တော်လှန်မိခင်များသို့ ဦးညွှတ်ခြင်းဖြင့်
ရှင်ငြိမ်း
“ပင်ပန်းလို့ စိတ်ဓါတ်တွေကျလာတိုင်း ဒီတော်လှန်ရေးကို အမေအတွက်ဆိုပြီး တိုက်နေရတာပဲ ” လို့ ဖွင့်ဟလာသူ ကတော့ မကွေးပြည်သူ့ကာကွယ်ရေးတပ်ရင်းတစ်ခုမှာ တာဝန်ထမ်းနေတဲ့ အိုင်း(အမည်လွှဲ)ပါ။
အသက် ၂၂ နှစ်သာရှိသေးတဲ့ အိုင်းရဲ့မိခင်ဟာ စစ်တပ်လာရောက်ဖမ်းဆီးချိန်မှာ သမီးဖြစ်သူ အိုင်းကို မတွေ့တဲ့ အတွက် ဓါးစာခံအဖြစ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။
အကြမ်းဖက်စစ်တပ်ဟာ နိုင်ငံတော်အာဏာကို မတရားသိမ်းယူပြီးနောက်မှာ ပြည်နယ်နဲ့တိုင်းအသီးသီးမှာ သူတို့ကို ဆန့်ကျင်နေတဲ့ ပြည်သူတွေကို လက်နက်အားကိုးနဲ့ မတရားဖမ်းဆီးထောင်ချခဲ့ကြတာပါ။
အဆိုးဆုံးကတော့ စစ်တပ်က သူတို့အလိုရှိသူကိုမတွေ့ခဲ့ရင် နေအိမ်မှာရှိနေတဲ့ ညီအစ်ကိုမောင်နှမ၊ မိဘတွေ အပြင် သက်ကြီးရွယ်ဘိုးဘွားနဲ့ ကလေးသူငယ်တွေပါမကျန် ဓားစာခံအဖြစ် ဖမ်းဆီးထောင်ချနေတာဖြစ်ပါတယ်။

အခုလည်း အညာမြေကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တစ်ဦးလည်းဖြစ်၊ ဥပဒေကျောင်းသူလည်းဖြစ်တဲ့ အိုင်းကို သူတို့ကို ဆန့်ကျင်နေတဲ့ ဒေသကာကွယ်ရေးတပ်ထဲဝင်သွားလို့ဆိုပြီး ပုဒ်မ ၅၀၅ – ကနဲ့ ဖမ်းဝရမ်းထုတ်ကာ အလိုရှိ နေခဲ့တာဖြစ်ပါတယ်။
၂၀၂၃ ဇူလိုင်လ၊ ၅ ရက်၊ နံနက် ၅ နာရီလောက်မှာ စစ်ကားခုနှစ်စီးနဲ့ အင်အားနှစ်ဆယ်လောက်ဟာ အိုင်းနေထိုင်တဲ့ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်က ကျေးရွာတစ်ခုကို ဝင်ရောက်စီးနင်းခဲ့ပါတယ်။
ဒီလို ဝင်ရောက်စီးနင်းရာမှာ ထွက်ပြေးသွားတဲ့အိုင်းကို ကာကွယ်ပေးလို့ဆိုပြီး မိခင်ဖြစ်သူကို ရိုက်နှက်ဖမ်းသွား သလို ရပ်ကွက်တစ်ခုထဲအတူနေတဲ့ ဦးလေးမိသားစု ၃ ယောက်ကိုပါ ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။ အိုင်းတို့ဟာ အမေတစ်ခု သမီးတစ်ခုနေထိုင်သူတွေပါ။
“ညီမကို ကာထားတော့ ခင်ဗျားကြီးနော်၊ ခင်ဗျားကြီး အသက်တော်တော်ကြီးနေပြီ။ ရှေ့ကနေ ရှုပ်ရှုပ်မလုပ်နဲ့ ဆိုပြီး ထင်းခြောက်နဲ့ သုံးလေးချက်ဆင့်ရိုက်တာ။ ညီမလွတ်သွားတော့ အမေ့ကို မဲရိုက်တာ”လို့ အိုင်းက ပြောပါ တယ်။
ဝင်စီးနင်းတဲ့အချိန်မှာ အိမ်မှာရှိတဲ့ရွှေငွေအပြင် ဆိုင်ကယ်နဲ့ ကွန်ပြူတာအပါအဝင် စုစုပေါင်း သိန်းတစ်ရာကျော် သိမ်းယူသွားခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် စခန်းရောက်တော့လည်း ဦးလေးမိသားစုနဲ့ မိခင်ဖြစ်သူကို အိုင်းရဲ့လှုပ်ရှားမှုတွေ မေးမြန်း ရိုက်နှက်စစ်ဆေးခဲ့ပါတယ်။
အခုလိုဖမ်းသွားပြီး ရက် ၂၀ အကြာမှာတော့ ဦးလေးမိသားစုကို ခံဝန်နဲ့ပြန်လွှတ်ပေးပြီး မိခင်ဖြစ်သူကိုတော့ အိုင်း အဖမ်းခံရင် လွှတ်ပေးမယ်လို့ စည်းရုံးကာ ဖမ်းထားခဲ့တာဖြစ်ပါတယ်။
အိုင်းက အဖမ်းမခံတဲ့အတွက် အသက် ၅၆ နှစ်အရွယ် မိခင်ဖြစ်သူကို နိုင်ငံတော်ဆူပူအောင် လှုံ့ဆော်မှုပုဒ်မ ၅၀၅ – ကနဲ့ တရားစွဲပြီး ဒီဇင်ဘာ ၃၀ ရက်မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။
“အမေက နှလုံးရောဂါရှိတော့ စိတ်တော့ပူပါတယ်။ အဲဒါကြောင့်လည်း ဒီစစ်အာဏာရှင်တွေရဲ့အောက်တန်းကျမှုကို ပိုရွံ့တယ်။ ကျမကတော့ အမေအတွက် ဆက်တိုက်သွားမှာပါ” လို့ အိုင်းက ပြတ်သားစွာဆိုပါတယ်။
အိုင်းကတော့ မိခင်ကို သူ့အစားဖမ်းဆီးထောင်ချထားလို့ အမေအတွက်ရည်စူးကာ တော်လှန်ရေးဆက်လုပ်မှာ ဖြစ်သလို ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်က ကျေးရွာတစ်ခုမှာနေထိုင်တဲ့ ဒေါ်ဂျာခေါင်ကလည်း ဒေသကာကွယ် ရေးတပ် (PDF) ထဲမှာ ကျရာတာဝန်ထမ်းရင်း လွတ်မြောက်လာမယ့်သားကို စောင့်မျှော်နေတဲ့မိခင်တစ်ဦး ဖြစ်ပါ တယ်။
“သားပြန်လာတယ်လို့ အိပ်မက်တွေ ခဏခဏမက်တယ်။ မက်တိုင်းလည်း သားပြန်လာပြီဆိုပြီး အမေ့ကို ပြေး ပြေးဖက်တာ။ အိပ်ယာနိုးလို့ ဒါမဟုတ်ဘူးလို့သိရင် အရမ်းစိတ်ထိခိုက်ရတယ် ”လို့ အသက် ၆၀ နှစ်အရွယ် ဒေါ်ဂျာ ခေါင်က ပြောပါတယ်။
ဒေါ်ဂျာခေါင်ရဲ့သားအပါအဝင် ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင် သုံးဦးဟာ ၂၀၂၃ ခုနှစ်၊ ဇွန်လမှာ စစ်တပ်နဲ့ နှစ်ဖက် ထိတွေ့ တိုက်ပွဲဖြစ်ပြီး ဖမ်းဆီးခံခဲ့ရသူတွေဖြစ်ပါတယ်။ ဖမ်းခံရပြီး ၆ လအကြာမှာတော့ သုံးဦးထဲက တစ်ဦး ထွက်ပြေးလွတ်မြောက်လာခဲ့တဲ့အတွက် သူ့သားလည်း ပြန်လာနိုးနဲ့ စောင့်နေခဲ့တာပါ။
ဒေါ်ဂျာခေါင်ကတော့ သားဖမ်းခံရတဲ့အချိန်ကစလို့ သားကိုစောင့်ရင်း တော်လှန်ရေးတပ်ထဲမှာ သူတတ်နိုင်တဲ့ အားနဲ့ စစ်ဝတ်စုံတွေချုပ်လိုက် ချက်ပြုတ်ရေးမှာ ဝင်ကူလိုက်၊ လူနာတွေကို စောင့်ရှောက်လိုက်နဲ့ သားကို စောင့်နေခဲ့ပါတယ်။
သားမရှိတဲ့အချိန်မှ သားတာဝန်ကို ထမ်းပေးနေတာ မဟုတ်ပါ။ ဒေါ်ဂျာခေါင်ဟာ သူမြတ်နိုးတန်ဖိုးထားရတဲ့ သား လေး PDF ထဲဝင်သွားတဲ့အချိန်မှာလည်း ဈေးရောင်းပြီး သားကို ထောက်ပံ့ခဲ့တဲ့ မိခင်ဖြစ်ပါတယ်။ သူကိုယ်တိုင် တောင် စားဖို့အတွက် ခက်ခဲစွာရုန်းကန်နေရချိန်မှာ တာဝန်ထမ်းနေတဲ့သားကို လိုတာမရှိအောင် ထားခဲ့တာပါ။
ဒေါ်ဂျာခေါင်ဟာ ခင်ပွန်းမရှိတော့တာ ၆ နှစ်နီးပါးအတွင်းမှာ သားဖြစ်သူကို တက္ကသိုလ်ပညာသင်နိုင်အောင် ရွာနဲ့ မနီးမဝေးမှာ ရှိတဲ့သူ့ခြံထဲမှာ ကြက်၊ ဝက်တွေအပြင် သီးပင်စားပင်တွေနဲ့ ခြံထွက်ဟင်းသီးဟင်းရွက်တွေရောင်း ကာ ပညာသင်ပေးခဲ့သူပါ။
တစ်ဦးထဲသောသားမို့ အချစ်ပိုရတဲ့ ဒေါ်ဂျာခေါင်ဟာ သားဖြစ်သူ ကာကွယ်ရေးတပ်ထဲ ဝင်သွားတော့လည်း သား မျက်နှာမငယ်ရအောင် တစ်ခါငွေလွှဲရင် ငါးသိန်း၊ ဆယ်သိန်းစသဖြင့် ရှာဖွေသမျှအားလုံးကို ထောက်ပံ့ပေးနေခဲ့ တာဖြစ်ပါတယ်။
သူ့သားပါတဲ့ တပ်ဖွဲ့ဝင်တွေ တိုက်ပွဲဖြစ်ပြီး အဖမ်းခံရတယ်ကြားတော့ ဒေါ်ဂျာခေါင်မှာ အရူးမီးဝိုင်းသလို ဘာလုပ် ရမှန်းမသိ ဖြစ်နေခဲ့တာပါ။ သူနဲ့ မိုင်များစွာဝေးတဲ့ သားတာဝန်ထမ်းနေတဲ့တပ်ထဲကို နေ့စဉ်လမ်းလျှောက်ကာ သတင်းသွားမေးနေခဲ့ပါတယ်။
“သားမရှိတော့ သတိရလို့ ဘာမှမလုပ်နိုင်တော့ ငါမဖြစ်တော့ဘူး။ သားပြန်လာလို့ ငါဒီလိုဖြစ်နေတာတွေ့ရင် စိတ် ထိခိုက်လိမ့်မယ်ဆိုပြီး သားရှိတဲ့တပ်ထဲမှာ အမေတစ်ခုခုလုပ်ရင်း သားလေးကိုစောင့်ပါရစေလို့ ခွင့်တောင်းပြီး ဝင်လာတာ။ သူတို့ကတော့ မလုပ်စေချင်ဘူးပေါ့။ ဒါပေမယ့် အမေစိတ်ချမ်းသာအောင်လို့ ခေါ်ထားတာ” လို့ ဒေါ်ဂျာခေါင်က ပြောပါတယ်။
အခုတော့ တပ်ထဲမှာ ဒေါ်ဂျာခေါင်ဟာ သားတစ်ယောက်ရဲ့အမေ မဟုတ်တော့ဘဲ ရဲဘော်အားလုံးရဲ့အမေဖြစ်နေ ပါပြီ။ ဒီအခြေအနေဟာ သားအမြင်ချင်ဆုံးဆန္ဒဖြစ်လိမ့်မယ်လို့ သူက ခံယူထားတာဖြစ်ပါတယ်။
နှစ်တွေဘယ်လောက်ကြာကြာ သားနဲ့ပတ်သက်တဲ့ခံစားချက်၊ မျှော်လင့်ချက်တွေကတော့ ဘယ်တော့မှ ကုန်ဆုံး ပျောက်ကွယ်သွားမှာ မဟုတ်ဘူးလို့လည်း သူက ဖွင့်ဟပါတယ်။
အလားတူ တိုက်ပွဲမှာကျဆုံးသွားတဲ့သားရဲ့တာဝန်ကို တော်လှန်ရေးတာဝန်အဖြစ် ဆက်ထမ်းရွက်နေတဲ့ နောက် တစ်ယောက်ကတော့ ဒေါ်ခမ်းမူးလို့ခေါ်တဲ့ “ဝ”တိုင်းရင်းသူ တော်လှန်ရေးမိခင်တစ်ဦးဖြစ်ပါတယ်။
ဒေါ်ခမ်းမူးဟာ စစ်တပ်နဲ့ အမြဲတမ်းတိုက်ပွဲတွေဖြစ်လေ့ရှိတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်က ကျေးရွာ တစ်ခုမှာ နေထိုင်ခဲ့ရတာကြောင့် စစ်ပွဲတွေဖန်တီးတဲ့ စစ်တပ်ကို မုန်းတီးနာကြည်းနေသူဖြစ်ပါတယ်။
ဒါကလည်း စစ်ပွဲတွေကြားမှာ မိဘနှစ်ဦးဆုံးရှုံးခဲ့ရသလို အစ်ကိုကြီးဖြစ်သူကိုလည်း စစ်တပ်က ဖမ်းဆီးခေါ် ဆောင်သွားလို့ ရှင်ကွဲကွဲခဲ့ရပြီး ခင်ပွန်းဖြစ်သူကျတော့လည်း စစ်ပြေးရင်းမိုင်းထိကာ သေဆုံးခဲ့ရတာကြောင့် မုန်းတီးနေတာပါ။ အခုလည်း သားဖြစ်သူက တော်လှန်ရေးမှာ ကျဆုံးသွားခဲ့ရပြန်ပါတယ်။
သူ့လို သားနဲ့သမီးကို စစ်ဒဏ်မခံစားစေလိုတဲ့အတွက် မန္တလေးမြို့မှာ အိမ်ဝယ်ကာ သားနဲ့သမီးကို ကျောင်းထား ခဲ့တာဖြစ်ပါတယ်။ ဒေါ်ခမ်းမူးကတော့ အလုပ်ရှိတဲ့သီပေါနဲ့ မန္တလေးကို ကူးသန်းသွားလာနေခဲ့တာပါ။
အာဏာသိမ်းတဲ့အချိန်မှာ သားဖြစ်သူက ဆေးကျောင်းပထမနှစ်တက်နေပြီး သမီးကတော့ ဆယ်တန်းဖြေထားတဲ့ အချိန်ဖြစ်ပါတယ်။ စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေးမှာ သားနဲ့သမီး ပါဝင်နေတာကိုလည်း သူက ကျေနပ်ဂုဏ်ယူ နေခဲ့ပါတယ်။
နောက်ပိုင်း သားဖြစ်သူ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ထဲဝင်မယ်ပြောတာကိုလည်း မတားဆီးတဲ့အပြင် စုဆောင်းထားတာတွေပါ သားကို ပေးလိုက်ပါသေးတယ်။ သားဖြစ်သူထွက်သွားပြီးနောက် စစ်တပ်က သူတို့အိမ် ကို ဝင်စီးနင်းမယ့်သတင်းရတာကြောင့် သမီးနဲ့အတူ ကျေးရွာတစ်ခုမှာ ပုန်းခိုနေခဲ့ရပါတယ်။
ဒေါ်ခမ်းမူးတို့ကျန်ခဲ့တဲ့ အိမ်လေးကို ချိတ်ပိတ်ခံလိုက်ရတော့လည်း သူဟာ စိတ်ဓါတ်ကျမသွားဘဲ ဒီရွာလေးမှာ နေ့စားတောင်ယာလုပ်ပြီး သားအမိနှစ်ယောက်ရပ်တည်နေခဲ့တာပါ။
ဒေါ်ခမ်းမူးရဲ့သမီးဖြစ်သူ သင်းသင်းဇော်က “အမေက သူဘယ်အခြေအနေမှာဖြစ်ဖြစ် သူ့သားဆီကိုတော့ ငွေပို့ မပျက်ဘူး။ သူသာအငတ်ခံမယ်။ အပင်ပန်းခံမယ်။ နောက်ဆုံးအသက်ကိုပေးပါဆိုရင်တောင် ရင်ကော့ပေးမယ့် အမေပါ။ သူ့သားသမီးတွေအတွက်ဆိုရင်လေ”လို့ ပြောပါတယ်။
ဒီအခြေအနေမှာ သားဖြစ်သူဟာ တိုက်ပွဲမှာကျဆုံးခဲ့ရတာဖြစ်ပါတယ်။ အရွယ်ငယ်ငယ်နဲ့ သူမျှော်လင့်ချက်ထား တဲ့ သားတစ်ယောက်ကို ဆုံးရှုံးသွားရတဲ့ မိခင်တစ်ယောက်ရဲ့ခံစားချက်ဟာ ပြောပြလို့တောင်ရမယ် မထင်ပါ။
သင်းသင်းဇော်က “ စကြားတော့ အမေငိုင်သွားတယ်။ ဘာမှလည်းမပြောဘူး။ ထိုင်ရမလား၊ ထရမလား သူ့မှာ ဖြစ်နေတာ။ ကျမက ဘာဖြစ်လို့လဲမေးတာ လက်ကာပြတယ်။ တော်တော်ကြာမှ ငိုလို့ သိရတယ်။ နှစ်ရက် လောက်တော့ တော်တော်ခံစားလိုက်တယ်။ နောက်တော့ ငါတို့တောခိုစို့လို့ပြောလာတာ”လို့ ပြောပါတယ်။
သူ့သားထမ်းဆောင်သွားတဲ့တပ်ကို သွားပြီး ပေးတဲ့တာဝန်ကို ထမ်းဆောင်ချင်ကြောင်း ပြောတဲ့အခါ တပ်ရင်းမှူး က အံ့သြနေခဲ့တာဖြစ်ပါတယ်။ မဖြစ်နိုင်ဘူးလို့ထင်ပေမယ့် အရွယ်နဲ့မလိုက်အောင် လုပ်နိုင်တဲ့အတွက် အံ့သြ စရာဖြစ်ခဲ့ပါတယ်။
ဒေါ်ခမ်းမူးက “ သားမရှိတော့ သူ့တာဝန်တွေကို ဆက်ယူချင်တာ။ ဒါပေမယ့် တပ်ရင်းမှူးက နောက်ကနေပံ့ပိုးလည်း စစ်တိုက်တာနဲ့ အတူတူပဲပြောလို့ ခုစစ်ရှောင်တွေရဲ့ ကျန်းမာရေး စားရေသောက်ရေးတွေကို ကူညီရတယ်။ တပ် မှာ လည်း စိုက်ခင်းလေးလုပ်ပြီး ချက်ကျွေးတယ်။ မုန့်လည်းလုပ်ကျွေးတယ်”လို့ ပြောပါတယ်။
သူကိုယ်တိုင် ငယ်စဉ်ထဲက စစ်ပွဲကြားမှာ ကြီးပြင်းလာရသူဖြစ်တာကြောင့် ဒီတော်လှန်ရေးမှာတော့ သူ့အတွက် ကြီးမားတဲ့စိန်ခေါ်မှု မရှိပါဘူး။ ဒါပေမဲ့ သူ့သားအရွယ် ရဲဘော်လေးတွေ၊ ရဲမေလေးတွေ တွေ့တိုင်း သားကိုသတိရ တမ်းတစိတ်နဲ့ ခံစားနေရဆဲဖြစ်ပါတယ်။
ဒေါ်ခမ်းမူးဟာ သားဖြစ်သူ ကျဆုံးသွားရပေမယ့် မျက်ရည်တွေကြားက အမြဲဂုဏ်ယူနေမယ့် ရဲရင့်တဲ့တော်လှန် မိခင်ပါ။
တကယ်လို့ အာဏာသိမ်းဖို့သာ မကြိုးစားခဲ့ရင် ဒီလူငယ်လေးတွေဟာ နိုင်ငံကိုအကျိုးပြုမယ့်သားကောင်းတွေ ဖြစ်လာမှာဖြစ်ပါတယ်။ မိခင်တွေလည်း သူတို့မြတ်နိုးတန်ဖိုးထားရတဲ့သားသမီးတွေလည်း ဆုံးရှုံးရမှာမဟုတ် ပါဘူး။
တကယ်တော့ မိခင်တွေဟာ သူတို့သားသမီးတွေ အသက်တွေပေးတိုက်ပွဲဝင်တဲ့အခါ သူတို့မေတ္တာနဲ့ သားသမီး တွေကို နည်းမျိုးစုံ ကာကွယ်ပေးခဲ့ကြပါတယ်။ တချို့ဆို သူတို့ကိုယ်တိုင် စစ်ပြေးနေရင်း သားသမီးအတွက် ဗေဒင် မေး၊ နတ်မေးပြီး အန္တရာယ်ကင်းအောင် ယတြာချေပေးနေတဲ့ မိခင်တွေလည်း အများကြီးရှိပါတယ်။
ဒီနွေဦးတော်လှန်ရေးမှာ မိခင်တွေရဲ့အခန်းကဏ္ဍကလည်း အင်မတန်မှကြီးကျယ်မြင့်မြတ်လှပြီး မေ့ထားလို့မရတဲ့ နေရာမှာရှိနေပါတယ်။
ဘာကြောင့်လဲဆိုတော့ လွတ်လပ်ပြီး တရားမျှတမှုအတွက် တိုက်ခိုက်ကြရတဲ့စစ်ပွဲတွေမှာ ရဲရင့်တဲ့မိခင်တွေ ပါဝင်ကြသလို ဒီ မိခင်တွေက မွေးဖွားပေးလိုက်တဲ့ ရဲဘော်တွေ၊ ရဲမေတွေကလည်း ရှေ့တန်းစစ်မြေပြင်မှာ တိုက်ပွဲ ဝင်နေကြလို့ဖြစ်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် မြန်မာပြည်တော်လှန်ရေးမှာ နိုင်ရာတာဝန်ထမ်းဆောင်နေကြတဲ့ မိခင်တွေရဲ့ပေးဆပ်မှုတွေဟာ သမိုင်းမဝင်၊ စာမတင်၊ မဖြစ်ဖို့အရေးကြီးပါတယ်။ ဒါကြောင့် “အပြည်ပြည်ဆိုင်ရာမိခင်များနေ့”မှာ ဒီဆောင်းပါးနဲ့ တော်လှန်ရေးအတွက် ပေးဆပ်စွန့်လွှတ်သူ မိခင်များအားလုံးကို ဂုဏ်ပြုလိုက်ရပါတယ်။











