှနှစ်ကြာနိုင်လဲဆိုတာ သိနေတော့ ဒါကြီးက သမိုင်းတစ်ပတ်ပြန်လည်တဲ့အခါမှာ တော်တော်မခံမရပ်နိုင်တဲ့အထဲ မှာ ဖေဖေပါတယ်။”လို့ သူက ရှင်းပြပါတယ်။
နောက်ပိုင်း စစ်တပ်က သေနတ်အစစ်သုံးလာတဲ့အချိန်မှာ ဖခင်ဖြစ်သူက ဒေါ်မြတ်သီတာထွန်းကို “ဒီတခါတိုက်ယူမှရမယ်” လို့ သတိပေးခဲ့တာဖြစ်ပါတယ်။
ဒီလိုဆန္ဒပြနေရင်း ၁၀ ရက်မှာ CRPH အဖွဲ့ဝင်ဖြစ်တဲ့မမြတ်သီတာထွန်းကို စစ်တပ်က ဖမ်းဝရမ်းထုတ်လိုက်တာကြောင့် လွတ်မြောက်နယ်မြေဖြစ်တဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)ထိန်းချုပ်ရာနယ်မြေတနေရာကို ရောက်သွားခဲ့ပါတယ်။
ဒေါ်မြတ်သီတာထွန်းထွက်သွားပြီး လအနည်းငယ်အကြာမှာ ဖခင်ဖြစ်သူလည်း KNU ထိန်းချုပ်နယ်မြေတစ်နေရာမှာ သွားရောက်ပုန်းခိုခဲ့ရပါတယ်။ သို့ပေမဲ့ သမီးဖြစ်သူနဲ့တော့ မတူတဲ့နေရာမှာပုန်းခိုခဲ့ရတာပါ။
သူဟာ တောထဲမှာ အင်တာနက် လျှပ်စစ်မီး ဖုန်းလိုင်း ဘာဆိုဘာမှမရတာကြောင့် ဘယ်သူနဲ့မှ အဆက်အသွယ်မလုပ်ခဲ့ပါ ဘူး။ ဖခင်ဖြစ်သူ KNU ထိန်းချုပ်ထားတဲ့တောတွင်းတစ်နေရာမှာ ပုန်းအောင်းနေရတာကိုတောင် တခြားသူပြောမှသိခဲ့ရတာလို့ ဆိုပါတယ်။
သားအဖနှစ်ယောက် လအနည်းငယ်ကြာလုံးဝအဆက်အသွယ်ပြတ်နေရာကနေ ဇူလိုင်လမှာ ဖုန်းနဲ့ ပထမဆုံးစကားပြော ခွင့်ရခဲ့ကြပါတယ်။ နှစ်ဖက်အခြေအနေတွေကို ဦးစွာဖလှယ်ပြီးနောက် ဖခင်ဖြစ်သူက သူနဲ့အတူရှိနေတဲ့ရဲဘော်လေးတွေရဲ့ စားသောက်ရေးကို ကူညီပေးဖို့မှာခဲ့ပါတယ်။
“ဖေဖေက လူငယ်တွေကို စစ်အာဏာရှင်ရဲ့စနစ်ဆိုးတွေကို ခံစားစေချင်ဘူး။ တိုးတက်တဲ့နိုင်ငံဖြစ်စေချင်တယ်။ စစ်အာ ဏာရှင်စနစ်ကို လုံးဝချုပ်ငြိမ်းစေချင်တယ်။”လို့ ဒေါ်မြတ်သီတာထွန်းက ဖခင်ရဲ့ဆန္ဒကို ဖွင့်ဟပါတယ်။
ဒါပေမဲ့ သူတို့နှစ်ယောက်စကားပြောတာဟာ ဒါနောက်ဆုံးဖြစ်မယ်လို့ မတွေးထင်ခဲ့ကြပါဘူး။ တစ်လအကြာမှာတော့ ဖခင်ဖြစ်တဲ့ ဦးငွေမြင့်ဟာ တောထဲမှာ အစားအသောက်ဆင်းရဲတာ၊ နိုင်ငံရေးကြောင့် စိတ်ထိခိုက်ရတာတွေပေါင်းပြီး ရောဂါအခံ ဆီးချိုတက်ကာ ဆုံးပါးသွားခဲ့ရတာဖြစ်ပါတယ်။
“ကျမကတော့ စစ်အာဏာရှင်ကို တော်လှန်ရင်း ဖေဖေကျဆုံးတယ်လို့ပဲ မှတ်တယ်။”လို့ သူက ပြောပါတယ်။
တောထဲမှာ နေထိုင်စားသောက်ရတာက အများထင်သလိုတော့ မလွယ်တဲ့အပြင် အမျိုးသမီးတွေ စိန်ခေါ်မှုကြီးတယ်လို့ လည်း ဒေါ်မြတ်သီတာထွန်းက ဆိုပါတယ်။
အမြဲတမ်းမြို့ပေါ်နေ မြို့ပေါ်ကြီးပြီး တောရွာဆိုလို့ လွှတ်တော်ကိုယ်စားလှယ်အဖြစ်ရောက်ခဲ့တဲ့ကျေးရွာတွေလောက် ရောက်ခဲ့ဖူးတဲ့ ဒေါ်မြတ်သီတာထွန်းဟာ နောက်လှည့်ကြည့်ရင် တောင်နဲ့ ချောင်းသာတွေ့ရတဲ့တောကြီးမျက်မဲကို ခုမှမြင် ဖူးခဲ့တာပါ။
သူတို့နေတဲ့ တောနဲ့ လူသူရှိတဲ့ကျေးရွာက လွန်စွာကွာဝေးပြီး ရွာက လူတွေဝယ်ခြမ်းပေးမှ စားသောက်ရတဲ့အခြေအနေ တွေနဲ့လည်း သူက ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။
“ဒါမဲ့အဲ့ဒီအချိန်က စိတ်ဒုံးဒုံးချထားပြီးသားပါ။ စစ်အာဏာရှင်ကို တော်လှန်ဖို့အတွက် ဒီမှာရှိနေရတာ ဘာမှမဖြစ်ဘူး။ ညဘက်ဆို ဒရုန်းတွေလာတယ်။”လို့ ဒေါ်မြတ်သီတာထွန်းက ဆိုပါတယ်။
ဒီတော်လှန်ရေးမှာ သူတစ်ခုစိုးရိမ်တာက ဘာမှမလုပ်ပေးနိုင်ခင်မှာ သေဆုံးသွားမှာကိုပဲဖြစ်ပါတယ်။ ဒါ့အပြင် တောထဲ ရောက်လာတဲ့အမျိုးသမီးရဲဖော်ရဲဖက်တွေရဲ့စိန်ခေါ်မှုက လွန်စွာကြီးမားတယ်လို့လည်း သူက ပြောပါတယ်။
“ဒီကောင်(စစ်တပ်)တွေ လေကြောင်းနဲ့လာပြီး တို့ကိုလုပ်ကြံမလား။ အမျိုးသမီးဆိုတော့ အဆင်သင့်ဓါးက ကိုယ်နဲ့မကွာ ထားရတယ်။ အမျိုးသမီးဆိုတာ အသက်မသေခင်မှာ လိင်ပိုင်းဆိုင်ရာစော်ကားခံရနိုင်တယ်လေ။ အဲ့လိုအဖြစ်မခံနိုင်ဘူး။ ကိုယ့်ကိုကိုယ်အရင်သတ်သေလိုက်မယ်ဆိုပြီး စိတ်ပိုင်းဖြတ်ပြီးနေတာ။ နေ့စဉ် အဲ့ဒီစိတ်နဲ့ဖြတ်သန်းတယ်။”လို့ သူက ရှင်းပြပါတယ်။
ဒါ့ကြောင့် မြေပြင်မှာတာဝန်ထမ်းနေကြတဲ့ အမျိုးသမီးရဲဘော်တွေကို လေးလည်းလေးစားသလို သူတို့လုံခြုံရေးအတွက် လည်း လွန်စွာစိုးရိမ်တယ်လို့ သူက ပြောပါတယ်။
သို့ပေမဲ့ ဘယ်လိုအခြေအနေပဲကြုံကြုံ ဘယ်လိုအန္တရာယ်ပဲလာလာ စစ်အာဏာရှင်စနစ်ဆိုးလုံးဝမရှိတဲ့ထိ လုပ်ဆောင်သွား ဖို့ ဒေါ်မြတ်သီတာထွန်းက ဆုံးဖြတ်ထားသလို ဆက်ပြီးတော့လည်း တော်လှန်နေဆဲဖြစ်ပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာလည်း ပြိုင်ဘက်ပါတီ ၆ ခုထဲမှာ သူက အသက်အငယ်ဆုံးလွှတ်တော်ကိုယ်စားလှယ်တစ်ဦးအဖြစ် ပြိုင်ခဲ့တာပါ။
မျက်နှာပြည့်ပြည့်၊နှာတံစင်းစင်း အသားလတ်လတ်နဲ့ ပင်နီရင်ဖုံးဝတ်ထားတဲ့ ဒေါ်မြတ်သီတာထွန်း NLD ပါတီထဲရောက်တဲ့အချိန်မှာ အသက် ၂၈ နှစ်ကျော်သာရှိသေးလို့သိရပါတယ်။
နိုင်ငံရေးတော်လှန်ရေးလုပ်ရတဲ့ အကြောင်းကို ဒေါ်မြတ်သီတာထွန်းက “”အစကတည်းအမတ်တွေဘာတွေဖြစ်ဖို့ ရည်ရွယ်ခဲ့တာမျိုးမဟုတ်ဘူး လူငယ်တစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာလုပ်မယ်ဆိုပြီး ပါတီထဲဝင်လာလိုက်တာ””လို့ ဆိုပါတယ်။
- “တော်လှန်ရေးထဲက တကျော့ပြန် Me too လှိုင်း” - 14/07/2025
- တစ်ပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 11/07/2025
- ဇွန်လအတွင်း ဆယ်ကျော်သက်တွေအပါအဝင် အမျိုးသမီး ၃၄ဦး စစ်ကောင်စီကြောင့်သေဆုံး - 10/07/2025