မီးဖွားပြီးစ  စိတ်ကျဝေဒနာ ခံစားရတဲ့ မိခင်တွေကို တာဝန်ခွဲဝေယူပေးဖို့လိုအပ်

ကေခိုင်       

          “အိပ်ရေးကရက်ဆက်ပျက်တော့ ပင်ပန်းတယ်။ ကလေးကို ကြည့်ရင်း  ဒေါသတွေထွက်လာသလို၊ သူ့အဖေကိုလည်း မကြည့်ချင်ဘူး၊ ငါသေသွားရင်ကောင်းမယ်ဆိုတာပဲ တွေး တွေး မိနေတာ” လို့ မယုဝါက လွန်ခဲ့တဲ့ သုံးနှစ်ကျော်၊  သူမီးဖွားပြီး နောက်ခံစားရတဲ့ စိတ်ဖိစီးမှုကို ပြန်ပြောင်းပြောပြပါတယ်။

         သူဟာ ကလေးမီးဖွားပြီးနောက် ကြုံတွေ့ရတဲ့ဟော်မုန်းအပြောင်းအလဲတွေနဲ့အတူ အိပ်ရေးပျက်တာ ပင်ပန်းတာတွေ ကြောင့် စိတ်ဖိစီးတာကနေ ကိုယ်ရောစိတ်ပါ ကြမ်းကြမ်းတမ်းတမ်းဖြစ်တဲ့အဆင့်အထိ ရောက်ခဲ့ပြီး တတ်ကျွမ်းသူတွေနဲ့ ပြသအကူ အညီယူရတဲ့အထိ ဖြစ်ခဲ့ရပါတယ်။

       “ကိုယ့်မှာ အိမ်အလုပ်တဖက်၊ ကလေးတဖက်နဲ့ လူပင်ပန်းစိတ်ပင်ပန်းပြီး စိတ်ကျတဲ့အဆင့်ထိ ရောက်နေပေမယ့်  ယောကျာ်းက သိဖို့နေနေသာသာ အလိုက်လည်းမသိ၊ ကလေးကိစ္စတွေလည်း မကူနဲ့၊ ကလေးမွေးရတဲ့ပင်ပန်းမှုထက်  နောက်ပိုင်းကြုံရတာက  ပိုပင်ပန်းတယ် “ လို့ ‌တောင်ဒဂုံမြို့နယ်မှာနေထိုင်တဲ့ ကလေးတစ်ဦးမိခင် မယုဝါကပြောတယ်။

       အမျိုးသမီးတွေမှာ  ကိုးလလွယ်ဆယ်လဖွားပြီးနောက် ခန္ဓာကိုယ်အပြောင်းအလဲနဲ့အတူ စိတ်ခံစားမှု အပြောင်းအလဲပါ ကြုံရပါတယ်။ အထူးသဖြင့် မီးဖွားပြီးစ မိခင်တွေမှာ စိတ်အတက်အကျမြန်တဲ့ကာလ (baby blue period)  ဖြစ်စဉ်နဲ့  မီးဖွား ပြီးစိတ်ကျဝေဒနာ (Postpartum depression- PPD )ဖြစ်စဉ်တွေကြုံရလေ့ရှိတယ်။

     မီးဖွားပြီးစ မိခင်အများစုကြုံရလေ့ရှိတဲ့ Babys blue ဆိုတာ  မီးဖွားပြီးခါစ အမျိုးသမီး ၈၀ ရာခိုင်နှုန်းလောက် ကြုံတွေ့ ရတဲ့ဖြစ်စဉ်ဖြစ်ပါတယ်၊ ကလေးမွေးပြီးကာစမှာ ဟော်မုန်းတွေအပြောင်းအလဲနဲ့အတူ မိခင်က စိတ်ပိုင်းဆိုင်ရာ အားငယ်တာ၊ ဘာအကြောင်းရင်းမှမရှိဘဲ ငိုကြွေးနေတာ၊ စိုးရိမ်စိတ်လွန်ကဲနေတာ၊ အိမ်မပျော်ဘဲ ပင်ပန်းနွမ်းနယ်တာတွေ ဖြစ်လေ့ရှိပြီး ဒီဖြစ်စဉ်ကို baby blue period လို့ ခေါ်ဆိုကြပါတယ်။

  ဒီလိုဖြစ်တာကလည်း ပုံမှန်အားဖြင့် ရက်ပိုင်းအတွင်း ပျောက်သွားပေမယ့် တချို့အမျိုးသမီးတွေမှာတော့ မသက်သာဘဲ Postpartum depression- PPD  – မီးဖွားပြီးစိတ်ကျဝေဒနာအဆင့်အထိ ရောက်ရှိနိုင်တဲ့အတွက် အနီးဆုံးသူတွေဖြစ်တဲ့ ခင်ပွန်းဖြစ်သူအပါအဝင် မိသားစုဝင်တွေရဲ့ ကူညီဖေးမမှုက အရေးကြီးတယ်လို့ ဆေးပညာနယ်ပယ်က နားလည်သူတွေက အကြံပြုကြပါတယ်။

      မယုဝါလည်း မီးဖွားပြီးခါစမှာ ဒီလိုဖြစ်စဉ်တွေ ကြုံတွေ့ခဲ့ရပါတယ်။ မီးဖွားပြီးစ မိခင်အသစ်ဖြစ်တဲ့သူ့မှာ ကူညီမယ့် သူမရှိတာ၊ ကလေးကြည့်ပေးမယ့်သူမရှိတာကြောင့် လုပ်ငန်းခွင်ပြန်ဝင်ဖို့ အဆင်မပြေတော့တာ၊ ခင်ပွန်းဖြစ်သူဆီက အကူ အညီ မရတာတွေ အကုန်စုပေါင်းပြီး စိတ်အလိုမကျမှုတွေက ပိုဆိုးလာပါတယ်။

       သူစိတ်အဆင်မပြေတာ ခံစားရတာတွေကို သူငယ်ချင်းအချို့ကို ရင်ဖွင့်ပေမယ့်လည်း သာမန်လို့ထင်ပြီး ကြာတော့ နားမထောင်ချင်တော့တာ၊ ခင်ပွန်းဖြစ်သူကလည်း  ခဏတဖြုတ်ပဲ ကလေးကြည့်ပေးဖော်ရပြီး ကျန်အချိန်တွေမှာ မယုဝါပဲ လုပ်ဆောင်ရတာတွေက လနဲ့ချီလာတော့ စိတ်က တော်တော်ဆိုးရွားရွားဖြစ်လာတယ်လို့ သူကပြောတယ်။

       “ကလေးအဖေကလည်း ညနေရုံးအပြန်ချိန်ခဏလေးပဲ ကလေးနဲ့ဟိုသွားဒီသွားကြည့်ပေး၊ ကျန်တဲ့အချိန်ကိုယ့်လက်ပဲ၊ တအားပင်ပန်းတာကို အမေ့ကိုပြောလည်း ငါတို့တုန်းက နင်တို့ကို ဘယ်လို ထိန်းခဲ့တာဆိုတာပဲ ပြန်အပြောခံရတော့ မပြောချင်တော့ဘူး၊ ကိုယ့်ကိုယ်ကိုလည်း အသုံးမကျဘူးလို့ပဲ အမြဲတွေးမိတယ်”လို့ မယုဝါကပြောပါတယ်။

        အမြဲတစေ စိတ်ဆိုးဒေါသထွက်နေပြီး ကလေးကိုလည်း စိတ်မရှည်ဘဲ ရိုက်မိသလို၊ ကိုယ့်ကိုကိုယ်လည်းနာကျင်အောင် တွေလုပ်မိခဲ့တယ်၊ ကိုယ်တိုင်က စိတ်အဆင်မ‌ပြေတဲ့အတွက် ခင်ပွန်းဖြစ်သူရော ကျန်မိသားစုဝင်တွေနဲ့ပါ အဆင်မပြေခဲ့ပါ ဘူး။

       သူဒီလိုကြုံရတာတွေ ခံစားရတာတွေကို ကလေးမိခင်တွေရှိတဲ့ ဂရုဖ်တွေမှာ ဖွင့်ဟပြောဆိုမိရာကနေ သူလို့ခံစားရတဲ့ အမျိုးသမီးတွေ အများကြီးရှိတာကို သိခဲ့ရပြီး၊ မီးဖွားပြီးစိတ်ကျမှု ကြုံတွေ့ရတဲ့ မိခင်အချို့က အကြံဉာဏ်ပေးကြတာကနေ ကိုယ့်စိတ်ကို သက်သာအောင်နေပြီး၊ တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးပြောဆိုတာတွေ လုပ်ခဲ့ရပါတယ်။

         သူ့လိုကြုံတွေ့ရသူအများစုက ကလေးကို စိတ်ချရသူနဲ့ အချိန်ခဏထားပြီးဖြစ်စေ၊ ကိုယ်ဝါသနာပါတာလေးတွေ လုပ်ဖို့၊ စိတ်ပညာရှင်တွေ၊ တတ်ကျွမ်းသူတွေနဲ့ ဆွေးနွေးဖို့အကြံပြုကြသလို၊ စိတ်ထဲခံစားနေရတာ ခက်ခဲနေတာတွေကို အိမ်ထောင်ဘက်၊ မိသားစုတွေကို ပွင့်ပွင့်လင်းလင်းပြောပြီး ကလေးတာဝန်နဲ့ အိမ်အလုပ်တာဝန်တွေကိုလည်း ခွဲဝေလုပ် ကိုင်ဖို့ အကြံပြုခဲ့ကြတယ်။

      သူလည်း ခင်ပွန်းဖြစ်သူကို နားလည်အောင်ပြောပြီး ကလေးကိုအတူကြည့်ဖို့ ပြောရသလို ပိတ်ရက်တွေမှာလည်း ကလေးကို ခင်ပွန်းဖြစ်သူနဲ့ထားပြီး ကိုယ်ပိုင်အချိန်ခဏယူ အပြင်ထွက်တာ စျေးဝယ်တာ စသဖြင့် နည်းနည်းစီပြောင်းလဲပြီး လုပ်ဆောင်ခဲ့ရတယ်လို့ သူကဆိုတယ်။

     “စစတုန်းကတော့ အဆင်မပြေဘူး၊ ကိုယ့်စိတ်ကိုလည်း သက်သာဖို့ လုပ်ရသလို ယောကျာ်းကိုလည်း ပြောရတယ်၊ သူတို့က သားသမီးကို ချစ်ပေမယ့် အကြာကြီးဆို မထိန်းချင်ကြဘူး၊ အလိုက်တသိနဲ့လည်း မလုပ်ဘူး၊ ကိုယ်ပြောမှလုပ်ပေးတော့ စိတ်က မရတော့ဘူး “ လို့ မယုဝါကပြောပါတယ်။

      အိမ်ထောင်တခုကို တည်ထောင်လိုက်ကတည်းက အိမ်တွင်းရေးသာယာအဆင်ပြေဖို့  နှစ်ဦးစလုံးမှာ တာဝန်ရှိတဲ့အတွက်  ခင်ပွန်းသည်တွေအနေနဲ့လည်း ကလေးတာဝန်နဲ့ အိမ်အလုပ်တာဝန်ကို မျှဝေယူတဲ့အသိ ရှိစေချင်တယ်လို့ သူကပြောပါ တယ်။

    အများစုက ကလေးတာဝန်ကို မိခင်တစ်ဦးတည်းရဲ့တာဝန်လို့ ရှုမြင်ပြီး ခင်ပွန်းသည်ထံက အကူအညီပြည့်ပြည့်ဝဝ မရ တဲ့အခါ နဂိုကတည်းကမှ မီးဖွားပြီး ဟော်မုန်းအတက်အကျတွေကြောင့် လူပင်ပန်းစိတ်ပင်ပန်းနေတဲ့မိခင်တွေမှာ ပိုလို့စိတ် ဖိစီးကြရပြီး နောက်ဆက်တွဲ လူမှုရေးနဲ့ကျန်းမာရေးပြဿနာတွေ ရင်ဆိုင်ကြရပါတော့တယ်။

     မီးဖွားပြီးနောက် စိတ်ကျနေတဲ့မိခင်တွေအတွက် ဘေးနားမှာ အနီးစပ်ဆုံးရှိတဲ့မိသားစုဝင်တွေက  လူအားရော စိတ်အား ရော ကူညီပေးဖို့ လိုအပ်ပေမယ့် အကူအညီမရတဲ့အခါ ပိုလို့စိတ်ပင်ပန်းရတယ်လို့ ဒေါပုံမြို့နယ်မှာ ကလေးတစ်ဦးမိခင် မမေသူက ပြောပါတယ်။

      မယုဝါလို မမေသူလည်း  မီးဖွားပြီးစ စိတ်ကျရောဂါကို ကလေးတစ်နှစ်ကျော်ကျော်လောက်အထိ ခံစားခဲ့ရတာကြောင့် နောက်ကလေးထပ်ယူဖို့ဆိုတာ မစဉ်းစားရဲတဲ့အထိ ဖြစ်နေတုန်းပဲလို့ဆိုပါတယ်။

     ကိုယ်ဝန်ဆောင်ကာလမှာ အဆင်ပြေပေမယ့် သူမီးဖွားပြီးနောက် ဟော်မုန်းအပြောင်းအလဲနဲ့အတူ နို့မထွက်တာ၊ အိပ် ရေးပျက်တာတွေကြောင့် လူပင်ပန်းစိတ်ပင်ပန်းနဲ့ဖြစ်ခဲ့ရသလို အမျိုးသားဖြစ်သူရဲ့ အကူအညီမရရှိမှုကြောင့်လည်း ကလေး အလုပ်၊ အိမ်အလုပ်နဲ့ ပိုခက်ခဲခဲ့တယ်လို့ သူကပြောပါတယ်။

     “ညဘက်ကလေးနို့တိုက်လို့၊ ကိုယ်အရမ်းအိပ်ချင်လို့၊ စကားပြောဖော်ရအောင် နိုးတဲ့အခါတောင် နောက်နေ့အလုပ် သွားရ ဦးမှာဆိုပြီး  ညည်းငြူနေတော့ ပိုဝမ်းနည်းရတယ်၊ ကိုယ်မှာ တငိုငိုနဲ့ ကလေးနို့တိုက်နေရလည်း သူက ပင်ပန်းနေလား မေးဖော် မရတာကို ခုထိတွေးမိတိုင်း ဒေါသထွက်ရတယ်”  လို့ မမေသူကပြောပါတယ်။

        သူ့ရဲ့မိခင်ဖြစ်သူက လာကူညီပေမယ့်လည်း ခင်ပွန်းဖြစ်သူနဲ့အဆင်မပြေတာ၊ အမေက လူကြီးပီပီ ရှေးအယူအဆတွေနဲ့ ပြောဆိုနေတာ၊ ကလေးတခုခုဖြစ်တိုင်း သူအစားအသောက်အနေအထိုင်မဆင်ခြင်လို့ ဆူပူပြောဆိုတာတွေနဲ့ တချိန်လုံးစိတ် ပင်ပန်းခဲ့ရတယ်လို့ဆက်ပြောပါတယ်။

        “ကိုယ့်မှာခက်ခဲတာတွေ၊ ပင်ပန်းနေတာတွေပြောရင် ကလေးအမေတိုင်း ဒီလိုဖြတ်သန်းရတာပဲ၊ နင့်ကျမှအပိုလုပ်နေ တယ်လို့ ထင်နေကြတာ တော်တော်ဆိုးတယ်၊ baby blue က ဖြစ်ဖူးမှ ခံစားဖူးမှ စာနာနိုင်မှာ” လို့ မမေသူကပြောပါတယ်။

     မိခင်တွေက သွေးနုသားနုအချိန်မှာ မီးဖွားပြီးစိတ်ကျမှုက သိသိသာသာဖြစ်စေ၊ မသိမသာဖြစ်စေ ခံစားနေကြတဲ့အတွက် ဒီလိုအချိန်မှာ ဘေးနားအတူရှိနေတဲ့ မိသားစုဝင်တွေရဲ့ ကူညီပံ့ပိုးမှုက အဓိကလိုအပ်ပြီး၊ ဒီလိုမှမဟုတ်ဘဲ မိခင်ကိုပဲ အပြစ် တင်တဲ့ အပြောအဆို၊ အပြုအမူတွေ ကြုံရတဲ့အခါ ငရဲပဲလို့ သူကဆက်ပြောတယ်။

        အမျိုးသမီးတွေမှာ အိမ်ထောင်ပြု ကလေးမွေးပြီး‌နောက် မိသားစုရဲ့ ဝေယျာဝစ္စတဖက်၊ ကိုယ့်အသက်မွေးဝမ်းကြောင်း အလုပ်တဖက်နဲ့ ရုန်းကန်ရသလို၊ တချို့ကလည်း ကလေးကျန်းမာရေးကြောင့် ကိုယ်ဝါသနာပါတဲ့အသက်မွေးဝမ်းကြောင်း အလုပ်ကို စွန့်လွှတ်ပြီး အိမ်ထောင်ရှင်မအဖြစ်၊ မိခင်အဖြစ်၊ ဘဝတလျှောက်လုံး သားသမီးထိန်းကျောင်းရေးအတွက် လုံးပမ်း ရပါတော့တယ်။

         ဒီနေရာမှာလည်း အိမ်ထောင်ဘက်ခင်ပွန်းသည်တွေက စာနာနားလည်စိတ်နဲ့ အိမ်မှုတာဝန်၊ ကလေးတာဝန်တွေကို ကူညီလုပ်ကိုင်ပေးရင်တော့ မိခင်ရဲ့ပင်ပန်းမှုတွေ၊ ဖိအားတွေ လျော့ပါးသွားနိုင်ပေမယ့်၊  ကိုယ်နဲ့မဆိုင်သလိုနေတဲ့အခါ မိခင် အဖို့ လူရောစိတ်ပါ နှစ်ဆတိုး ပင်ပန်းရတော့တာပဲလို့ မမေသူက ပြောပါတယ်။

       ရှေးယခင်ကတည်းကလည်း သားသမီးတွေက မိခင်ဖြစ်သူနဲ့ ပိုနီးစပ်တဲ့အတွက် သားသမီးဝေယျာဝစ္စတွေက  မိခင်ဖြစ် သူမှာပဲ ပိုတာဝန်ရှိသလို ယူဆထားကြတော့ ဖခင်တွေက အလုပ်လုပ်‌ငွေရှာနဲ့ သားသမီးပြုစုစောင့်ရှောက်ရာမှာ အမေတွေ လောက် မပါဝင်နိုင်သလိုဖြစ်နေတာလို့ လှိုင်မြို့နယ်နေ ကလေးနှစ်ဦးဖခင် ကိုစိုင်းစိုင်းက ပြောပါတယ်။

     ဒီဘက်ခေတ်ကာလမှာ အမျိုးသားရော၊ အမျိုးသမီးပါ အတူတူအလုပ်လုပ်ပြီး ဝင်ငွေရှာရတဲ့အတွက် အိမ်မှုကိစ္စ၊ သား သမီးကိစ္စကို မိခင်ရော၊ ဖခင်ပါတာဝန်ရှိတယ်လို့ ခံယူပြီး ကူညီလုပ်ဆောင်ပေးတဲ့ အမျိုးသားတွေ ရှိလာပေမယ့် အမျိုသမီး တွေလောက်တော့ တာဝန်တွေက မဖိစီးသေးဘူးလို့ သူက ဆက်ပြောပါတယ်။   

   သူ့အနေနဲ့လည်း အိမ်ထောင်ကျပြီးကတည်း ဇနီးဖြစ်သူနဲ့ နှစ်ဦးတည်းနေထိုင်တဲ့အတွက် ကလေးမွေးပြီးနောက်ပိုင်းမှာ  အဝတ်လျှော်၊ သန့်ရှင်းရေး၊ အိမ်အလုပ်တချို့ကို ကူလုပ်ဆောင်ပေးခဲ့သလို၊ ဒုတိယကလေးမွေးပြီးချိန်မှာလည်း အငယ်လေး တင်မကဘဲ အကြီးဖြစ်သူရဲ့ကျောင်းဝေယျာဝစ္စတွေကိုပါ လုပ်ကိုင်ပေးနေပေမယ့် အမျိုးသမီးရဲ့ ဦးဆောင်တာဝန်ယူရတဲ့ တာဝန်တွေ၊ အချိန်တွေကတော့ များနေဆဲပဲလို့ သူက ဆက်ပြောတယ်။

        “ကလေးက နှစ်ယောက်ဆိုတော့ အမေတယောက်တည်းနဲ့တော့ ဘယ်လိုမှမလုပ်နိုင်တာ၊ အဖေတွေရဲ့ ပံ့ပိုးမှုကလည်း လိုတယ်၊ အမျိုးသားတွေလည်း  အမေလုပ်ရမယ့်အလုပ်၊ အဖေလုပ်ရမယ့်အလုပ်မခွဲခြားဘဲ ဝင်လုပ်သင့်တယ်” လို့ ကိုစိုင်း စိုင်းက ပြောပါတယ်။

       ခေတ်ကာလရဲ့ လူမှုရေး၊ စီးပွားရေး လိုအပ်ချက်အရ မိခင်ရော ဖခင်ပါ ကိုယ်စီတာဝန်တွေနဲ့ ရုန်းကန်ရချိန်မှာ မွေးလာတဲ့ သားသမီးတွေရဲ့ ဝေယျာဝစ္စနဲ့ ပြုစုပျိုးထောင်ဖို့ဆိုတာ  မိခင်ရော၊ ဖခင်ပါ တာဝန်ရှိပြီး အချိန်ပိုပေးနိုင်သူက ပိုလုပ်ဆောင် သင့်တယ်လို့ သူက‌ပြောတယ်။

       သူကိုယ်တိုင်က ကလေးနဲ့ အိမ်အလုပ်တာဝန်တွေ ကူညီလုပ်ဆောင်နေတာတောင်မှ ဇနီးဖြစ်သူမှာ ဒုတိယ ကလေးမွေး ပြီးနောက်မှာ  အိပ်ရေးပျက် ပင်ပန်းတာတွေနဲ့ စိတ်အဆင်မပြေတာတွေ ကြုံခဲ့ရတာမျိုးရှိတယ်လို့ သူကပြောပါတယ်။

     မီးဖွားပြီးစမိခင်တွေမှာ ဖြစ့်လေ့ရှိတဲ့ Baby Blue က ကလေးမွေးပြီးကာစ ဟော်မုန်းအပြောင်းအလဲနဲ့အတူ ဖြစ်လေ့ရှိပြီး မီးတွင်းကာလမှာ အိပ်ရေးပျက်တာ၊ အစားပုံမှန်မစားတာ၊ အခြားကိစ္စရပ်တွေပေါ် အခြေခံပြီး ဆိုးရွားလေ့ရှိတယ်လို့ မြောက် ဥက္ကလာပမြို့နယ်မှာဆေးခန်းဖွင့်လှစ်ထားတဲ့ သားဖွားမီးယပ်ဆရာဝန် ဒေါက်တာနွယ်နွယ်(အမည်လွှဲ) ကပြောပါတယ်။

    Baby Blue ကာလမှာ မိခင်က အလွန်အမင်းဝမ်းနည်းပြီး၊ ငိုနေတာ၊ ပင်ပန်းနွမ်းနယ်ပြီး‌ ဒေါသထွက်လွယ်တာ၊ အိပ်ပျော်ဖို့ ခက်တာ၊ အစားမစားချင်တာတွေကြုံရပြီး အများအားဖြင့် မီးဖွားပြီး ရက်ပိုင်းကနေ ရက်သတ္တပတ် နှစ်ပတ်လောက်မှာ လျော့ပါးသွားလေ့ရှိပါတယ်၊ ဒီလိုမှမဟုတ်ဘဲ အချိန်ကာလကြာရှည်စွာခံစားလာရင်တော့ Postpartum depression အဆင့် ဖြစ်တဲ့အတွက် တတ်ကျွမ်းသူတွေနဲ့ ကုသမှုယူသင့်တယ်လို့ သူက ဆိုပါတယ်။

     “Baby blues က ကလေး ၂ လလောက်အထိ ဖြစ်လေ့ရှိတယ်၊ အဲ့ဒီထက် အချိန်အကြာကြီး ခံစားနေရရင်တော့ PPD အဆင့်လို့ပြောရမယ်၊ ဘယ်လောက်အထိ ဆိုးသလဲဆို ကိုယ့်ရဲ့ စိတ်အခြေအနေပေါ် မူတည်ပါတယ်။ ကလေးကို မကြည့်ချင် မမြင်ချင်၊ လူတွေနဲ့ စကားမပြောချင်၊ ဖြစ်လာရင်တတ်ကျွမ်းသူတွေနဲ့ ပြသင့်ပါပြီ “လို့ ‌ဒေါက်တာနွယ်နွယ်ကပြောပါတယ်။

      Baby Blue  ကာလကို ကျော်လွှားဖို့  အိပ်ရေးဝဝအိပ်စက်တာ၊ me time ယူတာ (မိမိကိုယ်ကို အချိန်ပေးတာ) ၊ အဟာရ ပြည့်ဝအောင် စားသောက်တာတွေ လုပ်ပေးလို့ရတယ်လို့ သူကဆက်ပြောတယ်။

    ဒီလိုလုပ်ဆောင်ရင်းနဲ့ မသက်သာပဲ စိတ်အခြေအနေပိုဆိုးလာရင်တော့ ကိုယ်ပြသနေကျ OG နဲ့  တိုင်ပင်တာ၊ စိတ်ကျန်းမာ ရေးဆရာဝန်တွေနဲ့ ဆွေးနွေးတိုင်ပင်တာတွေ လုပ်သင့်တယ်လို့ သူကအကြံပြုပါတယ်။

      မိခင်တိုင်းက ကလေးတာဝန်တွေ အိပ်အလုပ်တာဝန်တွေနဲ့ ဖိစီးပြီး၊ ကလေးမီးဖွားပြီးခါစအချိန်မှာ စိတ်ခံစားမှုမြင့်နေ လေ့ရှိတဲ့အတွက် ဒီလိုအချိန်တွေမှာ အနီးကပ်နေထိုင်တဲ့  ခင်ပွန်းဖြစ်သူကစလို့ မိသားစုဝင်တွေက ဂရုတစိုက်နဲ့ စာနာနား လည်ပေးဖို့ လိုအပ်သလို ဒီလိုမှမဟုတ်ရင် မိခင်ရောကလေးမှာပါ စိတ်ပိုင်းဆိုင်ရာဆိုးကျိုးတွေရဲ့ သက်ရောက်မှုကြုံတွေ့ နိုင်တယ်လို့ သူကဆိုပါတယ်။

          မီးဖွားပြီး စိတ်ကျမှုက မိခင်တိုင်း ဖြစ်လေ့ရှိတဲ့အတွက် ကိုယ့်ဆီမှာ ကြုံလာရတဲ့အခါ တယောက်တည်းအားငယ်မနေ ဘဲနဲ့ ယုံကြည်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ရင်ဖွင့်တာမျိုး ပြုလုပ်သင့်သလို၊  ကိုယ်ပိုင်အချိန်လေးယူပြီး ဝါသနာပါရာ ပျော်ရွှင်ရာလေးလုပ်ကြည့်သင့်တယ်လို့ မီးဖွားပြီး စိတ်ကျမှုကြုံခဲ့ရတဲ့ မိခင်တွေကပြောပါတယ်။

          “ကိုယ်တစ်ယောက်တည်း ကြုံရတာမဟုတ်တဲ့အတွက် ငါ့မှဖြစ်တယ် ငါအသုံးမကျလို့ဆိုတာမျိုး မတွေးစေချင်ဘူး၊ ခက်ခဲလည်း ကြိုးစားပြီး ကိုယ့်စိတ်ပျော်အောင်နေဖို့ ကိုယ်တိုင်ကြိုးစားသလို၊ မိသားစုဝင်တွေကလည်း တခုခုဆို ကလေး အမေကြောင့်လို့ အပြစ်တင်မယ့်အစား စာနာနားလည်စေချင်တယ်”လို့ မယုဝါက ဆိုပါတယ်။

Author: