ရှင်ငြိမ်း
“မြန်မာနိုင်ငံမှာ အောင်မြင်တဲ့ အမျိုးသမီးဒရမ်မာတစ်ယောက် ဖြစ်ချင်ခဲ့တာပေါ့။”လို့ သူ့ရဲ့ဆန္ဒကို ဖွင့်ဟလာသူကတော့ ကယား – ကယန်း တိုင်းရင်းသူလေးတစ်ဦးဖြစ်တဲ့ ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)မှ မော်ရီးရီ ပါ။
သူဟာ ငယ်စဉ်ထဲက ဒရမ်တီးတာကို ရှုးသွပ်တဲ့အမျိုးသမီးဖြစ်ပေမယ့် ခေတ်က ပေးလာတဲ့တော်လှန်ရေး တာဝန်တွေကိုလည်း တစ်ဖက်တစ်လမ်းကနေ ထမ်းဆောင်နေတာဖြစ်ပါတယ်။
သူရဲ့မိဘအသိုင်းအဝိုင်းက ရှေးရိုးဆန်တာကြောင့် အမျိုးသမီးဒရမ်မာ(Drummer)ဖြစ်ချင်တဲ့ဆန္ဒကို အားပေးထောက်ခံတာမရှိသလို လက်နက်ကိုင်တော်လှန်ရေးထဲဝင်ဖို့လည်း ကန့်ကွက်တာတွေရှိခဲ့တာပါ။
ဒါကလည်း အမျိုးသမီးဆိုရင် အေးဆေးတည်ငြိမ်စွာနေထိုင်ပြောဆိုရမယ်ဆိုတဲ့ ရှေးရိုးစွဲအယူအဆ ကျင့်သုံးနေမြဲဖြစ်တဲ့ ကရင်နီပြည်နယ်က ကျေးရွာတစ်ခုမှာ မော်ရီးရီက ကြီးပြင်းခဲ့ရတာဖြစ်ပါတယ်။
“မိန်းကလေးဆိုရင် ဂျင်းဘောင်းဘီမဝတ်ရဘူး။ လုံလုံခြုံခြုံထဘီပဲဝတ်ရမယ်ဆိုတဲ့အတွေးအခေါ်ရှိတဲ့ အသိုင်းအဝိုင်းကနေ လာတယ်။ ဥပမာ မိသားစုမှာဆိုရင် ယောကျာ်းပဲ စီးပွားရှာရမယ်။ အဲ့ဒါကို ဆန့်ကျင်ပြီး မိန်းမကစီးပွားရှာတယ်ဆိုရင် ပတ်ဝန်းကျင်ရဲ့ ဝေဖန်တာကိုခံရတဲ့ အသိုင်းအဝိုင်းမျိုးပေါ့။”လို့ သူက ရှင်းပြပါတယ်။
အခုလိုရှေးရိုးစွဲအယူအဆတွေက သူ့ဖြစ်ချင်တဲ့ အမျိုးသမီးဒရမ်မာတစ်ယောက်ဖြစ်ဖို့ များစွာအဟန့်အတား ဖြစ်ခဲ့တာပါ။ အမျိုးသမီးတွေဟာ သိမ်မွေ့နူးညံတဲ့အလုပ်တွေမှာ လုပ်ဆောင်ရမယ်လို့ အယူအဆစွဲတွေရှိတဲ့ မြန်မာနိုင်ငံမှာတော့ ဒရမ်တီးတာဟာ အမျိုးသားတွေသာလုပ်ဆောင်လေ့ရှိတဲ့အလုပ်လို့ လူ့အသိုင်းအဝိုင်းက သတ်မှတ်ထားတာဖြစ်ပါတယ်။
အမျိုးသမီးတစ်ယောက် ဒရမ်တီးတာသင်ဖို့ ကြိုးစားတဲ့အချိန်မှာ“မိန်းကလေးသင်မှာဆိုရင် မဖြစ်နိုင်ဘူး။ မအောင်မြင်နိုင်ဘူး။”ဆိုတဲ့ အမျိုးသားတွေရဲ့အထင်သေး ခွဲခြားဆက်ဆံတာတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
“ရန်ကုန်လိုမြို့ကြီးပြကြီးမှာတောင် အမျိုးသားတွေရဲ့ အထင်သေးတာကိုခံရတယ်။ ဒါ့ကြောင့် ဒီပညာကို ဆက်လေ့လာဖြစ်တယ်။”လို့ မော်ရီးရီက ဆိုပါတယ်။
သင်တန်းကာလတလျှောက်လုံးမှာလည်း အမျိုးသားအများစုက“နင် မဖြစ်နိုင်ဘူး။ ခဏတာ အိပ်မက်မက်ပြီး ပျောက်သွားမှာ။”ဆိုတဲ့ စကားတွေ မကြာခဏဆိုသလို ကြားခဲ့ရတာဖြစ်ပါတယ်။
ဒါပေမဲ့ မော်ရီးရီကတော့ အမျိုးသမီးတွေ မလုပ်နိုင်ဘူးဆိုတာ မရှိဘူးဆိုတဲ့အကြောင်း သက်သေပြချင်တာကြောင့် ဒရမ်တီးတဲ့ပညာကို ဆက်သင်ယူနိုင်တာကြောင့် အာဏာမသိမ်းမီထိတော့ ဂီတနယ်ပယ်မှာ အောင်မြင်မှုမှတ်တိုင်တစ်ခု ထူနိုင်ခဲ့ပါ တယ်။
အမျိုးသားတွေသာ လုပ်နိုင်တယ်။ အမျိုးသမီးတွေက မလုပ်နိုင်ဘူးဆိုတဲ့ ဖိုဝါဒကြီးစိုးမှုရှိနေသရွေ့ကတော့ အမျိုးသမီးတွေဟာ သူတို့ဆန္ဒတွေ၊ အိပ်မက်တွေကို အကောင်အထည်ဖော်ဖို့ ကန့်သတ်ခံနေရဦးမှာဖြစ်ပါတယ်။
မွေးချင်းမောင်နှမလေးယောက်မှာ မော်ရီးရီအပါအဝင် သမီး သုံးယောက်နဲ့ သားတစ်ယောက်ဖြစ်ကာ သူကတော့ အငယ်ဆုံးဖြစ်ပါတယ်။ မော်ရီးရီရဲ့မိဘတွေဟာ သမီးတွေကို သူတို့လိုက်နာကျင့်သုံးခဲ့တဲ့အယူအဆတွေနဲ့အုပ် ချုပ်ခဲ့ပါတယ်။
ဒါကြောင့် သူက မိဘတွေရဲ့ဆန္ဒအတိုင်း သချာၤအထူးပြုဘာသာရပ်နဲ့ မဟာဘွဲ့ယူခဲ့ပေမယ့် မိဘတွေဖြစ်ချင်တဲ့ အစိုးရဝန်ထမ်းတော့ ဝင်ရောက်မလုပ်ကိုင်ခဲ့ပါဘူး။
အရပ်ဘက်အဖွဲ့အစည်း(CSO)လို NGO လိုလုပ်ငန်းတွေမှာ ဝင်ရောက်လုပ်ကိုင်လိုတာကြောင့် “ဘုရင့်နောင် ဖောင် ဖျက်”ဆိုတဲ့အတိုင်း နောက်မဆုတ်ဘဲ ရှေ့ဆက်တိုးဖို့အတွက် ၂၀၁၇ ခုနှစ်မှာ ရန်ကုန်မြို့ကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီအချိန်က နိုင်ငံရေးဆိုတဲ့စကားလုံးကို သူက နားမလည်သလို သူနဲ့လည်းမသက်ဆိုင်ဘူးလို့ တွေးထင်ခဲ့တာပါ။ ဒါပေမဲ့ နိုင်ငံရေးနဲ့ ဆက်နွယ်တဲ့ ကုမ္ပဏီတစ်ခုမှာ အလုပ်ရတော့မှ သူရဲ့အသိဉာဏ်ပွင့်ခဲ့ရတာဖြစ်ပါတယ်။
ကုမ္ပဏီမှာ အလုပ်လုပ်တာ နေသားကျလာတော့ သူ့အိပ်မက်ဖြစ်တဲ့ ဒရမ်ပညာကို အလုပ်နားရက်တွေမှာ သွားသင်ဖို့ စီစဉ်ဖြစ်ခဲ့တာပါ။ မိဘတွေကလည်း ရန်ကုန်ကို ရောက်ထဲက ကိုယ်ရှာတာကိုယ်သုံး ပြန်မတောင်းနဲ့ ဆိုတာက သူ့ဝါသနာပါရာကိုလုပ်ဆောင်ဖို့ အခွင့်အရေးတစ်ခုဖြစ်လာပါတယ်။
ဒါပေမဲ့ ဖိုဝါဒကြီးစိုးမှုရှိတဲ့မြန်မာနိုင်ငံမှာ အမျိုးသမီးဒရမ်မာတစ်ယောက်အနေနဲ့ ထိုးဖောက်ဖို့က ထင်သလောက် မလွယ်ခဲ့ပါဘူး။ အမျိုးသမီးဖြစ်ခြင်းကြောင့် အမျိုးသားတွေရဲ့ဝေဖန်တာကို ခံခဲ့ရပေမယ့် သူ့ဝါသနာပါရာကို ဆက်လုပ်ခဲ့တာ ဖြစ်ပါတယ်။
“အမျိုးသမီးတစ်ယောက်အနေနဲ့ ထိုးဖောက်နိုင်တယ်။ လုပ်နိုင်တယ်ဆိုတာ ပြချင်တော့ ကိုယ်တီးတဲ့ ဒရမ်ကာဗာလေးတွေကို တီးပြီး လိုင်းပေါ်မှာတင်ဖြစ်တယ်။ မိဘတွေမသိအောင်တော့ ခိုးလုပ်ရတာပေါ့။”လို့ မော်ရီးရီက ပြောပါတယ်။
အမျိုးသမီးဖြစ်လို့ ဝေဖန်ခံခဲ့ရပေမယ့် ဒီအမျိုးသမီးဖြစ်ခြင်းကြောင့်ပဲ မော်ရီးရီဟာ အောင်မြင်မှုတစ်ခု ရခဲ့တာ ဖြစ်ပါတယ်။
“တကယ်ထိုးဖောက်ကြည့်တော့ အမျိုးသမီးဖြစ်တာရယ် တိုင်းရင်းသူဖြစ်တာကြောင့် အတိုင်းအတာတခုထိ အောင်မြင်ခဲ့တယ်။ တချို့ဆိုရင် သူတို့ပစ္စည်းလေးတွေကို ကြော်ငြာချင်တာရှိတယ်။ အခွေထုတ်ပေးဖို့ ပြောထားတာတွေရှိတယ်။”လို့ သူကပြောပြပါတယ်။
အခုလိုနေရာလေးတစ်ခုရလာတော့ ဝါသနာတူတဲ့ တိုင်းရင်းသူ အမျိုးသမီး ၅ ဦးစုပြီး အမျိုးသမီးတီးဝိုင်း (Band) လေးဖွဲ့နိုင်ခဲ့ပါတယ်။ အဲ့ဒီအချိန်က အမျိုးသမီးတီးဝိုင်းရယ်လို့ သီးသန့်မရှိတာကြောင့် ပရိသတ်က ထောက်ခံ အားပေးခဲ့ကြတယ်။
မော်ရီးရီက“အဲ့မှာ စပွန်ဆာတွေပေးကြ၊ တခြားအဖွဲ့တွေကလည်း မိန်းကလေးဖြစ်လို့ လာတီးခိုင်းတာတွေ ရှိတယ်။ အဲ့ဒီအချိန် ကိုယ့်အောင်မြင်မှုအပေါ် အရမ်းပျော်ခဲ့တာပေါ့။”လို့ ပြောပါတယ်။
အာဏာမသိမ်းမီ ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလမှာတောင် သူတို့အမျိုးသမီးဝိုင်းကို အခွေထုတ်ပေးဖို့ ကမ်းလှမ်းချက်ရထားတာ ဖြစ်ပါတယ်။ ဖေဖော်ဝါရီလ အာဏာသိမ်းလိုက်တော့ သူ့အိပ်မက်တွေဟာ ရုတ်တရက်ဆိုသလို ကြေမွ ဖျက်စီးခံလိုက်ရပါတယ်။
လူထုက အာဏာသိမ်းမှုကို ဆန့်ကျင်ဖို့ လမ်းပေါ်တက်လာတော့ မော်ရီးရီလည်း ကရင်နီအလံကိုင်ဆောင်ပြီး ဆန့် ကျင်ရေး သပိတ်တွေမှာ လိုက်ပါခဲ့တာဖြစ်ပါတယ်။ ကရင်နီလူမျိုးစုသပိတ်စစ်ကြောင်းမှာလည်း ဦးဆောင်သူ အဖြစ်ပါဝင်ခဲ့ပါတယ်။
သူလိုက်ပါတဲ့သပိတ်မှာ အမျိုးသားအများစုက သူ့ကို အမျိုးသမီးဖြစ်လို့ဆိုပြီး သပိတ်တိုင်ဖို့ ပြောဟောပေးဖို့ စတဲ့နေရာတွေမှာပါဝင်ခိုင်းလေ့ရှိတာကြောင့် ရှေ့ထွက်ရတာမျိုးလည်းရှိပါတယ်။ ဒါ့အပြင် လူမျိုးပေါင်းစုံ အထွေထွေသပိတ်ကော်မတီ (GSCN)မှာလည်း ကရင်နီကိုယ်စားလှယ်အဖြစ် သူက ပါဝင်ခဲ့တာဖြစ်ပါတယ်။
နောက်ပိုင်း အဖမ်းအဆီးတွေ များလာတော့ ကရင်နီပြည်ကို သူပြန်လာခဲ့ပြီး သပိတ်တွေမှာ ဦးဆောင်သူအနေနဲ့ ပါဝင်ဖြစ်ခဲ့တာပါ။ မိဘတွေက ဒါကိုသိတော့ အကြောင်းပြ တားဆီးတာတွေလုပ်ခဲ့တာဖြစ်ပါတယ်။
“နယ်ရောက်တော့ မိဘတွေက သပိတ်ရှိတဲ့ရက်ဆိုရင် သွားမှာစိုးလို့ တခြားအလုပ်တွေခိုင်းတာပေါ့။ နယ်ကျတော့ ဒါက ဘယ်သူသမီး၊ ဘယ်ကဆိုတာ အားလုံးသိနေတာဆိုတော့ သပိတ်သွားလို့ ဖြစ်လာမယ့် ဆိုးကျိုးတွေကိုကြောက်တော့ မသွားစေချင်ဘူး။”လို့ မော်ရီးရီးက ရှင်းပြပါတယ်။
သပိတ်မှာပါတဲ့လူငယ်တချို့က စစ်သင်တန်းတက်ဖို့ ကမ်းလှမ်းလာတဲ့အချိန်မှာ သူဟာ မိဘနဲ့များစွာ အတိုက်အခံလုပ်ကာ သွားတက်ခဲ့ရတာဖြစ်ပါတယ်။
“နင်လုပ်နိုင်မှာမဟုတ်ဘူးပေါ့။ သူများလမ်းလျှောက်ရင် နင်ကျန်ခဲ့မှာလို့ တအိမ်လုံး အမျိုးမျိုးပြောပြီး ဖျက်တာပေါ့။ ကျမကလည်း အတိုက်အခံပြောတာပဲ။ နောက်ဆုံးကျတော့ နင်တို့ပေးသွားချင်သွား မသွားချင်နေ ငါတော့ သွားမှာပဲဆိုပြီး သင်တန်းသွားတက်ဖြစ်တာပေါ့။”လို့ မော်ရီးရီက ဆိုပါတယ်။
မော်ရီးရီဟာ သူရွေးချယ်တဲ့လမ်းကြောင်းအပေါ်ယုံကြည်ချက်ခိုင်မာတာကြောင့် ၂၀၂၁ ခုနစ်၊ ဧပြီလမှာ စစ်သင် တန်းကို တစ်လအကြာသွားတက်ခဲ့တာဖြစ်ပါတယ်။ ပုံမှန်အခြေခံ ၃ လသင်တန်းကို လုံခြုံရေးကြောင့် တစ်လနဲ့ ချုံပြီး တက်ခဲ့ရတာရယ် မိဘအိမ်မှာ ပင်ပန်းတာတခုမှမလုပ်ခဲ့ဖူးတာရယ်ကြောင့် ဒီစစ်သင်တန်းက သူ့ကို များစွာ ခက်ခဲပင်ပန်းစေခဲ့ပါတယ်။
“ဒါပေမဲ့ ဒီစစ်သင်တန်းက ကျမဘဝတခုလုံးကို ပြောင်းသွားစေတယ်။ ဒီလိုမျိုး ပင်ပန်းဆင်းရဲခံပြီး ကိုယ်လူမျိုး လွတ်မြောက်ရေးအတွက် နှစ်ချီလုပ်လာတဲ့သူတွေကို စာနာမိလာတယ်။”လို့ သူက ပြောပါတယ်။
ဒါပေမဲ့ သင်တန်းမှာ များစွာခက်ခဲပင်ပန်းလွန်းလို့ စိတ်ဓါတ်ကျတဲ့အချိန်တွေဆို “ငါထွက်သွားရင် ငါ့ပြည်နယ်ကို ဘယ်သူက ကာကွယ်မလဲ။ ငါတောက်လျှောက် ငါ့အတွက်ပဲ ငါအသက်ရှင်လာတာ။ အခုတော့ ငါ့လူမျိုးအတွက် ငါအသက်ရှင်မယ်”ဆိုတဲ့အတွေးနဲ့ ယနေ့ထိ သူက ရပ်တည်နေနိုင်ခဲ့တာဖြစ်ပါတယ်။
စစ်သင်တန်းတက်ထားတဲ့အတွက် မော်ရီးရီဟာ သေနတ်ကိုင်နိုင်တယ်။ ပစ်ခတ်နိုင်တယ်။ ဒါပေမဲ့ ရှေ့တန်းသွား ရတဲ့အခါတွေမှာ တိုက်ခိုက်ရေးမလုပ်ရဲခဲ့ဘူးဆိုတာ သူ့ကိုယ်သူ သတိထားမိခဲ့ပါတယ်။
“အဲ့ဒါကို သတိထားမိတော့ ငါဘယ်လိုဆက်လုပ်ရမလဲစဉ်းစားရင်း နောက်ပိုင်းကနေ ကွန်ပြူတာကိုင်ပြီး အချက်အလက်စုဆောင်းတာတွေလုပ်တယ်။ ထောက်ပို့ပိုင်းလည်း လုပ်ပေးတယ်ပေါ့။”လို့ သူက ရှင်းပြပါတယ်။
တိုက်ခိုက်ရေးမဟုတ်ဘဲ ရုံးလုပ်ငန်းလုပ်ရတော့ တပ်မှာအမြဲနေစရာမလိုတော့ဘဲ အိမ်ပြန်နေလို့ရပါတယ်။ ဒါပေမဲ့ သူအိမ်ပြန်သွားတော့လည်း မိဘတွေရဲ့သဘောထားက ပြောင်းမသွားဘဲ မော်ရီးရီကို အရင်လိုကုမ္မဏီအလုပ်တွေ ပြန်လုပ်ဖို့၊ တော်လှန်ရေးထဲဝင်မပါဖို့ စတဲ့စကားတွေနဲ့ ဟန့်တားနေခဲ့တာ ဖြစ်ပါတယ်။
“ဒါတွေနဲ့ မပတ်သက်ပါနဲ့လား။ နိုင်ငံခြားထွက် ပိုက်ဆံရှာပါလားဆိုတာတွေ အခုထိပြောနေတာရှိတယ်။ အချိန်ကြာလာတော့ ကိုယ့်မှာတော်လှန်ရေးက ပေးတဲ့ဒဏ်ရာတွေရှိတယ်။ မိသားစုက ကိုယ့်ကိုအားမပေးတော့ စိတ်ထိခိုက်ရတယ်။”လို့ မော်ရီးရီက ဆိုပါတယ်။
သမီးဖြစ်သူ တော်လှန်ရေးမှာ စွန့်စွန့်စားစားပါဝင်နေတာကို မိဘက ဂုဏ်ယူတာမရှိတဲ့အပြင် စစ်ယူနီဖောင်းနဲ့ ပြန်လာတဲ့သူ့ကို “အဲဒါကြီးဝတ်ပြီး အိမ်ပြန်မလာနဲ့။”လို့ဆိုတဲ့အတွက် ဝမ်းနည်းထိခိုက်ခံစားခဲ့ရတာတွေလည်း ရှိပါတယ်။
အာဏာသိမ်းပြီး လေး၊ ငါးလလောက်ကြာတော့ မိဘတွေလည်း စစ်ရှောင်ရသလို အတူနေတဲ့သူလည်း စစ်ရှောင်ခဲ့ရပါတယ်။ ဒီမှာစစ်ရှောင်တွေရဲ့ဘဝနဲ့ လိုအပ်ချက်တွေကို မြင်လာတော့ ၂၀၂၁ ခုနှစ် အောက်တိုဘာလမှာ “Ka Nyar Maw” ဖောင်ဒေးရှင်းတစ်ခုထောင်ပြီး စစ်ရှောင်တွေကို ကူညီခဲ့ပါတယ်။
ဒီဖောင်ဒေးရှင်းမှာ သူ့လိုပဲ တပ်ထဲမှာ တိုက်ခိုက်ရေးမလုပ်ချင်တဲ့ရဲဘော် လူငယ်တွေနဲ့စုဖွဲ့ထားတာဖြစ်ပါတယ်။ ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကတော့ လူငယ်တွေက တော်လှန်ရေးမှာ တစ်ဒေါင့်တစ်နေရာကနေ ပါဝင်ကူညီဖို့ လိုအပ်တာကြောင့် ဖြစ်ပါတယ်။
“လူငယ်တွေက လေလွင့်နေလို့မရဘူးဆိုတဲ့အတွေးနဲ့ တိုက်ခိုက်ရေးမလုပ်ချင်တဲ့ လူငယ်တွေကို ခေါ်ပြီး အလုပ်ပေးတဲ့သဘောပါပဲ။ တဖက်မှာ လူငယ်တွေက စစ်တိုက်တယ်။ တစ်ဖက်မှာ စစ်ရှောင်တွေကို ကူညီတဲ့ပုံစံပေါ့။ ဒါမှ ကျမတို့အရွေ့တစ်ခု မြန်မြန်တွန်းရမှာပေါ့။”လို့ သူက ရှင်းပြပါတယ်။
ကရင်နီပြည်နယ်မှာ မြို့နယ် ၈ ခုရှိပြီး လူဦးရေ လေးသိန်းကျော်ရှိပါတယ်။ ဒီထဲမှာ လူဦးရေ သုံးသိန်းကျော်ဟာ စစ်ရှောင်စခန်းပေါင်း ၅၀၀ လောက်မှာ ဖြန့်ကျက်ခိုလှုံနေရတာဖြစ်ပါတယ်။
“ကျမ စခန်းတော်တော်များများရောက်ဖူးတယ်။ တစ်နေရာမှာတော့ လိုအပ်ချက်တစ်မျိုးစီရှိတယ်။ ဒါပေမဲ့ စခန်းတိုင်းလိုလို တူညီတဲ့အခက်အခဲကတော့ အဓိကဝမ်းစာဖြည့်ဖို့ ဆန်အရမ်းလိုအပ်တယ်။ ပြီးရင် အခုလိုမိုးတွင်းမှာ ဆန်အပြင် မိုးကာနဲ့ ခြင်ထောင်တွေလိုအပ်တယ်။”လို့ မော်ရီးရီက ပြောပါတယ်။
ဒါ့အပြင် သူက စစ်ရှောင်ကလေးတွေ၊ အမျိုးသမီးတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်က အမျိုးသမီးတွေရဲ့ လိုအပ်ချက်တွေကိုလည်း တတ်နိုင်သရွေ့ကူညီပံ့ပိုးပေးနေတာဖြစ်ပါတယ်။
“အဲ့မှာဆိုရင် အမျိုးသမီးတွေမှာ လစဉ်သုံးပစ္စည်းတွေတောင် လုံလောက်အောင်ရှိမနေဘူး။ အမျိုးသမီးတွေက စစ်ဝတ်စုံရလာရင်တောင်မှ တကယ်စစ်တိုက်မယ့် အမျိုးသားတွေကို ဦးစားပေးလေ့ရှိတယ်ပေါ့။”လို့ သူကဆို ပါတယ်။
သူ့အနေနဲ့ ဒီတော်လှန်ရေးရဲ့ကဏ္ဍအသီးသီးမှာ အမျိုးသမီးတွေရဲ့ပါဝင်မှုကလည်း အရေးကြီး အဓိကကျတယ်လို့ ယုံကြည်ထားတာပါ။ တကယ်လည်း ဒီတော်လှန်ရေးမှာ အမျိုးသမီးတွေပါဝင်မှုက အရင်တော်လှန်ရေးတွေ ထက်များတယ်လို့ ဆိုရမှာဖြစ်ပါတယ်။
အမျိုးသမီးတွေများပေမယ့် တိုက်ခိုက်ရေးလုပ်တဲ့နေရာတွေ ဆုံးဖြတ်ချက်ချရမယ့်နေရာတွေမှာတော့ ပါဝင်မှုက နည်းနေပါသေးတယ်လို့လည်း သူကထောက်ပြပါတယ်။
မော်ရီးရီက“ပထမတချက်က တချို့အမျိုးသမီးရဲဘော်တွေက ကိုယ်လိုချင်တာကို ရအောင်ပြောရမယ်မှန်း မသိဘူး။ အမျိုးသမီးတွေမလိုက်နဲ့လို့ပြောရင်နေလိုက်တယ်။ သူတို့ကိုယ်တိုင်ပါဝင်ဖို့ နေရာယူဖို့ ကို မသိဘူးပေါ့။” လို့ ဆိုပါတယ်။
နောက်တစ်ချက်ကတော့ ရှေးရိုးစွဲအယူအဆတွေကြောင့် အမျိုးသမီးရဲဘော်တွေကိုတိုက်ခိုက်ရေး မလုပ်နိုင်ဘူး ဆိုတဲ့အမြင်တွေအခုထိရှိသေးကြောင်း သူက ရှင်းပြပါတယ်။
မော်ရီးရီကိုယ်တိုင်လည်း တော်လှန်ရေးထဲပါဝင်လာတော့ အမျိုးသမီးတစ်ယောက်ဖြစ်လို့ တွေ့ကြုံရတဲ့ အခက်ခဲဆုံးစိန်ခေါ်မှုကတော့ လူမှုပတ်ဝန်းကျင်ပါပဲ။
“ကျမဘဝတလျှောက်လုံးတွေ့ခဲ့ရတာက ပတ်ဝန်းကျင်ရဲ့စကားကို နားထောင်တတ်တဲ့ အကျင့်ရှိတာကိုပေါ့။ တိုင်းပြည်အကျိုးရှိဖို့လုပ်တာတောင် အပြစ်ရှာပြောချင်တာကိုတော့ အတော်လေး စိတ်မကောင်းဖြစ်မိတယ်။”လို့ဆို ပါတယ်။
ဒါပေမဲ့ သူဖြတ်သန်းခဲ့တဲ့လမ်းတလျှောက် ကြုံရတဲ့စိန်ခေါ်မှုတွေကို သင်ခန်းစာယူပြီး ပြစ်တင်ဝေဖန်မှုတွေကို လည်းလျစ်လျူရှုနိုင်ကာ သူယုံကြည်ရာကို ရဲရဲလျှောက်လှမ်းနေတာဖြစ်ပါတယ်။
ရှေးရိုးစွဲအယူအဆတွေရှိတဲ့ လူမူဝန်းကျင်ကို ဆန့်ကျင်ပြီး သူရဲ့ယုံကြည်ရာကို ရဲရဲလျှောက်လှမ်းတဲ့ စိတ်ဓါတ်နဲ့ ပြတ်သားတဲ့ဆုံး ဖြတ်ချက်တွေက အမျိုးသမီးတွေအတွက် အားကျဂုဏ်ယူစရာဖြစ်လို့နေပါတယ်။
ဒီအတွက် တော်လှန်ရေးအပေါ်ထားတဲ့ သူ့ရဲ့ခံယူချက်ကိုလည်း မော်ရီးရီက အခုလိုပြောပြပါတယ်။
“ဝါသနာတစ်ချို့မိတ်ဆွေ တစ်ချို့ ဆုံးရှုံးလိုက်ရလို့ ဝမ်းမနည်းပါဘူး။ ကိုယ့်လူမျိုးအတွက် အကျိုးရှိတာ ဘာမှမကူလိုက်ရဘဲ သေသွားမှာကို အကြောက်ဆုံးပဲ။”