Home ဆောင်းပါး တိုက်ပွဲရှောင်အဖွားအို၏ မျှော်လင့်ချက် မနက်ဖြန်များ

တိုက်ပွဲရှောင်အဖွားအို၏ မျှော်လင့်ချက် မနက်ဖြန်များ

ရက္ခ။ ။

“မြေးကလေးရယ်..တိုက်ပွဲတွေက မပြီးကြသေးဘူးလား…ကိုဗစ်ရောဂါဆိုတာကြီးကကော မပြီးသေး ဘူးလားကွယ်…. ဟောဒီလက်စွပ်လေးကို ရောင်းချပြီးတော့ သုံးဆယ့်တစ်ဘုံဘုရားကို မြေးအဖွားတွေ စုံစုံလင် လင်သွားဖူးကြရအောင်နော်…..” ဟု ငါးမူးသားအရွယ်ခန့်ရှိသော ရွှေလက်စွပ်ကလေးကို ချွတ်ပေးရင်း ပြောဆိုလိုက်သော အဘွားအိုဒေါ်မဝါ၏ စကားကြောင့် ကိုအောင်မင်းသူ တစ်ယောက် သက်ပြင်းမောတစ်ချက်ကို ဆွဲချလိုက်မိသည်။

တကယ်တော့ အဘွားဒေါ်မဝါထံမှ သည်လိုစကားမျိုးကို ကိုအောင်မင်း သူတစ်ယောက် အကြိမ်ကြိမ် ကြားဖူးနေကျဖြစ်သော်လည်း ထို စကားကိုကြားရတိုင်း ကိုအောင်မင်းသူ၏ ရင်ထဲ ဆို့နင့်ကြွေကွဲရလေ့ရှိသည်။ “စစ်ပွဲတွေနဲ့ ကိုဗစ်ရောဂါဆိုးကြီး ချုပ်ငြိမ်းသွားပြီးရင် သွားရမှာပေါ့ အဖွားရယ် ..ခဏတော့စောင့်ပါ ဦးနော်” ဟု ပြောနေကျစကားဖြင့်သာ အဘွားဖြစ်သူကို ပြန်လည်နှစ်သိမ့်ရ၏။

အဘွားဒေါ်မဝါသည် အသက်၉၀ နီးပြီဖြစ်သဖြင့် လူ့သက်တမ်း၏ နေဝင်ချိန်သို့ရောက်ရှိနေပြီဟုဆိုနိုင် သည်။ သည်လိုအချိန်မျိုးတွင် အဘွား၏ဆန္ဒကို ကိုအောင်မင်းသူတစ်ယောက်လိုက်လျောပေးချင်လှ၏။ သို့ သော် သူ မည်သို့မျှမတတ်နိုင်ပါ။ အဘွားဒေါ်မဝါ သွားချင်နေသောသုံးဆယ့်တစ်ဘုံဘုရားဆိုသည်မှာ ဘူး သီးတောင်မြို့နယ်၊ စံဂိုးတောင်ကျေးရွာအုပ်စုတွင် တည်ရှိသည်။ လက်ရှိအချိန်တွင် သုံးဆယ့်တစ်ဘုံဘုရားနှင့် ထိုရွာအနီးဝန်းကျင်တို့၌ မြန်မာ့တပ်မတော်မှနေရာယူထားသဖြင့် မည်သူမျှသွားလာနိုင်ခြင်းမရှိပါ။

အဘွားဒေါ်မဝါသည် ဘူးသီးတောင်မြို့နယ်၊ ဥယျာဉ်သာကျေးရွာ ဇာတိသူတစ်ဦးဖြစ်သည်။ အဘွားကို ဖခင်ဦးဖိုးသာနှင့် မိခင်ဒေါ်စံသာဖြူတို့မှ ဒုတိယကမ္ဘာစစ်ကြိုကာလ ၁၉၃၂ နှစ်တွင် မွေးဖွားခဲ့သည်။ မွေးချင်းငါး ယောက်အနက် သုံးယောက်မြောက်သမီးဖြစ်သည်။ အဘွားဒေါ်မဝါသည် ငယ်စဉ်က ကျောင်းနေခဲ့ဖူးခြင်းမရှိသ ဖြင့် စာကိုရေးတတ်၊ ဖတ်တတ်ရုံမျှပင် တတ်မြောက်ခြင်းမရှိချေ။

အဘွားဒေါ်မဝါ ဆယ်နှစ်ခန့်အရွယ်၊ ၁၉၄၂-ခု နှစ်တွင် ရခိုင်၌ အဓိကရုဏ်း ဖြစ်ပွားခဲ့သည်။ ထိုစဉ်က အင်္ဂလိပ်တို့ ရခိုင်မှ ဆုတ်ခွာချိန်ဖြစ်ပြီး ထို အဓိကရုဏ်းမှာ ဘူးသီးတောင်မြို့နယ်တစ်ဝိုက်တွင် အလွန်ဆိုးဝါးခဲ့သည်။ ထိုအဓိကရုဏ်းကြောင့်ပင် ဘူးသီးတောင်အနီးတဝိုက်မှ ကျေးရွာအများစုမှာ ဘေးကင်းရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်။ အဘွားဒေါ်မဝါ တို့မိသားစုသည်လည်း ဥယျာဉ်သာကျေးရွာကိုပစ်ထားရစ်ခဲ့ကာ ကျောက်တော်မြို့နယ်၊ ရွာမပြင်ကျေးရွာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

အဘွားဒေါ်မဝါ က သူ့ဘဝသက်တမ်းတစ်လျှောက်လုံးတွင် သုံးဆယ့်တစ်ဘုံဘုရားသို့ အစဉ်အမြဲသွားရောက်ဖူးမြော်ကာ တတ်နိုင်သမျှ အလှူအဒါန်းများ ကိုပြုလုပ်ခဲ့ဖူးကြောင်းဆိုသည်။

“ အဘွားက အသက်ကြီးပါပြီ… မသေမပျောက်ခင် အချိန်ကလေးမှာ ဇာတိကျေးရွာကလေးကို သွားချင်ပါတယ် ။ ရွာအနီးမှာရှိတဲ့ သုံးဆယ့်တစ်ဘုံဘုရားကြီးကို ဖူးမြော်ခွင့်ရချင်တယ်။ ပြီးတော့ အဘွားမှာ စုဆောင်းထားတဲ့ ငွေစကလေးတွေကို ဘုရားမှာ လှူဒါန်းချင်တယ်….”

လွန်ခဲ့သော ၂၀၁၇-ခုနှစ်ခန့်မှစတင်ကာ အဘွားဒေါ်မဝါ၏ ဇာတိကျေးရွာဖြစ် သော ဥယျာဉ်သာကျေးရွာ၏ အနီးတစ်ဝိုက်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင့်တပ်တော်(AA)တို့ နေ့စဉ်ရက် ဆက်တိုက်ပွဲ ကြီးများပြင်းထန်စွာ ဖြစ်ပွားခဲ့ကြသည်။ သုံးဆယ့်တစ်ဘုံဘုရားရင်ပြင်ပေါ်သို့တိုင် လက်နက်ကြီး ကျည်ဆံများ ကျရောက်ပေါက်ကွဲခဲ့သဖြင့် အပျက်အစီးတစ်ချို့ရှိခဲ့သည်။

ထိုသို့ တိုက်ပွဲအခြေအနေများကြောင့် ထိုအနီးအနားမှကျေးရွာများမှာ ဘူးသီးတောင်မြို့နယ်ရှိ တိုက်ပွဲ ရှောင်စခန်းသုံးခုတွင် လက်ရှိတိုင်နေထိုင်နေကြရဆဲဖြစ်သည်။ အဘွားအိုဒေါ်မဝါမှာမူ သားသမီးများရှိရာသို့ တိမ်းရှောင်ထွက်ပြေးလာခဲ့ရသည်။ ထိုအချိန်မှစတင်ကာ အဘွားဒေါ်မဝါသည် သူ၏ဇာတိကျေးရွာကလေးနှင့် သူအလွန်တရာကြည်ညိုလွန်းသော သုံးဆယ့်တစ်ဘုံ ဘုရားသို့ သွားရောက်ခွင့်တို့ကို စွန့်လွှတ်ခဲ့ရသည်။

လက် ရှိအချိန်တွင် မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်တော် (AA)တို့ တိုက်ပွဲဖြစ်ပွားခြင်းမရှိတော့ပဲ နယ်မြေအေးချမ်းနေ သော်လည်း မြန်မာ့တပ်မတော်ဘက်မှ ထိုနေရာများတွင် ဆက်လက်နေရာယူထားခြင်းရှိနေသေးသဖြင့် အဘွား ဒေါ်မဝါအပါအဝင် တိုက်ပွဲရှောင်များနေရပ်ပြန်ရေးမျှော်လင့်ချက်မှာ ဝေးနေကြရဆဲပင်ဖြစ်သည်။

သုံးဆယ့်တစ်ဘုံဘုရားသည် ဘူးသီးတောင်မြို့နယ်၊ စံဂိုးတောင်ကျေးရွာအုပ်စုထဲတွင်တည်ရှိပြီး ရခိုင် ပြည်နယ်၏ အထင်ကရဘုရားတစ်ဆူပင် ဖြစ်သည်။ ဘုရားပွဲတော်ကို တက္ကသိုလ်ဝင်တန်းစာမေးပွဲများပြီးဆုံးစ အချိန်ဖြစ်သော တပို့တွဲ သို့မဟုတ် တပေါင်းလများတွင် ကျင်းပပြုလုပ်လေ့ ရှိသည်။ ဘုရားပွဲကျင်းပချိန်ဆို လျှင် ရခိုင်ပြည်နယ် အနယ်နယ်အရပ်ရပ်မှ လာရောက်ဖူးမျှော်ကြသူများဖြင့် အလွန် စည်ကားနေတတ်သည်။ ရခိုင်ရိုးရာကျင်ကိုင်ပွဲ၊ ဇာတ်ပွဲစသော ပျော်ပွဲရွှင်ပွဲများကို ထည့်သွင်းကျင်းပတတ်သည်။

သို့သော် လွန်ခဲ့သော နှစ်နှစ်ကျော်အချိန်မှစတင်ကာ သုံးဆယ့်တစ်ဘုံစေတီတော်တွင် ဘုရားပွဲ မကျင်းပနိုင်ခဲ့သည်မှာ လက်ရှိအချိန်တိုင်အောင်ပင်ဖြစ်သည်။ ထိုမျှသာမက သုံးဆယ့်တစ်ဘုံဝန်းကျင်တဝိုက်မှ တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်နေကြရသော တိုက်ပွဲရှောင်ကျေးရွာများသည်လည်း လက်ရှိတိုင်အောင် မိမိနေရပ်ကျေးရွာသို့ မပြန်နိုင် ကြသေးချေ။ အဘွားဒေါ်မဝါတစ်ယောက်ကတော့ သူ၏ ဇာတိကျေးရွာနှင့် သုံးဆယ့်တစ်ဘုံဘုရားကိုလွမ်းဆွတ် နေမိကြောင်း မကြာခဏပြောဆို ညီးတွားနေတတ်လေသည်။

အဘွားဒေါ်မဝါသည် အသက်-၉၈ နှစ်ကျော်ရှိခဲ့ပြီဟုဆိုသော်လည်း သူ၏ကျန်းမာရေးမှာ အတော်ပင် ကောင်းမွန်သေး၏။ စကားပြောနိုင်၊ လမ်းလျှောက်နိုင်သော အခြေအနေတွင် ရှိသည်။ နားလည်းကောင်းစွာ ကြားသေး၏။ မှတ်ဉာဏ်ချွတ်ယွင်းမှုလည်း လက်ရှိတိုင် မရှိသေး။ ထိုသို့ အသက်ရှည် ကျန်းမာနေခြင်း မှာလည်း သုံးဆယ့်တစ်ဘုံဘုရားကို ဖူးမြှော်လှူဒါန်းခဲ့ဖူးသော သူ၏ ကုသိုလ်ကောင်းမှုများကြောင့်ဟု အဘွား ဒေါ်မဝါ က ယုံကြည်သည်။ လက်ကျန်အချိန်များတွင်လည်း မိသားစုစုံလင်စွာဖြင့် သုံးဆယ့်တစ်ဘုံဘုရားကို သွားရောက်ခွင့်ရောက်ရရှိရေးမှာ အဘွားအိုဒေါ်မဝါ၏ အဖြစ်ချင်ဆုံးသောဆန္ဒပင် ဖြစ်သည်။

အဘွားအို ဒေါ်မဝါ၏ ဘဝတလျှောက်တွင် သူ၏ ဇာတိကျေးရွာကလေး၌ အေးချမ်းတည်ငြိမ်စွာ နေ ထိုင်ခဲ့ရချိန် သိပ်မရှိခဲ့ဟုပင် ဆိုရမည် ဖြစ်သည်။ အဘွားအို ဒေါ် မဝါ၏ ဘဝသည် ပြေးရင်းလွှားရင်း အခြေအနေများကြားထဲတွင်သာ အချိန်ကုန်ခဲ့ရ၏။

လက်ရှိအချိန်တွင်လည်း မြန်မာ့တပ်မတော်နှင့် ရခိုင်တပ်တော်(AA) တို့၏ တိုက်ပွဲများကြောင့် အဘွားအိုဒေါ်မဝါတစ်ယောက် ဇာတိကျေးရွာကလေးနှင့် ဝေးကွာခဲ့ရပြန်သည်။

မည်သို့ပင် ဆိုစေ အဘွားအို ဒေါ်မဝါတစ်ယောက်ကတော့ သူ၏ ဇာတိကျေးရွာကလေးသို့ ပြန် လည်ခြေချခွင့်နှင့် သုံးဆယ့်တစ်ဘုံဘုရားကို ဖူးမျှော်ကြည်ညိုခွင့်အိပ်မက်ကို နေ့စဉ်ရက်ဆက် မက်နေဆဲပင် ဖြစ်သည်။ အဘွားအို ဒေါ်မဝါ တစ်ယောက် သူစောင့်ကြိုနေသော မျှော်လင့်ချက် မနက်ဖြန်များ အမှန်တကယ်ရောက်ရှိလာနိုင်ပါ့မလားဆိုသည်ကိုတော့ ဆက်လက်စောင့်ကြည့်ရဦးမည်ဖြစ် လေတော့သည်။

Related Articles