စစ်ကောင်စီမှ ၆ နှစ်ကလေးငယ်ကို တရားခံအဖြစ် ဖမ်းဆီးထား

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်က အငြိမ်းစားဗိုလ်မှူးချုပ် ချိုထွန်းအောင် ပစ်ခတ်သတ်ဖြတ်ခံရမှုမှာ ပါဝင်တယ်လို့ စွပ်စွဲပြီး အသက် ၆ နှစ်အရွယ်ကလေးငယ်အပါအဝင် ၁၆ ယောက်ကို ဖမ်းဆီးထားကြောင်း စစ်ကောင်စီက ဇွန် ၅ ရက် ညပိုင်းမှာ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဖမ်းဆီးခဲ့တဲ့ ၁၆ ဦးထဲမှာ ၆ နှစ်အရွယ်ကလေးငယ်က ပစ်ခတ်လုပ်ကြံသူရဲ့သမီးလို့ဆိုကာ ရုပ်ပုံကို ဝါးထားတာမရှိသလို တရားခံအဖြစ် ထင်ရှားစွာဖော်ပြထားတာဖြစ်ပါတယ်။  

ဒါနဲ့ပတ်သက်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ‘’ အကြမ်းဖက်စစ်အုပ်စုကတော့ လူကြီးကလေး ဘာမှခွဲခြားတာမရှိဘဲ အကုန်လုံးအပေါ်မှာ ရန်သူလို သတ်ဖြတ်နေတဲ့ကာလဖြစ်ပါတယ်။ ဒီလိုအမှုမှာ ကလေးကို ပါဝင်ပတ်သက်တယ်လို့ ဖမ်းဆီးတာက နောက်ထပ်ကလေးအခွင့်အရေးချိုးဖောက်မှုလို့ပြောချင်ပါတယ် ‘’လို့ ဆိုပါတယ်။

“ဘာကြောင့်လဲဆိုတော့ ကလေးအနေနဲ့ ဒီအမှုမှာ သူရဲ့အသက်အရွယ်နဲ့ သူရဲ့ဆုံးဖြတ်ချက်နဲ့ ပါဝင်ပါတ်သက်နေ တာ မဟုတ်ဘူးဆိုတာ ထင်ရှားလို့ဖြစ်ပါတယ်”လို့ သူကပြောပါတယ်။

လက်ရှိမြန်မာနိုင်ငံရဲ့ဥပဒေမှာ အသက် ၇ နှစ်အောက်ကလေးက အမှန်တကယ်ပြစ်မှုကျူးလွန်ရင်တောင် ပြစ်မှု မမြောက်ဘူးဆိုတာ ကလေးသူငယ်ဆိုင်ရာအခွင့်အရေးမှာ အတိအလင်းဖော်ပြထားပြီးသားပါ။ အဲဒီတော့ တည်ဆဲ ဥပဒေကိုလည်း ချိုးဖောက်ရာရောက်သလို ကလေးကို မိဘနဲ့အတူတကွ ဖမ်းဆီးတာက တကယ်တော့ ကလေး သူငယ်နဲ့ပတ်သက်တဲ့ နောက်ထပ်အခွင့်အရေးချိုးဖောက်မှုဖြစ်ပါတယ်လို့ ဝန်ကြီးက ရှင်းပြပါတယ်။

အခုလိုမျိုး အကျဥ်းထောင်တွေထဲမှာလည်း နိုင်ကျဥ်းမိခင်နဲ့အတူ ကလေးငယ်တွေပါဝင်နေပြီး ထောင်ပေါင်း ၄၂ ထောင်မှာလည်း မိခင်နဲ့အတူ ကလေးငယ် ၁၂၅ ဦးဝန်းကျင်ရှိကြောင်း နိုင်ငံရေးအကျဥ်းသူများအဖွဲ့ရဲ့စာရင်းအရ သိရပါတယ်။

အကြမ်းဖက်စစ်ကောင်စီက ကလေးငယ်တွေနဲ့ မိခင်တွေကို  ရန်သူလိုသဘောထားပြီး ဖမ်းဆီးသတ်ဖြတ်တဲ့လုပ် ရပ်တွေအပေါ်မှာလည်း လူ့အခွင့်အရေးနဲ့ ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးလှုပ်ရှားသူတွေက ရှုတ်ချကန့်ကွက် နေပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်-PPNM က ကိုသိုက်ထွန်းဦးကလည်း ကလေးရဲ့ မျက်နှာ ကို ဝါးထားတာမရှိဘဲ အထင်အရှားဖော်ပြထားတာဟာ စစ်ကောင်စီအနေနဲ့ လူစိတ်မရှိတာကို မြင်သာနေတယ်လို့ ခပ်ကြမ်းကြမ်းပြောပါရစေလို့ ဆိုပါတယ်။

ကလေးငယ်အပါအဝင် ဖမ်းဆီးထားသူတွေနဲ့ပတ်သက်ပြီး Golden Valley Warriors တပ်ဖွဲ့ဝင်တစ်ဦးက “ကျွန် တော်တို့ ထူးထူးခြားခြား ဖြေဆိုစရာ မရှိပါဘူး။ အပြစ်မဲ့ပြည်သူတွေကိုပဲ စာနာသနားမိပါတယ်။ ရဲဘော်တွေအား လုံး လုံခြုံဘေးကင်းကြောင်း ကျွန်တော်တို့ပြောထားပြီး ဖြစ်ပါတယ်” လို့ Burma VJ ကဖော်ပြထားပါတယ်။

သေဆုံးသူ ဗိုလ်မှူးချုပ်ချိုထွန်းအောင်ကို Golden Valley Warriors မြို့ပြပြောက်ကျားအဖွဲ့က ရန်ကုန်မြို့၊ မရမ်း ကုန်းမြို့နယ်၊ အေဝမ်းလမ်းပေါ်ရှိ နေအိမ်ရှေ့မှာ သေနတ်နဲ့ ပစ်သတ်ခဲ့တာပါ။ ဒါကိုသိရက်နဲ့ စစ်တပ်က အပြစ်မဲ့ ပြည်သူတွေကို အခုလို မတရားစွပ်စွဲဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

လုပ်ကြံသတ်ဖြတ်ခံရတဲ့ အငြိမ်းစား ဗိုလ်ချုပ်ချိုထွန်းအောင်ဟာ နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှာ နိုင်ငံတော် လုံခြုံရေးနှင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဘာသာရပ်နှင့် နိုင်ငံတကာဆက်ဆံရေး ဘာသာရပ်နှစ်ခုကို သင်ကြား ပေးနေသူဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီမှ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်ထားသူလည်း ဖြစ်ပါတယ်။

Author: