ခွန်း။ ။
“တောင်ပေါ်တက်ရ၊ တောင်အောက်ဆင်းရတယ်။ ကြားမှာလည်း ရေတွေကိုဖြတ်ရတယ်။ ရေကလည်း ရေစီး ကြမ်းတော့ ကလေးနှစ်ယောက်လုံးကိုချီထားရတယ်။ ပစ္စည်းလည်းလွယ်ထားရတယ်။” ဟု မစန္ဒာ (အမည်လွှဲ) က ဆိုသည်။
လသားအရွယ် သမီးငယ်လေးကို ကျောမှာ ချီပိုးပြီး ၆ နှစ်အရွယ် သားငယ်ကို လက်ကဆွဲကာ ကျောပိုးအိတ် တစ်လုံး၊ ပလိုင်းတစ်လုံလွယ်ပြီး ၂ နာရီကြာ လမ်းလျှောက်ခဲ့ရသည့် ခရီးစဉ်ကို မစန္ဒာက ပြန်ပြောခြင်းဖြစ်သည်။
ကရင်နီပြည်နယ် (ကယားပြည်နယ်) နှင့် ရှမ်းပြည်နယ်အစပ် ဖယ်ခုံမြို့တွင် နေထိုင် လုပ်ကိုင်စားသောက်သည့် မစန္ဒာတို့ဆီ ဖေဖော်ဝါရီ(၁)ရက်နောက်ပိုင်း အာဏာသိမ်းမှု ဖြစ်စဉ်၏ နောက်ဆက်တွဲ တိုက်ပွဲများက ဆိုက် ဆိုက်မြိုက်မြိုက် ရောက်လာခဲ့သည်။ မြို့ပေါ်တွင်နေထိုင်ရင်း အောက်တိုဘာလတွင် စစ်ရှောင်ရသည်။ နိုဝင် ဘာလတွင် စစ်ရှောင်စခန်းကနေမှ တဆင့် ထပ်မံ ထွက်ပြေးရခြင်းဖြစ်သည်။ ဒါသည်လည်း သူမတို့ မိသားစုချည်းသာ မဟုတ်။ ကိုယ်ဝန်ဆောင် အမျိုးသမီးများ၊ သက်ကြီးရွယ်အိုများ၊ မစန္ဒာကဲ့သို့ ကလေးမိခင်များ အပါ အဝင် ကလေးဉီးရေ (၄၀) ကျော် တို့သည် စစ်ရှောင်စခန်းမှတဆင့် ထပ်မံ ထွက်ပြေးရခြင်းဖြစ်သည်။
မစန္ဒာတို့ စစ်ရှောင်သည့်နေရာလေးဆီသို့ လက်နက်ကြီးများ ကျ ရောက်လာသည့်အပြင် စစ်ရှောင်စခန်းမှ ထွက် ပြေးရန်အတွက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) ခေါင်းဆောင်တစ်ဦးက ညွန်ကြားလာခဲ့၍ ထပ်မံပြေးရခြင်း ဖြစ်သည်။ ထို့နေ့က နိုဝင်ဘာလ (၅) ရက်၊ အချိန်အားဖြင့် မွန်းလွဲ (၂) နာရီခန့်တွင် ပြေးခဲ့ရခြင်းဖြစ်သည်။
မစန္ဒာသည် အသက် (၂၄) နှစ်အရွယ်ရှိပြီး ကလေး နှစ်ဦး မိခင်ဖြစ်သည်။ “ပစ္စည်းတွေသိမ်းထား။ လူဘဲလွတ် အောင်ပြေးလို့ပြောလာတော့။ ကလေးအတွက်ပစ္စည်းနည်းနည်းဘဲ သယ်လိုက်နိုင်တယ်”ဟု သူမက ဆိုသည်။ လုံခြုံမည်အထင်ဖြင့် လာရောက်ခိုလှုံရသော စစ်ရှောင်စခန်းလေးသည်ပင် လက်နက်ကြီးများ ကျရောက်လာ သောကြောင့် ထပ်မံ တိမ်းရှောင်ရခြင်းဖြစ်သည်ဟု သူမက ဆိုသည်။
အာဏာသိမ်းမှု ဖြစ်ရပ်နောက်ဆက်တွဲအဖြစ် မြန်မာနိုင်ငံ အနှံ့အပြားတွင် တိုက်ပွဲများ ဖြစ်ပွားလာရာ ကရင်နီ ပြည်နယ်သည်လည်း စစ်ကောင်စီနှင့် ဒေသခံ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များကြား တိုက်ပွဲအများဆုံး ဖြစ်ပွား ရာ ဒေသတစ်ခု ဖြစ်လာခဲ့သည်။ ကရင်နီပြည်နယ်တွင် စက်တင်ဘာလ နောက်ဆုံးပတ်တွင် ပိုမိုပြင်းထန်သော တိုက်ပွဲများ စတင်ဖြစ်ပွားလာခဲ့သည်။ စစ်ကောင်စီဖက်မှ ဖယ်ခုံမြို့အတွင်းသို့ လက်နက်ကြီး လက်နက်ငယ်များဖြင့် အဆက်မပြတ်ပစ်ခပ်မှုများကြောင့် နေအိမ်အချို့ ပျက်စီးခဲ့ရပြီး၊ ငါးဖမ်းလှေအချို့လည်းပျက်စီးသွားခဲ့သည်။
ဖယ်ခုံမြို့အတွင်းရှိ ရပ်ကွက်ထဲထိ စစ်ကောင်စီတပ်များ ဝင်ရောက်လာခဲ့ကြပြီး ပြည်သူပိုင်အိုးအိမ်များ ထဲသို့ ဝင် ရောက်ရှာဖွေမှုများ၊ နေအိမ်အတွင်းရှိ ပစ္စည်းများအားဖျက်ဆီးခြင်း၊ အစားအသောက်များအား ယူဆောင်သွား ခြင်း၊ မေးမြန်းစုံစမ်းခြင်းများ၊ ဖုန်းစစ်ဆေးမှုများလည်း ပိုမိုလုပ်ဆောင်လာကြသလို သံသယ ရှိသည်ဆိုပြီး လူငယ်များအားဖမ်းဆီးခေါ်ဆောင်သွားသည်လည်း ရှိသည်။
ထိုအချိန်သည် ဖယ်ခုံမြို့၏ အနီးအနား တွင်တည်ရှိနေသော စက်တော်၊ ခေါင်းအိဖက်တွင်လည်း အပြန်အလှန် တိုက်ပွဲများလည်း ဖြစ်ပွဲနေသည့်အချိန် လည်းဖြစ်သည်။ ဖယ်ခုံမြို့နယ်အတွင်းရှိ ဟိန်ဓမ္မရပ်ကွက်တွင်လည်း နှစ်ဖက်အပြန်အလှန် တိုက်ပွဲများ ဖြစ်ပွားခဲ့ ပြီး စစ်ကောင်စီတပ်များမှ လက်နက်ကြီးများဖြင့်ရမ်းတမ်းပစ်ခတ် မှုကြောင့် ပြည်သူပိုင် အိုးအိမ်များပျက်စီးဆုံးရှုံးခဲ့ရသလို ရပ်ကွက်တွင်းနေထိုင်သူများ လက်နက်ကြီးကျည် ထိ မှန်ကြသည်လည်း ရှိသည်။
ထိုကဲ့သို့ နှစ်ဖက်အခြေအနေ တင်းမာနေသည့်အနေအထားတွင် ဒေသတွင်း သတင်းအချက်အလက်များကို ပေး နေသော သတင်းစာမျက်နှာ တစ်ခုက မြို့တွင်းတိုက်ပွဲဖြစ် တော့မည်ဖြစ်ကြောင်း၊ လုံခြုံသည့်နေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရန်၊ အထူးသဖြင့် ဌာနဆိုင်ရာရုံးများ၏ အနီးအနားတွင်နေထိုင်သည့် ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရန် ညွန်ကြားချက်များပေးလာသည့်အတွက် ဖယ်ခုံမြို့အတွင်းရှိ ပြည်သူအများ နေရပ်ကို စွန့်ကာ နီးစပ်ရာကျေးရွာများ၊ ဆွေမျိုးရင်းခြာရှိသည့်နေရာများဆီသို့ အောက်တိုဘာလအတွင်းက ထွက်ပြေးခဲ့ ကြခြင်းဖြစ်သည်။
လက်ရှိဖယ်ခုံမြို့ နယ်အတွင်းတွင် စစ်ရှောင်စခန်းစုစုပေါင်း (၂၈) စခန်းခန့် ရှိပြီး အချို့မှာလည်း ပင်လောင်း၊ တောင်ကြီးမြို့ထိ သွားရောက်စစ်ရှောင်နေခဲ့ကြသည်လည်း ရှိသည်။ သို့သော် ဖယ်ခုံမြို့အနောက်ဖက်ရှိ စစ်ရှောင် စခန်းများဆီသို့ စစ်ကောင်စီတပ်ဖွဲများ လာရောက်နိုင်သည့် အနေအထားများရှိနေသည့်အတွက် စစ်ရှောင်ကြ သည့် ဖယ်ခုံသူ/သားများအပြင် စစ်ရှောင်များအားလက်ခံထားသည့် ကျေးရွာသူ/သားများသည်လည်း လုံခြုံမည့် နေရာများဆီသို့ ထပ်မံထွက်ပြေးတိမ်းရှောင်နေရပြန်သည်။ ထို့ကြောင့်ပင် မစန္ဒာတို့ တစ်နေရာမှ အခြားတစ် နေရာသို့ ရွှေ့နေရခြင်းဖြစ်သည်။
မစန္ဒာနှင့် ကလေးနှစ်ယောက်သာ ချက်ချင်းထွက်ခွာနိုင်ခဲ့သော်လည်း မစန္ဒာ၏ အမျိုးသားဖြစ်သူ အသက် (၂၉) နှစ်ခန့်ရှိ မောင်နေမျိုး (အမည်လွဲ) သည် တစ်ပါတည်း လိုက်မလာနိုင်သေးပေ။ ကျန်ရှိနေသေးသော ပစ္စည်းများ အားသိမ်းဆည်းရန်အတွက် စစ်ရှောင်စခန်းတွင်သာ ကျန်ရစ်ခဲ့ရခြင်းဖြစ်ကာ မစန္ဒာက ကလေးနှစ်ယောက်နှင့် နှစ်နာရီခန့် ကြာအောင် ခြေကျင်ပြေးရခြင်းဖြစ်သည်။
“ပြေးတုန်းက ငိုလည်းငိုချင်တယ်၊ ပြေးနေရင်းလည်း မျက်ရည်က သူ့အလိုလိုကျလာတယ်။ သားလေးကို ကြည့် တော့လည်း ရယ်ချင်တယ်၊ လှမ်းလျှောက်ရင်းမှောက်လှဲလိုက်၊ ပြန်ထလိုက်နဲ့လေ၊ ကလေးက လမ်းလျှောက် သွားရတုန်းက ဘာမှဒုက္ခမပေးလို့တော်ပါသေးတယ်။” ဟု မစန္ဒာက ပြန်ပြောသည်။
နှစ်နာရီနီးပါး လမ်းလျှောက်ရသော ခရီးတွင် ဆူးပင်များ၊ ဝါးပင်များ၊ ချုံပုတ်များကြားတွင်ဖြတ်သွားရ သည်ဟု လည်းဆိုသည်။ မွန်းလွဲပိုင်းတွင် ထွက်လာသော သူမတို့သည် နောက်တစ်ရွာသို့ ရောက်ရှိသည့်အချိန်သည် မိုးပင် အနည်းငယ်ချုပ်နေပြီဖြစ်သည်။
“ရေချောင်းတွေကိုဖြတ်တဲ့အချိန်မှာ အဖိုးနဲ့အဖွားတွေကိုအရမ်း သနားတယ်၊ ရေလည်းအရမ်းအေးတယ်၊ ကုန်း ပေါ်ပြန်တက်တဲ့အချိန်မှာဆို လူကိုတုန်တောင်တုန်စေတယ်၊ အဖွားဆိုပိုဆိုးတယ် အစကတည်းက တုန်တုန်နဲ့ သွားနေရတယ်လေ” လို့ လမ်းခရီးတွင် သက်ကြီးရွယ်အိုများ ကြုံတွေ့ရသည့် အခြေအနေကို မစန္ဒာက ပြန် ပြောင်းပြောသည်။
ကရင်နီပြည်နယ်အတွင်းရှိ မြို့နယ်များဖြစ်သည့် ဒီမော့ဆိုမြို့နယ်၊ မိုးဗြဲနှင့် ဖယ်ခုံမြို့နယ်များတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး စစ်ရှောင်နေသူများမှာလည်း လက်ရှိအချိန်ထိစစ်ရှောင်နေကြရသည်။ ကရင်နီ လူမှု အသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တစ်ကြိမ် အခြေအနေတင်ပြချက်အရ ဖေဖော်ဝါရီလ (၁) နေ့မှစ၍ အောက် တိုဘာလ (၂၄) ရက်နေ့ထိ သတ်ဖြတ်ခံရသည့် ကရင်နီပြည်သူများ (၁၂၃) ဦးခန့်ပင်ရှိနေပြီဖြစ်သည်။ ထို့အပြင် ဖမ်းဆီးခံရသည့်လူဦးရေ (၁၉၅) ဦး၊ ထိခိုက်ဒဏ်ရာသည့်လူဦးရေ (၁၃၇) ဦးခန့်ပင်ရှိနေပြီဖြစ်သည်။ စစ်ကောင်စီ များဖက်မှ လက်နက်ကြီးများပစ်ခတ် မှုများကြောင့်လည်း ကရင်နီပြည်နယ်အတွင်းရှိနေအိမ်များ မှာလည်း ပျက်စီးဆုံးရှံးခဲ့ရသည်။
ဖေဖော်ဝါရီ (၁) မှ အောက်တိုဘာလ (၂၄) ရက်နေထိတိုင် ပျက်စီးသွား သည့်အဆောက်အအုံအရေအတွက်သည် လွိုင်ကော်၊ ဒီမောဆို ၊ ဖယ်ခုံ နှင့် ဖရူဆို မြို့နယ်များတွင် ရှိနေပြီး အလုံးရေ (၃၅၀) ကျော်ခန့် ရှိနေပြီဖြစ်ကြောင်း ကရင်နီလူမှုအသင်းအဖွဲ့များကွန်ရက်၏ နှစ်ပတ်တစ်ကြိမ်အခြေ အနေတင်ပြချက်အရသိ ရှိခဲ့ရသည်။ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာမဟာမင်းကြီးရုံး (UNHCR) data အရ ကရင်နီစစ်ရှောင်သူဦးရေသည် အောက်တိုဘာ လ (၂၅) ရက်နေ့အထိ (၈၅၀၀၀) ခန့်ရှိနေ ပြီဖြစ်ကြောင်းသိရသည်။
တိုက်ပွဲများကြောင့် ပုံစံအမျိုးမျိုးဖြင့် ထွက်ပြေးနေကြသူများတွင် အသက် (၂၇) နှစ် အရွယ်ရှိ မနေနေ (အမည်လွှဲ) လည်း ပါဝင်သည်။ သူမသည် ကလေးနှစ်ယောက် မိခင်လည်း ဖြစ်သည်။
ညစဉ်ညတိုင်း လက်နက်ကြီးလက်နက်ငယ်များဖြင့် ဆက်တိုက်ပစ်ခတ်နေသည့် မေလ နောက်ဆုံးပတ်တွင် မနေနေတို့မိသားစုလေးသည် ဖယ်ခုံမြို့နယ် အနောက်ဖက်တွင်တည်ရှိနေသည့် မျိုးနွယ်စု ပိုင်မြေနေရာလေး တစ်ခုဆီသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြသည်။ ထိုအချိန်တွင် မနေနေတွင် (၃) နှစ် မပြည့်သေးသည့် သားငယ်လေး နှင့်အတူ (၆) လခန့်ရှိပြီဖြစ်သည့်ကိုယ်ဝန်အားလွယ်ထားရသည်အချိန်ဖြစ်သည်။ စစ်ရှောင်စခန်းရောက်သည့် အချိန်တွင်လည်း ကိုယ်ဝန်ဆောင် တစ်ဦးအနေဖြင့် အခက်ခဲများ စွာတွေ့ကြုံခဲ့ရကြောင်း မနေနေက ပြောသည်။
“နေရထိုင်ရတာအဆင်မပြေဘူး။ အိမ်သာသွားချင်ရင်လည်းချုံထဲမှာဘဲသွားရတယ်။ ကိုယ်ဝန်ကြီးနဲ့ဆိုတော့ မြေ ကြီးပေါ်မှာအိပ်ရတာလည်းအဆင်မပြေဘူး။ မြေလည်းမညီဘူး။ ကလေးအတွက်လည်းမကောင်းဘူး။ စစ် ရှောင်တုန်းကပစ္စည်းတွေအများကြီးမသယ်နိုင်တော့ ရှိတဲ့ဟာနဲ့ဘဲခင်းအိပ်ရတယ်” ဟု ဆိုသည်။
ထိုစစ်ရှောင်စခန်းသည် တောင်ခြေရင်းတွင်တည်ရှိနေပြီး မြေနိမ့်ပိုင်းဖြစ်သည့်အတွက် မိုးရွာလျှင်ရေချောင်းများ စီးဆင်းလာတတ်သည်။ လေကြောလည်းဖြစ်သည့်အတွက် လေတိုက်လျှင်မိုးကာလှန်သွားမည်ကိုလည်း စိုးရိမ်ခဲ့ ရသည်။ မိုးရွာသည့်ည လေကြမ်းသည့်ညများတွင် အိပ်လို့မရသည့်အခြေအနေမျိုးလည်းဖြစ်သည်။
လုံခြုံစွာ မနေရသည့် အချိန်တွင် သတင်းအမှားများကြောင့်လည်း ပိုဒုက္ခရောက်သည့် အနေအထား ကြုံရသေး သည်ဟု မနေနေက သူမ အတွေ့အကြုံ တစ်ခုကို ပြောပြသည်။
“ကိုယ်နေတဲ့နေရာက ဖုန်းလိုင်းမမိတော့ သတင်းအမှန်ကိုမသိရဘူး။ တင့်ကားတွေတက်လာဖို့ရှိတယ် သတိနဲ့နေလို့ဘဲ ပြောတာကို သတင်းတလွဲ ကြားတဲ့သူက တင့်ကားလာနေပြီ ပြေးတော့လို့ပြောလာတယ်။ ပုန်းကြလို့လဲ ပြောလိုက်တာ စကားတစ်ခွန်းကြောင့်ဘဲ တောင်ထိပ်ရောက်သွားတယ်။ လောလောနဲ့ပြေးလိုက်ရတော့ ကလေး စားဖို့မုန့်လေးဘဲ သယ်လိုက်နိုင်တယ်” ဟုဆိုသည်။
“တောင်ပေါ်ကိုပြေးတက်တဲ့အချိန်မှာလည်း မောမှန်းမသိတော့ဘူး။ ကြောက်စိတ်ကြောင့်ပြေးခဲ့ရတယ်။ ဗိုက် ကြီးတာကြောင့် အသက်ရှုလည်းသိပ်မဝဘူး။ အသက်ရှုလိုက်ပြန်တက်လိုက်လုပ်ရတယ်။ တောင်ပေါ်ရောက်မှ မောမှန်းသိတော့တယ်”ဟုလည်းပြောပြလာသည်။ ထိုသို့ပြေးရသည့် အချိန်တွင် မနေနေသည် (၃) နှစ်မပြည့် သေးသည့် သားလေးအား ကျောတွေချီပိုးထားပြီး ကိုယ်ဝန်ကြီးနှင့်အတူ ကလေးစားဖို့ရန်အတွက် မုန့်ထည့်ထား သည့် ပုလိုင်းအားဘေး တစ်စောင်း လွယ်ကာ မတ်စောက်သည့်တောင်အား ခက်ခက်ခဲခဲတက်ခဲ့ရခြင်းဖြစ်သည်။ သို့သော်လည်း တောင်ပေါ်ရောက်ချိန်တွင် ယင်းသတင်းသည် သတင်းမှားသာ ဖြစ်ခဲ့သည်ဟု ဆိုသည်။
ယင်းကဲ့သို့ အဖြစ်အပျက်မျိုးသည် သူတို့အတွက် ဒုက္ခများစွာများထဲမှ တစ်ခုဖြစ်သည်။ မနေနေ အမျိုးသားက “မိန်းကလေးတွေတော့ ပိုပြီးဒုက္ခရောက်တာပေါ့၊ အထူးသဖြင့်ကိုယ်ဝန်ဆောင်တွေ၊ ကလေးသူငယ်မိခင်တွေ၊ သက်ကြီးရွယ်အိုတွေက ကျွန်တော်တို့ထက်ပိုပြီး ဒုက္ခရောက်ကြတယ်။ သူတို့ကိုသနားလည်းသနားတယ်။ ကိုယ် ချင်းလည်းစာတယ်” လို့ပြောပြလာပါသည်။
စစ်ရှောင်ရာတွင် အမျိုးသားများသည် ဇနီးနှင့်သားသမီးများအား လုံခြုံစိတ်ချရမည့်စစ်ရှောင်စခန်းများ ဆီသို့ ရောက်အောင် ပို့ဆောင်ပေးခဲ့ကြပြီး သူတို့က အိမ်စောင့်အဖြစ် ကျန်ရစ်ကာ ရရာအလုပ်များအား ရှာဖွေကာ မိသားစုစားဝတ်နေရေးအတွက် တစ်ဖက်တစ်လမ်းက ရှာဖွေပေးနေရသည့်အပြင် စားနပ်ရိက္ခာများလိုအပ်ပါက စစ်ရှောင်စခန်းထိ သွားရောက်ပို့ဆောင်ပေးကြရသည်။
လက်ရှိကရင်နီပြည်နယ်တွင် တိုက်ပွဲအခြေအနေရ စစ်ရှောင်နေရခြင်းဖြစ်သော်လည်း စိုက်ပျိုးထားသည့် စပါး၊ ပြောင်းဖူး၊ ပြောင်းကောက်များ ရိတ်သိမ်းရန်အရဲစွန့်ပြန်လာကြသည့်စစ်ရှောင်များလည်းရှိသည်။ အာဏာမ သိမ်းမှီယခင်နှစ်များတွင် စပါး၊ ပြောင်းဖူးများရိတ်သိမ်းရာတွင် တောင်ယာ၊ လယ်ယာများတွင်သာ ပြီးစီးအောင် လုပ်ဆောင်ကြရသော်လည်း အာဏာသိမ်းမှုဖြစ်ပွားသည့်နောက်ပိုင်းတွင် စိုက်ပျိုးထားသည့်သီးနှံများအားအိမ်ထိ ရောက်အောင်သာသယ်ယူခဲ့ကြပြီး အိမ်ရောက်မှသာလျှင် အခွံခွာ၊ အစေ့ချွေခြင်းများ၊ စက်ထဲထည့်ကျိတ်ခြင်း များလုပ်ဆောင်ရသည်။
ယခင်နှစ်များတွင် အလုပ်သမားငှားရန်းခသည်လည်း တစ်ရက်လျှင် (၅၀၀၀) ကျပ်သာပေးဆောင်ရသည်။ သို့ သော် လက်ရှိကရင်နီပြည်နယ်တွင် အလုပ်သမားရှားပါးသည့် ပြသာနာများနှင့် လည်းရင်ဆိုင်ကြရသည်။ အခြေ အနေ အနည်းငယ်တည်ငြိမ်လာသည်နှင့် ခြံပိုင်ရှင်များသည် စိုက်ပျိုးသီးနှံများအား အမြန်ဆုံးရိတ်သိမ်းနိုင်ဖို့ရန် အလုပ်သမားများအား တစ်ရက်လျှင် ကျပ် (၇၀၀၀) မှာ (၁၀၀၀၀) အထိပေး၍ ငှားရမ်းရသည်။ စစ်ကောင်စီတပ် များ၏ အနီးအနားတွင်ရှိနေသည့် စိုက်ပျိုးခြံများအား ရိတ်သိမ်းရန် ခြံပိုင်ရှင်များသည် အလုပ်သမားငှားရမ်း ခအား ပိုမိုပေးဆောင်ကြရသည်၊ သို့သော် အချို့လည်း မလိုက်ရဲကြပေ။ မရိတ်သိမ်းနိုင်သေးသည့် စပါးခင်း၊ ပြောင်းဖူးခင်း၊ ပြောင်းကောက်ခင်းများလည်း ကရင်နီပြည်နယ်အတွင်းတွင် ကျန်ရှိ နေသေးသည်။
စစ်ရှောင်များအား လက်ခံပေးထားသည့် ကျေးရွာများတွင်မှု ကျေးရွာသူ/သားများ၏ ဝိုင်းဝန်းကူညီပေးမှုများ ကြောင့် အခက်အခဲများအား ရင်ဆိုင်ကျော်ဖြတ်နိုင်ခဲ့ကြသလို၊ ရပ်ဝေးရပ်နီးမှ အလှူရှင်များကြောင့်လည်း စိတ် သက်သာရာ ရကြသည်ဟုဆိုသည်။ သို့သော် မပြီးဆုံးနိုင်သည့် တိုက်ပွဲများကြားတွင် မည်သည့် အတိုင်းအထိပံ့ ပိုး ကူညီပေးနိုင်မည်နည်း ဆိုသည်ကို သူတို့တွင် စိုးရိမ်မှုရှိသည်။
ဖယ်ခုံမြို့အတွင်းစစ်ရှောင်သူများ ပိုမိုများပြားလာသည်နှင့်အမျှ လူမရှိတော့သည့်နေအိမ်အချို့သည် မူးယစ်ဆေး သုံးစွဲသူများ၏ ဖောက်ထွင်းဖျက်ဆီးခြင်းကိုခံရသည်။ ထိုအခြေအနေများအားကာကွယ်ရန် စစ်ရှောင်ရာတွင် အမျိုးသမီးနှင့် ကလေးများသာ အများဆုံး စစ်ရှောင်နေကြခြင်းဖြစ်ပြီး အမျိုးသားများသည်နေအိမ်များတွင်သာ နေရစ်ခဲ့ကြသည်။
မနေနေသည် ဩဂုတ်လက သားငယ်လေးကို မွေးဖွားခဲ့သည်။ အခြေအနေ အနည်းငယ် တည်ငြိမ်သောကြောင့် ဖယ်ခုံသို့ ပြန်၍ မွေးဖွားခြင်းဖြစ်သည်။ သို့သော်လည်း ကလေးမွေးဖွားပြီး (၂) ရက်မြှောက်နေ့တွင် စစ်ကောင်စီ များပစ်ခတ်လိုက်သည့်လက်နက်ကြီးများသည် မနေနေ အိမ်အနီးနားထိကျရောက်လာခဲ့သည်။
“မွေးပြီး (၂) ရက်မြှောက်နေ့မှာ လက်နက်ကြီးတွေထုတော့ကလေးလည်း လန့်တယ်။ ကိုယ်လည်း သွေးနုသားနု ဆိုတော့ သွေးလန့်တယ်။ ကလေးနားထဲမှာလည်း ဝါဂွမ်းတွေထည့်ထားပေးရတယ်။” ဟုလည်းဆိုသည်။ လက်ရှိ တွင် မနေနေနှင့် သူမ၏မိသားစုသည် တောင်ကြီးမြို့စစ်ရှောင်စခန်းနေရာတစ်ခုတွင် သွားရောက် စစ်ရှောင်နေခဲ့ ကြပြီး အခြေအနေတည်ငြိမ်အေးချမ်းမှ ပင်ပြန်လာတော့မည်ဖြစ်ကြောင်းပြောပြလာခဲ့သည်။
ထို့သို့ စစ်ရှောင်စခန်းများတွင် နေနေကြသော်လည်း မနေနေတို့ မစန္ဒာတို့ အားလုံးသည် စိတ်လွတ်လက်လွတ် နေထိုင်နိုင်သည် မဟုတ်သေးပေ။ နေ့စဉ်ကြားနေရမြင်နေရသည့် သတင်းစကားများကြောင့် စစ်ရှောင်စခန်း ရောက်နေသော်လည်း မည်သည့်အချိန်တွင်ထပြေးရအုံးမလဲလို့လည်း တွေးပူမိပြန်သည်။ မစန္ဒာတို့သည် စစ် ရှောင်နေရသော် လည်းအဆင်မပြေ၊ မြို့ပေါ်တွင်ကျန်ရှိနေသော်လည်း အဆင်မပြေ၊ ပြန်လာဖို့ရန်လည်း အဆင် မပြေသည့် အခြေ အနေများနှင့်ရင်ဆိုင်နေရခြင်းဖြစ်သည်။
အန္တရာယ်ကင်းနိုင်မည်ဟု ယူဆရသည့် နေရာကို ထွက်ပြေးလာကြသော်လည်း မခမ်းနားသော်လည်း မြတ်နိုးရ သည့် မွေးရပ်က အိမ်လေး၊ လုံခြုံစွာ မသိမ်းဆည်းနိုင်ခဲ့သည့် အရေးကြီးသည့် ပစ္စည်းများမှာလည်း သူတို့အား လုံးဆီတွင် ကျန်ရှိနေခဲ့ကြသည်။
ကရင်နီပြည်နယ်အတွင်းတွင် စစ်ကောင်စီများဖက်မှ ပစ်ခတ်လိုက်သည့်လက်နက်ကြီးအချို့သည် မပေါက်ကွဲသေးဘဲ ပြည်သူများ၏နေအိမ်ထဲ၊ ခြံဝန်းထဲတွင်စိုက်ဝင်နေသည်။ ထို့အပြင် စစ်ကောင်စီများစခန်းချ နေထိုင်ခဲ့သည့် နေအိမ်အချို့များတွင်လည်း နက်ကြီးများကျန်ရှိနေတတ်သည်။ ထိုမပေါက်ကွဲသေးဘဲကျန်ရှိနေသည့် လက်နက်ကြီးများကြောင့်ပင် မသန်စွမ်းဖြစ်သည့် လူငယ်များလည်း ရှိခဲ့သည်။
ကျန်ရှိနေသည့်လက်နက်ကြီးအပြင် မည်သည့်ရက်မည်သည့် အချိန်တွင် တိုက်ပွဲများ ပြန်လည်ဖြစ်လာမည်ကို ကြိုတင်မှန်းဆလို့မရသည့်အနေအထားတွင် အိမ်ပြန်ချင်သော်လည်း အိမ်မပြန်ရဲသည့် စစ်ရှောင်များ အထူးသဖြင့် အမျိုးသမီးနှင့်ကလေးသူငယ်များ၏ အိမ်ပြန်ခရီးသည် မရေရာသေးပေ။
“အထုတ်တွေကို ကြိုတင်ပြင်ဆင်ထားဖို့ ဘုန်းကြီးက ကျွန်မတို့ကိုပြောတယ်။ နောက်ထပ်စစ်ရှောင်နေရာ တစ် ခုကို ပြောင်းရင်လည်းပြောင်းရမယ်တဲ့။ ဒါပေမယ့် ကျွန်မဆက်ပြီးမပြေးနိုင်တော့ဘူး။ အရမ်းပင်ပန်းနေပြီ ဝင်လာပြီး ပစ်သတ်သွားရင်လည်း အသေခံလိုက်မယ်” ဟု မစန္ဒာက ဆိုသည်။