ရှင်ငြိမ်း
ရှေးရိုးစွဲအယူအဆတွေကို ကျင့်သုံးနေဆဲဖြစ်တဲ့မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေဟာ စီးပွားရေး၊ လူမူရေးတွေမှာသာမက စစ်ရေး၊ နိုင်ငံရေးတွေမှာပါဝင်ခွင့်မရဘဲ ဖယ်ကျဉ်ခံနေရတာပါ။
ဒါ့ကြောင့် အမျိုးသမီးတွေဟာ တန်းတူအခွင့်အရေးအတွက် နွေဦးတော်လှန်ရေးမှာ နိုင်ရာတာဝန်ထမ်းပြီး စစ်အာဏာရှင်နဲ့အတူ ရှေးရိုးစွဲအယူအဆတွေကိုပါ တွန်းလှန်တိုက်ထုတ်နေတာဖြစ်ပါတယ်။
မော်ကူးမြာဟာ စစ်ရှောင်တွေ၊ နေရပ်စွန့်ခွာသူတွေနဲ့ တိုက်ပွဲဝင်ရဲဘော်တွေကို ကူညီကယ်ဆယ်ရေးတွေလုပ်နေတဲ့ Free Burma Rangers တပ်ဖွဲ့မှ ဆေးမှူးတစ်ယောက်ဖြစ်ပါတယ်။
အသက် ၂၂ နှစ်သာရှိသေးတဲ့ မော်ကူးမြာဟာ ကရင်နီပြည်နယ်မှာ ပထမဆုံးမြို့တွင်းတိုက်ပွဲဖြစ်ပွားခဲ့တဲ့ ဒေါငံခါး၊ ကျောက်ဆည်တိုက်ပွဲတွေမှစလို့ ယခုထိတိုင် ရှေ့တန်းတိုက်ပွဲတွေမှာ လိုက်ပါနေတဲ့အမျိုးသမီးတစ်ဦးပါ။
“ကျမတစ်ယောက်ထဲအနေနဲ့ ကျမဆေးမှူးပိုင်းတာဝန်အရဆိုရင် ဒီအမျိုးသမီးကြည့်ပြီးတော့မှ သူက ရှေ့တန်းမှာလေယာဉ်ကြောက်လိမ့်မယ်။ လူနာဒဏ်ရာရရင်လည်း တက်မဆွဲရဲဘူး။ သူပြေးမတက်ရဲဘူး။ ဘာအထုတ်မှလည်းမထမ်းနိုင်ဘူး။ လူနာကိုလည်း မထမ်းနိုင်ဘူးဆိုပြီးတော့ ခန္ဓာကိုယ်ကိုကြည့်ပြီးတော့မှ မြင်ခံရတာတွေရှိတယ်။ ခွန်အားတွေနဲ့ပတ်သက်ရင်တော့တကယ်တချို့နေရာမှာတော့ ကိုယ်မနိုင်တာတွေတော့ရှိတာပေါ့။”လို့ သူက ပြောပါတယ်။
ကရင်နီ(ကယား)ပြည်နယ်၊ လွိုင်ကော်ဇာတိဖြစ်တဲ့ ကယားတိုင်းရင်းသူ မော်ကူးမြာဟာ ရှေ့တန်းတိုက်ပွဲတွေမှာ အမျိုးသားတွေနဲ့တန်းတူ တာဝန်ထမ်းနေတဲ့အမျိုးသမီးတစ်ဦးဖြစ်ပါတယ်။
“ကိုယ်တစ်ယောက်ထဲ ဒီအခြေအနေထိရောက်အောင်လုပ်လာခဲ့တဲ့အပေါ်မှာ ပါစင်နယ်အရ တိုက်ခိုက်တာတွေ၊ ခန္ဓာကိုယ်ကိုကြည့်ပြီးတော့ အလုပ်ပိုင်းမှာ ဒီလိုတွေမလုပ်နိုင်ဘူးဆိုပြီး ခွဲခြားမြင်ခံရတာတွေ၊ ကိုယ်လုပ်နိုင်ရဲ့သားသွားနိုင်ရဲ့သားနဲ့ ပူးပေါင်းပါဝင်ခွင့်မပေးတာတွေလည်း တချို့နေရာတွေမှာ ကြုံခဲ့ဖူးတယ်။”လို့ ရှင်းပြပါတယ်။
ဒါဟာ အမျိုးသမီးတစ်ယောက်ဖြစ်တဲ့မော်ကူးမြာအပေါ် အမျိုးသားတွေရဲ့ခွဲခြားမှုဖြစ်ပါတယ်။ သူ့အနေနဲ့အခုလို ကြုံရရုံသာမက ဓမ္မတာသွေးဆင်းတဲ့ခါအမျိုးသမီးတွေကို လေ့ကျင့်ရေးကွင်းထဲပေးမဝင်တဲ့ စစ်အခြေခံသင်တန်းတွေလည်းတွေ့ ရှိခဲ့ကြောင်း သူကဆက်ပြောပါတယ်။
“တပ်ရင်းတခုမှာ နည်းပြအနေနဲ့ ကျမတစ်ပတ်ကျော်လောက် အဖွဲ့နဲ့အတူသင်တန်းသွားပေးရတယ်။ အဲ့မှာ သင်တန်းသားတွေဟာ နေပူပူ၊ မိုးရွာရွာ တောက်လျှောက်ကိုမှ ကွင်းထဲမှာ အရမ်းပင်ပင်ပန်းပန်းလေ့ကျင့်ရတယ်။ အရမ်းကို ပြင်းပြင်း ထန်ထန်လေ့ကျင့်နေရတဲ့အချိန် အလံတင်ပြီးမှ ရာသီလာလို့ ကွင်းထဲမဝင်ရဘူးဆိုပြီး အမျိုးသမီးတွေက ကွင်းစပ်မှာပဲ ရစ်သီ ရစ်သီနေရတယ်။ အဲ့လိုသင်တန်းတွေလည်း တွေ့ခဲ့ဖူးတယ်။ ဒီဘက်ကလည်း ယုံကြည်မှုတစ်ခုရယ် လေးစားမှု တစ်ခုရယ်ဆိုပြီးရှိကြတယ်ပေါ့။”လို့ ပြောပါတယ်။
တိုက်ပွဲမစ်ရှင်တွေထဲမှာ တချို့တိုက်ပွဲမှာဆိုရင် icon ထဲ မိန်းကလေးအသံကြားတာနဲ့ ပြန်မဖြေတာမျိုးလည်း ကြုံဖူးတယ်။ ကိုယ်က CCP မှာထိုင်လို့ ဒဏ်ရာရရဲဘော်ရှိတယ်လို့ ကြားရင်သတင်းလှမ်းပေါက်တာပေါ့နော်။ icon ကိုင်ထားတော့ အမျိုးသမီးကိုင်ရင် ပြန်မဖြေဘူး။ အမျိုးသားကိုင်မှ ပြန်ဖြေတာမျိုးကြုံရဖူးတယ်။” လို့သူ့ အတွေ့အကြုံကိုပြောပါတယ်။
အာဏာမသိမ်းမီက သူဟာ ရန်ကုန်မြို့၊ မြောက်ဥက္ကလာပဆေးရုံကြီးမှာ တာဝန်ကျ သူနာပြုတစ်ဦးဖြစ်ပါတယ်။ အာဏာသိမ်းဖို့ကြိုးပမ်းလိုက်တော့ အတူနေဆရာဝန်၊ ဆရာမတွေနဲ့တိုင်ပင်ပြီး အကြမ်းမဖက်အာဏာဖီဆန်ရေး လှုပ်ရှားမှု(CDM) လုပ်ခဲ့ပါတယ်။
CDM လုပ်တဲ့ညမှာပဲ မော်ကူးမြာတို့နေတဲ့အဆောင်ကို သူနာပြုအကြီးတစ်ချို့ရောက်လာပြီး ခြိမ်းခြောက်ပြောဆိုတာကိုမကြောက်ဘဲ ဆန္ဒပြမှုတွေ တစ်လလုံးတောက်လျှောက်လုပ်ဆောင်နေခဲ့တာဖြစ်ပါတယ်။
နောက်တော့ မိသားစုက လွိုင်ကော်ပြန်လာဖို့ ခေါ်တဲ့အတွက် နေရပ်ကို ပြန်ရောက်တော့လည်း CDM သမားတွေစုပြီး သပိတ်တွေ ၄ လလောက်ဆက်တိုက်ပါဝင်ဖြစ်ခဲ့ပါတယ်။ နောက်တော့ စစ်တပ်က သပိတ်တွေကို သေနတ် နဲ့ပစ်ခတ်ဖြိုခွင်းလာတာမျိုးဖြစ်လာခဲ့ပါတယ်။
“ဒီလိုလက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကိုလျောက်လှမ်းရမယ်လို့ လုံးဝမတွေးခဲ့ဖူးဘူး။ အိမ်ကိုလည်းပြောမထားဘူးဆိုတော့ အစပိုင်းမှာအိမ်နဲ့ အရမ်းပဋိပက္ခဖြစ်ရတယ်။”လို့ မော်ကူးမြာက ပြောပါတယ်။
သူဟာ အိမ်ကနေထွက်လာပြီး လက်ရှိ Karenni army/KNPP က ဦးဆောင်ဖွင့်လှစ်တဲ့ အခြေခံစစ်သင်တန်းတက်နေချိန် Free Burma Rangers အဖွဲ့က Combat first Aid (တိုက်ခိုက်ရေး ရှေးဦးသူနာပြုစုခြင်း) သင်တန်းလာပေးခဲ့တာဖြစ်ပါတယ်။
သင်တန်းပြီးတော့ ရိန်းဂျားမှ ဆရာတစ်ယောက်က ခုလက်ရှိအခြေအနနဲ့ပတ်သက်ပြီး ဆေးမှူးအင်အားတွေ လိုအပ်နေကြောင်း ကမ်းလှမ်းလာတဲ့အတွက် မော်ကူးမြာက လက်ခံဖြစ်ခဲ့တာပါ။
“အဲ့ဒီအချိန်မှာ ဘာတိုက်ပွဲမှ မဖြစ်သေးဘူး။ ဘာတွေဆက်ဖြစ်မယ်မှန်းမသိသေးဘဲနဲ့ လက်ခံခဲ့တယ်။ ကိုယ်ကလည်း အရမ်းserviceများတဲ့သူနာပြုမဟုတ်ရင်တောင်မှ ကိုယ်တတ်ခဲ့တဲ့ဟာလေးနဲ့ ကိုယ်တွေ့ကြုံခဲ့ရတဲ့ဟာတွေနဲ့ ကူညီချင်တယ်။”လို့ သူကဆက်ပြောပါတယ်။
သို့ပေမဲ့ စစ်သင်တန်းကျောင်းကို စစ်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာလို့ ဒီတိုက်ပွဲဟာကရင်နီမှာ အာဏသိမ်းပြီး နောက်ပထမဆုံးဖြစ်ပွားတဲ့ တိုက်ပွဲနဲ့ သူကကြုံခဲ့ရတာဖြစ်ပါတယ်။
“သင်တန်းကို စစ်တပ်က မီးတွေဝင်ရှို့ပြီး တိုက်ပွဲအကြီးအကျယ်ဖြစ်သွားတယ်။ သင်တန်းပတ်စဉ်မှာ ကို့ယ်ရဲ့ရှေ့တသုတ်က သင်တန်းဆင်းပြီးစ ရဲဘော် ၇၀ ကျော်လည်းအဖမ်းခံလိုက်ရတယ်။ သင်တန်းပြီးတော့ ရှေ့တန်းဆေး အိတ်တစ်အိတ်နဲ့ လမ်းဘေးမှာ ကင်းလိုက်စောင့်ကူတယ်။ ဒဏ်ရာရတဲ့သူရှိရင်ပြုစုကုသပြီး ဆေးခန်းတွေလွှဲပေးဖို့လိုရင် ကူညီပေးတယ်။ စစ်ရှောင်အယောက် ၈၀ ကျော်ကယ်ထုတ်တဲ့မစ်ရှင်တစ်ခုမှာ ရဲဘော်ရဲဖက် တစ်ယောက်ကျသွားတယ်။ အဲချိန်က ကိုယ့်ရဲဘော်ရဲဘက်ကျတယ်ဆိုတဲ့ခံစားချက်ကို ပထမဆုံးခံစားခဲ့ရတယ်။”လို့ မော်ကူးမြာက ဆိုပါတယ်။
Free Burma Ranger ဟာ လူမျိုးပေါင်းစုံပါဝင်တဲ့ လူသားချင်းစာနာမှုလုပ်ငန်းတွေကို ဆောင်ရွက်နေတဲ့အဖွဲ့ ဖြစ်ပါတယ်။ သူ့ရည်ရွယ်ချက်ကတော့ လူတွေကို ကူညီမယ်။ မျှော်လင့်ချက်ပေးမယ်။ လက်ရှိမြေပြင် သတင်းတွေကို ကမ္ဘာသိအောင် မျှဝေရမယ်စတဲ့အချက် သုံးချက်ပါဝင်ပါတယ်။
ဆောင်ပုဒ်ကတော့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ခြင်းမေတ္တာရှိရမယ်။ စည်းလုံးရမယ်။ ပူးပေါင်းရမယ်။ ခွင့်လွှတ်ပေးရမယ်။ အမုန်းတရားတွေမရှိရဘူး။ ယုံကြည်ရာနဲ့ဆုတောင်းပြီးတော့မှ ဘယ်တော့မှအရှုံးမပေးရဘူး ဆိုတာတွေဖြစ်ပါတယ်။
သူ့လုပ်ငန်းစဉ်ကတော့ စားနပ်ရိက္ခာသော်လည်းကောင်း၊ ဆေးပိုင်းသော်လည်းကောင်း၊ အခက်အခဲဖြစ်နေတဲ့ စစ်ရှောင်တွေရှိတဲ့နေရာတွေရောက်အောင်သွားပြီး အကူအညီတွေပေးရပါတယ်။ FBR ဟာ အများသိထားသလို ရှေ့တန်းမှာဒဏ်ရာ ရထားတဲ့ရဲဘော်တွေကိုလည်း ကယ်ဆယ်ရေးလုပ်ပေးရတာဖြစ်ပါတယ်။
လုပ်ဆောင်ချက်ကိုလည်းအရမ်းသဘောကျတဲ့အတွက် သူက FBR မှာ သင်တန်းတက်ခဲ့တာဖြစ်ပါတယ်။ သင်တန်းက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ပါ ကျန်းမာသန်းစွမ်းဖို့ကို သင်ကြားတာဖြစ်ပြီး လေ့ကျင့်ရေးတွေကလည်း တကယ်ကိုပြင်းထန်တာပါ။
“သူက စာမေးပွဲဖြေရတဲ့ပုံစံက ၄၊ ၅ ကြိမ်လောက်ရှိပြီး နောက်ဆုံးအကြိမ်တော့ ၃ ရက် ၃ ညအစာမစားရဘူး။ တောထဲသွားပြီး သူတို့သတ်မှတ်ထားတဲ့ ပွိုင့်တွေကိုတစ်ခုနဲ့ တစ်ခု မီတာ ၁၀၀၀ ကနေ ၃၀၀၀ လောက်ဝေးဝေး သွားရှာရတယ်။ လမ်းခရီးကလည်းကြမ်း၊ မြေပုံနဲ့ compass နဲ့သွားရတယ်။ ရေတံခွန်တွေဆိုလည်း အစွန့်အဖျားတွေကနေတက်သွားရတော့ တချက်လေးမှားလိုက်တာနဲ့ အသက်ပျောက်သွားနိုင်တယ်။”လို့ မော်ကူးမြာက ပြောပါတယ်။
“နောက် ပေ ငါးထောင်လောက်မြင့်တဲ့တောင်စွန်းတွေကို ကုတ်တွယ်ကပ်ပြီးခက်ခက်ခဲခဲသွားရတယ်။ တံတားနဲ့ လည်း ပေးမဖြတ်ဘူး။ ပြီးရင် မီးထွန်းလို့ရှိရင်လည်း လိုက်ဖမ်းတယ်။ သူက သက်ဆိုင်ရာဘာသာရပ် station တွေကို သတ်မှတ်ထားတဲ့အချိန်ထဲ အပြီးဖြေရတယ်။”လို့ သူက ရှင်းပြပါတယ်။
ဒါ့အပြင် အမျိုးသမီးတွေ ရာသီလာလာ၊ မလာလာ၊ ခေါင်းမူးမူး၊ မူးလဲလဲ နေ့ရော ညပါ အရေအတွက်နည်းနည်း ကနေအပတ်ရေရာကျော်များတဲ့အထိ ရေကူးရတဲ့သင်တန်းတွေရှိတယ်။ အပြေးလေ့ကျင့်တာတွေလည်းပါသလို အန္တရာယ်ရှိပြီး ထိတ်လန့်ရတဲ့ ညတွေနဲ့လည်း သူက ကြုံခဲ့ရတာဖြစ်ပါတယ်။
ဒီလေ့ကျင့်ရေးတွေက ဘယ်လောက်ပဲ ခက်ခဲပင်ပန်းနေပေမယ့် သင်တန်းသူတွေဖြစ်တဲ့အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး ကြိုးကြိုးစားစားနဲ့ သင်တန်းပြီးအောင်တက်ကြတယ်လို့ မော်ကူးမြာက ပြောပါတယ်။
ရှေ့တန်းကို လိုက်ရတဲ့အချိန်မှာလည်း သူတွေးထင်မထားတဲ့ အဖြစ်အပျက်တွေ၊ ဆိုးဝါးပြင်းထန်တဲ့လူနာတွေနဲ့ ရုပ်အလောင်းတွေကို နေ့စဉ်မြင်တွေ့ခဲ့ရတာဖြစ်ပါတယ်။
“တိုက်ပွဲမှာ လက်ရှိ ၃၉၇ ယောက်ကျော်ကျဆုံးသွားတဲ့အထဲမှာ ၂၀၀ ကျော်အခြေအနေကို လက်တွေ့ကြုံရတာကတော့ ခေါင်းတွေ ကြေသွားတာတို့ အူတွေအခွေလိုက်ထွက်နေတာတွေ၊ ရင်ဘတ်ကိုကျည်ဖောက်ဝင်သွားလို့ အရမ်းနာပြီး အော်ငိုသေဆုံး သွားတဲ့ရဲဘော်တွေ မိုင်းကြောင့်ခြေလက်ဆုံးရှုံးရတဲ့ရဲဘော်အများကြီး တွေ့ခဲ့ဖူးတယ်။ အဲ့လိုအခြေအနေမှာ စိတ်ထိခိုက်တာတွေဖြစ်တယ်။”လို့ မော်ကူးမြာက ဆိုပါတယ်။
ပြီးတော့ စစ်တပ်က ဖမ်းထားတဲ့ကရင်နီရဲဘော်တွေကို အလွန်အကျွံနှိပ်စက်သတ်ဖြတ်ခံထားရလို့ မရှုမလှသေဆုံးနေတဲ့ ရဲဘော်တွေရဲ့ရုပ်အလောင်းတွေကို ပြုပြင်ပေးရတာကိုလည်း ပထမဆုံးအကြိမ်အဖြစ် သူက လုပ်ဆောင်ပေးခဲ့ရတာ ဖြစ်ပါတယ်။
“တစ်ဖက်က ပြန်ပေးတဲ့ ရုပ်အလောင်းက အရမ်းနှိပ်စက်ခံထားရတော့ အရိုးတချောင်းပဲကျန်တော့တာတို့၊ လောက်တွေ တက်နေတာတို့၊ လက်တွေ ကွေးကောက်ပြီး နှိပ်စက်ခံရလို့ မျက်လုံးတွေပြူးထွက်နေတာတို့ ဒဏ်ရာတွေအများကြီးနဲ့ ရဲဘော်တွေလည်း တွေ့ရတယ်။”လို့ စိတ်မကောင်းစွာပြောပါတယ်။
ဒါ့အပြင် စစ်တပ်က မတရားနှိပ်စက်ပြီး သတ်ဖြတ်ခံထားရတဲ့အမျိုးသမီးတွေ၊ မုဒိမ်းကျင့်သတ်ဖြတ်ခံထားရတဲ့အမျိုးသမီးတွေရဲ့ရုပ်အလောင်းတွေကို မရမကဆွဲလာရတဲ့အခါတွေလည်းရှိပါသေးတယ်။ ရက်ကြာတော့ သူတို့ကိုယ်ပေါ်မှာလောက်တွေ၊ ရုပ်ပျက်ဆင်းပျက်နဲ့ အသားတွေဆို အရည်ပျော်သလိုဖြစ်နေပြီလို့ သူက ရှင်းပြပါတယ်။
ရှေ့တန်းလိုက်တဲ့အခါ အခုလိုရုပ်အလောင်းတွေက တစ်နေ့ကို မတွေ့ရဘူးဆိုရင်တောင် အနည်းဆုံး ၄၊ ၅ လောင်းတော့ နေ့စဉ်ကြုံရတော့ အစပိုင်းမှာ စိတ်ဒဏ်ရာတွေဖြစ်ခဲ့ပါတယ်။
“ဒါတွေကို အမြဲ မြင်တွေ့နေရတော့ အိပ်လို့မရတာတွေ အတွေးများတာတွေ စိတ်အဆင်မပြေဖြစ်တာတွေ အထီးကျန်တာတွေ အများကြီးခံစားရတယ်။ တကယ် trauma ဖြစ်ရမယ့်အဖြစ်အပျက်တွေနဲ့ နေ့တိုင်း၊ နေ့တိုင်း မြင်ရထပ်ခါထပ်ခါတွေ့ နေရတော့trauma တွေရလာမိတာမျိုးရှိတယ်။”လို့ မော်ကူးမြာက ပြောပါတယ်။
ဒါပေမဲ့ ရိန်းဂျားမှာ သင်ရတဲ့စိတ်ဓါတ်ကြံခိုင်မှု လေ့ကျင့်ရေးကြောင့် မော်ကူးမြာအနေနဲ့ ခံစားနေရတဲ့ စိတ်ဒဏ်ရာကိုကုစားနိုင်ခဲ့တာဖြစ်ပါတယ်။
“ကျမတို့ သင်တန်းပြီး မစ်ရှင်က တပ်မဟာ ၅ကနေ တပ်မဟာ ၃ အထိ တောလမ်းခရီးထွက်ရတယ်။ ကိုယ့်ဘာ သာချက်စား၊ ကိုယ့်ဘာသာထုပ်ပိုးပြီး အိတ်ကလည်း အလေးကြီးသယ်တာပေါ့။ လမ်းလျှောက်တာပဲ ၈ ရက် လောက်ကြာတယ်။ မစ်ရှင်တစ်ခုခုဆို တိုက်ပွဲအခြေအနေပေါ်မူတည်ပြီး ကြာချိန်တွေရှိတတ်တယ်။”လို့ သူ့ရဲ့ အတွေ့အကြုံကိုပြောပါတယ်။
ဒါ့အပြင် စစ်တပ်က ဆေးမှူးတွေနေရာကို ပစ်မှတ်ထားပြီး ဗုံးကြဲတိုက်ခိုက်တာတွေ မကြာခဏလုပ်တော့ ဆေးမှူးအင်အား မလုံလောက်တာတွေလည်းရှိပါတယ်။ ဒါ့ကြောင့်တချို့ရဲဘော်တွေဆို ကားပေါ်မှာသေရတာ၊ လမ်းမှာကျဆုံးရတဲ့အခြေအနေတွေနဲ့လည်း ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။
“အခက်ခဲဆုံးကတော့ တစ်ယောက်ထဲရှေ့တန်းမှာ ဆုံးဖြတ်ချက်ချရတဲ့အပိုင်းက အခက်အခဲဆုံးပဲ။”လို့ သူက ဆိုပါတယ်။
FBR ထဲမှာဆိုရင် ကမ္ဘာရဲ့မတူညီတဲ့နေရာအသီးသီးကချိတ်ဆက်ပြီး ကူညီလာတဲ့ဆရာဝန်တွေ၊ သူနာပြုတွေ တခြား field က လူတွေ အများအပြားရှိပါတယ်။ သို့ပေမဲ့ ရှေ့တန်းထွက်မယ်ဆိုရင်တော့ ဆေးမှူး၊ သင်တန်းဆင်းလာတဲ့သူနဲ့ ကူညီပေးဖို့လာတဲ့ဆရာဝန်တွေနဲ့ သွားရတာဖြစ်ပါတယ်။
ဒါပေမဲ့ တခါတရံမှာ အတူသွားရတဲ့တာဝန်ကျ ဆရာဝန်တွေ၊ ကူညီပေးလာသူတွေက အမျိုးသားတွေဖြစ်လို့ အမျိုးသမီးဆိုလို့ မော်ကူးမြာတစ်ယောက်ထဲပါတဲ့စစ်ကြောင်းများစွာမှာလည်း သူက လိုက်ပါခဲ့ရပါတယ်။
“ကျမက FBR အဖွဲ့စစ်ကြောင်းနဲ့ လိုက်ရတယ်ဆိုရင် တိုက်ပွဲနဲ့အနီးဆုံးနေရာမှာ Causality collective point (CCP)ကို အခြားဆေးမှုးနဲ့အတူလုပ်ရတယ်။ မိန်းကလေးတစ်ယောက်ထဲပါရတဲ့ စစ်ကြောင်းတွေ အများကြီး ကြုံဖူးတယ်။ တခါတလေ တစ်ချို့စခန်းသိမ်းတိုက်ပွဲတွေဆိုရင် ရက်ကြာတာများတယ်။”လို့ သူက ရှင်းပြပါတယ်။
တိုက်ပွဲတစ်ခုထဲမှာ စစ်ကြောင်း နှစ်ကြောင်း၊ သုံးကြောင်းခွဲတာမျိုးဆိုရင်တော့ တပ်ကိုယ်စားပြုတဲ့အမျိုးသမီး ဆေးမှူးတွေ CDM ကျန်းမာရေးဝန်ထမ်းထဲမှာ အမျိုးသမီးတွေပါလာရင်တော့ သူ့အတွက်အဖော်ဖြစ်ပါတယ်။
မဟုတ်ရင်တော့ ရှေ့တန်းမှာ အမျိုးသမီးတစ်ယောက်ထဲလိုက်ပါဖြစ်လိုက်ရတဲ့ မစ်ရှင်မျိုးဆိုရင် အသေးအဖွဲ့ တွေဖြစ်တဲ့ အဝတ်အစားလဲတာနဲ့ အပေါ့အပါးသွားတဲ့ကိစ္စကတော့ မော်ကူးမြာအတွက် အကြီးမားဆုံးစိန်ခေါ်မှု ဖြစ်နေပါတယ်။
“အပေါ့အပါးသွားချင်ရင် အမျိုးသားတွေက အလွယ်တကူသွားလို့ရတယ်။ သင်တန်းတုန်းကဆိုရင် လေ့ကျင့်ရေးကြောင့် ရာသီပုံမမှန်တာမျိုးဖြစ်ဖူးတယ်။ မစ်ရှင်တွေဆိုရင်တော့ ရာသီလာရင် အမျိုးသမီးက ခြုံကွယ်သွားရတယ်ဆိုပေမယ့် စိတ်ကမလုံခြုံဘူး။ ပြီးတော့ အရမ်းအခက်အခဲဖြစ်ရတယ်။ အောင့်အီးသည်းခံနေရတာမျိုးရှိတယ်။”လို့ မော်ကူးမြှာက ရှင်းပြပါတယ်။
နောက် မစ်ရှင်သွားရရင် အဲ့ဒီဧရိယာထက် မကျော်နဲ့လို့ပြောရင် အပေါ့အပါးကို ဒီထဲမှာသွားတော့ အနံအသက် ဆိုးတာတွေ တခါတလေသွားရင်း အမျိုးသားနဲ့နေရာထပ်တာမျိုးတွေရှိတယ်။ တစ်ခါတလေ ပြန်သိမ်းထားတဲ့ ရန်သူကင်းစခန်းတွေမှာ အပေါ့အလေးစွန့်ထားတဲ့နေရာမှာဘဲ ဆေးကုတဲ့နေရာလုပ်ရတာမျိုးတွေရှိတယ်။လို့ သူက ပြောပါတယ်။
ထမင်းစားရင် ကျွတ်ကျွတ်အိတ်နဲ့ အိပ်တာကအစ မြောင်းထဲ၊ ပုခက်၊ တဲစတဲ့နေရာတွေ အိပ်ရတာများပါတယ်။ တခါတရံ မစ်ရှင်အနေအထားအရ ရန်သူနဲ့နီးတဲ့နေရာမှာ မြက်ခင်းထဲ၊ တောတောင်ထဲမှာ အမျိုးသားတွေနဲ့အတူ မြေကြီးပေါ် နေရာယူရတာဖြစ်ပါတယ်။
အရမ်းအေးလာလို့ တညလုံးအံကြိတ်ပြီး ဆီးနှင်းခဲရွာကျတာတွေ၊ မြေကြီးပေါ်က ကျွတ်တွေတွယ်တာတွေ၊ ရွှံ့ဗွက်ပေလူးရက်နဲ့ ကျော်ဖြတ်သွားလာရတာတွေလည်းရှိတယ်လို့လည်း မော်ကူးမြာက ဆိုပါတယ်။
ညဘက် အမျိုးသမီးတစ်ယောက်ထဲ ရှေ့တန်းပါသွားတဲ့အခါတွေမှာ ကျဆုံးရဲဘော်အလောင်းတွေကို ပြန်သယ်ဆောင်လာဖို့ အခက်အခဲဖြစ်တဲ့အခါ ရုပ်အလောင်းနားမှာပဲ စခန်းချအိပ်ရတာတွေလည်း ရှိပါသေးတယ်။ သူ့ အနေနဲ့ ကြောက်တာမဟုတ်ပေမယ့် စိတ်မလုံခြုံတာလည်း ခံစားခဲ့ရတာဖြစ်ပါတယ်။
ဒါ့အပြင် ရှေ့တန်းထွက်ရတိုင်း အများအားဖြင့် ရေမချိုး၊ မျက်နှာမသစ်ဘဲနေရတာများပြီး လူနာရဲ့သွေးတွေ ပေ နေတဲ့ အဝတ်အစားတွေနဲ့နေရလို့သွေးညှီနံက သူ့ကိုယ်မှာစွဲထင်နေတာတွေလည်း ကြုံခဲ့ရတာရှိပါတယ်။
ဒီအပေါ်မှာတော့ တော်လှန်ရေးပါဝင်နေသူအချင်းချင်း နားလည်မှုရှိတာကြောင့် သူ့အနေနဲ့ ရှက်ကြောက်တာမရှိခဲ့ပါ။
“ရှေ့တန်းမှာ ဆေးကုနေတဲ့အချိန်တော့ အချင်းချင်းလေးစားမှုရှိတယ်။ တစ်ခါတလေအဖွဲ့မတူတဲ့ပေါ်မှာ အမြင်မတူတာတွေတော့ရှိတယ်။ အရင်ကတော့ ယောင်္ကျားလေးနဲ့ မိန်းကလေးကြားမှာ ခွဲခြားမှုက သိသိသာသာ ရှိခဲ့တာ။”လို့ သူက ပြောပါတယ်။
သို့ပေမဲ့ တချို့နေရာတွေမှာ အမျိုးသမီးတွေက နိုင်တဲ့ဝန်ထမ်းပြီး ပါဝင်နေတာလည်းရှိပေမယ့် တချို့နေရာတွေမှာတော့ အမျိုးသမီးတွေကို ခွဲခြားဆက်ဆံတာရှိနေသေးတာဖြစ်ပါတယ်။
ဒီအပေါ် မှာမော်ကူးမြာက “အမျိုးသမီးနဲ့ စစ်ရေးမဆိုင်ဘူးဆိုတာကလည်း အာဏာသိမ်းပြီးနောက်ပိုင်း ကျမမြင်ရတဲ့ အမျိုးသမီးကဏ္ဍအပိုင်းမှာတော့ အမျိုးသမီးတွေဟာ ကျရာနေရာကနေ ပါဝင်နေတယ်။ ခွဲခြားမှုက အများကြီးမရှိပေမယ့် တချို့နေရာတွေမှာတော့ ရှိသေးတယ်။”လို့ သူ့အတွေ့အကြုံနဲ့ယှဉ်ပြီး ပြောပါတယ်။
သူသင်တန်းသွားတစ်ခုသွားပေးတဲ့အခါ သင်တန်းဆရာတွေကြားမှာ အမျိုးသမီးဆိုလို့ သူတစ်ဦးသာ ပါဝင်ခဲ့တယ်။ အဲ့ဒီမှာ သင်တန်းသားတွေက ဆရာတွေရဲ့ပြောစကားကို အတိအကျလိုက်နာပြီး လေးလေးစားစား ဆက်ဆံပေမယ့် အမျိုးသမီးဖြစ်တဲ့သူ့ကိုတော့ မလေးမစားဆက်ဆံတာနဲ့ ကြုံရတယ်လို့ ဆိုပါတယ်။
“သင်တန်းမှာ ဆရာတွေက အပြစ်လုပ်ထားတဲ့သူတွေဆို ဒိုက်ထိုးခိုင်းတာ၊ အပြစ်ပေးတာတွေလုပ်တယ်။ သေနတ်ဖောက်ပြီး အသံနဲ့ သတိပေးတယ်။ သူတို့က ဆရာတွေနဲ့ဆို စစ်သားတစ်ယောက်လိုနေတယ်ပေါ့။ ဆရာမနဲ့ဆိုရင်တော့ စကား ပြော မောက်မာတာ၊ မလေးမစားဆက်ဆံတာတွေ ကြုံရတယ်။”လို့ မော်ကူးမြာက ရှင်းပြပါတယ်။
ဒါပေမဲ့ တော်လှန်ရေးမှာတော့ နိုင်ရာတာဝန်ထမ်းဆောင်နေကြတဲ့အမျိုးသမီးတွေ အားလုံးအတွက်ဆိုရင် ဒီလို ပြဿနာတွေကို အနည်းနဲ့အများတော့ ကြုံကြရမှာဖြစ်ပါတယ်။
“ဒါတွေက အသေးအမွှားဆိုပေမယ့် အမျိုးသားတွေကြားထဲမှာ တချို့အမျိုးသမီးတွေအတွက်တော့ စိန်ခေါ်မှု ပိုများပါလိမ့်မယ်။”လို့ သူက မှန်းဆပြောပါတယ်။
သူ့ရဲ့ဆန္ဒကတော့ အခုလိုအမျိုးသမီးတွေအပေါ် အမြင်နဲ့အထင်နဲ့ ခွဲခြားတာတွေမရှိစေချင်တော့ပါဘူး။ ဒါကလည်း အမျိုးသမီးတွေဟာ သူတို့အပေါ်မှာ အခုလိုနှိမ့်ချခွဲခြားတာတွေကို ဂရုမစိုက်ဘဲ အမျိုးသားတွေနဲ့ တန်းတူ လုပ်ဆောင်နိုင်သူတွေဖြစ်ကြောင်း စစ်ဆင်ရေးမှာပါဝင်နေတဲ့သူတို့တွေရဲ့လုပ်ရပ်က သက်သေခံနေတာ ဖြစ်ပါတယ်။
ဒီအတွက် အမျိုးသမီးတွေဟာ သူများထက် သန်မာဖို့၊ ထက်မြက်ဖို့၊ ရဲရင့်ဖို့လိုသလို စိတ်ဓါတ်ပိုင်းဆိုင်ရာမှာလည်း အမျိုးသားတွေထက် ပိုကြံခိုင်အောင် ကြိုးစားဖို့လိုကြောင်းနဲ့ ကဏ္ဍအသီးသီးမှာစွမ်းရည်တွေပိုထူး ချွန် ထက်မြက်အောင် ကြိုးစားဖို့လိုအပ်ကြောင်း မော်ကူးမြာက အသိပေးထောက်ပြနေပါတော့တယ်။