Home ဆောင်းပါး မုန်းတီးခွဲခြားမှုတွေကြား ရုန်းကန်ရှင်သန်နေကြတဲ့သက်တံရောင် LGBT တွေ

မုန်းတီးခွဲခြားမှုတွေကြား ရုန်းကန်ရှင်သန်နေကြတဲ့သက်တံရောင် LGBT တွေ

ရှင်ငြိမ်း 

“ဥပဒေမဲ့နေတဲ့ကာလမှာ စစ်တပ်ရဲ့ယုတ်မာမှု၊ ဖိနှိပ်မှုတွေကို သာမာန်လူတွေထက် LGBT ပိုခံစားရတယ်။ ဒါ့ ကြောင့် လိင်စိတ်တိမ်းညွတ်မှုအပေါ်အခြေခံတဲ့ကြောက်ရွံ့မုန်းတီးမှုတွေကို တော်လှန်ရေးနဲ့အတူ တိုက်ထုတ် သွားမယ်။”လို့ လိင်စိတ်ခံယူမူကွဲပြားသူ(LGBT)တွေက ထောက်ပြပြောဆိုနေကြပါတယ်။

ဒါကတော့ အကြောင်းအရင်းမရှိဘဲ LGBT တစ်ဦးဖြစ်တဲ့နဝရတ်အောင်အောင်ရဲ့မိတ်ကပ်နဲ့ ဆံပင်အလှပြင်ဆိုင်ထဲကိုစစ်သားနဲ့ ရဲတွေဝင်လာပြီး ဆိုင်ရှိ LGBT လေးဦးကို သေကောင်ပေါင်းလဲထိုးကြိတ်ရိုက်နှက်ခဲ့တဲ့အပြင် နှုတ်နဲ့လိင်ပိုင်းဆိုင်ရာစော်ကားတာတွေ ပြုလုပ်ခဲ့တာကြောင့်ဖြစ်ပါတယ်။

အခုလိုရိုက်နှက်သွားပြီး တစ်လအကြာ ၂၀၂၁ ခုနှစ် မေလ ၁၈ ရက်နေ့ ညနေ ၄ နာရီခွဲလောက်မှာ နဝရတ်အောင် အောင်ကို ဆန္ဒပြသပိတ်မှာပါဝင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်တပ်က ဖမ်းဆီးသွားခဲ့ပါတယ်။

ဖမ်းဆီးရာမှာလည်း ရဲနဲ့ စစ်သားတွေဟာ နဝရတ်အောင်အောင်နေအိမ်ကို အင်အားအလုံးအရင်းနဲ့ရောက်လာပြီး သူ့ကို ဝိုင်းဝန်း ထိုးကြိတ်ကြတဲ့အပြင် နားထင်ကို သေနတ်နဲ့ ထောက်ကာ အကြမ်းဖက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါ တယ်။

စစ်ကြောရေးရောက်တော့လည်း နာရီပေါင်း ၃၀ လောက်ကြာအောင် သူ့ကို ရက်စက်ပြင်း ထန်တဲ့ နည်းမျိုးစုံနဲ့ သေလုမြောပါးဖြစ်အောင် ရိုက်နှက်ကန်ကျောက်ခဲ့ကြတာလို့ဆိုပါတယ်။

“စစ်သားတွေကတော့ LGBT ဖြစ်လို့ဆိုပြီး ပိုပြီးနှိပ်စက်တာတွေရှိတယ်။ စစ်ကြောရေးတွေမှာဆိုရင် ရင်သားကို ဆေးလိပ် မီးနဲ့ထိုးတာတွေ၊ စအိုထဲကို အရက်ပုလင်းတွေထိုးသွင်းဆက်ဆံတဲ့အထိ အဆိုးဆုံးအပြင်းထန်ဆုံးတွေ နဲ့ အနိုင်ကျင့်နှိပ်စက် တာတွေကို ကြုံရတယ်။”လို့ နဝရတ်အောင်အောင်က ပြောပါတယ်။

ဒါ့အပြင် ဆန္ဒပြပွဲတွေမှာ ဘယ်လိုမျိုးအာပေါင်အာရင်းသန်သန်အော်ခဲ့လဲဆိုတာ ပြန်အော်ခိုင်းတယ်။ အော်တဲ့ အသံမှာ အားမပါလို့ဆိုပြီး ဝိုင်းနှိပ်စက်ကြသလို သေလုမြောပါးဝိုင်းရိုက်၊ ဝိုင်းကန်ကြတာ နာရီများစွာ ကြာ တဲ့ အထိပါပဲ။

နှိပ်စက်တာတွေကို မခံနိုင်တော့လို့ အားမာန်အပြည့်နဲ့အော်ပြတော့လည်း စစ်သားတွေက မခံမရပ်နိုင်ဖြစ်ပြီး သူ့ကို ဝိုင်းဝန်း ရိုက်နှက်တာတွေကို ကြိမ်ဖန်များစွာပြုလုပ်ခဲ့တာဖြစ်ပါတယ်။

“မိန်းမလျာတစ်ယောက်ဖြစ်လို့ သူတို့က ချိုးနှိမ်တဲ့အသုံးအနှုန်းတွေသုံးတယ်။ ခန္ဓာကိုယ်ကိုလည်း ထိကိုင်ပြီး အကြမ်းဖက် တယ်။ လည်ပင်း ကြိုးနဲ့စွပ်ပြီးတော့ ရေကန်ထဲနစ်တာ၊ ပါးစပ်ထဲသေနတ်ပြောင်း ထည့်ပြီး ပစ် မယ်လို့လည်း ခြိမ်းခြောက်တယ်။”လို့ သူကဆက်ပြောပါတယ်။

စစ်တပ်ရဲ့အကြမ်းဖက်မှုတွေဟာ ဘယ်လောက်ထိဆိုးသလဲဆိုရင် လက်ကို ကြိုးနဲ့နောက်ပြန်ချီထားပြီး ဒူး ထောက်ထိုင်နေ တဲ့သူ့ရဲ့လည်ပင်းကို ပလတ်စတစ်ကြိုးတွေနဲ့ ရစ်ပတ်ကာ နောက်ကိုဆွဲလှန်လိုက်ရလို့သူအနေနဲ့ မိနစ်ပိုင်းလောက်အသက်ရှုရပ်သွားတဲ့အထိခံစားခဲ့ရတယ်လို့ဆိုပါတယ်။

“အဲ့ဒီထက်အနည်းငယ်နောက်ကျရင် အသက်သေသွားမလားတောင် မပြောတတ်ဘူး။ ပထမလူတွေပြောတာ တော့ အဲ့လိုနှိပ်စက်ရင်း တချို့ဆိုရေထဲမှာအသက်ဆုံးရှုံးရတာတွေကြားဖူးတော့ အဲ့ဒီအချိန်မှာ သေရမှာအရမ်း ကြောက်ခဲ့တယ်။” လို့ နဝရတ်အောင်အောင်ကပြောပါတယ်။

ဒုတိယစစ်ကြောရေးမှာတော့ မေးမြန်းတာမရှိတော့ဘဲ ခံဝန်လက်မှတ်ရေးထိုးကာ သူပြန်လွတ်လာခဲ့တာဖြစ် ပါတယ်။

သို့ပေမဲ့ ဒီနယ်မြေမှာဆက်လက်နေထိုင်ဖို့မဖြစ်နိုင်တော့တာနဲ့ တော်လှန်ရေးလည်း ဆက်လုပ်ချင်တာကြောင့် တောထဲတစ်နေရာမှာ တိမ်းရှောင်ရင်း စစ်ရှောင်တွေနဲ့ CDM တွေကို ထောက်ပံ့မှုတွေလုပ်ပေးနေခဲ့တာ ယနေ့ထိ ပဲလို့ဆိုပါတယ်။

အလားတူ မန္တလေးမှာနေထိုင်တဲ့အမျိုးသမီးချင်း ချစ်ခင်စုံမက်သူ (Lesbian) တယောက်ဖြစ်တဲ့ညိုကိုလည်း စစ်သားနဲ့ရဲတွေက ပန်းသပိတ်နေ့မှာ ပန်းတွေဝယ်လာလို့ဆိုပြီး ဆိုင်ကယ်ကို တားကာလမ်းမပေါ်မှာရိုက်နှက်ခဲ့တာ ဖြစ်ပါတယ်။

“ဆိုင်ကယ်ပေါ်ကဆင်းတာနဲ့ ပန်းတွေကိုဆွဲယူပြီး ကျနော်တို့နှစ်ယောက်ကို အဲဒီပန်းတွေနဲ့ရိုက်တယ်။ နောက် ကောင်မတွေ ဒူးထောက်လက်မြှောက် ခေါင်းငုံထား မော့ကြည့်တာနဲ့ ပစ်မယ်ဆိုပြီးနေပူပူ၊လမ်းမပေါ်မှာနှစ်နာ ရီလောက်နေခဲ့ရတယ်။”လို့ ညိုက ပြောပါတယ်။

ပြန်လွတ်တဲ့အချိန်မှာတော့ ဖုန်းနံပါတ်နဲ့ လိပ်စာယူထားပြီး ၁၀ ရက်အကြာမှာ အိမ်ကိုရောက်လာပြီး ဖုန်းတွေ ယူစစ်ရာ မသင်္ကာစရာတွေ့တယ်ဆိုပြီး ညိုနဲ့အတူနေ သူငယ်ချင်းပါ ဖမ်းဆီးသွားဆောင်သွားခဲ့တာဖြစ်ပါတယ်။

သူတို့ကို ဖမ်းဆီးသွားစဉ်ကလက်တွေကို နောက်ပြန်လက်ထိပ်ခတ်ပြီး မျက်နှာကို အဝတ်စည်းကာ ဖမ်းဆီး ခေါ် ဆောင်သွားတာဖြစ်လို့ စစ်ဆေးခံခဲ့ရတဲ့နေရာက ဘယ်နေရာလဲဆိုတာသူတို့မသိကြပါဘူး။

သို့ပေမဲ့ သူတို့ရောက်သွားတဲ့အခန်းလွတ်ထဲမှာ စားပွဲခုံတစ်ခုနဲ့ ခုံသုံးလုံးအပြင် တခြားဘာမှမရှိပါဘူး။ ဒီအခန်း ထဲမှာ သူတို့ နှစ်ယောက်အပါအဝင် အရပ်ဝတ်အမျိုးသားဆယ်ယောက်ကျော်ရှိနေခဲ့တာဖြစ်ပါတယ်။

“သူတို့က အဲ့ဒီအခန်းမှာကာရာအိုကေလိုမျိုးသီချင်းတွေဖွင့်ပြီး သူတို့နဲ့အတူ ဝင်ကခိုင်းတယ်။ သူတို့က ကနေ တာတောင် သေနတ်ကိုင်ပြီး ကျနော်တို့ရင်းသားတွေ၊ ပေါင်တွေပွတ်သပ်တယ်။ အရက်စော်နံနေတဲ့သူတို့ပါးစပ် တွေနဲ့ မျက်နှာတွေကို အတင်းနမ်းတယ်။ ရုန်းရင်း သတ်မယ်လို့ခြိမ်းခြောက်တယ်။”လို့  ညိုကသူကြုံခဲ့ရတဲ့အခြေ အနေကိုပြောပြပါတယ်။

ရုတ်တရက်လာဖမ်းတာဖြစ်လို့ သူတို့နှစ်ဦးလုံး လွတ်လွတ်လပ်လပ်ဘောင်းဘီတိုနဲ့ တီရှပ်ကို ဝတ်ထားတဲ့အတိုင်း လိုက်ပါသွားခဲ့ရတာဖြစ်ပါတယ်။သူနှစ်ဦးလုံးဟာ ဘာအပြစ်မှမရှိဘဲ တစ်ညလုံး သူတို့တွေအတွက် သီချင်းဆို၊ ကခုန်ပေးပြီးနောက်မနက် ၆ နာရီမှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

အမှန်တော့ ညိုဟာ အလုပ်သင်ရှေ့နေတစ်ဦးဖြစ်ပြီး လက်ရှိမှာစစ်ရှောင်တွေနဲ့ CDM တွေအတွက် ထောက်ပံ့ကူ ညီရေးနဲ့ ရန်ပုံငွေရှာဖွေရေးလုပ်ငန်းတွေအင်တိုက်အားတိုက်ဆောင်ရွက်နေသူတစ်ဦးပါ။

“ဥပဒေသမားဖြစ်တဲ့ကျနော်က ဥပဒေမဲ့လုပ်ရပ်တွေမြင်တိုင်း ဘာမှမလုပ်ပေးနိုင်တဲ့အပေါ် အတော်လေးဝမ်း နည်းကြေကွဲရတယ်။”လို့ သူကပြောပါတယ်။

ဒါ့အပြင် ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာလည်းစစ်တပ်လက်အောက်ခံ အကျဉ်းထောင်တာဝန်ရှိသူ တွေရဲ့ပေါ့လျော့မှုကြောင့် LGBT တစ်ဦးကို သေဒဏ်ကျအကျဉ်းသားတစ်ဦးက မုဒိမ်းကျင့်တဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ ပါသေးတယ်။

ပြုကျင့်ခံခဲ့ရတဲ့ LGBT အကျဉ်းသားတစ်ဦးဖြစ်တဲ့ အသက် ၂၄ နှစ်အရွယ် ရဲကိုကို(ခေါ်) ရဲရဲဟာ ၂၀၂၁ ခုနှစ် စက် တင်ဘာ ပထမအပတ်လောက်မှာ ရန်ကုန်မြို့တွင်း တိုက်ခိုက်ရေးတွေ၊ ဖောက်ခွဲရေးတွေ လုပ်တယ်ဆိုတဲ့ အ ကြောင်းပြချက်နဲ့စစ်တပ်ကဖမ်းဆီးခဲ့တာပါ။

ရဲရဲဟာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇(၁)၊ လက်နက်ပုဒ်မတွေအပါအဝင် တခြားပုဒ်မတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၉၆ နှစ်ချမှတ်ခံထားရသူဖြစ်ပါတယ်။

ထောင်တွင်းမုဒိမ်းမှုကျူးလွန်ခဲ့တဲ့ “ကကြီး”တိုက်မှ ပြူးကြီးကတော့ ဓါးမြမှု၊ လူသတ်မှုတွေနဲ့ သေဒဏ်ချမှတ် ခံထား ရသူပါ။ ဒါပေမဲ့ အစိုးရရဲ့လွတ်ငြိမ်းခွင့်ကြောင့် သေဒဏ်ကနေဖြေလျော့ပြီး နှစ်ရှည်ထောင်ဒဏ်နဲ့ အကျဉ်း ကျခံနေရတာပါ။

ထောင်အာဏာပိုင်တွေက သူတို့ရဲ့လက်ကိုင်တုတ်အဖြစ် နှစ်ကြီးသမားတွေကို အကျဉ်းသားတွေအား ပြန်အုပ် ချုပ်စီမံခွင့်ပေးထားတာကြောင့် တိုက်သူကြီးဖြစ်တဲ့ပြူးကြီးဟာ အကျဉ်းတိုက်အတွင်း လွတ်လပ်စွာ သွားလာ ခွင့်ရနေတာဖြစ်ပါတယ်။

“အဲ့တော့ ရဲရဲရှိရာသွားပြီး မုဒိမ်းကျင့်ခွင့်ရသွားတာပေါ့။ ဒါပေမဲ့ ရဲရဲက ငြင်းဆန်တဲ့အတွက် ဦးခေါင်းကို ပုဆိုး ထဲ  ထည့်လာခဲ့တဲ့ ကျောက်ခဲနဲ့ မာကျောတဲ့ကျောက်ခဲနဲ့ထုလိုက်တဲ့အတွက် ခေါင်းကွဲသွားပြီး အနည်းဆုံး ၉ ချက် ချုပ်ခဲ့ရတယ်။”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ကို သိုက်ထွန်းဦးကပြောပါတယ်။

ဒီဖြစ်စဉ်က ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ပထမအပတ်မှာဖြစ်ခဲ့ပြီး ကျူးလွန်တဲ့တရားခံအပေါ်မှာ အကျဉ်းထောင် အာဏာပိုင်တွေက ထိရောက်တဲ့အရေးယူတာတွေမလုပ်ခဲ့ဘူးလို့ သူကဆက်ပြောပါတယ်။ 

လက်ရှိမှာ ရဲရဲဟာ ဒဏ်ရာတွေသက်သာသွားပြီဆိုပေမယ့် ကျူးလွန်သူကို ထိရောက်တဲ့ပြစ်ဒဏ်မပေးတာကြောင့် အသက်အန္တရာယ်နဲ့ ခြိမ်းခြောက်မှုတွေရှိနေဆဲဖြစ်ပါတယ်။

ကျူးလွန်သူကို ထိရောက်တဲ့ပြစ်ဒဏ်မပေးတာဟာ အခုလိုမုဒိမ်းမှုတွေ၊ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုတွေ ကျူးလွန်ဖို့ အာဏာပိုင်တွေကိုယ်တိုင်က အားပေးအားမြောက်ပြုနေတာလို့ ပြောချင်ကြောင်း ကိုသိုက်ထွန်းဦးက သုံးသပ်ပါတယ်။

အကျဉ်းထောင်ထဲမှာ ထောင်သားအချင်းချင်းကျူးလွန်တဲ့မုဒိမ်းမှုတွေဟာ ဖြစ်လေ့ဖြစ်ထရှိပေမယ့် အာဏာသိမ်း ကာလနောက်ပိုင်းမှာတော့ နိုင်ငံရေးအကျဉ်းသားတွေထောင်ထဲရောက်လာတဲ့အခါ ပစ်မှတ်ထားစရာတစ်ခုဖြစ် နေတာပါ။

“နိုင်ငံရေးအကျဉ်းသားထဲမှာ LGBT တွေကို သူတို့က ပစ်မှတ်ထားပြီး လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ဖို့အတွက် မုဒိမ်းကျင့်ဖို့ သူတို့နဲ့အတူနေထိုင်ဖို့ ကြိုးစားလေ့ရှိတယ်။ အမှုတွေကတော့ တိုင်ကြားတာလည်းရှိတယ်။ တချို့ အမှုတွေကတော့ပျောက် ကွယ်နေတယ်။ ဘာလို့ဆိုငြင်းဆန်ရုန်းကန်တဲ့သူတွေအတွက် အသက်အန္တရာယ် ရှိတယ်။ အချိန်မရွေးသူတို့ကိုလုပ်ကြံသတ်ဖြတ်နိုင်လို့မပြောကြတာ။”လို့ ကိုသိုက်ထွန်းဦးကဆိုပါတယ်။

အခုလိုကျူးလွန်တဲ့သူတွေကို အကျဉ်းထောင်အာဏာပိုင်တွေအနေနဲ့ ပြင်းထန်ထိရောက်တဲ့အရေးယူမှုတွေမလုပ်ကြပါဘူး။ ရဲရဲကိုကျူးလွန်ခဲ့တဲ့ပြူးကြီးဆိုသူကိုလည်း တိုက်သူကြီးကနေ စည်းကမ်းထိန်း အဖြစ်ပြောင်း ပေးခဲ့ရုံသာ ပေးခဲ့တာလို့သိရကြောင်း ပြောပါတယ်။

စည်းကမ်းထိန်းဆိုတာက တိုက်သူကြီးလောက်တော့ ပါဝါမရှိပေမယ့် သူ့မှာအုပ်ချုပ်ပိုင်ခွင့် အာဏာတွေ ရှိနေ သေးတာ ကြောင့် ရဲရဲအတွက် အသက်အန္တရာယ်ရှိနေတာဖြစ်ပါတယ်။

အကျဉ်းထောင်အာဏာပိုင်တွေက ထိရောက်တဲ့အရေးယူဆောင်ရွက်မှု မလုပ်သေးသရွေ့တော့ အကျဉ်း ထောင် ထဲ မှာ အခုလိုကိစ္စတွေကတော့ ဖြစ်ရိုးဖြစ်စဉ်လိုဆက်ဖြစ်နေဦးမှာဖြစ်တယ်လို့ ကိုသိုက်ထွန်းဦးကသတိပေး ပြောဆိုခဲ့ပါတယ်။

LGBT တွေအနေနဲ့ အခုမှအကြမ်းဖက်နှိပ်စက်ခံရတာမဟုတ်ပါ။ ယခင်စစ်အုပ်ချုပ်ရေးကာလတွေနဲ့ ဦးသိန်းစိန် အစိုးရလက်ထက်ကလည်း ပုဒ်မ ၃၇၇နဲ့ ဖမ်းဆီးခဲ့တာတွေရှိသလို မှောင်ရိပ်ခိုမှုနဲ့လည်း ဖမ်းဆီးငွေညှစ်တာ၊လိင် ပိုင်းဆိုင်ရာအနိုင်ကျင့်တာတွေရှိနေခဲ့တာဖြစ်ပါတယ်။

ဒါကလည်း ရှေးအစဉ်အဆက်စွဲလာခဲ့တဲ့ LGBT ဆိုတာ လိင်မှုကိစ္စကလွဲလို့ ဘာမှ မလုပ်တတ်တဲ့ လူပိုတွေ အဖြစ်အမြင်ရှိတာတွေကြောင့် သူတပါးထက် ပိုပြီးအနိုင်ကျင့်ခံနေရတာပါ။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက“ LGBT က လည်းလူသားပဲဖြစ်တယ်။ ဒါကြောင့် တခြားသူတွေ ခံစားရတဲ့အခွင့်အရေးချိုးဖောက်မှုတွေကို ခံစားဖို့ မသင့် သလို LGBT ဆိုတဲ့လိင်စိတ်သဘောသဘာဝကွဲပြားမှုကြောင့် ပိုမိုပြီးအကြမ်းဖက်လုပ်ဆောင်မှုကို ရှုံ့ချပါတယ်” လို့ ဆိုပါတယ်။

အခုဆိုရင် နွေဦးတော်လှန်ရေးမှာ စစ်တပ်ရဲ့အကြမ်းဖက်ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် LGBT (၁၇) ဦးသေဆုံးခဲ့ ရပြီး( ၈၅) ဦးက မတရား ဖမ်းဆီးအကျဉ်းကျခံထားရကြောင်း ၂၀၂၂ ခုနှစ်၊ မေလက Colors Rainbowရဲ့ ထုတ် ပြန်တဲ့စာရင်းအရ သိရပါတယ်။

Author:

Related Articles