ကျန်းမာရေးစောင့်ရှောက်မှုမရရှိနေတဲ့ ငလျင်သင့် ကိုယ်ဝန်ဆောင်မိခင်တွေ

ရှင်ငြိမ်း     

“ငလျင်ပြီးထဲကကျမတို့လိုကိုယ်ဝန်ဆောင်တွေ ကျန်းမာရေးစောင့်ရှောက်မှုဘာတစ်ခုမှမရဘူး။ မွေးလာမယ့်ကလေးအတွက်တော့ အရမ်းစိုးရိမ်တယ်”လို့ ဖွင့်ဟလာသူကတော့ ကိုယ်ဝန် ၇ လလွယ်ထားရတဲ့မိဌေးပါ။

ငလျင်သင့်တဲ့ ကိုယ်ဝန်ဆောင်အများစုဟာ ဗိုက်ထဲကကလေးတွေရဲ့ အခြေအနေနဲ့ မိခင်ရဲ့ ထိခိုက်မှုတွေအတွက် ကုသမှုခံယူ ဖို့ ဆေးရုံကိုသွားတဲ့အခါ ကြည့်ရှုကုသပေးမယ့်ဆရာဝန်တွေ၊ ကျန်းမာရေးဝန်ထမ်းတွေ မလုံလောက်တဲ့ပြဿနာနဲ့ ရင်ဆိုင် နေရတာဖြစ်ပါတယ်။

“ကိုယ်ကအခက်အခဲကြားက ဆေးရုံရောက်အောင်မနည်းလာရတာ။ ဟိုရောက်တော့ လူနာတွေကြားထဲ ဆရာဝန်တွေကို မနည်းရှာရတယ်။ လူနာနဲ့ဆရာဝန်အင်အားက မမျှဘူး။ ဗိုက်နာနေတာလို့ပြောပြဖို့တောင် အချိန်မရခဲ့ဘူး”လို့ မိဌေးကဆို ပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၂၈ ရက် နေ့လယ်မှာ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာကြောင့် မန္တလေး၊ စစ်ကိုင်း၊ နေပြည်တော်နဲ့ အင်းလေးဒေသတို့မှာ ထောင်နဲ့ချီတဲ့ လူသေဆုံးမှုဖြစ်ခဲ့ပြီး နေအိမ်အမြောက်အများလည်း ပျက်စီးခဲ့ရတာဖြစ်ပါတယ်။

“ငလျင်ပြီးတော့ ငါ့ကလေးလှုပ်လားဆိုပြီး လိုက်စမ်းခိုင်းရတယ်။ ငလျင်ချက်လည်း အကြာကြီးထိထားတော့ ဗိုက်ကတချက် တချက် တအားနာနေတာ။ ပြဖို့စစ်ဆေးဖို့ကလည်း ဘယ်သွားရမှန်းမသိဘူး”လို့ မိဌေးက ပြောပါတယ်။

ငလျင်ကြောင့် မိဌေးအပါအဝင် ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၇၃၈၅၅ (၁သိန်း၇ သောင်းကျော်) ဦးထက်မနည်းအန္တရာယ်ရှိ နေပြီး အများစုကအသက်ကယ်မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှုတွေ ဆုံးရှုံးနေကြောင်း ကုလသမဂ္ဂလူဦးရေရန်ပုံ ငွေအဖွဲ့ (UNFPA)က ဧပြီ ၄ ရက်နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

ငလျင်ဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ စစ်ကိုင်း၊ မန္တလေးနဲ့ နေပြည်တော်တို့မှာ ကျန်းမာရေးဆေးခန်းတွေနဲ့ ဆေးရုံတွေအပါအဝင် အဆောက်အအုံတွေ ဆိုးရွားစွာပျက်စီးခဲ့ပြီး ဆေးဝါးနဲ့ ဆေးပစ္စည်းတွေအပြင် ရေသန့်၊ စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ တခြား အသက်ရှင်ဖို့ လိုအပ်တဲ့ပစ္စည်းတွေပြတ်လပ်တာနဲ့ ရင်ဆိုင်နေရကြောင်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

အကြမ်းဖက်စစ်တပ်က ပုဂ္ဂလိကဆေးရုံတွေကို အကြောင်းမဲ့အပြီးအပိုင်ပိတ်သိမ်းခိုင်းတာ၊ ယာယီပိတ်သိမ်းခိုင်းတဲ့ အပြင် အကြမ်းမဖက်အာဏာရှင်ဆန့်ကျင်ရေး (CDM) လုပ်တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေစတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီး ထောင်ချနေတာကြောင့် ဆေးရုံတွေမှာကျန်းမာရေးဝန်ထမ်းတွေ မလောက်ငှရတဲ့ ပြဿနာတွေနဲ့ ကြုံနေရတာပါ။

အခုလိုဆေးရုံဆေးခန်းတွေကိုပိတ်ခိုင်းပြီး ကျန်းမာရေးဝန်ထမ်းတွေကို ဖမ်းဆီးထောင်ချနေတာတွေက ပြည်သူတွေကို တစ် ဖက်လှည့်နဲ့ သတ်နေတာနဲ့အတူတူပဲလို့ မန္တလေးမြို့ဒေသခံတွေကသုံးသပ်ကြပါတယ်။

“သူတို့ခိုင်းထားတဲ့ဆရာဝန်တွေဆိုလည်း အပြင်ဆေးခန်းမထိုင်ရတာ၊ စစ်ဆေးခံရတာတွေရှိတော့ ဆေးခန်းတွေမှာဆရာ ဝန်ကထိုင်တချက်မထိုင်တချက်နဲ့ လူနာတွေကစောင့်လို့ တကယ်အရေးပေါ်ပြချင်တဲ့လူနာတွေကို အချိန်မီ မကုသနိုင်လို့ သေသွားရင် ဆရာဝန်တွေကို ဖမ်းတဲ့သူကတရားခံပဲ”လို့ မိဌေးကဆိုပါတယ်။

အာဏာမသိမ်းမီက ရိုးရိုးမွေးဆိုရင်တော့ သူနာပြုခေါ်ပြီးမွေးလိုက်လို့ရအောင်လွယ်ကူခဲ့ပါတယ်။ ခွဲမွေးဖို့ လိုအပ်ရင်လည်း ဗိုက်အပ်ထားတဲ့ဆရာဝန်နဲ့ စနစ်တကျမွေးဖွားလို့ရခဲ့တဲ့ အခြေအနေဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက်မှာတော့ ဒီအခြေအနေအားလုံးပျက်စီးသွားခဲ့ရတာကြောင့် ငလျင်ဒဏ်သင့်ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ကျန်းမာရေးစစ်ဆေးကုသခွင့်တွေပါဆုံးရှုံးနေရတာပါ။

“ကိုယ်ဝန်ဆောင်တွေဆိုတာ နေ့တိုင်းသချိုင်းကုန်းမျက်စောင်းထိုးနေရတာ။ ကြုံသလိုမွေးလိုက်လို့မရဘူး။ အောင့်ထားလို့ လည်းမရဘူး။ အခုက မွေးပေးမယ့်ဆရာဝန်ကို တန်းစီစောင့်ပြီးမွေးရမလိုဘဲ။ တကယ်ကိုမွေးရမှာကြောက်နေပြီ”လို့ မိဌေး က သူ့အပူကို ဖွင့်ဟပါတယ်။

ဒါ့အပြင် ရပ်ကွက်ထဲက သက်ကြီးရွယ်အိုအမျိုးသမီးတွေက ကိုယ်ဝန်ဆောင်ထားတဲ့မိဌေးကို တွေ့တိုင်းငလျင်လှုပ်ရင် “ကျောက်ခဲ လက်ထဲဆုပ်ထားနော်”လို့ သတိပေးပြောနေကြတာဖြစ်ပါတယ်။

တကယ်လို့ ငလျင်ချိန်ကျောက်ခဲမဆုပ်ထားမိရင် ကလေးဉာဏ်ထိုင်းသွားတတ်တာကြောင့် သတိပေးနေကြောင်း အဖွားတွေ ကရှင်းပြကြောင်း မိဌေးက ဆိုပါတယ်။

ဗိုက်ထဲကကလေးရဲ့ ဉာဏ်ရည်ထိခိုက်သွားမလားလို့လည်း သူက စိုးရိမ်နေတာဖြစ်ပါတယ်။  

အထွေထွေရောဂါ ဆရာဝန်ဒေါက်တာသူရိန်လှိုင်ဝင်းကတော့ ကိုယ်ဝန်ဆောင်ချိန် ငလျင်ချက်ထိရင် လမစေ့ဘဲကလေးမွေး တာတို့၊ ရှေးလူကြီးတွေပြောသလို ဗိုက်ထဲကကလေးဉာဏ်နည်းသွားမလားဆိုတာတွေက လေ့လာနေပြီး ဒါနဲ့ပတ်သက်တဲ့ စာတမ်းတွေလည်းရှိတယ်လို့ ပြောပါတယ်။ 

အမေဗိုက်ထဲမှာငလျင်ဒဏ်ခံရတဲ့ ကလေးတွေက မွေးလာတဲ့အခါ ဉာဏ်မမီတာမျိုး ဖြစ်နိုင်လားဆိုပြီး လေ့လာထားကြောင်း လေ့လာချက်ရဲ့ အဆုံးသတ်မှာတော့ ကိုယ်ဝန်ဆောင်ချိန်မှာ ရစ်ချက်တာစကေးမြင့်တဲ့ငလျင်ဒဏ်ခံရတဲ့အခါ မွေးလာတဲ့ ကလေးကစာဖတ်ရခက်တာမျိုး ကြုံရနိုင်တယ်လို့ သူက ဆက်ပြောပါတယ်။

ဒါပေမယ့် ဒါကငလျင်ဒဏ်ခံရတိုင်း ဖြစ်ရတာမျိုးတော့ မဟုတ်ပါဘူး။ အချိန်ဘယ်လောက်ကြာကြာခံရသလဲ။ ကလေးက သားလား၊ သမီးလားစတဲ့ အချက်တွေအပေါ်လည်း မူတည်နေတာဖြစ်ပါတယ်။

နောက်ပြီး ဒီအချက်ကို ကလေးငယ်တုန်းမှာ တွေ့ရတဲ့အတွက် နောက်ပိုင်းကျရင်ရော ဘယ်လိုဆက်ဖြစ်မှာလဲဆိုတာကို ဆက်ပြီးလေ့လာဖို့ လိုတယ်လို့ ဒေါက်တာ သူရိန်လှိုင်ဝင်းက ပြောပါတယ်။

သူက“အခုငလျင်ကြီးတွေက ကိုယ်ဝန်ဆောင်မိခင်တွေအပေါ်မှာ ရိုက်ခတ်မှုကြီးမားတယ်။ နောက်ဆက်တွဲဖြစ်ရပ်တွေ လည်း အရမ်းများတယ်။ အများဆုံးဖြစ်တတ်တာကတော့ ကလေးစောမွေးတာပဲ။ ရှိသင့်တဲ့ချိန်မှာ မွေးတာမျိုးမဟုတ်ဘဲနဲ့ ကြိုဗိုက်နာပြီး စောမွေးကြတယ်။ နောက်မွေးလာတဲ့ကလေးပေါင်မပြည့်တာတို့ဖြစ်တတ်တယ်”လို့ ရှင်းပြပါတယ်။

နောက်ရှိသင့်တဲ့အရွယ်ထက် သေးငယ်တဲ့ကလေးတွေမွေးတာ၊ ဒီထက်အခြေအနေဆိုးရင်တော့ ကိုယ်ဝန်ပျက်ကျတာ၊ က လေးအသေမွေးတာတွေထိဖြစ်နိုင်တယ်လို့ ဒေါက်တာ သူရိန်လှိုင်ဝင်းက ထောက်ပြပါတယ်။

“အဓိကပြဿနာက ဘာလဲဆိုတော့ ငလျင်ကြီးရင် ကြီးတဲ့အပေါ်မှာမူတည်ပြီး စိတ်ဖိစီးမှုတွေဖြစ်တယ်။ စိတ်ဖိစီးမှုဖြစ်တော့ stress ဟိုမုန်းတွေထွက်စေတယ်။ ဒီဟိုမုန်းတွေက ကလေးရဲ့ ဖွံ့ဖြိုးမှုနဲ့ အချင်းရဲ့ဖွံ့ဖြိုးမှုကို သွားပြီးသက်ရောက်မှုရှိတယ်။ အဲ ဒီဟိုမုန်းတွေထွက်တဲ့ အတွက်ကြောင့် အချင်းကသေချာမဖွံ့ဖြိုးတော့ဘူး။ ကလေးလည်း မဖွံ့ဖြိုးတော့ဘူး။ အဲ့ဒါကြောင့် ကလေးအသေမွေးတာတို့ ကလေးကရှိသင့်တာထက်သေးငယ်နေတာတို့ စောမွေးတာတို့ဖြစ်နိုင်တယ်”လို့ ဒေါက်တာက သုံးသပ်ပြပါတယ်။

“ဥပမာ – ငလျင်ကြောင့် ရုပ်ပိုင်းဆိုင်ရာထိခိုက်မှုမဖြစ်ဘူးဆိုရင်တောင်မှ အသက်ဘေးကနေ လွတ်အောင်ထွက်ပြေးခဲ့ရတဲ့ အခြေအနေဆိုတော့ စိတ်ပိုင်းဆိုင်ရာမှာပြဿနာရှိတယ်။ တချို့ဆိုကိုယ်ချစ်ခင်ရတဲ့မိသားစုဝင်တွေဆုံးရှုံးရတာပစ္စည်း၊ ဥစ္စာ တွေဆုံးရှုံးသွားရတယ်။ ဒါတွေနဲ့ ကြုံရတဲ့အခါ စိတ်တွေကပုံမှန်မဟုတ်တော့ဘူး။ စိတ်တွေအပေါ်သက်ရောက်မှုရှိတယ်။ အဲ့ဒီစိတ်ရဲ့ စိတ်ဖိစီးမှုနောက်ဆက်တွဲအနေနဲ့ ခုနပြောတဲ့ ပြဿနာတွေ ဆက်ပြီးဖြစ်နိုင်တယ်”လို့ ဒေါက်တာ သူရိန်လှိုင်ဝင်းက ရှင်းပြပါတယ်။

ကိုယ်ဝန်ဆောင်ချိန် ငလျင်ချက်မိရင် လမစေ့ဘဲကလေးမွေးတာ၊ မွေးလာတဲ့ကလေးက ဉာဏ်ရည်နိမ့်တာတွေဖြစ်တတ် တယ်ဆိုတာတွေကြောင့် ငလျင်သင့်ခဲ့တဲ့ သူ့ကိုယ်ဝန်ကို မိဌေးကကျန်းမာရေးစစ်ဆေမှု လုပ်ချင်နေတာဖြစ်ပါတယ်။

CDM သားဖွားနဲ့ မီးယပ်ဆရာဝန်ဒေါက်တာ ဂျေ(အမည်လွှဲ)က “ဒီဘက်ခေတ်မှာတော့ ဒါတွေကိုမယုံလို့တော့မရဘူး။ ဒါပေမဲ့ ကျနော်တို့ဆေးပညာမှာ ငလျင်ချက်မိရင် ကလေးဉာဏ်ထိုင်းတာကတော့ တိုက်ရိုက်ကြီးတော့မရှိဘူး။ သွယ်ဝိုက်သဘော မျိုးတော့ဖြစ်နိုင်ပါတယ်”လို့ ရှင်းပြပါတယ်။

ဥပမာ တခါတရံမှာ စိုးရိမ်ပူပန်စိတ်လွန်ကဲတာကြောင့် ကိုယ်ဝန်ဆောင်တွေစိတ်ဖိစီးမှုဖြစ်ပြီး ကိုယ်ဝန်ပျက်ကျတာ၊ ကလေး ကိုထိခိုက်တာတွေဖြစ်တတ်တော့ ဒါနဲ့ဆက်စပ်နိုင်တယ်လို့လည်း သူကပြောပါတယ်။

ပြင်းထန်ငလျင်ကြောင့် အမျိုးသမီးတွေဟာသုံးလနဲ့ ကိုယ်ဝန်ပျက်ကျသူရှိသလို တချို့ဆို ၅ လ၊ ၇ လအထိကိုကိုယ်ဝန်ပျက် တဲ့သူတွေရှိတယ်လို့ ဒေါက်တာက သူသိထားတာကို ပြန်ပြောပြပါတယ်။

ငလျင်လှုပ်တဲ့အခါ ကိုယ်ဝန်ဆောင်မိခင်တွေမှာ မိသားစုဝင်တွေဆုံးရှုံးရလို့ ဝမ်းနည်းပူဆွေးရတာတွေ၊ အရာအားလုံးပျက်စီး ဆုံးရှုံးရလို့ စိတ်ထိခိုက်ရတာစတဲ့သောကတွေကြောင့် ရုပ်ပိုင်း၊ စိတ်ပိုင်းတွေမှာဖိစီးတာ၊ စိတ်ဒဏ်ရာတွေရနေတတ်ကြ ပါတယ်။

“အဲဒီတော့ ငလျင်ကြောင့်ဆိုတာထက် ကိုယ်ဝန်ဆောင်မိခင်တွေရဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဒဏ်ရာတွေအပေါ်မှာမူတည်ပြီးက လေးစောမွေးတာတွေဖြစ်လာတယ်။ ဒီတစ်ခုထဲကြောင့်တော့ မဟုတ်ဘူး။ ကိုယ်ဝန်အနု၊အရင့်ပေါ်လည်း မူတည်သေး တယ်”လို့ ဒေါက်တာ ဂျေကဆက်ပြောပါတယ်။

ငလျင်ဒဏ်ကြောင့် မိခင်ကစိတ်ဖိစီးမှုခံစားရတဲ့အခါ ကလေးဆီကိုသွားတဲ့သွေးကြောတွေ ကျုံ့စေတဲ့အတွက်အောက်စီဂျင်နဲ့ အာဟာရတွေရတာနည်းသွားတာကြောင့် ကလေးစောမွေးတာဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

ငလျင်လှုပ်လို့ ဖြစ်တယ်ဆိုတာထက် ဆက်စပ်နေတယ်လို့ ပြောလို့ရကြောင်း ဒေါက်တာ သူရိန်လှိုင်ဝင်းကလည်း ဆိုပါတယ်။

ငလျင်လှုပ်တဲ့အခါ ကိုယ်ဝန်ဆောင်တွေမှာ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ဖိစီးမှုတွေဖြစ်လာပါတယ်။ ဒါကြောင့် တချို့ ကိုယ်ဝန်ဆောင်တွေမှာ လမစေ့ဘဲမွေးတာ ဖြစ်စေနိုင်ပါတယ်။ ငလျင်ဒဏ်ခံရတဲ့ မိခင်တိုင်းတော့ မဟုတ်သလိုငလျင် ကြောင့်ဆိုတာထက် မိခင်ရဲ့ စိတ်ဖိစီးမှုကြောင့်ဖြစ်တာများပါတယ်။

ကလေးစောမွေးတာနဲ့ ငလျင်ဒဏ်ကြားက ဆက်စပ်မှုက ရှုပ်ထွေးကြောင်း ငလျင်ဒဏ်ရဲ့ ရစ်ချက်တာစကေး၊ ကိုယ်ဝန်လ အနု အရင့်၊ မိခင်ရဲ့စိတ်ဖိစီးမှုအခြေအနေစတာတွေကိုပါ ထည့်သွင်းစဉ်းစားရမယ်လို့လည်း ဒေါက်တာသူရိန်လှိုင်ဝင်းကပြော ပါတယ်။

စစ်ကိုင်းမြို့က ကလေးသုံးယောက်မိခင် ဒေါ်စောဆိုလည်း ငလျင်အပြီးမှာ ကိုယ်ဝန် ၇ လကျော်နဲ့ စောမွေးခဲ့သူဖြစ်ပါတယ်။ အရင် ကလေးသုံးယောက်လုံး နေ့စေ့လစေ့မွေးခဲ့ပေမယ့် အခုနောက်ဆုံးကလေးကိုတော့ စောမွေးခဲ့တာပါ။

“ငလျင်ကြောင့် လန့်ပြီးစောမွေးတယ်ထင်တာပဲ။ ငလျင်ပြီးတော့ ပြိုပျက်တာတွေမြင်ပြီး ကြောင်ကြောင်ကြီးရပ်နေတုန်း ဗိုက်နာလာတာပဲ။ မကြာဘူး ရေမွှာပေါက်တော့ ဆေးရုံပြေးပေါ့။ ဟိုရောက်တော့ ကလေးကခေါင်းမြင်နေရပြီ။ မထွက်လာ လို့ အရေးပေါ်ခွဲမွေးလိုက်ရတယ်”လို့ ဒေါ်စောက ဆိုပါတယ်။

ငလျင်လှုပ်တဲ့နေ့က ဒေါ်စောအမျိုးသားက အလုပ်ကိစ္စနဲ့ နယ်ကို ခရီးထွက်သွားတာကြောင့် ကလေးသုံးယောက်၊ ညီမ နှစ် ယောက်နဲ့အတူ ကျန်နေရစ်တာဖြစ်ပါတယ်။ငလျင်လှုပ်တဲ့အချိန်မှာ ကိုယ်ဝန်နဲ့မပြေးနိုင်တာကြောင့် ဘာပစ္စည်းမှမယူနိုင်ဘဲ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဆေးရုံပေါ် ရောက်သွားတော့ ကလေးအတွက် အနှီးနဲ့ မိခင်အတွက်ထဘီတွေလည်းပါမသွား ခဲ့ဘူးလို့ဆိုပါတယ်။

“အဲဒီမှာဆေးရုံဆင်းတော့မယ့် ဆရာလေး(သီလရှင်)တချို့က သူတို့အပေါ်ရုံတွေပေးထားခဲ့တယ်။ ဆေးရုံကလည်း အခင်း တွေလာပေးလို့ အဆင်ပြေခဲ့တယ်။ ဆေးရုံဆင်းတာနဲ့ ကယ်ဆယ်ရေးစခန်းမှာသွားနေရတယ်။ အဲဒီမှာ အများနဲ့ဆိုတော့ ဖြစ် သလိုနေထိုင်စားသောက်ရတော့ အဆင်မပြေဘူး။ ညဆိုလည်း အိပ်မပျော်ဘူး။ စိတ်ရောလူပါပင်ပန်းပြီး နေမကောင်းတွေ ဖြစ်တယ်”လို့ ဒေါ်စောက ပြောပါတယ်။

မီးဖွားပြီးစမိခင်တစ်ယောက်အနေနဲ့ ကလေးငယ်ကိုပြုစုစောင့်ရှောက်တာအရေးကြီးသလို မိခင်ကိုယ်တိုင်လည်းဂရုစိုက် နေထိုင်သင့်တဲ့ကာလဖြစ်ပါတယ်။

 ဒါပေမဲ့ငလျင်ဒဏ်သင့်ထားတဲ့ဒေါ်စောဟာ စိုးရိမ်ပူပန်စိတ်တွေများနေပြီး ကျန်းမာရေးနဲ့ ညီညွတ်တဲ့စားသောက်နေထိုင်မှု လည်း မရှိတာကြောင့် မီးဖွားပြီးစမိခင်တွေကြုံရတတ်တဲ့ ညအိပ်မပျော်တာ ၊ အကြောင်းအရင်းမရှိ စိတ်ဓာတ်ကျတာစတဲ့ ဝေဒနာတွေကို ခံစားနေရတာပါ။

“ဒါတွေက ကလေးမွေးပြီးမှဖြစ်တာဆိုတော့ ပုံမှန်ဆိုဆရာဝန်သွားပြလိုက်ရင်ရတယ်။ ခုက အဲဒီလိုအလွယ်တကူ  မဟုတ် တော့ ကိုယ်ဖြစ်ရင်ကိုယ်ခံပဲ။ ကိုယ်ဝန်ဆောင်တွေက မွေးပြီးတာနဲ့မပြီးဘူး။ မွေးပြီးနောက် နေထိုင်စားသောက်ရမှာလည်း ရှိသေးတယ်”လို့ ဒေါ်စောက ပြောပါတယ်။

ဒါ့ကြောင့် ငလျင်သင့်တဲ့ကိုယ်ဝန်ဆောင်တွေ လိုအပ်တဲ့ကျန်းမာရေးစစ်ဆေးမှုတွေလည်း လုပ်ပေးဖို့ကို သူက အထူးတောင်း ဆိုထားပါတယ်။

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်က ငလျင်သင့်ခဲ့တဲ့ ကိုယ်ဝန်ဆောင်မိခင် အများအခေါ် အမေကြည်ဆိုလည်း မွေးဖွား ခါနီးမှာ ငလျင်သင့်ခဲ့တာကြောင့် ကျန်းမာရေးစစ်ဆေးမှုလိုအပ်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အမေကြည်ဟာ ငလျင်နောက်ဆက်တွဲရောဂါဝေဒနာတချို့လည်း ခံစားနေရတာဖြစ်ပါတယ်။ ဒီအတွက်လည်း သူ က ကုသမှုရယူချင်နေတာဖြစ်ပါတယ်။

“အိမ်ပြိုတော့ ယောကျာ်းလည်းအုတ်ပိပြီး ခြေတဖက်ဖြတ်လိုက်ရတယ်။ အဲ့ဒါမြင်ထဲက အိပ်မပျော်တော့ဘူး။ အိပ်ပျော် ရင် လည်း ကြောက်စရာအိပ်မက်တွေမက်တယ်။ ဘာမှကိုလုပ်ချင်ကိုင်ချင်စိတ်မရှိဘူး။ အရာရာကအိပ်မက်လားဘာလား။ ဝါးဝါးကြီး ဖြစ်နေတာ”လို့ အမေကြည်က ပြောပါတယ်။

ဒါပေမဲ့ တချို့ငလျင်ဒဏ်သင့်တဲ့ကိုယ်ဝန်ဆောင်တွေကျတော့ ထိခိုက်မှုမရှိကြပါဘူး။ ငလျင်ဒဏ်ခံရတာခြင်းအတူတူ သူက မဖြစ်ဘူး။ ငါ့ကျဘာလို့ ဖြစ်တာလဲလို့လည်း မေးစရာရှိပါတယ်။ ဒါက ငလျင်ဒဏ်ခံရတိုင်းဖြစ်တာတော့မဟုတ်ပါ။

ဥပမာ- ငလျင်ဒဏ်ကိုကိုယ်ဝန်ဆောင်မိခင်က အချိန်ဘယ်လောက်ကြာကြာခံခဲ့ရလဲ။ ငလျင်က ဘယ်လောက်ပြင်းသလဲ။ ဘယ်လိုအနေအထားမျိုးနဲ့ ခံခဲ့ရတာလဲ။ (ထိုင်ရက်လား၊ မတ်တပ်ရပ်ရက်လား၊ ကုန်းနေတဲ့အနေအထားလား) ဗိုက်ထဲက ကလေးက သားလား၊ သမီးလေးလားစတဲ့အချက်တွေအပေါ်လည်း မူတည်တယ်လို့ ဒေါက်တာဂျေက ရှင်းပြထားပါတယ်။

အခုလိုငလျင်ဒဏ်ကို အပြင်းအထန်ခံစားရပြီးနောက်ပိုင်း ထိခိုက်မှုတစ်စုံတစ်ရာမဖြစ်ဘူး ဆိုရင်တောင်မှ ဗိုက်ထဲကကလေး ကို ပြသစစ်ဆေးတာမျိုးလုပ်သင့်သလို ငလျင်သင့်တဲ့ မိခင်လောင်းတွေ၊ ကိုယ်ဝန်ဆောင်တွေအနေနဲ့ ဗိုက်ထဲက ကလေးကို ငဲ့ညှာတဲ့အနေနဲ့ ဝမ်းနည်းပူဆွေးတာတွေကို အပြင်းအထန်မခံစားကြဖို့ သူကအကြံပေးထားပါတယ်။

ငလျင်ကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာ၊ စိတ်ဒဏ်ရာတွေဟာ ကိုယ်ဝန်အပေါ်ကို ထိခိုက်နိုင်တာကြောင့် အခုလိုသတိပေးနေတာ ဖြစ်ပါတယ်။ စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးစတဲ့အရေးပေါင်းမြောက်များစွာအတွက် လူတိုင်းနီးပါးဟာ ဝမ်းနည်းပူဆွေးတာတွေ၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်မှုတွေနဲ့ ရှင်သန်နေရရုံလေးနေထိုင်နေကြရတာပါ။

ဒီလိုအချိန်မှာ တစ်ပူပေါ် တစ်ပူဆင့်ဆိုသလို ငလျင်ကြောင့် တန်ဖိုးထားရတဲ့မိသားစုဝင်တွေ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးရလို့ ထိခိုက်ခံစားနေရတဲ့အခါမှာ နေ့ရက်၊ အချိန်တွေ မသိတော့ဘဲ စိတ်လွတ်သွားတာမျိုးလည်း ဖြစ်နိုင်တယ်လို့ ဒေါက်တာ ဂျေကပြောပါတယ်။

“ငလျင်က နေ့တိုင်းလှုပ်နေတော့ လူတွေရတဲ့စိတ်ဒဏ်ရာအကြီးစားဖြစ်နေပြီ။ အဲဒီတော့ သူတို့ကြောက်ရွံ့တာတွေ၊ ထိတ်လန့် နေတာတွေလည်း အချိန်အကြာကြီးခံစားရနိုင်တယ်”လို့ ဒေါက်တာဂျေက သုံးသပ်ပါတယ်။

စိတ်ဒဏ်ရာတွေကလည်း ကိုယ်ဝန်ဆောင်တွေအပေါ်များစွာ သက်ရောက်မှုရှိတာကြောင့် မွေးလာမယ့်ကလေးအတွက် စိတ် ဒဏ်ရာကိုလျော့ကြဖို့နဲ့ မိသားစုဝင်တွေကလည်း ကိုယ်ဝန်ဆောင်မိခင်တွေကို ဖေးမစာနာကြဖို့ ဒေါက်တာဂျေက အခုလို တိုက်တွန်းထားပါတယ်။

“ကိုယ်ဝန်နဲ့ ငလျင်ချက်မိရင်ကလေးဉာဏ်ရည်နိမ့်တာတို့ လမစေ့ဘဲမွေးတာတို့ ဖြစ်တတ်ဆိုပေမယ့် ကိုယ်ဝန်ဆောင်တိုင်းဖြစ်တာမဟုတ်လို့ စိတ်သက်သာစေမယ့်နည်းနဲ့ နေထိုင်ကြဖို့ မှာချင်ပါတယ်”

Author: Shin Nyane