ကလေးတွေကို  လက်ဆင့်မကမ်းသင့်တော့တဲ့ ကျား/မ ခွဲခြားမှုစံနှုန်းများ

ကေခိုင်

         “မိန်းကလေးဆိုတာ မျက်နှာ သနပ်ခါးရှိမှ ကျက်သရေရှိတာ၊ မျက်နှာလည်းအေးတယ်၊ သနပ်ခါးလိမ်းသွား”ဆိုတာက မနက်တိုင်း  မမေ ကြားနေကျစကားသံပါ။

       မနက် ကျောင်းသွားခါနီးတိုင်း သနပ်ခါးမလိမ်းချင်တဲ့ အသက် ၈နှစ်အရွယ်သမီးဖြစ်သူကို သနပ်ခါးလိမ်းဖို့ ပြောနေတဲ့ အသက်ခုနှစ်ဆယ်ကျော်အဘွားဖြစ်သူအသံလည်းဖြစ်ပါတယ်။

     ရှေးလူကြီးပီပီ မိန်းကလေးဖြစ်လို့ မျက်နှာမှာ သနပ်ခါးရှိရမယ်၊ မိန်းကလေးအတွင်းခံအအဝတ်တွေကို တခြားအဝတ်တွေနဲ့ အတူစက်ထဲ ထည့်မလျှော်ရဘူး၊ အသံအကျယ်ကြီးနဲ့အော်မရယ်ရဘူးဆိုတာတွေကို သမီးဖြစ်သူရော မြေးဖြစ်သူကိုပါ ပြောဆိုဆုံးမလေ့ရှိတဲ့အတွက်  အမြဲတကျက်ကျက် ဖြစ်ရတယ်လို့ သာကေတမြို့နယ်က  ကလေးတဦး မိခင် မမေ ၃၀နှစ် ပြောပါတယ်။

       နေ့စဉ်လူမှုဘဝမှာ   ကြုံတွေ့နေရတဲ့ ယောကျာ်းလေးဖြစ်တဲ့အတွက် ယောကျာ်းပီပီသသနေရမယ်၊မငိုရဘူး ၊အရာရာကို ဦးဆောင်နိုင်ရမယ်၊မိန်းကလေး ဖြစ်တဲ့အတွက် ဗိုင်းကောင်းကျောက်ဖိနေရမယ်၊ယဉ်ကျေးသိမ်မွေ့ရမယ်၊ အိမ်မှုကိစ္စနိုင် နင်းရမယ်၊ မိသားစုကိုငဲ့ညာရမယ် ဆိုတဲ့  စံသတ်မှတ်ချက်တွေက ‌ပြောင်းလဲဖို့လိုလား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်လာပါ တယ်။

       လူမှု့ဘဝတလျှောက်လုံးအရိုးစွဲလာတဲ့  “ကျားဖြစ်ခြင်း၊မဖြစ်ခြင်း”ဆိုတဲ့ စံနှုန်းသတ်မှတ်ချက်တွေကို ကလေးအရွယ် ငယ်စဉ်ကတည်းက လက်ဆင့်မကမ်းဖို့ လူကြီးမိဘတွေအနေနဲ့လေ့ကျင့်သင်ကြားပေးခြင်းက အ‌ရေးကြီးတယ်လို့ အမျိုးသမီးရေးလုပ်ဆောင် သူတွေကဆိုတယ်။

       မမေလည်း ငယ်စဉ်ကတည်းက အဘိုးအဘွားဦးလေးအ‌ဒေါ်တွေနဲ့အတူ နေထိုင်လာခဲ့တော့ မိန်းမပီပီသသနဲ့ နေထိုင်ဖို့ ဆိုဆုံးမမှုတွေနဲ့မလွတ်ကင်းခဲ့ပါဘူး။

     မနက် မိုးလင်းတာနဲ့သနပ်ခါးလိမ်း အဘွား၊ အမေတို့နဲ့ စျေးလိုက်သွားပြီးဝယ်လာတာတွေချက်ပြုတ်ကူရတာ၊ အိမ်မှုကိစ္စ လုပ်ရတာ၊ ညမိုးချုပ်ထိအပြင်မှာမနေရတာ၊ ယောကျာ်းလေးတွေနဲ့ အပေါင်းအသင်းမလုပ်ခိုင်းတာ၊ မိန်းကလေးဆိုတာ အချိန်တန်အိမ်ထောင်ပြုမယ့်သူဖြစ်တဲ့အတွက် အပြင်အလုပ်လုပ်ဖို့ အားမပေးတာစတဲ့ သွန်သင်မှုတွေနဲ့နေခဲ့ရတယ်။

       “မောင်နှမချင်းတူတူတောင်မှ မောင်တွေအကိုတွေ အိပ်နေရချိန်မှာ မိန်းကလေးတွေက အိမ်မှုကိစ္စလုပ်ဖို့စောစောထရတယ်၊ ဘာအလုပ်မှလုပ်စရာမရှိသေးလည်း မီးမွှေးပြီးရေနွေးတော့တည်ရခဲ့တာ” လို့ ငယ်ဘဝကို မမေပြန်ပြောတယ်။

         လူမှုပတ်ဝန်းကျင်မှာကိုက ယောကျာ်းလေးဆိုတာဦးဆောင်နိုင်ရမယ်၊ ငွေရှာနိုင်ရမယ်၊အလှအပမကြိုက်ရဘူး၊ မိန်းကလေး ဆိုလည်း အားနွဲ့သူဖြစ်တယ်၊အိ‌‌န္ဒြသိက္ခာရှိရမယ်၊ လှတပတနေရမယ်၊ စသဖြင့် ယောကျာ်းဖြစ်ခြင်း မိန်းမဖြစ်ခြင်းဆိုတဲ့ စံနှုန်းသတ်မှတ်ချက်တွေကိုယူဆလက်ခံထားကြတယ်။

    သူလည်းငယ်စဉ်ကလေးဘဝကတည်း ဒီလိုခွဲခြားမှုတွေနဲ့ ဖြတ်သန်းခဲ့ရပေမယ့်  အရွယ်ရောက်လုပ်ငန်းခွင် ဝင်ပြီး နောက်ပိုင်း တော့ သိမြင်လာတဲ့အတွေ့အကြုံတွေနဲ့ ဒါတွေက အရေးမပါတဲ့အယူအဆ၊ပြောင်းလဲရမယ့် အတွေးအခေါ် လို့ သိမြင်လာခဲ့တယ်လို့ မေကဆိုပါတယ်။

       ကိုယ်တိုင်လည်းမိခင်ဖြစ်ပြီးတဲ့နောက် သမီးဖြစ်သူကို ဒီလိုစံနှုန်းသတ်မှတ်ချက်တွေနဲ့ဘောင်ခတ်ထားပြီး ဆုံးမတာထက် လူ့ကျင့်ဝတ် နားလည်ပြီး၊ တပါးသူကိုမထိခိုက်စေဘူးဆိုရင် ကိုယ့်စိတ်ဆန္ဒအတိုင်းနေလို့ရတယ်ဆိုတာကို အဓိကထား သွန်သင်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

   “သမီးမွေးထားလို့ ဘာလုပ်ရမယ်ဆိုပြီး ကန့်သတ်ထားတာမရှိပါဘူး၊ အလှအပကြိုက်တယ်ဆိုရင်လည်း ကြိုက်လို့ရတယ်၊ ဒါကိုယ့်စိတ်ပျော်ဖို့ ဘယ်သူ့အတွက်မှ လှအောင်ပြင်တာမဟုတ်ဘူးဆိုတာမျိုး‌‌ပြောဖြစ်တယ်။”လို့ မမေကမှတ်ချက်ပြုပါတယ်။

    မိန်းကလေးဖြစ်လို့အိမ်မှုကိစ္စတွေနိုင်နင်းရမယ်ဆိုတာထက် လူသားတဦးအနေနဲ့ တတ်မြောက်ရမှာတွေ သိထားရမှာတွေကိုသာဦးစားပေးသင်ကြားပေးသလို မိန်းကလေးဖြစ်လို့ အားနွဲ့သူအဖြစ်နဲ့သူတပါးကိုအားကိုးပြီး နေထိုင် ရမှာ၊ တခြားသူရဲ့ဦးစားပေးဆက်ဆံခံရမှာမျိုးကို မသွန်သင်ဘူးလို့  ဆိုတယ်။

    အများအားဖြင့် လူမှုပတ်ဝန်းကျင်မှာ ယောကျာ်းလေး‌ မိန်းကလေး ခွဲခြားတဲ့စံသတ်မှတ်ချက်တွေကြောင့် အမျိုးသားတွေ ကပိုမြင့်မြတ် ပိုအခွင့်အာဏာကြီးတဲ့အခြေအနေ မျိုးဖြစ်လာပြီး ဒီနောက်ဆက်တွဲအနေနဲ့ အိမ်တွင်းအကြမ်းဖက်တာတွေ သမီးရည်းစားချင်းချင်းရိုက်နှက်တာတွေအစပြုလို့ လူအဖွဲ့အစည်းအတွင်းအကြမ်းဖက်မှုတွေ၊နိုင်ငံအဆင့်အကြမ်းဖက်မှုတွေ ဖြစ်လာတာ လို့သူကပြောပါတယ်။

      တသက်လုံးအရိုးစွဲလာတဲ့ ကျားဖြစ်ခြင်းမဖြစ်ခြင်းဆိုတဲ့ ပုံစံခွက်အ‌ပေါ်  ကျားမစံနှုန်းသတ်မှတ်ချက်တွေ မရှိအောင် သတိထားဆုံးမပေမယ့် တသက်လုံးအရိုးစွဲလာတဲ့အခါ   ကိုယ်တိုင်ကျားမ ပုံစံခွက်ထဲကနေပြီး ဆိုဆုံးမတာတွေ လည်းရှိပါတယ်၊ ဒီအတွက်လည်း ကိုယ်တိုင်သတိထားဆင်ခြင်ရတယ်လို့  ရန်ကင်းမြို့နယ်မှာ‌နေထိုင်တဲ့ ငါးနှစ်ကျော်အရွယ် ကလေးတဦးမိခင် မသိမ့်ကပြောပါတယ်။

    သားဖြစ်သူအမှားလုပ်မိတဲ့အခါယောကျာ်းလေးဖြစ်တဲ့အတွက် တာဝန်သိရမယ်၊တာဝန်ခံရမယ်လို့ ဆိုဆုံးမမတာထက် လူမှန်ရင် အသိစိတ်ရှိ သူတွေက တာဝန်ယူသူ ဖြစ်တယ်ဆိုတာမျိုးဆိုဆုံးမလေ့ရှိ တယ်လို့သူကဆိုတယ်။

    “တခုခုဆို သားကယောကျာ်းလေးပဲ၊ သုံးလိုက်တာမျိုးဆို မှားသွားတာသားရေ၊ယောကျာ်းလေးနဲ့ မိန်းကလေးတူတူပဲပေါ့၊ တခါတလေကျရင်လည်းသားက ပြောလေ့ပြောထရှိတယ် ကတိပေးတယ် ယောကျာ်းကတိလို့ပြောတဲ့အခါ ယောကျာ်းကတိ မဟုတ်ဘူး၊မိန်းကလေးလည်းအတူတူပဲဂတိတည်ရတယ်၊ လူဟာလူပဲအတူတူပဲ ဆိုတာမျိုးပြော ဖြစ်တယ်”  လို့မသိမ့်ကပြောပါတယ်။

    ဒါ့အပြင်ယောကျာ်း၊ မိန်းမနဲ့ အခြားသော လိင်စိတ်ခံယူမှုရှိသူတွေကို လေးစားတက်ဖို့၊ မိန်းမအဝတ်အစားတွေက ဘုန်းကံနိမ့်တယ်ဆိုတဲ့ အယူအဆထက် အဝတ်အစားသန့်ရှင်းမှုကိုသာ အလေးထားဖို့၊သူတပါး ကိုးကွယ်ရာ၊ ရိုသေရာကို လေစားဖို့ဆိုတာမျိုး ပြောဖြစ်တယ်လို့မသိမ့်ကဆက်ပြောတယ်။

      ယောကျာ်းလေး၊ မိန်းကလေးရယ်လို့မခွဲခြားဘဲ လုပ်နိုင်စွမ်း၊တွေးခေါ်ပုံတွေကတူညီတယ်လို့ဆုံးမ ဖြစ်သလို ယောကျာ်းလေး ဖြစ်တဲ့ အတွက် မငိုရတာ၊ အရောင်ဖျော့ဖျော့ ပန်းရောင်မဆင်တာ စသဖြင့် ကျားဖြစ်ခြင်း မဖြစ်ခြင်း စံသတ်မှတ်ချက်တွေထက် သားဖြစ်သူစိတ်ဆန္ဒ အတိုင်း သာလုပ်စေတယ်လို့ သူကဆိုပါတယ်။

    “သားဆိုရင်ငယ်ငယ်က ပန်းရောင်၊ လိမ္မော်ရောင်ကြိုက်တယ် ၊သူ့စိတ်ကြိုက်ပေးရွေးပါတယ်၊ သူကအလှကြိုက်တယ် မေမေ့ကို နှုတ်ခမ်းနီလေးဆိုးစေချင်တယ်၊ ခရေပန်းလေးတွေကောက်ပြီး သီပေးတယ်၊  သူနှလုံးသားကထွက်ပေါ်လာတဲ့ချစ်စိတ်လေးကိုကြည်နူးရပါတယ်”လို့ သူကပြောပါတယ်။

    သားယောကျာ်းလေးဖြစ်တာကြောင့် မိခင်တဦးအနေနဲ့ ဖြစ်စေချင်တာစိတ်ကူးယဉ်တာတွေရှိပေမယ့် သားဖြစ်သူရဲ့ စိတ်ခံစားချက်အတိုင်းရွေးချယ်မှုပေးဖို့ ကိုယ့်ကိုယ်ကို သတိပေးကာ အတက်နိုင်ဆုံး လုပ်ဆောင် ဖြစ်တယ်လို့ မသိမ့်ကပြောပါတယ်။

       ကျားဖြစ်ခြင်း မဖြစ်ခြင်း ပေါ်မူတည်ပြီးခွဲခြားသတ်မှတ်တဲ့ စံနှုန်းသတ်မှတ်ချက်တွေက ယုံကြည်ကိုးကွယ်မှု ၊ ရိုးရာယဉ်ကျေးမှုဓလေ့ထုံးတမ်းတွေ မှာ ပိုအမြစ်တွယ်တာလည်းရှိပါတယ်။

ရိုးရာယုံကြည်မှုအရ ယောကျာ်းလေး မိန်းကလေး လိင်နှစ်မျိုးပဲလက်ခံတာ၊ယောကျာ်လေးတွေကိုပဲဦးစားပေးပြီး အမျိုးသမီးတွေကိုဖိနှိပ်တာ ၊နေရာမပေးတာတွေ လည်းရှိပါတယ်။

      ချင်းတိုင်းရင်းသားအသက်၃၀ကျော်အရွယ် သားတစ်ဦးဖခင် ကိုဆလိုင်းကတော့ သူ့သားဖြစ်သူကို ကျားဖြစ်ခြင်း မဖြစ်ခြင်း မခွဲခြားဘဲသင်ကြားပေမယ့် ကလေးတွေကိုတော့ ယောကျာ်းလေးစစ်စစ်၊မိန်းကလေးစစ်စစ်ဖြစ်စေချင်တယ်လို့ သူ့အယူအဆ ကိုပြောပါတယ်။

     ကလေးတွေကို ယောကျာ်းမိန်းမ မခွဲခြားဘဲ လုပ်ဆောင်ဖို့သင်ကြားပေးဖို့လိုသလို ယောကျာ်းလေး မိန်းကလေး ပီပီသသဖြစ်ဖို့ကလည်း မိဘတွေက လမ်းကြောင်းတည့်ပေးဖို့လိုတယ်လို့ သူကဆက်ပြောတယ်။

       “မိမိကဘာလဲဆိုတာတော့ မိဘကလမ်းကြောင်းတည့်ပေးဖို့ လိုပါလိမ့်မယ်၊ လမ်းကြောင်းလွဲသွားရင်တော့ လည်းဘယ်တက်နိုင်မလဲ မီးစင်ကြည့်ကရမှာ‌ပေါ့။Third gender ကိစ္စအတွက် အ‌ပေါင်းအသင်း ပတ်ဝန်းကျင်ကိုလည်း မိဘတွေစောင့်ကြည့်‌ပေးဖို့ လိုအပ်လာမယ်ထင်တယ်၊ကျားနဲ့မ မျှတစွာ ကလေးရဲ့ ဝန်းကျင်မှာရှိနေဖို့ပေါ့”လို့ ကိုဆလိုင်း ကဆိုတယ်။

        အချက်အပြုတ်နဲ့အိမ်မှုကိစ္စတွေကအစ အမျိုးသားနဲ့သင့်တော်တယ် အမျိုးသမီး နဲ့ သင့်တော်တယ် လို့သတ်မှတ်တယ် ဆိုတာထက် ဘယ်အရာမဆိုမခွဲခြားဘဲ လုပ်ကိုင်တတ်ဖို့သာအဓိက သင်ကြားပေးဖြစ်တယ်လို့ သူကဆက်ပြောတယ်။

       “ထမင်းဟင်းချက်တာ မိန်းကလေးအလုပ်လို့ ယူဆကြတာများတယ် တကယ်တော့ လိုအပ်ရင် လိုအပ်တဲ့နေရာမှာ မိမိဟာ ကျားပဲဖြစ်ဖြစ် မပဲဖြစ်ဖြစ် ဝင်လုပ်နိုင်မှခုခေတ်ကြီးက ရှင်သန်ဖို့ လွယ်ကူစေတာလို့မြင်မိပါတယ်။ ဘာလာလာ ယောကျ်ား မိန်းမ အလုပ်ဆိုပြီးမခွဲခြားပဲ လုပ်တတ်ရမည်ဆိုတဲ့ သဘောမျိုးလေ့ကျင့်ပေးတယ်”လို့ ကိုဆလိုင်းကပြောပါတယ်။

        ကျားဖြစ်ခြင်း မဖြစ်ခြင်းပေါ်မူတည်ပြီး ခွဲခြားဆက်ဆံတာက ရေရှည်မှာ ရုပ်ပိုင်းဆိုင်ရာထိခိုက်ရုံမက စိတ်ပိုင်းဆိုင်ရာကိုပါထိခိုက်စေတယ်ယူဆမှုတွေလည်းရှိပါတယ်။

      ယောကျာ်းလေးဖြစ်လို့ မျက်ရည်မကျရဘူးဆိုတဲ့စကားနောက် သူ့ခံစားချက်ကိုထိန်းချုပ်လိုက်ရတာ၊  ယောကျာ်းလေး တဦး အလှအပကြိုက်၊အချက်အပြုတ်ဝါသနာအရချက်ပြုတ်တဲ့အခါမှာလည်း ယောကျာ်းတန်မဲ့ မိန်းမအလုပ်လုပ် တယ်ဆိုတဲ့ပြောဆိုမှုတွေကရေရှည်ဖြစ်လာတဲ့အခါ သူ့ရဲ့အရှက်သိက္ခာကို ထိပါးပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှု ကိုဦးတည် စေပါတယ်။

      ကျားမ ပုံစံခွက်ထဲ ပိတ်မနေစေဖို့အတွက် ငယ်စဉ် ကလေးကြီးပျင်းတဲ့ပတ်ဝန်းကျင် ကအရေးကြီးပြီး၊ နီးစပ်သူတွေရဲ့ လူမှုပတ်ဝန်းကျင်က သတ်မှတ်ထားတဲ့ စံနှုန်းတွေနဲ့ဘောင်ခတ်ပြီးသွန်သင်ဆုံးမခြင်းက ဒီကလေးအတွက် ခံစားချက်အမြင် တွေ ကိုအားနည်းသွားစေသလိုလွှဲမှားတဲ့ နည်းလမ်းတွေနဲ့ ခံစားချက်တွေကို ဖောက်ထုတ်တာမျိုးဖြစ် နိုင်တယ်လို့ Serenity Counseling and Mental Health Survices မှ စိတ်ပညာရှင်  Agnes ကဆိုတယ်။

     “ယောကျာ်းလေးတွေကိုလည်းသူတို့ရဲ့ခံစားချက်တွေကို ထုတ်ဖော်ပြတက်အောင်သင်ပေးရမယ်၊ ယောကျာ်းလေးတွေက လည်း ခံစားချက်တွေထုတ်ပြောခွင့်ရှိတယ်၊ ထုတ်ပြောတက်အောင်လည်းသင်ပေးရမယ်”လို့ Agnes ကဆိုတယ်။

     လူကြီးမိဘတွေကလည်း ကလေးတွေကို ငယ်စဉ်ကတည်းက ယောကျာ်းလေးမိန်းကလေး ဆိုတာထက် လူသားတဦး အနေနဲ့သာ သင်ကြား ပေးသင့်ပြီး၊  ယောကျာ်းလေး မိန်းကလေးကရုပ်ပိုင်းဆိုင်ရာအရမတူညီတဲ့အတွက် ဒီမတူညီမှုကိုသာ ဘယ်လိုပေါင်းစပ် ဖြည့်ဆည်း ပေးရမယ်ဆိုမှုအနေနဲ့သာ သင်ကြားပေးသင့်တယ်လို့ သူကဆက်ပြော တယ်။

    “ယောကျာ်းလေးမိန်းကလေးခွဲခြားပြီးတော့တံဆိပ်ကပ်တာ ယောကျာ်းလေးဆို ဒါမလုပ်ရဘူးဆိုတာမျိုး မဟုတ်ဘဲ၊ လူသားတယောက်အနေနဲ့ဒါမျိုးမလုပ်သင့်ဘူး၊လုပ်သင့်တယ်ဆိုတာမျိုးကို သင်ပေးမယ်ဆိုရင် ကြီးလာတဲ့အခါမှာရော သူ့ပတ်ဝန်းကျင်အတွက်ပိုပြီးအဆင်ပြေလိမ့်မယ်။”လို့   Agnes ကဆိုပါတယ်၊

      ကျာဖြစ်ခြင်း မဖြစ်ခြင်းဆိုတဲ့ခွဲခြားမှုကိုလက်ဆင့်မကမ်းဖို့ကကလေးတွေကိုသွန်သင်ဖို့လိုသလို လူကြီးတွေကိုယ်တိုင် ကပါ အတွေးအမြင်တွေပြောင်းလဲပြီးဆင်ခြင်ဖို့လိုတယ် လို့ လှိုင်မြို့နယ်က ကလေးနှစ်ဦးဖခင် ကိုစိုင်းစိုင်းက ဆိုတယ်။

       လူကြီးတွေကိုယ်တိုင်က ယောကျာ်းလေးဖြစ်ခြင်း မိန်းကလေးဖြစ်ခြင်း ခွဲခြားမှုတွေနဲ့ တသက်လုံး‌နေသား တကျ ရှိနေတော့ ခွဲခြားတာမှန်းမသိဘဲ ဆုံးမသွန်သင်ကြသလို တချိ့ကျတော့လည်း တသက်လုံးအရိုးစွဲလာတဲ့ဘောင်ကနေ ကလေးတွေကိုပြောဆိုလေ့ရှိတာတွေလည်းရှိတယ်လို့သူကဆိုတယ်။

          ယောကျာ်းလေးဖြစ်တဲ့အတွက်မိန်းကလေးတွေလို နစ်နာစရာမရှိဘူးဆိုတဲ့ဆုံးမမှုတွေ၊လူကြီးတွေရဲ့ ချစ်ခင်မှုဆိုတဲ့ အပြုအမှုတွေအောက် ယောကျာ်းလေးကမိန်းကလေးကို စနောက်၊ လှောင်ပြောင်ဖို့ ခိုင်းစေတာ တွေက လည်း ကျားမခွဲခြားမှုကိုလက်ဆင့်ကမ်း စေသလိုဖြစ်တဲ့အတွက် ဆင်ခြင်သင့်တယ်လို့သူကပြောပါတယ်။

      “ တတန်းပဲရှိတဲ့ ကျွန့်တော့်သားကိုတောင်သူ့ဦးလေးတွေက မင်းကျောင်းမှာ‌‌စော်ရပြီလားတို့၊သူကျောင်းမှာအရမ်းခင်တဲ့ ကောင်မလေးကိုလည်းcrush လုပ်ဖို့သင်တာတွေပေါ့၊ လူကြီးတွေက စနောက်လိုက်ပေမယ့် အဲ့ဒါမျိုးတွေဆို ကျွန်တော် လက်မခံဘူး၊ သားကိုဒါက ရိုင်းစိုင်းတဲ့စကားဖြစ်လို့မပြောရဘူးဆိုတာမျိုး၊ကျောင်းမှာအပြစ်ပေးခံရမယ်ဆိုတာမျိုး ပြောရတယ်”လို့ကိုစိုင်းစိုင်းကဆိုတယ်။

    နေ့စဉ်လူမှုဘဝမှာ  ယောကျာ်းလေးဖြစ်ခြင်းမိန်းကလေးဖြစ်ခြင်းစံနှုန်းသတ်မှတ်ချက်တွေက သာမန်အားဖြင့် အရေးမကြီး တဲ့ ကိစ္စလို့ ယူဆကောင်းယူဆနိုင်ပေမယ့် ဒီလိုခွဲခြားမှုတွေက ရေရှည်ဖြစ်လာတဲ့အခါ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံ မှုတွေ ပိုအမြစ်တွယ်လာစေသလို အကြမ်းဖက်မှူတွေလည်းပိုတိုးလာစေမှာလို့သူကဆက်ပြောတယ်။

         နေ့စဉ်လူနေမှုဘဝမှာလည်း  ကျားဖြစ်ခြင်း မဖြစ်ခြင်းဆိုတဲ့ စံသတ်မှတ်ချက်တွေနဲ့ကိုက်ညီအောင် နေကြရပြီး၊ ဒီလိုအချက်တွေကနေ ‌သွေဖီသွားတဲအခါ လူအများအမြင်မှာလှောင်ပြောင်စရာ ဖြစ်တာ၊ ကျားမအခြေပြု အကြမ်းဖက်ခံ ရတာတွေကြုံရပြန်ပါတယ်။

      အမျိုးသမီးဖြစ်တဲ့အတွက် လူမှုစံသတ်မှတ်ချက်အရ သိမ်မွှေ့ရမယ် နွဲ့နှောင်းရမယ်ဆိုပြီး လူတဖက်သားကို မှီခိုအား ထားလိုတဲ့ စိတ်မျိုးဖြစ်အောင်သင်ကြားတာ၊ ယောကျာ်းလေးတွေမှာလည်းကျားကျားလျားလျားနဲ့ပြောဆိုနိုင်ရမယ်၊ လုပ်ရဲကိုင်ရဲရှိရမယ်ဆိုတာမျိုးကို မပျိုးထောင်သင့်ဘူးလို့ မြန်မာ့ အမျိုးသမီးသမဂ္ဂ(BWU) ရဲ့ မူဝါဒရေးရာ ဦးဆောင်ကော်မတီဝင် တဦးဖြစ်တဲ့ဒေါ်တင်တင်ညိုကမှတ်ချက်ပြုပါတယ်။

   ယောကျာ်းလေးဖြစ်စေ မိန်းကလေးဖြစ်‌စေ ခန္ဓာ‌ဗေဒပိုင်းဆိုင်ရာ မတူညီပေမယ့်လည်း သူ့တို့ရဲ့ဖြစ်တည်မှု တခုချင်းစီ တိုင်းတန်ဖိုးရှိတယ်၊ မတူညီတဲ့စွမ်းဆောင်ရည်တွေရှိတယ်ဆိုတာကိုငယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးရမှာ ဖြစ်သလို လူတဦးတယောက်ချင်းစီအနေနဲ့  ကိုယ့်ရဲ့တကိုယ်ရည် စားဝတ်နေရေးကစလို့ အိမ်မှုကိစ္စ၊ တကိုယ်ရည် သန့်ရှင်းရေး စတဲ့တကိုယ်ရည်တာဝန်ယူရမှာတွေကိုတာဝန်ယူတတ်လုပ်ဆောင်တတ်အောင်သင်ကြားပေးဖို့လိုတယ်လို့ သူကဆက်ပြော တယ်။

      “ယောကျာ်းမိန်းမဆိုတာထက် လူဆိုတဲ့ တန်ဖိုးတခုရဲ့အောက်မှာပဲတက်သင့်တာတက်ထားရမယ်၊ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်နိုင်ပြီးတော့မှ ကိုယ့်ဆုံးဖြတ်ချက်နဲကိုယ် အမှားအမှန်ကို ခွဲခြားချင့်ချိန်နိုင်တဲ့ လူမျိုးဖြစ်အောင်ပဲ သွန်သင် ပေးရမယ်”လို့ ဒေါ်တင်တင်ညိုကပြောတယ်။

      လူ့ပတ်ဝန်ကျင်က ဖိုဝါဒလွှမ်းမိုးမှုရှိနေတဲ့အခါ ယောကျာ်းလေးက မြင့်မြတ်တယ်၊ တန်ဖိုးရှိတယ်၊ ဦးဆောင်နိုင် တယ်၊ သန်မာတယ်ဆိုတဲ့ စံနှုန်းသတ်မှတ်ချက်တွေကြောင့် အမျိုးသားတွေမှာ ဖိအားတွေဝန် ထုပ်ဝန်ပိုးတွေ ဖြစ်လာ သလို၊ယောကျာ်းဖြစ်ခြင်းမိန်းမဖြစ်ခြင်းပေါ်အခြေခံပြီး တာဝန်နဲ့အလုပ်အကိုင်တွေခွဲခြားသတ်မှတ်ကြတဲ့အခါ ကိုယ်ပိုင် ဆုံးဖြတ်ချက်နဲ့ စိတ်ဝင်စားမှုကို ရွေးချယ်ခွင့်မရှိတော့တဲ့အနေထားဖြစ်လာပါတယ်။

      “ယောကျာ်းဆိုတာမငိုရဘူးဆိုတဲ့ စံသတ်မှတ်ချက်တွေ‌အောက်မှာ ဒီခံစားချက်တွေကို ဘယ်နေရာမှာ ပေါက်ကွဲလိုက် ရမလဲ၊ဘယ်နားမှာ ရင်ဖွင့်ရမလဲဆိုတာမရှိဘဲ ကြာလာတော့ ဒါတွေက ထုထည်ဖြစ်လာတဲ့အခါ အရက်သောက်တာ ဒါမှမဟုတ် အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်လိုက်တာ မလိုလားအပ်တဲ့ အခြေအနေထိရောက်သွားတာလည်းရှိတယ်၊  “လို့ ဒေါ်တင်တင်ညိုကရှင်းပြပါတယ်။

        အမျိုးသားတွေသာ ကြီးကျယ်မြင့်မြတ်တယ်ဆိုတဲ အတွေးအခေါ်လွှမ်းမိုးနေတဲ့ လူမှုအသိုင်းအဝိုင်းစနစ်အရိုးစွဲမှုက နှစ်ကာလကြာလာပြီး ဒီလုပ်ဆောင်ချက်တွေက သာမန်ရိုးကျ ဖြစ်လာတဲ့အခါ ဒါကိုပြောင်းလဲရမယ်ဆိုတာကလည်း  ခက်ခဲလာတယ်လို့ဆိုတယ်။

    ဒါကိုပြောင်းလဲဖို့အတွက် ကိုယ်တိုင်က စတင်ပြီး ကိုယ့်သားသမီး၊ကျောင်းသား၊ မျိုးဆက်သစ်တွေကို  ထိန်းကျောင်းပဲ့ပြင် တဲ့အခါ ပုံစံသတ်မှတ်ချက်တွေ  မိရိုးဖလာ ဆိုဆုံးမမှုတွေကနေတဆင့် ဖြစ်တည်လာတဲ့ ခွဲခြားဆက်ဆံမှုတွေကို ပျောက်ကွယ် သွားနိုင်မယ့်ပုံစံမျိူသင်ကြားပေးဖို့လိုတယ်လို့သူကဆိုတယ်။

      “ကိုယ်ကိုယ်တိုင်ကလည်း ပြုမှုကျင့်ကြံဖို့လိုတယ်၊ ဒါမှလည်း  ပုံစံခွက် သတ်မှတ်ချက်တွေကို ကျော်လွန်နိုင်မယ် အဲ့ဒီကနေတဆင့် အမျိုးသားတွေကို ဦးထိပ်ထားတဲ့ အမျိုးသားတွေက ပိုပြီးတော့မှတန်ဖိုးရှိတယ်ဆိုတဲ့ အတွေးအခေါ်ကို ဖြတ်နိုင်မှာဖြစ်တယ်” လို့ ဒေါ်တင်တင်ညိုကပြောပါတယ်။  

        ယောကျာ်းလေးဆိုရင် သန်မာသူအဖြစ် မိန်းကလေးဆို အားနွဲ့သူအဖြစ် ပုံဖော်ထားတဲ့ လူမှု စံသတ်မှတ်ချက် တွေကို ပြင်ဖို့အတွက် ကလေးအရွယ်ငယ်စဉ်ကတည်း ခွဲခြားတဲ့ အယူအဆ လွှမ်းမိုးမှုတွေကင်းပြီး လွတ်လပ်တဲ့အတွေးအခေါ်ရှိဖို့ ကြိုးပမ်းပျိုးထောင်ပေးသင့်သလို့ ကျောင်းသင်ခန်းစာတွေမှာပါထည့်သွင်သင်ကြားသင့်တယ်လို့ မိဘတွေက ဆိုပါတယ်။

     ဒါမှသာ ကျားမအခြေပြုခွဲခြားမှုတွေကင်းပြီး ယောကျာ်းလေးဖြစ်စေ  မိန်းကလေးဖြစ်စေ ဖြစ်တည်မှုတခုအခေါ်အခြေခံလို့ အနိုင်ကျင့်၊ခွဲ ခြားဆက်ဆံမှုတွေ၊ အခွင့်အရေးပေးမှုတွေ မရှိ‌စေဘဲ မျှတငြိမ်းချမ်းတဲ့လူ့ဘောင်ဝန်းကျင်တခု ပေါ်ပေါက်လာမှာပဲဖြစ်ပါတယ်။

Author: