ခင်ဘုန်းမို့
နိုင်ငံရေးအကျဉ်းသူအမျိုးသမီးတွေ အကျဉ်းထောင်ကပြန်လည်လွတ်မြောက်လာတဲ့အခါမှာ ပြည်သူထဲက ပြည်သူပဲဖြစ်တဲ့အတွက် စစ်အာဏာရှင်လက်အောက်မှာ တခြားပြည်သူတွေ ရင်ဆိုင်ရတဲ့အခက်အခဲတွေကို ရင်ဆိုင်ကြရပါတယ်။
ဒီအထဲမှာမှ နိုင်ကျဉ်းအမျိုးသမီးတွေဟာ စစ်ကောင်စီရဲ့ပြန်လည်ဖမ်းဆီးမှုကိုခံရတဲ့အမျိုးသမီးတွေရှိသလို သူတို့ရဲ့ ဖမ်းဆီးမှုကိုရှောင်တိမ်းပြီးလွတ်မြောက်တွေမှာ ကြိုးစားပြီးရောက်လာရတဲ့ ရှင်သန်ကြနေကြသူတွေ၊ သူများနည်းတူရရာအလုပ်တွေဝင်လုပ်ပြီးတော့ တက်နိုင်တဲ့အပိုင်းနဲ့ တထောင့်တနေရာကနေပါဝင်နေကြတယ်လို့ နိုင်ငံရေးအကျဉ်းသူများအဖွဲ့ (WOPP) ရဲ့ဦးဆောင်တာဝန်ခံ မဇူးဇူးမေယွန်းကပြောပါတယ်။ သူကိုယ်တိုင်ကလည်း နိုင်ငံရေး အကျဉ်းသူတစ်ဦးပါ။
နိုင်ငံရေးအကျဉ်းသူတွေအနေနဲ့ စီးပွားရေး၊လူမှုရေး ရုပ်ပိုင်းဆိုင်ရာအရ ပြန်လည်ရပ်တည်နိုင်ဖို့ဆိုရင် စိတ်ပိုင်းဆိုင်ရာနွေးထွေးမှု အရမ်းလိုအပ်တယ်လို့ဆိုပါတယ်။
“တခါတလေကျရင် ကိုယ်တွေက ထောင်ကနေထွက်လာတဲ့အချိန်မှာ ထောင်ထဲမှာတွေ့ကြုံခဲ့တဲ့ ခံစားချက်တွေကို မိသားစုကလက်ခံပြီးတော့နားထောင်ပေးတာမျိုးတွေ လုပ်ပေးသင့်တယ်။ တချို့ကျတော့ ကိုယ်ကပြောချင်ပေမယ့် အပြောမခံတာမျိုးတွေ ထပ်ပြီးအဖမ်းခံရမှာဆိုတဲ့အတွက် သူတို့အနေနဲ့ ဒါတွေကို မပြောဖို့ ပိတ်ပင်လိုက်တဲ့အခါမျိုးတွေမှာ မိသားစုတွေက ပိတ်ပင်လိုက်တဲ့အခါ နိုင်ငံရေးအကျဉ်းသူအမျိုးသမီးတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာမှာ ပိုပြီးဝမ်းနည်းလွယ်တာတွေ၊ သူတို့မှာပြောချင်နေတာတွေရှိတယ်”လို့သူကဆက်ပြောပါတယ်။
စိတ်ပိုင်းဆိုင်ရာ ဒဏ်ရာအနာတရတွေရှိနေပေမယ့် နိုင်ကျဉ်းအမျိုးသမီးတွေဟာမယိုင်မလဲနဲ့ စိတ်နဲ့ ဆက်လက်ရှင်သန်နေကြပါတယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့အတွက် မတရားဖမ်းဆီထောင်ချခံရပြီးနောက် ပြန်လည်လွတ်မြောက်လာတဲ့ နိုင်ကျဉ်းအမျိုးသမီးတွေဟာ စိတ်ပိုင်း၊ ရုပ်ပိုင်းဒဏ်ရာမျိုးစုံနဲ့ ရင်ဆိုင်ရပ်တည်နေကြရပါတယ်။
ထောင်တွင်းမှာကြုံတွေ့ခဲ့ရတဲ့ အဖြစ်အပျက်ဆိုးတွေကြောင့် ဘဝဆက်လက်ရှင်သန်ဖို့ အားလျော့ချင်နေကြတာမျိုးလည်း ရှိပါတယ်။ အများစုကလူမှုရေး၊ စီးပွားရေးတွေပြန်လည်ထူထောင်ဖို့ခက်ခဲပြီး စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကိုခံစားနေကြရတာပါ။
ဒီလိုအခက်အခဲတွေကြားကပဲ နိုင်ကျဉ်းအမျိုးသမီးတွေဟာ ဘယ်လောက်ပဲအခက်အခဲတွေရှိပါစေ မပြီးဆုံးသေးတဲ့တော်လှန်ရေးအတွက် လူရောစိတ်ပါဆက်လက်ပါဝင်နေကြပါတယ်။
“ထောင်ထဲမှာတောင် အသက်ရှင်အောင်နေနိုင်ခဲ့သေးတယ်။ အခုကြုံနေရတာတွေက အသေးအမွှားပါလို့ ကိုယ့်ကိုကိုယ်အားတင်းနေတယ်။ ဒါပေမဲ့တစ်ခါတလေမှာ အသက်ရှင်ဖို့က ပိုခက်တယ်လို့လည်းတွေးမိပါတယ်။ သေဆုံးသွားရင်ရော အခုလိုဖြစ်နေတာတွေ အားလုံးအေးချမ်းသွားမယ်လို့ တွေးမိတာလည်းရှိပါတယ်”လို့ မတွယ်တာက သူ့ ခံစားချက်ကိုရင်ဖွင့်ပါတယ်။
အသက်(၂၇)နှစ်အရွယ်မတွယ်တာဟာ အာဏာမသိမ်းခင်က ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးရေးပြုလုပ်တဲ့ CSO တစ်ခုမှာ admin assistant အနေနဲ့ လုပ်ကိုင်ခဲ့သူပါ။၂၀၂၀ ရွေး ကောက်ပွဲမှာ ကိုယ်တိုင်လည်း မဲပေးခဲ့သလို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးတွေမှာလည်း ကိုယ်တိုင်ပါဝင်ခဲ့ပါတယ်။
“ကျွန်မကပြည်သူတစ်ယောက်အနေနဲ့ ကိုယ်ကြိုက်တဲ့အစိုးရတစ်ရပ် ရွေးချယ်တင်မြောက်ခွင့်ရှိသလို မကြိုက်တဲ့ အစိုးရတစ်ရပ်ကို ဆန့်ကျင်ခွင့်၊ ဖြုတ်ချခွင့်ရှိတယ်။ အဲ့အတွက် ကျွန်မအာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့ခြင်းဖြစ်တယ် ” လို့ သူ့သဘောထားကို ပြောပါတယ်။
ဒါကြောင့်သူဟာ ဆန္ဒပြပွဲတွေမှာပါဝင်တာ၊ ကမ်ပိန်းတွေလုပ်တာ၊ စစ်အာဏာရှင်ကို ဆန့်ကျင်လို့ရသမျှ နည်းမျိုးစုံနဲ့ ဆန့်ကျင်ခဲ့ပါတယ်။ ဒီလိုဆန့်ကျင်ခဲ့လို့လည်း၂၀၂၁ခုနှစ်မေလမှာ သူနေတဲ့တိုက်ခန်းကို စစ်သားနဲ့ရဲအယောက် (၅၀) ကျော်လာရောက်ဖမ်းဆီးခဲ့ပါတယ်။
“အိမ်တံခါးကိုရိုက်ဖွင့်ပြီး သေနတ်နဲ့ချိန်တယ်။ ဖုန်းအားလုံးသိမ်းတယ်။ ပစ္စည်းတွေကိုမွှေနှောက်တယ်။ ရွှေနဲ့ငွေတွေ ယူသွားတယ်။ ရိုက်တယ်။ မျက်လုံးကိုအဝတ်အမည်းစည်းပြီး လက်ကိုလက်ထိပ်ခတ်ပြီး စစ်ကြောရေးကိုခေါ်သွားတယ်” လို့မတွယ်တာက ပြောပါတယ်။ မတွယ်တာဟာ စစ်ကြောရေးမှာ (၁၀)ရက်ကြာကျော်ဖြတ်ခဲ့ရတယ်။ စစ်ကြောရေးအကြောင်းတွေကိုပြောရရင် အနာဟောင်းကိုပြန်ဖော်မိသလို အရမ်းကြောက်စရာကောင်းပါတယ်လို့ သူကဆက်ပြောပါတယ်။
“မျက်လုံးကိုအဝတ်စည်းပြီး အခန်းကျဉ်းထဲမှာထည့်ထားခံရတယ်။ သံမန်တလင်းကြီးပဲ ဘာမှမပေးထားဘူး ။မအိပ်မနေ(၁၀)ရက်စစ်တယ်။ စစချင်းတုန်းက ကျောက်စရစ်ခဲပေါ်ဒူးထောက်ခိုင်းတယ်။ ကျောကုန်းကိုရိုက်တယ်။ ထမင်း နှစ်ရက်မကြွေးဘူး။ အမြဲထိတ်လန့်နေရတယ်။ ကိုယ့်ကိုကိုယ် သေလူလို့တွေးထားရတယ်။ ဒီကြားထဲ ရာသီကလာ အမျိုးသမီးရဲမေတစ်ယောက်မှမရှိတော့ စစ်သားတွေကိုပြောရတယ်။ အမျိုးသမီးလစဥ်သုံး ယူပေးဖို့တွေကို သူတို့ က လုပ်မပေးချင်ဘူး။ ရေကို တပတ်ပေးမချိုးဘူး။ မျက်နှာပေးမသစ်ဘူး။ သူတို့ စိတ် ကြိုက်မေးမြန်းပြီးမှ နည်းနည်း ဖြေလျော့ပေးတယ်”လို့မတွယ်တာကသူ့အတွေ့အကြုံကိုပြောပြပါတယ်။
စစ်ကြောရေးမှာမတွယ်တာကို လိင်ပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး စော်ကားနှောင့်ယှက်တာမျိုးတော့မလုပ်ပေမယ့် သေဒဏ်ပေးမှာ၊ တခါတည်းသတ်ပစ်လိုက်လို့ရတယ်၊ လက်သည်းကိုခွာပစ်မယ်လို့ စိတ်ပိုင်းဆိုင်ရာထိခိုက်အောင် ခြိမ်းခြောက်ပါတယ်။ ထောင်ထဲရောက်တော့လည်း တခြားနိုင်ငံရေးအကျဉ်းသူ၊ အကျဉ်းသားတွေကြုံတွေ့ရတဲ့ ဆိုးရွားတဲ့အခြေအနေတွေနဲ့ ရင်ဆိုင်ရပါတယ်။
ဆေးဝါးမပြည့်စုံမှု၊ရေ၊ အစားအသောက်မသန့်ရှင်းမှုတွေချည်းပါပဲ။ ဘာရောဂါဖြစ်ဖြစ်ဘာမီတွန်၊ ပါရာစီတမော့ လောက်ပဲပေးတာ၊ နေမကောင်းလို့ထောင်ဆေးရုံသွားရင်လည်း ကိုယ့်ဘာကိုယ်တစ်ယောက်တည်းသွားရတာ၊ ထောင်ဆေးရုံတခါသွားရဖို့လည်း အဆင့်ဆင့်အကြောင်းကြားရပြီး ကြန့်ကြာတာ၊ ကြီးမားတဲ့ရောဂါဆို မကုပေးနိုင်တာစတဲ့အခြေအနေတွေကို မကြုံတွေ့ခဲ့ရပါတယ်။
“အထဲမှာနေစဥ်က အခက်အခဲဆုံးအချိန်က နေမကောင်းဖြစ်တဲ့အချိန်ပါပဲ။ ကိုယ့်ကိုကိုယ် အထဲမှာပဲ သေတော့မလားလို့ ခံစားရတယ်လေ။ အိမ်နဲ့လည်း ပြန်တွေ့နိုင်ပါ့မလားပေါ့။ သူငယ်ချင်းတွေနဲ့ရော စကားပြောခွင့် ရပါဦးမလားပေါ့။ အဲ့အချိန်တွေက အရမ်းခက်ခဲပါတယ်”လို့မတွယ်တာကဖွင့်ဟပါတယ်။
အကျဉ်းထောင်ထဲမှာနေခဲ့စဉ်ကလည်း ရသလောက်အင်အားနဲ့ မတွယ်တာဟာ တော်လှန်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ပါတယ်။ အာဇာနည်နေ့အလေးပြုတာ၊ ဒေါ်အောင်ဆန်းစု ကြည်မွေးနေ့မှာပန်းပန်တာ၊ တူညီဝတ်စုံ ဝတ်တာ၊ အနက်ရောင်အကျီကမ်ပိန်း၊ အသံတိတ်သပိတ်တွေ စတာတွေမှာပါဝင်ခဲ့တယ်။ ကိုဖြိုးဇေယျာသော်နဲ့ ကိုဂျင်မီတို့ ကြိုးပေးခံရတော့ ၇ရက်လုံးလုံးပုံစံမထိုင်တာ၊ နာမည်ခေါ်ပြီးအမျှဝေကြတာ၊ မေတ္တာသုတ်ရွတ်ကြတာ စတာတွေ ဆောင်ရွက်ခဲ့ပါတယ်။
“အဲ့နောက်မှာပဲ ကျွန်မတို့ကိုညဘက်ကြီးထောင်ဝန်ထမ်းတွေက လက်နက်အပြည့်အစုံနဲ့လာပြီး နာမည်ခေါ် တိုက်ပိတ်ပြီးထောင်ပြောင်းပို့လိုက်တော့တာပါပဲ။ထောင်ပြောင်းမှာ ကျွန်မတို့အရှေ့ကအသုတ်က အရိုက်ခံရတယ်။ ကျွန်မတို့နောက်အသုတ်ကလည်း အရိုက်ခံရပါတယ်။ သာယာဝတီမှာဆိုရင် ညွှန့်မှူးလာလို့ ပုံစံထိုင်ရင်း နည်းနည်း ပုံမကျရင် တောင်တိုက်ပိတ်တာရှိပါတယ်။ တခြားအမှုတွေနဲ့ပြသနာဖြစ်ရင်လည်း နိုင်ကျဉ်းတွေကိုပဲ တိုက်ပိတ်ပါတယ်”လို့မတွယ်တာက သူ့ရဲ့အကျဉ်းထောင်အတွင်း အတွေ့အကြုံတွေကိုပြောပြပါတယ်။
ကျန်းမာရေးအခြေအနေကလည်း ထောင်ထဲမှာ နှစ်နှစ်လောက် သံမန်တလင်းနဲ့နေခဲ့ရတဲ့အတွက် အဆုတ်မကောင်းတော့ပဲ အအေးဒဏ်မခံနိုင်တာ၊အမြဲနှာမွန်ပြီး အမြဲဆေးသောက်နေရတဲ့အခြေအနေ ဖြစ်သွားတော့တယ်။ နှလုံးရောဂါလည်းအနည်းငယ်ခံစားလာရပြီး နှလုံးဆေးတွေသောက်နေရတယ်။ စိတ်ပိုင်းဆိုင်ရာလည်း စိတ်ကျတာမျိုးတွေ ခံစားနေရတယ်လို့ဆိုပါတယ်။
အင်းစိန်ထောင်မှာတစ်နှစ်၊ သာယာဝတီထောင်မှာ တစ်နှစ်အကျဉ်းချခံခဲ့ရပြီး ပြန်လည်လွှတ်မြောက်လာခဲ့တယ်။ ပြန်လွတ်လာပြီးနောက်ပိုင်း စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ အမြဲခံစားနေရတယ်လို့ ပြောပါတယ်။
“ဖိနပ်သံကြားရင်လည်း ငါ့များလာခေါ်တာလား၊ တံခါးသံကြားရင်လည်း အလိုလိုထထိုင်မိတယ်။ ငါ့ကိုများ နောက်တစ်ခေါက်လာခေါ်တာလားဆိုပြီး အမြဲလန့်နေရတယ်။ လုံခြုံမှုလုံးဝမရှိဘူး”လို့သူကဖွင့်ဟပါတယ်။
“ပြန်လွတ်လာပြီးမှာ စီးပွားရေးကအဆင်မပြေဘူး။ အိမ်ကလည်း၂နှစ်လုံးလုံး ထောင်ဝင်စာပို့ရတာနဲ့ အဖေကျန်းမာရေးမကောင်းတာနဲ့ အကြွေးတွေနဲ့ ဖြစ်နေတာပေါ့။ အိမ်ရဲ့စီးပွားရေးအခြေအနေကြောင့်ရောငါဘာမှ မလုပ်ပေးနိုင်ဘူးဆိုပြီး ခံစားရတယ်။ အဖေကျန်းမာရေး မကောင်းဖြစ်တဲ့အခါ ကိုယ်ကဘာမှမလုပ်ပေးနိုင်တော့ ပိုစိတ်ညစ်ရတယ်”လို့မတွယ်တာက သူ့အခြေအနေကိုပြောပါတယ်။
စိတ်ပင်ပန်းတာသိပ်မခံနိုင်တော့သလို ဝမ်းနည်းလွယ်တာ၊ တယောက်ယောက်ကို စိတ်ပိုင်းဆိုင်ရာအရ မှီခိုချင်တာ၊ သူငယ်ချင်းတွေမိတ်ဆွေတွေကို ပိုတွယ်ကပ်ချင်တာ၊ ဖမ်းဆုပ်ထားချင်တာ၊ သူတို့ကလည်း သူတို့ဒုက္ခနဲ့သူတို့ဆိုတော့ တစ်ယောက်ထဲခက်ခဲစွာရင်ဆိုင်နေရတယ်။ ပြန်လည်လွတ်မြောက်လာပြီးနောက်မှာ အရာအားလုံးက အသစ်လိုဖြစ်နေပြီး အပြင်ကလူတွေ၊ ပတ်ဝန်းကျင်က အရင်တုန်းက ရင်းနှီးပြီးသားလူတွေနဲ့ မတွယ်တာနဲ့ ဝေးကွာသွားသလိုခံစားခဲ့ရတယ်လို့ ဆိုပါတယ်။
“စိတ်ဒဏ်ရာရတာက ကိုယ်အရမ်းချစ်တဲ့သူတွေကို ကိုယ်ကစကားသွားပြောတဲ့အခါ ကိုယ့်ကိုပြန်မပြောတာ ဂရုမစိုက်တာတွေမှာ ခံစားရတာပေါ့။ အဲ့ဒီအခါ ငါ့မှာဘယ်သူမှမရှိတော့ဘူး ငါတစ်ယောက်တည်းပဲရှိတယ် ဆိုတဲ့ ခံစားချက်မျိုးပါ”လို့သူကပြောပြပါတယ်။
ထောင်ကပြန်လွတ်လာပြီးနောက် တတ်နိုင်သလောက် အထဲကနိုင်ကျဥ်းသူငယ်ချင်းတချို့ကို ပြန်ထောက်ပံ့တာ၊ တောထဲကရဲဘော်တချို့ကိုတတ်နိုင်သလောက်ထောက်ပံတာ၊ ဖက်ဒရယ်သင်တန်းတွေမှာ ပါဝင်ကူညီတာစတာတွေ ဆောင်ရွက်နေပါတယ်။
မတွယ်တာနည်းတူ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အတွက် ဖမ်းဆီးခံခဲ့ရပြီးပြန်လည်လွတ်မြောက်လာတဲ့နောက် စိတ်ပိုင်းရုပ်ပိုင်းဒဏ်ရာတွေရှိနေပေမယ့် တော်လှန်ရေးခရီးလမ်းကို ဆက်လက်လျှောက်လှမ်းနေသူ အမျိုးသမီးတစ်ဦးကတော့အသက် (၅၁)နှစ်အရွယ်ဒေါ်သင်းဖြစ်ပါတယ်။ ဒေါ်သင်းဟာ စစ်အာဏာမသိမ်းခင်က ကိုယ်ပိုင်မူကြိုကျောင်းဖွင့်ကာ စာသင်ရင်း အသက်မွေးဝမ်းကျောင်းပြုခဲ့သူပါ။
သူဟာ စစ်အာဏာရှင်စနစ်ထဲမှာ(၃၆)နှစ်တာ ရှင်သန်နေခဲ့ဖူးတာကြောင့် နောင်လာနောင်သားတွေလွတ်မြောက်ဖို့အတွက် အာဏာသိမ်းမှုကိုဆန့်ကျင်ခဲ့ပါတယ်။ လမ်းလျှောက်သပိတ်၊ ထိုင်သပိတ်၊ silentသပိတ်၊ ပန်းသပိတ် စတာတွေမှာပါဝင်ခဲ့ပါတယ်။ ၂၀၂၁ခုနှစ် ဇွန်လမှာ ကလေးတွေကိုစာသင်နေချိန် အိမ်ကို ကား(၈)စီးလောက်နဲ့ စစ်သား၊ ရဲတွေလက်နက်အပြည့်အစုံနဲ့ လာရောက်ဖမ်းဆီးခံခဲ့ရပါတယ်။
“ကားပေါ်တက်ပြီဆိုကတည်းက ရဲစခန်းရောက်သည်အထိ လက်၃ချောင်းထောင်သွားပါတယ်”လို့ ဒေါ်သင်းက ပြောပြပါတယ်။ ရဲစခန်းရောက်တော့ သပိတ်မှာပါတဲ့အကြောင်းတွေမေးပါတယ်။ စစ်ကြောရေးတော့ မဖြတ်ခဲ့ရပေမယ့် အစိုးရဝန်ထမ်းတွေကို CDMလုပ်ရန်လှုံဆော်မှု၊ စည်းရုံးမှု ခြိမ်းခြောက်မှု ပြည်သူကိုထိတ်လန့် အောင် လုပ်မှု၊ ကိုယ်တိုင်ပါဝင်လှုပ်ရှားမှု ခေါင်းစဥ်တွေနဲ့ ၃နှစ်ထောင်ကျဖို့ အမိန့်ကျခံခဲ့ရပါတယ်။ ထောင်တွင်းမှာလည်း ခက်ခဲတဲ့အခြေအနေတွေနဲ့ရင်ဆိုင်ခဲ့ရပါတယ်။
“အခက်အခဲဆုံးအချိန်တွေကတော့ အိမ်ကိုသတိရတဲ့အချိန်တွေပေါ့ နေမကောင်းတဲ့အချိန်တွေ ရှာဖွေရေးဝင်ပြီး မဆိုင်တဲ့ပစ္စည်းတွေသိမ်းလို့ လိုက်ရှာရတဲ့အချိန်တွေ နွေရာသီရေမရှိလို့ ၁၅ခွက်ပဲချိုးရတဲ့အချိန်တွေ လူကြီးလာတဲ့အချိန်မတိုင်ခင်ကတည်းက ငုတ်တုတ်ထိုင် ထမင်းငတ်ရေငတ်အချိန်ကုန်ခဲ့တာတွေဟာ အခက်ခဲဆုံးအချိန်တွေပါပဲ” လို့သူ့အတွေ့အကြုံကိုဖွင့်ဟခဲ့ပါတယ်။
အထဲမှာsilentသပိတ်၊ သနပ်ခါးမဲ့သပိတ်၊ ဝမ်းနည်းခြင်းအထိမ်းအမှတ် အဖြူနဲ့အနက်ဝတ်တာ၊ ဒေါ်အောင်ဆန်းစု ကြည်နဲ့ဆိုင်တဲ့အထိမ်းအမှတ်နေ့ဆို အနီ၊ အနက်ဝတ်တာမျိုးတွေဆောင်ရွက်ခဲ့တယ်။ ထောင်ထဲမှာ နှစ်ပြည့် နေခဲ့ရပြီးပြန်လည်လွတ်မြောက်လာခဲ့တယ်။ လွတ်မြောက်ပီးတဲ့နောက်မှာ စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေကို လက်ရှိအချိန်ထိကြုံတွေ့နေရတယ်လို့ ဒေါ်သင်းကပြောတယ်။ ကိုယ့်မြို့မှာနေရတာမလုံခြုံတဲ့အတွက် မြန်မာပြည်ထဲက တခြားမြို့ကိုပြောင်းပြီးအလုပ်သွားလုပ်ခဲ့ပါတယ်။
“အဲဒီ့ရောက်တော့လည်း ကျွန်မနိုင်ကျဥ်းဖြစ်ကြောင်း dataတွေ ထပ်ချပ်မကွာလိုက်လာတယ် ကျောင်းကိုပါ ခေါ်တွေ့ တယ်။ လက်နက်အပြည့်အစုံနဲ့လာရှာတယ် ခေါင်းအေးအေးမနေရပါဘူး။ ဖုန်းပြောရင်လည်း သူတို့ ဆီတန်းရောက်တယ် ကျွန်မကိုpdfနဲ့ဆက်သွယ်ပါတယ်ဆိုပြီး နောက်မလုပ်ဖို့ လက်မှတ်ထိုးခိုင်းတယ်။ ကျွန်မpdfနဲ့ မဆက်သွယ်ပါဘူး။ နိုင်ကျဥ်းဟောင်းတွေနဲ့ပဲအဆက်သွယ်ရှိပါတယ် ကျွန်မထောင်ထဲမှာ ကျန်ခဲ့တဲ့နိုင်ကျဥ်းတွေကိုပဲ စောင့်ရှောက်မှုပေးပါတယ်။ ကျွန်မလိုပဲ ဒုက္ခတွေနဲ့မို့ ကိုယ်ချင်းစာလို့ပံ့ပိုးတာပါလို့ ပြောထားပါတယ်”လို့ ဒေါ်သင်းက သူ့အခြေအနေကိုရှင်းပြပါတယ်။
“အရင်ကျောင်းက ကလေး၃၀ကျော်ရှိရာကနေ ကျွန်မအဖမ်းခံရတဲ့နေ့ကစပြီး ကလေးတွေ နှုတ်သွားတာ ၃ ယောက်ပဲကျန်တယ်မေမေကဖြစ်အောင်နေပြီး ကျွန်မကိုတပတ် တခါပါဆယ်ပို့နိုင်အောင်ကြိုးစားတယ်။ အမျိုးသားကအလုပ်ပြုတ်တယ်။ ကျွန်မကြာင့်ပေါ့ ဝင်ငွေမရှိလို့ဆိုပြီး နောက်တနှစ်ကိုပါဆယ်လည်း မပို့တော့ဘူး အဆက်အသွယ်လဲမလုပ်တော့ဘူး လွတ်တဲ့နေ့ကတောင်လာမကြိုဘူး အဲဒီ့ဒုက္ခတွေကို မေမေတယောက်တည်း ခါးစည်းခံခဲ့တယ်”လို့ ဒေါ်သင်းကဖွင့်ဟပါတယ်။
ပြန်လွတ်လာတဲ့နောက်မှာ အကြွေးတွေနဲ့ဘဝကို သုညကပြန်စခဲ့ရတယ်။ အိမ်ထောင်ရေးကို စိတ်နာလို့ အဆုံးသတ်ချင်ပေမယ့် သား၊ သမီးမျက်နှာကြောင့် ဒေါ်သင်းတစ်ယောက် ကြိတ်မှိတ်သည်းခံနေခဲ့တယ်။ သူနေထိုင်တဲ့ရပ်ကွက်က တပ်မတော်ဘက်တော်သားတွေများတဲ့အတွက် ပြန်လွတ်လာပြီး နောက်ပိုင်း ပတ်ဝန်းကျင်နဲ့ ပိုစိမ်းသွားခဲ့ပါတယ်။ မိတ်ဆွေတွေနဲ့လည်း မခေါ်မပြောဖြစ်တော့ဘူး။ ဘဝတူနိုင်ကျဉ်းတွေနဲ့သာ ပိုပြီးရင်းနှီးခဲ့တယ်လို့ ပြောပါတယ်။
“စိတ်ဒဏ်ရာတွေကတော့ အများကြီးပါပဲ သေနတ်ကိုင်ယူနီဖောင်းမြင်ရင် စိတ်လှုပ်ရှားနေရတာခုချိန်ထိပဲ”လို့ ဒေါ်သင်းကဆိုပါတယ်။
လက်ရှိအိမ်မှာ ကျောင်းဖွင့်လို့အဆင်မပြေတော့တဲ့အတွက် တခြားမြို့ကကိုယ်ပိုင်ကျောင်းတစ်ခုမှာ ရုံးပိုင်းဆိုင်ရာ (ကွန်ပျူတာအထူး)နဲ့အလုပ်ဝင်လုပ်နေပါတယ်။
ပြန်လွတ်လာပြီးတဲ့နောက် ထောင်မှာကျန်နေခဲ့တဲ့နိုင်ကျဥ်းတွေအတွက် လိုအပ်တဲ့ပါဆယ်တွေပို့ပေးတာ တခြားနိုင်ကျဥ်းကွန်ယက်တွေနဲ့ချိတ်ဆက်ပြီး ထောင်ဝင်စာအတွက် နိုင်ကျဥ်းအားလုံးဆီရောက်အောင်ပို့ပေးနေပါတယ်။
မတွယ်တာနဲ့ဒေါ်သင်းနည်းတူ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အတွက် ဖမ်းဆီးခံရပြီးပြန်လည် လွတ်မြောက်လာတဲ့နောက် ရုပ်ပိုင်း၊ စိတ်ပိုင်းဒဏ်ရာတွေခံစားနေရသူကတော့ အသက်(၃၀)အရွယ်အဖြူရောင်ပါ။
စစ်အာဏာမသိမ်းခင်က ဆေးဆိုင်ဖွင့်ခဲ့သူဖြစ်တယ်။ စစ်တပ်လက်အောက်မှာနေထိုင်လိုစိတ်လုံးဝမရှိတဲ့အတွက် အာဏာသိမ်းတာကိုဆန့်ကျင်ခဲ့တယ်။ ဆန္ဒပြပွဲတွေမှာ တက်တက်ကြွကြွပါဝင်လှုပ်ရှားတယ်။၂၀၂၁ခုနှစ် အောက်တိုဘာလမှာနေအိမ်ကို စစ်သားနဲ့ရဲတွေရောက်လာပြီး စစ်ဆေးမေးမြန်းစရာရှိလို့လိုက်ခဲ့ပါဆိုပြီး ခေါ် ဆောင်သွားခံခဲ့ရတယ်။
ရဲစခန်းမှာနေရစဉ်ကတခြားသူတွေကို အော်ဟစ်သံတွေ၊ နှိပ်စက်သံတွေကိုကြားခဲ့ရတယ်။ ထောင်ထဲရောက်သွားတော့လည်း မသန့်ရှင်းမှု၊ သောက်ရေ၊ သုံးရေမသန့်ရှင်းမှုတွေ၊ မလုံလောက်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေမရကြောင့် အဖြူရောင်ဟာ ဆီးလမ်းကြောင်းပိုးဝင်တာနဲ့ အရေပြားရောဂါတွေ ခံစားခဲ့ရပါတယ်။ လိုအပ်တဲ့ဆေးဝါးကုသမှုတွေမရခဲ့ဘူး။ ဆေးဝါးတွေကို မိသားစုကပို့ပေးလို့သာ ရောဂါသက်သာခဲ့ရတာဖြစ်ပါတယ်။
အဖြူရောင်နေခဲ့တဲ့အကျဉ်းထောင်မှာ ရေကို ခွက်အလိုက် ၁၃ ခွက်ပဲချိုးခိုင်းတာမျိုးတွေ၊ မိလ္လာရေရော သုံးတဲ့ ချိုးရေကအစ ဒိုက်တွေ အမှိုက်တွေပါနေတာမျိုးတွေ ရေညှိတွေစွဲနေတာမျိုးတွေ၊ ဘယ်ကမှန်းမသိတဲ့ မည်းတဲ့ အရာတွေပါနေတာလေးတွေ အဲ့ဒီရေမျိုးတွေကိုသုံးစွဲရတဲ့အခါ ဆီးလမ်းကြောင်း ပိုးဝင်တာမျိုးတွေလည်း ဖြစ်ခဲ့ရတယ်။ အခန်းရဲ့ကျမ်းခင်းကအစ သန့်ရှင်းသပ်ရပ်နေတာမျိုးမရှိဘဲနဲ့ ဟောင်းနွမ်းဆွေးမြေ့နေတဲ့အတွက် အရေပြားရောဂါတွေခံစားခဲ့ရတယ်။
အခန်းရဲ့လိုအပ်ချက်အရမဟုတ်ဘဲ အခန်းတွေကရှိပေမယ့် ချောင်ချိသက်သာစေအောင်ထားတာမဟုတ်ပဲနဲ့ နေရာထိုင်ခင်းကို ကျပ်ပိတ်အောင်နှိပ်စက်တဲ့သဘောနဲ့ အယောက်လေးဆယ်လောက်ပဲထားရတဲ့အခန်းမှာ အယောက် ၇၀၊ ၈၀ ထားတာမျိုးတွေ ထားတဲ့အခါ ကျောတခင်းစာနေရာတောင်မရပဲ အိပ်ခဲ့ရတယ်လို့ အဖြူရောင်က ပြောပြပါတယ်။
အထဲမှာ Silence strike တွေလုပ်တာ တောင်းဆိုမှုတွေကို မဖြည့်ဆည်းပေးတဲ့အခါမျိုးမှာ ဆန္ဒပြတာမျိုးတွေ ပြုလုပ်ခဲ့တယ်။ အကျဉ်းထောင်ထဲမှာ ၁နှစ်နဲ့သုံးလနေခဲ့ရပြီး ပြန်လည်လွတ်မြောက်လာခဲ့တယ်လို့ဆိုပါတယ်။
“အထဲမှာနေခဲ့စဉ်က ဘယ်အခြေအနေက အခက်အခဲဆုံးဖြစ်မလဲဆို ကျွန်မတို့အတိတ်ကိုပြန်တွေးကြည့်ရင်တော့ အကုန်လုံးက ရင်ဆိုင်ကျော်ဖြတ်ပြီးသားအရာတွေကို ပြန်တွေးကြည့်ရင်တော့ ဟာသ တခုလိုပဲပေါ့။ ကျွန်မတို့က အဲ့ဒီဟာသကိုကိုယ်တိုင်ခံစားရတဲ့အချိန်မှာ အရမ်းကို နာကျင်စွာခံစားရပါတယ်”လို့အဖြူရောင်ကဖွင့်ဟခဲ့ပါတယ်။
အကျဉ်းထောင်က ပြန်လွတ်လာပြီးနောက် စိတ်ပိုင်း၊ ရုပ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေနဲ့ရင်ဆိုင်ရတယ်။ အချိန်မရွေး ပြန်လည်ဖမ်းဆီမှာကို စိုးရိမ်နေခဲ့ရတယ်။ ပြန်ထွက်လာတော့ စီးပွားရေးလည်း လက်လွတ်ဆုံးရှုံးခဲ့ရသလို လူမှုရေးတွေလည်းပျက်စီးသွားခဲ့ပါတယ်။
“ကျွန်မတို့က ထောင်ထွက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ အမှုအခင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့ သူတို့တွေရဲ့စိတ်ထဲမှာ ကျွန်မတို့နဲ့ပတ်သက်ပြီး ခေါ်ပြောတာမျိုးတွေလုပ်မယ်ဆိုရင် သူတို့တွေပါခေါ်ပြီးစစ်ဆေးခံရနိုင်တယ်ဆိုပြီး ကျွန်မတို့ကိုအခေါ်အပြောလုပ်တာတွေလည်းမရှိတော့တာကို တွေ့ရတယ်”လို့အဖြူရောင်ကဆိုပါတယ်။
မူလနေရာမှာမလုံခြုံတော့တဲ့အတွက် တခြားနေရာဒေသတစ်ခုကိုပြောင်းရွေ့ခဲ့ပါတယ်။ ကျန်းမာရေး အခြေအနေနဲ့ပတ်သက်ပြီးလည်း ထောင်တွင်းမှာကြုံတွေ့ခဲ့ရတာတွေရော အပြင်ရောက်တဲ့အခါဆုံးရှုံးမှုတွေကြောင့်ရော စိတ်ပိုင်းဆိုင်ရာများစွာထိခိုက်ပြီး အဖြူရောင်ဟာ ကိုယ့်ကိုကိုယ်သက်သေဖို့ သုံးကြိမ်တိုင်တိုင်ကြိုးစား၊ ကြံရွယ်ခဲ့ပါတယ်။
စိတ်ကျန်းမာရေးအခြေအနေကြောင့် စိတ်ကျန်းမာရေးဆရာဝန်နဲ့ကုသခဲ့ရတယ်။ ဆေးဝါးကုသမှုကို ငါးလထက်မနည်း ခံယူခဲ့ရတယ်။ ဆေးဝါးကုသမှုကို ခံယူနေစဉ်အတွင်းအလုပ်တွေလည်း လုပ်ကိုင်နိုင်ခဲ့တာမျိုးမရှိဘူး။ မိသားစုရဲ့အကူအညီနဲ့နေခဲ့တယ်။ (၁)နှစ်ကျော်ကျော်ကြာတဲ့နောက် ကျန်းမာရေးပြန်အဆင်ပြေလာတဲ့အခါမှာ အလုပ်လုပ်ဖို့အတွက် စပြီးစဉ်းစားခဲ့တယ်။ အလုပ်တွေလိုက်ရှာတဲ့အခါမှာ အလုပ်ရရှိဖို့တော်တော်လေးခက်ခဲခဲ့ပါတယ်။ ထိုင်းနိုင်ငံရဲ့နေရာတခုမှာ သင်ကြားရေးနဲ့ပတ်သက်ပြီး အလုပ်တစ်ခုရခဲ့ပေမယ့် စားဝတ်နေရေးလောက်သာအဆင်ပြေပြီး စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကုသမှုနဲ့ အရေပြားရောဂါကုသဖို့အတွက် ငွေကြေးအခက်အခဲတွေလိုအပ်ခဲ့ပါတယ်။
“ထောင်ကပြန်လွတ်ပြီးတဲ့နောက်မှာ အကြိမ်ကြိမ် ဆူဆိုက်လုပ်ဖို့ကြိုးစားခဲ့တယ်။ ကျွန်မက ဘယ်လို စဉ်းစားလဲဆိုတော့ ငါနဲ့ငါ့ကိုချစ်တဲ့မိသားစု ငါချစ်တဲ့ဒီနိုင်ငံအတွက်ဆက်ပြီး အသက်ရှင်နေမှဖြစ်မယ်။ ကျွန်မတို့ အနာဂတ် ရင်သွေးလေးတွေဖြစ်တဲ့ကျောင်းသားလေးတွေအတွက် ကောင်းမွန်တဲ့ကောင်းမွန်တဲ့ ပညာရေးစနစ်ထားခဲ့ချင်တဲ့စိတ်အပြည့်ရှိတယ်။ ပြီးတော့ ပညာရေးနဲ့ပတ်သက်ပြီးတော့ တက်အားသရွေ့ကူညီလုပ် ဆောင်သွားမယ် ဆိုတဲ့ စိတ် ငါ ငါယိုင်နေလို့မဖြစ်ဘူး။ ရပ်တည်မှဖြစ်မယ်ဆိုတဲ့ စိတ်နဲ့ကျွန်မကပြန်လည်ပြီးတော့ နိုးထလာတာပါ” လို့အဖြူရောင်ကပြောပါတယ်။
လက်ရှိမှာတော့ ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်တည်နိုင်တဲ့အခြေအနေတခုရှိဖို့ ဝင်ငွေတခုရှိဖို့ ကြိုးစားနေပြီး တော်လှန်ရေးနဲ့ပတ်သက်တဲ့အရာတွေကို တပ်အားသရွေ့ ကူညီဆောင်ရွက်သွားဖို့စိတ်ကူးထားပါတယ်။
အဖြူရောင်နည်းတူ စစ်အာဏာရှင်ကိုဆန့်ကျင်တဲ့အတွက် ဖမ်းဆီးခံခဲ့ရသူနောက်တစ်ဦးကတော့ မနန်းပါ။ စစ်အာဏာရှင် လက်အောက်မှာ အလုပ်မလုပ်ချင်တဲ့အတွက် ဖေဖော်ဝါရီလအတွင်းမှာပဲ CDM ပြုလုပ်ခဲ့တယ်။ ဆန္ဒပြပွဲ တွေမှာ ရှေ့ တန်းကပါဝင်ခဲ့တယ်။ နောက်တော့ မနန်းတစ်ယောက် ဖမ်းဆီးခံရမယ့် နာမည်စာရင်းထွက်တဲ့အတွက် တောရွာတွေမှာ ရှောင်ပုန်းနေခဲ့ပြီး တက်နိုင်သလောက်စည်းရုံးရေးတွေဆင်းခဲ့တယ်။ ရှောင်ပု န်းနေရတဲ့ ကာလကြာလာတော့ ငွေကြေးပိုင်းဆိုင်ရာခက်ခဲလာခဲ့တယ်။
မနန်းဆီက ငွေယူထားတဲ့ စစ်သားဇနီးသည်တစ်ဦးက မနန်းကိုငွေပြန်လာယူဖို့အယုံသွင်းတဲ့အတွက် မြို့ပေါ်ကို ပြန်လာပြီးနောက် အဖမ်းခံခဲ့ရတယ်။ ရဲစခန်းကိုရောက်တော့ မနန်းကို CDM အဖွဲ့ခေါင်းဆောင်မလား၊ မနန်းရဲ့ တပည့်ဖြစ်သူတွေ စစ်သင်တန်း တက်ကြတယ် မဟုတ်လား အကုန်ပြောပြဖို့မေးမြန်းကြပါတယ်။
“သူတို့အများကြီးမေးတယ်။ ကျွန်မရဲ့အတွင်းစိတ်မှာတော့ တော်တော်ကြောက်နေတယ်။ ငါ့ကိုသူတို့ တခုခုလုပ်ရင် ငါဘာလုပ်မလဲ ကျွန်မအများကြီးသိတယ်။ အများကြီးလည်းကြားဖူးတယ်။ သူတို့ဖမ်းဆီးပြီးသွားရင် ရိုက်နှက်မယ်၊ မုဒိမ်းကျင့်မယ်။ သတ်မယ်။ အဲ့အထိကျွန်မတို့ပြင်ဆင်ထားတယ်။ ဥပမာ ကျွန်မတို့ကိုမတရားအနိုင်ကျင့်ခြင်းခံရရင် အရှက်တကွဲဖြစ်ခဲ့ရင်တောင် ကျွန်မတို့ကိုယ့်ကိုကိုယ်အဆုံးစီရင်ဖို့အထိတောင်ကျွန်မတို့စိတ်ကို ပြင်ဆင်ထားပြီးသား” လို့မနန်းက အဲ့တုန်းကအတွေ့အကြုံကိုပြောပါတယ်။
အကျဉ်းထောင်ထဲရောက်တော့ အပြင်လောကမှာ ကြားဖူးတာထက် အဆပေါင်းများစွာ ခက်ခဲတဲ့အခြေအနေတွေကိုရင်ဆိုင်ခဲ့ရတယ်။ ရေချိုးတာအစ ထမင်းစားတာအဆုံး နေတာ ထိုင်တာ အစ ထောင်ဝန်ထမ်းတွေရဲ့ ရက်စက်ယုတ်မာမှုကိုခံရတယ်လို့ဆိုပါတယ်။
စိတ်ဓာတ်တွေကျပေမယ့်လည်း နိုင်ငံရေးအကျဉ်းသူအမျိုးသမီးတွေအချင်းချင်း အားပေးကြပြီး အပြင်ကကြားရတဲ့ သတင်းစကားတွေနဲ့စိတ်ခွန်အားဖြည့်ကြတယ်။
“သူတို့တွေကျွန်မတို့ ကိုနည်းမျိုးစုံနဲ့နှိပ်စက်တယ်။ မိန်းကလေးတွေကိုလည်း အပြင်သွားတော့မယ်။ ရုံးထုတ်သွားတော့မယ်ဆို ခန္ဓာကိုယ်တွေကို ရစရာ မရှိအောင်စစ်ဆေးတယ်။ အရှက်သိက္ခာမဲ့လောက်တဲ့အထိ စစ်ဆေးတယ်” လို့မနန်းကဆက်ပြောပြပါတယ်။
မနန်းနဲ့အတူ တခြားနိုင်ငံရေးအကျဉ်းသူတွေဟာ အကျဉ်းထောင်ထဲမှာ ပန်းသပိတ်လှုပ်ရှားမှုတွေမှာ ပါဝင်လှုပ်ရှားကြတယ်။ ဒီအတွက် ထောင်ပြောင်းရွေ့ခံခဲ့ရတယ်။ ထောင်ပြောင်းတော့လည်း မနက်သုံးနာရီလောက် ရိုင်းရိုင်း စိုင်းစိုင်းအော်ဆဲသံတွေ၊ လက်ထိပ်တွေနဲ့ အတွဲလိုက်ကားပေါ် တက်ရတယ်။ အိမ်သာသွားဖို့တောင် ကားမရပ်ပေးတာ၊ ထောင်အဝင်ရောက်တော့ ပုံစံထိုင်ခိုင်းပြီးရိုက်ဖို့လုပ်တာစတာတွေကြုံခဲ့ရတယ်။
“ကျွန်မ ဦးဆောင်ပြီးတော့ ကျွန်မတို့ကိုဘာမှမဟုတ်ပဲရိုက်ရင် ကျွန်မတို့လည်း အသေခံပြီးပြန်လုပ်မယ်ဆိုပြီးတော့ ကျွန်မတို့နဲ့ ထောင်ပြောင်းအစောင့်နဲ့ ဖြစ်ကြသေးတယ်။ ပြီးတော့ထောင်မှုးဝင်လာပြီးတော့ သူတို့တားလို့ ကျွန်မတို့ တိုက်ခိုက်တာတွေရပ်သွားတယ်”မနန်းကဆိုတယ်။
ထောင်တွင်းလှုပ်ရှားမှုတွေပြုလုပ်ခဲ့တဲ့ မနန်းအပါအဝင် အမျိုးသမီး(၁၀) ဦး မှင်နီတားခံရကာတိုက်ပိတ်ခံရတယ်။ ထောင်ထဲမှာတစ်နှစ်နေရပြီး ပြန်လည်လွတ်မြောက်လာခဲ့တယ်။ အပြင်ပြန်ရောက်တဲ့အခါမှာ ထောင်ထဲကနှိပ်စက်မှုတွေကြောင့် စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကြုံတွေ့ခဲ့ရသလို တော်လှန်ရေးနဲ့မဆိုင်သလို နေသူတွေကိုကြည့်ရင်း ပိုပြီးခံစားရတယ်လို့ဆိုပါတယ်။
“ကျွန်မတို့စိတ်ကတက်လိုက်ကျလိုက်အခုချိန်မှာ ကျွန်မတို့တအားတက်ကြွပြီးတော့ ခဏနေရင်စိတ်က ဟိုးအောက်ဆုံးထိပြန်ရောက်သွားတယ်။ ငါတို့တွေစိတ်ဓာတ်ကျလို့မရဘူး ငါတို့တွေ အားလျော့လိုက်လို့မရဘူး။ ထောင်ထဲမှာ ကျန်နေတဲ့သူတွေ တောထဲ မှာ ပါဝင်နေတဲ့လူတွေအတွက် ငါတို့လည်း တထောင့်တနေရာကနေပါရမယ်ဆို ပြီးတော့ အခုချိန်ထိအားတင်းတယ်။ ဘယ်လောက်ပဲသူတို့တွေ ကျွန်မကိုနှိပ်စက်၊ ဘယ်လောက်ပဲကြောက်အောင်ခြောက်ခြောက် အဆုံးထိပါဝင်သွားမယ်”လို့ မနန်းကသူ့ဆုံးဖြတ်ချက်ကိုပြောပါတယ်။
စစ်အာဏာသိမ်းကာလအတွင်း နိုင်ငံတစ်ဝန်းက အမျိုးသမီး ၁၁၃၂ ဦးသတ်ဖြတ်ခံရပြီး ငါးထောင်ကျော် (၅၆၄၉ ဦး) ဖမ်းဆီးခံခဲ့ရတယ်လို့ နိုင်ငံရေးအကျဉ်သားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က “နွေဦးတိုက်ပွဲအတွင်းမှ အကျဉ်းစံအမျိုးသမီးများ”ခေါင်းစဉ်နဲ့ စက်တင်ဘာလ၁ ရက်ကထုတ်ပြန်တဲ့ အစီအရင်ခံစာမှာဖော်ပြထားပါတယ်။
အမျိုးသမီးတွေဟာစစ်ကြောရေးစခန်းတွေ၊ တိုက်ပိုက်ခံရတာ၊ ထောင်ပြောင်းရွေ့တဲ့အခါ ကြုံတွေ့ရတဲ့အခြေအနေတွေ အကျဉ်းထောင်ထဲမှာကြုံတွေ့ခဲ့ရတဲ့ အခြေအနေတွေ တထောင်နဲ့တထောင်ပြောင်းရတဲ့အခါ ကိုယ့်ကိုကိုယ် သေလူလို့သတ်မှတ်လိုက်ရတဲ့ အနေအထားမျိုးတွေ စစ်ကြောရေးစခန်းကိုဖြတ်သန်းရတဲ့အခါ စစ်ကြောရေး စခန်းမှာရှိတဲ့ အိမ်သာကရေတွေကို မျက်နှာသစ်ရတာ၊ ခေါင်းလျှော်ရတာ၊ ရေချိုးရတာမျိုး၊ ခွေးကတက်လိုနေရာမျိုး တွေမှာထားတာမျိုး ဒါမျိုးတွေက ဘဝမှာမကြုံဖူးတာတွေကြုံတွေ့ခဲ့ကြရတာကြောင့် နိုင်ငံရေးအကျဉ်းသူတွေဟာ စိတ်ပိုင်းဆိုင်ရာ စိတ်ဒဏ်ရာတွေရခဲ့ကြတယ်လို့ မဇူးဇူးမေယွန်းကထောက်ပြပြောဆိုခဲ့ပါတယ်။
အဖြူရောင်ကတော့ နိုင်ကျဉ်းအမျိုးသမီးတွေရဲ့စိတ်ဒဏ်ရာတွေသက်သာစေဖို့အတွက် Counselling center (စိတ်ပိုင်းဆိုင်ရာဆွေးနွေးပေးတဲ့နေရာ)တွေရှိလာဖို့မျှော်လင့်နေပါတယ်။