အမျိုးသမီးဖြစ်ခြင်းကြောင့်ဘောင်ခတ်ခံထားရတဲ့ အလှအပစံနှုန်းများ
အမျိုးသမီးဖြစ်ခြင်းကြောင့်ဘောင်ခတ်ခံထားရတဲ့ အလှအပစံနှုန်းများ
ထနောင်းမေ
မြန်မာ့လူမှုအသိုင်းအဝိုင်းမှာ လူတစ်ဦးကိုတွေ့ရင်ပြောလေ့ရှိတာက “ဝလာတယ်နော်” “ပိန်သွားတယ်” စတဲ့ ခန္ဓာကိုယ်အချိုးအစားကိုမှတ်ချက်ပြုပြီး နှုတ်ဆက်လေ့ရှိကြပါတယ်။
ဖျော်ဖြေရေးအစီအစဉ်တွေဖြစ်တဲ့ ကြော်ငြာတွေ၊ သီချင်းတွေ ကနေတစ်ဆင့်လည်း အလှအပစံနှုန်းကိုသတ်မှတ်ကြလေ့ရှိကြပါတယ်။
ပိန်မှလှခြင်း၊ဝဝပြည့်ပြည့်မှ ကြည့်ကောင်းခြင်း၊ အသားဖြူမှဆွဲမက်ဖွယ်ကောင်းခြင်း ၊အသားညိုမှဆွဲဆောင်မှုရှိခြင်းစတဲ့ လူမှုအသိုင်းအဝိုင်းကသတ်မှတ်ထားတဲ့ အလှအပစံနှုန်းတွေကို သီချင်းစာသားတွေ၊စာအုပ်တွေ၊ ရုပ်ရှင်တွေကနေတစ်ဆင့် တွင်တွင်အသားပေးခြင်းကလည်း ဒီစံနှုန်းတွေထဲမှာရှိမနေသူတွေအတွက် အခက်တွေ့စေပါတယ်။ နည်းပညာတွေဖွံ့ဖြိုးတိုးတက်လာတာနဲ့အမျှ မလှတဲ့နေရာကို လှအောင်ပြုပြင်နိုင်တဲ့ နည်းလမ်းတွေကလည်း ဆန်းသစ်လို့မဆုံးနိုင်အောင်ပါပဲ။
လူမှုအသိုင်းအဝိုင်းကသတ်မှတ်ထားတဲ့ အလှအပစံနှုန်းတွေကြောင့်ပဲ ဒီစံနှုန်းတွေထဲဝင်အောင်နေထိုင်ဖို့ကြိုးစားရင်း အမျိူးသမီးတွေဟာ မလိုလားအပ်တဲ့ ကျန်းမာရေးပြသနာတွေနဲ့ရင်ဆိုင်ရလေ့ရှိပါတယ်။ဖွံ့ဖြိုးပြီးသားနိုင်ငံတွေမှာတော့ ခွဲစိတ်ပြုပြင်တဲ့ဆေးရုံ ဆေးခန်းတွေဟာ ကျွမ်းကျင်ဆရာဝန်တွေနဲ့ ကုန်ကျစရိတ်မြင့်မားစွာပြုလုပ်ကြလေ့ရှိပြီး မှားယွင်းခဲ့ရင်လည်း တည်ဆဲဥပဒေတွေနဲ့ အရေးယူနိုင်ပါတယ်။
တရားဥပဒေစိုးမိုးမှုမရှိတဲ့ မြန်မာနိုင်ငံမှာတော့ ကျွမ်းကျင်ပညာရှင်မဟုတ်ဘဲ အလှအပပြုပြင်ရေးတွေကို လုပ်ကိုင်နေကြပြီး အထိန်းကွပ်မဲ့နေတဲ့အတွက် ဒီလိုနေရာတွေမှာသွားရောက်ပြုပြင်ပြီး အသက်ဆုံးရှုံးသွားရတဲ့ ဖြစ်စဉ်တွေလည်းရှိပါတယ်။ လူမှုအသိုင်းအဝိုင်းကသတ်မှတ်ထားတဲ့ စံနှုန်းတွေကြားမှာ အမျိုးသမီးတွေဟာဘယ်လောက်အထိ အသက်ရှူကြပ်ရလဲဆိုတာ အဆိုပါဖြစ်စဉ်တွေက သက်သေခံနေပါတယ်။
အသက်(၂၆)နှစ်အရွယ် ရန်ကုန်တိုင်းဒေသကြီး ကြည်မြင့်တိုင်မြို့မှာနေထိုင်တဲ့ မမီးငယ်တစ်ယောက်ဟာလည်း လူမှုအသိုင်းအဝိုင်းကသတ်မှတ်ထားတဲ့စံနှုန်းတွေကြားမှာ စိတ်ပိုင်းဆိုင်ရာ မွန်းကြပ်မှုတွေခံစားခဲ့ရပါတယ်။ မမီးငယ်ဟာ ငယ်စဉ်ဘဝကတည်းက သာမာန်ထက်ပြည့်တဲ့ ခန္ဓာကိုယ်အလေးချိန်ရှိတာကြောင့် နားလည်တက်စအချိန်ကတည်းက ဝလာလိုက်တာ၊ဝိတ်ချဦး၊ အစားလျော့စားဆိုတဲ့ စကားတွေနဲ့ကြီးပြင်းခဲ့ရပါတယ်။ အထက်တန်းရောက်တော့လည်း ဝလို့စာမလိုက်နိုင်ဘူးလို့ ကျူရှင်ဆရာက မိခင်ဖြစ်သူထံ မှတ်ချက်ပေးတာကို မှတ်မှတ်ရရကြားသိခဲ့ရတယ်။
“အဲ့တုန်းကဆို ၉ တန်းကျောင်းသူဘဝပဲရှိနေသေးပေမယ့် တအားအံ့သြသွားတာပေါ့နော်။ သူက ဝနေလို့ စာလုပ်ရတာနှေးနေတယ်ဆိုတာ ခန္ဓာကိုယ်အလေးချိန်နဲ့ စာလုပ်တာလေးတာနဲ့က ဘာမှမသက်ဆိုင်နေဘူးလေ။ အဲ့ဒါကို သူကဝနေလို့ စာလေးနေတယ် စာမရနိုင်ဘူး။ စာမရနေဘူး အဲ့လိုမျိုးမိဘကိုပြောတာကြုံရတယ်”လို့မမီးငယ်က ပြောပါပါတယ်။ မမီးငယ်တယောက် အကျီဆိုင်ကိုရောက်တိုင်း အဝတ်အစားဝတ်တဲ့အချိန်မှာ ကြုံရလေ့ရှိတာကတော့ အကျီတခုကိုကိုင်ကြည့်တာနဲ့ ဆိုင်ဝန်ထမ်းက အမနဲ့မတော်ဘူးဆိုတာလို့ပြောတာမျိုးကို အမြဲကြုံရပါတယ်။ မမီးငယ်အနေနဲ့ ဝတ်ကြည့်လို့ရမလားလို့မေးလိုက်ရင်လည်း မရဘူး၊ ပြဲထွက်သွားမှာပေါ့ဆိုတဲ့ စကားလုံးတွေနဲ့ ပြောဆိုခံခဲ့ရဖူးပါတယ်။ဒီအတွက် မမီးငယ်ဟာ အကျီကိုကြိုက်နှစ်သက်လွန်းလို့ဝယ်လိုက်ပြီး အိမ်ရောက်မှဝတ်ကြည့်မယ်ဆိုတဲ့အတွေးနဲ့ ငွေရှင်းတဲ့အချိန်မှာတောင် မတော်လောက်ဘူးဆိုတဲ့ ပြောဆိုမှုမျိုးတွေကြုံရလေ့ရှိပါတယ်။
“လက်ဆောင်ပေးဖို့ဝယ်တာပါဆိုပြီးကိုယ့်အကျီအတွက် ကိုယ့်ပိုက်ဆံနဲ့ ကိုယ့်ဘာကိုဝယ်တာတောင် အဲ့လိုမျိုးပြောပြီးဝယ်လာရတယ်။ဘာဖြစ်လို့လဲဆို စမ်းဝတ်လို့လည်းမရဘူး။ နင့်ခန္ဓာကိုယ်နဲ့တော်တာလည်း မဟုတ်ဘူး။ ဒါကြီးက ဘာလို့ဝယ်တာလဲဆိုပြီးအပြောခံရတယ်”လို့ မမီးငယ်ကသူ့အတွေ့အကြုံကိုပြောပြပါတယ်။ ဆယ်ကျော်သက်အရွယ်ရောက်လို့ ခေတ်နဲ့အညီဝတ်စားတဲ့အခါမှာလည်း လျှပ်ပေါ်လော်လီနေတာမျိုးမဟုတ်ပေမယ့် လူငယ်ဆန်ဆန်ဝတ်စားတဲ့အခါမှာလည်း ခန္ဓာကိုယ်ပြည့်ခြင်းအပေါ်မှာ ထပ်ဆင့်ဝေဖန်ခံရပြန်ပါတယ်။
“ဘောင်းဘီတိုလေးဝတ်မယ်။ စကပ်တိုလေးဝတ်မယ်၊crop top လေးတွေဝတ်မယ်ဆိုလည်း အယ်ဗိုက်ခေါက်ကြီးကထွက်နေတာ လက်မောင်းကအဆီတွေ လက်မောင်းကြီးကအကြီးကြီးပဲပေါင်တွေက တုတ်နေတာကို ဒူးကမဲလိုက်တာ အဲ့လိုမျိုးတွေပြောတာပေါ့နော်”လို့ဆိုပါတယ်။ လက်ရှိအသက်အရွယ်ရောက်တော့လည်း ချစ်သူရည်းစားနဲ့မိသားစုဆီကနေ ဝိတ်ချဦး၊လေ့ကျင့်ခန်းလုပ်ဦး၊ကျန်းမာရေးအတွက်ဆိုတဲ့ ပြောဆိုမှုတွေကို ထပ်တလဲလဲကြားနေရဆဲဖြစ်ပါတယ်။ မမီးငယ်ရဲ့ အနီးစပ်ဆုံးလူတွေကအစဒီလိုပြောဆိုနေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာအဆင်မပြေမှုတွေနဲ့ကြုံတွေ့ရပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကို အရှိကိုအရှိအတိုင်း မချစ်ပေးနိုင်ကြဘူးဆိုတဲ့အတွေးက အပြည့်ဝင်နေပါတယ်။
“တခါတလေကျရင် လည်းကိုယ်သက်တောင့်သက်တာရှိတဲ့ ရပ်ဝန်းကလူတွေက ကိုယ့်ကိုအဲ့လိုထပ်လာပြောတယ်ဆိုရင်တော့ ငါ့ခန္ဓာကိုယ် ငါချစ်တယ်။ ငါချစ်လို့ငါစားတာ ဝိတ်မချလည်း ကျန်းမာရေးဖြစ်ရင် ငါ့ဟာငါခံယူမှာဆိုတဲ့ ဟာမျိုးကိုပြန်ပြောတယ်။ မဟုတ်ရင်တော့ တအားကိုပင်ပန်းပြီးတော့ တအားကိုစိတ်ညစ်ရတယ်”လို့မမီးငယ်ကပြောတယ်။
ဒီလိုစိတ်ပိုင်းဆိုင်ရာ အဆင်မပြေမှုတွေဖြစ်ပေါ်လာပေမယ့် ကိုယ့်ခန္ဓာကိုယ်အပေါ်အလိုမကျမှုတွေမရှိဘဲကိုယ့်ကိုကိုယ် ပိုပြီးတန်ဖိုးထားတက်လာတယ်လို့ မမီးငယ်ကဆိုပါတယ်။
“ဒီလိုမျိုး ဝနေတယ် အစာလျော့ ငါ့ကိုဒီလို တွေပြောနေလို့ဆိုပြီးတော့ ဘာမှမဖြစ်ဘူး။ဒီလူတွေက ငါရဲ့ဖြစ်တည်မှုကိုတန်ဖိုးမထားတက်ပါလားဆိုတဲ့ ဝမ်းနည်းစိတ် စိတ်ထဲမှာ မချိတင်ကဲ့ဖြစ်တဲ့စိတ်ပဲဖြစ်တယ်”လို့ဆိုပါတယ်။
ဘေးပတ်ဝန်းကျင်ရဲ့စကားကြောင့်ခန္ဓာကိုယ်ကိုပြုပြင်ပြောင်းလဲလိုတာမဟုတ်ဘဲ ကိုယ့်ရဲ့နေထိုင်မှုပုံစံနဲ့ ကျန်းမာရေးအတွက်ကြောင့်သာ ပြောင်းလဲလိုစိတ်ဖြစ်ခဲ့ပါတယ်။
“အလုပ်က အမြဲတမ်းကွန်ပျူတာမှာထိုင်နေရတဲ့အတွက် ခန္ဓာကိုယ်လေးလံမှုကိုယ့်ဟာကိုယ်ခံစားလာရတယ်။ ဇတ်ကြောတွေတက်တယ်။ ပြီးရင်လမ်းလျှောက်တဲ့အခါမှာမောတယ်။ မပြေးနိုင်ဘူး။ဒါက ကိုယ့်ဟာကိုယ်နေ့စဉ်နေ့တဒူဝမှာ အဆင်မပြေတာဖြစ်တဲ့အတွက် ငါရုပ်ပိုင်းဆိုင်ရာပြောင်းလဲသင့်တယ်ဆိုတဲ့ ဟာကြောာင့်ရုပ်ပိုင်းဆိုင်ရာပြောင်းလဲလိုစိတ်ဖြစ်တာ”လို့မမီးငယ်ကဆိုတယ်။
မမီးငယ်နည်းတူ ခန္ဓာကိုယ်ဖြစ်တည်မှုနဲ့ပတ်သက်ပြီး ဝေဖန်ခံရဖူးသူကတော့ အသက်(၃၀)အရွယ် ဧရာဝတီတိုင်းမှာနေထိုင်တဲ့ မဖူးပါ။
မဖူးဟာ အစားအသောက်ကြောင့် ခန္ဓာကိုယ်အလေးချိန်တက်လာတာကို သန္ဓေတားဆေးသုံးစွဲတာကြောင့်ဝနေတဲ့ပုံစံမျိုးနဲ့ ဆွေမျိုးတချို့ကစွပ်စွဲပြောဆိုကြပါတယ်။
“ကိုယ့်အမေကိုပါ သားသမီးကို မထိန်းနိုင်တဲ့ ပုံစံတွေပါ အပြောခံခဲ့ရတယ်။ထမင်းနည်းနည်းပဲ စားလည်း ညီမတဝမ်းကွဲတွေကအစ ဒီလောက် စားသောက်နေတာ ဝက်ပုတ်ဖြစ်မှာပေါ့ဆိုတဲ့ စကားမျိုးတွေပါ ပြောကြတယ်။တချို့ဆို အဒေါ်ကြီးဆိုဒ်နဲ့ လို့ တောင် ကိုယ့်ကိုပြောကြတာမျိုးရှိတယ်”လို့သူ့အတွေ့အကြုံကိုပြောပြပါတယ်။
ဒီလိုပြောဆိုမှုတွေခံရတဲ့အခါ အစပိုင်းမှာတော့ မသိချင်ယောင်ဆောင်လိုက်ပေမယ့် နောက်ပိုင်းလူကိုတွေ့တိုင်းပြောလာတဲ့အခါ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေဖြစ်လာပါတယ်။မဖူးဟာ ကိုယ့်ခန္ဓာကိုယ်ဖြစ်တည်မှုကိုရှက်လာပြီး အပြင်ထွက်ရင်အကျီအပွတွေဝတ်လာ၊မြန်မာဝတ်စုံတွေကို သိပ်မဝတ်ချင်တော့တာ ကိုယ့်ဖြစ်တည်မှုကို ကိုယ်စိတ်ပျက်ပြီး ငိုမိတာမျိုးတွေခံစားလာရပါတယ်။
ဒီလိုပြောဆိုမှုတွေကိုမခံချင်တဲ့အတွက် ဝိတ်ချဖို့စတင်စဉ်းစားခဲ့တယ်။ညစာဖြတ်တာ၊အစာဖြတ်တာတွေပြုလုပ်ခဲ့တယ်။
“စစဖြတ်ခါစတုန်းကတော့ ဗိုက်အရမ်းဆာရင် ငိုမိတဲ့အထိပဲ။ အမေကတော့ အရမ်းမချခိုင်းဘူး။ဗိုက်ဆာရင် စားဆိုပြီးစားခိုင်းတယ်။ကိုယ်က အပြောခံထားရတော့ ရအောင်လုပ်ပြမယ်ဆိုပြီး အစားလျော့တယ်”လို့မဖူးကပြောတယ်။
နောက်ပိုင်းညနေ ၆ နာရီကနေ နောက်နေ့နေ့လည် ၁ နာရီထိအစာဖြတ်တာ၊ အဲ့အချိန်တွင်းမှာ ရေတစ်မျိုးပဲ သောက်တာ၊အလုပ်မသွားခင် လေ့ကျင့်ခန်းပုံမှန် လုပ်တာတွေပြုလုပ်ပါတယ်။ဒီလိုလုပ်ပေမယ့် တခါတလေဝိတ်ကထင်သလောက်မကျတဲ့အခါစိတ်ဓာတ်ကျတာမျိုးတွေလည်းရှိပါတယ်။
“ဝရင် ပိုအာရုံစိုက်ခံရပြီးစကားပြောနေရင်းနဲ့တောင် ဒီဝတာကိုပဲ အပြစ်ပြော ခံရတယ်။ အသားအရည်မကောင်းရင်လည်း မိန်းကလေးအချင်းချင်းက ပိုပြောတယ်။ဝတ်စားတာ အချိုးမကျရင် လည်း အကဲ့ရဲ့ခံရတာ မိန်းကလေး ပိုများတယ်”လို့မဖူးကပြောပါတယ်။
မိတ်ဆွေတွေ အချင်းချင်းအနေနဲ့လည်းတွေတာနဲ့ ဝလာတာတို့ ၊ အသားအရည်မကောင်းတာတို့ ၊ ပြစ်တင်ဝေဖန်တာတွေကို မပြောဘဲနဲ့ ကိုယ်နဲ့မတွေ့တဲ့အချိန်ကာလမှာ သူဘယ်လိုတိုးတက်အောင်မြင်လာလဲ သူဘယ်လိုကြိုးစားခဲ့ရလဲ၊သူနေကောင်းလား ၊ ကျန်းမာရေးကရော ကောင်းမွန်လားဆိုတဲ့ ဒါမျိုးလေးတွေကို အဓိကထားပြီးပြောသင့်တယ်လို့မဖူးကမှတ်ချက်ပြုပါတယ်။
“သူ့အောင်မြင်မှုကို ကိုယ်အတုယူလို့ရနိုင်မယ့် အကြောင်းလေးတွေကိုပဲ မေးမြန်းသင့်တယ်။သူအဆင်မပြေရင်လည်း စိတ်ဓာတ် ခွန်အား ဘယ်လို ပေးမလဲ။သူအားမငယ်အောင် ဘယ်လိုနှစ်သိမ့်ပေးရမလဲဆိုတာမျိုးတွေကို ပြောသင့်တယ်။ တပါးသူ စိတ်အနှောင့်အယှက်ဖြစ်ပြီးပိုအားငယ်သွားမှာမျိုးတွေ ပြောတာကို ရှောင်ကြဉ်သင့်တယ်”လို့မဖူးကပြောတယ်။
အမျိုးသမီးတွေဟာ အမျိုးသမီး ဖြစ်ခြင်းဆိုတဲ့ခေါင်းစဉ်ကြောင့် ပညာရေး၊အလုပ်အကိုင်၊အခွင့်အရေး၊နိုင်ငံရေးမှာပါဝင်မှု စတာတွေမှာ ခွဲခြားဆက်ဆံခံရတဲ့အပြင် လူမှုအသိုင်းအဝိုင်းကသတ်မှတ်ထားကြတဲ့ အလှအပစံနှုန်းတွေကြောင့်လည်းထပ်မံ ခွဲခြားခံနေကြရပြန်တာဖြစ်ပါတယ်။
အလှအပစံနှုန်းလို့ပြောတဲ့အခါ တချို့အလှအပစံနှုန်းတွေက ဖိုဝါဒစနစ်ကနေသွတ်သွင်းလာတဲ့အရာတွေဖြစ်ပြီး အမျိုးသမီးဆိုရင် ရင်သားတွေရှိမှ တင်တွေရှိမှလှပတယ်လို့ဆိုကြသလို အမျိုးသားဆိုရင်လည်း ယောကျာ်းပီသမှ ကြွက်သားတွေရှိမှ ဒီလိုအရာတွေနဲ့သတ်မှတ်လေ့ရှိကြတယ်လို့ ဂျဲန်ဒါအရေးလေ့လာသူ သုတေသီတစ်ဦးဖြစ်တဲ့ မချယ်ရီက မှတ်ချက်ပြုပါတယ်။
အလှအပစံနှုန်းတွေဟာ တကမ္ဘာလုံးအတိုင်းအတာအနေနဲ့ အရင်ခေတ်အဆက်ဆက်မှာကတည်းက တည်ရှိခဲ့တာဖြစ်ပါတယ်။အလှအပစံနှုန်းတွေဟာ ကိုလိုနီဝါဒရဲ့ လွှမ်းမိုးမှုတွေရှိတာကိုလည်း တွေ့နိုင်ပါတယ်။လူဖြူတွေကြီးစိုးတဲ့ ကိုလိုနီခေတ်မှာဆိုရင်လည်း အသားဖြူတဲ့လူတွေကမှလှတာ၊အဖြူဖြစ်ခြင်းက ပိုမြင့်မြတ်ပြီး ကျန်တဲ့ အသားအရောင်ရှိသူတွေက မလှဘူး၊မမြင့်မြတ်ဘူးဆိုတဲ့ လူမျိုးရေးဖိနှိပ်မှုတွေနဲ့ အလှအပစံနှုန်းတွေကိုသတ်မှတ်လေ့ရှိကြတယ်လို့ မချယ်ရီကပြောပြပါတယ်။ ဒါကြောင့်မို့လို့လည်း အသားဖြူဖို့၊ အသားလတ်ဖို့ အတွက် အသားဖြူဆေးတွေသုံးစွဲတာ၊မှီဝဲတာတွေ ဖြစ်လာရပါတယ်။
“အမျိုးသမီးတွေက ဘယ်လို Target ထားခံရလဲဆိုရင် ဖိနှိပ်မှုအဆောက်အအုံတွေကလေ တခုနဲ့တခုက တသီးတခြားစီရှိနေတာမဟုတ်ဘူး။ အချင်းချင်း ဆက်စပ်နေတာမျိုးဖြစ်တယ်။ အရင်းရှင်စနစ်ဆိုရင်လည်း ဖိုဝါဒစနစ်နဲ့သွားပြီးဆက်စပ်ပြီး တစ်ခုနဲ့တစ်ခုက အထောက်အပံ့ပေးနေတာမျိုးလည်းဖြစ်တယ်”လို့မချယ်ရီကပြောပါတယ်။
အရင်းရှင်စနစ်အောက်မှာ စားသုံးသူဝါဒကိုမြှင့်တင်ဖို့အတွက် အလှအပစံနှုန်းတွေကို ဘောင်ခတ်သတ်မှတ်လာကြပါတယ်။
စားသုံးသူဝါဒကိုမြှင်တင်တဲ့အခါမှာလည်း မီဒီယာတွေ၊ဆိုရှယ်မီဒီယာတွေကိုအသုံးပြုပြီး ကြော်ငြာတွေကနေတစ်ဆင့် အလှအပစံနှုန်းတွေကိုဘောင်သွင်းသတ်မှတ်လာတာကိုလည်းမြင်ရတယ်လို့မချယ်ရီကဆိုပါတယ်။
ဥပမာအနေနဲ့စီးပွားရေးလုပ်ငန်းရှင်တွေက သူတို့ရဲ့ ထုတ်ကုန်ဖြစ်တဲ့ အသားဖြူဆေးတွေ၊ ပိန်ဆေးတွေကို ရောင်းချချင်တဲ့အခါ အသားဖြူမှလှမှာ အသားမဲရင် ဒါမှမဟုတ် ညိုရင်မလှဘူး၊ပိန်မှလှတာ၊ဝရင် ရုပ်ဆိုးတယ်ဆိုတာမျိုးတွေသတ်မှတ်လာကြပါတယ်။ ဒါတွေကိုလည်း ကြော်ငြာတွေကို လူတွေမကြည့်ကြည့်အောင် နည်းလမ်းပေါင်းစုံနဲ့ကြိုးစားသွတ်သွင်းပါတယ်။
ဒီလိုအလှအပစံနှုန်းတွေကိုခဏခဏ မြင်ရကြားရတာများလာတဲ့အခါ ကိုယ့်ရဲ့ဖြစ်တည်မှုအပေါ် သဘောမကျတာမျိုး၊ self-esteem လျော့ကျတာတာ၊အစားအသောက်လျော့တာမျိုး၊တချို့ဆို အစားအသောက်ကိုစားပြန်းရင် ချက်ချင်းပြန်အန်ထုတ်ပစ်တဲ့ eating disorder တွေဖြစ်လာတာ၊မစားမသောက်ဘဲနေတာ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာထိခိုက်တာတွေဖြစ်လာကြတယ်လို့ မချယ်ရီက မှတ်ချက်ပြုပါတယ်။
လူမှုပတ်ဝန်းကျင်ကသတ်မှတ်ထားတဲ့ အလှအပစံနှုန်းတွေထဲဝင်အောင်ကြိုးစားရင်း ခန္ဓာကိုယ်၊မျက်နှာ ခွဲစိတ်ပြုပြင်တာတွေခေတ်စားလာပါတယ်။တရားဥပဒေစိုးမိုးမှုမရှိတဲ့ အခြေအနေဖြစ်သလို အာဏာသိမ်းပြီးနောက်မှာစီးပွားရေးလုပ်ငန်းရှင်တွေဟာ သူတို့အကျိုးမြတ်ရဖို့သာ ဖြစ်ပြီး ထိန်းကျောင်းပေးဖို့ ယန္တရားတွေက အလုပ်မဖြစ်တဲ့အတွက် လက်ရှိအခြေအနေမှာ အသက်ဆုံးရှုံးတဲ့ဖြစ်စဉ်တွေမျိုးအထိဖြစ်ပေါ်လာတာဖြစ်တယ်လို့ဆိုပါတယ်။
“ဒါတွေကို နည်းအောင် ၊ကင်းအောင်လုပ်ဖို့အတွက်ဆို ခုနောက်ပိုင်းဆို အချို့ beauty standard တွေကိုလက်မခံပဲနဲ့ဝေဖန်တာ ဆန်းစစ်တာမျိုးတွေ ရှိလာတဲ့ဟာကိုကောင်းတယ်လို့မြင်တယ်။ဥပမာဆိုရင် သီချင်းအရဆို ဖက်တီးမ သီချင်းမျိုးဆို အရင်တုန်းကဆိုလူတွေကရှုံ့ချရကောင်းမှန်းမသိဘဲနဲ့ဆိုကြတယ်။အဲ့ကနေတဆင့် အသားမဲရင် ဝရင်ရုပ်ဆိုးတယ်ဆိုတဲ့ နောက်ကိုလိုက်ကြတယ်။ အခုနောက်ပိုင်းကျ အဲ့လိုဟာတွေကို ဝေဖန်တာ critical ဖြစ်လာကြတာကောင်းတယ်”လို့မချယ်ရီက ဆိုပါတယ်။
လူ့အဖွဲ့အစည်းတခုလုံးအနေနဲ့လည်း လူတယောက်ကို ရုပ်ပိုင်းဆိုင်ရာအသွင်အပြင်ကိုကြည့်ပြီးတော့ ဆုံးဖြတ်တာ၊ ကောက်ချက်ချတာ တွေကမကောင်းဘူးဆိုတာမျိုးတွေပိုပြီးသိသင့်လာပြီဖြစ်ပါတယ်။
“တချို့ အရိုးစွဲနေတဲ့ ယုံကြည်ချက်တွေဖြစ်တဲ့ အမျိုးသမီးဆိုရင် ချောမှ လှမှနှစ်လိုဖွယ်ကောင်းတာ အမျိုးသမီးတယောက်အတွက် သူ့ရဲ့ပရော်ဖက်ရှင်နယ်ပိုင်းဆိုင်ရာ လုပ်ငန်းပိုင်းဆိုင်ရာ carrier quality တွေဘာမှမလိုပဲနဲ့ ရုပ်ပိုင်းဆိုင်ရာ အလှတခုထဲရှိရင်ကိုပဲ ကောင်းတယ်ဆိုတဲ့ အတွေးအမြင်တွေကိုလည်း ပြန်ပြိးတော့ challenge လုပ်သင့်တယ်။ ဒီလိုအတွေးအမြင်တွေကိုလည်းဝေဖန်ဆန်းစစ်ဖို့လိုတယ်လို့ထင်တယ်”လို့မချယ်ရီက မှတ်ချက်ပြုပါတယ်။
“အလှအပဆိုတာ အမျိုးသမီးတွေဘဝအတွက် ကောင်းတဲ့ ပါဝါလည်းဖြစ်စေသလို သူတို့ကိုပြန်ပြီးဖိနှိပ်ဖို့အတွက် စံနှုန်းတွေသွတ်သွင်းတာတွေရှိတာကိုလည်း မြင်ရပါတယ်၊ ဥပမာ- ချောတယ်လှတယ်လို့ လက်ခံထားတဲ့ မိန်းကလေးတစ်ယောက်ကိုမြင်ရင် တွေးခေါ်စဥ်းစားနိုင်စွမ်းနည်းပါးမယ်တို့၊ ရုပ်ရည်ကလွဲပြီး အခြားအရည်အချင်း မရှိဘူး စတဲ့ patriarchal ဖြစ်တဲ့ အမြင်တွေလည်း ရှိနေပါတယ် ”လို့ မချယ်ရီကဆိုပါတယ်။
- အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ - 24/06/2025
- အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ - 22/06/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 21/06/2025