ခင်ဘုန်းမို့
စစ်ကောင်စီတပ်တွေခြေရှုပ်နေလေ့ရှိတဲ့ မော်လမြိုင်မြို့ပေါ်မှာ တစ်ကိုယ်တော်ဆန္ဒပြမှုတစ်ခုကို အမျိုးသမီးငယ်တစ် ဦးကရဲရဲဝင့်ဝင့်ဖော်ဆောင်ခဲ့ပါတယ်။
စစ်ကောင်စီကမတရားသတ်မှတ်လိုက်တဲ့ စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့အနေနဲ့ အမျိုးသမီးငယ်ဟာ တစ်ကိုယ်တော်သပိတ်ကို တပ်မတော်နေ့ဖြစ်တဲ့ မတ်လ(၂၇)ရက်နေ့မှာ ဖော်ဆောင်ခဲ့တာပါ။ အမျိုးသမီးငယ်ဟာ ဖခင်ဖြစ်သူရဲ့ မွန်ပုဆိုးပေါ်မှာ “စစ်ကျွန်မခံနဲ့ ရာမညသားတွေ”ဆိုတဲ့စာကိုရေးကာ သူငယ်ချင်းတစ်ဦးနဲ့အတူ မော်လမြိုင်မြို့အနှံ့ ဆန္ဒထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။
“ကျွန်မတို့မော်လမြိုင်ဆိုလည်း စကစကြီးစိုးတဲ့ နေရာဖြစ်တယ်။ အဲ့နေရာမှာ ကျွန်မတို့မွန်တွေက သွေးမအေးဘူးဆိုတာ ပြချင်တာလည်းပါတယ်။ ရာမညသားတွေကိုဖိတ်ခေါ်ချင်တာလည်းပါတယ်”လို့အမျိုးသမီးငယ်က ဆန္ဒထုတ်ဖော်ဖြစ်တဲ့အကြောင်းကိုပြောပြပါတယ်။ သူကတော့ အသက်(၂၁)နှစ်အရွယ် မိတလဉာဏ် ဖြစ်ပါတယ်။
မိတလဉာဏ်ဟာ စစ်အာဏာမသိမ်းခင်က မွန်အမျိုးသမီးလူငယ်တက်ကြွလှုပ်ရှားသူတစ်ဦးအနေနဲ့ တန်းတူညီမျှရေးတွေ၊ မွန်အမျိုးသားရေးတွေနဲ့ပတ်သက်ပြီး ပါဝင်လှုပ်ရှားခဲ့သလို ရပ်ရွာအခြေပြုတဲ့လူထု အကျိုးပြုလုပ်ငန်းတွေ လည်းဆောင်ရွက်ခဲ့ပါတယ်။ စစ်အာသိမ်းတဲ့အခါမှာတော့ သပိတ်တွေ၊ တကိုယ်တော်ဆန္ဒပြတာတွေလှုပ်ရှားခဲ့ပါတယ်။ တော်လှန်ရေးအတွက်အထောက်အကူဖြစ်စေတဲ့ သုတေသနတွေ၊ စာတမ်းပြုစုတာတွေလည်းဆောင်ရွက်ခဲ့ပါတယ်။
“စစ်ကျွန်မခံနဲ့ ရာမညသားတွေ”ဆိုတဲ့ စာသားကိုင်ဆောင်ပြီး စစ်မှုထမ်းဥပဒေကို ဆန့်ကျင်တဲ့လှုပ်ရှားမှုကို ပြုလုပ်ခဲ့ပြီးနောက် စစ်ကောင်စီရဲ့မတရားဖမ်းဆီးမှုကို ရှောင်တိမ်းဖို့အတွက် လွတ်မြောက်နယ်မြေကိုထွက်လာခဲ့တယ်။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ စစ်ဘေးသင့်တဲ့ ဒဏ်ကိုခံစားနေကြရတဲ့အတွက် စစ်ကောင်စီကိုတော်လှန်တဲ့နေရာမှာ အနုနည်းနဲ့တော်လှန်ရုံနဲ့မလုံလောက်ဘဲ လက်နက်ကိုင်လမ်းစဉ်ကသာ တော်လှန်ရေးအတွက်ထိရောက်မယ်လို့ စဉ်းစားမိတဲ့အတွက် မိတလဉာဏ်ဟာ လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်ဖို့ဆုံးဖြတ်ချက်ခိုင်မာစေတာကတော့ဓမ္မသတ်ရွာဖြစ်စဉ်ပါပဲ။ ကျိုက်မရော မြို့နယ်ထဲကဓမ္မသတ်ရွာကိုစစ်ကောင်စီကလေကြောင်း၊ ရေကြောင်းတွေကနေတိုက်ခိုက်ခဲ့တဲ့အတွက်နေအိမ် ၃၀၀ နီးပါး မီးလောင်ပျက်စီးခဲ့ရပါတယ်။
“အဲ့ဒီ ဓမ္မသတ်ဖြစ်စဉ်ကလည်း စစ်အာဏာရှင်အောက်မှ ာဘယ်အရာမှ မတည်မြဲဘူးဆိုတာကို ကွက်ကွက်ကွင်းကွင်းမြင်စေခဲ့တယ်။ အဲ့ဒါကလည်းကျွန်မကို လက်နက်ကိုင်လမ်းစဉ်ထဲကို ခြေစုန်ပစ်ဝင်ဖို့အတွက် တွန်းအားတရပ်ဖြစ်ခဲ့တယ်”လို့မိတလဉာဏ်ကဆိုပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကိုရွေးချယ်တဲ့အကြောင်းကိုတော့ မိသားစုကိုအသိမပေးဖြစ်ခဲ့ပါဘူး။ လက်နက်ကိုင်တော် လှန်ရေးကိုရွေးချယ်လိုက်တဲ့အခါ စိတ်ဓာတ်ပိုင်းဆိုင်ရာပြင်ဆင်မှုတွေအများကြီးပြုလုပ်ခဲ့ရပါတယ်။ လူသတ်လက် နက်ကိုကိုင်ရတာဖြစ်တဲ့အတွက် အစပိုင်းမှာတော့ကြောက်စိတ်ဝင်မိခဲ့တယ်။ ဒါပေမယ့် ဒီလမ်းကို လျှောက်မှဖြစ်မယ်ဆိုတဲ့စိတ်၊ ဒီလမ်းမှမလျှောက်ရင်လွတ်မြောက်တဲ့လမ်းကိုရှာမတွေ့တော့ဘူးဆိုတာကို သဘောပေါက်ထားတဲ့အတွက် စိတ်မာမာနဲ့ဆက်လျှောက်ခဲ့ပါတယ်။
“ကျွန်မတို့လက်နက်ကိုင်တယ်ဆိုတာ ရမ်းကားပြီးသတ်ဖြတ်ဖို့မဟုတ်ဘူး။ ကျွန်မတို့ချစ်တဲ့အရာတွေကိုကာကွယ်ဖို့အတွက် ပြည်သူတွေကိုကာကွယ်ဖို့အတွက် လွတ်မြောက်ရေးအတွက် လက်နက်ကိုင်ရတယ်ဆိုတဲ့အသိ ဒီအသိကို စိတ်ထဲမှာနှလုံးသွင်းတယ်။ နှလုံးသွင်းပြီးတော့ကျင့်ဝတ်နဲ့ အညီလက်နက်ကိုင်ရတာဖြစ်တယ်”လို့မိတလဉာဏ်ကဆိုပါတယ်။
လက်နက်ကိုင်လမ်းစဉ်ကို စတင်ရွေးချယ်လိုက်ကတည်းက ပုံမှန်ဘဝနဲ့မတူဘဲအများကြီးပြောင်းလဲသွားပါတယ်။ အသက်ကိုလောင်းကြေးထပ်ထားရတာဖြစ်တဲ့အတွက် ပုံမှန်ဘဝမှာနေသလိုမျိုးနေလို့မရတော့ပဲ အမြဲသတိ အသိနဲ့ကျင့်ကြံရပါတယ်။ တပ်ဖွဲ့တွေကိုရွေးချယ်တဲ့အခါမှာလည်း မွန်ပြည်နယ်အတွင်းက မွန်လူမျိုးအခြေပြုတဲ့ တပ်ဖွဲ့ တွေအများကြီးထဲကမှ မွန်ပြည်နယ်တော်လှန်ရေးတပ် MSRF ကိုရွေးချယ်ဖြစ်ခဲ့တယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာလူမျိုးစုအခြေပြုတဲ့တော်လှန်ရေးတပ်ဖွဲ့ဖြစ်တာ၊ စုံလင်ကွဲပြားမှုကိုအလေးပေးတာ၊ မွန်ပြည်နယ်ကိုကိုယ်စားပြုနိုင်တဲ့ တပ်ဖွဲ့တစ်ခုဖြစ်တာ၊ အနာဂတ်ဖက်ဒရယ် ပြည်ထောင်စုကို တည်ဆောက်တဲ့အခါ အထောက်အကူပြုနိုင်မှာ၊ နိုင်ငံရေးဦးဆောင်မှုရှိတာ စတဲ့အချက်တွေရှိတဲ့အတွက် ရွေးချယ်ဖြစ်ခဲ့တာဖြစ်ပါတယ်။
စစ်သင်တန်းတက်တဲ့အခါ အမျိုးသားတွေနဲ့တန်းတူလုပ်နိုင်တယ်ဆိုပေမယ့် ကိုယ်ကာယပိုင်းဆိုင်ရာ ကြံ့ခိုင်မှု အားနည်းတဲ့အပိုင်းတွေတော့ရှိတယ်လို့ဆိုပါတယ်။ ဓမ္မတာလာတဲ့အခါမျိုးမှာ နာကျင်ကိုက်ခဲတာတွေရှိတော့ အဲ့ဒီရက်တွေမှာလေ့ကျင့်ရေးဆင်းရတဲ့အခါ သင်တန်းဆရာတွေနဲ့ ညှိနှိုင်းမရတာ၊ နားခွင့်မရတာစတဲ့ အခက်အခဲ တချို့တော့ရှိပါတယ်။ ဒါ့အပြင် ရေချိုးတဲ့နေရာ၊ နေရာထိုင်ခင်းစတဲ့နေရာတွေမှာ အကာအကွယ်တွေရဖို့ပြောပြတောင်းဆိုရတဲ့ အပိုင်းမျိုးတွေလည်းရှိတယ်လို့ မိတလဉာဏ်ကဆိုပါတယ်။
သူ့အတွက်အကြီးမားဆုံးစိန်ခေါ်မှုကတော့ ပြန်လမ်းမသေချာတဲ့ခံစားချက်ပါပဲ။ ဆိုရှယ်မီဒီယာပေါ်မှာပုံရိပ်အစစ် အမှန်တွေကိုထုတ်သုံးထားတဲ့အတွက် အိမ်ပြန်ဖို့မသေချာတော့တဲ့အတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာ ဝမ်းနည်းမိတာ၊ စိတ်ဓာတ်ကျတာမျိုးတွေလည်းရှိပါတယ်။ သင်တန်းပြီးတဲ့အခါမှာတော့မွန်ပြည်တော်လှန်ရေးတပ် MSRF မှာ အမျိုးသမီးတပ်စုမှူးအနေနဲ့ တာဝန်ထမ်းဆောင်နေပါတယ်။
“ဒါကကျွန်မအနေနဲ့လိုအပ်တဲ့နေရာမှာ ကွက်လပ်ဖြည့်ဖို့အတွက်ဖြစ်တယ်။ လုပ်ကိုင်စွမ်းနဲ့ ကိုယ့်ရဲ့စိတ်ဓာတ်ပိုင်း ဒီဟာကိုကြည့်ပြီးတော့ သူတို့အနေနဲ့ တာဝန်ပေးအပ်ခဲ့တာဖြစ်ပါတယ်” မိတလဉာဏ်ကပြောပါတယ်။ အဓိက အနေနဲ့ ဒရုန်းပိုင်းတွေကိုဆောင်ရွက်နေပါတယ်။
ဖိုဝါဒကြီးစိုးပြီး ရှေးရိုးဆွဲအယူအဆတွေများတဲ့ လူမှုအသိုင်းအဝိုင်းမှာ ရှင်သန်ခဲ့ရတဲ့အတွက် လက်နက်ကိုင်တပ်ဖွဲ့အတွင်းက ခွဲခြားဆက်ဆံမှုတချို့ကို မိတလဉာဏ်လည်းကြုံတွေ့ရပါတယ်။
“တပ်ထဲမှာဆိုရင် အမျိုးသမီးဖြစ်လို့ ဘယ်လိုနေဘယ်လိုလုပ် ဘယ်လိုပုံစံနဲ့နေဆိုပြီးတော့ အမျိုးသမီးခြေဆေးတဲ့ ရေကိုအဲ့လိုမဆေးနဲ့ ဒီခွက်နဲ့မသုံးနဲ့ ဘာညာ အဲ့လိုမျိုးသက်မှတ်ချက်တွေက ကျွန်မတို့အပေါ်မှာ ဆွဲကပ်တာမျိုးရှိတယ်”လို့သူ့အတွေ့အကြုံကိုပြောပြပါတယ်။
အမျိုးသမီးတွေအပေါ်ခွဲခြားဆက်ဆံတာတွေရှိနေဆဲဖြစ်တဲ့အတွက် စစ်အာဏာရှင်စနစ်နဲ့အတူ အတွေးအခေါ် ပိုင်းကိုပါ တော်လှန်ဖို့လိုတယ်လို့ သူ့အမြင်ကိုပြောပါတယ်။
သူ့အနေနဲ့ကတော့ အမျိုးသမီးတွေအပေါ်ဖိနှိပ်ခွဲခြားတဲ့အယူအဆတွေကို စစ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းက တွန်းလှန်ခဲ့ပါတယ်။ လူမှုအသိုင်းအဝိုင်းမှာ တွေ့ရင်တွေ့သလောက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ပြောင်းလဲရမယ့် အယူအဆတွေရှိရင် အတိုက်အခံလုပ်ပြီးပြောခဲ့တာမျိုးကများပါတယ်။
ထဘီအလံလွှင့်ထူတာတွေ၊ ထဘီကိုခေါင်းမှာပတ်ပြီး အမျိုးသမီးဝတ်ထဘီကလည်း အဝတ်စတစ်စသာဖြစ်တယ်ဆိုတဲ့ ကမ်းပိန်းတွေမှာပါဝင်ခဲ့တယ်။ အမျိုးသမီးတွေကို second sex ဒုတိယတန်း လူတန်းစားလို ဆက်ဆံခံရတာတွေအမျိုးကြီးကြုံတွေ့ခဲ့ရဖူးတယ်။
“ကျွန်မအနေနဲ့ဘုန်းဆိုတာ ကိုယ့်ရဲ့စိတ်ဓာတ်ထဲမှာရှိတယ်။ နှလုံးသားထဲမှာရှိတယ်ဆိုတာ ကျွန်မယုံကြည်တယ်။ ဒီလိုမျိုးအဝတ်စတခုပေါ်မှာ ဘုန်းကံကြီးခြင်း နိမ့်ခြင်းရှိတယ်ဆိုတာ ကျွန်မအနေနဲ့ မယုံကြည်ဘူး။ အဲ့အတွက်ကြောင့်လည်း ရှေးရိုးစွဲအယူအဆတွေဖြစ်တဲ့အမျိုးသမီးတွေကို ဖိနှိပ်ဆက်ဆံတဲ့ဟာမျိုးကို ကျွန်မတို့တော်လှန်ရေးနဲ့အတူ တွန်းလှန်ရမှာဖြစ်ပါတယ်”လို့မိတလဉာဏ်ကသူ့အတွေ့အကြုံကိုပြောပါတယ်။
ဒါ့အပြင်အမျိုးသမီးတွေ တော်လှန်ရေးထဲမှာပါဝင်နေခြင်းက အနှောက်အယှက်တခုအနေနဲ့ ရှုမြင်ကြတဲ့လူတချို့ လည်းရှိပါတယ်။
“အဲ့အတွက်လည်းကျွန်မတို့အတိုက်အခံလုပ်ပြီးတော့ တော်လှန်ရေးထဲမှာ အမျိုးသမီးတွေဘယ်လောက်ထိ စွမ်းဆောင်နိုင်ကြောင်းကိုလည်း သက်သေပြကြရမှာဖြစ်ပါတယ်”လို့ဆိုပါတယ်။
တောထဲမှာစိတ်ဓာတ်ကျတဲ့အချိန်တွေမှာ ကဗျာရွက်တာ၊ သီချင်နားထောင်တာ၊ စာအုပ်ဖတ်တာစတာတွေ ပြုလုပ်ရင်းကျော်ဖြတ်နေပါတယ်။
ငယ်ဘဝအိပ်မက်ကတော့ အေးအေးချမ်းချမ်းနေချင်ခဲ့ပြီး မိခင်ဖြစ်သူစိတ်ချမ်းသာစေချင်တဲ့ စိတ်တခုထဲ သာရှိခဲ့ပါတယ်။ စာတော်အောင်ကြိုးစားပြီး မိခင်ဖြစ်သူက ဆရာဝန်၊ အင်ဂျင်နီယာဖြစ်စေချင်တဲ့အတွက် ကိုယ်တိုင်လည်း အဲ့အရာတွေဖြစ်ချင်ခဲ့တယ်လို့တွေးခဲ့မိပါတယ်။ မွန်လူမျိုးတစ်ယောက်ဖြစ်ခဲ့ပေမယ့်ကျောင်းမှာစာတော်စေချင်တဲ့အတွက် တစ်အိမ်လုံးကဗမာစကားကိုပဲပြောခဲ့ကြတယ်။ မွန်စကားကိုပြောတက်ပေမယ့် သေချာပိုင်နိုင် တာမျိုးတော့မဟုတ်ခဲ့ဘူး။ မိခင်ဖြစ်သူကတော့ သမိုင်းကြောင်းတွေကိုအမြဲတမ်းပြောပြခဲ့ဖူးတယ်။
“ပြောရမယ်ဆိုရင် ဗမာမှုပြုခြင်းအောက်မှာ ကျွန်မကသားကောင်တကောင် ဖြစ်ခဲ့တယ်”လို့သူကဆိုပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်ပြီးတဲ့နောက်မှာ community school တွေမှာဝင်ရောက်လေ့လာသင်ကြားခဲ့ပြီးတဲ့နောက်မှာတော့ burmalization အကြောင်းကိုသေချာသိလာခဲ့တယ်။
“သေချာသိလာတဲ့အတွက်ကြောင့် အဲ့အချိန်ကစပြီး ကျွန်မရဲ့တော်လှန်ရေးစခဲ့တယ်။ လူမျိုးစုအရေး အမျိုးသားအရေးကို ပိုအားစိုက်ပြီးတော့ တော်လှန်ရေးစခဲ့တယ်လို့ပြောရင် ပိုပြီးတော့ မှန်ပါလိမ့်မယ်” လို့ သူက ဆိုပါတယ်။
မွန်စာပေနဲ့ယဉ်ကျေးမှုတွေကိုလေ့လာခဲ့တယ်။ ဒါ့အပြင်ကိုယ့်ဒေသကို ဘယ်လိုအကျိုးပြုနိုင်မလဲ၊ ဖိနှိပ်ခံရတယ်ဆိုတဲ့အကြောင်းတွေ၊ လူမျိုးစုအရေးတွေကို speak out လုပ်ခဲ့တယ်။ စာဖတ်တာဝါသနာပါပြီး လုပ်ကိုင်ခဲ့ဖူးတဲ့ အဖွဲ့အစည်းတိုင်းမှာ စာအုပ်တွေစုဆောင်းပေးတာမျိုး စာကြည့်တိုက်တွေပြုလုပ်ပေးခဲ့ဖူးပါတယ်။
“ကျွန်မဘာဖြစ်ချင်လဲဆိုတာကတော့ ကောင်းမွန်တဲ့လူမှုအဖွဲ့အစည်းထဲမှာနေချင်တယ် အဲ့အတွက်ကျွန်မဘာလုပ်ရမလဲဆိုပြီးတော့ ပြန်တွေးကြည့်တဲ့အခါ စနစ်အပြောင်းအလဲထဲမှာ အထောက်အကူ တရပ်အနေနဲ့ ဖြစ်ချင်တယ်။ အခုလက်ရှိကျွန်မရဲ့အိပ်မက်လည်းဖြစ်တယ်။ အာဏာမသိမ်းခင်ကကျွန်မရဲ့အိပ်မက်ဖြစ်တယ်”လို့ဆိုပါတယ်။
စစ်ပွဲတွေပြီးသွားတဲ့အခါမှာတော့ ကျောင်းပြန်တက်ချင်ပြီးပြန်လည်ထူထောင်ရေးမှာပါဝင်ချင်တာက မိတလဉာဏ်ရဲ့ဆန္ဒပါပဲ။
“အဖြစ်ချင်ဆုံးဆန္ဒကတော့ အိမ်ကိုကောင်းကောင်းမွန်မွန်နဲ့ပြန်ချင်တယ်။ မိသားစုနဲ့ပြန်ပြီးတော့နွေးနွေးထွေးထွေး နေချင်တယ်။ အဖေနဲ့အမေ ကျန်းကျန်းမာမာရှိနေတာကိုတော့ အမြင်ချင်ဆုံးပါပဲ”လို့ပြောပါတယ်။
မွန်အမျိုးသမီးတွေလူငယ်တွေကိုလည်း တော်လှန်ရေးမှာပါဝင်ဖို့အခုလိုတိုက်တွန်းခဲ့ပါတယ်။
မွန်ပြည်သူတွေ၊ အမျိုးသမီးတွေရဲ့အခွင့်အရေးတွေအားလုံးကရာမညမြေပေါ်မှာရှိပြီး နိုင်ငံခြားထွက်ပြီးတော့ တခြားသူတွေရဲ့အလုပ်တွေကိုလုပ်နေတာက အဖြေတခုမဟုတ်ဘူးလို့ဆိုပါတယ်။
ရှာထားသမျှစည်းစိမ်တွေဟာလည်း စကစရဲ့လက်အောက်မှာဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ်ဖျက်ဆီးခံရနိုင်ခြေများတဲ့အတွက် စစ်အာဏာရှင်ကိုအမြစ်ဖြတ်တိုက်ထုတ်ပြီး ကောင်းမွန်တဲ့ လူမှုအဖွဲ့အစည်းတရပ်ဖြစ်ဖို့ ကောင်းမွန်တဲ့ စနစ်တခုတည်ဆောက်ရမှာဖြစ်တယ်လို့ မိတလဉာဏ်ကခံယူထားပါတယ်။
“မွန်အမျိုးသမီး ရာမညသူအားလုံးကိုလည်း ဒီတော်လှန်ရေးထဲမှာထဲထဲဝင်ဝင်ပါဝင်ပြီးတော့ ကောင်းမွန်တဲ့စနစ် တစ်ခုတည်ဆောက်နိုင်အောင် အားလုံးအတူတူ ကြိုးစားကြဖို့တိုက်တွန်းချင်ပါတယ်” လို့သူကဆိုပါတော့တယ်။