စက်ရုံအလုပ်သမားအမျိုးသမီးများ လိင်အမြတ်ထုတ်ခံရမှု ပိုမိုဆိုးဝါးနေ

ရှင်ငြိမ်း     

စက်ရုံအလုပ်ရုံတွေပေါများတဲ့ ရန်ကုန်မြို့၊ လှိုင်သာယာစက်မှုဇုံထဲက အထည်ချုပ်စက်ရုံတစ်ခုမှာ အမျိုးသမီးအလုပ်သမား တွေဟာ ထမင်းစားနားရင်း စကားပြောသံတွေနဲ့ ဆူညံနေပါတယ်။

ဒီထဲက မမိုးဝါ(အမည်လွဲ)တို့အုပ်စုနားကို ကြီးကြပ်ရေးမှူးရောက်လာကာ ရင်နွဲ့ (အမည်လွဲ) နားကပ်ပြီး “ဒီညနော်”လို့ ခပ်တိုး တိုးပြောလိုက်တာကို သူသေချာကြားလိုက်ရပါတယ်။ ဘာလဲလို့ မေးမလို့ လှည့်ကြည့်လိုက်တော့ ရင်နွဲ့က အလုပ်ကြွေးရှိ တယ်ဆိုပြီး အရင်ထသွားပါတယ်။

“အဲဒီလိုမျိုး မိန်းကလေးတွေကို တစ်ပတ်တစ်ယောက်၊ တစ်လတစ်ယောက်ပုံစံမျိုးနဲ့ တရုတ်အလုပ်ရှင်တွေနဲ့ အိပ်ခိုင်းတာ၊ ဝယ်လက်တရုတ်တွေနဲ့ အိပ်ခိုင်းတာတွေရှိတယ်။ ငွေလား၊ အလုပ်လား အဲဒါတွေနဲ့ ခြိမ်းခြောက်မြူဆွယ်တာပေါ့” လို့ မမိုးဝါ က ပြောပါတယ်။

အသက် ၂၀ ဝန်းကျင်အရွယ်တွေဖြစ်တဲ့ မမိုးဝါနဲ့ ရင်နွဲ့တို့ဟာ တရုတ်နိုင်ငံသားပိုင်တဲ့စက်ရုံမှာ လုပ်သက် ၅ နှစ်ကျော်ရှိတဲ့ အထည်ချုပ်အလုပ်သမားတွေဖြစ်ပါတယ်။

သူတို့စက်ရုံမှာ အလုပ်လုပ်တဲ့အသက် ၁၈ နှစ်ကနေ ၃၀ နှစ်အတွင်း အမျိုးသမီးအလုပ်သမားတွေကို တရုတ်နိုင်ငံသားတွေ နဲ့အတူနေဖို့ ငွေနဲ့ဖြစ်စေ၊ အလုပ်ရာထူးနဲ့ဖြစ်စေ၊ စည်းရုံးတာတွေ ရှိနေတာပါ။

စက်ရုံမှာ တာဝန်ရှိတဲ့အမျိုးသားတွေက အမျိုးသမီးအလုပ်သမားတွေကို အမြဲတမ်းဝန်ထမ်းခန့်ပေးတာ၊ လစာတိုးပေးတာ၊ သက်သာတဲ့အလုပ်နေရာ ပြောင်းပေးတာတွေအပြင် သူတို့နဲ့အတူနေရင် တစ်ညကို ငါးသိန်းပေးမယ်ဆိုတဲ့မက်လုံးတွေနဲ့ စည်းရုံးနေတာဖြစ်ပါတယ်။

အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူ မနီနီအောင်ကတော့ “ရာထူးအာဏာကို အသုံးချပြီး အတင်းအကြပ်လိင်ဆက်ဆံမှ မုဒိမ်း မှုမြောက်တာမဟုတ်ဘူး။ အခုလိုခြိမ်းခြောက်မြူဆွယ်အတူနေခိုင်းတာကလည်း ပြောရရင် ဒါလည်း မုဒိမ်းမှုပဲ။ လိင်အကြမ်း ဖက်မှုပဲ”လို့ ထောက်ပြပါတယ်။

အလုပ်သမားရေးဆောင်ရွက်နေတဲ့ အနာဂတ်အလင်းတန်းဆုံမှတ် ဒါရိုက်တာ ဒေါ်သက်သက်အောင်ကလည်း ဒီလိုစည်းရုံးမှု တွေဟာ ယခင်က အနည်းငယ်လောက်သာ ရှိခဲ့ပေမယ့် အခုလို တရားဥပဒေစိုးမိုးမှု မရှိတဲ့ကာလမှာတော့ ပိုမိုဆိုးဝါးလာ တယ်လို့ ဆိုပါတယ်။

ဒီလိုစည်းရုံးတာကို လက်ခံရင် ပြဿနာမရှိပေမယ့် ငြင်းဆန်ရင်တော့ အကြောင်းရှာ အလုပ်ထုတ်ခံရတာလောက်နဲ့မပြီးဘဲ အသက်အန္တရာယ်ကို ရန်ပြုခြိမ်းခြောက်ခံရတဲ့အထိ ဖြစ်လာနိုင်ပါတယ်။

“သူတို့ပြောတာကို လက်ခံရင်ခံ၊ မဟုတ်ရင်တော့ အဲဒီအလုပ်သမား ပြဿနာအရှာခံရပြီပဲ။ နောက်ကျမတို့က ညဆိုင်းတွေ ဆင်းရတော့ အခုနောက်ပိုင်း မိန်းကလေးတွေကို မုဒိမ်းကျင့်အသတ်ခံရတာတွေတောင် ရှိတယ်။ ကျမတို့မှာရွေးချယ်စရာမရှိ ဘူး”လို့ မမိုးဝါက ပြောပါတယ်။

ဒေါ်သက်သက်အောင်ကလည်း အမျိုးသမီးနဲ့ မိန်းကလေးငယ်တွေကို ပစ်မှတ်ထားပြီး အလုပ်အပြန်တွေမှာ ပစ္စည်းလု၊ မုဒိမ်း ကျင့်သတ်ဖြတ်မှုတွေ အခုနောက်ပိုင်း ပိုဖြစ်လာတယ်လို့ ထောက်ပြပါတယ်။

နိုင်ငံရေးမတည်ငြိမ်တာ၊ စက်ရုံအလုပ်ရုံတွေ အပြီးတိုင်ပိတ်သိမ်းတာတွေကြောင့် အလုပ်လက်မဲ့အမျိုးသမီးတွေလည်း များ ပြားလာခဲ့ပါတယ်။ စက်ရုံအလုပ်သမားအများစုဟာ နယ်ကနေလာရောက်လုပ်ကိုင်သူတွေဖြစ်ပါတယ်။

သူတို့ဟာ မိသားစုကို ငွေပြန်ပို့နိုင်ဖို့နဲ့ စားဝတ်နေရေးပြေလည်စေဖို့ ခေါင်းပုံဖြတ်မှုတွေ၊ အခွင့်အရေးချိုးဖောက်ခံရမှုတွေ၊ အဓမ္မခိုင်းစေမှုတွေအပြင် လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်မှုတွေကိုပါ သည်းခံပြီး အလုပ်လုပ်နေကြရတာပါ။

“ကျမတို့မှာ ရတဲ့လုပ်ခ အိမ်ပြန်ပို့နိုင်ဖို့ တနေ့လုံး မုန့်လေးနှစ်ခုနဲ့နေရသူတွေ၊ ထမင်းချိုင့်တောင် မဝယ်နိုင်လို့ ကျွတ်ကျွတ် အိတ်နဲ့ ထည့်ယူလာရသူတွေ၊ အလုပ်သွားဖို့ ဖိနပ်တောင်ဝယ်မစီးနိုင်တဲ့သူတွေ အများကြီးပဲ။ များများလုပ်ပြီး နည်းနည်းစား နေရတာ။ ဒီတစ်ညငါးသိန်းဆိုတဲ့ငွေက အမျိုးသမီးအလုပ်သမားတွေအတွက် မနည်းဘူးလေ”လို့ မမိုးဝါက ဆိုပါတယ်။   

အလုပ်သမားတွေဟာ နယ်မှာကျန်ခဲ့တဲ့ သူတို့မိသားစုကို ငွေကြေးပြန်ပို့နိုင်ဖို့အတွက် အတော်လေးရုန်းကန်နေရတာဖြစ်ပါ တယ်။ မိသားစုထံ ငွေကြေးပြန်မပို့နိုင်တဲ့သူတွေလည်း အများကြီးရှိနေပါတယ်။

မမိုးဝါနဲ့ ရင်နွဲ့တို့ဆိုလည်း မိသားစုစားဝတ်နေရေးအတွက် ဧရာဝတီတိုင်း၊ ဗိုလ်ကလေးမြို့က ကျေးရွာတစ်ခုကနေ လာ ရောက်လုပ်ကိုင်နေရသူတွေဖြစ်ပါတယ်။ ဒီထဲမှာ ရင်နွဲ့က တရုတ်လုပ်ငန်းရှင်နဲ့အတူနေဖို့ စည်းရုံးခံခဲ့ရတာပါ။

“အဲဒီနေ့ ရင်နွဲ့က အလုပ်ကြွေးတင်လို့ ဒီညအချိန်ပိုဆင်းရမယ်ဆိုတော့ အိုကေပေါ့။ နောက်မှသိရတာက တရုတ်နဲ့အတူနေ ခိုင်းတာတဲ့။ မနေဘူးဆိုရင် အလုပ်ထုတ်မယ်။ နေမယ်ဆိုရင် ငါးသိန်းပေးမယ်။ လိုင်းခေါင်းဆောင်လည်းခန့်မှာတဲ့။ အဲဒီမှာ သူကြောက်ပြီး လက်ခံလိုက်တာပေါ့” လို့ မမိုးဝါက သူသိထားတာကို ပြောပါတယ်။

ရင်နွဲ့ဟာ မောင်နှမငါးယောက်ရှိတဲ့အထဲမှာ အကြီးဆုံးဖြစ်ပြီး မိဘတွေကတော့ အငှားစပါးစိုက်သူတွေဖြစ်ကြပါတယ်။ မိဘ တွေရဲ့ဝင်ငွေနဲ့ အဆင်မပြေတော့ ရင်နွဲ့က ပြန်ထောက်ပံ့ပေးနေရတာပါ။

မမိုးဝါက “ကိုယ့်ဝမ်းနာ ကိုယ်သာအသိဆုံးဆိုတော့ သူ့လည်း အပြစ်မတင်ပါဘူး။ အဲဒီကြီးကြပ်ရေးမှူးတို့၊ မန်နေဂျာတို့က သူ တို့ပိုက်ဆံရရင်ပြီးရော မိန်းကလေးတွေကို အဲဒီလိုတွေ လိုက်စည်းရုံးနေတာ။ သူတို့မှာစာရင်းနဲ့ ဘယ်သူပြီးရင် ဘယ်သူဆို တာမျိုး၊ အဲဒီထဲမှာ ကျမနာမည်တောင်ပါတယ်တဲ့”လို့ သူက ဆိုပါတယ်။

ကံကောင်းတာက မမိုးဝါက လွန်ခဲ့တဲ့ နှစ်လလောက်ထဲက တခြားစက်ရုံကို ပြောင်းမှာဖြစ်လို့ ရွာပြန်မယ်ဆိုပြီး ထွက်စာတင် ထားသူဖြစ်ပါတယ်။ ဒီအကြောင်းသိတာနဲ့ သူလည်း မြန်မြန်ပဲ အလုပ်ပြောင်းဖြစ်သွားခဲ့ပါတယ်။

သူသိသလောက်တော့ ရင်နွဲ့က ငွေငါးသိန်းတော့ ရပေမယ့် နောက်ပိုင်းရာထူးတိုးမတိုးတော့ အဆောင်လည်းမတူ၊ အလုပ် လည်းမတူတော့တဲ့အတွက် ဘာမှမသိရတော့ပါဘူး။

မမိုးဝါတို့ဟာ အထည်ချုပ်တဲ့အပိုင်းဖြစ်လို့ တစ်လကို ဝင်ငွေသုံးသိန်းကျော်ရှိပါတယ်။ ဒီငွေထဲက အဆောင်ခ၊ ရေဖိုး၊ မီးဖိုး စတဲ့ ကုန်ကျစရိတ်တွေနုတ်လိုက်ရင် ကျန်တဲ့ငွေက တစ်လလုံးစားဖို့ မလောက်ငှပါဘူး။

“အဲဒီတော့ ကျန်တဲ့ငွေထဲက စားဖို့နည်းနည်းဖယ်ပြီး ကျန်တာအိမ်ပို့ရတယ်။ မပို့နိုင်တဲ့အခါလည်းရှိတယ်။ တခါတလေ နှစ် သောင်း၊ သုံးသောင်းလောက်ပဲပို့နိုင်တယ်။ ဆပ်ပြာသွားတိုက်ဆေးတို့လို အသေးသုံးတွေရှိတော့ သိပ်မကျန်ဘူး။ အဲဒါကြောင့် တခါတလေနေမကောင်းရင် ဆေးခန်းမပြရဲဘူး။ ဆေးဝယ်သောက်ရတယ်” လို့ မမိုးဝါက ပြောပါတယ်။

ယခင်အထည်ချုပ်လုပ်ငန်းတွေ ခေတ်ကောင်းစဉ်ကတော့ အလုပ်သမားတွေဟာ အချိန်ပိုတွေဆင်းရပြီး လုပ်ခတွေအပြည့် အဝရကြတာကြောင့် တစုံတရာအဆင်ပြေခဲ့ကြပါတယ်။

အခုကတော့ အလုပ်လည်းလုပ်ရတယ်။ အချိန်ပိုလည်း တခါတရံဆင်းရပေမယ့် အလုပ်လာတာနောက်ကျလို့၊ ခွင့်ယူလို့၊ စတဲ့ အကြောင်းအမျိုးမျိုးပြပြီး လစာကိုအပြည့်မပေးတာ၊ အချိန်ပိုကြေးမပေးတာတွေကြောင့် စားဝတ်နေရေးခက်ခဲကြပါတယ်။

ခွင့်ဆိုတာကလည်း ညဘက်အချိန်ပိုဆင်းရရင် နောက်နေ့မှာတော့ အလုပ်သမားတိုင်း နားရက်ယူတာကို ပြောချင်တာပါ။ အလုပ်ရှင်တွေက အလုပ်နှောင့်နှေးတယ်ဆိုတဲ့အကြောင်းပြချက်နဲ့ အနားယူခွင့်မပေးပါဘူး။ တချို့အလုပ်က ခွင့်ယူရင် လစာထဲက နုတ်တာရှိပေမယ့် ခွင့်ယူလို့ အလုပ်ထုတ်တဲ့စက်ရုံတွေလည်း ရှိနေပါတယ်။

အလုပ်သမားအများစုဟာ ဝင်ငွေနဲ့ထွက်ငွေ မမျှတတာကြောင့် စားဝတ်နေရေးပြေလည်စေဖို့ တခြားသူဆီမှာ ငွေချေးငှားပြီး လည်ပတ်နေရတာဖြစ်ပါတယ်။ ဆပ်ပြာလို အသေးသုံးတွေကအစ ဒီလအကြွေးနဲ့ဝယ်ထားပြီး လစာထုတ်မှ ပြန်ဆပ်နေရ တာပါ။

“အိမ်က ငွေတောင်းတိုင်း မပေးနိုင်ရင် ကျမတို့တွေလည်း အရမ်းစိတ်ညစ်ရတယ်။ အများအားဖြင့် ကိုယ့်မှာ ငွေပိုမရှိတော့ သူတို့လိုရင် ချေးပေးရတယ်” လို့ မမိုးဝါက ဆိုပါတယ်။

အလုပ်နောက်ကျရင်လည်း ကြီးကြပ်ရေးမှူးတွေ၊ တာဝန်ခံတွေက လူအများရှေ့မှာ “ဘယ်ကောင်နဲ့သွားအိပ်နေလို့ ခုမှ ရောက်လာတာလဲ” ဆိုပြီး မကြားဝံ့မနာသာစကားလုံးတွေနဲ့ ဆဲဆိုတာတွေလည်း သည်းခံနေကြရတာဖြစ်ပါတယ်။

အဆိုဆုံးကတော့ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုပါပဲ။ တရားဥပဒေစိုးမိုးမှုမရှိတဲ့ကာလမှာ အထည်ချုပ်စက်ရုံ အမျိုး သမီးအလုပ်သမားအများစုဟာ လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်မှုတွေကို နည်းမျိုးစုံနဲ့ကြုံနေရတာပါ။

“စက်ရုံထဲက အသက်မပြည့်တဲ့မိန်းကလေးတွေကို ခေါင်းဆောင်တွေက စနောက်သလိုနဲ့ နမ်းတာ။ ကျမတို့ဆိုလည်း ခါးတို့ တာ၊ စကားပြောရင်း ပုခုံး၊ ပါးတွေကို ပွတ်သပ်တာ၊ တင်ပါးကို တို့ထိတာအများကြီးပဲ။ သူတို့က အဲဒါကို နောက်သလိုလိုနဲ့ လုပ်ကြတာ။ တအားစိတ်ပျက်ဖို့ကောင်းတယ်” လို့ မတုံတုံက ဆိုပါတယ်။

အထည်ချုပ်စက်ရုံအလုပ်သမားတစ်ဦးဖြစ်တဲ့ မတုံတုံတို့စက်ရုံမှာလည်း တရုတ်ပြည်ပြန်မယ့် အမျိုးသားတွေနဲ့ လက်ထပ် ပြီး လိုက်သွားဖို့ မြူဆွယ်စည်းရုံးမှုတွေရှိနေတာဖြစ်ပါတယ်။ အသက် ၂၂ နှစ်ရှိပြီဖြစ်တဲ့ မတုံတုံလိုက်သွားနိုင်အောင် စက်ရုံ မန်နေဂျာက စည်းရုံးခဲ့တာပါ။

“တရုတ်နဲ့လိုက်သွားပြီး ကလေးတစ်ယောက်မွေးပြီးရင် ပြန်လာလို့ရတယ်။ လိုက်ရင် သိန်း ၆၀ တခါထဲပေးခဲ့မယ်လို့ ပြော တယ်။ ဒီမှာလည်း တရုတ်နဲ့အိပ်ရမယ့်အတူတူ ပိုက်ဆံပိုရတာလုပ်ပေါ့ဆိုပြီး အမျိုးမျိုးပြောတော့တာပဲ။ ညီမလည်း စဉ်းစား ဦးမယ်ဆိုတော့ ဒါကို ဘယ်သူ့မှမပြောနဲ့နော်လို့ ပိတ်သွားတယ်” လို့ မတုံတုံက ပြောပါတယ်။

မတုံတုံရဲ့အစ်မ သူငယ်ချင်းဖြစ်သူက အလုပ်သမားအရေးလှုပ်ရှားနေတဲ့အဖွဲ့အစည်းတစ်ခုက ဝန်ထမ်းဖြစ်တာကြောင့် သူရဲ့ အကြံပြုချက်နဲ့ ဒီစည်းရုံးမှုကို ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ငြင်းပယ်လိုက်တဲ့နောက်ဆက်တွဲပြဿနာကတော့ မသေးပါဘူး။ အချိန်ပိုဆင်းရတဲ့ညတွေမှာ စက်ရုံမန်နေဂျာက တုံတုံအပါအဝင် မိန်းကလေးတချို့ကို သူ့အခန်းခေါ်ကာ နှိပ်ခိုင်းလေ့ရှိပါတယ်။

“ညီမသွားနှိပ်ပေးတိုင်း သူက အရက်သောက်နေတာ။ နှိပ်ပေးနေရင်းလည်း တင်ပါးလာကိုင်လို့ မကြိုက်ဘူးပြောတော့ အေး ပါ။ နင်တို့က တရုတ်အသားမှ ကောင်းတယ်ထင်တာတဲ့။ နောက်တိုက်တိုက်ဆိုင်ဆိုင် ဖယ်ရီကနေ အိမ်ပြန်တဲ့လမ်းမှာ ဓါး ထောက်လုခံရတယ်။ အဲဒီမှာအလုပ်သမားတွေလာတာမြင်ပြီး ထွက်ပြေးသွားလို့ ညီမဘာမှမဖြစ်တာ” လို့ မတုံတုံက ဆိုပါ တယ်။

ဒီလိုဖိနှိပ်မှုတွေ၊ လိင်အမြတ်ထုတ်မှုတွေကို သည်းမခံနိုင်တော့တဲ့အတွက် အလုပ်ထွက်ဖို့ကို တုံတုံအနေနဲ့ ခက်ခက်ခဲခဲနဲ့ ဆုံး ဖြတ်ချက်ချခဲ့ရတာဖြစ်ပါတယ်။

အခုလိုမျိုး လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရတာတွေကို သိနေ၊ မြင်နေ၊ ကြုံနေရပါရက် ဘာကြောင့် မတိုင် ကြားတာလဲလို့ မေးစရာရှိပါတယ်။ ယခင်ကတော့ ဒီလိုပြဿနာတွေကို စက်ရုံက အလုပ်သမားသမဂ္ဂတွေ ဦးဆောင်ကာ တိုင်ကြားပေးလေ့ရှိပါတယ်။

လက်ရှိမှာ အလုပ်သမားတွေရှေ့မှာ ရပ်တည်ပေးမယ့် အလုပ်သမားရေးလှုပ်ရှားသူတွေ၊ အလုပ်သမားသမဂ္ဂတွေလည်း မရှိ တော့တဲ့အခါ အမျိုးသမီးအလုပ်သမားတွေဟာ နည်းမျိုးစုံနဲ့ အခွင့်အရေးချိုးဖောက်မှုတွေခံနေရတာဖြစ်ပါတယ်။

“ဒီလိုကိစ္စမှမဟုတ်ဘူး။ ကိုယ့်လစာအပြည့်မပေးတဲ့ကိစ္စတောင် မမေးရဲ၊ မပြောရဲကြဘူး။ ပြောလို့ရှိရင် မကျေနပ်ရင်ထွက်၊ တခုခုဆို တပ်(စစ်တပ်)ခေါ်ရှင်းခိုင်းရမလား၊ အဲဒါနဲ့ ခြိမ်းခြောက်ထားတာ” လို့ မမိုးဝါက ဆိုပါတယ်။

လုပ်ငန်းခွင်ထဲမှာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခံရမှု အခွင့်အရေးချိုးဖောက်ခံရမှုတွေရှိနေပေမယ့် တရားဥပဒေစိုးမိုးမှုမရှိတဲ့ ကာလတွေမှာ တိုင်ကြားရေးကလည်း အရေးမပါသလိုဖြစ်နေပါတယ်။

တစ်ဖက်မှာလည်း အမျိုးသမီးအလုပ်သမားတွေဟာ အလုပ်အကိုင်ရှားပါးတာ၊ ဝင်ငွေမရှိဘဲ ရပ်တည်ဖို့ခက်ခဲမှာ၊ မိသားစု စားဝတ်နေရေး အဆင်မပြေမှာ၊ အလုပ်ထဲမှာပြဿနာရှာခံရမှာ၊ စတဲ့စိန်ခေါ်မှုတွေအတွက် တွေးပူနေကြရတာအမှန်ပါ။

ပြောရရင်တော့ အထည်ချုပ်လုပ်ငန်းတွေမှာပဲ ဒီလိုအတင်းအကြပ်အတူနေခိုင်းတဲ့ကိစ္စတွေ ရှိနေတာမဟုတ်ပါဘူး။ တခြား လုပ်ငန်းခွင်တွေထဲမှာလည်း အမျိုးသမီးဝန်ထမ်းတွေကို နည်းမျိုးစုံနဲ့ လိင်အမြတ်ထုတ်နေတာတွေ ရှိနေတာဖြစ်ပါတယ်။

 “ဒီလိုလိင်အမြတ်ထုတ်တာ နှောင့်ယှက်စော်ကားတာနဲ့ အကြမ်းဖက်တာတွေက ကိုယ့်ပတ်ဝန်းကျင်မှာတင် သိသိသာသာ ရော မသိမသာပါ နေ့စဉ်ကြုံရတဲ့ပြဿနာပါ။ ဒီအချိန်မှာ ကျမတို့က ဒါတွေကို အပြင်းအထန်ရှုတ်ချပါတယ်။ ကန့်ကွက်ပါ တယ်။ ဒီလောက်ပဲ ပြောလို့ရတယ်။ အရင်လိုမကူညီနိုင်တော့ဘူး။ မတရားမှုကို လက်ပိုက်ကြည့်နေရတဲ့ ဘဝလောက် ဆိုး တာ မရှိဘူး” လို့ အမျိုးသမီးရေးတက်ကြွလှုပ်ရှားသူ မဖြူက ပြောပါတယ်။

တရားဥပဒေမရှိတဲ့ကာလမှာ နစ်နာသူ အမျိုးသမီးအလုပ်သမားတွေအတွက် တရားမျှတမှုဆိုတာက အလှမ်းကွာဝေးလွန်း နေပါတယ်။ သူတို့ကို ကာကွယ်ပေးနိုင်မယ့်သူမရှိတဲ့အတွက် အခုလိုလိင်အမြတ်ထုတ်မှုတွေကို သည်းခံတာ မဟုတ်ရင် အလုပ်ထွက်တာအပြင် တခြားရွေးစရာမရှိပါ။

ဒါ့အပြင် လုပ်သက်ရှိတဲ့ အမျိုးသမီးအလုပ်သမားတွေကတော့ စက်ရုံအလုပ်တွေမှာပဲ ဝင်ရောက်လုပ်ကိုင်ဖို့ ဆန္ဒရှိကြတာ ဖြစ်ပါတယ်။ လက်ရှိကုန်ဈေးနှုန်းနဲ့က မိသားစုဝင်တစ်ဦးထဲရဲ့ဝင်ငွေနဲ့ မလုံလောက်တော့ အိမ်ရှိလူကုန်အလုပ်လုပ်မှ အဆင် ပြေပြေ စားသောက်နိုင်တဲ့အခြေအနေကြောင့်ပါ။

ဒါကြောင့် စက်ရုံအမျိုးသမီးအလုပ်သမားတွေကတော့ သူတို့လုပ်ကိုင်ရမယ့်လုပ်ငန်းခွင်ဟာ လုံခြုံစိတ်ချရတာမျိုးကို အလိုရှိ ကြောင်း အခုလိုထုတ်ဖော်ပြောနေကြတာဖြစ်ပါတယ်။

“ကျမတို့အမျိုးသမီးအတွက် လုံခြုံစိတ်ချရတဲ့လုပ်ငန်းခွင် လိုချင်ပါတယ်”

Author: