ပြားစေ့တစေ့ရဲ့ ခေါင်းနဲ့ ပန်း – အမျိုးသမီးများ တန်းတူညီမျှမှု ရရှိရေးလှုပ်ရှားမှု Feminist Movement နှင့် အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှု Women’s Rights Movement
မြင့်မြင့်စန်း
သင်္ကြန်တွင်းကာလ တော်လှန်သူများ အိမ်တအိမ်ကို ချစ်ခင်ရသူနှစ်ဦး သင်္ကြန်ထမင်းစားဖို့ ခေါ်သွားပေးတော့ ထမင်းလည်းစားရ၊ မျိုးဆက်သစ်မျက်နှာလေးတွေလည်း တွေ့ရတော့ တော်တော်စိတ်ချမ်းသာပါတယ်။ ထမင်း စားပြီးသွားတဲ့အခါ စကားစမြည် ထိုင်ပြောကြရာကနေ အမျိုးသမီးများအား အမျိုးသားများနဲ့ တန်းတူအခွင့် အရေးပေးရေးဝါဒ (ဝါ) အမျိုးသမီးများ တန်းတူညီမျှမှုရရှိရေးဝါဒ feminism၊ အမျိုးသမီးများ တန်းတူညီမျှမှု ရရှိရေးလှုပ်ရှားမှု feminist movement နဲ့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှု women’s rights movement ဆိုတာ ကွဲပြားမှုရှိမရှိဆိုတာကို စကားဝိုင်းဖွဲ့ရင်း ရောက်သွားပါတယ်။ ဒါနဲ့ ဒီအကြောင်းကလေးကိုတော့ ရေး အုန်းမယ်လို့ တွေးပါတယ်။
ဘာလို့ရေးချင်ရလဲလို့မေးရင်တော့ ကျမတို့ကြားမှာ နားလည်မှုလေးတွေ လွဲနေသလား၊ အတွေးကွာဟမှုတွေ ဘယ်ကနေ ဘယ်လိုရောက်လာလဲ။ ပြီးတော့ အမျိုးသမီးများ တန်းတူညီမျှမှုရရှိရေးဆိုတဲ့ ဝါဒနဲ့ ဝါဒီတွေရဲ့ လှုပ် ရှားမှုကို နားလည်လွဲနေတဲ့ တချို့မျိုးဆက်သစ်တွေ (မျိုးဆက်ဟောင်းအပါအဝင်) ဆီက ကြား,ကြားနေရတဲ့ စကားတွေကိုလည်း ချေပဖို့မဟုတ်ပေမဲ့ ဒီလိုရော မဖြစ်နိုင်ဘူးလား၊ ဒီလိုတွေးလို့ရော မရနိုင်ဘူးလားလို့ တွေး စရာလေး ပေးချင်တာပါ။ ကျမကိုယ်နှိုက်လည်း ဒီလှုပ်ရှားမှုနှစ်ခုဟာ ပြားစေ့တစေ့ရဲ့ ခေါင်းနဲ့ပန်းဘဲလို့ ယူဆ ထားပေမဲ့ ဘာကြောင့် ခေါင်းနဲ့ပန်းဖြစ်ရသလဲဆိုတာကို မေးလာရင် ဂဃနဏရှင်းပြနိုင်အောင် သေသေချာချာ တွေးမထားခဲ့တဲ့အတွက် အခုသေသေချာချာတွေးပြီး ရေးသားဖလှယ်လိုက်ပါတယ်။
အမျိုးသမီးအခွင့်အရေးလှုပ်ရှားမှု Women’s Rights Movement
အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေမှာ ဘာတွေကိုတွေ့ရမလဲဆိုရင် ဥပဒေ၊ ပေါ်လစီ၊ တရားရေးရာတွေ ပြင် ဆင်ရေးဆွဲမှု၊ အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို အကာအကွယ်ပြုပေးမှု၊ အခြေခံအခွင့်အရေးတွေ အာမခံ ပေးမှု (ဥပမာ – ပညာရေးရရှိဖို့၊ အမျိုးသမီးတွေ၊ အမျိုးသမီးငယ်တွေအတွက် မတူသီးခြားဖြစ်တဲ့ သင့်လျော် လျောက်ပတ်တဲ့ ကျန်းမာရေးဝန်ဆောင်မှုရရှိဖို့၊ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးတွေမှာ ပါဝင်ဆောင် ရွက်နိုင်ဖို့) ဆိုတာတွေ ပါပါတယ်။ ကျမတို့ မြန်မာနိုင်ငံမှာဆိုရင်တော့ အုပ်ချုပ်မှု၊ တည်ဆောက်မှု အဆင့်ဆင့်တိုင်းမှာ အနည်းဆုံး ၃၀ ရာခိုင်နှုန်းရှိတဲ့ အမျိုးသမီးများ ပါဝင်ရမယ်၊ အမျိုးသမီးတွေ (အများစု) စစ်မတိုက်ကြပေမဲ့ ငြိမ်း ချမ်းရေးအရေးကိစ္စ ဆွေးနွေးတဲ့အခါ ပါဝင်နိုင်ရမယ်၊ ဘာလို့လဲဆို စစ်ဖြစ်ပြီ၊ ပဋိပက္ခဖြစ်ပြီဆိုရင် ခံစားရသူ တွေက အမျိုးသမီး၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေများတာမို့ အမျိုးသမီးတွေရဲ့အတွေး၊ အမြင်တွေ ဟာ ငြိမ်းချမ်းရေးတည်ဆောက်မှု၊ လက်နက်ကိုင်တပ်များနေရာချမှု၊ လက်နက်ဖြုတ်သိမ်းမှု၊ ဆွေးနွေးညှိနှိုင်းမှု ထဲမှာ ပါဝင်နိုင်ရမှာဖြစ်ပါတယ်။
နောက်ပြီးတော့ အမျိုးသမီးအလုပ်သမားတွေလည်း တန်းတူညီတဲ့အလုပ်မှာ တန်းတူညီတဲ့လစာ ရ,ရမယ်၊ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေကို အကာအကွယ်ပြုပေးတဲ့ ဥပေဒတွေရေးဆွဲတဲ့အခါ အမျိုးသမီး တွေ ကိုယ်နှိုက်ပါဝင်ရမယ်ဆိုတဲ့ ဆွေးနွေးချက်တွေ၊ အဆိုပြုချက်တွေ၊ လှုပ်ရှားမှုတွေလည်း ရှိပါမယ်။ နိုင်ငံရေး အရတင်မကဘဲ လူမှုရေးအရ တန်းတူညီတဲ့အခွင့်အရေးတွေ၊ အခွင့်အလမ်းတွေပါ ရလာအောင်၊ အကာ အကွယ်ပေးတဲ့ ဥပဒေတွေ၊ မူတွေ၊ ဆောင်ရွက်မှုတွေ ရှိလာအောင် တိုက်တိုက်တွန်းတွန်း ဆောင်ရွက်တာ မျိုးတွေ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုရဲ့ အနှစ်ကိုပြန်ကြည့်မယ်ဆိုရင် ဥပဒေဆိုင်ရာ အခွင့်အရေး၊ နိုင်ငံရေးနယ် ပယ်မှာ ပါဝင်ဆောင်ရွက်နိုင်ရေး၊ ပညာရေးလက်ဝယ်ရရှိနိုင်ရေး၊ အကြမ်းဖက်မှုတွေကနေ အကာအကွယ်ရရှိ ရေး စသည်စသည်ဖြင့် ပါဝင်ပါတယ်။ ဒါက လက်တွေ့တရားမျှတမှုကို လက်ဆုပ်လက်ကိုင် ပြနိုင်၊ ရနိုင်အောင် ကြိုးပမ်းတဲ့ လှုပ်ရှားမှုမျိုးပါ။
သို့သော်လည်း ဥပဒေတွေထဲမှာ ထည့်ရေးလိုက်တာနဲ့ တကယ်ကောင်းသွားတာ မဟုတ်ဖူးဆိုတာကတော့ ကျိန်းသေပါတယ်။ ပြဌာန်းထားတဲ့ဥပဒေတွေ၊ ရေးဆွဲလိုက်တဲ့မူတွေကို အကောင်အထည်ဖော်ဖို့ ဆန္ဒပြင်းပျမှု၊ နည်းလမ်းချမှု၊ ဒီဥပဒေတွေ၊ မူတွေက လက်တွေ့မှာ တကယ်ဘဲ အကျိုးပေးမှုရှိမရှိကို စောင့်ကြည့်ပြီး ညှိနှိုင်း လုပ်ကိုင်နေမှုမရှိရင် ဥပဒေတွေ၊ မူတွေက စာရွက်ပေါ်မှာဘဲ ရှိနေတတ်တာမျိုးပါ။ ကျမတို့နိုင်ငံမှာ ကမ္ဘာစစ် အတွင်း၊ လွတ်လပ်ရေး ကြိုးပမ်းမှုအတွင်းနဲ့ နောက်ပိုင်းကာလ အမျိုးသမီးလှုပ်ရှားမှုအပြင် အထူးသဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်း အမျိုးသမီးအခွင့်အရေး လှုပ်ရှားမှုတွေ ရှိပါတယ်။ လူမျိုးစုအသီးသီးက အမျိုးသမီးအဖွဲ့တွေ စုစည်းဖွဲ့ထားတဲ့ အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) WLB၊ လူမျိုးစုအပေါ် မူတည်ဖွဲ့ထားတဲ့ အမျိုးသမီးအဖွဲ့ အစည်းတွေ၊ လူမျိုးစုမျိုးစုံကလာတဲ့ အမျိုးသမီးတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ မြန်မာ့အမျိုးသမီးသမဂ္ဂ BWU ဆိုတဲ့အဖွဲ့တွေက ဒီလှုပ်ရှားမှုမှာ ဦးဆောင်နေခဲ့ပြီး နောက်ပိုင်းမှာတော့ မြန်မာပြည်တွင်း အမျိုးသမီးအဖွဲ့တွေ တိုးချဲ့ထွန်းကားလာတာတွေ တွေ့ရမှာပါ။
အမျိုးသမီးများ တန်းတူညီမျှမှုရရှိရေး လှုပ်ရှားမှု Feminist Movement

ဒီလှုပ်ရှားမှုလိုမျိုးမှာ ဘာတွေတွေ့ရမလဲဆိုရင် အမျိုးသမီးတွေသာမက အဖိနှိပ်ခံလူအုပ်စု လူတန်းစားမှန်သမျှ အတွက် ဖိုဝါဒကြီးစိုးမှု၊ စစ်သွေးဆန်/စစ်သွေးကြွဝါဒ၊ အရင်းရှင်စီးပွားရေးစနစ်နဲ့ လူမျိုးကြီးဝါဒတွေကို တွန်း လှန်စိန်ခေါ်တာ၊ ဝေဖန်တာတွေ တွေ့ရမှာပါ။ ဒီလှုပ်ရှားမှုရဲ့ အဓိကတန်ဖိုး အနှစ်သာရကတော့ တန်းတူညီမျှ ရေး equality၊ တရားမျှတရေး justice၊ အင်တာစက်ရှင်နယ်လီတီ intersectionality (ဒီစကားလုံးကို မြန်မာလို တိုက်ရိုက်ဘာသာပြန်မယ်ဆိုရင် ပြောချင်တဲ့အဓိပ္ပါယ် မရောက်တာမို့ တိုတိုနဲ့လိုရင်း ရှင်းပြပါရစေ၊ အမျိုးသမီး တွေပါဘဲဆိုပေမဲ့ ဖိနှိပ်ချုပ်ချယ်မှု၊ ခွဲခြားနိမ့်ချမှုတွေကို တွေ့ကြုံရတဲ့အခါ လူမျိုးစု၊ ဘာသာတရား၊ ဘာသာ စကား၊ နေထိုင်ရာဒေသ၊ စီးပွားရေးအခြေအနေ ဒါတွေအားလုံးအပေါ် မူတည်ပြီးဖြစ်တာမို့ သူတို့ရဲ့ အတွေ့ အကြုံတွေ မတူညီနိုင်ပါ၊ ဒါကြောင့် တန်းတူညီရေး ကြိုးပမ်းဆောင်ရွက်တဲ့အခါ ဒီလိုမတူညီမှုတွေကို ထည့် သွင်းစဥ်းစားဖို့လိုတယ်လို့ ပြောချင်တာကို အင် တာစက်ရှင်နယ်လီတီလို့ဘဲ မှတ်ယူကြပါရန်) နဲ့ တလုံးတစည်းထဲဖြစ်မှု solidarity ဆိုတာ တွေပါ။
မြန်မာနိုင်ငံက လူအများကြားမှာ အခုထက်ထိ တချို့က ဖန်းမနစ်ဆိုရင် ယောင်္ကျားမုန်းတီး ရေးသမားတွေ၊ အနောက်နိုင်ငံက အတွေးတွေ ယူလာတဲ့ အနောက်တိုင်းကိုဘဲ အထင်ကြီးသူတွေလို့ တွေးတတ်မြင်တတ်ကြတာကို တွေ့နေရပါသေးတယ်။ နောက်ပိုင်းမှာ ပြဿနာပိုရှိလာတာက ဖန်မနစ်ဆင်ကို အမျိုးသမီးများ တန်းတူညီမျှမှု ရရှိရေးဝါဒလို့ ဘာသာ မပြန်ဘဲ မ’ဝါဒလို့ ဘာသာပြန်ကြရာကနေ ဖန်မနစ်ဆင်ကို မနှစ်သက်တာတွေ၊ အမျိုးသားတွေဘက်က ဆန့် ကျင်ပေါက်ကွဲလာတာတွေလည်း ရှိနေပါတယ်။ အခု ဒီမှာဖော်ြပထားတဲ့ပုံကို ကြည့်မယ်ဆိုရင် feminism ဆိုတဲ့ စကားလုံးကို အဘိဓါန်ထဲမှာ အဓိပ္ပါယ်ဖွင့်ဆိုပေးထားတာ ဖြစ်ပါတယ်။ ဒီအဘိဓါန်က ၁၉၉၇ ခုနှစ်က ဦးလွင်ဦး ပြုစုထုတ်ဝေခဲ့တဲ့ ရှေ့ ဆောင်အဘိဓါန်ပါ။
ဖန်မနစ်ဆင်ဆိုတာ ဘာလဲဆိုတာကိုပြောရရင် အပေါ်ကပြောထားတဲ့အချက်ကိုဘဲ ပြန်ကောက်ရပါမယ်။ ဖန် မနစ်ဆင်ဆိုတာ အမျိုးသမီးတွေသာမက (LGBTIQ + လို လူ့အသိုင်းအဝိုင်းတွေ၊ မသန်စွမ်းသူများ people living with disability (PLD) အသိုင်းအဝိုင်းတွေ၊ လူနည်းစုလူမျိုးစုက အမျိုးသမီးတွေ၊ လူနည်းစုဖြစ်တဲ့ ဗုဒ္ဓ ဘာသာဝင်မဟုတ်တဲ့ အခြားဘာသာဝင် အမျိုးသမီးတွေ၊ ဆင်းရဲနွမ်းပါးတဲ့အမျိုးသမီးတွေ၊ ဝေးလံခေါင်သီတဲ့ နေရာမှာ ကြီးပြင်းလာရတဲ့အမျိုးသမီးတွေ အပါအဝင်) အခြားသော အဖိနှိပ်ခံလူအုပ်စု၊ အားနည်းအားနွဲ့သူ လူ တန်းစားတွေမှာလည်း တန်းတူညီတဲ့အခွင့်အရေးတွေ ရှိတယ်၊ သိက္ခာတွေရှိတယ်၊ အယုတ်အလတ်အမြတ် မရွေး တိုးတက်ခွင့်၊ ပညာသင်ခွင့်၊ စီးပွားလုပ်ပိုင်ခွင့်၊ နိုင်ငံရေးအရ ဦးဆောင်ခွင့်အစရှိတဲ့ အခွင့်အလမ်းရှိရမယ် လို့ ယုံကြည်တဲ့ဝါဒ ဖြစ်ပါတယ်။ မြို့ပြနေအမျိုးသမီး၊ ပညာတတ်အမျိုးသမီး၊ ကတော်တွေ၊ ချမ်းသာကြွယ်ဝသူ တွေမှ တန်းတူရမယ်၊ ပြောရေးဆိုခွင့်ရှိရမယ် မဟုတ်ပါဘူး။ ပြီးတော့ ဒီဝါဒက ကနဦးကပြောသွားသလိုဘဲ ဖိုဝါဒကြီးစိုးမှု၊ စစ်သွေးကြွဝါဒ၊ အရင်းရှင်စီးပွားရေးစနစ်နဲ့ လူမျိုးကြီးဝါဒစတဲ့ စနစ်ဆိုးတွေကို မေးခွန်းထုတ် တဲ့၊ ခုခံဆန့်ကျင်တဲ့၊ ဒီစနစ်တွေကြောင့် ဖြစ်ပေါ်နေတဲ့အရာမှန်သမျှကို မတရားဘူးဆိုတာကို အတိအလင်း ထုတ်ဖော်ပြောဆိုတဲ့ ဝါဒဖြစ်ပါတယ်။
တခါတလေတော့ တွေးဖြစ်တာက ကျမတို့က ပွဲမဝင်ခင် စင်ကျိုးရတာတွေလည်း ရှိနေတယ်။ ကျမတို့ကို အ နောက်နိုင်ငံက အတွေးတွေယူလာပါတယ်လို့ ပြောနေတဲ့လူတွေက ဖန်မနစ်ဆင်ဟေ့လို့ပြောလိုက်တာနဲ့ အမေ ရိကန်နိုင်ငံနဲ့ အနောက်နိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ပွားနေတဲ့ ဖန်မနစ်လှုပ်ရှားမှု ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်း (တချို့ကဆို စတုတ္ထလှိုင်းတောင် ဖြစ်နေပြီလို့ဆိုပါတယ်) တွေကိုချည်း သွားကြည့်နေလို့ မရတာ သေချာတယ်။
ကျမ ဖန်မနစ်ဆင်ကို တကယ်သေသေချာချာ စ,တင်လေ့လာဖူးတာက ၂၀၀၂ လောက်မှပါ၊ အနောက်နိုင်ငံက စာကို ဖတ်ဖူးတာ မဟုတ်ပါဘူး။ အိန္ဒိယနိုင်ငံက ဖန်မနစ်အမျိုးသမီးရေးထားတဲ့ ဖန်မနစ်ဆင်အကြောင်း၊ ဖိုဝါဒ ကြီးစိုးမှုအကြောင်းကို ဘာသာပြန်ပေးရာကနေ လေ့လာဆည်းပူးဖြစ်ခဲ့တာပါ။ နေ့စဥ်ကျင့်ဗုဒ္ဓဘာသာ (ဝါ) လူမှု ရေးဆောင်ရွက်သည့် ဗုဒ္ဓဘာသာ ခေါ် Engaged Buddhism အပေါ် အခြေတည်ပြီး သြစတြေလျနေရင်း ဆည်း ပူးဖြစ်တဲ့ သာတူညီမျှဝါဒ egalitarianism ဆိုတဲ့ အတွေးအခေါ်တွေနဲ့ အိန္ဒိယဖန်းမနစ်တဦးရဲ့ ဖိုဝါဒကြီးစိုးမှုအ ပေါ် ဝေဖန်သုံးသပ်ချက်ကနေရလာတဲ့ အတွေးတွေပေါင်းစပ်ပြီး ကိုယ့်ကိုကိုယ် ကျင့်ကြံတည်ဆောက်လာတဲ့ ဖန်းမနစ် feminist တယောက်လို့ ယုံကြည်ခံယူထားပါတတယ်။ သေသေချာချာမမှတ်မိပေမဲ့ ကျမအထင် အိန္ဒိယလူမျိုး ဖန်းမနစ်ဖြစ်သူ Indian feminist ကာမလာ ဘာဆင် Kamla Bhasin ရဲ့ ဖိုဝါဒကြီးစိုးမှုဆိုတာ ဘာလဲဆိုတာကို ဘာသာပြန်ခဲ့ဖူးတယ် ထင်ပါတယ်။ ပြန်ရှာလို့ရရင် ပြန်တည်းဖြတ်ပြီး ဖလှယ်ပေးပါအုန်းမယ်။ ဆိုချင်တာက အနောက်နိုင်ငံကချည်းဘဲ ကျမတို့ သိလာ၊ တတ်လာတာ မဟုတ်ဖူးဆိုတာပါ။
ပြားစေ့တစေ့ရဲ့ ခေါင်းနဲ့ ပန်း
ကျမအမြင်မှာတော့ ဒီလှုပ်ရှားမှုနှစ်ခုဟာ တခုနဲ့တခု ဆန့်ကျင်ဘက် အတိုက်အခံဖြစ်နေတာ မဟုတ်ဖဲ နှစ်ခု စလုံးက အမျိုးသမီးများ လွတ်မြောက်ရေး၊ အမျိုးသမီးများသည်လည်း လူသားဖြစ်သည့်အလျောက် လူသား အချင်းချင်း တန်းတူဘဝနဲ့ သိက္ခာရှိရှိ ရှင်သန်ရပ်တည်နိုင်ရေးကိုဘဲ ဦးတည်သွားနေတာမို့ အတူတူဘဲလို့ ပြောတာပါ။ ဒီလှုပ်ရှားမှုနှစ်ခုစလုံးက အမျိုးသမီးတွေအပေါ် ဖိနှိပ်မှုတွေပြုနေတဲ့ စနစ်၊ အလေ့အထ၊ အယူ အဆွဲတွေကို ဖြိုဖျက်ပစ်ဖို့ ရည်ရွယ်ပြီး လုပ်ဆောင်ကြတာပါ။ ကွဲပြားသွားတာလေးတွေက အလေးဂရုထားမှု၊ မူဘောင်အရပြောဆိုဆွေးနွေးမှုနဲ့ စကားလုံးအသုံးအနှုန်းတွေမှာဘဲ ကွာကြပြီး စိတ်နှလုံးသွင်းမှုနဲ့ ရည်ရွယ်မှု ကတော့ အတူတူပါဘဲ။ ဒီလှုပ်ရှားမှုနှစ်ခုစလုံးဟာ ဂျန်ဒါကိုအခြေပြုပြီး ဖိနှိပ်ချုပ်ချယ်မှုတွေ၊ ခွဲခြားဆက်ဆံမှု တွေ အားလုံးကို ဖြိုဖျက်ဖို့ကြိုးစားနေကြတာဖြစ်တယ်။ ဝင်ပေါက်မတူသော်လည်း၊ ပြေးလိုင်းမတူသော်လည်း ဘဲ ရောက်ချင်တဲ့ပန်းတိုင် တူပါတယ်။
ဘာလို့ဒီလှုပ်ရှားမှုနှစ်ခုလုံး တပြိုင်တည်းသွားနေဖို့လိုလဲ။ အမျိုးသမီးတွေ ဦးဆောင်မှုတွေမှာ၊ မူဝါဒဆွဲတဲ့နေ ရာတွေမှာ၊ ဆုံးဖြတ်ချက်ချတဲ့နေရာတွေမှာ ပါဝင်ရမယ်၊ ပါဝင်နိုင်ခွင့်ရှိရမယ်၊ ပါဝင်ပိုင်ခွင့်ရှိနေတယ်လို့ ဘယ် လောက်ကြီးပြောနေပြောနေ ဒီလိုပါဝင်ခွင့်တွေ ပါဝင်နိုင်စွမ်းတွေကို ပိတ်ပင်ထားတဲ့ စနစ်ကြီးကို (ဖိုဝါဒကြီးစိုး မှု patriarchy၊ စစ်သွေးကြွစစ်သွေးဆန်ဝါဒ အမြစ်တွယ်နေမှု entrenched militarism၊ အန္တရာယ်ရှိတဲ့ စံတွေ တန်ဖိုးတွေ harmful norms စသည်စသည်ဖြင့်) အမေးမထုတ်ဖူးဆိုရင်၊ ဗိုလ်နေမြဲကျားနေမြဲ နေ,နေရင် ဖိနှိပ် မှုသံသရာ လည်ကြဦးမှာပါဘဲ။ ဒါကြောင့် ဒီလှုပ်ရှားမှုနှစ်ခုဟာ ရွေ့အောင် ပြိုင်တူရွှေ့ရမဲ့၊ တွန်းရမဲ့ အမျိုးသမီး တွေ၊ အခြားဂျန်ဒါအုပ်စုတွေ၊ မိန်းကလေးငယ်တွေ၊ မသန်စွမ်းသူတွေအပြင် ဖယ်ကျဥ်ခံထားရတဲ့ လူတွေအား လုံးအတွက် အရေးတကြီး မရှိမဖြစ်လိုအပ်တဲ့အရာဖြစ်ပါတယ်။

တချိန်တည်းမှာလည်း ပါဝါအာဏာတွေကို သီအို ရီတွေအလိုက် အတွေးတွေနဲ့ ဘယ်လောက်ကြီး တိုက်နေ တွန်းလှန်နေပါအုန်းတော့၊ လက်တွေ့ ကျကျရနိုင်တဲ့ ကျင့်သုံးနိုင်တဲ့ အမျိုးသမီးအခွင့် အရေးတွေအတွက် ရှေ့တန်းတင်မတိုက်ဖူးဆိုရင် အမျိုးသမီးတွေရဲ့ဘဝ တိုးတက်မှု၊ သာယာဝပြော မူက ရပါစေအုန်းတော့ တိုတောင်းမယ်၊ ရေရှည် မတည်တံ့နိုင်ပါဘူး။
ဒါကြောင့် စစ်တပ်စစ်တန်းလျား ပြန်ရောက်သွား ယုံနဲ့ မလုံလောက်ဖဲ စစ်သွေးကြွ၊ စစ်သွေးဆန်၊ ငါတကောကော၊ ငါသာလျှင်မှန်တယ်၊ ငါပြော တာမှန်တယ်၊ ငါ့စကားနားထောင်၊ အင်အားက သာလျှင် အမှန်၊ အပေါ်စီးကယူထားမှဆိုတဲ့အတွေးကိုပါ ဖြိုဖျက်ပစ်ကြရပါမယ်။ စစ်သွေးကြွ စစ်သွေးဆန်တဲ့ ဝါဒဟာ ဖိုဝါဒကြီးစိုးမှုကနေ လာပါတယ်။ ဖိုဝါဒကြီးစိုးမှုကို ဘက်စုံကနေ တွန်းလှန်မှုပြုရပါမယ်။ အမျိုးသမီး တွေလုံခြုံရေး၊ ကျန်းမာရေး၊ သိက္ခာရှိရှိနေထိုင်ရေးနဲ့ ဦးဆောင်မှုနေရာတွေမှာ ပါဝင်နိုင်ရေးကို ပြောနေလုပ်နေ တာတွေဟာ အမျိုးသမီးများ အမျိုးသားများနဲ့ တန်းတူရေးကို လုပ်နေတာပါ၊ ဒါကြောင့် ဖန်မနစ်အလုပ်ကို လုပ်နေတယ်လို့ ဆိုလိုက်တာပါ။
ပြန်ချုပ်ရရင် လှုပ်ရှားမှုတခုက ရှိရင်းစွဲစနစ်တွေထဲကနေ အခွင့်အရေးတွေရအောင် ကြိုးပမ်းတယ်၊ နောက် တခုကတော့ အဲဒီရှိရင်းစွဲစနစ်တွေက တကယ်ဘဲ တရားမျှတမှုရှိနေသလားဆိုတာကို မေးခွန်းထုတ်တာပါ။ လုပ်နည်းတွေရှိလာဖို့ရာမှာ သီအိုရီပိုင်းကို နားလည်ရင် စနစ်ဆိုးတွေကို စနစ်တကျနဲ့ အချိတ်အဆက်မိမိ တိုက်လို့ရမှာပါ။ အခွင့်အရေးလှုပ်ရှားသူတွေက တံခါးတချပ်ကို ဖွင့်ပေးလိုက်တာဖြစ်ပြီး တန်းတူရေးလှုပ်ရှားသူ တွေက အဲဒီတံခါးချပ်ကို ဘယ်သူဆောက်ပေးလိုက်တာလဲ၊ ဘယ်သူက သော့ကိုင်ထားလဲဆိုတာကို အမေး ထုတ်သူတွေ ဖြစ်တယ်။ အဓိကက ကိုယ့်ဟာကိုယ် ဘယ်လိုဘဲ ခေါင်းစဥ်တွေတပ်၊ နံမည်တွေတပ်နေ အုန်းတော့ ကျမတို့ အားလုံး တဦိးနဲ့တဦး အလေးထားနားထောင်နေမယ်၊ စုစည်းတွန်းလှန်နေမယ်၊ ပံ့ပိုးယိုင်း ပင်းနေမယ်ဆိုရင် ကျေနပ်ပါပြီ။ ဒါက အမျိုးသမီးများမှမဟုတ်ပါဘူး။ အမျိုးသားများလည်း (လူဟာလူဘဲလို့ မြင်သူတွေ) ဖန်းမနစ်ဘဝကို တည်ဆောက်ယူရင်း ဖိနှိပ်မှုကင်းပြီး ငြိမ်းချမ်းသာယာဝပြောတဲ့ မြန်မာ့လူ့ဘောင် ကို တည်ထောင်နိုင်ကြပါစေ။
- အကြမ်းဖက်ခံရမှုတွေနဲ့ ပိုမိုနှုတ်ဆိတ်လာတဲ့ မြန်မာနိုင်ငံက အမျိုးသမီးတွေ - 24/06/2025
- အရွယ်မတိုင်ခင်ရေးခဲ့ကြတဲ့ သေတမ်းစာ - 22/06/2025
- တပတ်အတွင်းအမျိုးသမီးဖြစ်ရပ်များ - 21/06/2025